ပထမနေ့မှာ ငါနိုင်ခဲ့တယ်
Vol. 20 Ch. 276
“အဲဒါက တောင်အကာအကွယ်အစီအရင်ကြီးလေ။ တောင်အကာအကွယ်အစီအရင်ကို ပြောင်းလိုက်တာက ဘယ်လောက်တောင်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလဲဆိုတာ မင်းသိလား၊ စတုတ္ထလေး။ အဲဒါက တစ်ကယ့်ကို အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာ။ ဘယ်သူက အဲလိုဟာမျိုးကို လွယ်လွယ်နဲ့ပြောင်းပစ်နိုင်မှာတဲ့လဲ။ ဒါပေမယ့် အဲဒီ သတ္တမတောင်ထွတ်၊ သူတို့... သူတို့က
အနိုင်ကျင့်လွန်းတယ်” ဟူကျီသည် ဒေါသထွက်နေသောမျက်နှာနှင့် စုမင်ကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
စုမင် ဟူကျီ၏ဆုပ်ကိုင်ထားမှုမှ လွတ်အောင်ရုန်းလိုက်ပြီး ထိုဒေါသထွက်နေသော အမျိုးသားကိုကြည့်လိုက်ရင်း ပြောစရာစကားမရှိ ဖြစ်သွားရသည်။
“သူတို့က ဒီတစ်ခေါက်တော့ အရမ်းလွန်လွန်းသွားပြီ။ ငါသည်းမခံတော့ဘူး” ဟူကျီက လက်များကိုမြှောက်၍ အော်ဟစ်လိုက်သည်။
“စတုတ္ထလေး၊ မင်းမျက်နှာအမူအယာက ဘာဖြစ်နေတာလဲ”
ဟူကျီသည် အလွန်ဒေါသထွက်နေသော်လည်း စုမင်မျက်နှာပေါ်မှ ထူးဆန်းသောအမူအယာကို မြင်တွေ့နိုင်ဆဲပင်ဖြစ်၍ သိလိုစိတ်ပြင်းပြစွာ မေးလိုက်မိသည်။
“အာ... မဟုတ်ဘူး... အဲဒါ ဘာမှမဟုတ်ပါဘူး”
စုမင် ဟန်လုပ်ကာ ချောင်းအနည်းငယ်ဟန့်လိုက်သည်။ ယခုအချိန်သည် သူလိုချင်သောပစ္စည်းများအကြောင်း ဟူကျီနှင့်ပြောရန် အချိန်ကောင်းမဟုတ်ဟု စုမင်ခံစားမိနေချေသည်။ သူ တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်မည့် အခွင့်အရေးကိုရှာရန် ပြင်လိုက်စဉ်မှာပင် ဟူကျီ၏ကျယ်လောင်သော အော်ဟစ်သံကြီးက လှိုဏ်ဂူအတွင်း နောက်တစ်ကြိမ်ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
“သူတို့က ငါ့ကိုအရှက်ခွဲလိုက်တာပဲ။ အဲဒါက ငါ့ကိုဗြောင်ကျကျစိန်ခေါ်လိုက်တာပဲ ဟုတ်တယ်မလား၊ အငယ်ဆုံးဂျူနီယာညီလေး။ သူတို့ အဲဒါမျိုးလုပ်လိုက်တာ ကြောက်စရာမကောင်းဘူးလား။ အကြင်နာတရား မမဲ့လွန်းဘူးလား။ ဂုဏ်သိက္ခာမဲ့လွန်းဘူးလား။ အရမ်းရှက်ဖို့ မကောင်းဘူးလား”
ဟူကျီသည် လှိုဏ်ဂူအတွင်းတွင် စတင်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ၏ရှုပ်ပွနေသော ဆံပင်များကြောင့် ဆက်လက်အော်ဟစ်နေသော သူ့ပုံစံက အရူးတစ်ယောက်နှင့်တူလာခဲ့သည်။
