← Chapters

အခန်း (၁၇၂၀-၁၇၂၂)

Vol. 115 Ch. 1720-1722

အခန်း (၁၇၂၀-၁၇၂၂)

Vol. 115 Ch. 1720-1722

အခန်း (၁၇၂၀)

တိုက်ပွဲကြီးမတိုင်မီ ဂိုဏ်းနှစ်ဂိုဏ်း ဆွေးနွေးပွဲ

နတ်ဂိုဏ်းများကြားရှိ စစ်ပွဲ၏ အတိုင်းအတာမှာ အလွန်ပင် ကြီးမားလှ၏။ လျှို့ဝှက်စွာ ပြင်ဆင်နေကြသော်ငြားလည်း စစ်သည်အင်အား အမြောက်အမြားကို စုစည်းသည့်လှုပ်ရှားမှုကို ဖုံးကွယ်ထားရန်မှာ အတော်ပင် ခက်ခဲလှသည်။

ထျန်းရှ နတ်ဘုရားနိုင်ငံတော်နှင့် သွေးလင်းယုန်ခန်းမတို့ စစ်အင်အား စုဆောင်းမှုကို လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့က ချက်ချင်းပင် သိသွားကြသည်။

သွေးလင်းယုန်ခန်းမ စစ်မီးမွှေးတော့မည်ကို သိလိုက်သည်နှင့် ချီယန်ဂိုဏ်း၏ ဂိုဏ်းချုပ် ချီယန်နတ်ဘုရင်သည် အကြီးအကဲတစ်စုကို ဦးဆောင်ကာ ရန်သူကို မည်သို့ ခုခံရမည်ကို ဆွေးနွေးရန် လျှို့ဝှက်လဝန်းနန်းတော်သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်သို့ ချီယန်နတ်ဘုရင်နှင့် အဖွဲ့ ရောက်ရှိလာလျှင်တွင် ယွမ်ယုတိကို မတွေ့ရှိခဲ့ပေ။

…..

လျှို့ဝှက်လဝန်းနန်းတော်။

အစည်းအဝေးခန်းမ။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့မှ အကြီးအကဲများသည် ခန်းမအတွင်း မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဂိုဏ်းချုပ် ပလ္လင်တွင် ယွမ်ယုတိကို မတွေ့ရသဖြင့် ချီယန်နတ်ဘုရင်က

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင် အခု ဘယ်မှာလဲ”

နတ်ဘုရင် လင်ရင်က

“ကျွန်မတို့ နန်းတော်သခင်က အခု တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေပါတယ်။”

ထိုအရာကို ကြားလျှင် ချီယန်နတ်ဘုရင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားမှာ မကြာသေးမီကပင် အဆမတန် မြင့်တက်လာခဲ့ပြီး အကြီးအကဲများစွာမှာလည်း အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်စဉ် ဝင်နေကြကြောင်း ကောလာဟလများအား သူလည်း ကြားသိထားပြီး ဖြစ်၏။

သာမန်အချိန်ဆိုလျှင် ယွမ်ယုတိ၏ ကျင့်စဉ်စခန်းဝင်ခြင်းက သူတို့နှင့် မသက်ဆိုင်သော်လည်း ယခုတော့ သွေးလင်းယုန်ခန်းမက စစ်ပြင်နေပြီ ဖြစ်သည်။ နတ်ဂိုဏ်းနှစ်ဂိုဏ်းလုံးတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် ယွမ်ယုတိသာ မရှိလျှင် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များကို ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ချီယန်နတ်ဘုရင်က

“လျှို့ဝှက်လဝန်းနန်းတော်သခင်က ကျင့်စဉ်စခန်းကနေ ဘယ်တော့ ပြန်ထွက်လာမလဲဆိုတာများ ပြောသွားသေးလား။”

ဤသို့ မေးမြန်းခြင်းမှာ အနည်းငယ် ယဉ်ကျေးမှုကင်းမဲ့ရာ ရောက်သည်ကို ချီယန်နတ်ဘုရင် သိ၏။

သာမန်နတ်များပင် နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ၊ သို့မဟုတ် သန်းချီ၍ပင် တံခါးပိတ် ကျင့်ကြံတတ်ကြသည် မဟုတ်ပါလား။

ထို့ကြောင့် နတ်ဘုရင်တစ်ပါးဆိုလျှင် နှစ်ပေါင်း သန်းထောင်ပေါင်းများစွာမက ကြာအောင်ပင် တံခါးပိတ် ကျင့်စဉ်အတွင်း ရှိနေနိုင်သေးသည်။

ချီယန်နတ်ဘုရင်၏ စိုးရိမ်မှုကို နားလည်သဖြင့် နတ်ဘုရင် လင်ရင်က

“ချီယန်ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့။တကယ် အရေးကြုံလာရင်တော့ ကျွန်မတို့ နန်းတော်သခင်ကို နှိုးမှာပါ။”

နတ်ဘုရင် လင်ရင်၏ စကားကို ကြားရမှ ချီယန်နတ်ဘုရင်လည်း သက်ပြင်းချနိုင်တော့၏။ တကယ်တန်း သွေးလင်းယုန်ခန်းမက တိုက်ခိုက်လာလျှင်တော့ လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် ယွမ်ယုတိကို မနှိုးပဲ နေမည်မဟုတ်ပေ။

