အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း ၂၁၃ - ဒီလောက်အထိ သရုပ်ဆောင်ပြဖို့ လိုလို့လား။
လုပေါင်၏ ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးစွမ်းအားမှာ သံသယဖြစ်ဖွယ်မရှိပါ။ သူသည် ကြံ့မိစ္ဆာအား လက်သီးဖြင့် အချက်အတော်ကြာ ထိုးနှက်လိုက်ရာ ဒုန်း ဒုန်း ဟူသော အသံကြီးများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကြံ့မိစ္ဆာ၏ ကြီးမားသော ခန္ဓာကိုယ်မှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားရသည်။
သို့သော်လည်း ထိုသတ္တဝါ၏ မျက်နှာအမူအရာမှာ ဘာမှမဖြစ်သကဲ့သို့ အေးဆေးတည်ငြိမ်နေဆဲဖြစ်ရာ ၎င်းက လုပေါင်ကို အကြီးအကျယ် ဒေါသထွက်စေသည်။
ကံကောင်းသည်မှာ Live ထဲတွင် မျက်စိရှင်သော ပရိသတ်များစွာ ရှိနေခြင်းပင်။
“ဟား... ပေါင်ကြီးက သန်လှချည်လား။အဲ့ဒီ လက်သီးချက်တွေက အားပါလှချည်လား။”
“ပေါင်ကြီးရဲ့ လက်သီးတွေက အသေတိုက်ခိုက်တဲ့လက်သီးတွေပါ။ ကြည့်ရတာ ပြင်းပုံရပေမဲ့ တကယ်တော့ ဘာမှအသုံးမကျပါဘူး။ ဥပမာ ငါနဲ့ သူနဲ့ တစ်ယောက်ချင်း ချလို့ ငါ့ကို သူ ထိုးသတ်လိုက်ရင်တောင် ငါကတော့ ကျေနပ်မှာမဟုတ်ဘူး။ အလောင်းစစ်ဆေးတဲ့အခါ ငါ့တစ်ကိုယ်လုံး ပျော့ဖတ်နေရင်တောင် ငါ့ပါးစပ်ကတော့ မာနေဦးမှာပဲ။”
“အပေါ်ကလူရဲ့ ပါးစပ်ထက် ဒီကြံ့ကြီးရဲ့ ကိုယ်လုံးက ပိုမာနေတာ သိသာတယ်လေ။ သူက ဘာမှမဖြစ်သလို ဟန်ဆောင်နေတာ။”
“ဟီးဟီး... ပေါင်ကြီးက အဲ့လောက်အထိ ပျော့မနေပါဘူးနော်။”
ပရိသတ်များ၏ ဤကဲ့သို့သော မှတ်ချက်များကြောင့် လုပေါင်၏ စိတ်ဓာတ်များ ချက်ချင်း ပြိုလဲသွားရသည်။ လူကြီးလူကောင်းဆန်ဆန် တိုက်ခိုက်ရမည့် စည်းကမ်းများကို ဘေးဖယ်ကာ ချီလင်လေးကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့သည်။
အကြီးစားလက်နက်ကြီး ထုတ်သုံးရမည့်အချိန် ရောက်ပြီ။
ချီလင်လေးကတော့ အသေးစိတ်တွေကို ဂရုမစိုက်ပါ။ လုပေါင်၏ အမိန့်အတိုင်း လိုက်နာကာ သတ်ဖြတ်ပွဲကို စတင်လိုက်သည်။
ပြင်းထန်လှသော ချီလင်မီးတောက်ကြောင့် ထိုမိစ္ဆာများမှာ မိဘကိုပင် တမ်းတတသကာ အော်ဟစ်ကုန်ကြသည်။
လုပေါင်၏ လက်သီးဖြင့်ပင် ဘာမှမဖြစ်ခဲ့သော ကြံ့မိစ္ဆာ၏ မာကျောလှသော ကိုယ်ထည်မှာ ချီလင်မီးတောက်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်သွားတော့သည်။
နောက်ဆုံးတွင် ဦးခေါင်းပေါ်မှ ချွန်ထက်သော ကြံ့ချိုကြီးသာ အရည်မပျော်ဘဲ ကျန်ရစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
