အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း ၂၁၇ - ဉာဏ်အလင်းပွင့်ဆေးလုံး။
နတ်ဆရာကြီးနောက်မှ တံခါးအတွင်းသို့ လိုက်ဝင်သွားပြီးနောက် အဆောင်တစ်ခုလုံး၏ အတွင်းပိုင်းမှာ ဘာမှမမြင်ရလောက်အောင် ပိန်းပိတ်အောင် မှောင်နေသည်ကို လုပေါင် တွေ့လိုက်ရသည်။ သို့သော်လည်း လုပေါင်၏ လက်ရှိစွမ်းအားဖြင့် ပတ်ဝန်းကျင်ကို အကြမ်းဖျင်းတော့ မြင်နိုင်ပါသည်။
ဤအဆောင်အတွင်း၌ ပြတင်းပေါက်များ မရှိဘဲ အပြင်ကကြည့်ရသည်ထက် တစ်ဆိုဒ်ခန့် ပိုသေးနေပုံရသည်။ နံရံနှစ်ထပ်ကြားတွင် ရှိနေခြင်းကြောင့် ပြတင်းပေါက်များ မရှိခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။
ထိုစဉ် နတ်ဆရာကြီးက လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ၏လက်ဖဝါးထဲတွင် မီးတောက်တစ်ခု အလိုလို တောက်လောင်လာတော့သည်။
ချက်ချင်းဆိုသလိုပင် နတ်ဆရာကြီးက လက်ကို ဝေ့ယမ်းလိုက်ရာ ထိုမီးတောက်မှာ ကြယ်မှုန်များသဖွယ် ပျံ့လွင့်သွားပြီး အဆောင်အတွင်းရှိ ဖယောင်းတိုင်များပေါ်သို့ ကျရောက်သွားသည်။ ခဏချင်းမှာပင် ပိန်းပိတ်အောင် မှောင်နေသော အဆောင်အတွင်းပိုင်းမှာ လင်းထိန်သွားတော့သည်။
“တောက်... ဒါကတော့ တကယ်ကို မိုက်တာပဲ။”
မျက်စိရှေ့မှ မြင်ကွင်းကြောင့် လုပေါင်မှာ မချီးကျူးဘဲ မနေနိုင်တော့ပါ။
“ဒီ ကြွေကျသောမီးတောက်အတတ် က နတ်ဆရာကြီးတစ်ဦးတည်းသာ သင်ယူခွင့်ရှိတာပါ။”
နတ်ဆရာကြီးက လုပေါင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ သူသည် လုပေါင်၏ စရိုက်ကို အတော်လေး နားလည်နေပြီဖြစ်ရာ လုပေါင် စိတ်ဝင်စားနေသည်ကို မြင်သည်နှင့် လျင်မြန်စွာပင် ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။
“ကပ်စေးနှဲကြီး။”
လုပေါင်က နှုတ်ခမ်းဆူကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ နတ်ဆရာကြီး ထင်တာလည်း မမှားပါ။ လုပေါင် တကယ်ပင် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
သို့သော်လည်း မကြာမီမှာပင် လုပေါင်သည် ရှေ့မှ မြင်ကွင်းတွင် အာရုံရောက်သွားသည်။ အဆောင်၏ ပုံစံမှာ ရိုးရှင်းပြီး အလယ်တွင် ဘာမှမရှိသဖြင့် အားလုံးကို အထင်းသား မြင်နေရသည်။ နံရံလေးဘက်စလုံးတွင် ပြကွက်ဗီဒိုများ ရှိပြီး ဖယောင်းတိုင်အလင်းရောင်ဖြင့် အတွင်းရှိ ပစ္စည်းများကို မြင်နေရသည်။ အကြမ်းဖျင်း ကြည့်ရုံနှင့်ပင် စုဆောင်းထားသော ပစ္စည်းပေါင်း တစ်ရာကျော်ခန့် ရှိနေသည်။တစ်ခုချင်းစီမှာလည်း ပထမဆုံး မြင်လိုက်ရုံနှင့်ပင် အဖိုးတန်ရတနာများ ဖြစ်ကြောင်း သိသာလှသည်။
“နတ်ဆရာကြီး... ဒီလောက် ပစ္စည်းကောင်းတွေ အများကြီးရှိတာကို တစ်ခုတည်းပဲ ပေးတယ်ဆိုတာက နည်းနည်းတော့...”