“သူတို့က တစ်ကယ့်ကိုဆိုးရွားလွန်းတယ်။ အတိတ်တုန်းက ငါသူတို့ အစီအရင်ကို ဂရုစိုက်ပေးခဲ့ရတာက အလဟသဖြစ်သွားတာပေါ့။ သူတို့က နှလုံးသားကိုမရှိဘူး။ အတိတ်တုန်းက သူတို့ရဲ့ အရင်အစီအရင်ကို ငါ့မှာတော့ အကြိမ်ကြိမ်ပြင်ဆင်ပေးခဲ့လိုက်ရတာကွ မင်းသိလား။ သူတို့က တစ်ကယ့်ကိုသိက္ခာမရှိဘူး။ သူတို့အစီအရင်ကို ပြောင်းလိုက်ပြီဆိုတာ ငါ့ကိုဘာလို့မပြောခဲ့ကြတာလဲ”
“အစ်ကိုသုံး၊ ကျွန်တော့မှာ လုပ်စရာလေးတွေရှိနေသေးတယ်။ ကျွန်တော်... အခုသွားရတော့မယ်” ထိုနေရာမှထွက်ခွာရန် စုမင်ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန်လှမ်းလိုက်သည်။
“မသွားရဘူး အငယ်ဆုံးလေး” ဟူကျီက အလျင်အမြန်ပြေးလာပြီး စုမင်လမ်းကိုပိတ်ဆို့လိုက်သည်။ သူသည်အလွန်ဒေါသထွက်နေသော်လည်း ထိုဒေါသများအောက်၌ စိတ်လှုပ်ရှားမှုများ ရှိနေခဲ့ချေသည်။
“အငယ်ဆုံးလေး၊ မင်း ငါ့အတွက် တရားသူကြီးလုပ်ပေးရမယ်။ ပြောပြမယ်၊ ငါဒီကိုရောက်တာ မကြာသေးဘူး၊ ဒါပေမယ့် မင်းသိလား။
အဲဒီသတ္တမတောင်ထွတ်က သူတို့တောင်ရဲ့ အကာအကွယ်အစီအရင်ကို ခြောက်ကြိမ်တောင်ပြောင်းပြီးသွားပြီ”
“ခြောက်ကြိမ်တောင်နော်၊ အခုတစ်ကြိမ်က ခုနစ်ကြိမ်မြောက်ပဲ။ သူတို့က အရမ်းအနိုင်မကျင့်လွန်းဘူးလား။ သူတို့အဲဒါကို ပြောင်းလိုက်တဲ့အကြိမ်တိုင်း၊ အသစ်တစ်ခုက နောက်ဆုံးဟာထက် ပိုပိုရှုပ်လာတယ်။ အဲဒါကို ချိူးဖျက်နိုင်မယ့်နည်းလမ်းကို ငါ့မှာအချိန်အကြာကြီး ခက်ခက်ခဲခဲစဉ်းစားယူရတယ်”
“အထူးသဖြင့် ဒီတစ်ခေါက်ပဲ။ သူတို့က တစ်ကယ့်ကိုရူးသွပ်လွန်းတယ်။ ငါ အဲဒါအတွက် တွက်ချက်အဖြေရှာဖို့ စုစုပေါင်း ဆယ်ရက်တောင်သုံးခဲ့ရတယ်။ ငါတစ်ခြားတစ်ယောက်ကို ထွက်မချောင်းရတာ ဆယ်ရက်တောင်ကြာသွားပြီကွ။ ဆယ်ရက်တောင်”
စုမင် စိတ်ပျက်စွာပြုံးမိ၏။ သူစကားစပြောရန် ပြင်လိုက်စဉ်မှာပင် ဟူကျီ၏ဒေါသထွက်နေသော်လည်း စိတ်လှုပ်ရှားနေသော အမူအယာသည် အမှန်တစ်ကယ် အလွန်အမင်းဒေါသထွက်နေဟန်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဒါပေမယ့်” ဟူကျီက လက်များကို ဝှေ့ယမ်းလိုက်ပြီး သူ၏ နီရဲနေသောမျက်လုံးများထဲတွင် အလင်းတို့တောက်ပလာခဲ့သည်။ “ငါက အဲဒါကို ချိူးဖောက်နိုင်ဆဲပဲ။ တောင်အကာအကွယ် အစီအရင်တစ်ခုဆိုတာ ဘာမို့လို့လဲ။ ငါက ဒီနားတစ်ဝိုက်မှာ ဉာဏ်အကောင်းဆုံးလူပဲလေ။ ညီငယ်လေး ကြည့်လိုက်” ဟူကျီက ပုံများထွင်းထုထားသည့်မြေပြင်ဆီသို့ စုမင်အားဆွဲခေါ်လာပြီး မြေပြင်အားဖုံးအုပ်နေသည့် အံ့အားသင့်ဖွယ်ပန်းချီများကို ညွှန်ပြလိုက်သည်။
