အခန်း (၁၇၁၄-၁၇၁၆)
Vol. 115 Ch. 1714-1716
အခန်း (၁၇၁၄)
မထင်ထားသည့် အပြောင်းအလဲ
နတ်သခင် ကောင်းကင်သည် မျက်မှောင်အသာကြုတ်လျက် ရှုကျင့်ရှူး၏ ကိုယ်ခန္ဓာကို နတ်အာရုံဖြင့် တိုက်ရိုက် စစ်ဆေးကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်း၌ အသက်ဇီဝအသစ်လေးတစ်ခု စတင်အခြေတည်နေပြီဖြစ်ကြောင်း သူမ တွေ့ရှိသွားသည်။
ထိုအသက်ဇီဝလေးသည် အင်္ဂါစုံလင်စွာ မဖွဲ့စည်းရသေးသော်လည်း အချိန်အတန်ကြာကတည်းက ရှိနေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။
နတ်သခင် ကောင်းကင်က ရှုကျင့်ရှူး၏ မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်လျက်
“ကိုယ်ဝန်ရှိနေတာ ဘယ်နှနှစ်ရှိပြီလဲ”
ထိုအရာကို ကြားလျှင် ဘေးတွင်ရှိနေသည့် နတ်ဘုရင် ရွှမ်ယိုလည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားတော့သည်။
ကိုယ်ဝန်ရှိနေတာ ဟုတ်လား။
ထိုအမျိုးသမီး၏ အပျိုစင်ဘဝ ပျက်စီးသွားပြီဟု ဆိုလိုခြင်းလား။
လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မဖြစ်ရန် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံရမည့်အပြင် အပျိုစင်စစ်စစ် ဖြစ်ရမည်ဟူသော ကန့်သတ်ချက်တစ်ခုလည်း ရှိနေသည်။
ပထမဆုံး သူတော်စင်မသည် အပျိုစင်ဘဝ ဆုံးရှုံးသွားသောကြောင့်ပင် ကျောင်းတော်မှ နှင်ထုတ်ခံခဲ့ရဖူး၏။
နတ်ဘုရင် ရွှမ်ယို စိတ်ထဲတွင်တော့ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတော်စင်မ ဖြစ်နိုင်မည့်သူကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သဖြင့် လျှို့ဝှက်လဝန်းကျောင်းတော် အတွင်းစည်းသို့ ဝင်ရောက်ကာ သူ၏ ရာထူးအရှိန်အဝါ တက်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမသည် အပျိုစင်မဟုတ်သည့်အပြင် ကိုယ်ဝန်ပင် ရှိနေသည်ဟု ယခု သိလိုက်ရသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာတတ်သော ဘဝ အနိမ့်အမြင့် အတက်အကျများသည် နတ်ဘုရင် ရွှမ်ယို အတွက် လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။
နတ်သခင် ကောင်းကင်က သူမ၏ ကိုယ်ဝန်ကို ချက်ချင်း မြင်သွားသည်ကို တွေ့လျှင် ရှုကျင့်ရှူး စိတ်ထဲ သက်ပြင်းအသာချလိုက်၏။ ထိုသို့ဆိုလျှင်တော့ လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မ မလုပ်ရတော့ဟု သူမ တွေးလိုက်မိသည်။
ထိုသို့တွေးတောရင်း ရှုကျင့်ရှူးက နတ်သခင် ကောင်းကင်ကို
“နတ်သခင်... ကျွန်မ ကိုယ်ဝန်ရှိတာ ဆယ်နှစ်နီးပါး ရှိပါပြီ။”
လွန်ခဲ့သည့် အချိန်များအတွင်း သူမနှင့် လုချန်း နတ်လှေပေါ်၌ ရှိနေခဲ့တာ အချိန်မည်မျှကြာသွားမှန်းပင်မသိ အတိအကျ မသိနိုင်တော့ပေ။ ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်၏ ကြီးထွားမှုကို ကြည့်ခြင်းအားဖြင့် ဆယ်နှစ်ခန့် ရှိပြီဟု ခန့်မှန်းရသည်။
ရှုကျင့်ရှူး၏ အဖြေကို ကြားလျှင် ယွမ်ယုတိကိုသာ ပြန်ရှာရတော့မည်ဟု နတ်သခင် ကောင်းကင် တွေးတောလိုက်၏။
နတ်ဧကရာဇ် ယူလန်အတွက် ပြည့်စုံသည့် ကိုယ်ထည်နှင့် စစ်မှန်သော ဝိညာဉ် လိုအပ်သည်။ ထိုအမျိုးသမီးသည် အပျိုစင်မဟုတ်သည့်အပြင် ကိုယ်ဝန်ပင် ရှိနေ၏။
နတ်တစ်ပါးအဖို့ ကိုယ်ဝန်ရရန် မလွယ်ကူလှသဖြင့် သူမနှင့် သူမ၏ ကျင့်ကြံဖော်တို့သည် အကြိမ်ကြိမ် ပေါင်းစပ်ခဲ့ကြဖူးကြောင်း ထင်ရှားလှပြီး သူမ၏ ဝိညာဉ်မှာလည်း အညစ်အကြေးများ စွန်းထင်နေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။ ယွမ်ယုတိသည် လျှို့ဝှက်လဝန်းကျောင်းတော်မှ ထွက်ခွာသွားခဲ့တာ ကြာပြီဖြစ်ရာ သူမတွင်လည်း အဖော် ရှိနေနိုင်ပြီလား ဟူ၍ဖြစ်သည်။
အကယ်၍ ထိုသို့သာဖြစ်ပါက ယွမ်ယုတိကို ပြန်တွေ့လျှင်ပင် နတ်ဧကရာဇ် ယူလန်၏ ဝိညာဉ်ကူးပြောင်းရန် ခန္ဓာကိုယ်အဖြစ် သုံး၍ ရတော့မည်မဟုတ်ပေ။
နတ်သခင် ကောင်းကင် တိတ်ဆိတ်နေသည်ကို မြင်လျှင် ရှုကျင့်ရှူးက ထပ်ပြောလိုက်၏။
“နတ်သခင်... ကျွန်မမှာ ကိုယ်ဝန်ရှိနေတဲ့အတွက် လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်ဖို့ မထိုက်တန်တော့ပါဘူး။ နတ်သခင် ဒီအထိ ကြွလာပေးရတာကိုလည်း အားနာရပါတယ်။”
ရှုကျင့်ရှူး၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင် သတိပြန်ဝင်လာပြီး ခပ်အေးအေးပင်