၎င်းကို မြင်သောအခါ ပရိသတ်များက မှတ်ချက်များ ထပ်မံရေးကြပြန်သည်။
“ဟား... ဒီ Special Effects တွေက အရမ်း လက်တွေ့ကျတာပဲ မိစ္ဆာတွေကို သတ်ရင်တောင် ပစ္စည်းတွေ ထွက်လာတယ်ပေါ့။”
“အခုမှ ရောက်လာတာပါ။ Streamer ဆော့နေတဲ့ ဂိမ်းနာမည်လေး သိချင်လို့ပါ။ Special Effects တွေက တကယ့်အစစ်အတိုင်းပဲ။”
“ဝူးဟူး ဒါကတော့ တကယ့် ပစ္စည်းကောင်းပဲ။”
“ဟားဟား... ပေါင်ကြီး မင်းမှာ လူကြီးလူကောင်းစိတ်ဓာတ် လုံးဝမရှိဘူး။ချီလင်လေးလို နျူကလီးယားလက်နက်ကို အချိန်မရွေး ထုတ်သုံးပြီး လူမြင်ကွင်းမှာတင် လိမ်နေတာပဲ။”
လုပေါင်ကိုယ်တိုင်လည်း ထိုကြံ့ချိုကို မြင်လိုက်ရသောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
“ဒါ ပစ္စည်းကောင်းပဲ ချီလင်မီးတောက်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိတယ်ပေါ့။ငါ့ပစ္စည်းပဲ။”
လုပေါင်က ချီလင်လေးကို တိုက်ခိုက်မှု ရပ်ခိုင်းလိုက်သည်။
ထို့နောက် ရှေ့သို့ လျှောက်သွားကာ ကြံ့ချိုကို ကောက်ယူလိုက်သည်။ သို့သော် ၎င်းကို ကိုင်လိုက်သည့် ခဏတွင်ပင် ပူလွန်းလှသဖြင့် ဆဲပင် ဆဲလိုက်ချင်တော့သည်။
သူသည် ကြံ့ချိုကို လက်တစ်ဖက်မှ တစ်ဖက်သို့ အမြန်ပြောင်းကိုင်နေရသော်လည်း လုပေါင်၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုမှာမူ ပျောက်ကွယ်မသွားပါ။
ဤကြံ့ချိုမှာ အလွန်မာကျောပြီး ကြံ့မိစ္ဆာ၏ ခန္ဓာကိုယ်တွင် အကောင်းဆုံး အစိတ်အပိုင်း ဖြစ်သဖြင့် တကယ့် ရတနာတစ်ပါးပင် ဖြစ်သည်။
“ဒီမိစ္ဆာတွေက လုံးဝ အသုံးမကျတာတော့ မဟုတ်ဘူးပဲ။”
ထိုသို့ တွေးလိုက်ရင်း လုပေါင်သည် ကျန်ရှိနေသော မိစ္ဆာများဘက်သို့ သားကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
ချီလင်လေး ရှိနေသရွေ့ ဤကောင်များကို နှိမ်နင်းရန်မှာ အလွန်လွယ်ကူလှသည်။
ဤမိစ္ဆာများမှာ မိစ္ဆာချုပ်နှောင်ရာစေတီမှ လွတ်လာသူများ ဖြစ်သဖြင့် ၎င်းတို့ကို သတ်ပစ်လျှင်လည်း သူ အားနာနေမည်မဟုတ်ပါ။ နောက်ထပ် ပစ္စည်းကောင်းတွေ ထပ်ရနိုင်သည် မဟုတ်လား။
“အဟမ်း”
လုပေါင်၏ အကြည့်အောက်တွင် ကျန်ရှိနေသော မိစ္ဆာများမှာ တစ်ကိုယ်လုံး စိမ့်တက်သွားကြသည်။
သူတို့သည် နတ်သားရဲ ချီလင်ကို မယှဉ်နိုင်ပါ။ အထူးသဖြင့် လုပေါင်၏ ကိုယ်ချင်းစာတရား ကင်းမဲ့မှုကို မြင်တွေ့လိုက်ရပြီးနောက် သူတို့ထံ လုပေါင် လျှောက်လာသည်ကို မြင်သောအခါ အော်စကာဆုရ မင်းသား မင်းသမီးများ၏ ဝိညာဉ်များ ပူးကပ်သွားသကဲ့သို့ ဖြစ်သွားကြသည်။