ဤသို့လုပ်ဆောင်ခြင်းက ယွမ်ယုတိ၏ အဆင့်တက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သလို စွမ်းအား ဖောက်ပြန်မှုကိုပင် ဖြစ်စေနိုင်သော်လည်း လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားရသည်ထက်စာလျှင်တော့ တော်သေး၏။

အရေးကြီးဆုံးက ယွမ်ယုတိ ကျင့်စဉ်ဂူအတွင်း ရှိနေစဉ် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်က သူမကို ရုတ်တရက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်၏။ ထိုအခြေအနေဆိုလျှင် ယွမ်ယုတိ ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင်က

“လွန်ခဲ့တဲ့ တစ်လအတွင်းမှာ မိစ္ဆာနတ်တွေ သောင်းကျန်းနေတာအပြင် ထျန်းရှ နတ်ဘုရားနိုင်ငံတော်ရဲ့ စစ်တပ်တွေ မကြာခဏ လှုပ်ရှားနေတာကိုရော ချီယန်ဂိုဏ်းချုပ် သတိထားမိပါလား။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် လင်ရင်၏ ဆိုလိုရင်းကို ချီယန်နတ်ဘုရင် ချက်ချင်းပင် နားလည်သွားကာ

“ထျန်းရှ နတ်ဘုရားနိုင်ငံတော်က သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းနေတယ်လို့ အကြီးအကဲ လင်ရင်က ဆိုလိုတာလား။”

အမှန်စင်စစ် ချီယန်နတ်ဘုရင်သည်လည်း ထိုအချက်ကို သံသယရှိနေခဲ့ခြင်း ဖြစ်၏။ သို့သော် ထျန်းရှ နတ်ဘုရားနိုင်ငံတော်မှာ ဖြောင့်မတ်သော နတ်ဘုရားနိုင်ငံတော်တစ်ခု ဖြစ်သဖြင့် မိစ္ဆာနတ်များနှင့် ပူးပေါင်းရန် မဖြစ်နိုင်ဟု သူက ယူဆထားခဲ့သည်။

မိစ္ဆာနတ်ဆိုသည်မှာ လူတိုင်းက သုတ်သင်ရမည့် အရာများ ဖြစ်ကြ၏။ အကယ်၍ ထျန်းရှ နတ်ဘုရားနိုင်ငံတော်က မိစ္ဆာနတ်များနှင့် ပူးပေါင်းနေသည်ကို ခမ်းနားသော ကောင်းကင်ခန်းမက သိသွားပါက ထျန်းရှ နတ်ဘုရားနိုင်ငံတော်ကို ဖျက်ဆီးရန် စစ်တပ်များ စေလွှတ်ပေလိမ့်မည်။

သို့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမသည် ယခုလောလောဆယ် နတ်ဆိုးဧကရာဇ်ကိုသာ အာရုံစိုက်နေရသဖြင့် မိစ္ဆာနတ်များကို ကိုင်တွယ်ရန် အချိန်မရှိကြောင်း လင်ရင်၏ စကားကို နားထောင်ရင်း ချီယန်နတ်ဘုရင် စဉ်းစားနေမိသည်။

ဤသို့ဆိုလျှင် ထျန်းရှ နတ်ဘုရားနိုင်ငံတော်နှင့် သွေးလင်းယုန်ခန်းမတို့ ပူးပေါင်းသွားရန်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သူတို့၏ စစ်တပ်များ အကြီးစား လှုပ်ရှားမှုများ ရှိနေခြင်းက တကယ်ပင် သံသယဖြစ်စရာ ကောင်းလှပြီး စစ်ပွဲတစ်ခု ဖြစ်ပွားတော့မည့် သဘောကို ဆောင်နေ၏။

သွေးလင်းယုန်ခန်းမ တစ်ခုတည်း ဆိုလျှင်ပင် ရင်ဆိုင်ရန် ခက်ခဲလှပြီဖြစ်ရာ ထျန်းရှ နတ်ဘုရားနိုင်ငံတော်ကပါ ထပ်တိုးလာမည်ဆိုလျှင်တော့...

ထိုအတွေးနှင့်အတူ လူတိုင်း၏ မျက်နှာများ အလွန် တည်ကြည်လေးနက်သွားကာ ခန်းမအတွင်းရှိ လေထုမှာလည်း ပို၍ပင် လေးလံထိုင်းမှိုင်းသွားလေတော့၏။

ခဏအကြာတွင် နတ်ဘုရင် လင်ရင်က “ကြိုတင်ပြင်ဆင်ထားတာကတော့ အကောင်းဆုံးပါပဲ။ အကယ်၍ ထျန်းရှ နတ်ဘုရားနိုင်ငံတော်ရဲ့ ပစ်မှတ်က ကျွန်မတို့ နတ်ဂိုဏ်းနှစ်ဂိုဏ်းသာ ဖြစ်ခဲ့မယ်ဆိုရင် ချီယန်ဂိုဏ်းက ထျန်းရှနိုင်ငံရဲ့ တိုက်ခိုက်မှုကို တားဆီးပေးဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့ လျှို့ဝှက်လဝန်းနန်းတော်က သွေးလင်းယုန်ခန်းမရဲ့ ဌာနချုပ်ကို ရှာဖွေပြီး အရင်ဦးအောင် တိုက်ခိုက်ပါ့မယ်။”

