သူတို့မှာ ဂုဏ်သိက္ခာမရှိဘူး
Vol. 20 Ch. 275
“စုမင်”
အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးသည် သွားစွယ်လေးများပေါ်နေသည့် အပြုံးလေးတစ်ခုနှင့်အတူ
စုမင်ထံသို့ ကောင်းကင်မှလျှောက်လှမ်းလာနေသည်။ သူမခြေထောက်များအောက်တွင် ဖဲကြိုးတစ်ချောင်း ရှိနေချေသည်။ ထိုဖဲကြိုးစသည် လွင့်မျောနေသဖြင့် ထိုမိန်းကလေးသည် လေထုထဲတွင် လမ်းလျောက်နေသည့်ပုံစံ ပေါ်နေစေသည်။
သူမ၏ သိမ်မွေ့ညင်သာသောအသံလေးသည် အချိန်ကာလများစွာ ဖြတ်သန်းလာသကဲ့သို့ပုံဖြင့် စုမင်နားထဲသို့ ရောက်လာခဲ့သည်။ စုမင်မှတ်ဉာဏ်များထဲတွင် နက်ရှိုင်းစွာသိုဝှက်ထားသော
ဝမ်းနည်းမှုများနှင့် ထိုနှစ်က သူ မဖြည့်စည်းပေးနိုင်ခဲ့သည့် ကတိများက ပြန်လည်နိုးထလာခဲ့သည်။
ထိုအခိုက်အတန့်တွင် လေတိုက်ခတ်သွားမှုကြောင့် ကောင်းကင်မှ ဆီးနှင်းအချို့သည် စုမင်နှင့် မိန်းကလေးတို့အကြား ဝဲပျံလွင့်မျောသွားကြသည်။ နှင်းများသည် သူတိုမြင်ကွင်းကို ဖုံးကွယ်သွားကြသော်လည်း နှင်းများဖြတ်ကျော်သွားသော အခါတွင်တော့ သူတို့အမြင်အာရုံများက နောက်တစ်ကြိမ်
ရှင်းလင်းပြတ်သားသွားကြသည်။
“စုမင်၊ ရှင် ကျွန်မကို မှတ်မိလား...”
မျက်လုံးများထဲတွင် အရိုင်းဆန်ဆန်အလှတရားတို့ဖြင့် အဖြူရောင်ဝတ်ရုံနှင့်မိန်းကလေးက သူမအောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမက စုမင်အနီးသို့ အသာအယာချဉ်းကပ်လာပြီး စုမင်ရှေ့၌ ဖြည်းညင်းစွာရပ်တန့်လိုက်သည်။ သူမထံမှ စိတ်ကြည်လင်လန်းဆန်းဖွယ် ခပ်ဖျော့ဖျော့အမွှေးနံ့လေးအား လေများက စုမင်ထံသယ်ဆောင်လာခဲ့ပြီး သူ့နှာခေါင်းအတွင်း ထိုမှတစ်ဆင့် သူ့စိတ်ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးသောအပိုင်းများဆီသို့ သယ်ဆောင်သွားခဲ့သည်။
ဖြာကျနေသော နေရောင်အောက်တွင် မိန်းကလေး၏နံဖူးမှ သလင်းကျောက်လေးများသည် တောက်ပသောအလင်းကို ထုတ်လွှတ်ပေးနေသည်။ ၎င်းတို့သည် စုမင်မျက်လုံးများအတွင်း တောက်ပသွားပြီး အလားတူပင် သူ့အမှတ်တရများအား မြူပ်နှံထားသည့်နေရာဆီသို့လည်း စိမ့်ဝင်သွားခဲ့ကြသည်။
သူမသည် ကျစ်ဆံမြီးလေးနှစ်ချောင်းချ၍ ကျန်ဆံပင်များကို စည်းနှောင်ထားခဲ့သည်။ စုမင်အနီးသို့ ရောက်လာသောအခါ သူမ၏ဆံနွယ်စအချို့သည် လေပြေတို့ကြောင့် စုမင်မျက်နှာအား လာရောက်ထိမိသွားကြသည်။