မိစ္ဆာအားလုံးက ရင်ဘတ်ကို တစ်ပြိုင်နက် ဆုပ်ကိုင်ကာ နောက်သို့ ဟန်ဆောင်ကာ နှစ်လှမ်းဆုတ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သရုပ်ဆောင် ကောင်းလွန်းသူအချို့က ဆိုလျှင် စကားပင် ဆိုလိုက်ကြသေးသည်။
“အရမ်း ပြင်းထန်တာပဲ ဒါက ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ အသံလှိုင်း နတ်ပညာ ပဲ။”
“သူ့ရဲ့ အတွင်းအားက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှပါလား ချောင်းနှစ်ချက် ဟန့်လိုက်ရုံနဲ့တင် ငါ့ရဲ့ သွေးကြောတွေကို ပျက်စီးစေပြီး ငါ့ရဲ့ စွမ်းအားတွေကို ရိုက်ချလိုက်နိုင်တယ်။”
“ငါ လုံးဝ အရှုံးပေးပါတယ်။”
ကြံ့မိစ္ဆာမှာ လက်သီးနှစ်ချက် အထိုးခံရပြီး ဘာမှမဖြစ်သလို နေခဲ့သော်လည်း နောက်ဆုံး ဘယ်လိုအဆုံးသတ်သွားသည်ကို အားလုံး မြင်ခဲ့ကြသည် မဟုတ်လား။
ဤကဲ့သို့သော အချိန်တွင် ဘာလုပ်ရမည်ကို မသိလျှင် သူတို့မှာ သေတွင်းတူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
လုပေါင်မှာမူ ဤမြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားသည်။
‘တောက်... ဒီမိစ္ဆာတွေ ဘယ်တုန်းက ဒီလောက်အထိ လည်သွားကြတာလဲ ဒီလောက်အထိ သရုပ်ဆောင်ပြဖို့ လိုလို့လား။’
ဒါက သူ့ကို အနည်းငယ် အနေရခက်စေသည်။ သူတို့က သူ့ကို မျက်နှာသာ ပေးနေကြသဖြင့် သူလည်း ဆက်ပြီး မသမာသောနည်းကို အသုံးမပြုတော့ပါ။
“ဟားဟားဟား... ဘယ်က သရုပ်ဆောင်တွေကို ငှားထားတာလဲ သရုပ်ဆောင်တာကတော့ တကယ်ကို ဆရာကြီးပဲ။”
“ဒီနှစ် အော်စကာဆုမှာ မင်းတို့သာ မပါရင် ငါ ကန့်ကွက်မယ်။”
Live ထဲမှ ပရိသတ်များစွာ၏ ရှေ့မှောက်တွင် လုပေါင်မှာမူ ရှက်ကိုးရှက်ကန်းနှင့် ဒေါသထွက်နေရသည်!
ဘာမှမတတ်နိုင်တော့သဖြင့် လုပေါင်က ဒေါသတကြီး အော်ပြောလိုက်သည်-
“မြန်မြန်... မင်းတို့ဘာသာ မင်းတို့ အထဲကို ပြန်ဝင်ကြစမ်း၊ အခုချက်ချင်း!”
လုပေါင်မှာ နတ်ဆရာကြီး၏ တောင်းဆိုချက်ကို မမေ့သေးသဖြင့် ဤမိစ္ဆာများကို မိစ္ဆာချုပ်နှောင်ရာစေတီအတွင်းသို့ ပြန်မောင်းသွင်းလိုက်သည်။
မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော မိစ္ဆာများမှာလည်း ချက်ချင်းပင် ထရပ်ကာ တစ်ယောက်ထက်တစ်ယောက် လျင်မြန်စွာဖြင့် စေတီအတွင်းသို့ ပြေးဝင်သွားကြတော့သည်။
သူတို့မှာ အစက ခိုးထွက်လာစဉ်ကထက်ပင် ပိုပြီး တက်ကြွနေကြသေးသည်!