ချီယန်နတ်ဘုရင်က

“စိတ်ချပါ အကြီးအကဲ လင်ရင်။ ကျုပ်တို့် ချီယန်ဂိုဏ်းက ထျန်းရှ နတ်ဘုရားနိုင်ငံတော်ရဲ့ စစ်တပ်ကို လျှို့ဝှက်လဝန်းနန်းတော် နယ်မြေထဲ မဝင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ တားဆီးပေးပါ့မယ်။”

ထိုစဉ် ချီယန်နတ်ဘုရင်က

“အကြီးအကဲ လင်ရင်ကို ကျုပ် မေးစရာ တစ်ခုရှိတယ်။ ဒါကို မေးလို့ သင့်တော်ပါ့မလားတော့ မသိဘူး။”

နတ်ဘုရင် လင်ရင်က

“ချီယန်ဂိုဏ်းချုပ် သိချင်တာရှိရင် ဘာမဆို မေးမြန်းနိုင်ပါတယ်”

ချီယန်နတ်ဘုရင်က

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက ဘာကြောင့် ဒီလောက် ရုတ်တရက် မြင့်တက်လာရတာလဲဆိုတာ ကျုပ်တို့်ကို ပြောပြနိုင်မလား။”

နှစ်ပေါင်းများစွာတိုင် သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်ကို နှောင့်ယှက်ကာ နယ်မြေအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခြင်း၊ မြို့ပေါင်းများစွာကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့၏။ ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား လျော့နည်းသွားသင့်သည်။

သို့သော် ယခု လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားမှာ လျော့ကျမသွားသည့်အပြင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် မြင့်တက်လာခဲ့၏။

ကံစွမ်းအားကို ကောင်းစွာ ခံစားနိုင်သူဖြစ်သည့် ချီယန်နတ်ဘုရင်သည် ခန်းမအတွင်း ဝင်လာသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်၏ ထူထပ်လှသော ကံစွမ်းအားများကို ခံစားမိလိုက်သည်။ အခြားဂိုဏ်းတစ်ဂိုဏ်း၏ ကံစွမ်းအား မြင့်တက်လာရသည့် အကြောင်းအရင်းကို မေးမြန်းခြင်းက မလျော်ကန်သည်ကို သူ သိသော်လည်း မိစ္ဆာနတ်များ၏ ဖျက်ဆီးမှုအောက်တွင် ချီယန်ဂိုဏ်း၏ ကံစွမ်းအားမှာ တဖြည်းဖြည်း လျော့နည်းလာနေသဖြင့် ချီယန်နတ်ဘုရင်စိတ်ထဲ အကြီးအကျယ် စိုးရိမ်ပူပန်နေရခြင်း ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား တိုးမြှင့်နည်းကို ချီယန်ဂိုဏ်းတွင်သာ အသုံးပြုနိုင်မည်ဆိုပါက သွေးလင်းယုန်ခန်းမကို ရင်ဆိုင်ရာတွင် အောင်နိုင်ခြေ အနည်းငယ် ပိုရှိလာနိုင်မည်ဟု သူက တွေးတောနေခဲ့ခြင်းဖြစ်သည်။

နတ်ဘုရင် လင်ရင်က

“ကျွန်မတို့လည်း လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအား မြင့်တက်လာရတဲ့ အကြောင်းရင်းကို အကြိမ်ကြိမ် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ အခုထိတော့ တိကျတဲ့ အကြောင်းရင်းကို မတွေ့သေးပါဘူး။”

နတ်ဘုရင် လင်ရင်၏ အဖြေကို ကြားရလျှင် ချီယန်နတ်ဘုရင်၏ စိတ်ထဲ သက်ပြင်းချလိုက်မိ၏။ အမှန်စင်စစ် မည်သည့်ဂိုဏ်းကမှ မိမိတို့၏ ကံစွမ်းအား တိုးမြှင့်နည်းကို လွယ်လွယ်နှင့် ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။

ချီယန်နတ်ဘုရင်၏ အတွေးကို သိမြင်သွားဟန်ဖြင့် နတ်ဘုရင် လင်ရင်က

“ချီယန်ဂိုဏ်းချုပ် နားလည်မှု မလွဲပါနဲ့။ ကျွန်မတို့ အချက်အလက်တွေကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်မတို့ ဂိုဏ်းနှစ်ဂိုဏ်းက မဟာမိတ်တွေ ဖြစ်နေပြီဆိုတော့ မဟာမိတ်က ပိုအားကောင်းလေလေ ကျွန်မတို့ အောင်နိုင်ခြေ ပိုများလေလေပဲပေါ့။ တကယ်တော့ ကျွန်မတို့ရဲ့ ကံစွမ်းအား ဘာလို့ ဒီလောက်တောင် တိုးလာရသလဲဆိုတာ ကျွန်မတို့ကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေရတာပါ။”

