အခန်း (၁၇၁၇-၁၇၁၉)
Vol. 115 Ch. 1717-1719
အခန်း (၁၇၁၇)
မိစ္ဆာနတ် တစ်ဦးပင် သူတော်စင်မ ဖြစ်လာနိုင်၏
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် ရောက်ရှိနေသော နတ်သခင်များ ခဏခန့် မှင်တက်သွားကြ၏။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ ကန့်သတ်ချက် ရှိ၏။ အထူးသဖြင့် ကျင့်စဉ်အဆင့် မြင့်မားလာလေလေ အဖိုးတန် အရင်းအမြစ်များ ပိုမို လိုအပ်လေလေ ဖြစ်သည်။
ထို့ကြောင့် လျှို့ဝှက်လဝန်းကျောင်းတော် ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းပင်လျှင် ကျင့်ကြံခြင်း အရင်းအမြစ်များကို ပေါ့ပေါ့ဆဆ အသုံးမပြုနိုင်ပေ။
သူတော်စင်မ တစ်ဦးကို မွေးမြူရန်အတွက်ပင် အရင်းအမြစ် အမြောက်အမြား လိုအပ် နေပြီ ဖြစ်သော်လည်း ယခုတော့ သူတို့၏ နန်းတော်သခင်က သူတော်စင်မ ဖြစ်ရန် အရည်အချင်း ပြည့်မီသူတိုင်းကို သူတော်စင်မ တစ်ဦးကဲ့သို့ပင် ဆက်ဆံပေးမည်ဟု ပြောနေခြင်း ဖြစ်သည်။
နောင်အနာဂတ်တွင် လျှို့ဝှက်လဝန်းကျောင်းတော် အနေနှင့် သူတော်စင်မ ဖြစ်နိုင်ခြေ ရှိသူ အမြောက်အမြားကို တကယ် ရှာဖွေတွေ့ရှိခဲ့လျှင် ကုန်ဆုံးမည့် အရင်းအမြစ်များ အလွန်ပင် ကြီးမားလိမ့်မည် ဖြစ်သည်။
နတ်သခင် ယွမ်မုန့်က
“ဒီကိစ္စကိုတော့ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။ဒီနေ့အတွက်တော့ ဒါပါပဲ”
ဟု ဆက်လက် ပြောကြားလိုက်၏။
နန်းတော်သခင်က ဆုံးဖြတ်ချက် ချလိုက်သည်ကို မြင်လျှင် အခြားသူများကလည်း ဘာမှ မပြောနိုင်တော့ပေ။ ထို့နောက် နတ်သခင်များ အားလုံး ပင်မတောင်ထိပ်မှ ထွက်ခွာသွားကြတော့သည်။
ပြန်ရောက်ပြီးနောက် နတ်သခင် ကောင်းကင်သည် ရှုကျင့်ရှူး၏ ခြံဝင်းအတွင်းသို့ ချက်ချင်း သွားရောက်ခဲ့ရာ သူမ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရှုကျင့်ရှူး၏ အခန်းထဲမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရ၏။
ထိုအသံများကို ကြားလျှင် နတ်သခင် ကောင်းကင်လည်း မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။
ရှုကျင့်ရှူးတွင် အဖော်ရှိခြင်း ထိုအမျိုးသားနှင့် ပျော်ပါးခြင်းတို့ကို သူမ အလေးမထားသော်လည်း ယခု ရှုကျင့်ရှူးတွင် ကိုယ်ဝန် ရှိနေပြီ ဖြစ်ပြီး သူ၏ ဝမ်းဗိုက်ထဲရှိ ကလေးမှာ လျှို့ဝှက်လဝန်းကျောင်းတော်အတွက် အလွန် အရေးပါသည်။
သို့သော် ယခု သူတို့က ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြ၏။
ဤအရာကြောင့် သူမ၏ ကလေးမှာ ထိခိုက်မှု တစ်စုံတစ်ရာ ရှိသွားခဲ့လျှင် မည်သို့ လုပ်မည်နည်း။
ထိုသို့ တွေးမိပြီး နတ်သခင် ကောင်းကင်က
“ကျင့်ရှူး... မင်း ပြင်ဆင်လိုက်တော့။ ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်”
ဟု ချက်ချင်း အသိပေးလိုက်သည်။
နတ်သခင် ကောင်းကင်၏ အသံကို ကြားလျှင် ရှုကျင့်ရှူး ခဏခန့် တုံ့ဆိုင်းသွားပြီး ချန်းလုကို အမြန်ပင် တွန်းလိုက်၏။
လုချန်းလည်း ဖြစ်ပျက်နေသည်ကို ရိပ်မိသွားပြီး သူ လုပ်နေသည်များကို အလျင်အမြန် အဆုံးသတ်ကာ အဝတ်အစားများ ဝတ်ဆင်၍ ရှုကျင့်ရှူးနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။
သူတို့ နှစ်ဦး ခြံဝင်းအတွင်းသို့ ရောက်ရှိလာလျှင် နတ်သခင် ကောင်းကင် မျက်မှောင်ကြုတ်လျက် ရှိသည်ကို မြင်လိုက်ရ၏။
သူမ၏ အသံကို ကြားသည်နှင့် ရှုကျင့်ရှူး ချက်ချင်း ထွက်လာလိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း သူတို့သည် အခန်းထဲတွင် နောက်ထပ် ၁၅ မိနစ်ခန့် ကြာအောင် နေခဲ့ကြသေးသည်။
ထို ၁၅ မိနစ် အတွင်းတွင်လည်း သူတို့ လုပ်နေသည့် အရာများကို ရပ်တန့်ခြင်း မရှိခဲ့ဟု ထင်ရသည်။
နတ်သခင် ကောင်းကင်က လုချန်းကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များကို မသိမသာ ထုတ်ဖော်လိုက်၏။
ဤအမျိုးသား၏ ကျင့်စဉ်အဆင့်မှာ ရှုကျင့်ရှူးထက် နိမ့်ပါးသော်လည်း သူတို့၏ ဆက်ဆံရေးတွင် သူကသာ လွှမ်းမိုးထားသည်ကို သူမ ခံစားမိနေသည်။
မဟုတ်ပါက သူမ ရှုကျင့်ရှူးကို စောစောက ခေါ်စဉ်ကတည်းက ရှုကျင့်ရှူး ထွက်လာခဲ့လိမ့်မည် ဖြစ်၏။ ယခုမှ ထွက်လာမည် မဟုတ်ပေ။
ရှုကျင့်ရှူးသည် သူတော်စင်မ တစ်ဦး မဟုတ်သော်လည်း နောင်အနာဂတ် သူတော်စင်မ၏ မိခင် ဖြစ်သလို ယခုအခါတွင်လည်း သူမ၏ တပည့်ရင်း ဖြစ်နေပေပြီ။
ထိုကဲ့သို့ မြင့်မြတ်သော အဆင့်အတန်း ရှိနေပါလျက် ကောင်းကင်နတ် အဆင့်မျှသာ ရှိသူ တစ်ဦး၏ ထိန်းချုပ်မှုကို မည်သို့ ခံယူ၍ ဖြစ်မည်နည်း။
