အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း ၂၁၅ - ကလေးစာအုပ်များ။
ယခင်က နတ်ဆရာကြီးထံမှ ရွှေရောင်အလင်းဂါထာ၏ အစိတ်အပိုင်းအချို့ကို ရရှိထားဖူးသည်။
ယခု အခြားသူများအတွက် ခက်ခဲနက်နဲလှသော ဤရွှေရောင်အလင်းဂါထာ လက်စွဲကျမ်းအပြည့်အစုံ မှာ လုပေါင်၏မျက်စိထဲတွင် ကလေးသူငယ်များဖတ်သည့် စာအုပ်တစ်အုပ်ကဲ့သို့ပင် ဖြစ်နေတော့သည်။ သူသည် ကြည့်လိုက်ရုံနှင့် အကုန်နားလည်သွားသည်။
“ကောင်းကင်နှင့်မြေကြီး၏ နက်နဲသောပညာ ချီစွမ်းအင် အားလုံး၏ မြစ်ဖျားခံရာ ကုဋေကုဋာသော ဘေးဒုက္ခများကြား ကျင့်ကြံအားထုတ်ပြီး ငါ၏နတ်ဘုရားစွမ်းအားကို သက်သေပြအံ့...”
ရွှေရောင်အလင်းဂါထာကျမ်းကို လှန်လှောရင်း လုပေါင်သည် မသိစိတ်ဖြင့်ပင် ဂါထာကို အသံတိုးတိုးဖြင့် စတင်ရွတ်ဆိုမိသည်။
ဂါထာသံ ထွက်ပေါ်လာသည်နှင့်အမျှ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခုသည် လုပေါင်၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် တိတ်တဆိတ် ဖုံးလွှမ်းသွားတော့သည်။
ယခုအခါ လုပေါင်သည် ဆန်းကြယ်သော နယ်ပယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားကာ တစ်ကမ္ဘာလုံးမှာ ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်သွားပြီး သူ၏လက်ထဲရှိ ဂါထာကျမ်းမှသာ ရွှေရောင်အလင်းများ ထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ရှေ့မှ လုပေါင်ကို ကြည့်ရင်း နတ်ဆရာကြီး၏ မျက်လုံးများထဲတွင် မဖော်ပြနိုင်သော အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း နာရီဝက်ခန့် ကုန်လွန်သွားသည်။
လုပေါင်သည် ဂါထာကျမ်းကို ဖတ်ရှုနေဆဲဖြစ်သော်လည်း ယခုအခါ သူ၏လက်တစ်ဖက်မှာ ဖြည်းညှင်းစွာ မြောက်တက်လာသည်။
သူ၏လက်ချောင်းများမှာလည်း လက်ကွက် များကို အဆက်မပြတ် ပြောင်းလဲနေသည်။
“လက်တစ်ဖက်တည်းနဲ့ လက်ကွက်ဖော်တာလား။”
နတ်ဆရာကြီး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ချက်ချင်းဖြတ်ပြေးသွားကာ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။
နတ်ဆရာကြီးကဲ့သို့ ပါရမီထူးချွန်သူပင်လျှင် အသက်ရှစ်ဆယ်အရွယ်ရောက်မှ လက်တစ်ဖက်တည်းဖြင့် လက်ကွက်များကို ခက်ခက်ခဲခဲ ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လုပေါင်ကမူ...
“နတ်ဘုရားအပေါင်းတို့ အလေးပြုကြ၊ မိုးကြိုးကို အမိန့်ပေးစေ... အတွင်း၌ မိုးခြိမ်းသံ ကိန်းဝပ်စေ မိုးကြိုးနတ်ဘုရား၏ လျှို့ဝှက်အမည်နာမ...”
ထို့နောက် လုပေါင်၏ မသိစိတ်ဖြင့် ရွတ်ဆိုမှုနှင့်အတူ သူ၏တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းများသည် လက်ထဲသို့ စုစည်းသွားတော့သည်။
“ရွှေရောင်အလင်း မိုးကြိုးအတတ်...”