“ဘာလို့ ကျွန်မကိုလာမရှာခဲ့တာလဲ...” မိန်းကလေးက ညင်သာစွာမေးသည်။ သူမ၏ သိမ်မွေ့နူးညံ့သောအသံက စုမင်နားထဲတွင် ပဲ့တင်ထပ်လို့သွားသည်။
စုမင် တုန်လှုပ်သွားပြီး ဗလာအကြည့်များဖြင့် ထိုမိန်းကလေးကို ငေးကြည့်လိုက်မိပြီး သူ့မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှူများ ဖြစ်ပေါ်လာခဲ့သည်။
“ရှင် ကျွန်မကိုမှတ်မိလား စုမင်။ ကျွန်မနာမည်ကို မှတ်မိလား...။ ကျွန်မတို့ ပထမဆုံးအကြိမ် ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာရော မှတ်မိလား...” မိန်းကလေး၏ ညင်သာသောအသံလေးက စုမင်နှလုံးသားကို လှီးဖြတ်လိုက်သလိုပင်။
“ငါ မှတ်မိတယ်..” စုမင် ခပ်တိုးတိုး ရေရွတ်မိသည်။
သူ ညာလက်ကိုမြှောက်ကာ မိန်းကလေး၏ အနက်ရောင်ဆံနွယ်စလေးများကိုထိကြည့်လိုက်သည်။
ထို့နောက် ကြိုးနီလေးကိုဖြုတ်လိုက်ပြီး သူမကိုသေချာပြန်စည်းနှောင်ပေးလိုက်သည်။ ကျစ်ဆံမြီးလေးများကို သူမနားနောက်သို့ပို့လိုက်ပြီး သူမနံဖူးမှ သလင်းကျောက်လေးများကို ဖြုတ်လိုက်ကာ ၎င်းတို့ရှိသင့်သည့်နေရာများသို့ ပြန်လည်ပြောင်းလဲတပ်ဆင်ပေးလိုက်သည်။
ထိုသို့လုပ်လိုက်ပြီးသည်နှင့် စုမင်မျက်လုံးများထဲတွင် တည်ငြိမ်မှုများပြန်လည်ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။ “မင်းက ဒီလိုဆိုသူမနဲ့ပိုတူတယ်”
စုမင် စကားပြောပြီးသောအခါ မိန်းကလေးက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိချေသည်။ သူမမျက်နှာထက်မှ မနှစ်မြို့ရွံရှာမှုများသည်တော့ ဖုံးကွယ်ထားနိုင်ရန်ပင် ခဲယဉ်းလှချေ၏။ စုမင်၏ သူမဆံပင်ကိုထိကိုင်လိုက်သော အပြုအမူသည် သူမအတွက် လက်ခံနိုင်ရန်ခက်ခဲဟန်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်လေသည်။
“အကယ်၍ မင်းကသူမလိုဖြစ်လာပြီး ငါက မင်းကို သူမလိုမြင်နိုင်ပြီဆိုရင်... မင်းထွက်သွားတဲ့အချိန်ကျ မင်းကို စစ်မာရှင်းပေးခဲ့တဲ့တာဝန်က အောင်မြင်ပြီးသားဖြစ်သွားလိမ့်မှာပဲလေ” စုမင် တည်ငြိမ်စွာပြောဆိုလိုက်သည်။
သူ မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကိုအဝေးမှစောင့်ကြည့်နေသည့် ကျီချဲဆီသို့ လှည့်ထွက်သွားခဲ့သည်။