“အစီအရင်တစ်ခုကို ဖြေရှင်းရတာက လွယ်တယ်။ ခက်တာက သတိပြုမခံရပဲနဲ့ အဲဒီအစီအရင်ကို ဘယ်လိုဖွင့်ရမလဲဆိုတာပဲ။ ကြည့် ဒီမျဉ်းက ငါပဲ”
စကားပြောနေရင်း ဟူကျီတစ်ယောက် ပို၍စိတ်လှုပ်ရှားလာခဲ့သည်။ ဓားကိုကောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်တွင် ကွေ့ကွေ့ကောက်ကောက် မျဉ်းတစ်ကြောင်းဆွဲသားလိုက်သည်။ ထိုမျဉ်းကြောင်းက တွန့်လိမ်စွာဖြင့် မကြာခဏဆိုသလို အနက်ပိုင်းများအတွင်း ရောက်ရှိသွားသော်လည်း အခြားထွင်းထုဆွဲသားထားသည့် ရုပ်ပုံများကိုတော့ တစ်ခါမှမထိခဲ့ပေ။ ထိုလမ်းကြောင်းသည် လေထဲမှာ သည်အတိုင်းပွင့်လာသကဲ့သို့ပင်...
“ဒီညတော့ သူတို့ရဲ့ အဘိုးဟူ ပြန်လာပြီဆိုတာ... သတ္တမတောင်ထွတ်တစ်ခုလုံး သိသွားစေရမယ်” ဟူကျီက သူ့ရင်ဘတ်ကိုပုတ်ရင်း ကျယ်လောင်စွာရယ်မောလိုက်သည်။
စုမင်မျက်လုံးထဲတွင် အလင်းတစ်ခုတောက်ပသွားပြီး မြေပြင်ပေါ်ရှိရုပ်ပုံများကို စစ်ဆေးကြည့်ရှုရန် ထိုင်ချလိုက်သည်။ အချိန်အကြာကြီးကြာပြီးနောက်တွင် ကျေနပ်ပျော်ရွှင်နေသော ဟူကျီအား စုမင် မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် မော့ကြည့်လိုက်မိသည်။
“အစ်ကိုသုံး၊ မင်းက တစ်ကယ့်ကိုဉာဏ်အကောင်းဆုံးပဲ”
ဟူကျီသည် ထိုအရာကိုကြားသည်နှင့် ပို၍ပင်စိတ်ကျေနပ်သွားပြီး စုမင်ပုခုံးများကို ပြင်းထန်စွာရိုက်လိုက်သည်။
“မင်းက ငါ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းရောင်းရင်းပဲ ညီငယ်လေးရေ။ အဲအကြောင်းနဲ့ပက်သက်ပြီး သံသယဝင်နေစရာတောင်မလိုဘူး။ ဒီညတော့ မင်းအမြင်ကျယ်သွားအောင် ငါခေါ်သွားပေးမယ်။ ငါသတ္တမတောင်ထွတ်မှာ နေရာကောင်းတစ်ချို့ သိထားတယ်။ မင်းသိလား ငါအရင်က အဲအကြောင်းဘယ်သူ့ကိုမှ ပြောမပြဖူးဘူး။ ဆရာ ငါ့ဆီကို ပန်းထိုးဝတ်ရုံတွေနဲ့ ရောက်လာတော့တောင် ငါအံကြိတ်ပြီးမပြောပဲ နေခဲ့တာ”
“ငါ ဆုံးဖြတ်ပြီးပြီ။ ထျန်းလန်မုန်ကိုသွားကြည့်ဖို့ မင်းကိုခေါ်သွားမယ်ဆိုရင်ရော” စုမင်မျက်လုံးများသည် မြေပြင်ပေါ်ရှိရုပ်ပုံများထံ နောက်တစ်ကြိမ်ပြန်ရောက်သွားသည်ကို မြင်သောအခါ ဟူကျီက စိတ်လှုပ်ရှားစွာပြောဆိုလိုက်သည်။ ထို့နောက် မျက်တောင်များကို တဖျတ်ဖျတ်ခပ်လိုက်ပြီး ငြိမ်ကျသွားလေသည်။
“အစ်ကိုသုံး၊ ချပ်ဝတ်ပေါ်မှာ ဒီလိုအစီအရင်မျိုးတွေကို ကျွန်တော်ထွင်းထုလိုက်မယ်ဆိုရင်၊ တူညီတဲ့အခကျိုးသက်ရောက်မှုမျိုးပဲ ပေါ်လာမှာလား...”
