အခန်း (၁၇၁၁-၁၇၁၃)
Vol. 115 Ch. 1711-1713
အခန်း (၁၇၁၁)
ကျောက်တုံး တကယ် လင်းရဲ့လား
နတ်ဘုရင်ခံ လင်ကျန်းနှင့် အခြားသူများကို နတ်ဘုရင် ရွှမ်ယိုက သူ၏ ကိုယ်တွင်း ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ခဏချင်းမှာပင် ရှုကျင့်ရှူးနှင့် လုချန်းတို့လည်း မြို့တော်ဝန် စံအိမ်သို့ ရောက်ရှိသွားကြ၏။
မြို့တော်ဝန် စံအိမ်သို့ ရောက်ရှိလျှင် ရှုကျင့်ရှူးနှင့် လုချန်းတို့ကို အကြီးဆုံး နန်းဆောင်တွင် နေထိုင်ရန် နတ်ဘုရင် ရွှမ်ယို စီစဉ်ပေးလိုက်၏။
နတ်ဘုရင် ရွှမ်ယိုသည် မြို့တော်ဝန် တစ်ဦးသာ ဖြစ်သော်လည်း ရွှမ်ယိုနတ်မြို့၏ မြို့တော်ဝန် စံအိမ်သည် ပုံမှန် နတ်ဘုရား နိုင်ငံတော်များ၏ နန်းတော်ထက် မနိမ့်ပါးပေ။ စံအိမ်၏ အကျယ်အဝန်းနှင့် ခမ်းနားထည်ဝါမှုမှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ နန်းတော်ထက်ပင် များစွာ သာလွန်နေသေး၏။
ရှုကျင့်ရှူးအတွက် နတ်ဘုရင် ရွှမ်ယို စီစဉ်ပေးသော နန်းဆောင်မှာ သူကိုယ်တိုင် နေထိုင်သည့် နန်းဆောင်ပြီးလျှင် အကြီးဆုံး ဖြစ်၏။
ရှုကျင့်ရှူးနှင့် လုချန်းတို့ကို နေရာချပေးပြီးနောက် သူတော်စင်မ ဖြစ်နိုင်သည့် အလားအလာရှိသူကို ရှာတွေ့ခဲ့သည့် သတင်းအား လျှို့ဝှက်လဝန်း ကျောင်းတော်သို့ နတ်ဘုရင် ရွှမ်ယို ချက်ချင်းပင် အစီရင်ခံလိုက်၏။
နတ်ဘုရင် ရွှမ်ယို ထွက်သွားသည်နှင့် ရှုကျင့်ရှူးက အကာအကွယ် နည်းဗျူဟာ ပုံစံတစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်ပြီး လုချန်းကို အေးစက်သော မျက်နှာထားဖြင့် ကြည့်ကာ
“ရှင် ဘာလုပ်ချင်နေတာလဲ”
“ကျွန်မကို လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မ လုပ်ခိုင်းတာက ကျွန်မကို မီးပုံထဲ တွန်းပို့နေတာနဲ့ တူတူပဲ မဟုတ်ဘူးလား။”
လုချန်းက ပြုံးလျက်
“ဒါက အလယ်ပိုင်း နယ်မြေမှာ အင်အားအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မ ရာထူးပဲ။ သွေးလင်းယုန်ခန်းမထက်တောင် အများကြီး ပိုတန်ခိုးကြီးသေးတယ်။ ဒါကို ဘယ်လိုဖြစ်ပြီး မီးပုံထဲ တွန်းပို့တယ်လို့ ပြောရတာတုန်း။”
သူမသာ မိစ္ဆာနတ် တစ်ဦး မဟုတ်ပါက လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မ လုပ်ရန် ပြဿနာ မရှိပေ။
သို့သော် ယခု ပြဿနာမှာ သူမသည် မိစ္ဆာနတ် မျိုးနွယ်မှ ဖြစ်နေပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကတော့ ဖြောင့်မတ်သော နတ်ဂိုဏ်း တစ်ခု ဖြစ်နေခြင်းပင်။
သူမ မိစ္ဆာနတ် ဖြစ်ကြောင်း သိသွားကြပါက သေဘေးနှင့် ကြုံရမည်မှာ အမှန်ပင်။
ရှုကျင့်ရှူး စိုးရိမ်နေသည်ကို မြင်လျှင် လုချန်းက
“စိတ်ချပါ။ တစ်ခုခု တကယ် ဖြစ်လာရင် ကျုပ် ခင်ဗျားကို ချက်ချင်း ခေါ်သွားမှာပါ။ နောက်ပြီး ခင်ဗျား ဗိုက်ထဲမှာ ကျုပ်ရင်သွေး ရှိနေတာပဲ။ ကျုပ်ရင်သွေးကို အန္တရာယ်ဖြစ်အောင် ကျုပ်က လုပ်ပါ့မလား။”
ရှုကျင့်ရှူး သူမ၏ မျက်ခုံးအစုံကို အနည်းငယ် ပင့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ လုချန်းသည် သူ၏ ရင်သွေးကို အန္တရာယ် ဖြစ်အောင် လုပ်မည်မဟုတ်ဟု သူမ ယုံကြည်သော်လည်း သူမစိတ်ထဲမှာတော့ အလွန် စိုးရိမ်နေမိဆဲ ဖြစ်၏။
လုချန်းက ဆက်လက်၍
“ခုနက လူတွေ ခင်ဗျားလက်ထဲမှာ စမ်းသပ် ကျောက်တုံး လင်းသွားတာကို မြင်တော့ အရမ်း စိတ်လှုပ်ရှားနေကြတာ။ ခင်ဗျားက သူတော်စင်မ မလုပ်ချင်ဘူး ဆိုရင်တောင် အဲဒါကို ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ဘူး။”
လုချန်း၏ စကားကို ကြားလျှင် သူမလည်း အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရ၏။ သူတို့၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် စမ်းသပ် ကျောက်တုံးကို လင်းထိန်စေနိုင်သူ အလွန်ရှားပါးလှပုံရသည်။
ထို့ကြောင့် သူမ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သူမ မဝင်ချင်ဟု ဆိုလျှင်ပင် အတင်းအဓမ္မ ခေါ်ဆောင်သွားကြမှာ ထင်ရှားလှသည်။
ထိုစဉ် ရှုကျင့်ရှူး တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အေးစက်စွာ ပြောလိုက်၏။
“ယေဘုယျအားဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်လို အင်အားကြီးအဖွဲ့အစည်းရဲ့ သူတော်စင်မက ဖြူစင်ဖို့ လိုအပ်တယ်။ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီပဲ။ ကျွန်မမှာ ကိုယ်ဝန်ရှိနေတာကို သူတို့ သိသွားရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ ကျွန်မကို နှင်ထုတ်ကြမှာပဲ။”
လုချန်း
“ဒါဆိုရင် ခင်ဗျား ပိုပြီးတော့တောင် စိတ်ပူစရာ မလိုတော့ဘူးပေါ့”