“ကိစ္စမရှိပါဘူး”
သို့သော် သူမ ထွက်ခွာသွားရန် ပြင်လိုက်စဉ်တွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာပြန်၏။
မိခင်ဖြစ်သူ သတ်မှတ်ချက်များနှင့် ကိုက်ညီနေပါက သူမ၏ ရင်သွေးလည်း ကိုက်ညီနိုင်သည် မဟုတ်လား။
ထိုသို့စဉ်းစားကာ နတ်သခင် ကောင်းကင်က
“ရှင်ကတော့ သူတော်စင်မဖြစ်ဖို့ မထိုက်တန်တော့ပေမဲ့ ရှင့်ရဲ့ကလေးက ရှင့်ရဲ့သွေးမျိုးဆက်ကို ဆက်ခံထားတယ်။ သူ မိန်းကလေးသာ ဖြစ်မယ်ဆိုရင် သူတော်စင်မဖြစ်ဖို့ အရည်အချင်း ပြည့်မီနိုင်တယ်။”
ဤစကားကြောင့် ရှုကျင့်ရှူး မှင်တက်သွား၏။ လျှို့ဝှက်လဝန်းကျောင်းတော်မှ လွတ်မြောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း သူမ၏ ရင်သွေးကို ရည်ရွယ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ရှုကျင့်ရှူး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် နတ်သခင် ကောင်းကင် သူမ၏ ရှေ့တွင် ပြန်လည် ပေါ်လာပြီး စောစောက ခရမ်းရောင် ကျောက်တုံးကို ထုတ်ယူလိုက်၏။
နတ်သခင် ကောင်းကင် ရှုကျင့်ရှူးကို တစ်ခုခု ပြုလုပ်ရန် ပြင်နေသည်ကို မြင်လျှင် လုချန်း မျက်မှောင်ကြုတ်လိုက်၏။ ရှုကျင့်ရှူးကို ခေါ်ဆောင်သွားရန် နတ်ဘုရင်၏ ကျိန်စာကို အသက်သွင်းရမလားဟုပင် သူ စဉ်းစားလိုက်သည်။
နတ်သခင် ကောင်းကင်က
“စိတ်အေးအေးထားပါ။ ကျွန်မက ရှင့်ရင်သွေးရဲ့ အရည်အချင်းကို စစ်ဆေးကြည့်ချင်ရုံတင်ပါ။”
နတ်သခင်တစ်ပါးအဖို့ ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်၏ အရည်အချင်းကို စစ်ဆေးခြင်းက မခဲယဉ်းလှပေ။
နတ်သခင် ကောင်းကင် သူမ၏ လက်ကိုမြှောက်လိုက်ရာ ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်းသို့ နတ်အငွေ့အသက် အနည်းငယ် စီးဝင်သွားပြီး ကလေးငယ်၏ နတ်အငွေ့အသက်ကို စမ်းသပ်ကျောက်အတွင်းသို့ ဆွဲထုတ်လိုက်၏။
နတ်သခင် ကောင်းကင်၏ လမ်းညွှန်မှုအောက်တွင် ရှုကျင့်ရှူး၏ ကိုယ်ခန္ဓာအတွင်းမှ ကလေးငယ်၏ နတ်အငွေ့အသက်အနည်းငယ် စမ်းသပ်ကျောက်အတွင်းသို့ စိမ့်ဝင်သွားသည်။ ထို့နောက် ကျောက်တုံးမှ တောက်ပသော ခရမ်းရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကို မြင်လျှင် သူမ ထင်ထားသည့်အတိုင်း ဖြစ်နေသဖြင့် နတ်သခင် ကောင်းကင် ကျေနပ်သွားသည်။ ခရမ်းရောင် ကျောက်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်လျှင် ရှုကျင့်ရှူး တစ်ဖန် မှင်တက်သွားပြန်၏။
လွတ်လမ်းမရှိတော့ပြီဖြစ်ကြောင်း သူမ ယခု သိလိုက်ပေပြီ။
နတ်သခင် ကောင်းကင်က ရှုကျင့်ရှူးကို
“ရှင်က သူတော်စင်မ မဖြစ်နိုင်တော့ပေမဲ့ ရှင့်ရဲ့ ရင်သွေးကတော့ အရည်အချင်း ပြည့်မီတယ်။ သူ မွေးဖွားလာတဲ့အခါ လျှို့ဝှက်လဝန်းကျောင်းတော်မှာ တခြားသူတော်စင်မ မရှိသေးဘူးဆိုရင် သူကပဲ သူတော်စင်မ ဖြစ်လာလိမ့်မယ်။”
“ဒီနေ့ကစပြီး ရှင့်ကို ကျွန်မရဲ့ တပည့်ရင်းအဖြစ် သတ်မှတ်တယ်။”
ကပ်ဘေးကြီး ဆိုက်ရောက်တော့မည် ဆိုသော်လည်း နတ်တစ်ပါးအဖို့ ကလေးမွေးဖွားရန် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ သို့သော် ရှုကျင့်ရှူး ကလေးမမွေးမီ ကပ်ဘေးဆိုက်ရောက်လာလိမ့်မည်မဟုတ်ဟု နတ်သခင် ကောင်းကင် ယုံကြည်နေ၏။
ရှုကျင့်ရှူးသည် နှစ်ပေါင်းတစ်သောင်းထက် မပိုသော အချိန်အတွင်း ထိုကလေးကို မွေးဖွားလိမ့်မည်။ လျှို့ဝှက်လဝန်းကျောင်းတော်တွင်လည်း ထိုကလေးအတွက် အခြေခံကောင်းများ ရရှိစေရန် ဆေးဝါးအမြောက်အမြား ရှိသည်။
သန္ဓေသားဘဝကတည်းက ကျင့်ကြံမှု စတင်ခြင်းက နတ်ဧကရာဇ် ယူလန် ခန္ဓာသိမ်းပိုက်ရန်အတွက် ပို၍ အကျိုးရှိစေပြီး ခန္ဓာပိုင်ရှင်၏ ဝိညာဉ်ကိုလည်း ပို၍ စင်ကြယ်စေနိုင်သည်။
“ကဲ... အခု ကျွန်မနောက် လိုက်ခဲ့တော့”
နတ်သခင် ကောင်းကင် ရှုကျင့်ရှူးကို ခေါ်ဆောင်သွားရန် ပြင်လိုက်စဉ် ရှုကျင့်ရှူးက အလျင်အမြန်ပင်
“နတ်သခင်... ခဏလောက် စောင့်ပါဦးရှင်”
ရှုကျင့်ရှူးကို နတ်သခင် ကောင်းကင် ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်၏။ အခြားသူသာဆိုလျှင် တပည့်ရင်းအဖြစ် အသိအမှတ်ပြုခံရသဖြင့် ဝမ်းသာအားရ ဖြစ်နေပေလိမ့်မည်။ သို့သော် ထိုအမျိုးသမီးကတော့ မည်သည့် ခံစားချက်မှ ရှိပုံမရပေ။