မိစ္ဆာများ စေတီအတွင်းသို့ ပြန်ဝင်သွားသည်နှင့် စေတီပေါ်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းများမှာ လေမတိုက်ဘဲ အလိုလို မြည်လာတော့သည်။
အထူးသဖြင့် စေတီ၏ အထွတ်ရှိ မက်မွန်သားဓားမှ အလင်းတန်းတစ်ခု ကျဆင်းလာကာ မိစ္ဆာချုပ်နှောင်ရာစေတီ တစ်ခုလုံးကို ချိပ်ပိတ်လိုက်လေသည်!
၎င်းကို မြင်လိုက်ရသောအခါ လုပေါင်က ဤအရာမှာ နတ်ဆရာကြီး၏ လက်ချက်ဖြစ်ကြောင်း သိလိုက်သည်။
ကျေနပ်သွားသော လုပေါင်သည် သူ၏တာဝန် (Check-in Task) ကို ဆက်လက် လုပ်ဆောင်သည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် ခုနက ရထားသော ကြံ့ချိုကို ထုတ်လိုက်သည်။
ထို့နောက် မိစ္ဆာချုပ်နှောင်ရာစေတီ၏ နံရံပေါ်တွင် စတင်၍ စာရေးထွင်းတော့သည်။
စေတီတော်ကို မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရသော်လည်း အလွန်မာကျောလှသည်။ ရိုးရိုးပစ္စည်းများနှင့်ဆိုလျှင် အမှတ်အသားပင် ထင်ရန် မလွယ်ကူပါ။
ကံကောင်းသည်မှာ လုပေါင်၏လက်ထဲရှိ ကြံ့ချိုမှာ အလွန်မာကျောနေခြင်း ဖြစ်သည်။ လုပေါင်၏ အားအင်ဖြင့် ရေးထွင်းလိုက်ရာ စေတီပေါ်တွင် စာလုံးကြီးကြီးများ ပေါ်လာတော့သည်-
“လုပေါင် ဤနေရာသို့ ရောက်ခဲ့သည်!”
ဤစာလုံးများကို မြင်ရသောအခါမှ လုပေါင်က ကျေနပ်သွားတော့သည်။
ယခုဆိုလျှင် သူ၏တာဝန်မှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်!
လုပေါင် ထိုစာများကို ရေးထွင်းပြီးသည်နှင့် စနစ် (System) ၏ အသံမှာ သူ၏စိတ်ထဲတွင် ပေါ်လာသည်-
“တုံ- ဂုဏ်ယူပါတယ် အိမ်ရှင်၊ သင်သည် Check-in တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါပြီ!”
ထိုအသံကို ကြားရသောအခါ လုပေါင်က အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ ဒီစနစ်က ပေးတဲ့ တာဝန်တွေက ဘယ်တုန်းက ဒီလောက်အထိ လွယ်သွားတာလဲ?
အဓိကအချက်က... ဆုလာဘ်က ဘယ်မှာလဲ?
ဒါက လိမ်တာလား?
လုပေါင် ဆဲဆိုရန် ပြင်နေစဉ်မှာပင် စနစ်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်-
“အိမ်ရှင်အတွက် နောက်ထပ် တာဝန်တစ်ခု- မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်ပါ!”
လုပေါင်သည် ဆဲချင်စိတ်ကို ထိန်းလိုက်ပြီး မိစ္ဆာချုပ်နှောင်ရာစေတီကို အနီးကပ် စစ်ဆေးကြည့်ရာ သဲလွန်စအချို့ကို တွေ့ရှိလိုက်ရသည်!