ရတနာများကို ကြည့်ရင်း လုပေါင်က မျက်လုံးများ အရောင်တောက်ကာ ပြောလိုက်သည်။
“ဒါတွေက နတ်ဆရာကြီး အဆက်ဆက် စုဆောင်းလာခဲ့တာတွေပါ။ နဂါးကျားတောင်မှာ နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းကြောင်းရှိပေမဲ့ ဘယ်ပစ္စည်းတစ်ခုမှ အပြင်ကို မပေါက်ကြားဖူးဘူး။”
နတ်ဆရာကြီးက အခန်းကို ဝေ့ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။ ဆိုလိုသည်မှာ လုပေါင်ကို တစ်ခုပေးသည်မှာပင် ထူးခြားသည့် ကိစ္စဖြစ်သဖြင့် ထပ်ပြီး မမျှော်လင့်ရန်ပင် ဖြစ်သည်။
လုပေါင်ကတော့ နှုတ်ခမ်းဆူလိုက်သည်။ သူများက ထပ်မပေးချင်မှတော့ အတင်းတောင်းလို့ မရဘူး မဟုတ်လား။အနည်းဆုံးတော့ တစ်ခုတော့ ယူလို့ရသေးတာပဲ။ထိုသို့တွေးရင်း လုပေါင်၏ အကြည့်များမှာ နံရံရှိ ပြကွက်ဗီဒိုများပေါ်တွင် အခေါက်ခေါက်အခါခါ ဝေ့ဝဲနေတော့သည်။ နတ်ဆရာကြီးကတော့ စိတ်ရှည်စွာဖြင့် ဘေးမှ တိတ်တဆိတ် စောင့်နေပေးသည်။
ဤသို့ စောင့်ဆိုင်းခြင်းမှာ တစ်နာရီခန့် ကြာသွားသည်။
“မင်း အားလုံးကို နှစ်ခေါက် သုံးခေါက်လောက် ကြည့်ပြီးပြီ။ ဘာယူမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလား။”
လုပေါင်က ဆက်ကြည့်ရန် ပြင်နေဆဲ ဖြစ်သဖြင့် နတ်ဆရာကြီးမှာလည်း ဝေခွဲမရ ဖြစ်သွားသည်။
“တစ်ခုတည်းပဲ ယူလို့ရတာဆိုတော့ သေချာရွေးရမှာပေါ့ဗျ။”
လုပေါင်ကခေါင်းငြိမ့်ကာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
သို့သော် စကားပြောနေစဉ်မှာပင် သူ၏အကြည့်မှာ ထောင့်စွန်းရှိ ဖယောင်းတိုင်ခုံဘေးက သေတ္တာလေးတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ အစကတော့ ဗီဒို၏ အလှဆင်အစိတ်အပိုင်းတစ်ခုဟု ထင်ပြီး လျစ်လျူရှုခဲ့မိခြင်း ဖြစ်သည်။ ယခု စကားပြောနေမှသာ သတိထားမိတော့သည်။
“ဒါက ဘာလဲ။”
ပြောရင်းနှင့် လုပေါင်က ရှေ့သို့ လျှောက်သွားကာ ထိုသေတ္တာကို လက်ညှိုးထိုးပြလိုက်သည်။ လုပေါင် ညွှန်ပြသည့် နေရာကို မြင်သောအခါ နတ်ဆရာကြီးက မျက်မှောင်ကြုတ်သွားပြီး ရှေ့သို့ တိုးကာ ဗီဒိုကိုဖွင့်ပြီး သေတ္တာကို ထုတ်လိုက်သည်။
၎င်းမှာ ရှေးဟောင်းလက်ရာ သစ်သားသေတ္တာလေး ဖြစ်သည်။ ထုတ်လိုက်သည်နှင့် သဘာဝအတိုင်း မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ဤသေတ္တာလေး တစ်ခုတည်းနှင့်ပင် ပစ္စည်းကောင်း ဖြစ်ကြောင်း သက်သေပြနေသည်။ ထို့နောက် နတ်ဆရာကြီးက သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းရှိ အရာကို မြင်လိုက်ရသောအခါ သူ၏ ပါးစပ်ထောင့်မှာ တဆတ်ဆတ် တုန်ခါသွားတော့သည်။
“ဒါက သိပ်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ တခြားဟာပဲ ကြည့်ပါဦး။”
ချက်ချင်းပင် နတ်ဆရာကြီးက သေတ္တာကို ပြန်ပိတ်ကာ ဗီဒိုထဲသို့ ပြန်ထည့်ရန် ကြိုးစားလိုက်သည်။ သို့သော် လုပေါင်က နတ်ဆရာကြီး အမှတ်မထင် ဖြစ်နေစဉ် လက်မြန်ခြေမြန်ဖြင့် သေတ္တာကို လှမ်းယူလိုက်သည်။နတ်ဆရာကြီး၏ နှမြောတသဖြစ်နေသော မျက်နှာထားအရ ဤအတွင်း၌ အဖိုးတန်တစ်ခုခု ရှိနေသည်မှာ သေချာနေပြီ မဟုတ်လား။
လက်ထဲ ရောက်သွားသောအခါ လုပေါင်က သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ နက်မှောင်သော ပုလဲလုံးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုပုလဲလုံးပေါ်တွင် လှပသော အဆင်တန်ဆာများ ရှိနေသည်။ ထိုအဆင်များကို ကြည့်ရင်း လုပေါင်က ပို၍ပင် သိချင်စိတ် ပြင်းပြလာသည်။ ဒါက အတိအကျ ဘာလဲ။
“နတ်ဆရာကြီး... ခင်ဗျားကိုယ်တိုင် ပြောခဲ့တာနော် ကြိုက်တဲ့ပစ္စည်းတစ်ခု ယူလို့ရတယ်လို့။ မဟုတ်ရင် ဟိုမိစ္ဆာချုပ်နှောင်ရာစေတီက...”