နတ်သခင် ကောင်းကင်က
“ရှင် ဘာများ မေးစရာ ရှိသေးလို့လဲ”
ရှုကျင့်ရှူးက
“နတ်သခင်... သူက ကျွန်မရဲ့ အစေခံပါ။ သူ့ကိုပါ ခေါ်သွားလို့ ရမလား။”
ရှုကျင့်ရှူး၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်လည်း ရှုကျင့်ရှူးဘေးတွင် အမြဲရှိနေသည့် လုချန်းကို လှည့်ကြည့်လိုက်၏။
နန်းတော်ထဲသို့ ဝင်လာကတည်းက သူမ သူ့ကို အာရုံမစိုက်ခဲ့မိပေ။ ရှုကျင့်ရှူး၏ တောင်းဆိုမှုကြောင့် လုချန်းကို နတ်သခင် ကောင်းကင် သေချာစွာ ကြည့်လိုက်မိပြီး မျက်မှောင်အသာကြုတ်သွား၏။
လုချန်းနှင့် ရှုကျင့်ရှူးတို့ နှစ်ဦးစလုံးပေါ်တွင် နီရဲသော ချည်မျှင်တန်းလေးများကို သူမ ဝေဝါးစွာ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဤအရာက ဖူးစာဖက်နှောင်ကြိုးများလား။
ထိုလူသည် ရှုကျင့်ရှူး၏ အစေခံမဟုတ်ပဲ သူမ၏ ချစ်သူဖြစ်ကြောင်း နတ်သခင် ကောင်းကင် ချက်ချင်းပင် သဘောပေါက်သွား၏။
သို့သော်လည်း လျှို့ဝှက်လဝန်းကျောင်းတော်သည် အဖော် ရှာဖွေခြင်းကို တားမြစ်ထားခြင်း မရှိပေ။ ထို့ပြင် သူမသည် အပျိုစင်မဟုတ်တော့သဖြင့် သူတော်စင်မဖြစ်ရန်လည်း မထိုက်တန်တော့ပေ။
ကျောင်းတော်အတွက် ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်သာ အရေးကြီးသည်။ ထိုကလေး ဘေးကင်းစွာ မွေးဖွားလာနိုင်ပါက ရှုကျင့်ရှူးတွင် အဖော် ရှိခြင်း မရှိခြင်းက အရေးမကြီးလှပေ။
ထိုသို့တွေးတောကာ နတ်သခင် ကောင်းကင်က
“ကောင်းပြီလေ”
ထို့နောက် သူမက နတ်ဘုရင် ရွှမ်ယိုဘက်သို့ လှည့်ကာ
“ရှင်က သူတော်စင်မဖြစ်မယ့် အရည်အချင်းရှိသူကို ရှာတွေ့ခဲ့တာဆိုတော့ ဒါဟာ ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုပဲ။ မြို့တော်ဝန် အသစ်ရောက်လာတဲ့အခါ လျှို့ဝှက်လဝန်းကျောင်းတော်ရဲ့ ကောင်းကင်တောင်ထိပ်ကို လာပြီး အပြင်စည်းဂိုဏ်း အကြီးအကဲအဖြစ် ရှင် တာဝန်ယူနိုင်တယ်။”
ထိုစကားများကို ကြားလျှင် နတ်ဘုရင် ရွှမ်ယို အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ ရာထူးတက်ရန် မျှော်လင့်ချက် မရှိတော့ဟု ခုနက ထင်ထားခဲ့သော်လည်း ရုတ်တရက် အခြေအနေ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
နတ်ဘုရင် ရွှမ်ယိုက ချက်ချင်းပင်
“နတ်သခင်ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ”
နတ်သခင် ကောင်းကင်လည်း နောက်ထပ် ဘာမှမပြောတော့ပဲ လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏတွင် ရှုကျင့်ရှူးနှင့် လုချန်းတို့ကို ခေါ်ဆောင်ကာ လျှို့ဝှက်လဝန်းကျောင်းတော်၏ ကောင်းကင်တောင်ထိပ်သို့ ပြန်ရောက်သွားတော့သည်။
ကောင်းကင်တောင်ထိပ်ပေါ်တွင် ရပ်လျက် အဝေးမှ မိုးကုတ်စက်ဝိုင်းကြီးကို ကြည့်ရင်း လုချန်း အံ့သြမဆုံး ဖြစ်နေမိ၏။ ဤနေရာသည် အလယ်ပိုင်းနယ်မြေ၏ အကြီးဆုံး နတ်ဂိုဏ်းကြီး ဖြစ်သည့်အတိုင်း မြေကမ္ဘာထက်ပင် ပို၍ ကျယ်ဝန်းပုံရသည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က ရှုကျင့်ရှူးကို ကြည့်ကာ
“မင်း နာမည်က ဘယ်သူလဲ။ ပြီးတော့ ဘယ်က လာတာလဲ”
…………
အခန်း (၁၇၁၅)
သူမတစ်ဦးတည်း ရှာတွေ့နိုင်ခြင်းလော
ရှုကျင့်ရှူးအား တပည့်ရင်းအဖြစ် လက်ခံရန် နတ်သခင် ကောင်းကင် တကယ် ရည်ရွယ်ခြင်း မရှိခဲ့သော်လည်း အမည်ခံတပည့်တော့ ဖြစ်နေသည့်အတွက် ဤတပည့်အကြောင်း အနည်းငယ် သိထားရန် လိုအပ်၏။
ရှုကျင့်ရှူးက
“ဆရာ... ဒီတပည့်ရဲ့ နာမည်က ရှုကျင့်ရှူးပါ။ တောင်ပိုင်းနယ်မြေ ထျန်းရှနတ်ဘုရားနိုင်ငံတော်က လာတာပါ။”
ရှုကျင့်ရှူး၏ အမည်ကို သိရပြီးနောက် နတ်သခင် ကောင်းကင် ထပ်မံ၍ မမေးမြန်းတော့ပေ။
လုချန်းကိုတော့ သူမ တစ်ချက်လေးပင် ကြည့်မသွားပေ။
သူမ၏ အမြင်တွင် ကောင်းကင်နတ် အဆင့်မျှသာ ရှိသော သူသည် ရှုကျင့်ရှူးအတွက် အပျော်အပါးသက်သက်သာ ဖြစ်၏။
ရှုကျင့်ရှူးသည် သူမ၏ တပည့်ရင်းဖြစ်သည့်အပြင် အကယ်၍ သူမသာ သူတော်စင်မတစ်ဦးကို မွေးဖွားပေးနိုင်ခဲ့ပါက၊ ထိုသူတော်စင်မသည် ဘဝကူးပြောင်းရန် ခန္ဓာကိုယ်သက်သက်သာ ဖြစ်နေလျှင်ပင် လျှို့ဝှက်လဝန်းကျောင်းတော်ရှိ ရှုကျင့်ရှူး၏ အဆင့်အတန်းက နိမ့်ကျတော့မည်မဟုတ်ပေ။