အမှန်အတိုင်း ပြောရလျှင် ရှုကျင့်ရှူး လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မ ဖြစ်လာနိုင်လိမ့်မည်ဟု လုချန်း တကယ် မယုံကြည်ပေ။ ယွမ်ချင်းရှုသည်ပင် သူနှင့် ပတ်သက်မိ၍ ဖြူစင်မှု ပျောက်ဆုံးသွားသောကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။
ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲတွင် သူ၏ ရင်သွေးပင် ရှိနေပြီ ဖြစ်ရာ သူမ သူတော်စင်မ ဖြစ်ရန်က ပို၍ပင် မဖြစ်နိုင်ပေ။
သူတော်စင်မ အလားအလာ ရှိသည်ဟု စမ်းသပ်ခံရပြီးနောက် ရှုကျင့်ရှူးသာ ထွက်ပြေးခဲ့လျှင် လျှို့ဝှက်လဝန်း ကျောင်းတော်က လူလွှတ်၍ လိုက်လံ ဖမ်းဆီးမှာ ဖြစ်ကြောင်းကို လုချန်း နားလည်းထား၏။
သူတို့သည် အလယ်ပိုင်း နယ်မြေသို့ ရောက်ကာစ ဖြစ်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် မည်သည့်နေရာသို့ ပြေးပြေး အဖမ်းခံရမည်မှာ သေချာလှသည်။ နေရာအနှံ့ ပုန်းရှောင်နေရမည့်အစား ရှုကျင့်ရှူးတွင် ကိုယ်ဝန်ရှိနေကြောင်းကို လျှို့ဝှက်လဝန်း ကျောင်းတော်က လူများကို သိစေလိုက်ခြင်းက ပိုကောင်းသည်။
ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်က ရှုကျင့်ရှူးကို သူတော်စင်မ မြှောက်ရန် အလိုအလျောက် လက်လျှော့သွားပေလိမ့်မည်။
ရှုကျင့်ရှူးလည်း ယခုအချိန်တွင် တစ်လှမ်းချင်းသာ မီးစင်ကြည့်ကရန် တွေးလိုက်မိ၏။ သူမကို လာရောက် ခေါ်ဆောင်မည့်သူမှာ နတ်ဘုရင် တစ်ပါးသာ ဖြစ်ပါစေဟု သူမ ဆုတောင်းနေမိသည်။
နတ်ဘုရင် တစ်ပါးသာ ဖြစ်ပါက သူမ၏ မိစ္ဆာနတ် အသွင်ကို ရိပ်မိမည် မဟုတ်ပေ။ ထို့နောက် ထိုသူကို သူမ ကိုယ်ဝန်ရှိနေကြောင်း တိုက်ရိုက် ပြောလိုက်လျှင် သူမအား လွှတ်ပေးကောင်း လွှတ်ပေးနိုင်သည်။
…..
ထိုအချိန်တွင်...
လျှို့ဝှက်လဝန်း ကျောင်းတော်၏ ထျန်းရန်တောင်ထိပ်တွင်။
နန်းဆောင်တစ်ခုအတွင်း အရွယ်အစား အမျိုးမျိုးရှိသော မှန်ချပ်ပေါင်း အမြောက်အမြား ရှိနေ၏။ ထိုမှန်ချပ်များ အားလုံးတွင် သိမ်မွေ့ပျော့ပျောင်းသော ပုံစံရှိသည့် အမျိုးသားတစ်ဦး၏ ပုံရိပ်များ ထင်ဟပ်နေသည်။
ထိုအခိုက်အတန့်တွင် သိမ်မွေ့သော ပုံစံရှိသည့် ထိုအမျိုးသားသည် မှန်သားမျက်နှာပြင်များဖြင့် ပြုလုပ်ထားသော ကုလားထိုင်ပေါ်တွင် မှီလျက် ထိုင်နေ၏။ မှန်များ၏ အလင်းပြန်မှုကြောင့် ခန်းမကြီးအတွင်းရှိ အလင်းရောင်မှာ အဆောက်အဦးအတွင်းဖြစ်သော်လည်း နေရောင်အောက်သို့ ရောက်နေသကဲ့သို့ အလွန်ပင် တောက်ပနေသည်။
ထိုစဉ် နတ်ဘုရင် ထျန်းမှန်၏ အရှေ့ရှိ မှန်ချပ်ပေါ်တွင် နတ်စွမ်းအား လှိုင်းတစ်ခု ဖြတ်သန်းသွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရင် ရွှမ်ယို၏ ပုံရိပ် မှန်ထဲတွင် ပေါ်လာသည်။
နတ်ဘုရင် ထျန်းမှန်က ခပ်အေးအေးပင်
“မြို့တော်ဝန် ရွှမ်ယို... ဘာအကြောင်းကိစ္စ ရှိလို့လဲ”
နတ်ဘုရင် ရွှမ်ယိုက စိတ်လှုပ်ရှားစွာဖြင့်
“သခင် ရှိပါသလား။ ကျုပ်မှာ သခင်နဲ့ ကိုယ်တိုင် တွေ့ဆုံပြီး ပြောပြရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ။”
လျှို့ဝှက်လဝန်း ကျောင်းတော်သည် အလယ်ပိုင်း နယ်မြေတွင် အင်အားအကြီးဆုံး ဖြစ်ပြီး နတ်မြို့ အမြောက်အမြားကို အုပ်ချုပ်ထား၏။ နတ်ဘုရင် ရွှမ်ယိုသည် နတ်ဘုရင် တစ်ပါး ဖြစ်သော်လည်း သူသည် နတ်မြို့တ တစ်မြို့၏ မြို့တော်ဝန်မျှသာ ဖြစ်သည်။
နတ်ဘုရင်တိုင်း၌ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အတွင်းစည်း အကြီးအကဲများနှင့် တိုက်ရိုက် ဆက်သွယ်ခွင့် မရှိကြပေ။
နတ်ဘုရင် ရွှမ်ယိုကဲ့သို့ အပြင်စည်း နတ်ဘုရင်တစ်ဦးသည် နတ်သခင် ကောင်းကင်နှင့် ဆက်သွယ်ရန်အတွက် လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အခြားသော နတ်ဘုရင်များကို အားကိုးရသည်။
နတ်ဘုရင် ရွှမ်ယို၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လျှင် နတ်ဘုရင် ထျန်းမှန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက
“သခင်က တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတယ်။ ခင်ဗျားမှာ ပြောစရာ ရှိတာကို ကျုပ်ကိုပဲ ပြောပါ။”
ထိုစကားကို ကြားလျှင် နတ်ဘုရင် ရွှမ်ယို ခဏခန့် တွန့်ဆုတ်သွား၏။ အကြောင်းကိစ္စသည် အလွန်ပင် ကြီးမားလှသဖြင့် မူအရ နတ်သခင်ကို တိုက်ရိုက် အစီရင်ခံခြင်းက ပို၍ ကောင်းသည်။ သို့သော်လည်း ဤသတင်းကို အခြားသူများ သိသွားမည်ကို နတ်ဘုရင် ရွှမ်ယို စိုးရိမ်နေမိ၏။
အခြားသော အုပ်စုများမှ လူများသာ ရှုကျင့်ရှူး၏ တည်ရှိမှုကို သိသွားပါက သူမကို လုပ်ကြံရန် ကြိုးစားကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ထိုသို့ဆိုပါက သူကဲ့သို့ နတ်ဘုရင် တစ်ပါး အနေနှင့် သူမကို အကာအကွယ် ပေးနိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဘုရင် ထျန်းမှန်သည် နတ်သခင် ကောင်းကင်၏ အုပ်စုတွင် ယုံကြည်ရသော နတ်ဘုရင် တစ်ပါး ဖြစ်သဖြင့် သူ့ကို ယုံကြည်၍ ရသည်။