နတ်ဘုရင် လင်ရင်၏ စိတ်ရင်းမှန်သော စကားကို ကြားရလျှင် ချီယန်နတ်ဘုရင်က

“ရပါတယ်။ ဒါဆိုရင်လည်း ခင်ဗျားတို့ရဲ့ နန်းတော်သခင်က တစ်ခုခုကို သိမြင်နားလည်သွားပြီး အဆင့်တက်ဖို့ နီးစပ်နေတာကြောင့် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားတွေ ရုတ်တရက် မြင့်တက်လာတာ ဖြစ်မှာပါ။”

ကံစွမ်းအား မြင့်တက်ရသည့် အခြားအကြောင်းရင်း မရှိပါက ယွမ်ယုတိအနေနှင့် အဆင့်တက်ရန် အခွင့်အလမ်း အလွန်ကြီးမားနေပြီ ဖြစ်၏။

တကယ်လည်း နတ်ဂိုဏ်းတစ်ဂိုဏ်း၏ ကံစွမ်းအားဆိုသည်မှာ ၎င်း၏ အဖွဲ့ဝင်များနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။ အကယ်၍ ထိုအကြောင်းရင်းကြောင့်သာ ဖြစ်ခဲ့ပါက နတ်ဂိုဏ်းနှစ်ဂိုဏ်းလုံးအတွက် သတင်းကောင်းပင် ဖြစ်၏။

ယွမ်ယုတိသာ နတ်သခင် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သွားလျှင် သွေးလင်းယုန်ခန်းမလည်း သူတို့လက်ချက်ဖြင့် ပျက်စီးသွားရပေလိမ့်မည်။

ကံစွမ်းအားအကြောင်း ဆွေးနွေးပြီးနောက် ခုခံစစ် ပြင်ဆင်ရန်နှင့် ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များ အချင်းချင်း မည်သို့ ကူညီကြမည်ကို ဆက်လက်ဆွေးနွေးကြ၏။

နတ်ဂိုဏ်းနှစ်ဂိုဏ်းအတွက် အကြီးမားဆုံး အခက်အခဲမှာ သွေးလင်းယုန်ခန်းမ၏ တည်နေရာကို မသိခြင်းပင် ဖြစ်သည်။ ရန်သူ့တည်နေရာကို မသိပဲနှင့် ခုခံစစ်ကို စနစ်တကျ ပြင်ဆင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ရန်သူ တိုက်ခိုက်လာမည့် လမ်းကြောင်းကိုသာ သိပါက လမ်းတစ်လျှောက်တွင် နည်းဗျူဟာ ပုံစံများကို အမြောက်အမြား တည်ဆောက်ကာ ထိုမိစ္ဆာနတ်များ၏ စွမ်းအားနှင့် အရေအတွက်ကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်လိမ့်မည်။

……………

အခန်း( ၁၇၂၁ )

ရှေ့ဆက်ရန် မရှိ

ထိုသို့ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် အဓိကကျသည့် မြို့အချို့ကို အခိုင်အမာ ခုခံကာကွယ်ရန်နှင့် သွေးလင်းယုန်ခန်းမ တိုက်ခိုက်လာနိုင်မည့် လမ်းကြောင်းကို စုံစမ်းရန်အတွက် တပည့်များကို စေလွှတ်ရန် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့၏ နောက်ဆုံး နည်းဗျူဟာ အဖြစ် အတည်ပြုလိုက်‌တော့သည်။

သွေးလင်းယုန်ခန်းမမှ တိုက်ခိုက်လာမည့် လမ်းကြောင်းကို အတည်ပြုနိုင်သည်နှင့် တစ်ပြိုင်နက် ခံစစ်ကို စနစ်တကျ ပြင်ဆင်နိုင်ကြလိမ့်မည်။ ဤအရာက နောက်ဆုံး ရွေးချယ်စရာ နည်းလမ်းပင် ဖြစ်သည်။

အကယ်၍ သွေးလင်းယုန်ခန်းမ တိုက်ခိုက်မည့် ဦးတည်ချက်ကိုသာ အစကတည်းက သိခဲ့ပါက ယခုအချိန် ကတည်းက ခုခံစစ်ကို အဆင်သင့် ပြင်ဆင်ထားနိုင်မည် ဖြစ်၏။

ရန်သူ့နည်းဗျူဟာများကို ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့မှ အကြီးအကဲများ ဆွေးနွေးပြီးနောက်တွင် ချီယန်နတ်ဘုရင်တို့လည်း ချီယန်ဂိုဏ်းသို့ ပြန်သွားကြသည်။

တစ်ချိန်တည်းမှာပင် အပြင်သို့ ကျင့်စဉ်ကျင့်ရန် ထွက်နေသော တပည့်အားလုံးကို ပြန်လည်ခေါ်ယူကာ သွေးလင်းယုန်ခန်းမ၏ တိုက်ခိုက်မည့်လမ်းကြောင်းကို စုံစမ်းရန် တာဝန်များ ပေးအပ်ရင်း လျှို့ဝှက်လဝန်းနန်းတော်ကလည်း စတင်လှုပ်ရှားလာတော့၏။

နန်းတော်ရှိ တပည့်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်အတွက် တာဝန်များကို ထမ်းဆောင်ရန် နန်းတော်သခင်၏ တပည့်ရင်းများ ဖြစ်ကြသည့် လုချန်းနှင့် ယဲ့ချူယောင်တို့လည်း ပြင်ဆင်ကြ၏။