စုမင် အသံတိုးတိုးဖြင့်မေးလိုက်သည်။ မြေပြင်ပေါ်ရှိ အစီအရင်များကိုကြည့်နေသည့် သူ့မျက်လုံးများကတော့ အလင်းတစ်မျိုးဖြင့် စူးရှတောက်ပလို့နေသည်။
အစတည်းက သူဟူကျီထံသို့ ဤအရာကြောင့်ပင် လာခဲ့ခြင်းဖြစ်သည်။ ထိုအတွေးသည် မူလကသိပ်မထင်ရှားခဲ့သော်လည်း သတ္တမတောင်ထွတ်မှ ရောင်ပြန်ဟပ်ပုံရိပ်များကို ပြသနိုင်သည့် ရေခဲတုံးအား ဟူကျီဖန်တီးခဲ့သည်ကို မြင်ချိန်မှစ၍ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်အချိန်က သူ့နောက်ဖန်တီးမှုအား ပိုမိုခိုင်ခံ့အောင်ပြုလုပ်ရမည်ဟုတောင်... ဟူကျီက ကျီချဲမကြားအောင် တီးတိုးရေရွတ်ခဲ့သေး၏။
ဤအရာက စုမင်စိတ်ကိုလှုံ့ဆော်ပေးခဲ့ပြီး သူ့နှလုံးသားထဲတွင် မယုံနိုင်လောက်အောင် မိုက်ရူးရဲဆန်သည့်အတွေးများ ဖြစ်ပေါ်စေခဲ့သည်။ ဤအတွေးသည် ရယ်စရာကောင်းနိုင်သော်လည်း
စုမင်ကတော့ အောင်မြင်မှု၏ သွေးဆောင်မှုကြောင့် လက်မလျှော့လိုက်နိုင်ပေ။
ထို့ကြောင့် သူဟူကျီနှင့် စကားလာပြောရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ ယခု မြေပြင်ပေါ်မှရုပ်ပုံများကို မြင်လိုက်ရချိန်တွင် သူ့စိတ်ထဲမှအတွေးများက ပိုမိုရှင်းလင်းပြတ်သားလာခဲ့သည်။
“ချပ်ဝတ်ပေါ်မှာ ထွင်းမှာလား” ဟူကျီ အံ့အားသင့်သွားပြီး ခေါင်းကိုကုတ်လိုက်မိ၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းခါယမ်းပြမိသည်။ “ဟင့်အင်း လုပ်လို့မရနိုင်ဘူး။ အဲဒါအတွက်လည်း ဘာပစ္စည်းမှ မရှိဘူး။ ပြီးတော့...” ဟူကျီက မျက်မှောင်ကြုတ်လိုက်ပြီး အတွေးများထဲ နစ်မြုပ်သွားကာ စကားကို တစ်ဝက်တစ်ပျက်ရပ်တန့်လိုက်သည်။
“အစ်ကိုသုံး” စုမင် ထရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ ရုပ်ပုံများထံမှ အကြည့်ပြန်လွှဲလိုက်ပြီး ဟူကျီအားလှည့်ကြည့်လိုက်သည်။ “ကျွန်တော် ဒီလို အစီအရင်မျိုးတွေကိုပဲ ရိုးရိုးရှင်းရှင်းဟာတွေကနေ ရှုပ်ထွေးတာတွေအထိ တောင်အကာအကွယ်အစီအရင်ပန်းချီ တစ်ချို့လိုချင်တယ်။ အစ်ကိုသုံးကို ဒုက္ခပေးရတော့မှာပဲ”