ထိုအချက်ကို စဉ်းစားပြီးနောက် နတ်ဘုရင် ရွှမ်ယိုက
“တာဝန်ခံ ထျန်းမှန်... ကျုပ်တို့ နတ်မြို့တော်မှာ သူတော်စင်မ စမ်းသပ် ကျောက်တုံးကို လင်းစေနိုင်တဲ့ အမျိုးသမီးတစ်ဦးကို ရှာတွေ့ထားပါတယ်။”
ထိုစကားကို ကြားလျှင် နတ်ဘုရင် ထျန်းမှန်လည်း ထိုင်နေရာမှ ချက်ချင်းပင် ထရပ်လိုက်၏။
နတ်ဘုရင် ထျန်းမှန်က
“ဘာ... ခင်ဗျားက စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ သူတော်စင်မ တစ်ယောက်ကို ရှာတွေ့ခဲ့တယ် ဟုတ်လား။”
နတ်ဘုရင် ထျန်းမှန်၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်လျှင် နတ်ဘုရင် ရွှမ်ယို ကျေနပ်သွားကာ
“ဟုတ်ပါတယ်”
ဟု ဖြေလိုက်၏။
နတ်ဘုရင် ထျန်းမှန်၏ အမူအရာကို ကြည့်ရင်း နတ်ဘုရင် ရွှမ်ယို၏ စိတ်ထဲတွင် ကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူတို့ နှစ်ဦးလုံးသည် နတ်ဘုရင်များ ဖြစ်ကြသော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်ဘုရင်သည် နတ်မြို့ မြို့တော်ဝန်ထက် အဆင့်အတန်း ပိုမြင့်သည်။
စောစောက သူ စကားစပြောစဉ်တွင် နတ်ဘုရင် ထျန်းမှန်သည် ထိုင်မြဲအတိုင်း ထိုင်နေပြီး မောက်မာသော ပုံစံ ရှိနေခဲ့၏။ ယခုတော့ သူတော်စင်မ သတင်းကို ကြားလျှင် ငြိမ်ငြိမ်မနေနိုင်တော့ပေ။
ထိုအမျိုးသမီးသာ သူတော်စင်မအဖြစ် အတည်ပြုခံရပါက သူလည်း လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ပြောင်းရွှေ့ရမှာ သေချာသည်ဟု နတ်ဘုရင် ရွှမ်ယို တွေးလိုက်မိ၏။
သူ၏ နတ်မြို့သည် လျှို့ဝှက်လဝန်း ကျောင်းတော်အောက်တွင် ရှိသော်လည်း နတ်မြို့ မြို့တော်ဝန် တစ်ဦး ရရှိသော ကျင့်စဉ် အရင်းအမြစ်မှာ နန်းတော်ရှိ နတ်ဘုရင်များ ရရှိသည်နှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှ၏။
နတ်ဘုရင် ထျန်းမှန်က မျက်မှောင်ကြုတ်လျက်
“မြို့တော်ဝန် ရွှမ်ယို... အဲဒီ စမ်းသပ် ကျောက်တုံးက တကယ်ပဲ လင်းသွားတာ သေချာရဲ့လား။ တစ်ခုခု မှားနေတာမျိုး မဟုတ်ဘူးလား”
ဟု အတည်ပြုရန် ထပ်မေးလိုက်၏။
နတ်ဘုရင် ရွှမ်ယိုက
“တာဝန်ခံ ထျန်းမှန်... ဘာကို ဆိုလိုတာလဲ။ ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ။ စမ်းသပ် ကျောက်တုံး လင်းထိန်သွားတယ်ဆိုတာ သူတော်စင်မ ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာကို ပြနေတာပဲ မဟုတ်ဘူးလား။”
နတ်ဘုရင် ထျန်းမှန်က
“ကျုပ် ဆိုလိုတာက... အဲဒီ စမ်းသပ် ကျောက်တုံးက အခြားတစ်ခုနဲ့ ရောသွားတာမျိုး ဖြစ်နိုင်မလားလို့ပါ။”
နတ်ဘုရင် ရွှမ်ယိုက နတ်ဘုရင် ထျန်းမှန်ကို မကျေမနပ် ကြည့်လိုက်မိ၏။
သူ ဆဲပင် ဆဲလိုက်ချင်တော့သည်။
နတ်ဘုရင် ထျန်းမှန် သူ၏ အောင်မြင်မှုကို မနာလိုဖြစ်နေသည်ဟုလည်း သူ သံသယ ဝင်သွားတော့၏။
…………
အခန်း( ၁၇၁၂ )
နတ်ဘုရင် ထျန်းမှန်၏ အစီအစဉ်
နတ်ဘုရင် ရွှမ်ယိုသည် သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်
“ကျုပ်တို့ နှစ်ကြိမ်တောင် စမ်းသပ်ခဲ့တာပါ။ မတူညီတဲ့ စမ်းသပ် ကျောက်တုံး နှစ်တုံးကို သုံးခဲ့တာမို့ လွဲစရာ အကြောင်းမရှိပါဘူး။ တာဝန်ခံ ထျန်းမှန် စိတ်မပူပါနဲ့။”
နတ်ဘုရင် ရွှမ်ယိုထံမှ အတည်ပြုချက် ရပြီးနောက် နတ်ဘုရင် ထျန်းမှန်က ချက်ချင်းပင်
“ဒါဆိုရင် သူ့ကို သေချာ စောင့်ရှောက်ထားပါ။ ကျုပ် အခုပဲ ရွှမ်ယို နတ်မြို့ကို လာခဲ့မယ်။”
နတ်ဘုရင် ရွှမ်ယိုက
“ကောင်းပါပြီ။ ဒါဆိုရင် တာဝန်ခံ ထျန်းမှန်ကို အလုပ်ရှုပ်စေမိပြီ။”
နတ်ဘုရင် ရွှမ်ယို၏ စကားဆုံးသည်နှင့် သူ၏ ပုံရိပ် မှန်ထဲမှ ပျောက်ကွယ်သွား၏။ အဆက်အသွယ် ပြတ်တောက်သွားသည်နှင့် နတ်ဘုရင် ထျန်းမှန်၏ မျက်နှာလည်း ချက်ချင်းပင် လေးနက်သွား၏။
သူက
“ထျန်းရန်တောင်ထိပ်ရဲ့ ကံတရားက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကောင်းနေရတာလဲ။ အစတုန်းက ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်တဲ့ သူတော်စင်မ နှစ်ယောက် ရှိခဲ့ပြီးပြီ။ အခု နောက်ထပ် တစ်ယောက် ထပ်ပေါ်လာပြန်ပြီ”
ဟု တစ်ဦးတည်း ရေရွတ်လိုက်၏။
နတ်ဘုရင် ရွှမ်ယိုသည် ထျန်းရန်တောင်ထိပ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ရွှမ်ယို နတ်မြို့မှာလည်း နတ်သခင် ကောင်းကင်၏ လက်အောက်တွင် ရှိသဖြင့် ဤသူတော်စင်မကို လျှို့ဝှက်လဝန်းကျောင်းတော်သို့ ခေါ်ဆောင်သွားလျှင် ထိုအကျိုးဆောင်မှုမှာ ထျန်းယန်တောင်ထိပ်၏ စွမ်းဆောင်မှု ဖြစ်ပေလိမ့်မည်။
ထျန်းရန်တောင်ထိပ်တွင် စိမ့်ဝင်နေသော စတုတ္ထအကြီးအကဲ၏ သူလျှိုတစ်ဦးအနေနှင့် ထိုနေရာတွင် နောက်ထပ် သူတော်စင်မတစ်ဦး ပေါ်ထွက်လာသည်ကို သဘာဝအတိုင်းပင် နတ်ဘုရင် ထျန်းမှန် မလိုလားပေ။