သို့သော်လည်း ထိုသူနှစ်ဦးမှာ နန်းတော်သခင်၏ တပည့်ရင်းများ ဖြစ်နေသဖြင့် မည်သည့်နေရာကိုမှ မသွားပဲ ဂိုဏ်းအတွင်း၌သာ နေထိုင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲ အများစုက ယူဆကြသည်။

အကယ်၍ သူတို့အပေါ် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သွေးလင်းယုန်ခန်းမက သူတို့ကို အသုံးချကာ လျှို့ဝှက်လဝန်းနန်းတော်နှင့် နန်းတော်သခင်ကို ခြိမ်းခြောက်လာနိုင်သောကြောင့် ဖြစ်သည်။

အစည်းအဝေးခန်းမအတွင်းရှိ လုချန်းနှင့် ယဲ့ချူယောင်ကို နတ်ဘုရင် လင်ရင်က

“အကြီးအကဲတွေကတော့ ရှင်တို့ကို လျှို့ဝှက်လဝန်းနန်းတော်ထဲမှာပဲ နေစေချင်ကြတယ်။ ရှင်တို့နှစ်ယောက်ကရော ဘယ်လို စိတ်ကူးထားသလဲ။”

တာဝန်များထမ်းဆောင်ရန် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာမည်လား သို့မဟုတ် နန်းတော်ထဲမှာပဲ နေမလား ဆိုသည်ကို လုချန်းနှင့် ယဲ့ချူယောင်တို့အား နတ်ဘုရင်ခံ လင်ရင်က ကိုယ်တိုင် ဆုံးဖြတ်စေလိုခြင်း ဖြစ်၏။

ယဲ့ချူယောင်က

“ကျွန်မက နန်းတော်သခင်ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ကနေ ဦးဆောင်ရပါမယ်။ အကယ်၍ ကျွန်မက ကြောက်စိတ်နဲ့ လျှို့ဝှက်လဝန်းနန်းတော်ထဲမှာပဲ ပုန်းနေမယ်ဆိုရင် တခြားတပည့်တွေကို ဘယ်လို စိတ်ဓာတ်မြှင့်တင်ပေးနိုင်မှာလဲ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် လင်ရင် အလွန် အံ့အားသင့်သွားခြင်း မရှိပေ။ ထိုအခိုက်တွင် နတ်ဘုရင် လင်ရင်က လုချန်းထံသို့ သူမ၏ အကြည့်ကို လွှဲပြောင်းလိုက်၏။

လုချန်းက

“ကျုပ်ရဲ့ စိတ်ကူးကလည်း စီနီယာအစ်မ ယဲ့နဲ့ အတူတူပါပဲ။ ဒါ့အပြင် ဆရာပေးထားတဲ့ အသက်ဘေးက လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတော့ သွေးလင်းယုန်ခန်းမက စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့ရင်တောင် ကျုပ် လွတ်အောင် ပြေးနိုင်ပါတယ်။”

နတ်ဘုရင် လင်ရင်က

“ရှင်တို့နှစ်ယောက်လုံး ဆုံးဖြတ်ပြီးမှတော့ ကျွန်မလည်း ဘာမှ မပြောတော့ပါဘူး။”

“ဒါပေမဲ့ နန်းတော်သခင်ရဲ့ တပည့်ရင်းတွေဖြစ်တဲ့အတွက် ရှင်တို့ နန်းတော်က ထွက်သွားတာကို မိစ္ဆာနတ်တွေ သိသွားရင် သူတို့က ရှင်တို့ကို ဧကန်မုချ ပစ်မှတ်ထားကြလိမ့်မယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်တဲ့အခါမှာ ကိုယ့်အသက်ဘေးလုံခြုံမှုကို ဦးစားပေးကြပါ။”

လုချန်းနှင့် ယဲ့ချူယောင်က

“ဟုတ်ကဲ့ပါ ဒု နန်းတော်သခင်လင်ရင်”

နောက်တစ်ခဏတွင် နတ်ဘုရင် လင်ရင်လည်း အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် ခန်းမထဲတွင် လုချန်းနှင့် ယဲ့ချူယောင်တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။

ခဏခန့် ခန်းမအတွင်းရှိ လေထု အနည်းငယ် လေးလံထိုင်းမှိုင်းသွား၏။

လုချန်းက ယဲ့ချူယောင်ကို တစ်ချက် ကြည့်လိုက်၏။ ယနေ့တွင် ယဲ့ချူယောင်သည် သူမ၏ သွယ်လျလှပသော ကိုယ်ပေါ်တွင် ပါးလွှာသော အစိမ်းရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားသည်။ ပါးလွှာသော အဝတ်အစားအောက်တွင် သူ၏ ရှည်လျားလှပသော ခြေတံအစုံမှာ အနည်းငယ် မြင်သာနေပြီး အေးစက်သော်လည်း အပြစ်ဆိုဖွယ်မရှိသော သူမ၏ မျက်နှာထက်မှ အေးစက်စက် နတ်အငွေ့အသက်များလည်း ထွက်ပေါ်နေ၏။