ပိုင်စုတစ်ယောက် မကျေမနပ်ဖြင့်ခြေဆောင့်လိုက်မိ၏။ ယနေ့မနက်တွင် စုမင်ထိတ်လန့်တုန်လှုပ်သွားအောင် သူမအသေးစိတ်ပြင်ဆင်ခဲ့သည်ဟု ပြော၍ရပေသည်။ အမှန်တော့၊ စကားပြောနေချိန်လုပ်မည့် အမူအယာများအပါအဝင် စိတ်ဒွိဟဖြစ်စေမည့စကားလုံးများ ဤအရာအားလုံးကို သူမ အကြိမ်များစွာဂရုတစိုက် လေ့ကျင့်ထားခဲ့ခြင်းဖြစ်သည်။
ဤမနက်မလာခင်တွင် ရေခဲမှန်ရှေ့မှာတောင် သူမလေ့ကျင့်လာခဲ့ခြင်းဖြစ်၏။ ထိုအချိန်ကဆိုလျှင်၊ စတင်ပြီးလေ့ကျင့်လိုက်မိချိန်က သူမကိုယ်သူမ အခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်ဟုပင် ခံစားမိခဲ့လေသည်။ သူစိမ်းတစ်ယောက်၏ စိတ်ဝိညာဉ်သည် သူမခန္ဓာကိုယ်ထဲတွင် စုဝေးဖြစ်တည်လာပြီး သူမအမူအကျင့်များကို ပြောင်းလဲသွားစေသကဲ့သို့ပင်။
စုမင်၏မှတ်ဉာဏ်များထဲမှ လူအဖြစ်ဖြင့် သူ့ရှေ့တွင်ပထမဆုံးပေါ်လာသည့် အခိုက်အတန့်နှင့် ဤပုံစံဖြင့် စုမင်ရှေ့တွင် ပထမဆုံးအကြိမ်ရပ်လိုက်ချိန်သည် သူမအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု ပိုင်စုနက်နက်ရှိုင်းရှိုင်းကို သိနေခဲ့သည်။
အမှန်တော့ အကယ်၍ သူမသာဤအခွင့်အရေးကို ဖမ်းဆုပ်လိုက်နိုင်မည်ဆိုလျှင်၊ သူမနောက်ထပ်ဘာမှလုပ်စရာမလိုတော့ခြင်းပင် ဖြစ်သွားနိုင်ပေသည်။
စုမင်၏ မိန်းမောတွေဝေနေသောအမူအယာကို မြင်လိုက်ရသောအခါ သူမ စိတ်ကျေနပ်သွားခဲ့ရပြီး သူ့မျက်လုံးအတွင်းမှ ဝမ်းနည်းပူဆွေးမှုများကို မြင်လိုက်ရသောအခါ ယမန်နေ့ညက သူမ၏အသေးစိတ်ပြင်ဆင်မှုများအတွက် ပို၍ပင်စိတ်ကျေနပ်ပီတိ ဖြစ်သွားခဲ့ရသည်။
သို့သော် ကိစ္စများက သူမစီစဉ်ထားသလို မဖြစ်သွားခဲ့ပေ။ စုမင်၏ နောက်ဆုံးစကားများနှင့် အပြုအမူများကြောင့် ဤပုံစံဖြင့် သူနှင့်တွေ့ရန် ပြုလုပ်ထားခဲ့သည့် သူမ၏ပြင်ဆင်မှုများအားလုံး ကျရှုံးသွားခဲ့ကြောင်း ပိုင်စုနားလည်သွားရသည်။
စုမင် ကျီချဲဆီလျှောက်သွားလိုက်သည်။ ကျီချဲတစ်ယောက် စုမင်အားလေးလေးစားစား ကြည့်နေချိန်မှာပင် စုမင်က သူ့ကိုအမိန့်တစ်ခုပေးလာခဲ့သည်။
“အရမ်းမကြီးပေမယ့် အရမ်းလေးတဲ့ပစ္စည်းတစ်ခု လိုချင်တယ်။ ပိုလေးလေ၊ ပိုကောင်းလေပဲ။ ငါ့အတွက် အဲလိုပစ္စည်းမျိုး ရှာပေးနိုင်မလား”