နတ်ဆရာကြီးမှာဤအချိန်တွင် ဘာပြောရမှန်းပင် မသိတော့ပေ။
ပြီးခဲ့သည့်အကြိမ်က လုပေါင်သည် နတ်ဆရာကြီး၏ တိုက်ရိုက်သင်ကြားမှုကို ရရှိခဲ့သဖြင့် ရွှေရောင်အလင်းဂါထာကို လျင်မြန်စွာ အသုံးပြုနိုင်ခဲ့ခြင်းမှာ လက်ခံနိုင်လောက်သော အခြေအနေဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် နတ်ဆရာကြီးက ဤကျမ်းစာကို ပေးလိုက်ရခြင်းမှာ လုပေါင်သည် မိမိဘာသာ မည်မျှအထိ နားလည်သဘောပေါက်နိုင်စွမ်းရှိသည်ကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ဤအရာမှာ နဂါးကျားတောင်၏ အမွေအနှစ်ဖြစ်သဖြင့် လုပေါင်မှာ သူ၏တရားဝင် ဆက်ခံသူမဟုတ်သောကြောင့် တိုက်ရိုက်သင်ကြားပေးရန်မှာ မသင့်လျော်ဟု ယူဆခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု လုပေါင်၏ စွမ်းဆောင်ရည်မှာ သူကိုယ်တိုင် သင်ကြားပေးခဲ့သည်ထက်ပင် ပိုမိုမြန်ဆန်နေပုံရသည်။
ထိုစဉ် မျက်စိကျိန်းလောက်အောင် ပြင်းထန်သော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်။
နတ်ဆရာကြီးသည် ချက်ချင်းပင် ရွှေရောင်အလင်းဂါထာကို အသုံးပြုကာ လုပေါင်၏လက်ဖဝါးမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုကို ခုခံလိုက်ရသည်။
“ဒုန်း”
လုပေါင်၏ လက်ထိပ်များမှ ရွှေရောင်မိုးကြိုးတစ်ခု ပွင့်ထွက်သွားသည်။
ထိုမိုးကြိုးမှာ လက်ချောင်းနှစ်ချောင်းစာခန့်သာ ရှိသော်လည်း နတ်ဆရာကြီးကို ထိမှန်သွားသောအခါ သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။
ချက်ချင်းဆိုသလိုပင် နတ်ဆရာကြီး၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားလေတော့သည်။
“နတ်ဆရာကြီး။”
“ဘာတွေဖြစ်ကုန်တာလဲ။”
“တောင်ပေါ်ကို သူခိုးဝင်တာလား။”
မကြာမီမှာပင် ဓားများကိုယ်စီကိုင်ဆောင်ထားသော တာအိုဘုန်းကြီးအချို့ ခန်းမအတွင်းသို့ ပြေးဝင်လာကြသည်။
သို့သော် သူတို့ဝင်လာသည်နှင့် မှင်တက်သွားကြသည်။
လုပေါင်၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းများ စီးဆင်းနေသည်မှာ နဂါးကျားတောင်၏ တရားဝင်ဆက်ခံသူတစ်ဦးနှင့် တစ်ထပ်ထဲတူနေသည်။
နတ်ဆရာကြီးမှာမူ လုပေါင်က ထိုင်လျက်ဖတ်နေခြင်းဖြစ်သဖြင့် သူ၏လက်ကို ဆန့်ထုတ်လိုက်သည့် နေရာမှာ နတ်ဆရာကြီး၏ ခါးနေရာနှင့် တည့်တည့်ဖြစ်နေသည်။
ယခုအခါ သူ၏တင်ပါးတစ်ခုလုံးမှာ နံရံထဲသို့ ကျွံဝင်သွားပြီး ခြေထောက်များမှာ အပြင်သို့ ထွက်နေသဖြင့် နံရံထဲတွင် မြှုပ်နေသကဲ့သို့ ဖြစ်နေသည်။
“သက်တော်ရှည်နတ်မင်းကြီး... မင်းတို့က ဘာကို ကြောင်ကြည့်နေကြတာလဲ။ငါ့ကို ဒီထဲကနေ မြန်မြန် ဆွဲထုတ်ကြစမ်း။”
ကြောင်ကြည့်နေသော တာအိုဘုန်းကြီးများကို ကြည့်ပြီး နတ်ဆရာကြီးက ဆဲဆိုလိုက်သည်။
၎င်းကို ကြားမှသာ လူအုပ်စုမှာ သတိဝင်လာပြီး နတ်ဆရာကြီးကို အတင်းဆွဲထုတ်ကြတော့သည်။
နတ်ဆရာကြီးမှာ မိမိဘာသာ မထွက်နိုင်၍ မဟုတ်ပါ။ ခန်းမတစ်ခုလုံးတွင် ရှေးဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသော နတ်ရုပ်တုများ ရှိနေသဖြင့် သူက အားသုံး၍ ထွက်လိုက်ပါက နံရံများ ပြိုကျကာ ရုပ်တုများ ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
“နတ်ဆရာကြီး... သူက...”