အခန်း ၂၁၄ - ရွှေရောင်အလင်းဂါထာတော်၏ပြည့်စုံမှု။
ဤမိစ္ဆာချုပ်နှောင်ရာစေတီမှာ ခန့်ညားထည်ဝါပြီး ရှေးဟောင်းလက်ရာဖြစ်သော်လည်း စေတီတော်၏ ကိုယ်ထည်ကို အနီးကပ်ကြည့်ရှုပါက အက်ကြောင်းအတော်များများကို တွေ့ရှိရမည်ဖြစ်သည်။
၎င်းမှာ အချိန်ကာလ၏ တိုက်စားမှုဒဏ်များကြောင့် ပျက်စီးယိုယွင်းနေခြင်း ဖြစ်သည်။
စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။အကယ်၍ မိစ္ဆာချုပ်နှောင်ရာစေတီသာ အကောင်းပကတိရှိနေပါက အတွင်းရှိ မိစ္ဆာများ လွတ်မြောက်လာနိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း လုပေါင်မှာမူ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်မိသည်။
“ဒါကို ဘယ်လိုပြင်ရမှာလဲ သခင်လေးပေါင်က ဖျော်ဖြေရေး Streamer တစ်ယောက်ပါ။ ပန်းရန်ဆရာ မဟုတ်ဘူးလေ။”
အကယ်၍ ပန်းရန်ဆရာတစ်ယောက်ကို ခေါ်လာလျှင်ပင် ထိုလူမှာ မိစ္ဆာချုပ်နှောင်ရာစေတီကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေမည်မှာ သေချာပါသည်။
အဓိကအချက်မှာ ဤအစုတ်ပလုတ်စနစ်က မည်သည့်အရိပ်အမြွက်မျှ ပေးမထားခြင်းပင်။
၎င်းက လုပေါင်ကို ဆဲဆိုချင်စိတ် ပေါက်သွားစေသည်။
သို့သော်လည်း လုပေါင်သည် စနစ်၏ တာဝန်ကို အသုံးချခံပြီး လုပ်ဆောင်ခဲ့ရပြီးမှ ယခုနောက်ဆက်တွဲတာဝန်ကို လက်လျှော့လိုက်လျှင် သူ၏ခရီးစဉ်မှာ အလကားဖြစ်သွားပေလိမ့်မည်။
‘ငါက အမြဲတမ်း သူများဆီက အမြတ်ထုတ်နေတဲ့သူလေ ဘယ်လိုလုပ်ပြီး အသုံးချခံရမှာလဲ။’
လုပေါင်ကတော့ ဒါကို လုံးဝ လက်မခံနိုင်ပါ။
ထို့ကြောင့် သူ၏မျက်လုံးများက ဝေ့ဝဲသွားပြီး လုပေါင်၏မသမာသော အကြံအစည်များ စတင်ပေါ်ထွက်လာတော့သည်။
သူသည် ခါးကိုထောက်ကာ မိစ္ဆာချုပ်နှောင်ရာစေတီကို ဦးတည်ပြီး အော်ဟစ်လိုက်တော့သည်။
“အထဲကို ခုနက ပြန်ဝင်သွားတဲ့ အကောင်တွေ အခုချက်ချင်း ပြန်ထွက်ခဲ့စမ်း ဒီစေတီကို ဘယ်လိုပြင်ရမလဲဆိုတာ ပြောစမ်း။”
လုပေါင်၏ အော်သံမှာ မြေအောက်ခန်းမကြီးအတွင်း ဟိန်းထွက်သွားသော်လည်း စေတီအတွင်းမှမူ မည်သည့်အသံမျှ ထွက်မလာဘဲ တိတ်ဆိတ်နေဆဲပင်။
“ဟင် ပေါင်ကြီး... မင်း ရူးသွားပြီလား ဒါက ဘာလုပ်တာလဲ။”
“ဒါက အကျဉ်းသားတွေကို ထောင်ရဲ့ လုံခြုံရေး ဘယ်လိုတိုးမြှင့်ရမလဲဆိုတာ မေးနေသလိုပဲ မဟုတ်လား။”
“ဟားဟားဟား... မင်းကတော့ တစ်မျိုးကြီးပဲ မိစ္ဆာတွေကို လူအတွေလို လှည့်စားလို့ရမယ် ထင်နေတာလား။”
လုပေါင်ကမူ ထိုစကားများကို ဂရုမစိုက်ပါ။ သူက မသမာသော အပြုံးဖြင့် ပြုံးလိုက်ကာ ချီလင်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဘာမှမဟုတ်သလို ပြောလိုက်သည်။