ဤသူတော်စင်မကို သတ်ပစ်ရမလား သို့မဟုတ် စတုတ္ထအကြီးအကဲ၏ ရွေးချယ်ခံ သူတော်စင်မအဖြစ် စေလွှတ်ရမလားဆိုသည်ကို နတ်ဘုရင် ထျန်းမှန် အလေးအနက် စဉ်းစားနေ၏။
ယွမ်ယုတိ လျှို့ဝှက်လဝန်းကျောင်းတော်မှ ထွက်ခွာသွားပြီးကတည်းက သူတို့သည် သူတော်စင်မ အမြောက်အမြားကို ရွေးချယ်ခဲ့သော်လည်း မည်သူမှ ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကို မကျင့်ကြံနိုင်ခဲ့ကြသဖြင့် ထိုသူတော်စင်မများလည်း မကြာမီမှာပင် ရာထူးမှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။
ထိုသို့ဖြင့် ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်သော သူတော်စင်မတစ်ဦးကို ရှာဖွေရန် မလွယ်ကူကြောင်း သူတို့ သဘောပေါက်ခဲ့ကြသည်။
နတ်ဘုရင် ထျန်းမှန် ခဏခန့် စဉ်းစားလိုက်ပြီးနောက် ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူကာ သူတော်စင်မ အသစ်ကို ရှာတွေ့သည့် သတင်းကို ပေးပို့လိုက်၏။
သူမကို နဂါးပုန်းတောင်ထိပ်သို့ ပို့ဆောင်ရန် အစီအစဉ်ကို ပြောပြကာ ဆွဲပြားမှ မည်သို့ တုံ့ပြန်လာမည်ကို စောင့်ဆိုင်းနေ၏။
နောက်တစ်ခဏတွင် ကျောက်စိမ်းဆွဲပြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင်
“ခွင့်ပြုသည်”
ဟူသော စာလုံး ပေါ်လာသည်ကို မြင်လျှင် နတ်ဘုရင် ထျန်းမှန်လည်း ရွှမ်ယို နတ်မြို့သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
နတ်ဘုရင် ထျန်းမှန်သည် ဤသူတော်စင်မကို စတုတ္ထအကြီးအကဲ ရှိရာ နဂါးပုန်းတောင်ထိပ်သို့ ခေါ်ဆောင်သွားပါက သူသည် ထျန်းယန်တောင်ထိပ်ကို သစ္စာဖောက်ရာ ရောက်မည်ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လာရန် သို့မဟုတ် သူလျှိုအလုပ်ကို ဆက်လုပ်ရန် မဖြစ်နိုင်တော့ကြောင်း သိထားသည်။
သို့သော် သူလျှိုတစ်ယောက်နှင့် သူတော်စင်မတစ်ယောက်ကို လဲလှယ်ခြင်းက နဂါးပုန်းတောင်ထိပ်အတွက် ဘာမှ ဆုံးရှုံးစရာ မရှိပေ။
နတ်သခင် ကောင်းကင်က သူ၏ သစ္စာဖောက်မှုကို သိသွားလျှင်ပင် သူသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ နတ်ဘုရင် တစ်ပါး ဖြစ်နေဆဲ ဖြစ်သောကြောင့် သူ့ကို အလွယ်တကူ အရေးယူရဲမည် မဟုတ်ပေ။
လျှို့ဝှက်လဝန်းကျောင်းတော်တွင် နတ်ဘုရင် အမြောက်အမြား ရှိသော်လည်း နတ်သခင် အနေနှင့် စိတ်တိုင်းကျ သတ်ဖြတ်နိုင်လောက်အောင် အလွန်အကျွံ များပြားနေခြင်း မဟုတ်ပေ။
ထို့ပြင် နန်းတော်ကို သစ္စာမဖောက်သရွေ့ အဖွဲ့အစည်း အချင်းချင်းကြား သစ္စာဖောက်မှုမျိုးက သည်းခံနိုင်သော အခြေအနေတွင် ရှိသည်။
လျှို့ဝှက်လဝန်းကျောင်းတော်အတွင်းရှိ အုပ်စုများအကြား ခြေထိုးမှုများက မကြာခဏ ဖြစ်လေ့ရှိသော်လည်း မည်သို့ပင် ခြေထိုးကြစေကာမူ သူတို့သည် လျှို့ဝှက်လဝန်းကျောင်းတော်၏ အစိတ်အပိုင်းများ ဖြစ်နေဆဲ ဖြစ်သောကြောင့် ကျောင်းတော်သခင်က မည်သည့်အခါမှ ကြားဝင် စွက်ဖက်ခြင်း မရှိပေ။
နတ်ဘုရင် ထျန်းမှန် ထျန်းယန်တောင်ထိပ်မှ ထွက်ခွာသွားသည်နှင့် တောင်ထိပ်ပေါ်ရှိ ချောက်ကမ်းပါးယံတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော နတ်သခင် ကောင်းကင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်၏။
နတ်ဘုရင် ထျန်းမှန် ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း သူမက
“သူ ထျန်းယန်တောင်ထိပ်ကနေ မထွက်တာ ကြာပြီ၊ နဂါးပုန်း နတ်သခင်က သူ့ကို တာဝန်တစ်ခုခု ပေးလိုက်ပုံပဲ”
ဟု သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
နတ်သခင် တစ်ပါး ဖြစ်လာသူတိုင်းမှာ လူအ မဟုတ်ကြပေ။ အားလုံးသည် ပါးနပ်ကြသူများ ဖြစ်ကြ၏။
နတ်သခင် ကောင်းကင်သည်လည်း ချွင်းချက် မဟုတ်ပေ။
နတ်ဘုရင် ထျန်းမှန်သည် စတုတ္ထအကြီးအကဲ နဂါးပုန်း နတ်သခင်၏ လူဖြစ်ကြောင်း သူမ သိနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။ သို့သော် သူက သူမကို ဘာပြဿနာမှ မပေးခဲ့ပေ။ ကောင်းကင်တောင်ထိပ်တွင် သူလျှိုဝင်နေရုံသာ ဖြစ်သောကြောင့် သူမကလည်း ဂရုမစိုက်ခဲ့ပေ။
သူမသည် နှစ်ပေါင်း ကုဋေချီအတွင်း အသစ်ပေါ်ထွက်လာသော နတ်သခင် တစ်ပါး ဖြစ်ပြီး ယခုအခါ အတွင်းစည်း အကြီးအကဲ တစ်ဦး ဖြစ်သော်လည်း လျှို့ဝှက်လဝန်းကျောင်းတော်တွင် သူမ၏ အဆင့်အတန်းမှာ မမြင့်မားလှသလို သူမ လက်အောက်တွင် နတ်ဘုရင် အနည်းငယ်သာ ရှိသဖြင့် အင်အား အနည်းဆုံး ဖြစ်ရာ နဂါးပုန်း နတ်သခင်က ဘာကြောင့် နတ်ဘုရင် ထျန်းမှန်ကို ကောင်းကင်တောင်ထိပ်တွင် ထားရသနည်းဆိုတာကို သူမ အမြဲတမ်း သိချင်နေခဲ့သည်။
သူမ၏ လက်ရှိ စွမ်းအားဖြင့် ကျောင်းတော်သခင် နေရာအတွက် ပြိုင်ဆိုင်ရန် မဖြစ်နိုင်သလို လက်ရှိ ကျောင်းတော်သခင်မှာလည်း အစွမ်းကုန် တောက်ပနေချိန် ဖြစ်သောကြောင့် ထိုသို့ ပြိုင်ဆိုင်ရန် အချိန် မဟုတ်သေးပေ။