နိမ့်ကျသော ကောင်းကင်နတ် တစ်ဦးက ရှုကျင့်ရှူး၏ အပျော်အမျိုးသား ဖြစ်ရန်သာ ထိုက်တန်သည်။
နတ်သခင် ကောင်းကင်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သတိပြုမိလျှင် ရှုကျင့်ရှူး ခဏခန့် တုံ့ဆိုင်းသွားပြီး
“ဆရာ... ဘာကိစ္စများ ရှိလို့ပါလဲ”
ဟု အလျင်အမြန် မေးမြန်းလိုက်၏။
နတ်သခင် ကောင်းကင်က
“ငါ့နဲ့ ပင်မတောင်ထိပ်ကို လိုက်ခဲ့။ မင်းရဲ့ ကလေး မမွေးမချင်း အဲ့ဒီမှာပဲ နေရမယ်”
ဟု အေးစက်စွာ ပြောလိုက်သည်။
ဤအရာကို ကြားလျှင် ရှုကျင့်ရှူး ခဏခန့် အံ့အားသင့်သွား၏။
ပင်မတောင်ထိပ် ဟုလား။
ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်းကျောင်းတော်၏ သခင်နှင့် တွေ့ဆုံရမည် မဟုတ်ပါလား။
အကယ်၍ သူမ မိစ္ဆာနတ် ဖြစ်ကြောင်း လျှို့ဝှက်လဝန်းကျောင်းတော်၏ သခင်က ရိပ်မိသွားပါက နောက်ဆက်တွဲ ရလဒ်များမှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
ရှုကျင့်ရှူး ငြင်းဆန်ရန် တွေးတောနေစဉ်မှာပင် နတ်သခင် ကောင်းကင် လက်မြှောက်လိုက်သည်ကို မြင်လိုက်ရပြီး နောက်တစ်ခဏ၌ သူတို့ နှစ်ဦး၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ရှုကျင့်ရှူး၏ မျက်လုံးရှေ့တွင် အလင်းရောင် ပြန်လည် ပေါ်လာသောအခါ နတ်သလင်းများဖြင့် တည်ဆောက်ထားသည့် ကြီးမားသော နန်းတော်ကြီး တစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ရောင်ခြည် ခုနစ်ခု တောက်ပနေသည့် နန်းတော်ကြီးကို ကြည့်ရင်း ရှုကျင့်ရှူး ခဏခန့် မိန်းမောသွားသော်လည်း နတ်သခင် ကောင်းကင်၏ အသံက သူမကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
“ကျောင်းတော်သခင်... ကျွန်မ လူခေါ်လာခဲ့ပါပြီ”
ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး ရှေ့သို့ ချက်ချင်း ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရောင်ခြည်ခုနစ်ခု တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး သူမ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။
ထိုအမျိုးသမီးသည် အလွန်ပင် လှပလွန်းလှ၏။
အမျိုးသမီးအချင်းချင်းပင်လျှင် သူမ၏ လှပမှုအပေါ် အံ့ဩမိရပြီး ထိုအလှသည် လက်တွေ့မကျလောက်အောင်ပင် ဖြစ်နေသည်။
အမျိုးသမီးထံမှ ထွက်ပေါ်လာသော ရောင်ခြည်ခုနစ်ခု နတ်အငွေ့အသက်များက ရှုကျင့်ရှူးကို တစ်စုံတစ်ရာ ဖိအားပေးနေသကဲ့သို့ ခံစားရစေသည်။
သူမ ဦးညွှတ်ရန် ပြင်လိုက်စဉ်မှာပင် နတ်သခင် ကောင်းကင်က
“ကျင့်ရှူး... ဒါက လျှို့ဝှက်လဝန်းကျောင်းတော် သခင်ပဲ။”
ရှုကျင့်ရှူး အလျင်အမြန် ဦးညွှတ်လိုက်ပြီး
“တပည့်က ကျောင်းတော်သခင်ကို ဂါရဝပြုပါတယ်။”
ခြေတစ်လှမ်းမျှဖြင့် နတ်သခင် ယွမ်မုန့် ရှုကျင့်ရှူး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။
နတ်သခင် ယွမ်မုန့်သည် သူမ၏ သရုပ်မှန်ကို ဖောက်ထွင်း မြင်နိုင်သည်ဟု အမြဲ ခံစားနေရသောကြောင့် ရှုကျင့်ရှူး၏ ဖြူဝင်းသော နဖူးပြင်မှ ချွေးစက်တစ်စက် စီးကျလာခဲ့၏။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က
“မိစ္ဆာနတ် တစ်ဦးမှာတောင် သူတော်စင်မ ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။”
ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး၏ စိတ်များ ဗလာ ဖြစ်သွား၏။
အားလုံး ပြီးသွားပြီ။
သူမ တကယ်ကို အဖော်ထုတ်ခံလိုက်ရပြီ။
တစ်နေ့တွင် သူမ အဖော်ထုတ်ခံရလိမ့်မည်ဟု အမြဲ သိထားခဲ့သည်။
သူမ သေရတော့မည်ဟု ရှုကျင့်ရှူး ထင်မှတ်နေစဉ်မှာပင် နတ်သခင် ယွမ်မုန့်က
“မင်း ဒီကလေးကို မွေးဖွားပေးနိုင်ရင် မင်းရဲ့ အရင်က အတိတ် အတွက် ငါ အရေးယူမှာ မဟုတ်ဘူး။”
ရှုကျင့်ရှူးလည်း အလျင်အမြန်ပင်
“ကျေးဇူးတင်ပါတယ် နန်းတော်သခင်”
ရှုကျင့်ရှူး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမတွင် တန်ဖိုး တစ်ခု ရှိနေသေးသည်။
မဟုတ်ပါက ယနေ့တွင် သူမ ဧကန်မုချ သေရလိမ့်မည်။
ရှုကျင့်ရှူး အတွေးများနေစဉ် နတ်သခင် ယွမ်မုန့်က ခရမ်းရောင် နတ်သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်ပြီး
“စိတ်လျှော့ထားပါ”
ဟု ရှုကျင့်ရှူးကို ပြောလိုက်၏။
ရှုကျင့်ရှူးလည်း ဤအရာက သူမ၏ ကလေး အရည်အချင်းကို စမ်းသပ်ရန် ဖြစ်ကြောင်း သိထားသောကြောင့် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