ဟူကျီက မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။ စုမင်ပြောသည်ကို ကြားလိုက်ရသောအခါ ခေါင်းညိတ်ကာ ရင်ဘတ်ကိုပုတ်ပြပြီး ပြောလာ၏။ “သေချာတာပေါ့။ ငါ ရက်အနည်းငယ်အတွင်း ရအောင်ရှာပေးမယ်။ ဒါပေမယ့် အငယ်ဆုံးလေး၊ အဲလိုလုပ်ဖို့က မင်းအတွက်နည်းနည်းခက်လိမ့်မယ် ထင်တယ်။ အဲလိုလုပ်ဖို့ ဘာပစ္စည်းမှရှိတာမဟုတ်ဘူး။ ပြီးတော့ တောင်အကာအကွယ်အစီအရင်တွေက အချိန်တိုင်း ပြောင်းလဲနေကြတာ၊ သူတို့က မရွေ့လျားနိုင်တဲ့ဟာတွေ မဟုတ်ဘူးနော်... ဒါပေမယ့် မင်းသူတို့ကိုထွင်းထုချလိုက်ရင်တော့ သူတို့ကထပ်ပြောင်းလဲတော့မှာ မဟုတ်ဘူး”
စုမင် ခပ်ဖွဖွပြုံးလိုက်ပြီး ဟူကျီကို လက်သီးလက်ဝါးထပ် အရိုအသေပေးလိုက်ပြီး သူ့လှိုဏ်ဂူအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ သူ၏အစ်ကိုသုံးကိုတော့ စိတ်ရှုပ်ထွေးနေသည့် အခြေအနေတစ်ခုဖြင့် ချန်ထားရစ်ခဲ့လေသည်။
ဟူကျီသည် လှိုဏ်ဂူအတွင်း၌ အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့သော်လည်း စုမင်တောင်းဆိုခဲ့သော အရာသည် အောင်မြင်ရန် မယုံနိုင်လောက်အောင်ပင် ခက်ခဲကြောင်းကိုသာ တွေ့ရှိရလေသည်။ သို့သော် ဤအရာက သူ့ညီငယ်လေး၏ တောင်းဆိုချက်ဖြစ်မှတော့ ဤကိစ္စပြီးမြောက်အောင်မြင်ရန် သူ့စိတ်နှလုံးရော၊ ဝိညာဉ်ရောပါ သွန်းလောင်း၍ အားသွန်ခွန်စိုက်ပြုလုပ်ပေးရပေမည်။
သို့သော် သူ့အကြည့်သည် မြေပြင်ပေါ်ရှိရုပ်ပုံများအပေါ် ကျရောက်သွားချိန်တွင်တော့ သူ့မျက်လုံးများက ရုတ်ခြည်းစတင်တောက်ပလာခဲ့သည်။ စုမင်တစ်ယောက် ချပ်ဝတ်ပေါ်တွင် အစီအရင်များအား ရေးထွင်းမည့်အကြောင်းကို သူဆက်မစဉ်းစားတော့ပဲ ထိုအစားစိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်သပ်လိုက်လေသည်။
“ငါပြန်လာပြီဆိုတာကို သတ္တမတောင်ထွတ်က ခုညသိသွားစေရမယ်ကွ။ သူတို့က ဒီတစ်ကြိမ်တော့ အရမ်းလွန်လွန်းသွားပြီ။ အကြင်နာတရား မရှိလိုက်တဲ့လူတွေ”
ဟူကျီက ဝိုင်အိုးကိုကောက်ယူလိုက်ပြီး ပါးစပ်အပြည့်တစ်ငုံခန့်သောက်လိုက်သည်။ ထို့နောက် ညကျလျှင် ဘာလုပ်ရမည်ကိုစိတ်ကူးယဉ်၍ ထုံးစံအတိုင်း ရူးသွပ်စွာစတင်ရယ်မောနေတော့ချေသည်။
စုမင်သည် ဟူကျီ၏လှိုဏ်ဂူမှ ထွက်လာခဲ့ပြီး ထိုစိတ်ကူးကို ဆက်လက်စဉ်းစားနေရင်း စိတ်လှုပ်ရှားမှုကြောင့် သူ့နှလုံးခုန်နှုန်းများပင်မြန်ဆန်လာခဲ့သည်။ သူ ထိုအကြောင်းကိုပိုတွေးလေလေ၊ ယုတ္တိရှိလာသည်ဟု ခံစားမိလေလေပင် ဖြစ်သည်။
‘ငါ အဲဒါလုပ်ဖို့ မယုံနိုင်လောက်အောင် တိကျတဲ့ ကောင်းမွန်စွာထိန်းချူပ်မှုကို သုံးဖို့လိုကောင်းလိုနိုင်တယ်...’