ကောင်းကင်နတ် တစ်ဦးသည် သူမနှင့် တကယ်ပင် ထိုက်တန်ခြင်း မရှိပေ။
သို့သော် ရှုကျင့်ရှူးနှင့် လုချန်းအား ခွဲထုတ်ရန် နတ်သခင် ကောင်းကင် မစဉ်းစားပေ။ ရှုကျင့်ရှူး၏ အဆင့်အတန်း မြင့်မားလာပါက သူမ ဘာလုပ်ရမည်ကို သူမကိုယ်တိုင် သိလာလိမ့်မည်ဟု နတ်သခင် ကောင်းကင် ယူဆထားသည်။
ထို့ပြင် ပျော်ပါးဖို့ အဖော် တစ်ဦးရှိခြင်းက ဆိုးရွားသည့်ကိစ္စ မဟုတ်ပေ။ လျှို့ဝှက်လဝန်းကျောင်းတော်ရှိ နတ်မိမယ် အမြောက်အမြားတွင်လည်း ကိုယ်ပိုင်အပျော်အပါး အဖော်များ ရှိတတ်ကြစမြဲပင်။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က
“မကြာခင် ကျင့်စဉ်ဂူနဲ့ စံအိမ်ကို ရွေးချယ်ဖို့ တစ်ယောက်ယောက်ကို ငါလွှတ်လိုက်မယ်။ အခုကစပြီး လျှို့ဝှက်လဝန်းကျောင်းတော်မှာပဲ နေပြီး ကောင်းကောင်းကျင့်ကြံပါ။”
ရှုကျင့်ရှူးက
“ဟုတ်ကဲ့ပါ ဆရာ”
ရှုကျင့်ရှူး စကားအဆုံးတွင် နတ်သခင် ကောင်းကင် တစ်စုံတစ်ဦးထံ သတင်းပို့လိုက်ရာ ခဏအကြာတွင် အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတပည့်တစ်ဦး သူမရှေ့သို့ ရောက်ရှိလာ၏။ အမျိုးသမီးတပည့်က
“တောင်ထိပ်သခင်ကို ဂါရဝပြုပါတယ်”
နတ်သခင် ကောင်းကင်က ခပ်အေးအေးဖြင့်
“သူက ငါ့ရဲ့ တပည့်ရင်းပဲ။ သူ့ကို ကျင့်စဉ်လှိုဏ်ဂူနဲ့ စံအိမ် ရွေးချယ်ဖို့ ခေါ်သွားလိုက်ပါ။”
“ဟုတ်ကဲ့ပါ တောင်ထိပ်သခင်”
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ရှုကျင့်ရှူးအား ကြည့်ကာ
“စီနီယာ အစ်မ... ကျွန်မနောက်ကို လိုက်ခဲ့ပါ”
လျှို့ဝှက်လဝန်းကျောင်းတော်တွင် စွမ်းအားနှင့် အဆင့်အတန်းကို အလေးထားကြ၏။ ယခုအခါ ရှုကျင့်ရှူးသည် နတ်သခင် ကောင်းကင်၏ တပည့်ရင်း ဖြစ်လာပြီဖြစ်ရာ နတ်သခင်တောင်ထိပ်ရှိ တပည့်အားလုံး၏ စီနီယာ အစ်မ ဖြစ်သွားပြီဖြစ်သည်။
ထို့ကြောင့် တပည့်အားလုံးက သူမကို အစ်မဟု ခေါ်ဆိုကြရမည်ဖြစ်သည်။
ကောင်းကင်တောင်ထိပ်မှ အမျိုးသမီးတပည့်၏ လမ်းပြမှုဖြင့် နတ်အငွေ့အသက်များ ကြွယ်ဝသည့် ကျင့်စဉ်ဂူနှင့် စံအိမ်ကို ရှုကျင့်ရှူး မကြာမီပင် ရွေးချယ်နိုင်ခဲ့၏။
နေထိုင်မည့် စံအိမ်ကို ရွေးချယ်ပြီးနောက် လမ်းပြဖြစ်သူ အမျိုးသမီးတပည့်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးကာ ရိုသေစွာဖြင့်
“အစ်မရဲ့ ကျင့်ကြံမှုကို ကျွန်မ အနှောင့်အယှက် မပေးတော့ပါဘူး။ တစ်ခုခု လိုအပ်တာရှိရင် ဒီကျောက်စိမ်းပြားကတစ်ဆင့် ကျွန်မကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။”
ကျောက်စိမ်းပြားကို လက်ခံရင်း ရှုကျင့်ရှူးက
“ကောင်းပါပြီ... ညီမလေးကို အလုပ်ရှုပ်စေမိပြီ။”
ထို့နောက် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး လှည့်ထွက်သွား၏။ သူမ ထွက်ခွာသွားပြီးနောက်တွင်မှ ရှုကျင့်ရှူး သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။
နတ်သခင် ကောင်းကင်ကို တွေ့လိုက်ရသည့် အချိန်မှစ၍ သူမ၏ စိတ်များ တင်းမာနေခဲ့၏။ သူမသည် မိစ္ဆာနတ် တစ်ဦးဖြစ်ကြောင်း နတ်သခင် သိသွားမည်ကို သူမ စိုးရိမ်နေခဲ့မိခြင်းဖြစ်သည်။
ယခုအခါမှ စိတ်အေးသွားရသည့် ရှုကျင့်ရှူးက လုချန်းကို အေးစက်စွာ ကြည့်လိုက်၏။
ဤလူယုတ်မာကြောင့်သာ ဖြစ်သည်။ သူ အလယ်ပိုင်းနယ်မြေသို့ ဇွတ်တရွတ် လာချင်ခဲ့သောကြောင့် သူမ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
ရှုကျင့်ရှူးက သူ့ကို တည့်တည့်စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးရင်း
“ဘာဖြစ်တာလဲ... အဲ့ဒါကို ထပ်ပြီး တွေးနေပြန်ပြီလား။”
လုချန်း၏ စကားကို ကြားသောအခါ ရှုကျင့်ရှူး၏ မျက်နှာ ပို၍ အေးစက်သွား၏။
ရှုကျင့်ရှူးက လုချန်းအား
“ရှင် လုပ်ခဲ့တာတွေကို ကျွန်မရဲ့ ဆရာကို ပြောပြပြီး ကျွန်မရဲ့ ဝိညာဉ်မူလအစကို ပြန်ပေးဖို့ ဆရာက ရှင့်ကို အကျပ်ကိုင်မှာ ရှင် မကြောက်ဘူးလား။”
ထိုအရာကို ကြားလျှင် လုချန်းက ရှုကျင့်ရှူးအား တည်ငြိမ်စွာဖြင့်
“ခင်ဗျား စမ်းကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဒီခန္ဓာကိုယ်က ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုပဲဆိုတာ ခင်ဗျား သိထားသင့်တယ်။”
ရှုကျင့်ရှူး ရုတ်တရက် မှင်တက်သွား၏။
ကိုယ်ပွားတစ်ခုတဲ့လား...