“ဘယ်သူမှ အဖြေမပေးဘူးဆိုတော့လည်း... မင်းတို့အားလုံးအတွက် အသားကင်ဝိုင်းလေး တစ်ခုလောက် စီစဉ်ပေးရတော့မှာပေါ့။”
ထို့နောက် လုပေါင်က ချီလင်လေးကို ပုတ်လိုက်သည်။
ဤချီလင်လေးမှာ အခုနောက်ပိုင်း ပိုပိုပြီး လိမ္မာလာသည်။၎င်းက ပါးကိုဖောင်းကာ မီးမှုတ်စက်အဖြစ် ပြောင်းလဲရန် အဆင်သင့် ပြင်လိုက်တော့သည်။
မိစ္ဆာချုပ်နှောင်ရာစေတီ၏ ပစ္စည်းမှာ ထူးဆန်းသဖြင့် ချီလင်မီးတောက်နှင့်ပင် အရည်မပျော်နိုင်သော်လည်း စေတီအတွင်းရှိ အပူချိန်မှာမူ ထိုမိစ္ဆာများ ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
ထို့ကြောင့် လုပေါင်၏ လှည့်ကွက်မှာ မကြာမီ အောင်မြင်သွားပြီး စေတီအတွင်းမှ တုန်ရီနေသော အသံအချို့ ထွက်ပေါ်လာသည်။
“နေ... နေပါဦး မီးမရှို့ပါနဲ့ဦး။”
အစကတည်းက ရိုးရိုးသားသား ပြောခဲ့ရင် ပိုမကောင်းဘူးလား။
“မြန်မြန် ဝန်ခံစမ်း ပူးပေါင်းတဲ့သူကို သက်ညှာမယ် ခုခံတဲ့သူကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မယ် နိုင်ငံတော် တည်ထောင်ပြီးကတည်းက ဘယ်ဝိညာဉ်မှ ထွက်ခွင့်မရှိဘူး။ မင်းတို့က တရားမဝင် နေထိုင်သူတွေပဲ။ ငါက မင်းတို့ကို တိုင်မတောတာပဲ ကျေးဇူးတင်လှပြီ။ ထပ်ပြီး ညည်းညူနေဦးမယ်ဆိုရင် ငါ့ရဲ့ သံလက်သီးနဲ့ နှုတ်ဆက်ရလိမ့်မယ်။”
လုပေါင်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
သူက ချီလင်လေးကို ပွတ်သပ်ပေးနေပြီး သူ၏မျက်လုံးထဲမှ ခြိမ်းခြောက်မှုမှာ ပိုမိုပြင်းထန်လာသည်။
စေတီအတွင်းရှိ မိစ္ဆာများက ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်ဖြေကြသည်။
“မိစ္ဆာချုပ်နှောင်ရာစေတီရဲ့ ကိုယ်ထည်ကို ကမ္ဘာပေါ်မှာရှိတဲ့ သတ္တုဓာတ်စစ်တွေနဲ့ ထူးဆန်းတဲ့ကျောက်တုံး တွေနဲ့ သွန်းလုပ်ထားတာပါ။ သာမန်ပစ္စည်းတွေနဲ့တော့ လုံးဝ ပြုပြင်လို့ မရပါဘူး။”
၎င်းကို ကြားရသောအခါ လုပေါင်က အနည်းငယ် မှင်တက်သွားပြီး ရိုင်းစိုင်းစွာပင် ပြောလိုက်သည်။
“ရှင်းရှင်းပြောစမ်း အဲ့ဒီ သတ္တုဓာတ်စစ်တွေနဲ့ ကျောက်တုံးတွေက ဘာတွေလဲ။ရိုးရိုးသားသား မပြောဘူးဆိုရင် ငါ အထဲဝင်ပြီး အသားကင်ဝိုင်း စတင်တော့မှာနော်။”
“ကမ္ဘာပြင်ပက ဥက္ကာခဲကျောက်ပင်လယ်နက် သံမဏိဓာတ်စစ် နဲ့ အအေးလွန်ကြယ်မှုန် တွေ ပါဝင်ပါတယ်... ဒါပေမဲ့ အဲ့ဒါတွေကို ရှာဖို့က တကယ်ခက်ပါတယ်။”
ဤကဲ့သို့သော အနိုင်ကျင့်တတ်သည့် သခင်လေးနှင့် တွေ့သောအခါ မိစ္ဆာများမှာ သူတို့၏ မာန်မာနများ လုံးဝ ပျောက်ဆုံးကုန်ကြပြီ။