ကျီချဲခဏတာ ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် ရေခဲအမျိုးအစားတစ်မျိုးကို သိတယ် ဆရာ။ အဲဒါကို နစ်မွန်းရေခဲလို့ခေါ်တယ်။ အဲဒီရေခဲက ဘယ်တော့မှအရည်မပျော်ပဲ အဲဒါရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းက လက်သီးဆုပ်အရွယ်အစားလောက်ရှိတယ်လို့ ပြောကြတယ်။ အဲဒါရဲ့ အလေးချိန်ကတော့ လူတစ်ရပ်အရွယ် ကျောက်တုံးတစ်တုံးရဲ့ အလေးချိန်လောက်ရှိတယ်”
“မင်းသယ်နိုင်သလောက် များများသယ်လာခဲ့၊ ပိုများလေပိုကောင်းလေပဲ”
စုမင်ညာလက်ကိုမြှောက်ကာ ကျီချဲလက်ထဲသို့တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။
ကျီချဲ တံဆိပ်ပြားကိုကြည့်လိုက်ရာ သူ့မျက်နှာထက်တွင် ထူးဆန်းသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုတံဆိပ်ပြားသည် သူနဝမတောင်ထွတ်သို့ ရောက်မလာခင်ကတော့ သူ့အတွက် မြင့်မြတ်သောအရာတစ်ခုဟု ယူဆ၍ရပေသည်။ သို့သော် သူပိုပြီး သိလာရလေလေ၊ အထူးသဖြင့်တော့ ဤအရာသည် စုမင် ဟူကျီထံမှငှါးယူလာခြင်းဖြစ်ကြောင်း သူသိခဲ့ရချိန်မှစ၍ သူပိုပြီးစိတ်ရှုပ်ထွေးလာခဲ့ရလေသည်။
ကျီချဲက တံဆိပ်ပြားကိုယူလိုက်ပြီး လက်သီးလက်ဝါးထပ်လျက် စုမင်ကို အရိုအသေပေးလိုက်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် ထွက်ခွာသွားချေသည်။
ကျီချဲထွက်ခွာသွားသည်နှင့် စုမင်ကလည်း ဟူကျီ၏လှိုဏ်ဂူရှိရာသို့ ဦးတည်သည့် တောင်ပတ်လမ်းအတိုင်း လျှောက်ဆင်းသွားခဲ့သည်။ ပိုင်စု နောက်တစ်ကြိမ်ခြေဆောင့်လိုက်မိပြန်သည်။ သူမကို စုမင်လျစ်လျူရှုထားသည်ကို မြင်သောအခါ ရှေ့သို့ ခြေလှမ်းအချို့ အလျင်အမြန်လှမ်းလိုက်ပြီး စုမင်ကို ိုအမီလိုက်လိုက်သည်။
“ဟေး၊ ဘယ်လိုပုံဆွဲရမလဲဆိုတာ ကျွန်မကိုသင်ပေးမယ်လို့ ရှင်မပြောခဲ့ဘူးလား”
“မင်းက ဘာကိုဆွဲချင်တာလဲ” စုမင်က ရပ်တန့်ခြင်းမရှိပဲ သူ့အသံကသာ မနှေးမမြန်ထွက်ပေါ်လာခဲ့သည်။
“အရှိန်လျှော့ဦး။ ကျွန်မ ကိုယ့်ကိုယ်ကိုဆွဲချင်တာ”
ပိုင်စု ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်မှသာ စုမင်ဘေးမှ လိုက်လျှောက်နိုင်သွားလေသည်။ သူမ သူ့နောက်မှ လိုက်မလျှောက်ချင်မှန်း သိသာနေ၏။ တောင်လှေကားထစ်များပေါ်မှ ရေခဲများသည် ခြေချော်နိုင်လျှင်တောင် စုမင်နှင့်အတူတူ လျှောက်လှမ်းချင်နေဆဲပင်ဖြစ်သည်။
“မင်းကိုယ်မင်းဆွဲရတာက လွယ်ပါတယ်။ ရေခဲအရှေ့မှာ မင်းကိုယ်မင်းကိုယ်ဟန်ပြထိုင်ပြီး ရေခဲပေါ်က ရောင်ပြန်ဟပ်နေတာကိုကြည့်ပြီး ကိုယ့်ဘာသာဆွဲ” စုမင်အသံက သိမ်မွေ့နူးညံ့နေဆဲဖြစ်ပြီး အသံထဲတွင် မည်သည့်စိတ်ခံစားချက်မျိုးမှ ထွက်ပေါ်နေခြင်းမရှိပေ။