ထိုအခိုက်တွင် ယဲ့ချူယောင်နှင့် အတူရှိခဲ့ဖူးသည့် ရင်းနှီးကျွမ်းဝင်ခဲ့သော အချိန်များက လုချန်း၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာသည်။

လုချန်း၏ အကြည့်ကို သိသွားဟန်ဖြင့် ယဲ့ချူယောင်က လုချန်းကို လှည့်ကြည့်ကာ

“ဂျူနီယာမောင်လေး။ သွေးလင်းယုန်ခန်းမက အင်အားအလုံးအရင်းနဲ့ လာနေတာမို့ သတိထားပါ။”

ထိုသို့ ပြောပြီးသည်နှင့် ယဲ့ချူယောင်က ထွက်ခွာရန် ပြင်လိုက်၏။ ဘာကြောင့်မှန်းမသိသော်လည်း သူမသည် လုချန်း၏ ရှေ့မှောက်တွင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပဲ စိတ်ထဲတွင်လည်း လုချန်းနှင့် ရင်းနှီးခဲ့ဖူးသည့် အချိန်များကိုသာ တရစပ် ပြန်လည်မြင်ယောင်နေမိသည်။

လုချန်းတွင် ဇနီးသည်များ ရှိနှင့်နေပြီဆိုသည့် အချက်ကို တွေးမိလိုက်သည်နှင့် ယဲ့ချူယောင်၏ ရင်ထဲတွင် ဖော်ပြမရနိုင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

ထွက်ခွာတော့မည့် ယဲ့ချူယောင်ကို ကြည့်ကာ လုချန်းက

“စီနီယာအစ်မ။ ကျုပ်တို့်ကြားက အရာအားလုံးက တကယ်ပဲ ပြီးဆုံးသွားပြီလား။”

ယဲ့ချူယောင်က လှမ်းလက်စ ခြေလှမ်းများကို ရပ်လိုက်ရင်း

“ဂျူနီယာမောင်လေး... ဘာတွေပြောနေတာလဲ။ ရှင်ပြောတာကို ကျွန်မ နားမလည်ဘူး။”

လုချန်းက ခပ်ဖွဖွပြုံးကာ

“စီနီယာအစ်မ... ရှောင်ရွှီရင်နဲ့ ကောက်ရှီယွမ်တို့တောင် ကျုပ်ကို လက်ထပ်နိုင်သေးရင် အစ်မလည်း လက်ထပ်နိုင်တာပဲလေ။ ကျုပ်တို့် အတူတူရှိခဲ့တဲ့ ပျော်ရွှင်စရာ အချိန်တွေကို အစ်မ တကယ်ပဲ စွန့်လွှတ်နိုင်လို့လား။”

ယဲ့ချူယောင်က အေးစက်စွာပင်

“ဂျူနီယာမောင်လေး... ကိုယ့်စည်းနဲ့ကိုယ် နေပါ... နောက်နောင် ကျွန်မရဲ့ ကျင့်စဉ်ကို မနှောင့်ယှက်တော့ပါဘူးဆိုပြီးတော့ ရှင် ဆရာ့ကို ကတိပေးခဲ့တယ်မလား။”

ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို လက်ထပ်ရန်အတွက် သူမကို လွယ်လွယ်ကူကူပင် စွန့်လွှတ်ခဲ့သည့် လုချန်း၏ လုပ်ရပ်ကို တွေးမိတိုင်း ယဲ့ချူယောင်၏ ရင်ထဲတွင် ဓားနှင့် ထိုးခံလိုက်ရသကဲ့သို့ နာကျင်နေရ၏။

လုချန်းက

“ကျုပ် ဆရာ့ကို အစ်မရဲ့ ကျင့်စဉ်ကို မနှောင့်ယှက်ပါဘူးလို့ ကတိပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အစ်မ ကျုပ်ကို လက်ထပ်လိုက်တာက ကျင့်စဉ်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။”

“စီနီယာအစ်မ မေ့သွားပြီလား။ ကျုပ်တို့် အတူတူရှိခဲ့တဲ့ အချိန်တွေမှာတောင် ကျင့်စဉ်တွေကို လေ့ကျင့်နေခဲ့ကြတာပဲလေ။ အစ်မဆိုရင်လည်း ကျုပ်ရဲ့ အကူအညီနဲ့ စစ်မှန်သောနတ် အဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တာ မဟုတ်လား။”

“အတူတူရှိနေတာက ကောင်းကျိုးပဲ ရှိတာပါ။ ဘာဆိုးကျိုးမှ မရှိပါဘူး။”

လုချန်း ပြောတာ မမှားမှန်း ယဲ့ချူယောင် သိသော်လည်း သူတို့၏ ဆရာက သူတို့နှစ်ဦး ပေါင်းဖက်ခြင်းကို မည်သည့်အခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူမ ကိုယ်တိုင်ကလည်း အခြားအမျိုးသမီးများနှင့်အတူ အမျိုးသားတစ်ဦးတည်းကို ဝိုင်းဝန်း ပြုစုရမည့် အခြေအနေမျိုးကို မလိုလားပေ။