၎င်းတို့သည် ယခုအချိန်တွင် မိစ္ဆာချုပ်နှောင်ရာစေတီကို အမြန်ဆုံး ပြုပြင်ပြီးသွားစေချင်နေကြပြီ။ သို့မှသာ အပြင်က လူဆိုးကောင်က အချိန်မရွေး ဝင်လာပြီး အသားကင်လုပ်မည့် ခြိမ်းခြောက်မှုမှ ကင်းဝေးမည် မဟုတ်လား။
ဤမိစ္ဆာများမှာ သူတို့တစ်သက်တွင် မိစ္ဆာချုပ်နှောင်ရာစေတီအတွင်း၌ ရှိနေခြင်းက ဤမျှလောက်အထိ ဘေးကင်းသည်ဟု ခံစားရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပါ။
မိစ္ဆာများ၏ အဖြေကို ကြားပြီးနောက် လုပေါင်က တွေဝေသွားသည့် မျက်နှာထား ဖြစ်သွားသည်။
သူတို့ပြောတဲ့ အရာတွေက ကြားရုံနဲ့တင် ရှာရခက်မယ့်ပုံပဲ။
ဥက္ကာခဲကျောက် ဆိုတာပဲ သူ အကြမ်းဖျင်း သိတာဖြစ်သည်။ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ကျောက်ခဲ မဟုတ်ဘူးလား။
“ဧရာမ နဂါးကျွန်းပေါ်က ကျောက်စာတိုင်ကလည်း ဥက္ကာခဲကျောက်နဲ့ လုပ်ထားတာပဲ မဟုတ်လား။”
ပင်လယ်နက် သံမဏိဓာတ်စစ်တို့ အအေးလွန်ကြယ်မှုန်တို့ ဆိုတာကိုတော့ လုပေါင် တစ်ခါမှ မကြားဖူးပါ။
ဒါပေမဲ့ အခုတော့ အစကလို သဲလွန်စမရှိတာမျိုး မဟုတ်ဘဲ လုပ်ရမယ့် လမ်းကြောင်းတစ်ခုတော့ ရှိလာပြီ။
“ကံကောင်းတာက ဒီအစုတ်ပလုတ်စနစ်က အချိန်သတ်မှတ်ချက် မပေးထားဘူး။ ဒါကြောင့် ဒီပစ္စည်းတွေကို ရှာဖို့ အချိန်အများကြီး ရသေးတယ်။”
“လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး။နတ်ဆရာကြီးဆီကနေ အကျိုးအမြတ်တစ်ခုခု သွားတောင်းရမယ်။”
လုပေါင်က မျက်လုံးလေး ကစားလိုက်ရင်း စေတီအတွင်းရှိ မိစ္ဆာများကို ပြောလိုက်သည်။
“မင်းတို့အားလုံး လိမ္မာလိမ္မာနဲ့ နေကြ နောက်တစ်ခါ ဘယ်သူမဆို ထွက်လာရဲရင် အသားကင်ဝိုင်းနဲ့ ဧည့်ခံမှာကို မမေ့နဲ့။”
ပြောရင်းနှင့် လုပေါင် တကယ်ပင် ဗိုက်ဆာလာသည်။ ခုနက ကြံ့မိစ္ဆာ အသားကင်ဖြစ်သွားသည့် နေရာကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် နောင်တရသည့် အမူအရာ ပေါ်လာသည်။
“ဘာလို့ နည်းနည်းလောက် ချန်မထားခဲ့တာလဲ။ ဝိညာဉ်ဖြစ်သွားတဲ့ ကြံ့ဆိုတာလည်း နွားမျိုးနွယ်ပဲ မဟုတ်လား။ သူ့အသားက ဘယ်လိုအရသာရှိမလဲ မသိဘူး။ ဇီရာမှုန့်နဲ့ ငရုတ်သီးမှုန့်လေးသာ ဖြူးလိုက်ရင် မွှေးကြိုင်နေမှာပဲ။”
ထိုသို့ ပြောပြီးနောက် လုပေါင်သည် နောင်တရနေသော မျက်နှာဖြင့် မြေအောက်ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။
စေတီအတွင်းရှိ မိစ္ဆာများမှာ လုပေါင်၏ မျက်နှာထားကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။