နောက်တစ်ခဏတွင် သွေးကဲ့သို့ နီမြန်းသော နတ်အငွေ့အသက် တစ်ခု သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နတ်သခင် ယွမ်မုန့်၏ လက်ထဲရှိ ခရမ်းရောင် ကျောက်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင် ကျောက်တုံးမှ ထွက်ပေါ်လာသော တောက်ပသည့် အလင်းရောင်ကို မြင်လျှင် နတ်သခင် ယွမ်မုန့် အလွန် ဝမ်းမြောက်သွားပြီး
“သူရဲ့ အရည်အချင်းက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ဟု သူမဘာသာ ရေရွတ်လိုက်၏။
ယွမ်ချင်းရှူးနှင့် ယွမ်ယုတိ တို့သည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ကျင့်ကြံနိုင်ကြသော်လည်း သူတို့၏ အရည်အချင်းမှာ ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို မယှဉ်နိုင်ကြပေ။
နတ်သခင် ယွမ်မုန့်က
“ဒီနေ့ကစပြီး ကလေးမမွေးပြီးမချင်း ပင်မတောင်ထိပ်မှာပဲ နေပြီး ကျင့်ကြံပါ။”
ရှုကျင့်ရှူး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
နတ်သခင် ယွမ်မုန့်က သူမ မိစ္ဆာနတ် ဖြစ်နေခြင်းကို အရေးမယူပေ။ သို့သော် သူမ၏ အကြီးမားဆုံး ပြဿနာက မိစ္ဆာနတ် ဖြစ်နေခြင်း မဟုတ်ပေ။ သူမ၏ အသက် လုချန်း၏ လက်ထဲတွင် ရှိနေခြင်းပင် ဖြစ်သည်။
လုချန်းသာ သူမ၏ ဘေးနားတွင် မရှိပါက သူမ စိတ်မအေးနိုင်ပေ။
အကယ်၍ လုချန်း တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမလည်း အတူတူ သေရမည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် ရှုကျင့်ရှူးက
“နန်းတော်သခင်... ကျွန်မမှာ အစေခံ တစ်ယောက် ရှိပါတယ်။ သူ့ကိုလည်း ပင်မတောင်ထိပ်ကို ခေါ်လာလို့ ရမလားလို့ သိချင်ပါတယ်။”
ရှုကျင့်ရှူး၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်လည်း စောစောက ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း သတိရသွား၏။
အကယ်၍ ထိုအမျိုးသားသာ ရှုကျင့်ရှူး၏ ဘေးတွင် ဆက်လက် ရှိနေမည်ဆိုပါက တစ်နေ့တွင် ကလေးကို ထိခိုက်အောင် လုပ်လာလျှင် မည်သို့ ဖြစ်မည်နည်း။
ထိုသို့ တွေးမိပြီး နတ်သခင် ကောင်းကင်က
“ကျင့်ရှူး... မင်း စိတ်အေးအေးထားပြီး ပင်မတောင်ထိပ်မှာပဲ ကျင့်ကြံပါ။ မင်းရဲ့ အစေခံကိုတော့ ငါပဲ ကြည့်ပေးထားပါ့မယ်။”
ရှုကျင့်ရှူး ခဏခန့် မှင်တက်သွားပြန်၏။
ထို့နောက် နတ်သခင် ယွမ်မုန့်က
“အစေခံ တစ်ယောက်ပဲဟာ။ မင်း အတွက် နတ်ဘုရင် အဆင့် အစောင့်အရှောက် အချို့ကို ငါ စီစဉ်ပေးမယ်။ အဲ့ဒီ အစေခံကတော့ မလိုပါဘူး။”
ရှုကျင့်ရှူးက
“ ကျောင်းတော်သခင်... အဲ့ဒီ အစေခံက တပည့်နဲ့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့တာပါ၊ တပည့်က...”
ဟု အလျင်အမြန် ပြောလိုက်၏။
ရှုကျင့်ရှူး စကားမဆုံးခင်မှာပင် နတ်သခင် ကောင်းကင်က ကြားဖြတ်၍
“ကျင့်ရှူး... သူက မင်းရဲ့ အစေခံ မဟုတ်ပဲ မင်းရဲ့ အဖော် ဖြစ်မယ် ထင်တယ်။ မင်းရဲ့ ဗိုက်ထဲက ကလေးကလည်း သူ့ကလေးပဲ မဟုတ်လား။”
အခန်း( ၁၇၁၈ )
ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်းမှ အပြောင်းအလဲများ
နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် ဖြစ်ပျက်နေသည့် အခြေအနေများကို နတ်သခင် ယွမ်မုန့် ချက်ချင်း နားလည်သွား၏။
သူမက ရှုကျင့်ရှူးကို
“သူ့ကို ကောင်းကင်တောင်ထိပ်မှာပဲ ဆက်နေခွင့်ပြုထားလိုက်မယ်။ မင်း ကလေးမွေးပြီးတဲ့အခါကျမှ မင်းတို့နှစ်ယောက်ကို ပြန်ဆုံပေးမယ်။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားရလျှင် သူမနှင့် လုချန်းတို့ ခွဲခွာရတော့မည်ကို ရှုကျင့်ရှူး သိလိုက်၏။ လွန်ခဲ့သည့် နှစ်များအတွင်း လုချန်းနှင့်အတူ ဖြတ်သန်းခဲ့ရသည့် ပျော်ရွှင်စရာ အချိန်များကို ပြန်လည်အမှတ်ရမိရင်း သူမ၏ ရင်ထဲ နှမျောတသစိတ်များ ခံစားလိုက်ရသည်။
သို့သော် နတ်သခင် ယွမ်မုန့် ကိုယ်တိုင် မိန့်ကြားလိုက်ခြင်းဖြစ်၍ သူမ ဘာမှ ထပ်မပြောဝံ့တော့ပေ။
ရှုကျင့်ရှူးက
“နန်းတော်သခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။”
ထို့နောက် နတ်သခင် ယွမ်မုန့်သည် သူမ၏လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရှုကျင့်ရှူးကို ပင်မတောင်ထိပ်ရှိ အေးချမ်းသာယာသော ကမ္ဘာငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။ ဝမ်းဗိုက်ထဲရှိ ရင်သွေးကို မွေးဖွားပြီးသည်အထိ ရှုကျင့်ရှူးကို နတ်သခင် ယွမ်မုန့် ကိုယ်တိုင် စောင့်ကြည့်ရန် ရည်ရွယ်ထားသည်။