ဤလူယုတ်မာကို ခြိမ်းခြောက်နိုင်စွမ်း မရှိသည်ကို တွေးမိရင်း ရှုကျင့်ရှူး သူမ၏ လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ ရှေ့တွင်ရှိနေသည့် အမျိုးသားနှင့် နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သော်လည်း သူမ၏ ဝိညာဉ်မူလအစမှာ သူ၏ လက်ထဲတွင် ရှိနေကာ သူ၏ ပျော်တော်ဆက် တစ်ဦးကဲ့သို့ ဖြစ်နေရသည့် ဘဝကို သူမ အလွန်ပင် မကျေမနပ် ဖြစ်မိသည်။
လုချန်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် နတ်သခင် ကောင်းကင်ကို အသုံးချဖို့ သူမ စဉ်းစားနေခဲ့သော်လည်း ဤလူက ကိုယ်ပွားတစ်ခုသာ ဖြစ်နေပြန်သည်။
သူမ ဆက်မတွေးလိုတော့ပြီ။
မည်သို့ပင်ဖြစ်စေ သူမသည် လုချန်း၏ ကလေးကို လွယ်ထားရမည်။ ထို့ပြင် သူမ၏ ကလေးသည် လျှို့ဝှက်လဝန်းကျောင်းတော်၏ သူတော်စင်မ ဖြစ်လာရန် ကံပါလာသူ ဖြစ်သည်။
မိမိ၏ ရင်သွေးကို ဖျက်ဆီးပစ်သည် အထိတော့ သူမ မရက်စက်နိုင်ပေ။
ရှုကျင့်ရှူး အတွေးထဲ နစ်မြောနေစဉ် လုချန်းက အနားသို့ တိုးကပ်လာကာ သူမကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
လုချန်း အနားသို့ ရောက်လာသည်နှင့် ရှုကျင့်ရှူး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။ ထိုအရာက ရင်းနှီးကျွမ်းဝင်မှုကြောင့် ဖြစ်လာသည့် အလေ့အကျင့်ကြောင့်လည်း ဖြစ်နိုင်၏။ လုချန်း အနားသို့ ရောက်လာတိုင်း သူမ၏ စိတ်များကို မထိန်းချုပ်နိုင်ပဲ ကမဂုဏ်ဇောများ ချက်ချင်း နိုးကြွလာတတ်သည်။
သူကိုယ်သူ ထူးဆန်းနေသည်ကို ခံစားမိရင်း ရှုကျင့်ရှူး သူမ၏ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိ၏။
လုချန်းက
“ခင်ဗျား နတ်သခင်နဲ့ တွေ့ကတည်းက စိတ်တွေ အရမ်းတင်းကျပ်နေတာ။ ဒါက ကျုပ်တို့ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် မကောင်းဘူး။ ခင်ဗျား နည်းနည်း စိတ်လျှော့နိုင်အောင် ကျုပ် ကူညီပေးပါရစေ။”
လုချန်း၏ စကားကို ကြားသောအခါ ရှုကျင့်ရှူး နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
မိစ္ဆာနတ် တစ်ဦးအနေနှင့် သူမသည် ထိုသို့သော အလိုလိုက်မှုမျိုးကို နှစ်သက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ လုချန်းက သူမကို ပွတ်သပ်လိုသည့် အခါတိုင်း သူမ၏ ခန္ဓာကိုယ်က ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော် လုချန်း၏ အပျော်အပါး တစ်ခုဖြစ်နေသည်ဟူသော အသိက သူမကို မကျေမနပ် ဖြစ်စေပြန်သည်။
ထိုခံစားချက်ကို စွဲလမ်းနေသဖြင့် လုချန်းနှင့်အတူ နေနိုင်သော်လည်း ပျော်တော်ဆက် တစ်ဦးအဖြစ်တော့ သူမ မနေလိုပေ။ အမှန်ဆိုလျှင် သူမသည် လုချန်း၏ ဆရာဖြစ်သင့်သူ ဖြစ်သည်။
ရှုကျင့်ရှူးထံမှ ထွက်ပေါ်လာသည့် ဆွဲဆောင်ခြင်းပညာကို ခံစားမိလျှင် လုချန်း၏ စိတ်များလည်း ထကြွလာ၏။ လုချန်းလည်း ရှုကျင့်ရှူး၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ပွေ့ချီလိုက်ပြီးနောက် ခဏအကြာတွင် သူတို့နှစ်ဦးအခန်းထဲသို့ ရောက်ရှိသွားကာ အလုပ်စကြတော့သည်။
……
ထိုစဉ်...
နဂါးပုန်းတောင်ထိပ်၌။
နဂါးပုန်းတောင်ထိပ်မှာ နဂါးကြီးတစ်ကောင်နှင့် ဆင်တူလှ၏။ “နဂါး” ၏ အမောက်တစ်ခုကဲ့သို့ တောင်ထိပ်၏ အမြင့်ဆုံးနေရာတွင် ရွှေရောင်နတ်အငွေ့အသက်များ ထွက်ပေါ်နေသည့် နတ်သခင်တစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏ ရွှေရောင်မျက်ဆံများသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။
ခဏအကြာတွင် နဂါးပုန်းနတ်သခင်၏ နောက်၌ အရိပ်တစ်ခု ပေါ်လာ၏။
ထိုအရိပ်က
“တောင်ထိပ်သခင်ကို ဂါရဝပြုပါတယ်”
နဂါးပုန်းနတ်သခင်က
“ခင်ဗျားပြောတဲ့ အမျိုးသမီးရော”
နတ်ဘုရင် ထျန်းမှန်က ချက်ချင်းပင် ဒူးထောက်လိုက်ရင်း
“တောင်ထိပ်သခင်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်။ ကျုပ် တာဝန်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။”
ထိုအရာကို ကြားလျှင် နဂါးပုန်းနတ်သခင် မျက်မှောင်ကြုတ်လိုက်ပြီး
“သူ့ကို သတ်လိုက်တာလား”
နတ်ဘုရင် ထျန်းမှန် ချွေးများပြန်လာကာ ထစ်ထစ်အအဖြင့်
“ကျုပ်က တောင်ထိပ်သခင်ရဲ့ လူဆိုတာကို နတ်သခင် ကောင်းကင်က သိနေခဲ့တာပါ။ ကျုပ် ရွှမ်ယိုနတ်မြို့ကို သွားတဲ့အခါ သူက နောက်ကနေ လိုက်လာခဲ့တယ်။ ဒါကြောင့်...”