ထို့ကြောင့် သူမ၏ တောင်ထိပ်တွင် သူလျှို နတ်ဘုရင် တစ်ပါး ထားရှိခြင်းက ထူးဆန်းနေသည်။
နဂါးပုန်း နတ်သခင်၏ ရည်ရွယ်ချက်ကို နားလည်နိုင်ရန်အတွက် နတ်ဘုရင် ထျန်းမှန်၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ရန် ဖော်ထုတ်ခြင်း မပြုပဲ ထားခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရင် ထျန်းမှန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော်လည်း ယခု ကောင်းကင်တောင်ထိပ်မှ ရုတ်တရက် ထွက်ခွာသွားခြင်းက တစ်ခုခုကို ရည်ရွယ်နေရမည် ဖြစ်၏။ ထို့နောက် နတ်သခင် ကောင်းကင်သည် ကြယ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
နတ်သခင် ကောင်းကင်က သူ့နောက်သို့ လိုက်လာသည်ကို နတ်ဘုရင် ထျန်းမှန် မသိသလို နတ်သခင် တစ်ပါးက နတ်ဘုရင် တစ်ပါးနောက်သို့ လိုက်ရန် အချိန်ဖြုန်းလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထားပေ။
တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများက နတ်မြို့တော်များနှင့် လျှို့ဝှက်လဝန်းကျောင်းတော်ကို တိုက်ရိုက် ချိတ်ဆက်ထားသဖြင့် ညနေပိုင်း ရောက်သောအခါ နတ်ဘုရင် ထျန်းမှန်လည်း ရွှမ်ယို နတ်မြို့တော်သို့ ရောက်ရှိသွား၏။
နတ်ဘုရင်အဆင့် ဖိအားတစ်ခုကို နတ်ဘုရင် ရွှမ်ယို ခံစားလိုက်ရလျှင် နတ်ဘုရင် ထျန်းမှန် ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်ပြီး နန်းတော်အပြင်ဘက်သို့ ချက်ချင်း ထွက်သွားလိုက်၏။
ထို့နောက် နတ်ဘုရင် ထျန်းမှန် သူ၏ ရှေ့တွင် ပေါ်လာတော့သည်။
နတ်ဘုရင် ထျန်းမှန်က အချိန်ဆွဲမနေပဲ
“သူတို့ ဘယ်မှာလဲ”
ဟု တိုက်ရိုက် မေးလိုက်၏။
နတ်ဘုရင် ထျန်းမှန်၏ အမူအရာကို ကြည့်ရင်း နတ်ဘုရင် ရွှမ်ယို မကျေမနပ် ဖြစ်မိသော်လည်း ဘာမှ မပြောခဲ့ပေ။
ထိုအမျိုးသမီးသာ သူတော်စင်မ ဖြစ်လာပြီး လျှို့ဝှက်လဝန်းကျောင်းတော်သို့ ဝင်ရောက်သွားပါက သူမ၏ အဆင့်အတန်း သူ့ထက် သာလွန်သွားမှာ သေချာသည်ဟုသာ တွေးနေ၏။
ထို့ပြင် ရှုကျင့်ရှူးသည် နောက်ပိုင်းတွင် ကျေးဇူးသိတတ်သည့်အနေနှင့် သူ့ကို ရာထူးတိုးပေးလိမ့်မည်ဟု သူ ယုံကြည်နေသည်။ နတ်ဘုရင် ထျန်းမှန်ထက် ပိုမြင့်သော အဆင့်အတန်းကို ရရှိလာလျှင် သူ လက်စားချေနိုင်မည် ဖြစ်သည်။
ထိုသို့ တွေးတောရင်း နတ်ဘုရင် ရွှမ်ယိုက
“ကျုပ်နောက် လိုက်ခဲ့ပါ”
နောက်တစ်ခဏတွင် နတ်ဘုရင် ရွှမ်ယိုသည် ရှုကျင့်ရှူးနှင့် လုချန်းတို့ နေထိုင်ရာ နန်းဆောင်သို့ နတ်ဘုရင် ထျန်းမှန်ကို ခေါ်ဆောင်သွားသည်။
တစ်စုံတစ်ဦးက သူတို့အတွက် မကြာမီ ရောက်လာမည်ကို သိထားသဖြင့် လုချန်းတို့ ယနေ့တွင် ရင်းနှီးကျွမ်းဝင်မှု မပြုခဲ့ကြပေ။
အစွမ်းထက်သော အရှိန်အဝါ နှစ်ခုကို ခံစားလိုက်ရလျှင် ပင်မခန်းမသို့ လုချန်းတို့ ချက်ချင်း ထွက်လာခဲ့ကြသည်။
နတ်ဘုရင် ထျန်းမှန်က ရှုကျင့်ရှူးကို တစ်ချက်ကြည့်လိုက်ပြီး
“ဒါ ခင်ဗျားပြောတဲ့ အမျိုးသမီးလား”
ဟု နတ်ဘုရင် ရွှမ်ယိုကို မေးလိုက်၏။
နတ်ဘုရင် ရွှမ်ယိုက
“ဟုတ်ပါတယ်”
စကားများများစားစား မပြောပဲ နတ်ဘုရင် ထျန်းမှန်က ခရမ်းရောင် ကျောက်တုံးတစ် တုံးကို ထုတ်ယူလိုက်ရာ ထိုကျောက်တုံး ရှုကျင့်ရှူးထံသို့ ပျံသန်းသွား၏။
“ဒါကို ကိုင်ထားပြီး ခင်ဗျားရဲ့ နတ်စွမ်းအားကို သုံးလိုက်။”
ရှုကျင့်ရှူးသည် သူတော်စင်မ အလားအလာရှိသူ ဖြစ်နိုင်ကြောင်း သိထားသော်လည်း သူ အတည်ပြုရန် လိုအပ်သေးသည်။
ရှုကျင့်ရှူးက တွန့်ဆုတ်မနေပဲ စမ်းသပ် ကျောက်တုံးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ရာ ချက်ချင်းပင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့သည်။
ဤအရာကို မြင်လျှင် နတ်ဘုရင် ထျန်းမှန် အလွန် စိတ်လှုပ်ရှားသွား၏။
ထိုအရာက အမှန်ပင် ဖြစ်၏။
ဤသူတော်စင်မသည် နဂါးပုန်းတောင်ထိပ်မှ သူတော်စင်မဖြစ်လာတော့မည်။
နတ်ဘုရင် ထျန်းမှန်သည် နတ်ဘုရင် ရွှမ်ယိုကို ကြည့်ရင်း သူ၏ မျက်လုံးများ အရောင်တောက်လာသည်။
သူတို့၏ ရည်မှန်းချက်များ အချည်းနှီးသာ ဖြစ်တော့မည်ဟု တွေးကာ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုလည်း ပေါ်လာခဲ့၏။
သူ ဤအမျိုးသမီးကို နဂါးပုန်းတောင်ထိပ်သို့ ခေါ်သွားပါက သူတော်စင်မကို ရှာဖွေတွေ့ရှိသည့် စွမ်းဆောင်မှုက သူ၏အပိုင် ဖြစ်ပေလိမ့်မည်။
နတ်ဘုရင် ထျန်းမှန်က ထိုသို့ တွေးတောနေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ရှိနေသူအားလုံး ရုတ်တရက် ခံစားလိုက်ရသည်။
ဤဖိအားကို ခံစားလိုက်ရသဖြင့် နတ်ဘုရင် ထျန်းမှန်၏ မျက်နှာ ချက်ချင်းပင် ပျက်သွား၏။
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...