ပင်မဆောင်အတွင်းမှ နတ်သခင် ယွမ်မုန့် ထွက်ခွာသွားပြီးနောက် နတ်သခင် ကောင်းကင်သည်လည်း ကြယ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ခန်းမအတွင်းမှ ထွက်ခွာ၍ ကောင်းကင်တောင်ထိပ်သို့ ပြန်သွား၏။
ထို့နောက် လုချန်း ရှိနေသည့် အဆောင်သို့ သူမ ရောက်ရှိလာ၏။
ထိုအချိန်တွင် ကျောက်သားထိုင်ခုံပေါ်၌ လုချန်း ထိုင်နေသည်။ နတ်သခင် ကောင်းကင် တစ်ဖန် ပြန်ပေါ်လာသည်ကို မြင်လျှင် သူ ချက်ချင်းပင် ထရပ်လိုက်၏။
လုချန်းက
“ရိုသေစွာ ဂါရဝပြုပါတယ် နတ်သခင်”
နတ်သခင် ကောင်းကင်က ခပ်အေးအေး လေသံဖြင့်
“ရှုကျင့်ရှူးဟာ သူတော်စင်မရဲ့ မိခင်ဖြစ်သလို ကျွန်မရဲ့ တပည့်ရင်းလည်း ဖြစ်တယ်။ ရှင်တို့နှစ်ယောက်ကြားက ကွာခြားချက်ကို ရှင် သိလိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် ဆိုလိုသည့် အဓိပ္ပာယ်ကို လုချန်း ချက်ချင်းပင် နားလည်လိုက်သည်။ ၎င်းမှာ ရှုကျင့်ရှူးကို စွန့်ခွာသွားရန် သူ့ကို ပြောဆိုနေခြင်းသာ ဖြစ်၏။
သို့သော် ဤကိစ္စနှင့် ပတ်သက်၍ သူ လုံးဝ ဂရုမစိုက်ပေ။ ရှုကျင့်ရှူး၏ ဝိညာဉ်မူလအစကို လက်ဝယ်ပိုင်ဆိုင်ထားသည့်အပြင် သူမ လွယ်ထားရသည့် ရင်သွေးမှာ ပို၍ပင် အရေးကြီးနေသဖြင့် သူ လွယ်လွယ်နှင့် ထွက်သွားမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ ထွက်သွား၍ မရနိုင်တာ အမှန်ပင်ဖြစ်၏။ လျှို့ဝှက်လဝန်းကျောင်းတော်သည် သူ့ကလေးကို ဝိညာဉ်ကူးပြောင်း ကိုယ်ထည်အဖြစ် ပျိုးထောင်ရန် ရည်ရွယ်ထားကြောင်း သူ သိထားသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ ဘယ်သို့မှ ထွက်သွားမည်မဟုတ်ပေ။ နောင်တစ်ချိန်တွင် ရှုကျင့်ရှူးနှင့် သူတို့၏ ရင်သွေးကို ကယ်တင်နိုင်ရန်အတွက် လျှို့ဝှက်လဝန်းကျောင်းတော်၏ လှုပ်ရှားမှုများကို သူ အနီးကပ် စောင့်ကြည့်နေရမည်ဖြစ်သည်။
လုချန်းက နတ်သခင် ကောင်းကင်ကို
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သခင်”
လုချန်း၏ လက်မလျှော့လိုသော လေသံကို ကြားလျှင် နတ်သခင် ကောင်းကင် မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်နတ်တစ်ဦးဖြစ်ပါလျက် နတ်သခင်တစ်ဦးကို အကြောက်အလန့်မရှိသည့်အပြင် သူမ၏ သတိပေးချက်ကိုလည်း ကြောက်ရွံ့ပုံမရပေ။
“ဒါက ကောင်းကင်နတ်တစ်ယောက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ဟုတ်နိုင်ရဲ့လား”
ဟု သူမ တွေးတောနေမိသည်။
နတ်သခင် ကောင်းကင်က
“ကျွန်မ ရှင်တို့နှစ်ယောက်ကို တမင်တကာ ခွဲမှာ မဟုတ်ဘူး။ သူ ကလေးမွေးပြီးရင် ရှင်တို့ အတူတူရှိနေလို့ရတယ်။ ဒါပေမဲ့ ရှင်ဟာ အများဆုံးမှ သူမရဲ့ အပျော်လင်ယောက်ျားတစ်ယောက်သာဖြစ်တယ်ဆိုတာ နားလည်စေချင်တယ်။ ရှင်နဲ့မထိုက်တန်တဲ့အရာတွေကို မတောင့်တပါနဲ့။”
လုချန်းက တည်တည်ငြိမ်ငြိမ်ပင်
“နတ်သခင် မိန့်ကြားတာ မှန်ပါတယ်။ ကျုပ် ဒါကို အမြဲမှတ်ထားပါ့မယ်။”
လုချန်းက ထိုသို့ပြောသော်လည်း သူသည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု နတ်သခင် ကောင်းကင် ခံစားမိ၏။
သူ၏လေသံမှာ တည်ငြိမ်လွန်းနေသည်။
နတ်သခင် ကောင်းကင် နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ ဘာမှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤလူကို သူမ သတိပေးပြီးသားဖြစ်၏။
သူက စေတနာကို နားမလည်ပါက သူမလည်း ယဉ်ကျေးနေတော့မည်မဟုတ်ပေ။
ထို့နောက် ခဏအကြာတွင် နတ်သခင် ကောင်းကင်လည်း လုချန်းရှိရာ အဆောင်အတွင်းမှ ထွက်ခွာသွား၏။ နတ်သခင် ကောင်းကင် ထွက်ခွာသွားသည်ကို မြင်လျှင် လုချန်း ခပ်တိုးတိုး ရယ်လိုက်မိသည်။
လျှို့ဝှက်လဝန်းကျောင်းတော်၏ အဆက်အနွယ် အမျိုးသမီးတွေအားလုံး စိတ်နေစိတ်ထားချင်း ဆင်တူကြသည်။ ချန်ဝမ်ရွန်ကစလို့ ယွမ်ရှန်ရှန်၊ ယွမ်ချင်းရှု၊ ယွမ်ယုတိနှင့် ယခု နတ်သခင် ကောင်းကင်အထိ အားလုံးမှာ သူနှင့်စတွေ့လျှင် မာန်မာနကြီးစွာ ပြုမူတတ်ကြ၏။
အမှန်အတိုင်းပြောရလျှင် လုချန်း ဤအရာများကို သိပ်ဂရုမစိုက်ပေ။ နတ်သခင် ကောင်းကင် သူ့မိန်းမဖြစ်လာခဲ့လျှင် သူမ၏ သဘောထား အလိုအလျောက် ပြောင်းလဲသွားမည်သာ ဖြစ်သည်။
သူမ လုံးလုံးလျားလျား ပြောင်းလဲသွားလိမ့်မည်ဟုတော့ လုချန်း မျှော်လင့်မထားပေ။ ယွမ်ချင်းရှုကဲ့သို့ ဖြစ်လာလျှင်ပင် လုံလောက်လှပြီဖြစ်၏။
ထိုကဲ့သို့ အေးစက်စက် အမူအရာမျိုးကို သူ သဘောကျသည်။ ယွမ်ချင်းရှုကို အမှတ်ရလိုက်မိလျှင် လုချန်း၏ ရင်ထဲတွင် တိုက်ခိုက်သိမ်းပိုက်လိုစိတ်များ နိုးထလာသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်၏။