နတ်ဘုရင် ထျန်းမှန်လည်း စကားကို ရှေ့ဆက်မပြောရဲပဲ တုံ့ဆိုင်းသွား၏။
နတ်ဘုရင် ထျန်းမှန်၏ စကားကို ကြားလျှင် နဂါးပုန်းနတ်သခင်၏ မျက်နှာ ပျက်ယွင်းသွားကာ အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ သူ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်ရလျှင် နတ်ဘုရင် ထျန်းမှန် ပို၍ ကြောက်လန့်လာ၏။
ခဏခန့် ကြာပြီးနောက် နဂါးပုန်းနတ်သခင်က
“တော်ပြီ... ခင်ဗျား သွားတော့”
နတ်သခင် ကောင်းကင်၏ စွမ်းအားသည် သူ့ လောက် မကြီးသော်လည်း သူမသည်လည်း နတ်သခင် တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရင် ထျန်းမှန် သူ၏ လူဖြစ်ကြောင်း နတ်သခင် ကောင်းကင် သိသွားခြင်းက အံ့ဩစရာ မဟုတ်ပေ။
တစ်နေ့တွင် လူမိမည်ကို ကြိုတင် သိထားသည့်အတွက် နတ်ဘုရင် ထျန်းမှန်ကို အပြစ်တင်ရန် နဂါးပုန်းနတ်သခင်၌ ရည်ရွယ်ချက် မရှိပေ။ ကံကောင်းသည်က နတ်ဘုရင် ထျန်းမှန်အား ထူးထူးခြားခြား အမိန့်များ ပေးခဲ့ခြင်း မရှိပဲ နတ်သခင် ကောင်းကင်၏ လှုပ်ရှားမှုများကိုသာ အစီရင်ခံရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရင် ထျန်းမှန် လူမိသွားခဲ့လျှင်ပင် နတ်သခင် ကောင်းကင်ကို သူ အဘယ်ကြောင့် စောင့်ကြည့်ခိုင်းထားသည်ကို မသိနိုင်ပေ။
နဂါးပုန်းနတ်သခင်က အပြစ်မယူသည်ကို တွေ့ရသဖြင့် နတ်ဘုရင် ထျန်းမှန်က
“ကျုပ်အပေါ် သနားညှာတာတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင်”
“ဒီတပည့်ကို ခွင့်ပြုပါဦး”
ထိုသို့ ပြောပြီးနောက် နတ်ဘုရင် ထျန်းမှန် အလျင်အမြန်ပင် ထွက်ခွာသွား၏။
နတ်ဘုရင် ထျန်းမှန် ထွက်ခွာသွားပြီးနောက် နဂါးပုန်းနတ်သခင်သည် နတ်သခင်တောင်ထိပ်ရှိရာ ဘက်သို့ ကြည့်ရင်း
“ဒါနဲ့ဆို သုံးယောက်ရှိပြီပဲ... ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်တဲ့သူကို သူ တစ်ယောက်တည်းပဲ ရှာတွေ့နိုင်တာလား။”
……………
အခန်း (၁၇၁၆)
ကံမကောင်းစွာဖြင့်
သူတော်စင်မ၏ အရင်းအမြစ်များကို ရရှိရန်အတွက် သူတော်စင်မ အမြောက်အမြားကို နဂါးပုန်းတောင်ထိပ်မှ ရွေးချယ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ”ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို မကျင့်ကြံနိုင်ခဲ့ကြပေ။ ထို့ကြောင့် နောက်ဆုံးတွင် အားလုံးကို သူတို့ စွန့်ပစ်လိုက်ကြရ၏။
နောက်ပိုင်းတွင် သူတော်စင်မ ပေါ်ထွန်းလာနိုင်ခြေ အရှိဆုံးနေရာကို တွက်ချက်ရန်အတွက် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ရာတွင် ကျွမ်းကျင်သော နတ်သခင်တစ်ဦးကို နဂါးပုန်းနတ်သခင်က အရင်းအမြစ် အမြောက်အမြား အသုံးပြု၍ ရှာဖွေခဲ့သည်။ တွက်ချက်မှု ရလဒ်များက နတ်သခင် ကောင်းကင် တောင်ထိပ်သို့သာ ညွှန်ပြနေ၏။
ထို့ကြောင့် နတ်သခင် ကောင်းကင်သည် အခြားသူတော်စင်မတစ်ဦးကို တိတ်တဆိတ် မွေးမြူနေခြင်း ရှိမရှိ သိနိုင်ရန်အတွက်
နတ်ဘုရင် ထျန်းမှန်ကို နတ်သခင်ကောင်းကင်တောင်ထိပ်သို့ နဂါးပုန်းနတ်သခင် နတ်သခင်က စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်းတွင်လည်း လျှို့ဝှက်လဝန်းကျောင်းတော်ကို တည်ထောင်ပြီးကတည်းက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် သူတော်စင်မ နှစ်ဦးစလုံးမှာ နတ်သခင်တောင်ထိပ်မှ ထွက်ပေါ်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင်လည်း သူတော်စင်မ ပေါ်ထွန်းလာနိုင်ခြေ အရှိဆုံးနေရာမှာ နတ်သခင်တောင်ထိပ် ဖြစ်နေပြန်သည်။ ဤအရာသည် နတ်သခင် ကောင်းကင်နှင့် ပတ်သက်မှု မရှိဟု နဂါးပုန်းနတ်သခင် ဧကန်မုချ မယုံကြည်နိုင်ပေ။
သို့သော် ယခုအခါတွင်တော့ သူ၏ သူလျှိုကို နတ်သခင် ကောင်းကင် ရိပ်မိသွားပြီ ဖြစ်သောကြောင့် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သူများကို နတ်သခင် ကောင်းကင် မည်သို့ မွေးမြူသည်ကို သူ ဆက်လက် မထောက်လှမ်းနိုင်တော့ပေ။
နဂါးပုန်းနတ်သခင် အတွေးထဲ နစ်မြောနေစဉ် ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ အသံလွှင့်ချက်တစ်ခု ရုတ်တရက် ပေါ်လာ၏။
နန်းတော်သခင်က
“ပင်မတောင်ထိပ်ကို အမြန်ဆုံး လာခဲ့ပါ။”
ကျောင်းတော်သခင်၏ အသံကို ကြားလျှင် နဂါးပုန်းနတ်သခင် မျက်မှောင်ကြုတ်လိုက်မိ၏။ နတ်သခင် ကောင်းကင်သည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် အမျိုးသမီးကို ပင်မတောင်ထိပ်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းနှင့် ကျောင်းတော် သခင်က သူမကို သူတော်စင်မအဖြစ် ခန့်အပ်တော့မည် ဖြစ်ကြောင်း သူ တွေးလိုက်သည်။
ထိုသို့ တွေးမိသောအခါ နဂါးပုန်းနတ်သခင် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွား၏။
အဘယ်ကြောင့် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် သူတော်စင်မ ပေါ်ထွန်းလာတိုင်း နတ်သခင် ကောင်းကင်တောင်ထိပ်မှ ဖြစ်နေရသနည်း။