ဤအရှိန်အဝါသည် သူ့အတွက် အလွန်ပင် ရင်းနှီးနေပြီး နောက်တစ်ခဏတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ခန်းမအတွင်း၌ ပေါ်လာတော့သည်။
…………
အခန်း (၁၇၁၃)
နတ်သခင် ကောင်းကင်ရောက်လာခြင်း
သူမသည် ဝတ်ရုံဖြူကို လှပစွာ ဝတ်ဆင်ထားပြီး သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ဆံနွယ်ရှည်များမှာ ခါးအထိ ဝဲကျနေ၏။ သူမ၏ အလှသည် အနှိုင်းမဲ့ဖြစ်ကာ အေးစက်သော ပါးပြင်များမှ နှင်းခဲအငွေ့အသက်များ ထွက်ပေါ်နေ၏။
သူမ ရောက်ရှိလာသည်နှင့် ခန်းမတစ်ခုလုံး လည်း နှင်းခဲလွှာပါးလေးများ ဖုံးလွှမ်းသွား၏။
ထိုအမျိုးသမီး ပေါ်လာသည်နှင့် စနစ်မျက်နှာပြင်လည်း ပေါ်ထွက်လာ၏။
[အမည် : နတ်သခင် ကောင်းကင်]
[အချက်အလက်: လျှို့ဝှက်လဝန်းကျောင်းတော်၏ အတွင်းစည်းဂိုဏ်း အကြီးအကဲ၊ ယွမ်ချင်းရှု၏ ဆရာ။ သူလျှိုဖြစ်သူ နတ်ဘုရင် ထျန်းမှန် သူမ၏ တောင်ထိပ်မှ ထွက်ခွာသွားသည်ကို သိပြီးနောက် သူလက်ခံရရှိထားသည့် တာဝန်ကို စူးစမ်းလိုသဖြင့် နောက်မှ လိုက်လာခဲ့သည်။ မမျှော်လင့်ပဲ စမ်းသပ်ကျောက်တုံးကို အသက်သွင်းနိုင်သည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိသွား၏။ သူမသည် ရှုကျင့်ရှူးအား လျှို့ဝှက်လဝန်းကျောင်းတော်သို့ ခေါ်ဆောင်သွားပြီး ယွမ်ယုတိ၏ နေရာတွင် အစားထိုးရန်၊ ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံစေရန်နှင့် နတ်ဧကရာဇ် ယူလန်၏ ကန့်သတ်ချက်များ ချိုးဖျက်နိုင်ရန်အတွက် သိမ်းပိုက်မည့် ကိုယ်ထည်အဖြစ် ရှုကျင့်ရှူးကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ထားသည်။]
[ရမှတ် :၁၀၀]
[နှစ်သက်မှု: ၂၀]
နတ်သခင် ကောင်းကင်၏ အချက်အလက်များကို မြင်လျှင် ရှုကျင့်ရှူးကို ခန္ဓာသိမ်းပိုက်မည့် ကိုယ်ထည်အဖြစ် ပြုစုပျိုးထောင်မည်ဟူသော အချက်ကြောင့် လုချန်း မှင်တက်သွား၏။ လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မမှာ သူတော်စင်မ အစစ်အမှန်မဟုတ်ပဲ နတ်ဧကရာဇ်တစ်ပါးအတွက် ပြုစုပျိုးထောင်ထားသည့် ခန္ဓာသိမ်းပိုက်ခံ ကိုယ်ထည်သက်သက်သာ ဖြစ်နေသလား။
ထိုအရာကို တွေးမိသည်နှင့် ယွမ်ချင်းရှုနှင့် ယွမ်ယုတိတို့ လျှို့ဝှက်လဝန်းကျောင်းတော်မှ စောစောစီးစီး ထွက်ခွာခဲ့ကြသဖြင့်သာ တော်သေးသည်ဟု လုချန်း တွေးလိုက်မိ၏။ မဟုတ်ပါက သူ၏ အမျိုးသမီးနှစ်ယောက်သည် ထိုနတ်ဧကရာဇ် ယူလန်၏ သိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။
ထို့ပြင် ထျန်းရန်နတ်ဘုရားနယ်မြေတွင် ရွှမ်ချင်းယွမ်မှလွဲ၍ အခြားနတ်ဧကရာဇ် မရှိဟု သူ အရင်က ထင်မှတ်ခဲ့သော်လည်း ယခုတော့ အခြားတစ်ပါး ရှိနေသေးသည်။ နတ်ဧကရာဇ် ယူလန်အနေနှင့် အခြားသူ၏ ခန္ဓာအား သိမ်းပိုက်ရန် လိုအပ်နေခြင်းမှာ သူမ၏ သက်တမ်းကန့်သတ်ချက် နီးကပ်နေပြီဟု ဆိုလိုခြင်းဖြစ်၏။
သို့သော်လည်း နတ်ဧကရာဇ်တစ်ပါးအတွက် သက်တမ်း ကန့်သတ်ချက်ကို ချိုးဖျက်ခြင်းက လွယ်ကူလှသော အရာမဟုတ်ပေ။
နတ်ဧကရာဇ်တစ်ပါး သူ၏ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်နိုင်သည်ဟု သူတစ်ခါမှ မကြားဖူးခဲ့ပေ။
ခန္ဓာကိုယ် သိမ်းပိုက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ပေါ်သို့ နတ်အာရုံ စိမ့်ဝင်ပူးကပ်ခြင်းဖြစ်သော်လည်း နတ်ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များအတွက်တော့ ခန္ဓာကိုယ်က အထူးတလည် အရေးမပါဟု လုချန်း မြင်၏။
ခန္ဓာကိုယ် ဆိုသည်မှာ ၎င်းတို့ကိုယ်တိုင်ပင် ဖန်တီးယူနိုင်သည်မဟုတ်လား။
သူကိုယ်တိုင် ဖန်တီးထားသည့် ခန္ဓာကိုယ်ဖြစ်မှ သူနှင့် ပို၍ ကိုက်ညီကာ စိတ်ကြိုက်လည်း ပုံဖော်နိုင်သဖြင့် သိမ်းပိုက်ထားသည့် ခန္ဓာကိုယ်ထက် ပို၍ ကောင်းလိမ့်မည်။ အခြားသူ၏ ခန္ဓာကိုယ် မည်မျှပင် ကောင်းမွန်စေကာမူ သူကိုယ်တိုင် ဖန်တီးထားသည့် ခန္ဓာကိုယ်ကို မမီနိုင်ပေ။
လုချန်းသည် ခန္ဓာကိုယ် သိမ်းပိုက်ခြင်း အတတ်ပညာကို ကောင်းစွာ နားမလည်သဖြင့် နတ်ဧကရာဇ်တစ်ပါးက အဘယ်ကြောင့် ခန္ဓာသိမ်းပိုက်ရန် လိုအပ်သည်ကို သဘောမပေါက်နိုင် ဖြစ်နေ၏။ နတ်ဧကရာဇ်တစ်ပါး၏ ကန့်သတ်ချက်ဆိုသည်မှာ နတ်ဧကရာဇ်၏ နတ်အာရုံ ပြင်းထန်စွာ ဒဏ်ရာရခြင်းနှင့် မတူပေ။