“ဒါဆို... ဒါဆို ကျွန်မ ရှင့်ကိုရှာရတဲ့အချက်က ဘာလို့လဲ”
ပိုင်စု ခဏတာအံ့အားသင့်သွားပြီးမှ သူမမျက်နှာက ဒေါသကြောင့် အနီရောင်ပြောင်းသွားခဲ့သည်။ သို့သော် စုမင်က အလွန်လျင်မြန်စွာ လမ်းလျှောက်နေဆဲဖြစ်ပြီး သူ့ခြေလှမ်းအများစုဆိုလျှင် တစ်ခုချင်းစီတိုင်းကပင် ပေပေါင်းများစွာရှိပေသည်။ သူမ သူ့ကိုလိုက်မမီနိုင်လုနီးပါးပင်ဖြစ်သည်။
“ငါ့ကို လာရှာပါလို့ ငါမင်းကိုမပြောခဲ့ပါဘူး”
စုမင်က လှည့်တောင်မကြည့်ပေ။ သူနှင့် ပိုင်စုကြားမှ အကွာအဝေးက တစ်ဖြည်းဖြည်းပိုမိုဝေးကွာလာခဲ့သည်။
ပိုင်စု အံကြိတ်လိုက်ပြီး နောက်တစ်ကြိမ်ပြေးလွှားလိုက်သည်။
သူ့အနောက်မှ ထပ်မံထွက်ပေါ်လာသည့် ပိုင်စုအသံကို စုမင်ကြားလိုက်ရပြန်သည်။ “ကိုယ့်ကိုယ်ကို မဆွဲချင်တော့ဘူး။ ရှင့်ပုံကိုဆွဲချင်တယ်”
သူ ရပ်တန့်လိုက်ပြီး ပြေးလိုက်လာနေသည့် ပိုင်စုကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ပိုင်စုတစ်ယောက် စုမင်ရပ်သွားသည်ကို မြင်သောအခါ ဤအရာမှ စုမင်ရှောင်မထွက်နိုင်တော့ဟုတွေးရင်း သူမနှလုံးသားထဲတွင် ကျေနပ်အားရမှုများ မြင့်တက်ဖြစ်ပေါ်လာပြီး စုမင်ဘေးသို့အလျင်အမြန် ပြေးသွားလိုက်သည်။ ကိုယ့်ပုံကိုဆွဲရန် ရေခဲကိုကြည့်ရန်လိုအပ်မည်ဆိုလျှင်၊ အခြားတစ်ဦးပုံကိုသာ ဆွဲလိုပါက ထိုလူက သူမရှေ့တွင်ရပ်နေပေးရန်လိုမည်မှာ သဘာဝပင်ဖြစ်သည်။
“မင်းက ငါ့ပုံကို ဆွဲချင်တာလား” စုမင် ပိုင်စုကိုကြည့်လိုက်သည်။
ပိုင်စုနှလုံးသားအတွင်းမှ ဂုဏ်ယူနေမှုများက သူမမျက်နှာတွင် ထင်ဟပ်လို့နေ၏။ သူမက မေးကိုမော့လိုက်ရာ နံဖူးထက်ရှိ သလင်းကျောက်လေးများသည် နေရောင်ကြောင့် တလက်လက်တောက်ပသွားကြသည်။ သူမ၏စည်းနှောင်ထားသောဆံပင်က လေနှင့်အတူ လိုက်ပါလှုပ်ရှားနေချေသည်။
“အမှန်ပဲ။ ကျွန်မက ရှင့်ပုံကိုဆွဲချင်တာ”
ပိုင်စုက ဟွန့်ခနဲ အသံပြုလိုက်သည်။ သူမမျက်နှာပေါ်မှ ဂုဏ်ယူနေဟန်အမူအယာသည် စုမင်မှတ်ဉာဏ်များအတွင်း နက်ရှိုင်းစွာမြုပ်နှံခံထားရသူနှင့် တစ်ခဏတာခန့် ထပ်တူညီသွားခဲ့သည်။