သေတ္တာကို ကိုင်ထားရင်း လုပေါင်က တိုးတိုးလေး ပြောလိုက်သည်။
မိစ္ဆာချုပ်နှောင်ရာစေတီအကြောင်း ကြားသောအခါ နတ်ဆရာကြီးမှာ ခဏမျှ မှင်တက်သွားပြီးမှ မတတ်သာဘဲ စတင်ရှင်းပြတော့သည်။ လုပေါင် လက်ထဲတွင် ရှိနေသောအရာမှာ တာအိုရတနာတစ်ပါးဖြစ်သည့်
“ဉာဏ်အလင်းပွင့်ဆေးလုံး”
ဤဆေးလုံး၏ ဖော်မြူလာမှာ လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော ဆေးလုံးများမှာလည်း အကန့်အသတ်ရှိပြီး တစ်လုံးသုံးလိုက်တိုင်း တစ်လုံး လျော့သွားခြင်း ဖြစ်သည်။
“ဉာဏ်အလင်းပွင့်ဆေးလုံး...”
လုပေါင်က မျက်တောင်ခတ်လိုက်သည်။ နာမည်ကြားရုံနှင့်တင် ပစ္စည်းကောင်းမှန်း သိသာလှသည်။
“ဟုတ်တယ် အကယ်၍ ထူးခြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဒီဆေးလုံးကို သုံးစွဲမယ်ဆိုရင် ထူးခြားတဲ့ တာအိုအတတ်ပညာတစ်ခုကို နားလည်သဘောပေါက်နိုင်မယ့် အခွင့်အရေး ရှိပါတယ်။”
နတ်ဆရာကြီးကအတည်ပြုကာ ပြောလိုက်သည်။
“ငါတို့ဂိုဏ်းက တချို့သော တာအိုအတတ်တွေကိုလည်း ဒီဆေးလုံးကနေတစ်ဆင့် ရရှိခဲ့တာပါ။ ဒါပေမဲ့ လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ခါပဲ သုံးလို့ရပါတယ်။ နောက်ထပ် သုံးရင်တော့ အာနိသင် မရှိတော့ဘူး။”
ဤမိတ်ဆက်ချက်ကို ကြားရုံနှင့် လုပေါင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ နတ်ဆရာကြီး ဤမျှ နှမြောနေသည်မှာ မဆန်းတော့ပါ။ သေချာအသုံးချနိုင်လျှင် ရွှေရောင်အလင်းဂါထာနှင့် ယှဉ်နိုင်သော အတတ်ပညာတစ်ခုကို ရရှိနိုင်မည် မဟုတ်လား။
“ဒါပေမဲ့ နတ်ဆရာကြီး... ထူးခြားတဲ့ ပတ်ဝန်းကျင် ဆိုတာက ဘာကို ဆိုလိုတာလဲ။ ဘယ်လို နေရာမျိုးလဲ။”
လုပေါင်က ဉာဏ်အလင်းပွင့်ဆေးလုံးကို သူ၏ တွင်းနက်ကြီးထဲသို့ တိတ်တဆိတ် သိမ်းလိုက်ပြီးမှ မေးလိုက်သည်။
နတ်ဆရာကြီးက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဒါကတော့ ရှင်းရှင်းလင်းလင်း မသိရဘူး။ ထူးခြားတဲ့ နေရာအချို့ကို ရှာဖွေရလိမ့်မယ် ထင်တယ်။ ပိုပြီး ထူးခြားလေ ပိုကောင်းလေပဲ။”
ဤစကားကြောင့် လုပေါင်၏ မျက်လုံးများ လုံးဝ ဝင်းလက်သွားတော့သည်။ တခြားအရာတွေကို သူ အာမမခံနိုင်သော်လည်း ထူးခြားတဲ့နေရာ ဆိုလျှင်တော့ သူ၏ စနစ် က အလကားမှ မဟုတ်ဘဲ။ စနစ်က သူ့ကို လက်မှတ်ထိုးဝင်ခိုင်းသည့် နေရာတိုင်းမှာ အလွန်ပင် ထူးခြားသော နေရာများ မဟုတ်လား။