နတ်ဆရာကြီးကို ဆွဲထုတ်ပြီးနောက် ခေါင်းဆောင်ဖြစ်သူ တာအိုဘုန်းကြီးက ကျင့်ကြံမှုအတွင်း နစ်မြောနေဆဲဖြစ်သော လုပေါင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒီကောင်လေးက ပါရမီ အရမ်းထူးတာပဲ။ ရွှေရောင်အလင်းဂါထာကို တစ်ခါတည်းနဲ့ အကုန်နားလည်သွားတဲ့အပြင် အခုနက ရွှေရောင်အလင်း မိုးကြိုးကိုတောင် ထုတ်လွှတ်နိုင်ခဲ့တယ်...”
နတ်ဆရာကြီးသည် သူ၏မုတ်ဆိတ်ကို ဖြည်းဖြည်းချင်း သပ်လိုက်ရင်း ထူးခြားမြင့်မြတ်သော ဆရာကြီးတစ်ဦး၏ အသွင်အပြင်ကို ပြန်လည်ယူလိုက်သည်။
သို့သော်လည်း ထိုစဉ်မှာပင် လုပေါင်၏လက်ထဲတွင် နောက်ထပ် မိုးကြိုးတစ်ခု ထပ်မံစုစည်းလာပြန်သည်။
“တောက်... နောက်တစ်ခါ ထပ်လာပြန်ပြီလား။”
နတ်ဆရာကြီးမှာ ချက်ချင်းပင် ဆဲဆိုလိုက်မိပြီး ငိုချင်သလို ရယ်ချင်သလို ဖြစ်သွားတော့သည်။
ဒါမျိုးဖြစ်မှန်းသိရင် စာအုပ်မပေးခင် သူ့ကို အပြင်က လေ့ကျင့်ရေးကွင်းသို့ အရင်ခေါ်သွားခဲ့ပါဦးမည်။
မျက်တောင်တစ်ခတ်အတွင်း နှစ်နာရီခန့် ကုန်လွန်သွားသည်။
လုပေါင်သည် ဆန်းကြယ်သော အခြေအနေမှ နောက်ဆုံးတွင် နိုးထလာသည်။ ယခုအခါ သူ၏တစ်ကိုယ်လုံးမှာ ကြည်လင်လန်းဆန်းနေသည်ဟု ခံစားရသည်။
သို့သော် လုပေါင် ခေါင်းမော့ကြည့်လိုက်သောအခါ ဆွံ့အသွားသည်။
ခန့်ညားထည်ဝါလှသော ခန်းမကြီးမှာ ယခုအခါ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လုပေါင်ကို အထူးဆန်းဆုံးဖြစ်စေသည်မှာ အနီးရှိ နံရံတွင် ကြီးမားသော အပေါက်သုံးပေါက် ဖြစ်နေခြင်းပင်။ ထို့အပြင် ထိုအပေါက်များမှာ အထုခံရသည့်ပုံစံမဟုတ်ဘဲ လူတစ်ယောက်ယောက်က ထိုင်ချလိုက်သဖြင့် ပေါက်ထွက်သွားသည့် ပုံစံမျိုး ဖြစ်နေသည်။
“ဘယ်လို ရူးနေတဲ့လူက နံရံပေါ်မှာ သွားထိုင်နေတာလဲ။”
လုပေါင်သည် ဂါထာကျမ်းကို သိမ်းလိုက်ရင်း မေးစေ့ကိုပွတ်ကာ မရေမရာ ရေရွတ်လိုက်သည်။
ထိုသို့ပြောရင်း သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ရာ ဘေးတွင် မျက်နှာပျက်နေသော နတ်ဆရာကြီးနှင့် သူ့ကို မိစ္ဆာတစ်ကောင်လို ကြည့်နေကြသော တာအိုဘုန်းကြီးများကို မြင်လိုက်ရသည်။
နတ်ဆရာကြီးမှာ သူ၏စွမ်းအားဖြင့် လုပေါင်၏ တိုးတိုးလေး ရေရွတ်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
မင်းသာ ရွှေရောင်အလင်းမိုးကြိုးတွေကို လျှောက်မပစ်ခဲ့ရင် ငါက နံရံကို ပေါက်ထွက်အောင် ထိုင်မိပါ့မလား... နတ်ဆရာကြီးက စိတ်ထဲကနေ ကြိတ်ပြီး ညည်းညူနေမိသည်။
“ဘာလို့ လူတွေ အများကြီး ရောက်နေတာလဲ ဘာဖြစ်လို့လဲ”
လုပေါင်မှာ သူလုပ်ခဲ့သမျှကို ဘာမှမသိဘဲ ဝေခွဲမရစွာ မေးလိုက်သည်။
“ခုနက ခင်ဗျား ကျင့်ကြံနေတုန်းက မိုးကြိုးတွေကို နေရာအနှံ့ ပစ်နေတာလေ အဲ့ဒါနဲ့ နတ်ဆရာကြီးက...”