စုမင် ညာလက်ကိုမြှောက်ပြီး သူမနံဘေးရှိရေခဲတုံးပေါ်တွင် မျဉ်းကြောင်းအချို့ ဆွဲသားလိုက်သည်။ သူဆွဲသားပြီးသည်နှင့် လေထဲသို့ ရေခဲစများစွာလွင့်ပျံလာပြီး ထိုရေခဲတုံးပေါ်တွင် လူတစ်ဦး၏ပုံ ပေါ်လာခဲ့သည်။ ထိူလူက စုမင်ပင်ဖြစ်သည်။
“အဲဒီအတိုင်း ဆွဲ”
စကားပြောပြီးသည်နှင့် စုမင်ကလှည့်ထွက်သွားလေသည်။
ပိုင်စု ခဏတာအံ့အားသင့်သွားမိ၏။ ထို့နောက် ကျောက်တုံးပေါ်တွင် စုမင်ဆွဲသားခဲ့သော လူကိုကြည့်လိုက်ပြီးနောက် အဝေးသို့လျှောက်ထွက်သွားပြီဖြစ်သည့် စုမင်ကိုယ်တိုင်အား ကြည့်လိုက်မိပြီးချိန်တွင် နောက်တစ်ကြိမ် ခြေဆောင့်လိုက်မိပြန်ချေသည်။
“စုမင်၊ လူလိမ်ကောင်”
ပိုင်စု၏ ယခုပုံပန်းသွင်ပြင်၊ အမူအယာများနှင့် သူမစကားလုံးများသည် စစ်မာရှင်းနှင့်အတူရှိနေသော အချိန်တို့မှ လုံးဝကွဲပြားခြားနားနေခဲ့ချေပြီ။ စစ်မာရှင်းနှင့်အတူရှိနေချိန်တွင် ပိုင်စုပုံစံသည် အမြဲတမ်းရိုးစင်းအပြစ်ကင်းနေခဲ့သည်။ သူမသည် ခကျိုးနွံနာခံသော အမူအယာတစ်ခုနှင့်အတူ နှစ်သက်ဖွယ်ကောင်းသောအကြည့်လေးဖြင့် သိမ်မွေ့နူးညံ့စွာအမြဲတစေ စောင့်ကြည့်နေတတ်သည်။
သို့သော် နဝမတောင်ထွတ်ရှိ စုမင်အရှေ့သို့ရောက်သွားချိန်တွင်တော့၊ သူမသည် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားသလိုပင်။ အကယ်၍ စစ်မာရှင်းသာ ဤနေရာတွင်ရှိနေခဲ့လျှင်၊ ယခုပိုင်စုသည် ယခင်ကသူ့ရှေ့ရှိပိုင်စုနှင့် အလွန်ကွာခြားနေသဖြင့် သေချာပေါက် အံ့အားသင့်သွားပေလိမ့်မည်။
ပိုင်စုတစ်ယောက် ဒေါသပေါက်ကွဲလုမတတ်ဖြစ်နေပြီး သူမ၏ စူးရဲသောအကြည့်ကြောင့် သူမမျက်လုံးများက တောက်ပလို့နေသည်။ နောက်တစ်ကြိမ်ခြေဆောင့်လိုက်ပြီးချိန်တွင်တော့၊ စုမင်သည် အဝေးသို့ လျှောက်လှမ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သူမတွေ့လိုက်ရ၏။ ကျောက်တုံးပေါ်မှ စုမင်ပုံတူကိုစိုက်ကြည့်လိုက်ပြီး ဆောင့်ကန်ရန်အလို့ငှါ ခြေထောက်ကိုမြှောက်လိုက်သည်။
“ရှင့်ကို ဆောင့်ကန်ပစ်မယ်။ စုမင်၊ လူလိမ်ကောင်”
ပုံတူကို အကြိမ်အနည်းငယ်ခန့် ကန်ပြီးချိန်မှသာ သူမဒေါသများ အတန်ငယ်လျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက်ရေခဲပေါ်မှ စုမင်ပုံတူကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူမမျက်လုံးများထဲတွင် အလင်းတို့တောက်ပသွားပြီး သူမမျက်နှာထက်တွင် ဂုဏ်ယူနေဟန်အမူအယာက နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာခဲ့သည်။
ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူမရင်ဘတ်ထဲမှ အနက်ရောင်ပုလင်းလေးတစ်ခုကို ထုတ်ယူကာ စုမင်ပုံတူကို စတင်ဆေးခြယ်လိုက်သည်။
ဆက်လက်ဆေးခြယ်နေရင်းဖြင့် ပျော်ရွှင်စွာ စတင်ရယ်မောလာမိလေသည်။
မကြာမီမှာပင် ကျီချဲ၏ လှိုဏ်ဂူအပြင်ဘက်သို့ စုမင်ရောက်ရှိလာခဲ့သည်။ မည်သည့်ဟောက်သံမှ မကြားရပဲ ထိုအစားအတွင်းမှထွက်ပေါ်လာနေသည့် ထူးဆန်းသောရယ်သံအချို့ကိုသာ ကြားလိုက်ရလေသည်။ စုမင် ရပ်တန့်မနေပဲ အတွင်းသို့လျှောက်ဝင်သွားလိုက်သည်။
သူ လှိုဏ်ဂူအတွင်း ဝင်လိုက်သည့်အခိုက်အတန့်မှာပင် ပြန့်ကျဲနေသည့် များစွာသော လုံးဝန်းဝန်းသစ်သားပန်းချီများနှင့်အတူ ဟူကျီက မြေပေါ်တွင်ထိုင်နေသည်ကို စုမင်ချက်ချင်းသတိပြုမိလိုက်၏။ ၎င်းစက်ဝိုင်းများထဲတွင် တောင်တစ်လုံး၏ပန်းချီလည်းရှိနေခဲ့သည်။ ၎င်းတို့အကြားတွင် လမ်းကြောင်းတစ်ခုရှိနေဟန်ဖြင့် တစ်ခုနှင့်တစ်ခု ဝန်းရံထားလေသည်။
ဟူကျီလက်များထဲတွင် ဓားတစ်ချောင်းရှိနေပြီး ပန်းချီကားများပေါ်တွင် ထပ်ခါထပ်ခါထွင်းထုနေခဲ့သည်။
ထိုသို့လုပ်နေရင်း ထူးဆန်းစွာလည်း ရယ်မောနေသေးသည်။ အကယ်၍ စုမင်သာ ယခုအချိန်တွင် ပိုင်စု၏အမူအယာကိုမြင်လိုက်မည်ဆိုလျှင်၊ သူမသည် ယခုသူ့မျက်စိရှေ့မှ ဟူကျီနှင့် အလွန်တူသည်ဟု သေချာပေါက်တွေးမိပေလိမ့်မည်။
“ဟားဟား၊ မင်းအဘိုးဟူက အကုန်လုံးထဲမှာဉာဏ်အကောင်းဆုံးပဲ၊ ဉာဏ်အကောင်းဆုံးကွ”
“မင်းတို့ အစီအရင်ကိုပြောင်းလိုက်တော့ရော ဘာဖြစ်လဲ။ မင်းတို့တွေစောင့်ကြည့်နေလိုက်၊ ငါ အဲဒါကိုသေချာပေါက်ချိူးဖျက်ပြမယ်”
“မင်း အဘိုးဟူ မဝင်နိုင်တဲ့နေရာဆိုတာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အဲဒါက ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ငါအိပ်ပြီးတာနဲ့ ဖြေရှင်းနိုင်သွားလိမ့်မယ်ကွ”
ဟူကျီက သူ့အတွေးများထဲတွင်သာ အလွန်အမင်းအာရုံစူးစိုက်ထားပြီး စုမင်ရောက်လာသည်ကို သတိမပြုမိခဲ့ပေ။ အမှန်တော့၊ စုမင်သည် သူ့နောက်တွင်ရပ်လျက် မြေပြင်ပေါ်တွင် သူထွင်းထားသည့် ပန်းချီများအား ကြည့်နေခြင်းကိုပင် သတိမပြုမိခဲ့ခြင်းဖြစ်သည်။