ယခုအခါ အမြတ်အစွန်းကြီးကြီး ရသွားသဖြင့် လုပေါင်သည် ကျေနပ်သော မျက်နှာထားဖြင့် အဆောင်အတွင်းမှ ထွက်ခွာလာခဲ့သည်။ နတ်ဆရာကြီးမှာမူ အကြီးအကျယ် စိတ်ပျက်အားလျော့နေတော့သည်။ ဤမျှ အဖိုးတန်သော ဉာဏ်အလင်းပွင့်ဆေးလုံးက အဆောင်အတွင်း၌ ဤကဲ့သို့ ပစ်ထားမိလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါ။ ပုံမှန်အားဖြင့် ဆိုလျှင်တော့ နတ်ဆရာကြီးက ကိုယ်နှင့်မကွာ ဆောင်ထားရမည့် အရာမျိုး ဖြစ်သည်။ စဉ်းစားလေ နတ်ဆရာကြီးမှာ ပိုပြီး စိတ်မသက်မသာ ဖြစ်လေ ဖြစ်သဖြင့် ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ထိုအတောအတွင်း လုပေါင်သည် ပြုပြင်ရန်လိုအပ်သော ပစ္စည်းများကို နတ်ဆရာကြီးနှင့် ထပ်မံ အတည်ပြုလိုက်သည်။ပစ္စည်းများမှာ ခုနက မိစ္ဆာများ ပြောခဲ့သလိုပင် ပင်လယ်နက် သံမဏိဓာတ်စစ် ၊ ဥက္ကာခဲကျောက်၊ အအေးလွန်ကြယ်မှုန် နှင့် ချော်ရည်အူတိုင်တို့ ဖြစ်သည်။ ဤလေးမျိုးကို ပေါင်းစပ်ပြီးမှ မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်နိုင်မည့် ပစ္စည်းကို ရရှိမည်ဖြစ်သည်။
ဥက္ကာခဲကျောက် ကတော့ ပြဿနာမရှိပါ။ သူ၏ အဆုံးမဲ့ကျင်းထဲတွင် အပြည့်ရှိနေသည်။ နီနီလေးသို့မဟုတ် ကြွက်ဘုရင်ကို တူးခိုင်းလိုက်ရုံသာ။ ပင်လယ်နက် သံမဏိနှင့် ချော်ရည်အူတိုင် ကတော့ နာမည်ကြားရုံနှင့်ပင် ဘယ်မှာရှာရမည်ကို သိသာသည်။
“ဒါပေမဲ့ အအေးလွန်ကြယ်မှုန် ကိုကျတော့ ဘယ်မှာ ရှာရမလဲ။”
လုပေါင်ကနတ်ဆရာကြီးကို မေးလိုက်သည်။
နတ်ဆရာကြီးက ခေါင်းယမ်းကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
“မှတ်တမ်းတွေအရတော့ မိစ္ဆာချုပ်နှောင်ရာစေတီကို နောက်ဆုံး ပြုပြင်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကပါ။ အဲ့ဒီတုန်းက ငါ မမွေးသေးဘူးလေ...။”
၎င်းကို ကြားသောအခါ လုပေါင်၏ ပါးစပ်ထောင့်မှာ တဆတ်ဆတ် တုန်ခါသွားသည်။ သူ၏ အမြင်တွင်တော့ နတ်ဆရာကြီးသည် ဉာဏ်အလင်းပွင့်ဆေးလုံးကို ယူသွားသဖြင့် ကပ်စေးနှဲကာ သူ့ကို အလုပ်ရှုပ်အောင် သဲလွန်စများကို တမင် ဖုံးကွယ်ထားခြင်း ဖြစ်မည်ဟု ထင်နေမိသည်။
“ကပ်စေးနှဲ အဘိုးကြီး ဉာဏ်အလင်းပွင့်ဆေးလုံး တစ်လုံးတည်းကိုများ။”
လုပေါင်က တိုးတိုးလေး ဆဲဆိုလိုက်ပြီးနောက် လိုအပ်သော ပစ္စည်းများကို ရှာဖွေရန် တာအိုကျောင်းတော်အတွင်းမှ ထွက်ခွာလာခဲ့တော့သည်။
အခန်း ၂၁၈ - ညီအစ်ကိုတို့ ရူးသွပ်မှုတွေ ပို့လွှတ်လိုက်စမ်း။
နဂါးကျားတောင်မှ ထွက်ခွာလာပြီးနောက် လုပေါင်သည် လေယာဉ်ဖြင့် ချင်းကျန်းမြို့သို့ ချက်ချင်း ပြန်လာခဲ့သည်။