ထိုစဉ် အသက်ဆယ်နှစ်ခန့်ရှိသော တာအိုကလေးငယ်တစ်ဦးက လုပေါင်ကို ရှင်းပြရန် ကြိုးစားလိုက်သည်။ သို့သော် သူ စကားမဆုံးခင်မှာပင် ဘေးရှိ တာအိုဘုန်းကြီးက သူ၏ပါးစပ်ကို ပိတ်လိုက်သည်။
“ဟားဟားဟား... ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။ ခင်ဗျားတို့ ဆက်ပြောကြပါ၊ ကျွန်တော်တို့ အရင်သွားနှင့်တော့မယ်။”
ထိုတာအိုဘုန်းကြီးသည် ဝေခွဲမရဖြစ်နေသော ကလေးငယ်ကို ဆွဲကာ ရယ်ကျဲကျဲဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။
နတ်ဆရာကြီး၏ အရှက်ရစရာပုံစံကို သူ့ရှေ့မှာတင် ပြောလိုက်ရင် သေမှာပေါ့။
“ဟားဟားဟား... ဒီနေ့က တော်တော်ထူးဆန်းတာပဲ ရုတ်တရက် ငလျင်လှုပ်လိုက်လို့ ခန်းမက ဖရိုဖရဲ ဖြစ်သွားတာ။”
“ဟုတ်ပါ့ ဟုတ်ပါ့နောက်မှ တံမြက်စည်းတွေယူပြီး လာသန့်ရှင်းကြတာပေါ့...”
ကျန်ရှိနေသော တာအိုဘုန်းကြီးများလည်း ချက်ချင်းပင် ရယ်ကျဲကျဲဖြင့် ပြောဆိုကာ ခန်းမအတွင်းမှ အမြန်ထွက်သွားကြတော့သည်။
“အဟမ်း မင်းရဲ့ ရွှေရောင်အလင်းဂါထာက ဘယ်အဆင့်ကို ရောက်သွားပြီလဲ။”
နတ်ဆရာကြီးသည် ချောင်းတစ်ချက်ဟန့်ကာ အကြောင်းအရာကို တိတ်တဆိတ် လွှဲလိုက်သည်။
၎င်းကို ကြားသောအခါ လုပေါင်က ခေါင်းငြိမ့်ပြလိုက်ပြီး စနစ်ကို ကြည့်လိုက်သည်။ ကျွမ်းကျင်မှုကဏ္ဍတွင် ရှင်းရှင်းလင်းလင်း ရေးထားသည်မှာ ရွှေရောင်အလင်းဂါထာ ပြီးပြည့်စုံသောအဆင့်။
“ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားပြီထင်တယ်ဗျ။”
လုပေါင်ကရိုးရိုးသားသားပင် ဖြေလိုက်သည်။
ထိုစကားကို ကြားသည်နှင့် နတ်ဆရာကြီး၏ မျက်လုံးများ ပြူးထွက်သွားကာ သွေးပင် အန်ချင်စိတ် ပေါက်သွားတော့သည်။
‘တောက်... ငါတုန်းက ဒီဂါထာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတာလေ။ မင်းကျတော့မှ...’