အကယ်၍ နတ်ဧကရာဇ်တစ်ပါးသည် ၎င်း၏ နတ်အာရုံ ပြင်းထန်စွာ ဒဏ်ရာရရှိကာ စွမ်းအားများ ဆုံးရှုံးသွားပြီး အန္တရာယ်နှင့် ရင်ဆိုင်နေရလျှင်တော့ ခန္ဓာကိုယ်အသစ် ဖန်တီးရန် စွမ်းအားရှိနိုင်တော့မည် မဟုတ်ပေ။ အခြားသူအား သိမ်းပိုက်ခြင်းမှာ တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုဖြစ်၏။
သို့သော် စနစ်၏ အချက်အလက်များအရ နတ်သခင် ကောင်းကင်သည် နတ်ဧကရာဇ် ယူလန်၏ ကန့်သတ်ချက်ကို ချိုးဖျက်ရန်အတွက် သိမ်းပိုက်ရန် သင့်တော်မည့် ကိုယ်ထည်ကို ရှာဖွေနေခြင်း ဖြစ်သည်။ နတ်ဧကရာဇ်တစ်ပါး၏ ကန့်သတ်ချက် တကယ်နီးကပ်လာလျှင် ခန္ဓာကိုယ် ဘယ်လောက်များများ သိမ်းပိုက်သိမ်းပိုက် အကျိုးမရှိပေ။
အဘယ်ကြောင့်ဆိုသော် ကန့်သတ်ချက်မှာ နတ်အာရုံနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်ကဲ့သို့ မဟုတ်ပဲ နတ်အာရုံ ဆုတ်ယုတ်ပျက်စီးခြင်းကိုတော့ ပြန်လည်ကုစား၍ မရနိုင်ပေ။
လျှို့ဝှက်လဝန်းကျောင်းတော်က အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသည်ကို လုချန်း နားမလည်နိုင်သော်လည်း ဆက်လက်၍ တွေးမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ မကြာမီ လျှို့ဝှက်လဝန်းကျောင်းတော်သို့ သူတို့ ဝင်ရောက်ရတော့မည်ဖြစ်၏။ ထိုအခါတွင် အမှန်တရားကို သိရပေလိမ့်မည်။
ထိုခဏတွင် နတ်ဘုရင် ထျန်းမှန်က နတ်သခင် ကောင်းကင်ကို ကြောင်တောင်တောင် ကြည့်ရင်း
“တောင်... တောင်ထိပ်သခင်...”
“ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ...”
နတ်သခင် ကောင်းကင်က နတ်ဘုရင် ထျန်းမှန်ကို
“သူတော်စင်မ ဖြစ်နိုင်ခြေရှိတဲ့သူကို တွေ့ထားပြီး ကျွန်မကို အစီရင်ခံဖို့ မေ့နေတာလား။ နတ်ဘုရင် ထျန်းမှန်... ရှင် ဘာတွေ ကြံစည်နေတာလဲ။”
နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် ဘေးတွင် ရပ်နေသည့် နတ်ဘုရင် ရွှမ်ယိုမှာ ဆွံ့အသွား၏။
နတ်သခင် ကောင်းကင်သည် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေသည်ဟု နတ်ဘုရင် ထျန်းမှန်က ပြောခဲ့တာ မဟုတ်လား။
နတ်ဘုရင် ထျန်းမှန်သည် ဤစွမ််းဆောင်မှုကို သူတစ်ဦးတည်း ယူလိုသဖြင့် လိမ်ညာခဲ့ခြင်းဖြစ်ကြောင်း နတ်ဘုရင် ရွှမ်ယို ချက်ချင်းပင် သဘောပေါက်သွားပြီး
“သခင်... နတ်ဘုရင် ထျန်းမှန်က သခင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတယ်လို့ ကျုပ်ကို ပြောခဲ့တာပါ”
နတ်ဘုရင် ရွှမ်ယို ပြောပြီးသည်နှင့် နတ်သခင် ကောင်းကင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော နှင်းခဲအငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး နန်းတော်တစ်ခုလုံးကို နှင်းခဲဂူတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေ၏။
“တံခါးပိတ် ကျင့်စဉ်စခန်း ဟုတ်လား”
“နတ်ဘုရင် ထျန်းမှန်... တွေ့ရှိထားတာတွေကို ဖုံးကွယ်ထားပြီး ရှင် ဘာတွေ ကြံစည်နေတာလဲ”
ထိုအခိုက်အတန့်တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ လေထုထဲတွင် ပျံ့နှံ့နေသည်ကို နတ်ဘုရင် ထျန်းမှန် ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ အသတ်ခံရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သူ၏ အတွင်းစိတ်က သိလိုက်၏။
နတ်ဘုရင် ထျန်းမှန်က
“တောင်... တောင်ထိပ်သခင် ကျုပ်ကို အသက်ချမ်းသာပေးပါ။ ကျုပ် လောဘဇောတက်သွားမိလို့ သူတော်စင်မကို ရှာတွေ့တဲ့ ကောင်းမှုကို နတ်ဘုရင် ရွှမ်ယိုဆီကနေ လုယူချင်ခဲ့မိတာပါ။ ဒါကြောင့် သခင့်ကို မပြောခဲ့မိတာပါ။”
သူ သူလျှိုဖြစ်နေသည့် အချက်ကို ယခုလို အရေးကြီးသော အချိန်၌ ဖော်ထုတ်ခံရ၍ မဖြစ်ပေ။
အကယ်၍ နတ်သခင် ကောင်းကင်သာ သူ့အား သတ်ရန် ဆုံးဖြတ်လိုက်ပါက အလွန်ပင် လွယ်ကူလှ၏။ စွမ်းဆောင်မှုကို လုယူခြင်းမှာ လျှို့ဝှက်လဝန်းကျောင်းတော်တွင် အဆန်းမဟုတ်သဖြင့် နတ်သခင် ကောင်းကင်အနေနှင့် သူ့အား သံသယဝင်လိမ့်မည်မဟုတ်ဟု နတ်ဘုရင် ထျန်းမှန် ယုံကြည်နေ၏။