“ဒါအတွက် ငါအချိန်၁၀ရက်တောင် သုံးခဲ့ရတယ်။ အဲ၁၀ရက်ထဲမှာ ဝိုင်ကိုလည်း အိုး၃၀လောက်ပဲသောက်ခဲ့ရတယ်။ ငါ ဝိုင်နည်းနည်းလေး သောက်ရတာ အဲဒါတွေအကုန်လုံး မင်းတို့အမှားပဲ။ သေစမ်းကွာ ဘာလို့သတ္တမတောင်ထွတ်က လူတွေက သူတို့ တောင်အကာအကွယ်အစီအရင်ကို ရုတ်တရက်ပြောင်းလိုက်ရတာလဲ။ ငါဒါကို ချိူးဖျက်ပြီးတဲ့အထိ စောင့်ကြည့်နေလိုက်ကြ”
ဟူကျီသည် ဓားဖြင့် မြေပြင်ပေါ်တွင်မျဉ်းကြောင်းအချို့ ရေးထွင်းလိုက်ပြန်သည်။ ထို့နောက် သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှူများ ဖြစ်ပေါ်လာပြီး ခေါင်းမော့ကာ ကျယ်လောင်စွာရယ်မောလိုက်ပြန်သည်။
သို့သော် သူခေါင်းမော့ကာ စတင်ရယ်မောလိုက်သည့်အခိုက်အတန့်တွင် မျက်လုံးထောင့်စွန်းမှနေ၍ စုမင်ကိုတွေ့လိုက်ရလေသည်။ အံ့အားသင့်မှင်သက်သွားပြီး သူ့ရယ်မောသံတို့က တစ်ဝက်တစ်ပျက်ရပ်တန့်သွားကြသည်။
“စတုတ္ထလေး မင်း ဒီကို ဘယ်တုန်းကရောက်တာလဲ...”
“တော်တော်ကြာနေပြီ...” ရှုပ်ပွနေသောဆံပင်များ၊ နီရဲနေသောမျက်လုံးများနှင့် ဟူကျီကိုကြည့်ရင်း စုမင်မျက်နှာထက်တွင် ထူးဆန်းသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“မင်းအကုန်ကြားသွားတာလား” ဟူကျီမျက်နှာပေါ်တွင် ခက်ထန်တင်းမာသော အမူအယာတစ်ခု ထွက်ပေါ်လာသည်။
“တစ်ပိုင်းတစ်စလောက်ပဲ... ကြားခဲ့တာပါ” စုမင်အမူအယာက ပိုမိုထူးဆန်းလို့သွားသည်။
ဟူကျီသည် ခေါင်းကိုငုံ့လိုက်ပြီး နောက်တစ်ကြိမ် အလျင်အမြန်ပြန်မော့လိုက်ပြန်သည်။ စုမင်ကိုလှမ်းဆွဲလိုက်ပြီး သူ့အသံက ဒီရေလှိုင်းလုံးတစ်ခုသဖွယ် လှိုဏ်ဂူအတွင်း ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
“စတုတ္ထလေး၊ မင်းက ငါ့ရဲ့အမှန်တစ်ကယ် အချစ်ရဆုံး၊ အရင်းနှီးဆုံး အငယ်ဆုံးဂျူနီယာညီလေးပဲ။ မင်း စီနီယာအစ်ကိုဟူကျီက ဒီနေ့အောင်မြင်တော့မှာမှန်းသိလို့၊ မင်းလာဂုဏ်ပြုတာမလား။ မင်း တော်တယ်။ မင်းက ချစ်ဖို့ကောင်းတဲ့ ဂျူနီယာညီလေးပဲ။ ငါ မင်းကို မဖုံးကွယ်ထားတော့ဘူး၊ မင်းပဲ ဆုံးဖြတ်ကြည့်တော့။ ပြောကြည့် အဲဒီ သေသင့်တဲ့၊ အရှက်မရှိတဲ့၊ ညစ်ပတ်တဲ့ ရက်စက်တဲ့ သတ္တမတောင်ထွတ်က တစ်ကယ်ကို မမျှမတဖြစ်လွန်းတယ်မဟုတ်လား။ သူတို့က တစ်ကယ့်ကို အကြင်နာမဲ့တယ် မထင်ဘူးလား။ အဲလူတွေက တစ်ကယ့်ကို ဂုဏ်သိက္ခာမဲ့လွန်းဘူးလား။ သူတို့... သူတို့က သူတို့တောင်ရဲ့ အကာအကွယ်အစီအရင်ကို တစ်ကယ်ပဲ ပြောင်းပစ်လိုက်တယ်တဲ့လေ”
***