“ဘာ... ဘာအခက်အခဲမှ မရှိဘူးလား။”
ခဏကြာမှ နတ်ဆရာကြီးက သတိဝင်လာပြီး ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
“ဒါက ဘာခက်လို့လဲဗျာ ကလေးစာအုပ်တစ်အုပ် ဖတ်နေရသလိုပဲ တစ်ခါတည်းနဲ့ အကုန်နားလည်သွားတာ။”
လုပေါင်က မေးစေ့ကိုပွတ်ရင်း တည်တည်တံ့တံ့ပင် ပြန်ဖြေလိုက်သည်။
နတ်ဆရာကြီး၏ ပါးစပ်ထောင့်များမှာ တဆတ်ဆတ် တုန်ခါသွားတော့သည်။ ဒီနေ့သည် သူ၏ဘဝတွင် ဆဲဆိုချင်စိတ် အပေါက်ဆုံးနေ့ပင် ဖြစ်ပေလိမ့်မည်။
အခန်း ၂၁၆ - ပါးနပ်လှသော နတ်ဆရာကြီး။
နတ်ဆရာကြီးက ထုတ်မပြောသော်လည်း ဤနေရာရှိ ဖရိုဖရဲဖြစ်မှုများမှာ သူကိုယ်တိုင်ကြောင့်ဖြစ်ကြောင်း လုပေါင် သိပါသည်။
သို့သော်လည်း ထိုသို့တွေးမိသော်ငြား လုပေါင်ကတော့ တည်တည်ငြိမ်ငြိမ်ပင် နေလိုက်သည်။
‘ခင်ဗျားပဲနတ်ဆရာကြီး ရွှေရောင်အလင်းဂါထာကို ဒီလောက်နားလည်နေတာတောင် ကျွန်တော့်ကို ဒီတိုင်း ပေါ့ပေါ့ဆဆ ဖတ်ခိုင်းတာလေ။’
အခု အခြေအနေတွေ ဒီလိုဖြစ်ကုန်ပြီဆိုတော့ ကျွန်တော် လုပေါင်မှာ တာဝန် ၉၉ ရာခိုင်နှုန်းရှိတယ်ဆိုရင်တောင် ခင်ဗျား နတ်ဆရာကြီးမှာ အနည်းဆုံး ၁ ရာခိုင်နှုန်းတော့ တာဝန်မရှိဘူးလား။
ဤသို့တွေးလိုက်မှ လုပေါင်သည် သူ၏စိတ်ထဲရှိ ဖိအားများ အကုန်ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
အကယ်၍ လုပေါင် ဘာတွေးနေလဲဆိုတာကိုသာ နတ်ဆရာကြီး သိခဲ့ရင် သူ့ကို ရိုက်လွှတ်လိုက်မှာ သေချာပါသည်။
‘မင်း ရူးနေလား။မင်းက တစ်ခါတည်းဖတ်ရုံနဲ့ ပြီးပြည့်စုံတဲ့အဆင့် ကို ရောက်သွားမယ်လို့ ငါက ဘယ်လိုလုပ် သိမှာလဲ..’
“စကားပြောဖို့ တခြားတစ်နေရာကို သွားရအောင် ဒီမှာက အရမ်း ရှုပ်ပွနေပြီ။”
ထိုစဉ် နတ်ဆရာကြီးက လုပေါင်ကို ပြောလိုက်သည်။
စကားဆုံးသည်နှင့် လုပေါင် ခေါင်းငြိမ့်ပြသည်ကိုပင် မစောင့်ဘဲ နတ်ဆရာကြီးက လှည့်ထွက်သွားတော့သည်။
လုပေါင် နောက်တစ်ကြိမ် ထူးဆန်းသော နားလည်သဘောပေါက်မှု တွေ ထပ်ရပြီး သူ့ရဲ့ ခန်းမကြီးကို ထပ်ဖျက်ဆီးမှာကို သူ တကယ် ကြောက်နေပုံရသည်။ခန်းမကြီးကတော့ နောက်ထပ် အဖျက်ဆီးမခံနိုင်တော့ပါ။
ပင်မခန်းမထဲက ထွက်လာပြီးနောက် နတ်ဆရာကြီးသည် တခြား ခန်းမတစ်ခုခုမှာ စကားပြောလိမ့်မည်ဟု လုပေါင် ထင်ထားခဲ့သည်။
မမျှော်လင့်ဘဲ သူတို့နှစ်ဦးမှာ ဆယ်မိနစ်ခန့် လမ်းလျှောက်ခဲ့ကြပြီး နဂါးကျားတောင်၏ အစွန်အဖျားအထိ ရောက်လာခဲ့သည်။ တာအိုဘုန်းကြီးကျောင်းနှင့် အတော်လှမ်းလှမ်းရှိ ချောက်ကမ်းပါးတစ်ခုသို့ ရောက်မှသာ နတ်ဆရာကြီးက ရပ်လိုက်တော့သည်။
“အခုမှပဲ ဘေးကင်းတော့တယ်...”
နတ်ဆရာကြီးသည် ဝေးလံသောနေရာတွင် လက်ဖဝါးခန့်သာ မြင်ရတော့သော နဂါးကျားတောင်ကျောင်းတော်ကြီးကို ပြန်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာက ဘေးကင်းတာလဲ။”
လုပေါင်က မျက်တောင်ခတ်ရင်း နတ်ဆရာကြီးကို ဝေခွဲမရစွာ မေးလိုက်သည်။
“အဟမ်း အဟမ်း ဘာမှမဟုတ်ပါဘူး။ အခက်အခဲကို ကူညီဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေး လု။ နောက်ထပ် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲဆိုတာ သိပါရစေ။”
နတ်ဆရာကြီးက အကြောင်းအရာကို လွှဲလိုက်ပြီး ညင်သာစွာ မေးလိုက်သည်။
“ပြုပြင်ဖို့ ကူညီ...”