……
ငါးလခန့် ကြာပြီးနောက်။
လျှို့ဝှက်လဝန်းနန်းတော်။
ရှန်ရှမြို့။
မြို့တော်ဝန်စံအိမ်ရှိ အစည်းအဝေးခန်းမအတွင်း၌။
လုကျန့်ကျီသည် သူ့ ရှေ့ရှိ ကျောက်စိမ်းလိပ်ထဲမှ အကြောင်းအရာများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
ထို့နောက် မြို့တော်ဝန်စံအိမ်အောက်ရှိ လျှို့ဝှက်အခန်းဆီသို့ သူ အလျင်အမြန် သွားလိုက်၏။
လုကျန့်ကျီက
“သခင်... ထျန်းရှ နတ်ဘုရား နိုင်ငံတော်နဲ့ ပတ်သက်တဲ့ သတင်းရထားပါတယ်။”
လုကျန့်ကျီ၏ အသံကို ကြားလျှင် လျှို့ဝှက်အခန်းအတွင်းရှိ လုချန်း မျက်လုံးဖွင့်လိုက်ကာ အပြင်သို့ ထွက်လာ၏။
လုချန်းက
“ဘာဖြစ်လို့လဲ”
ကျောက်စိမ်းလိပ်ကို လုချန်းအား လုကျန့်ကျီ ကမ်းပေးလိုက်၏။ ၎င်းကို ဖွင့်လိုက်သည်နှင့် ကျောက်စိမ်းလိပ်အတွင်းမှ အကြောင်းအရာများမှာ လုချန်း၏ စိတ်ထဲသို့ ချက်ချင်း ရောက်ရှိလာ၏။ သတင်းများကို လက်ခံရရှိပြီးနောက် လုချန်း ခဏခန့် မှင်တက်သွားသည်။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ရှဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်များ လအနည်းငယ်အတွင်း အားလုံးနီးပါး သေဆုံးသွားခဲ့ပြီး အန်းယွမ်မင်းသား တစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်း ကျောက်စိမ်းလိပ်ထဲမှ သတင်းများက ဆိုထားသည်။
ရှဧကရာဇ်သည်လည်း လွန်ခဲ့သော လဝက်ခန့်က သူ၏သက်တမ်းကုန်ဆုံး၍ ကွယ်လွန်သွားခဲ့လေပြီ။ ယခု အန်းယွမ်မင်းသားက ထီးနန်းဆက်ခံကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အရှင်သခင်သစ် ဖြစ်လာခဲ့၏။
ကန့်ကွက်သံများ ရှိနေသော်လည်း ယခင် ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်ထဲတွင် လုကျင် တစ်ဦးတည်းသာ ကျန်ရှိတော့သဖြင့် သူ့ကို ထီးနန်းတင်မြှောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
လုချန်းက
“ဒီလုကျင်က တော်တော် ရက်စက်တာပဲ။ ဒါပေမဲ့ သူ့စွမ်းအားနဲ့တင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး။ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေပုံရတယ်။”
လုကျင်သည် လုကျင့်ဖူပြီးလျှင် အင်အားအရှိဆုံး မင်းသားများထဲမှ တစ်ဦးဖြစ်သော်လည်း အခြားမင်းသားများကလည်း အားနည်းသူများ မဟုတ်ကြပေ။ မင်းသားများအကြား အင်အားက ညီမျှသလောက် ရှိနေခဲ့သည်။
ယခုတော့ လုကျင်သည် လအနည်းငယ်အတွင်း ထိုမင်းသားများကို ရှင်းလင်းနိုင်ခဲ့သည့်အပြင် သူတို့၏ ဖခင် ဧကရာဇ်၏ သေဆုံးခြင်းကိုလည်း မြန်ဆန်စေခဲ့၏။ သူ၏ နောက်ကွယ်တွင် အင်အားကြီးအဖွဲ့အစည်းတစ်ခု ရှိနေတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
သို့သော် သူ၏စွမ်းအား ပြန်မကောင်းသေးသည့်အပြင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည်လည်း သူ့အတွက် အရေးမပါလှသဖြင့် ဤအကြောင်းအရာများက သူနှင့် သိပ်မသက်ဆိုင်လှပေ။ ယွမ်ယုတိကို သိမ်းပိုက်ပြီးလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေပေါ်တွင် နောက်ထပ် နတ်ဘုရား နိုင်ငံတော်တစ်ခုကို သူ တည်ထောင်နိုင်မည်ဖြစ်သည်။
လုကျန့်ကျီက
“သခင်... ကျုပ်တို့ တစ်ခုခု ဆက်လုပ်ဖို့ လိုအပ်မလား”
ထိုရာထူးကို လုကျင် ရရှိသွားခြင်းအပေါ် လုချန်း ကိုယ်တိုင်က ဂရုမစိုက်သော်လည်း လုကျန့်ကျီကတော့ စိတ်မသက်မသာ ဖြစ်နေမိ၏။ သူ့အမြင်အရ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ ရှဧကရာဇ် ရာထူးနှင့် ထိုက်တန်သူမှာ သူတို့၏သခင် တစ်ဦးတည်းသာ ဖြစ်သည်။
ထို့ပြင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ အင်အားစုအသီးသီး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို သူတို့သခင် မခံရပါက ယခုအချိန်တွင် ထိုရာထူး၌ သူ ရှိနေမည်မှာ ဧကန်မုချပင်ဖြစ်၏။
လုကျင်သည် ရွှေနတ်အဆင့်မျှသာ ဖြစ်သည်။ နိုင်ငံ၏ ကံစွမ်းအားများကို စုပ်ယူပြီးနောက်တွင်ပင် သူသည် အလွန်ဆုံးမှ နတ်ဘုရင်ခံအဆင့်သို့သာ ရောက်ရှိနိုင်မည်ဖြစ်သည်။
နတ်ဘုရင်ခံအဆင့်ရှိသူတစ်ဦး နိုင်ငံတစ်နိုင်ငံ၏ နတ်ဧကရာဇ်ရာထူးကို ရယူခြင်းက ရယ်စရာကောင်းလှပေသည်။ ပုံမှန်အားဖြင့် နတ်ဘုရား နိုင်ငံတော်တစ်ခုတွင် နတ်သခင်တစ်ဦး စိုးစံလေ့ရှိသည်။ နတ်သခင် မရှိလျှင်ပင် နတ်သခင်နှင့် စွမ်းအားချင်းတူသည့် နတ်ဘုရင်တစ်ဦး ရှိနေရမည်ဖြစ်သည်။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည် တစ်နေ့တခြား ဆုတ်ယုတ်လာနေ၏။ ယခင် ဧကရာဇ်မှာ ထူးခြားမှုမရှိသည့် နတ်ဘုရင်တစ်ဦးသာဖြစ်၏။ ယခု ဧကရာဇ်ကတော့ ထို့ထက်ပင် နိမ့်ပါးသော နတ်ဘုရင်ခံအဆင့်မျှသာ ဖြစ်သည်။