အစက ချန်းလုကို လုချန်းဟု ထင်မှတ်ကာ သူ၏ သရုပ်မှန်ကို ဖော်ထုတ်ရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို စတေးခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထိုဂျူနီယာမောင်လေးသည် လုချန်း လုံးဝ မဟုတ်ဟု မည်သူက ထင်ထားပါမည်နည်း။

သူမအနေနှင့် ဤအမှားကို ဆက်လက် ဖြစ်ပေါ်နေခွင့် မပြုနိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် ထိုအကျင့်ပျက်ခဲ့သည့် အချိန်များကို တိတ်တဆိတ် တောင့်တနေခဲ့လျှင်တောင်မှ ဖြစ်၏။

စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ရင်း ယဲ့ချူယောင်က

“ဂျူနီယာမောင်လေး... ဒီမှာတင်ပဲ ရပ်လိုက်ကြရအောင်။ ကျွန်မတို့ကြားမှာ ဘာမှ ဖြစ်နိုင်ခြေ မရှိတော့ပါဘူး။”

လုချန်းကို ဆက်၍ စကားပြောရန် ယဲ့ချူယောင် စိတ်မကူးတော့ပဲ တံခါးဝသို့ ချက်ချင်းပင် ဦးတည်ထွက်ခွာသွားတော့သည်။

ယဲ့ချူယောင်၏ လှပသော ကျောပြင်ကို ကြည့်ကာ လုချန်းက

“စီနီယာအစ်မ။ တစ်နေ့ကျရင် အစ်မက ကျုပ်အတွက်ပဲ ဖြစ်လာမှာပါ။”

ထိုစကားကို ကြားလျှင် ယဲ့ချူယောင် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမ၏ ခြေလှမ်းများကို ရပ်တန့်ခြင်း မရှိပေ။ ထိုအစား သူမ၏ လှပသော လက်သီးများကို အနည်းငယ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ဤလူယုတ်မာသည် ဂျူနီယာညီမလေး နှစ်ဦးလုံးကို ရရှိထားပြီးဖြစ်သော်လည်း သူမကိုပါ လောဘတက်နေသေးသည်။

သူသည် အလွန်ပင် လောဘကြီးသော သူဖြစ်၏။

သူသည် အန္တရာယ်ကောင် တစ်ယောက်ဖြစ်သည့် လုချန်း မဟုတ်သော်လည်း လုချန်းနှင့် များစွာ မခြားနားပေ။

သူမ၏ ဘဝတွင် လုချန်းကဲ့သို့သော လူစားမျိုးများကို အမုန်းဆုံး ဖြစ်သည်။ အတိတ်က ဝူကျန်းဝမ်သည်လည်း ထိုကဲ့သို့သော အမျိုးသားတစ်ဦး၏ လှည့်ဖြားခြင်းကို ခံခဲ့ရသည်ကို တွေးမိရင်း ယဲ့ချူယောင်၏ လက်သီးများ ပို၍ပင် တင်းကြပ်သွား၏။

မည်သို့ပင်ဖြစ်စေ သူမ အနေနှင့် ဒုတိယမြောက် ဝူကျန်းဝမ် အဖြစ်မခံနိုင်ပေ။ ယောက်ျားများ၏ အချစ်ဆိုသည်မှာ ခဏတာ သာယာမှုတစ်ခုသာ ဖြစ်သဖြင့် သူမအနေနှင့် သု့အပေါ် အစွဲအလန်းကြီးနေရန် မလိုပေ။

ယဲ့ချူယောင် ခန်းမအတွင်းမှ ထွက်သွားပြီးနောက် လုချန်းလည်း သူ၏ အဆောင်သို့ ပြန်လာခဲ့၏။ လုချန်း ပြန်ရောက်လာချိန်တွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့သည် အဆောင်အတွင်းရှိ ကျောက်သားခုံတန်းပေါ်တွင် ထိုင်နေကြပြီး တစ်ခုခုကို ဆွေးနွေးနေကြပုံရ၏။

လုချန်းက ပြုံးလျက်

“စီနီယာအစ်မတို့ နှစ်ယောက် ဘာတွေ ဆွေးနွေးနေကြတာလဲ။”

ကောက်ရှီယွမ်က ရှောင်ရွှီရင်အစား

“ဂျူနီယာညီမလေး ရှောင်က ရှင် တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်ရင် သူလည်း လိုက်ခဲ့ချင်တယ်လို့ ပြောနေတာ။”

လုချန်း အနည်းငယ် အံ့အားသင့်သွားပြီးမှ

“မဖြစ်ဘူး...ခင်ဗျားတို့နှစ်ယောက်လုံးက ကျုပ်အတွက် အရေးအကြီးဆုံး သူတွေပဲ။ ခင်ဗျားတို့ ဒဏ်ရာရမှာကို ကျုပ် မကြည့်နိုင်ဘူး။”

ကောက်ရှီယွမ်က ရှောင်ရွှီရင်ကို ကြည့်ကာ

“ဂျူနီယာညီမလေး...အစ်မ ပြောသားပဲ။ သူ သဘောတူမှာ မဟုတ်ပါဘူးလို့။”

ရှောင်ရွှီရင်က

“ရှင်လည်း လျှို့ဝှက်လဝန်းနန်းတော်အတွက် တိုက်ပွဲဝင်နေတာပဲ။ ကျွန်မကရော ဘာလို့ မရမှာလဲ။”