သူသည် ပင်လယ်နက် သံမဏိကို အရင်သွားရှာရန် စီစဉ်ထားသည်။နာမည်အရပင် ၎င်းကို ရေအောက်တွင်သာ ရှာတွေ့နိုင်မည်မဟုတ်လား။
သူ၏ ရွှေရောင်ကမ်းခြေသို့ ပြန်ရောက်သောအခါ ရှိုးပွဲရိုက်ကူးရေးမှာ အားတက်သရော ရှိနေဆဲပင်။ လုပေါင်တွင် အရေးကြီးသောကိစ္စ ရှိနေသဖြင့် သူတို့ကို သွားမနှောင့်ယှက်တော့ပါ။
ဝိုင်စက်ရုံဘက်တွင်လည်း စပျစ်သီးများကို ဝိုင်အဖြစ် စတင်ဖိကြိတ်နေပြီဖြစ်ရာ တင်လင်း မှာလည်း အတော်လေး အလုပ်ရှုပ်နေသည်။
လုပေါင်သည် မည်သူ့ကိုမျှ မနှောင့်ယှက်တော့ဘဲ လူသူကင်းမဲ့သော ကမ်းခြေတစ်ခုသို့ တစ်ကိုယ်တည်း သွားလိုက်သည်။
ထိုနေရာသို့ ရောက်သောအခါ လုပေါင်သည် လုလင်းဟွာ ထံသို့ ဖုန်းဆက်ကာ မကြာမီ Live လွှင့်တော့မည့်အကြောင်း အကြောင်းကြားလိုက်ပြီး လက်ဝေ့ယမ်းကာ တွင်းနက်ကြီး ဖွင့်လိုက်သည်။
“နက်နက်လေး... အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားလိုက်ဦး။”
လုပေါင် အော်လိုက်သည်နှင့် မြွေနက်ဟောက်ကြီး ထွက်လာတော့သည်။
၎င်းသည် အချိန်အတော်များများကို တွင်းထဲတွင်သာ ကုန်ဆုံးခဲ့ရသဖြင့် အပြင်သို့ ထွက်ခွာခွင့်ရသည့်အတွက် အတော်လေး စိတ်လှုပ်ရှားနေသည်။
“သခင်... ကျွန်တော့်နာမည်ကို ပြောင်းလို့ရမလား။”
ထွက်လာသည်နှင့်တစ်ပြိုင်နက် နက်နက်လေးက လုပေါင်ကို မေးလိုက်သည်။
ပင်လယ်ရပ်ခြား ကျင့်ကြံသူနှင့် တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ နက်နက်လေး၏ စကားပြောစွမ်းရည်မှာ ယခင်ကထက် ပိုမိုသွက်လက်လာပြီဖြစ်သည်။
“အင်း... ဘယ်လိုနာမည်မျိုး လိုချင်လို့လဲ။”
လုပေါင်က သူ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။နာမည်ပေးသည့်ကိစ္စတွင် သူက သိပ်ပြီး ဉာဏ်မကွန့်တတ်ပါ။
မဟုတ်လျှင် နက်နက်လေး နီနီလေး ဖြူကြီးဆိုသည့် ပေါ့ပျက်ပျက် နာမည်မျိုးတွေ ပေးထားမိမည် မဟုတ်ပါ။
အကယ်၍ သူ၏ သားရဲဆိုးအုပ်စုသာ အခြားသော ဆရာကြီးများလက်ထဲသို့ ရောက်သွားပါက ခန့်ညားထည်ဝါသော နာမည်များ အလုအယက် ပေးကြမည်မှာ သေချာပါသည်။
၎င်းကို နားလည်ထားသဖြင့် နက်နက်လေး နာမည်ပြောင်းချင်သည်ကို လုပေါင် လုံးဝ ကန့်ကွက်ခြင်းမရှိပါ။
“’နက်နက်လေး ဆိုတာက ကျွန်တော်နဲ့ မလိုက်ဖက်ဘူး။ နက်နက်ကြီး ဆိုရင်ကော ဘယ်လိုလဲ။”
နက်နက်လေးက အချိန်အတော်ကြာအောင် အလေးအနက် စဉ်းစားပြီးမှ အကြံပြုလိုက်ခြင်း ဖြစ်သည်။
“ဖူး... “
နက်နက်လေးထိုသို့ပြောသည်ကို ကြားသောအခါ လုပေါင်က မအောင့်နိုင်ဘဲ အားရပါးရ ရယ်မောလိုက်တော့သည်။