လုပေါင်သည် မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်ပေးမည်ဟု မသိစိတ်ဖြင့် ပြောရန် ပြင်လိုက်သည်။
သို့သော် စကားလုံးများ ပါးစပ်ဖျား ရောက်ခါနီးတွင် လုပေါင် ရပ်လိုက်သည်။
‘ခဏလေး... ဒီမိစ္ဆာချုပ်နှောင်ရာစေတီက ခင်ဗျားတို့ နဂါးကျားတောင်ရဲ့ အမွေအနှစ်ပဲလေ။ ငါက ပင်ပင်ပန်းပန်းနဲ့ ပြုပြင်ပေးမယ်ဆိုရင် ပြုပြင်ခ ယူတာကတော့ ကျိုးကြောင်းဆီလျော်ပါတယ်။’
ထိုသို့တွေးရင်း လုပေါင်က ချောင်းတစ်ချက်ဟန့်ကာ နတ်ဆရာကြီးကို ပြောလိုက်သည်။
“နတ်ဆရာကြီး... ကြည့်ပါဦး မိစ္ဆာချုပ်နှောင်ရာစေတီကို အခုတော့ ခဏ ပြန်ပိတ်ထားနိုင်ပြီဆိုပေမဲ့ သူက ပျက်စီးနေတာပဲ မဟုတ်လား။ အဲ့ဒီမိစ္ဆာတွေ ဘယ်အချိန်မှာ ထပ်လွတ်လာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။”
လုပေါင် ထိုသို့ပြောသည်ကို ကြားသောအခါ နတ်ဆရာကြီး၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လာသည်။
သူရှိနေသရွေ့တော့ အဆင်ပြေသေးသည်။ယခုတစ်ကြိမ် လုပေါင်၏ အကူအညီနှင့် နောင်တွင် သတိထားစောင့်ကြည့်မည်ဆိုပါက ကြီးမားသော ပြဿနာရှိမည်မဟုတ်ပါ။
သို့သော် သူ၏ သက်တမ်းမှာ ကုန်ဆုံးရန် နီးကပ်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ရွှေရောင်အလင်းဂါထာနှင့် လုပေါင်ထံမှ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို လဲလှယ်ခဲ့ရခြင်းမှာ သူ၏သက်တမ်းကို ဆယ်နှစ်ခန့် ဆန့်ထုတ်ရန်အတွက်သာ ဖြစ်သည်။
သို့သော် ယခု နဂါးကျားတောင်တွင် ဆက်ခံမည့်သူ မရှိသေးပါ။ နောက်ဆယ်နှစ်ကြာ၍ သူ ကွယ်လွန်သွားပါက မိစ္ဆာချုပ်နှောင်ရာစေတီကို ထိန်းချုပ်မည့်သူ ရှိတော့မည် မဟုတ်ပေ။
“ကူညီမှတော့ အဆုံးအထိ ကူညီရမှာပေါ့။ ခင်ဗျားအတွက် ကျွန်တော် မချိမဆန့်နဲ့ပဲ ပြုပြင်ပေးပါ့မယ်။”
အညစ်အကြေး စားမိထားသကဲ့သို့ ဖြစ်နေသော နတ်ဆရာကြီး၏ မျက်နှာထားကို ကြည့်ပြီး လုပေါင်က ပြုံးလိုက်သည်။ သူသည် ဝေးလံသော ရှုခင်းများကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီစကားတွေက အတည်လာ။ သူငယ်ချင်းလေး လုက တကယ်ပဲ ကူညီမှာလား။”
နတ်ဆရာကြီး၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားကာ လုပေါင်ကို မေးလိုက်သည်။
“ရပါတယ် ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်းပဲ... အဲ့ဒီပစ္စည်းတွေကို ရှာဖို့က တကယ်ခက်တယ်ဗျ...”