နတ်သခင် ကောင်းကင်တောင်ထိပ်သည် ကျင့်ကြံခြင်း အရင်းအမြစ်များကို လုံလောက်စွာ ရရှိထားပြီး ဖြစ်သည်။
ရှေးယခင်က နတ်သခင် ကောင်းကင်သည် သာမန် နတ်ဘုရင် တစ်ဦးမျှသာ ဖြစ်ခဲ့၏။ သူမသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် သူတော်စင်မကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်သာ လျှို့ဝှက်လဝန်းကျောင်းတော်က နတ်သခင်တောင်ထိပ်သို့ ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြား ခွဲဝေပေးခဲ့ခြင်း ဖြစ်၏။
ထိုအရင်းအမြစ်များကြောင့်သာ နတ်သခင် ကောင်းကင်သည် နတ်သခင်အဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အဓိကအချက်မှာ အခြားတောင်ထိပ်များကလည်း ဘာမှ မပြောနိုင်ကြခြင်းပင်။ အမှန်စင်စစ် သူတော်စင်မကို မည်သည့်အကြောင်းအတွက် ရည်ရွယ်သည်ကို သူတို့အားလုံး သိထားကြ၏။ ထို့ပြင် ဤအရာမှာ သူတို့၏ သခင်၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
သူတို့အနေဖြင့် မည်သူက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်မည်ကို ကြိုတင် မသိနိုင်သောကြောင့် သခင်ကို မဆန့်ကျင်ရဲကြပေ။
မကြာမီတွင် ပင်မတောင်ထိပ်၏ အစည်းအဝေးခန်းမသို့ နဂါးပုန်းနတ်သခင် ရောက်ရှိလာ၏။
ဖြူစင်သော နတ်သလင်းကျောက်များဖြင့် တည်ဆောက်ထားသည့် ခန်းမ၏ အထက်ပိုင်းတွင် ရောင်စုံတိမ်တိုက်ဝတ်ရုံကို ဆင်မြန်းထားသည့် လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမထံမှ ထွက်ပေါ်နေသည့် နတ်အငွေ့အသက်များကြောင့် သူမ၏ ပုံရိပ်မှာ ဝေဝါးနေပြီး အိပ်မက်တစ်ခုကဲ့သို့ ထင်မှတ်ရစေ၏။
ခဏအကြာတွင် နတ်သခင် ကောင်းကင် အပါအဝင် လျှို့ဝှက်လဝန်းကျောင်းတော်မှ နတ်သခင်များ အားလုံး အစည်းအဝေးခန်းမသို့ စုရုံးရောက်ရှိလာကြ၏။
အစည်းအဝေးခန်းမသို့ ရောက်ရှိနေသည့် နတ်သခင် ကိုးဦးကို လျှို့ဝှက်လဝန်းကျောင်းတော်၏ ကျောင်းတော်သခင် နတ်သခင် ယွမ်မုန့်က တစ်ချက်ကြည့်လိုက်ပြီးနောက် စကားစလိုက်၏။
“သခင်က ခဏတာ နိုးထလာခဲ့တယ်။”
ထိုအရာကို ကြားလျှင် နတ်သခင်များ အချင်းချင်း ကြည့်လိုက်ကြပြီး နဂါးပုန်းနတ်သခင်က
“သခင်က အမိန့်တစ်စုံတစ်ရာ ပေးခဲ့ပါသလား။”
နတ်သခင် ယွမ်မုန့်က
“ကပ်ဘေးတွေ ကျရောက်တော့မယ်လို့ သခင်က သတိပေးခဲ့တယ်။ သခင် ဒုတိယဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်မယ့်သူကို အမြန်ဆုံး ရှာဖွေရမယ်။ မဟုတ်ရင်တော့ လျှို့ဝှက်လဝန်းကျောင်းတော် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ကျွန်မတို့အားလုံးလည်း အပြင်ဘက်က နတ်ဆိုးအင်အားစုတွေရဲ့ အစာ ဖြစ်သွားကြလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ အားလုံး ချမ်းစိမ့်သွားကြ၏။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ဒီနှစ်တွေအတွင်းမှာ အခြားတောင်ထိပ်တွေက သူတော်စင်မ အရင် မတွေ့အောင် ရှင်တို့တွေ အချင်းချင်း တိတ်တဆိတ် ပြိုင်ဆိုင်နေကြတာကို ကျွန်မသိတယ်။ ဒါပေမဲ့ ကျွန်မသတိပေးလိုက်မယ်။ ရှင်တို့တတွေ ဒီလိုပဲ ဆက်ပြီး တိုက်ခိုက်နေပြီး သခင်ရဲ့ ဒုတိယဘဝကို အနှောင့်အယှက် ပေးနေမယ်ဆိုရင် ကျွန်မတို့အားလုံး သေကြရလိမ့်မယ်။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားပြီးနောက် ရောက်ရှိနေသူအားလုံး တိတ်ဆိတ်သွားကြ၏။
ဤနှစ်များအတွင်း သူတော်စင်မနှင့်အတူ ပါလာမည့် ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန်အတွက် သူတို့သည် ပြင်းထန်စွာ ပြိုင်ဆိုင်ခဲ့ကြသည်။ သူတော်စင်မလောင်း အမြောက်အမြားကိုပင် သတ်ဖြတ်ခဲ့ကြသေး၏။
ရွေးချယ်ခံရသူများမှာ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခြေ မများသော်လည်း ဖြစ်နိုင်ခြေ အနည်းငယ်ကိုပင် ဖယ်ရှားရန်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တက်တက်ကြွကြွ နှောင့်ယှက်ခဲ့ကြ၏။
သို့သော် ယခုအခါတွင်တော့ သခင်ကိုယ်တိုင် ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ကျောင်းတော် သခင်က ပြောလာခဲ့ပြီဖြစ်သည်။ သူတို့သာ ဆက်လက် တိုက်ခိုက်နေပြီး “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သူကို ရှာမတွေ့နိုင်ခဲ့ပါက ကိုယ့် သေတွင်းတူးနေခြင်းသာ ဖြစ်လိမ့်မည်။
ထိုအချိန်တွင် နတ်သခင် ကောင်းကင် ရှေ့သို့ ထွက်လာပြီး
“နန်းတော်သခင်... ဒီနေ့မှာ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်မယ့် အမျိုးသမီးတစ်ဦးကို ကျွန်မ ခေါ်လာခဲ့ပါတယ်။”
ထိုစကားကြောင့် ခန်းမအတွင်းရှိ နတ်သခင်များ အားလုံး၏ အကြည့် နတ်သခင် ကောင်းကင်ထံသို့ ရောက်ရှိသွား၏။ နတ်သခင် ကောင်းကင်၏ ကံတရား အဘယ်ကြောင့် ဤမျှ ကောင်းနေရသနည်းဟုလည်း သူတို့၏ စိတ်ထဲတွင် အသီးသီး တွေးတောနေမိကြသည်။