လုကျန့်ကျီ တစ်ခုခုလုပ်ချင်နေသည်ကို မြင်လျှင် လုချန်းက တည်ငြိမ်စွာဖြင့်
“သူ ဧကရာဇ်လုပ်ချင်ရင်လည်း လုပ်ပါစေ။ သူကိုယ်တိုင် အရှက်မရှိဘူးဆိုရင်ပေါ့။ ရွှေနတ်အဆင့်နဲ့တော့ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ထဲက ကောင်းကင်နတ်တွေကို သူ ဖိနှိပ်နိုင်မှာမဟုတ်ဘူး။”
လုချန်းက ဆက်လက်၍
“ကဲ... တော်ပြီ။ ကျုပ်တို့လူတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားလိုက်။”
ထိုသို့ပြောပြီးနောက် လုချန်း လျှို့ဝှက်အခန်းထဲသို့ ပြန်ဝင်သွား၏။ လုချန်း ဂရုမစိုက်သည်ကို မြင်လျှင် လုကျန့်ကျီလည်း ဘာမှ ထပ်မပြောတော့ပဲ မြေအောက်လျှို့ဝှက်အခန်းအတွင်းမှ ထွက်ခွာသွား၏။
……
ထိုအချိန်၌။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်။
နိုင်ငံရေးရာ ခန်းမဆောင်အတွင်း။
နတ်အငွေ့အသက်များ ဝန်းရံနေသည့် ခမ်းနားထည်ဝါသော ခန်းမအတွင်း၌ နတ်ဘုရင်ခံအဆင့်ရှိသူတစ်ဦး နဂါးပလ္လင်ပေါ်တွင် ထိုင်နေခြင်းက နည်းနည်း ရယ်စရာကောင်းနေ၏။
လုကျင်သည် ရှိနေသည့် နိုင်ငံတော်အရာရှိများကို ခပ်အေးအေးဖြင့် တစ်ချက်ကြည့်လိုက်၏။ သူတို့၏ အထင်သေးနေသည့် အရိပ်အယောင်များကိုလည်း သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
………..
အခန်း (၁၇၁၉ )
စစ်တပ် ချက်ချင်း စေလွှတ်မယ်
ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ နတ်ဧကရာဇ် ဖြစ်လာပြီးနောက် သွေးလင်းယုန်ခန်းမ၏ အကူအညီဖြင့် သူ၏ ပလ္လင်ကို ခိုင်မြဲအောင် လုပ်နိုင်မည်ဟု လုကျင် ထင်မှတ်ခဲ့၏။
သို့သော် တော်ဝင်မျိုးနွယ်မှ နတ်ဘုရင်များက သူ့စကားကို လုံးဝ နားမထောင်ကြ ကြောင်းကိုသာ တွေ့လိုက်ရသည်။
သူ့ကို နတ်ဘုရား နိုင်ငံတော်၏ အရာရှိများကလည်း အခွင့်အရေးရတိုင်း ဆန့်ကျင်ကြပြန်၏။ သူသည် ရုပ်သေးဧကရာဇ်တစ်ဦးမျှသာ ဖြစ်နေပြီး သူ၏ အမိန့်များ မြို့တော်အပြင်ဘက်သို့ပင် မရောက်နိုင်သည်ကို ယခုတော့ လုကျင် ရှင်းရှင်းလင်းလင်း သိမြင်နေလိုက်ပြီဖြစ်သည်။
ခန်းမဆောင်ကြီးအတွင်းရှိ အမတ်များကို လုကျင် ခက်ထန်စွာ ကြည့်လိုက်၏။ သူ ဖြစ်ချင်သော ဧကရာဇ်ဘဝမှာ ဤကဲ့သို့ မဟုတ်ပေ။
သူသည် ရုပ်သေးဧကရာဇ်တစ်ဦး ဖြစ်လိုသူ မဟုတ်ပေ။ အခြားသူများကို သူ့အမိန့်အတိုင်း လုပ်ဆောင်စေနိုင်သည့် အာဏာအစစ်အမှန်ရှိသော ဧကရာဇ်တစ်ဦးသာ ဖြစ်လိုသည်။
ထိုအခိုက်အတန့်တွင် လုကျင်က
“မကြာသေးခင်က ချန်ဘုရင်ရဲ့ လက်ကျန်တပ်ဖွဲ့တွေ လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေသေးတာကို ကျုပ် တွေ့ရှိခဲ့တယ်။ ဒါကြောင့် အဲ့ဒီလူတွေကို အပ်နှံဖို့ လူလွှတ်ပြီး တောင်းဆိုခဲ့ပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်က အပ်နှံဖို့ ငြင်းဆန်တဲ့အပြင် ကျုပ်လွှတ်လိုက်တဲ့ သံတမန်ကိုပါ သတ်လိုက်ကြတယ်။”
ထိုစကားများကို ကြားလျှင် အမတ်များလည်း ဇဝေဇဝါဖြစ်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကုန်၏။ ထိုကိစ္စကို သူတို့ လုံးဝ မသိကြပေ။
ယခုအချိန်မှ လုကျင်က အဘယ်ကြောင့် ဤအကြောင်းကို ထုတ်ပြောသည်ကိုလည်း နားမလည်နိုင်ပဲ ရှိကြ၏။ လျှို့ဝှက်လဝန်းနန်း တော်က လူမအပ်သည့် ကိစ္စက တကယ်တော့ ပြဿနာ မဟုတ်ပေ။
ချန်ဘုရင် သေဆုံးသွားပြီဖြစ်၍ သူ၏လက်ကျန်တပ်ဖွဲ့များလည်း မကြာမီ လူစုကွဲသွားမည်ဖြစ်ရာ မည်သည့်ပြဿနာမှ ဖန်တီးနိုင်မည် မဟုတ်ပေ။
အမတ်များ၏ ဂရုမစိုက်သော အမူအရာများကို မြင်လျှင် လုကျင် ဒေါသထွက်လာကာ ချက်ချင်းပင်
“ဂိုဏ်းအင်အားစု တစ်ခုဖြစ်တဲ့ လျှို့ဝှက်လဝန်းနန်းတော်က ဒီလောက်အထိ ရဲတင်းနေတာကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး။ ချန်ဘုရင်ရဲ့ သစ္စာခံ အကြွင်းအကျန်တွေကို အခု အမြစ်မဖြတ်နိုင်ရင် နောင်တစ်ချိန်မှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွက် ဘယ်လို ဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ဖို့ စစ်တပ် ချက်ချင်း စေလွှတ်ဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ။”
လုကျင်၏ စကားကို ကြားလျှင် ခန်းမအတွင်းရှိ အမတ်များ မှင်တက်သွားကြ၏။
လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မည်ဟုတ်လား။
ဒါက ဘယ်လို ပြက်လုံးမျိုးပါလိမ့်။
နတ်ဘုရင်ခံအဆင့်ရှိသည့် ဧကရာဇ်တစ်ဦးဖြစ်ပါလျက် သူ၏ ပလ္လင်ကို ခိုင်မြဲအောင် မကြိုးစားပဲ ပြင်ပစစ်ပွဲကို စတင်ရန် စဉ်းစားနေသည်။ လျှို့ဝှက်လဝန်းနန်းတော်တွင် လက်ရှိ၌ နတ်ဘုရင် နှစ်ပါးသာ ရှိသော်လည်း ဂိုဏ်း၏ ကံစွမ်းအားကြောင့် သူတို့၏ နတ်ဘုရင်များသည် သာမန်နတ်ဘုရင်များထက် များစွာ ပို၍ စွမ်းအားကြီးမားကြသည်။
ယခုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ပါက အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး နတ်ဘုရင်အချို့၏ အသက်ကိုပင် ရင်းရနိုင်သည်။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်တွင် နတ်ဘုရင် အနည်းငယ်သာ ရှိရာ နတ်ဘုရင် သုံးပါးထက်ပို၍ ဆုံးရှုံးသွားပါက အခြားအင်အားစုများ၏ လက်ချက်ဖြင့် နိုင်ငံ ပျက်သုဉ်းသွားနိုင်ပေသည်။
အဘယ်ကြောင့် လုကျင်က လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် ရုတ်တရက် စိတ်ကူးရလာသည်ကို ရှိနေကြသည့် အမတ်များ နားမလည်နိုင်ကြပေ။
ထိုအခိုက်အတန့်တွင် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာကာ အမတ်တစ်ဦးက အလျင်အမြန် ရှေ့သို့တက်၍
“ဘုရင်ကြီး... ဒါက မသင့်တော်ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက လက်ရှိမှာ အထွတ်အထိပ်ကို ရောက်နေတာမို့ အခုသွားတိုက်ရင် နှစ်ဦးနှစ်ဖက်လုံး ပျက်စီးသွားနိုင်ပါတယ်။”
နောက်ထပ် အမတ်တစ်ဦးကလည်း ရှေ့သို့တက်ကာ
“ဘုရင်ကြီး... လျှို့ဝှက်လဝန်းနန်းတော်မှာ နောက်ထပ် နတ်ဘုရင်တစ်ပါး ထပ်တိုးလာပြီး အခုဆိုရင် နတ်ဘုရင် နှစ်ပါးတောင်ရှိနေပြီလို့ ကျုပ်တို့ ကြားသိရပါတယ်။ ကျုပ်တို့ သူတို့ကို အနိုင်တိုက်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။”
တဖြည်းဖြည်းနှင့် အမတ်များမှာ တစ်ဦးပြီးတစ်ဦး ရှေ့သို့တက်ကာ လုကျင်ကို ကန့်ကွက်ကြတော့၏။
“ဘုရင်ကြီးက... အခုမှ နန်းတက်တာမို့ အင်အားတွေကို ဖြုန်းတီးပြီး စစ်ပွဲတစ်ခုကို စိတ်အလိုကျ မဖန်တီးသင့်ပါဘူး။”
“ဘုရင်ကြီး... တိုင်းပြည်နဲ့ လူမျိုးကိုပဲ ဦးစားပေးပါ။ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ပြန်လမ်း မရှိတဲ့ အခြေအနေမျိုးထဲကို မတွန်းပို့ပါနဲ့။”
အမတ်များ၏ တားမြစ်စကားများကို ကြားလျှင် လုကျင်၏ မျက်နှာ ပို၍ ခက်ထန်လာ၏။ သူတို့၏ အကြံပြုချက်များမှာ ပို၍ တင်းမာလာပြီး စစ်ပွဲစတင်မည်ဆိုပါက သူ့ကို နန်းချမည်ဟု ခြိမ်းခြောက်နေသကဲ့သို့ပင် ဖြစ်နေသည်။
အမတ်များ၏ ကန့်ကွက်မှုကို ကြိုတင်မျှော်လင့်ထားသော်လည်း ဤမျှများပြားသည့် အမတ်များက သူ့ကို ဧကရာဇ်တစ်ဦးဟုပင် မျက်နှာမထောက်ပဲ ပြတ်ပြတ်သားသား ကန့်ကွက်ကြလိမ့်မည်ဟု လုကျင် ထင်မထားခဲ့ပေ။
နတ်ဘုရင်ခံအဆင့်မျှသာ ရှိသော်လည်း သူသည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ ဧကရာဇ် ဖြစ်နေဆဲပင် မဟုတ်ပါလား။
ထိုအခြေအနေတွင် လုကျင် ဆက်၍ သည်းမခံနိုင်တော့ပဲ နဂါးပလ္လင်၏ လက်တန်းကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
လုကျင်က
“တော်ကြစမ်း”
ဒေါသထွက်နေသည့် လုကျင်ကို မြင်လျှင် ခန်းမအတွင်းရှိ အမတ်များ ချက်ချင်းပင် ငြိမ်ကျသွားကြ၏။
လုကျင်က
“လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ချင်တာ ကျုပ်တစ်ယောက်တည်းလို့ တကယ်ပဲ ထင်နေကြတာလား။”
ထိုအရာကို ကြားလျှင် အမတ်များ ဇဝေဇဝါဖြစ်သွားကြ၏။ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် သူကိုယ်တိုင်ပဲ အဆိုတင်သွင်းခဲ့သည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် လုကျင်က ဆက်လက်၍
“သံတမန်... ထွက်လာခဲ့ပါ”
လုကျင်၏ အသံဆုံးသည်နှင့် ဝတ်ရုံစိမ်းဝတ်ထားသည့် လူတစ်ဦး ခန်းမအတွင်း၌ ပေါ်လာ၏။ ထိုလူသည် နတ်ဘုရင်ခံအဆင့်မျှသာ ရှိသော်လည်း သူ့ကိုမြင်လျှင် ရှိနေကြသည့် အမတ်များ အံ့အားသင့်သွားကြ၏။
သူ၏ဝတ်စုံကို ကြည့်ခြင်းဖြင့် သူသည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပတ်သက်နေသူဖြစ်ကြောင်း သိမြင်နိုင်သည်။ တောင်ပိုင်းနယ်မြေ၏ အင်အားအကြီးဆုံး အင်အားစုဖြစ်သည့် ခမ်းနားသော ကောင်းကင်ခန်းမကို လုကျင်က ကျောထောက်နောက်ခံအဖြစ် ရှာဖွေနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ဆွံ့အလျက် အံ့အားသင့်နေကြသည့် အမတ်များကို မြင်လျှင် လုကျင်က အေးစက်စွာ ရယ်မောလိုက်၏။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ကွေးဟိုင်က