စုမင်မျက်လုံးများထဲတွင် စူးရှတောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူ့မျက်လုံးများက အဝေးရှိတောင်ပတ်လမ်းတွင် သဘောကျကျေနပ်နေသည့် မျက်နှာအမူအယာဖြင့်ရပ်နေသော ပိုင်စုထံသို့ကျရောက်သွားသည်။
“စုမင်၊ ကျွန်မပုံဆွဲတာ ပြီးသွားပြီ”
ပိုင်စု ထိုနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူမစုမင်ကိုတွေ့လိုက်ရသည်နှင့် သူမဘေးမှရေခဲတုံးကြီးကို ချက်ချင်းညွှန်ပြလိုက်ပြီး သာယာနာပျော်ဖွယ်အသံလေးနှင့် ပြောလိုက်သည်။
စုမင် ရေခဲတုံးပေါ်သို့လှမ်းကြည့်လိုက်ရာ ပြောင်းလဲသွားသောသူ့ပုံကို တွေ့လိုက်ရ၏။
ထိုအရာက ရှုပ်ပွညစ်ပတ်ကာ အရုပ်ဆိုးအကျည်းတန်လွန်းပြီး သူ့ကိုစော်ကားနေခြင်းဖြစ်သည်။ သူ့နောက်ကျောတွင် ဧရာမလိပ်ခွံကြီးတစ်ခုရှိနေခဲ့သည်။ ပိုင်စုက ထိုရုပ်ပုံကိုပင် ဘေးချင်းကပ်ရေခဲတုံးပေါ်တွင် ထပ်မံ၍ ပုံတူကူးဆွဲသားထားလေသည်။ သူမသည် လည်ပင်းကိုအပြင်သို့ဆန့်ထုတ်ထားသည့် လိပ်တစ်ကောင်ပုံ ဆွဲသားထားခြင်းဖြစ်သည်။
ထိုလိပ်သည် အသက်ဝင်နေပုံပေါ်ပြီး အထူးသဖြင့်၎င်း၏မျက်လုံးများပင် ဖြစ်သည်။ ထိုမျက်လုံးများသည် စုမင်မျက်လုံးများနှင့်တောင် အတန်ငယ်ဆင်တူနေချေသည်။
စုမင်အမူအယာက တည်ငြိမ်နေဆဲဖြစ်ပြီး ထိုနေရာသို့လျှောက်သွားကာ သေချာအနီးကပ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“မဆိုးပါဘူး။ ဆက်ဆွဲ” စကားပြောပြီးသည်နှင့် တည်ငြိမ်အေးဆေးစွာပင် ပိုင်စုကိုဖြတ်လျှောက်သွားပြီး ထွက်ခွာသွားခဲ့သည်။
ပိုင်စု ခဏတာအံ့အားသင့်မှင်သက်သွားရသည်။ စုမင်၏တည်ငြိမ်မှုက သူမကိုထပ်မံဒေါသထွက်လာစေပြီး စုမင်နောက်သို့ နောက်တစ်ကြိမ်ပြေးလိုက်သွားမိပြန်သည်။
“ဟေး ကျွန်မ ရှင့်ပုံကိုဆွဲခဲ့တာလို့”
“ငါ သိတယ်” စုမင်က အရှိန်တောင်မလျှော့ပေ။ ဒီအတိုင်းသာ လှေကားထစ်များအတိုင်းတက်၍ အရှေ့ဆက်လျှောက်သွားလေသည်။
“တူတယ်လို့ ရှင်မထင်ဘူးလား” ပိုင်စုက စုမင်ကို စိတ်အနှောင့်အယှက် ဆက်ပေးလိုက်သည်။
“မထင်ဘူး” စုမင် ပြတ်သားစွာပြန်ဖြေလိုက်သည်။
“မတူဘူးဆိုရင် ဘာလို့မဆိုးပါဘူးလို့ ပြောခဲ့တာလဲ။ ကျွန်မကတော့ အဲဒါ ရှင်နဲ့အရမ်းတူတယ်လို့ထင်တယ်” ပိုင်စုက စုမင်ထံသို့ပြေးလာပြီး အမီလိုက်နိုင်ရန်ကြိုးစားလိုက်သည်။
“အဲဒါကြောင့် မင်းကိုဆက်ဆွဲဖို့ပြောခဲ့တာ”