သို့သော် နတ်ဘုရင် ထျန်းမှန် စကားပြောပြီးသည်နှင့် သူမ၏ လက်တစ်ဖက်ကို နတ်သခင် ကောင်းကင် မြှောက်လိုက်ရာ သူ့အား နှင်းခဲရုပ်တုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေ၏။ နှင်းခဲရုပ်တု ဖြစ်မသွားမီ နတ်ဘုရင် ထျန်းမှန်၏ မျက်စိသူငယ်အိမ်များ သိသိသာသာ ကျုံ့ဝင်သွားပြီး နတ်သခင် ကောင်းကင်ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသား ကြည့်နေမိ၏။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က ခပ်အေးအေးဖြင့်
“စွမ်းဆောင်မှုကို လုယူတာ ဟုတ်လား။ ရှင် လုယူချင်ခဲ့တာကတော့ အမှန်ပဲ။ ဒါပေမဲ့ ရှင့် အတွက် မဟုတ်ဘူး... နဂါးပုန်းတောင်ထိပ် အတွက်ပဲ။”
နှင်းခဲရုပ်တု ဖြစ်နေသော်လည်း နတ်သခင် ကောင်းကင်၏ စကားများကို နတ်ဘုရင် ထျန်းမှန် ကြားနိုင်သေး၏။ သူသည် နဂါးပုန်းတောင်ထိပ်မှ နတ်သခင်၏ လူဖြစ်ကြောင်း သူမ သိနေသည်ကို သိလိုက်ရသောအခါ သူ၏ စိတ်နှလုံးထဲ မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
နတ်ဘုရင် ထျန်းမှန်သည် နဂါးပုန်းနတ်သခင်၏ လူဖြစ်ကြောင်း အစကတည်းက နတ်သခင် ကောင်းကင် သိထားပုံရသည်။ သို့သော် သူမ၏ တောင်ထိပ်တွင် သူဘာလုပ်ချင်နေသည်ကို သိလိုသဖြင့် မသိချင်ယောင် ဆောင်နေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတော်စင်မ အသစ်တစ်ဦးကို ရှာမတွေ့ခဲ့ပါက နတ်သခင် ကောင်းကင်အနေနှင့် သူ၏ သရုပ်မှန်ကို ဤမျှ လျင်မြန်စွာ ဖော်ထုတ်လိမ့်မည်မဟုတ်ပေ။
“သွားပြီ... ငါတော့ သေပြီပဲ”
ဟု နတ်ဘုရင် ထျန်းမှန် စိတ်ထဲမှ တွေးလိုက်မိ၏။
သို့သော် ထိုအခိုက်အတန့်တွင် သူမ၏ လက်တစ်ဖက်ကို နတ်သခင် ကောင်းကင် ဝှေ့ယမ်းလိုက်ရာ နတ်ဘုရင် ထျန်းမှန်ပေါ်ရှိ နှင်းခဲများ ကွဲအက်သွား၏။ သူမ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသောအခါ နတ်ဘုရင် ထျန်းမှန်က သူမကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်၏။
နတ်သခင် ကောင်းကင်က
“ကျွန်မတောင်ထိပ်က သူလျှိုအားလုံးကို ပြန်ခေါ်ဖို့နဲ့ သူတော်စင်မအပေါ် လောဘမတက်ဖို့ နဂါးပုန်းနတ်သခင်ကို သွားပြောလိုက်ပါ။”
“အကယ်၍ သူ အဲ့ဒီသူလျှိုတွေကို ပြန်မခေါ်ဘူးဆိုရင် ကျွန်မ ရက်စက်တာကို အပြစ်မတင်နဲ့တော့။”
နတ်သခင် ကောင်းကင်က သူ့အား အသက်ချမ်းသာပေးသည်ကို မြင်လျှင် နတ်ဘုရင် ထျန်းမှန်က
“ဟုတ်ကဲ့ပါ... နတ်သခင်ရဲ့ အမိန့်ကို နာခံပြီး သတင်းစကား ချက်ချင်း ပါးလိုက်ပါ့မယ်။”
ထိုသို့ပြောပြီးနောက် နတ်ဘုရင် ထျန်းမှန်လည်း ခန်းမထဲမှ ကမူးရှူးထိုး ထွက်ပြေးသွားတော့သည်။
လျှို့ဝှက်လဝန်းကျောင်းတော်တွင် နတ်ဘုရင်များစွာ ရှိသော်လည်း သူတို့ကို အလွယ်တကူ သတ်ဖြတ်ခြင်း မပြုကြပေ။
နတ်ဘုရင် ထျန်းမှန်သည် နဂါးပုန်းနတ်သခင်၏ လူဖြစ်သော်လည်း သူသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေသေးသည်မဟုတ်ပါလား။
ထို့ပြင် ကပ်ဘေးကြီး ဆိုက်ရောက်တော့မည့် အချိန်တွင် နတ်ဘုရင်များသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ အရေးပါသော ခုခံကာကွယ်သူများ ဖြစ်သဖြင့် ၎င်းတို့အား အလွယ်တကူ သတ်ပစ်၍ မဖြစ်ပေ။
နတ်ဘုရင် ထျန်းမှန် ထွက်သွားပြီးနောက် ရှုကျင့်ရှူးအပေါ် နတ်သခင် ကောင်းကင် အာရုံစိုက်လိုက်၏။
‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံနိုင်မည့်သူကို ဤမျှ လျင်မြန်စွာ ရှာတွေ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယခုတော့ ယွမ်ယုတိကို ပြန်ခေါ်ရန် မလိုအပ်တော့ပေ။
သို့သော် ထိုအချိန်တွင် နတ်သခင် ကောင်းကင်စိတ်ထဲ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသွား၏။ နတ်သခင်တစ်ပါး ဖြစ်သဖြင့် သူမ၏ အာရုံခံနိုင်စွမ်းမှာ နတ်ဘုရင်တစ်ပါးထက် များစွာ သာလွန်၏။
ရှုကျင့်ရှူး၏ ခန္ဓာကိုယ်အတွင်းမှ နှလုံးခုန်သံနှစ်ခုနှင့် နောက်ထပ် သက်ရှိအနှစ်သာရတစ်ခုကို သူမ တိကျစွာ ခံစားမိလိုက်ရ၏။
…………..