“ကျုပ်ဟာ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အပြင်စည်းအကြီးအကဲ တစ်ယောက်ပါ။”
ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ကွေးဟိုင်က သူ၏ အထောက်အထားကို သက်သေပြသည့် အမှတ်အသားကို ထုတ်ပြလိုက်၏။
နတ်ဘုရင်ခံ ကွေးဟိုင်၏ အမှတ်အသားကို ကြည့်ရင်း ခမ်းနားသော ကောင်းကင်ခန်းမက အဘယ်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ချင်ရသလဲ ဆိုတာကို အမတ်များ စဉ်းစားမရပဲ ရှိကုန်ကြ၏။
တကယ်ပဲ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက်သာ ဖြစ်နိုင်ပါ့မလား။
ထိုသို့သာ ဖြစ်ခဲ့လျှင် လွန်ခဲ့သော နှစ်ပေါင်း ဆယ်ကုဋေ လောက်ကတည်းက ချန်ဘုရင်၏ လက်ကျန်တပ်ဖွဲ့များကို ခမ်းနားသော ကောင်းကင်ခန်းမက ရှင်းလင်းပြီးသား ဖြစ်ပေလိမ့်မည်။ ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့ ထိပ်တန်းအင်အားစုကြီးအတွက် ချန်ဘုရင်၏ လက်ကျန်များက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် လုကျင်က အေးစက်စွာ မေးလိုက်၏။
“လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မယ့်အစီအစဉ်ကို ကန့်ကွက်မယ့်သူ ရှိသေးလား။”
ရုတ်တရက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ မည်သူမှ ကန့်ကွက်ခြင်း မပြုကြတော့ပေ။ လုကျင်က ခမ်းနားသော ကောင်းကင်ခန်းမကို ထုတ်သုံးလိုက်ပြီဖြစ်ရာ မည်သူမှ ဆက်လက်ကန့်ကွက်ရန် မဝံ့ရဲကြတော့ပေ။
ခမ်းနားသော ကောင်းကင်ခန်းမ၏ ရှေ့မှောက်တွင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှာ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ မည်သူမှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်လျှင် လုကျင်က ဆက်ပြောလိုက်၏။
“ဘယ်သူမှ မကန့်ကွက်တော့တာမို့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်။ အမတ်မင်းတို့က စစ်ပွဲအတွက် အစွမ်းကုန် ပြင်ဆင်ကြပါ။ အထူးသံတမန် ကွေးဟိုင်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှာ ခဏကြာ နေထိုင်သွားမှာ ဖြစ်တယ်။”
လုကျင်၏ စကားကို ကြားလျှင် ရှိနေကြသည့် အမတ်များ၏ မျက်နှာများ ပို၍ ခက်ထန်လာ၏။ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်က စောင့်ကြည့်နေမည်ဆိုပါက သူတို့အနေနှင့် ပေါ့ပေါ့လျော့လျော့ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအဖွဲ့အစည်းကြီးကို စော်ကားမိပါက သူတို့၏ အသက်များပင် ဆုံးရှုံးသွားနိုင်သည်။ လုကျင်လည်း အမတ်များနှင့် စကားများများ မပြောတော့ပဲ ပလ္လင်ပေါ်မှ ဆင်းကာ ဘေးအဆောင်သို့ ထွက်ခွာသွားတော့၏။ အမတ်များလည်း ချက်ချင်းပင် ဦးညွှတ်ကာ
“ဘုရင်ကြီးကို ဂါရဝပြု နှုတ်ဆက်ပါတယ်”
မကြာမီမှာပင် လုကျင်သည် ဘေးအဆောင်သို့ ရောက်လာပြီး နတ်ဘုရင်ခံ ကွေးဟိုင်လည်း သူ့ နောက်မှ လိုက်ပါလာ၏။ အဆောင်ထဲသို့ ရောက်လျှင် နတ်ဘုရင်ခံ ကွေးဟိုင်က ပြုံးလျက် လုကျင်ကို
“ဘုရင်ကြီး... ဧကရာဇ်တစ်ယောက် လုပ်ရတာ ဘုရင်ကြီးအတွက် တော်တော်လေး ခက်ခဲနေပုံရတယ်။”
လုကျင် သက်ပြင်းတစ်ချက် ချလိုက်၏။ လုကျင်
“အထူးသံတမန်ကို ကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် ကျုပ် စစ်တပ်ကို စေလွှတ်နိုင်မှာ မဟုတ်ဘူး။”
နတ်ဘုရင်ခံ ကွေးဟိုင်က တည်ငြိမ်စွာဖြင့်
“ကိစ္စမရှိပါဘူး။ ဒါဟာ နတ်ဘုရင် ချင်းယွမ်ရဲ့ အမိန့်ပါ။”
သွေးလင်းယုန်ခန်းမနှင့် စတင် ပူးပေါင်းစဉ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်တပ်ကို အမိန့်မပေးနိုင်မှာကို လုကျင် စိုးရိမ်ခဲ့သည်။ ထိုအချိန်တွင် နတ်ဘုရင်ခံ ကွေးဟိုင်က သွေးလင်းယုန်ခန်းမမှ တဆင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သို့ ရောက်ရှိလာခဲ့ရာ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ခြင်းမှာ သွေးလင်းယုန်ခန်းမ၏ အကြံအစည်သာမက ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြံအစည်ပါ ဖြစ်နေကြောင်း လုကျင် သိလိုက်ရသည်။
ခမ်းနားသော ကောင်းကင်ခန်းမ၏ အထောက်အပံ့ကို ရရှိထားသဖြင့် လုကျင်လည်း ပို၍ ရဲတင်းလာကာ ဤစစ်ပွဲမှတစ်ဆင့် သူ၏ အာဏာကို ခိုင်မြဲအောင် လုပ်ရန် ကြံစည်တော့၏။
…………