ကောင်းကင်ကြီးရေ... အိမ်မွေးတိရစ္ဆာန်တွေက သူတို့သခင်နဲ့ တကယ်တူတာပဲ။ နက်နက်လေး ရွေးလိုက်တဲ့ နာမည်က သူ့နာမည်ပေးစွမ်းရည်နဲ့ တစ်ဂိတ်ထဲပဲ။
“ကောင်းပြီ ဒီနေ့ကစပြီး မင်းကို နက်နက်ကြီး လို့ ခေါ်မယ်။”
လုပေါင်က ချက်ချင်းပင် ခေါင်းငြိမ့်သဘောတူလိုက်သည်။
လုပေါင် ဘာလို့ရယ်လဲဆိုတာကို နက်နက်ကြီး နားမလည်သော်လည်း သင့်တော်သော နာမည်တစ်ခု ရသွားသည့်အတွက် အလွန်ဝမ်းသာနေသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရာ ပင်လယ်မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးများ ပေါ်ထွက်လာသည်။
“ကဲ... အလုပ်ကိစ္စ စရအောင်။ ငါတို့ ပင်လယ်ကြမ်းပြင်ကို သွားမယ် ငါ တစ်ခုခု ရှာဖို့ လိုတယ်။”
နက်နက်ကြီး နာမည်သစ်ရသွားပြီဖြစ်ရာ လုပေါင်က ၎င်း၏ဦးခေါင်းပေါ်တွင် ရပ်ကာ အကျယ်ကြီး အော်ပြောလိုက်သည်။
အရေးကြီးကိစ္စဖြစ်ကြောင်း သိသည်နှင့် နက်နက်ကြီးလည်း တည်ငြိမ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ယမ်းလိုက်ကာ လုပေါင်ကို ပင်လယ်ထဲသို့ သယ်ဆောင်သွားတော့သည်။
နက်နက်ကြီးက အရှိန်ဖြင့် ရှေ့သို့ တိုးသွားရာ သူတို့နှစ်ဦးမှာ ရေပြင်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ထို့နောက် လုပေါင်၏ ညွှန်ကြားချက်အရ လူနှင့်မြွေသည် ပင်လယ်ကြမ်းပြင် အနက် မီတာ ၁၀၀၀ ခန့်အထိ ဆင်းသက်ခဲ့ကြသည်။
သူ၏ ပင်လယ်ဘုရင် ခန္ဓာကိုယ်ကြောင့် လုပေါင်သည် ပတ်ဝန်းကျင်ရှိ အရာအားအားလုံးကို ရှင်းလင်းစွာ မြင်နေရဆဲပင်။
နက်နက်ကြီးမှာမူ အလင်းရောင်မရှိသော နေရာသို့ ရောက်သောအခါ မြွေမျက်လုံးများက တောက်ပသော အနီရောင်အလင်းများ ထွက်ပေါ်လာရာ ၎င်းလည်း ပတ်ဝန်းကျင်ကို မြင်နိုင်ပုံရသည်။
ဤနေရာတွင် သက်ရှိသတ္တဝါများမှာ အလွန်ပင် ရှားပါးလှသည်။ထို့အပြင် နက်နက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော သားရဲဆိုး အရှိန်အဝါကြောင့်လည်း ပါဝင်သည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပင်လယ်ကြမ်းပြင်တွင် ကျောက်တန်းအချို့နှင့် အောက်သို့ ပြုတ်ကျလာသော ငါးအသေကောင် အကြွင်းအကျန်အချို့မှလွဲ၍ ဘာမှမရှိပါ။
လုပေါင်၏ အချက်ပြမှုကြောင့် ယခုအခါ နက်နက်ကြီး၏ အရှိန်မှာ အတော်လေး နှေးသွားပြီဖြစ်သည်။
ဤအရှိန်အတိုင်း ကီလိုမီတာ အတော်ကြာအောင် သွားခဲ့သော်လည်း ရှုခင်းမှာ ပြောင်းလဲခြင်းမရှိပါ။
‘ဒီမှာ တကယ်ပဲ သံမဏိရိုင်းတွေ မရှိတာလား...’