စုမင်က သူ့လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ပေါ်သို့ ပြန်ရောက်သွားချေပြီ။ သူ့လှိုဏ်ဂူအတွင်း ပြန်ဝင်ရန်ပြင်လိုက်စဉ်တွင် ပိုင်စု၏ဒေါသတကြီးအသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။
“စုမင် အဲဒါကဘာသဘောလဲ။ ကျွန်မ ရှင်တောင်းဆိုတဲ့အတိုင်းလည်း ဝတ်စားပြင်ဆင်လာတယ်။ ရှင် ကျွန်မကိုပုံဆွဲတာသင်ပေးမယ်လို့လည်း သဘောတူထားတယ်။ ဒါပေမယ့် တစ်ရက်သာကုန်တော့မယ် ရှင်ဘာတစ်ခုမှ သင်မပေးခဲ့ဘူး” ပိုင်စုက စင်မြင့်ပေါ်တွင်ရပ်ကာ စုမင်ကိုစူးရဲစွာစိုက်ကြည့်လိုက်သည်။
စုမင် ပိုင်စုကိုလှည့်ကြည့်လိုက်သည်။ “မင်းက သူမလို ပြူမူနေထိုင်နေတာမဟုတ်ဘူး”
“ဘယ်လိုမျိုးလဲ” ပိုင်စု ချက်ချင်း ပြန်မေးမိ၏။
“မင်း အမူအယာ။ သူမက မင်းလိုဆူညံမနေတတ်ဘူး”
စုမင် အေးစက်စက်ပြောလိုက်သည်။
ပိုင်စု သူ့ကိုငေးကြည့်လိုက်ပြီး မျက်လုံးများကိုခဏတာမှိတ်လိုက်သည်။ ထို့နောက် ပြန်ဖွင့်လိုက်ပြီး စုမင်ကိုကျောခိုင်းလိုက်သည်။ အဝေးရှိ ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး လက်မြှောက်ကာ ဆံပင်များကို နောက်တစ်ကြိမ် သေချာပြန်လည်စည်းနှောင်လိုက်သည်။ ထို့နောက် သူမ၏အင်္ကျီကော်လာကို ဆုတ်ဖြဲလိုက်ပြီး ထိုနေရာမှချည်မွှေးအချို့ကို ဆွဲထုတ်လိုက်သည်။ သူမလည်ပင်းတွင် နူးညံ့ပျော့ပျောင်းသည့် အမွှေးဘောလုံးတစ်လုံး ရှိနေသကဲ့သို့ဖြစ်သွားလေသည်။
ထိုသို့လုပ်ပြီးနောက် ပြန်လှည့်လိုက်ပြီး စုမင်ကိုကြည့်ကာ သူမနှုတ်ခမ်းများက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလို့သွားသည်။ သူမမျက်လုံးများအတွင်း မနှစ်မြို့ရွံရှာမှုများ နေရာတွင်တော့ နူ့းညံ့သိမ်မွေ့သောအမူအယာတစ်ခု အစားထိုးသွားလေသည်။ သူမ ဟိုသည်လှည့်သည်နှင့် သူမပုခုံးရှေ့မှ ကျစ်ဆံမြီးလေးနှစ်ဖက်ကပါ လိုက်ပါရွေ့လျားနေပြီး သူမမျက်လုံးများရှေ့တွင် ဆံစအချို့ထွက်ပေါ်ကျဆင်းလာခဲ့သည်။
ပိုင်စု၏ အမူအယာများ၊ အဝတ်အစားများနှင့် သူမ၏ပုံပန်းသွင်ပြင်တို့ထံမှ အရိုင်းဆန်သောအလှတရားတစ်မျိုး စိမ့်ထွက်လာခဲ့သည်။ နှင်းများသည် လေကြောင့်လွင့်မျောပါလာကြပြီး အချို့က သူမဆံပင်များပေါ်သို့ ကျဆင်းသွားကြသည်။
သို့သော် ထိုအရာက သူမ၏အရိုင်းဆန်ဆန်အကြည့်အောက်တွင် တည်ရှိနေသည့် နူးညံ့သိမ်မွေ့မှုများကို ဖုံးကွယ်နိုင်ခြင်းမရှိပေ။ သူမမျက်လုံးများက စုမင်ကို နောက်တစ်ကြိမ်မိန်းမောတွေဝေသွားစေသည်။