ထိုလူ၏ မျက်နှာပေါ်မှ လောဘတကြီး အကြည့်မှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သူတို့ သိလိုက်ကြသည်။
ခုနကသာ သူတို့ ရိုးရိုးသားသား မပြောခဲ့လျှင် တကယ်ပင် အသားကင်ဝိုင်း အစီအစဉ်အောက်သို့ ရောက်သွားနိုင်သည် မဟုတ်လား။
လုပေါင်၏ ပုံရိပ် ပျောက်ကွယ်သွားမှသာ မိစ္ဆာများအားလုံး သက်ပြင်းချနိုင်ကြတော့သည်။
အပြင်သို့ ရောက်သောအခါ လုပေါင်သည် သူ့ကို လမ်းပြပေးခဲ့သည့် တာအိုတပည့်ကို စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
“စီနီယာ... နတ်ဆရာကြီးက သင့်ကို စောင့်နေပါတယ်။”
လုပေါင်က ဒါကို ကြားရသော်လည်း မအံ့သြပါ။
နောက်ဆုံးတော့ မိစ္ဆာချုပ်နှောင်ရာစေတီပေါ်က မက်မွန်သားဓားကို အသုံးချပြီး မိစ္ဆာတွေကို ပြန်ပိတ်လိုက်တာက နတ်ဆရာကြီးရဲ့ လက်ချက်ပဲ မဟုတ်လား။
နတ်ဆရာကြီးသည် မိစ္ဆာချုပ်နှောင်ရာစေတီအတွင်းရှိ အခြေအနေကို အားလုံး သိနေလိမ့်မည်ဟု လုပေါင် ခန့်မှန်းလိုက်သည်။
ထို့ကြောင့် လုပေါင်သည် စကားအများကြီး မပြောဘဲ တာအိုတပည့်နောက်သို့ လိုက်ပါသွားကာ နဂါးကျားတောင်၏ ပင်မတောင်ထိပ်သို့ ပြန်ရောက်လာခဲ့သည်။
တာအိုခန်းမအတွင်း၌ နတ်ဆရာကြီးကို ထပ်မံ တွေ့ရပြန်သည်။ လုပေါင်ကို မြင်သည်နှင့် နတ်ဆရာကြီးက ရယ်မောကာ ပြောလိုက်သည်။
“သူငယ်ချင်းလေး လု ငါ တကယ်ပဲ လူရွေးမမှားခဲ့ပါဘူး။ မင်းက ငါတို့ရဲ့ တာအိုဂိုဏ်းနဲ့ တကယ်ကို ရေစက်ရှိတာပဲ။ မင်း ရောက်လာတာနဲ့ ငါတို့ရဲ့ အခက်အခဲကြီးက ပြေလည်သွားပြီ။”
နတ်ဆရာကြီး၏ စကားများက သူ့ကို တာအိုဂိုဏ်းထဲသို့ ဆွဲသွင်းရန် ကြိုးစားနေသည်ကို သိသဖြင့် လုပေါင်က အကြောင်းအရာကို ချက်ချင်း လွှဲလိုက်သည်။
“နတ်ဆရာကြီး... ဘာတွေပြောနေတာလဲဗျာ။ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။ ဒါပေမဲ့ ကျွန်တော့်ကို အလကားတော့ ခိုင်းမှာ မဟုတ်ဘူး မဟုတ်လား။”
လုပေါင်၏ အရိပ်အမြွက်မှာ အလွန်သိသာလှသဖြင့် နတ်ဆရာကြီးက ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“စိတ်ချပါ သူငယ်ချင်းလေး လု ငါ မင်းကို မတရား မလုပ်ပါဘူး။”
ပြောရင်းနှင့် နတ်ဆရာကြီးက တာအိုကျမ်းစာတစ်စောင်ကို ကမ်းပေးလိုက်သည်။
လုပေါင်က သံသယဖြင့် ယူကြည့်လိုက်ရာ မျက်နှာတွင် ဝေခွဲမရသည့် အမူအရာ ဖြစ်သွားသည်။
သို့သော် လုပေါင် ကျမ်းစာကို ဖတ်ပြီးသောအခါတွင်မူ သူ၏မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားတော့သည်။
“ရွှေရောင်အလင်းဂါထာတော် ပြည့်စုံခြင်း။”