လုပေါင်က ခေါင်းငြိမ့်ပြရင်း ခက်ခဲနေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
နတ်ဆရာကြီးမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပြီး လုပေါင်နှင့်လည်း အကြိမ်အနည်းငယ် ကုန်သွယ်ဖူးသဖြင့် လုပေါင်၏ စရိုက်ကို မသိဘဲ နေပါ့မလား။
“စိတ်ချပါ သူငယ်ချင်းလေး လုသာ တကယ်ပြုပြင်ပေးမယ်ဆိုရင် မင်းလိုချင်တာ မှန်သမျှ ဘာမဆို ရစေရမယ်။”
နတ်ဆရာကြီးက ချက်ချင်းပင် အလိုက်တသိ ပြောလိုက်သည်။
နတ်ဆရာကြီးက ဤမျှ ပူးပေါင်းဆောင်ရွက်သည်ကို မြင်ရသဖြင့် လုပေါင်က စိတ်ထဲမှ ကျေနပ်သွားသည်။
“သူငယ်ချင်းလေး လု ဘာလိုချင်လဲဆိုတာ သိပါရစေ။”
နတ်ဆရာကြီးကဆက်မေးသည်။
လုပေါင် နောင်တရသွားမှာစိုးသဖြင့် သူလိုချင်တာကို အခုချက်ချင်း ပေးလိုက်ရန် နတ်ဆရာကြီး ဆုံးဖြတ်လိုက်သည်။ လုပေါင်သာ တစ်ခုခု ယူထားပြီးမှဆိုရင် နောင်တရလို့ မရတော့ဘူး မဟုတ်လား။
ထို့အပြင် လုပေါင်၏ စွမ်းရည်ကို နတ်ဆရာကြီး နားလည်ထားပြီးဖြစ်သည်။ သူက ပြုပြင်ပေးမည်ဟု ပြောလျှင် ဧကန်အမှန် ပြင်ပေးလိမ့်မည်။
သို့သော်လည်း ဤသို့ အမေးခံရသောအခါ လုပေါင်ကိုယ်တိုင်ပင် အဖြေရခက်သွားသည်။
လုပေါင်သည် နဂါးကျားတောင်အကြောင်းကို အများကြီးမသိပါ။ သူက နတ်ဆရာကြီးနှင့်သာ အကြိမ်အနည်းငယ် ဆုံဖူးခြင်း ဖြစ်သည်။
သူ အစိတ်ဝင်စားဆုံးအရာမှာ ရွှေရောင်အလင်းဂါထာသာ ဖြစ်ပြီး ကျန်တာတွေကို ဘာမှမသိပါ။
“ခင်ဗျားတို့ နဂါးကျားတောင်မှာ ရွှေရောင်အလင်းဂါထာအပြင် တခြား ပစ္စည်းကောင်းတွေကော ရှိသေးလား။”
လုပေါင်၏ မျက်လုံးများ ဝေ့ဝဲသွားပြီး တိုးတိုးလေး မေးလိုက်သည်။
နဂါးကျားတောင်၏ နတ်ဆရာကြီးတစ်ဦးအနေဖြင့် သူ့တောင်ကို အထင်သေးပြောသည်ကို ဘယ်ခံနိုင်ပါ့မလဲ။ သူ၏ စိတ်တိုတတ်သော စရိုက်နှင့်ပေါင်းကာ ချက်ချင်းပင် အဆွခံလိုက်ရသည်။
သူက ဒေါသတကြီးဖြင့်
“မသိရင် လျှောက်မပြောနဲ့။ ရွှေရောင်အလင်းဂါထာက ငါတို့နဂါးကျားတောင်ရဲ့ ရတနာတွေထဲက တစ်ခုပဲ ရှိသေးတယ်။ ထိုက်ယီ နက်နဲသော တံခါးဓား တို့ နတ်ဆရာကြီး၏ တိတ်ဆိတ်ခြင်း ပန်းချီကား တို့၊ နတ်ဝိညာဉ်စောင့်ရှောက်ဆေး တို့ဆိုတာ ဘယ်ဟာက ပစ္စည်းကောင်း မဟုတ်လို့လဲ။ ဒါ့အပြင်...”
သို့သော် ဤနေရာတွင် နတ်ဆရာကြီး၏ အသံ ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ လုပေါင်၏ မျက်နှာပေါ်တွင် ပိုပိုပြီး ကျယ်ပြန့်လာသော နောက်ပြောင်လိုသော အပြုံးကြီးတစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
“ဟီးဟီးဟီး... ကျွန်တော် သိသားပဲ။ ကြီးကျယ်ခမ်းနားလှတဲ့ နဂါးကျားတောင်မှာ ပစ္စည်းကောင်းတွေ မရှိဘဲ ဘယ်နေမလဲ။ ရွှေရောင်အလင်းဂါထာ တစ်ခုတည်းနဲ့တော့ ဒီဂိုဏ်းကြီးက ရပ်တည်နိုင်မှာ မဟုတ်ဘူးလေ။”
လုပေါင်က အဓိပ္ပာယ်ပါပါဖြင့် ရယ်မောကာ ပြောလိုက်သည်။
ထိုအခါမှသာ နတ်ဆရာကြီးသည် လုပေါင်မှာ ဘာတောင်းရမှန်း မသိသဖြင့် သူ့ထံမှ သတင်းအချက်အလက်ကို အရိုက်အရာယူကာ နှိုက်ယူနေခြင်းဖြစ်ကြောင်း သတိထားမိတော့သည်။
“စိတ်မပူပါနဲ့ နတ်ဆရာကြီး။ ကျွန်တော် လုပေါင်ရဲ့ စရိုက်ကို လူတိုင်း သိပါတယ်။ ကျွန်တော် ကတိပေးတယ် တစ်ခုတည်းပဲ ယူပါ့မယ်။”
လုပေါင်က သူ၏ရင်ဘတ်ကို ပုတ်ကာ တည်တည်တံ့တံ့ ကတိပေးလိုက်သည်။
ထိုစကားကြောင့် နတ်ဆရာကြီး၏ ပါးစပ်ထောင့်မှာ တဆတ်ဆတ် တုန်ခါသွားသည်။ .