လုပေါင်မတတ်သာဘဲ တွေးမိသည်။
သို့သော် ထိုစဉ်မှာပင် သူ၏အောက်ရှိ နက်နက်ကြီးက လုပေါင်ကို သတိပေးသည့်အနေဖြင့် ရုတ်တရက် လှုပ်ရှားလိုက်သည်။
လုပေါင် လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာမှ မြင်လိုက်ရသည်မှာ ပိန်းပိတ်အောင် မှောင်နေသော ပင်လယ်ကြမ်းပြင်၏ ရှေ့ဘက်တွင် အလင်းရောင်တစ်ခု ရှိနေသည်။
ဤအလင်းမှာ အစက်အပြောက်တစ်ခုတည်း မဟုတ်ဘဲ ကျယ်ပြန့်သော ဧရိယာတစ်ခုဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေသည်။
ချက်ချင်းပင် လုပေါင်က နက်နက်ကြီးကို ပုတ်လိုက်သည်။
နက်နက်ကြီးကလည်း လုပေါင်၏ ရည်ရွယ်ချက်ကို နားလည်သည်။ တစ်စက္ကန့်ပင် မပြည့်မီမှာပင် အရှိန်ဖြင့် ပျံသန်းသကဲ့သို့ သွားလိုက်ရာ အလင်းရောင်ရှိရာသို့ ရောက်ရှိသွားတော့သည်။
ထိုအခါမှသာ လုပေါင်သည် ဤရေအောက် အလင်းရောင်၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
၎င်းမှာ ပင်လယ်ကြမ်းပြင်ရှိ အက်ကွဲကြောင်းကြီး တစ်ခုဖြစ်ပြီး အကျယ် မီတာ ၁၀ ခန့် ရှိကာ အလျားမှာမူ... လုပေါင် ဘေးဘယ်ညာကို ကြည့်လိုက်သော်လည်း အဆုံးကို မမြင်ရပါ။ အနည်းဆုံး မီတာ ထောင်ချီ ရှည်လျားမည်ဟု ခန့်မှန်းရသည်။
ဤအက်ကွဲကြောင်း၏ အောက် မီတာ ၁၀၀၀ ခန့်တွင် အလင်းရောင်၏ အရင်းအမြစ် ရှိနေသည် ၎င်းမှာ ချော်ရည် များ ဖြစ်သည်။
ဤပင်လယ်ကြမ်းပြင်တွင် စီးဆင်းနေသော ချော်ရည်များ ရှိနေသည်။ရေနှင့်မီးသည်သဘာဝအရ ဆန့်ကျင်ဘက်ဖြစ်သော ဒြပ်စင်နှစ်ခုသည် ဤနေရာတွင် ဆုံတွေ့နေကြခြင်း ဖြစ်သည်။
သို့သော် တိတိကျကျ ပြောရလျှင် ၎င်းတို့မှာ တကယ်တမ်း ဆုံတွေ့နေခြင်း မဟုတ်ပါ။ ချော်ရည်များ၏ မြင့်မားသော အပူချိန်ကြောင့် ပင်လယ်ရေသည် အောက်ခြေသို့ မထိမီမှာပင် အငွေ့ပျံသွားပြီး ထိုအငွေ့များက ပင်လယ်ရေနှင့် ပြန်လည် ထိတွေ့ကာ အဆက်မပြတ် လည်ပတ်နေသော စက်ယန္တရားတစ်ခုကဲ့သို့ ဖြစ်နေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ပင်လယ်ရေနှင့် ချော်ရည်များကြားတွင် လေဟာနယ် ဟင်းလင်းပြင်တစ်ခု ခြားနေခြင်း ဖြစ်သည်။
လုပေါင်သည် နေရာအနှံ့ ရောက်ဖူးသူဖြစ်သော်လည်း ဤအံ့ဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တစ်ချိန်တည်းမှာပင် ဤနေရာမှာ Live လွှင့်ရန်အတွက် အကောင်းဆုံးနေရာ ဖြစ်သည်။
လုပေါင်သည် ချက်ချင်းပင် Live ကို စတင်လိုက်တော့သည်။
“တောက်... ပင်လယ်နက် ရှာဖွေရေးကို နောက်တစ်ခါ ပြန်တွေ့ရပြန်ပြီ အရမ်းမိုက်တာပဲ။”
“တစ်ခုခုတော့ မှားနေပြီ။ ပေါင်ကြီး ရောက်နေတဲ့နေရာက ပင်လယ်နက်ကြီးလေ ဘာလို့ ဒီလောက် လင်းနေတာလဲ။”
“ပေါင်ကြီး... ဒါက နောက်ထပ် Special Effect တစ်ခုလား။”
လုပေါင် Live လွှင့်လိုက်ပြီး နှစ်စက္ကန့်အတွင်းမှာပင် မှတ်ချက်များစွာ ဖုန်းမျက်နှာပြင်ပေါ်တွင် ပြည့်နှက်သွားသည်။
လုပေါင်က ခေါင်းယမ်းလိုက်ပြီး လေအချို့ကို မှုတ်ထုတ်လိုက်သည်။
၎င်းကို မြင်မှသာ ပရိသတ်များက လုပေါင်သည် တကယ်ပင် ရေအောက်တွင် ရှိနေကြောင်း အတည်ပြုနိုင်ကြသည်။
.
ထိုအလင်းရောင်မှာမူ...