နှင်းမုန်တိုင်းက ကြီးထွားလာပြီး သူမနှင့်စုမင်တို့အကြား တိုက်ခတ်လာကာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသလိုပင်။ ကောင်းကင်မှကျဆင်းနေသာ နှင်းများသာကျန်ရှိတော့ပြီး သူတို့နှစ်ဦးသည် တစ်ဦး၏မျက်ဝန်းများအတွင်း တစ်ဦးစိုက်ကြည့်နေခဲ့ကြသည်။
“စုမင်၊ ရှင်ပြန်လာပြီပဲ... ကျွန်မကို မှတ်မိသေးရဲ့လား” သူမ၏ သိမ်မွေ့ညင်သာသော အသံသည် နှင်းများနှင့် ပေါင်းစပ်သွားဟန်ဖြင့် ပတ်ဝန်းကျင်တစ်ဝိုက် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအရာက စုမင်ကို ငြိမ်သက်သွားစေသည်။
ပိုင်စုမျက်နှာပေါ်တွင် အပြုံးလေးတစ်ခုဖြစ်ပေါ်လာသည်။ ထိုအပြုံးက အလွန် ဖြူစင်လှပကာ ပျော်ရွှင်နေပုံပေါ်လေသည်။ စုမင်အားလှမ်းကြည့်နေချိန်မှာပင် သူမ၏ရယ်သံလေးက ငွေဆည်းလည်းလေးများ၏ အသံကဲ့သို့ထွက်ပေါ်လာခဲ့သည်။ သူမသည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး စင်မြင့်ပေါ်မှ ပြုတ်ကျသွားလေသည်။ ရုပ်နယ်လွန်နယ်ပယ်၏ စွမ်းအားနှင့် သူမခြေထောက်အောက်တွင် မည်သည့်အထောက်အပံ့မှ မရှိတော့သဖြင့် သူမသည် နဝမတောင်ထွတ်၏ချောက်နက်ကြီးများထဲသို့ အလျင်အမြန်ပြုတ်ကျသွားတော့သည်။
“စုမင်၊ ရှင်ပြန်လာခဲ့ပေမယ့်... ကျွန်မကတော့ ထွက်သွားတော့မယ်...”
ပိုင်စုသည် ဆက်လက်ပြုတ်ကျနေပြီး သူမမျက်လုံးများထဲတွင် စူးရဲသည့်အရိုင်းဆန်ဆန် အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူမ အရှုံးဖြင့်ရိုက်ချမခံရချင်သောကြောင့် စွန့်စားလိုခဲ့ခြင်းဖြစ်သည်။ ပြုတ်ကျနေရင်းမှပင် သူမမျက်လုံးများသည် ပိုမိုဝေးကွာလာနေသော နဝမတောင်ထွတ်ပေါ်ရှိ စင်မြင့်ပေါ်တွင်သာရှိနေခဲ့သည်မှာ နူးညံ့သောအရာတစ်ခုပေါ်သိုသူမပြုတ်ကျသွားပြီး
သူမခန္ဓာကိုယ်အား လေကပင့်သွားခဲ့သဖြင့် သူမ၏ပြုတ်ကျနေသော အရှိန်တစ်ဖြည်းဖြည်းလျော့နည်းသွားသည့် အချိန်အထိပင်ဖြစ်သည်။ ပိုင်စုမျက်နှာပေါ်တွင် ကျေနပ်အားရသောအမူအယာတစ်ခု နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
“ပထမနေ့မှာ ငါအနိုင်ရခဲ့တယ်”
စုမင်သည် တိတ်ဆိတ်စွာ လှည့်ထွက်သွားပြီး လှိုဏ်ဂူဆီလျှောက်သွားချေသည်။ သို့သော် လှည့်လိုက်သည့်အခိုက်အတန့်မှာပင် ညင်သာစွာ တီးတိုးရေရွတ်လိုက်သည်က “သူမလည်း အခကျိုးသင့်အကြောင်းသင့် မစဉ်းစားတဲ့အချိန်မျိုးဆိုရင် မင်းနဲ့အရမ်းတူတယ်...”
***