‘ဟုတ်ပါတယ်.. မင်းရဲ့ စရိုက်ကို လူတိုင်း သိပါတယ်။ ပစ္စည်းကောင်း မြင်တာနဲ့ လမ်းတောင် မလျှောက်နိုင်တော့တဲ့ စရိုက်လေ..’
“ကောင်းပြီ... သူငယ်ချင်းလေး လုက ကူညီချင်တယ်ဆိုတော့လည်း ငါ့နောက်လိုက်ခဲ့။ မင်းကို ရတနာတစ်ခု ကိုယ်တိုင် သွားရွေးခိုင်းပါ့မယ်။”
နတ်ဆရာကြီးက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
သို့သော် သူက တစ်ခု ဆိုသည့် စကားလုံးကိုတော့ အလေးအနက်ထား၍ ပြောလိုက်သည်။
လုပေါင်ကတော့ နှုတ်ခမ်းဆူကာ နတ်ဆရာကြီးမှာ ကပ်စေးနှဲလှသည်ဟု စိတ်ထဲက ကြိတ်ဆဲလိုက်သည်။
ချက်ချင်းပင် နတ်ဆရာကြီး၏ နောက်သို့လိုက်ကာ တာအိုကျောင်းတော်အတွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူတို့သည် ပင်မခန်းမဘက်သို့ မသွားဘဲ လူသူမရှိသော ထောင့်စွန်းရှိ မထင်မရှား အဆောင်ငယ်လေးတစ်ခု ရှေ့သို့ ရောက်လာခဲ့ကြသည်။
ထိုအဆောင်မှာ စွန့်ပစ်ထားသည့်အတိုင်းပင်။ တံခါးရှေ့တွင် ပင့်ကူအိမ်များ အပြည့်ရှိနေပြီး မြေပြင်မှာလည်း ဖုန်များ တက်နေသဖြင့် အချိန်အတော်ကြာအောင် မရှင်းလင်းရသေးသည့်ပုံပင်။
“နတ်ဆရာကြီး... ခင်ဗျား ကျွန်တော့်ကို သံတိုသံစတွေနဲ့တော့ လာလှည့်စားဖို့ မကြံပါနဲ့နော်...”
ဟောင်းနွမ်းစုတ်ပြတ်နေသော အဆောင်၏ အပြင်အဆင်ကို ကြည့်ပြီး လုပေါင်က မေးလိုက်သည်။
လုပေါင်၏ စကားကို နတ်ဆရာကြီးက ပြန်မဖြေပါ။ သူသည် လုပေါင်ကို အဆောင်၏ အနောက်ဘက်ရှိ နံရံတစ်ခုဆီသို့ ခေါ်သွားသည်။
သူက နံရံကို အချက်အနည်းငယ် ခေါက်လိုက်သောအခါ နံရံမှ တံခါးတစ်ခု အလိုလို ပွင့်လာတော့သည်။
ထိုတံခါးကို နံရံနှင့် တစ်သားတည်းဖြစ်အောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသဖြင့် ပိတ်ထားပါက တံခါးရှိမှန်း မည်သို့မျှ မသိနိုင်ပါ။
“ဒီလို အရေးကြီးတဲ့နေရာမျိုးကတော့ ကြည့်ရတာ စုတ်ပြတ်နေလေ ပိုကောင်းလေပဲပေါ့။ ငါသာ ခမ်းနားအောင် လုပ်ထားရင် ဒီထဲမှာ ရတနာတွေ ရှိနေတယ်ဆိုတာ လူတိုင်း သိသွားမှာပေါ့ မဟုတ်ဘူးလား။”
နတ်ဆရာကြီးက သူ၏မုတ်ဆိတ်ကို သပ်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
နတ်ဆရာကြီး၏ စကားကို ကြားသောအခါ လုပေါင်က လက်မထောင်ပြလိုက်တော့သည်။