ကင်မရာ ရွေ့လျားသွားသည်နှင့်အမျှ ပရိသတ်များသည် ဤပင်လယ်ကြမ်းပြင် အက်ကွဲကြောင်းကြီးနှင့် အောက်ခြေမှ ချော်ရည်များကို ရှင်းလင်းစွာ မြင်တွေ့ခွင့် ရလိုက်ကြသည်။
“ဟာ... သမုဒ္ဒရာထဲမှာ ချော်ရည်တွေလား။”
“ချော်ရည်ရဲ့ အပူချိန်က ဘယ်လောက်လဲပေါင်ကြီးရှိတဲ့ ရေအပူချိန်က အနည်းဆုံး ဒီဂရီ ရာနဲ့ချီ ရှိနေမှာ မဟုတ်လား။”
“ရာနဲ့ချီ ဟုတ်လား ဟားဟားဟား... ပေါင်ကြီးက ရေပူနဲ့ ကိုယ့်ဘာသာကိုယ် ပြုတ်စားဖို့ ကြံနေတာလား။”
“အကွာအဝေးက အရမ်းဝေးပါတယ်။ စီးဆင်းနေတဲ့ ရေတွေကြောင့် ဒီအကွာအဝေးမှာ ရေအပူချိန်က အများဆုံးမှ ဒီဂရီ အနည်းငယ်ပဲ တက်မှာပါ။”
ခဏအတွင်းမှာပင် မှတ်ချက်များမှာ အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။ ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုးကို ထိပ်တန်း မှတ်တမ်းတင် ဗီဒီယိုများတွင်ပင် မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည်။
“မြန်မြန်... Trending ဖြစ်အောင် စီစဉ်လိုက် ပို့စ်တွေကို အပေါ်ရောက်အောင်လုပ် မီဒီယာတွေကို ဆက်သွယ် Screenshot ရိုက်ပြီး ငါ့ဆီ ပို့စမ်း။”
လုလင်းဟွာသည် ဖန်သားပြင်ပေါ်မှ အံ့သြဖွယ်မြင်ကွင်းကို ကြည့်ရင်း အကျယ်ကြီး အော်ဟစ်လိုက်မိသည်။
လုလင်းဟွာ၏ ပါးစပ်မှာ ယခုအချိန်တွင် ပျော်လွန်းသဖြင့် နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။ ဤပေါင်ကြီးကတော့ Live လွှင့်တိုင်း သူ့အတွက် အံ့အားသင့်စရာ အကြီးကြီးတွေ အမြဲ ယူဆောင်လာပေးတာပဲ။
လုပေါင်သည် ရေအောက်တွင် စကားမပြောနိုင်သဖြင့် ကင်မရာကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် နက်နက်ကြီးကို ပုတ်လိုက်သည်။
ချက်ချင်းပင် နက်နက်ကြီးသည် အက်ကွဲကြောင်းကြီးထဲသို့ တိုက်ရိုက် ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
အက်ကွဲကြောင်းထဲသို့ ဝင်လိုက်သည်နှင့် လုပေါင်၏ မျက်နှာ အမူအရာမှာ တောင့်တင်းသွားသည်။
အပေါ်တွင် ရှိနေစဉ်က သိပ်မခံစားရသော်လည်း အက်ကွဲကြောင်းထဲသို့ ဝင်လိုက်သည်နှင့် ရေအပူချိန်မှာ ရုတ်တရက် ဒီဂရီ ဆယ်ဂဏန်းခန့် မြင့်တက်သွားသည်။
အောက်သို့ ဆက်ဆင်းသွားခြင်းမှာ အဆက်မပြတ် ပွက်ပွက်ဆူနေသော ပင်လယ်ရေထဲသို့ ဝင်ရောက်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် Live stream ၏ ခေါင်းစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ရေနွေးဖြင့် ပြုတ်ခြင်း ဟု ပြောင်းလဲသွားသည်ကို အားလုံး သတိထားမိလိုက်ကြသည်။
“ဟားဟားဟား... ပေါင်ကြီးကတော့ တကယ်ကို လူစွမ်းကောင်းပဲ နောက်တစ်ခါ ထပ်လုပ်ပြန်ပြီ။”
“ညီအစ်ကိုတို့... ရူးသွပ်မှုတွေ ပို့လွှတ်လိုက်စမ်း။”
“ရူးသွပ်တယ်... ရူးသွပ်တယ်... ရူးသွပ်တယ်...”
လုလင်းဟွာ၏ ကြော်ငြာမှုနှင့်အတူ မြင်ကွင်း၏ ဆွဲဆောင်မှုကြောင့် Live ကြည့်ရှုသူ အရေအတွက်မှာ ယခုအချိန်တွင် အဆမတန် မြင့်တက်နေတော့သည်။