ယခင်က “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သည့် နှစ်ဦးမှာလည်း သူမ၏ နတ်သခင် ကောင်းကင်တောင်ထိပ်မှ ဖြစ်ခဲ့သလို ယခုလည်း နောက်ထပ် တစ်ဦးကို သူမကပင် ရှာတွေ့ခဲ့ပြန်၏။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်အား ထိုအမျိုးသမီးကို ပင်မတောင်ထိပ်သို့ ပို့ဆောင်ရန် အမိန့်ပေးတော့မည် ဖြစ်၏။
သို့သော် နတ်သခင် ကောင်းကင်က
“ကံမကောင်းတာက သူ့မှာ ကိုယ်ဝန်ရှိနေပါတယ်”
သူမ၏ စကားကြောင့် ရောက်ရှိနေသူအားလုံး မှင်တက်သွားကြ၏။
နှစ်ပေါင်း ကုဋေနှင့်ချီပြီးမှ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်မည့်သူကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း သူမ၌ ကိုယ်ဝန်ရှိနေသည်။
ထိုအချိန်တွင် နဂါးပုန်းနတ်သခင် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ နတ်သခင် ကောင်းကင် ခေါ်လာသည့် အမျိုးသမီးတွင် ကိုယ်ဝန်ရှိနေပါက သူတို့အတွက် အခွင့်အရေး ရှိနေပါသေးသည်။
နတ်သခင် ကောင်းကင် တစ်ဦးတည်းသာ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်မည့်သူကို ရှာတွေ့နိုင်မည်ဟု သူမ မယုံကြည်ပေ။ ထို့ကြောင့် တစ်စုံတစ်ရာ သိနိုင်ရန် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်နိုင်သော နတ်သခင်ကို သူမ ထပ်မံ ရှာဖွေရန် စဉ်းစားနေမိသည်။
နတ်သခင် ယွမ်မုန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက်
“သခင်က ဖြူစင်တဲ့ ဝိညာဉ်ကို လိုအပ်တာ။ သူ့မှာ ကိုယ်ဝန်ရှိနေရင်တော့ လက်ခံနိုင်စရာ မရှိဘူး”
“ဒါပေမဲ့ သူ့ကို လျှို့ဝှက်လဝန်းကျောင်းတော်မှာပဲ ထားလိုက်ပါ။ တကယ်လို့ တခြားသင့်တော်တဲ့သူကို ရှာမတွေ့ခဲ့ရင်တော့ သခင့်အတွက် သူမကိုပဲ အသုံးပြုရတော့မှာပေါ့။”
ရှေးယခင်က သူတော်စင်မကို ရွေးချယ်ရာတွင် အပျိုစင်ဖြစ်ရမည်ဟူသော တင်းကျပ်သည့် စည်းကမ်း ရှိခဲ့သည်။ သို့သော် ယွမ်ယုတိ ထွက်ခွာသွားပြီးကတည်းက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်သူကို သူတို့ ရှာမတွေ့ခဲ့ကြပေ။
အကယ်၍ သူတို့သည် စည်းကမ်းဟောင်းများကိုသာ ဆက်လက် ဆုပ်ကိုင်ထားပြီး ကပ်ဘေးအန္တရာယ် ကျရောက်လာချိန်တွင် သခင် ဒုတိယဘဝကို မရရှိခဲ့ပါက သူတို့အားလုံးမှာ သေမည့်နေ့ကိုသာ စောင့်နေကြရမည် ဖြစ်သည်။
ထိုအခါ နတ်သခင် ကောင်းကင်က ဆက်လက်၍
“ကျောင်းတော်သခင်... အဲ့ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတဲ့အတွက် သူတော်စင်မ ဖြစ်ဖို့ မထိုက်တန်ပေမယ့် သူရဲ့ ဗိုက်ထဲက ကလေးက စမ်းသပ်ကျောက်တုံးကို နိုးထစေနိုင်တာ ကျွန်မ တွေ့ရှိခဲ့ပါတယ်။”
ထိုစကားကြောင့် အားလုံး ထပ်မံ၍ မှင်တက်သွားကြပြန်၏။
သခင်အတွက် အဖြူစင်ဆုံး ဝိညာဉ်မှာ မွေးကင်းစ ကလေးငယ်၏ ဝိညာဉ်သာ ဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။ သို့သော် ကလေးမှာ ငယ်လွန်းသည့်အတွက် ဝိညာဉ်စွမ်းအားမှာ အားနည်းနေပေလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်ကူးပြောင်းရန်အတွက် အဆင်မပြေနိုင်ပြန်ပေ။
သို့သော် ကလေးကို ဂရုတစိုက် မွေးမြူမည်ဆိုလျှင် ကလေး ကြီးပြင်းလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအား ဧကန်မုချ အားကောင်းလာပေလိမ့်မည်။ ထိုအခါ ဝိညာဉ်ဖြူစင်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ထိုကလေးကို သီးခြားပတ်ဝန်းကျင်တစ်ခုတွင် ထားရှိနိုင်သည်။
ထိုသို့ တွေးမိသောအခါ နတ်သခင် ယွမ်မုန့်က
“ညီမလေး... ရှင်ပြန်ရောက်တာနဲ့ အဲ့ဒီအမျိုးသမီးကို ပင်မတောင်ထိပ်ကို ပို့လိုက်ပါ။ သူ့ကို ငါကိုယ်တိုင် စောင့်ကြပ်မယ်။”
အခြားသော နတ်သခင်များ တစ်စုံတစ်ရာ ကြံစည်နေကြဦးမည်ကို နတ်သခင် ယွမ်မုန့် စိုးရိမ်နေသည်။ ထို့ကြောင့် သူတော်စင်မ၏ ဘေးကင်းလုံခြုံမှုကို သူမကိုယ်တိုင် တာဝန်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူမ၏ ကာကွယ်မှုအောက်တွင်ရှိသော သူတော်စင်မအား မည်သူမှ ရန်ပြုရဲမည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။
နတ်သခင် ကောင်းကင်က
“ကောင်းပါပြီ နန်းတော်သခင်”
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“သခင် ဘဝကူးပြောင်းဖို့အတွက် သင့်တော်တဲ့သူကို ရှာတွေ့ခဲ့ပေမဲ့ သခင်ရဲ့ ခန္ဓာကိုယ်သိမ်းပိုက်တဲ့ နည်းစနစ်က ကိုယ်တိုင်ဖန်တီးထားတာ ဖြစ်တဲ့အတွက် တစ်ကြိမ်တည်းနဲ့ အောင်မြင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။”
“ဒါကြောင့် အကယ်၍ ရှင်တို့ထဲက တစ်ယောက်ယောက်က ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံနိုင်မယ့်သူကို ထပ်ပြီး တွေ့ခဲ့မယ်ဆိုရင်လည်း သူတော်စင်မရဲ့ အခွင့်အရေးတွေကို ပေးအပ်သွားမှာပါ။”
ရှေးယခင်က နတ်သခင် အသီးသီးသည် သူတော်စင်မနှင့် ဆက်စပ်နေသည့် အရင်းအမြစ် အမြောက်အမြားကို ရရှိရန် ပြိုင်ဆိုင်ခဲ့ကြသည်။ ထို့ကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူ အမြောက်အမြား သူတော်စင်မများ ဖြစ်လာပါက ထပ်မံ ပြိုင်ဆိုင်နေရန် မလိုအပ်တော့ပေ။
………….