“ဒါ့အပြင် ကျွန်မက အတွင်းစည်း ဂိုဏ်းဝင်တပည့်လည်း ဖြစ်တယ်။ တကယ်လို့ အတွင်းဂိုဏ်းဝင်တပည့်တစ်ယောက်ဖြစ်တဲ့ ကျွန်မက လျှို့ဝှက်လဝန်းနန်းတော်ထဲမှာပဲ ပုန်းနေမယ်ဆိုရင် တခြားတပည့်တွေက ကျွန်မကို ဘယ်လို မြင်ကြမလဲ။”

လုချန်းက ခပ်အေးအေးပင်

“ခင်ဗျားနဲ့ ရှီယွမ်က အခုဆိုရင် ကျုပ်ရဲ့ မိန်းမတွေ ဖြစ်နေပြီ။ ကျုပ်တို့် မိသားစုထဲက တစ်ယောက် ထွက်မှာမို သူတို့ ဘာမှ ပြောကြမှာ မဟုတ်ပါဘူး။”

“ဒါ့အပြင် ဒါက ကျုပ်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပဲလို့ ပြောခဲ့တယ်မလား။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါဘူး။”

ရှောင်ရွှီရင်က

“ဒါပေမဲ့...”

ရှောင်ရွှီရင် တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း လုချန်းက သူမ၏ အနားသို့ ရောက်ရှိလာကာ ပွေ့ဖက်လိုက်ပြီး နားနားသို့ ကပ်လျက်

“ခင်ဗျားသာ ကျုပ်အနားမှာ ရှိနေရင် ကျုပ်က ခင်ဗျားကိုပဲ တရစပ် ကလိချင်နေမှာ။ အဲ့ဒီတော့ တာဝန်တွေကို ဘယ်လိုလုပ် အာရုံစိုက်နိုင်တော့မှာလဲ။”

…………..

အခန်း (၁၇၂၂)

ကိုယ့်ခြံထဲကကြက်

လုချန်း၏ တည်းတိုးစကားများကို ကြားလျှင် ရှောင်ရွှီရင်၏ ဝင်းပသော ပါးပြင်ပေါ်၌ ရှက်သွေးများ ချက်ချင်း ဖြတ်ပြေးသွား၏။ ထိုရှက်သွေးများသည် သူမ၏ ဖြူဝင်းသော လည်ပင်းနှင့် နားရွက်များအထိ လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ပူနွေးသွားစေသည်။

လုချန်းက ရှောင်ရွှီရင်ကို

“ရွှီရင်... ကျုပ်အတွက် ရှီယွမ်နားမှာပဲနေပြီး သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။”

“စိတ်ချပါ... ကျုပ် ဘာမှ အန္တရာယ်မဖြစ်စေရဘူး။”

သူမအား တာဝန်ဖြင့် အပြင်သို့ ထွက်ခွာခွင့်မပြုလိုသည့် လုချန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို တွေ့ရသဖြင့် ရှောင်ရွှီရင်လည်း ပြောစရာမရှိတော့ပဲ

“ကျွန်မ နားလည်ပါပြီ... ရှင်လည်း ဂရုစိုက်ပါဦး”

လုချန်းက ရှောင်ရွှီရင်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်၏။

“ကျုပ် မသွားခင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့မယ်... ဒါဆို ခင်ဗျား အထီးကျန်မှာ မဟုတ်တော့ဘူး။”

လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင်၏ ပါးပြင်ပေါ်မှ ရှက်သွေးများ ပို၍ ရဲလာ၏။ တစ်ချိန်က အေးစက်လှသော နတ်မိမယ်သည် လုချန်း၏ ရှေ့မှောက်တွင်မူ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။

လုချန်းက

“ကျုပ် မနက်ဖြန် မနက်စောစော လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားတော့မှာ... ဒါကြောင့် ဒီညတော့ ကောင်းကောင်း နှုတ်ဆက်ကြရအောင်။”

ထိုသို့ ပြောဆိုရင်း လုချန်းနှင့် ရှောင်ရွှီရင်တို့၏ ပုံရိပ်များ ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ကောက်ရှီယွမ်က ပြုံးလိုက်၏။

လုချန်း ဆိုလိုသည့် နှုတ်ဆက်ခြင်းမျိုးက မည်သို့သောအရာဖြစ်ကြောင်း သူမ ကောင်းစွာ သိသည်။

သို့သော် သူမ၏ ဝမ်းဗိုက်မှာ အနည်းငယ် ပူထွက်နေပြီဖြစ်ရာ ထိုအထဲသို့ ဝင်ရောက်ရန် သူမ၌ စိတ်ဆန္ဒမရှိချေ။ လျှို့ဝှက်လဝန်းနန်းတော်၏ သိပ်သည်းလှသော နတ်အငွေ့အသက်နှင့် လွန်ခဲ့သော နှစ်နှစ်အတွင်း နန်းတော်၏ ကံစွမ်းအားများ မြင့်တက်လာခြင်းတို့ကြောင့် သူမ၏ ဝမ်းဗိုက်အတွင်းရှိ ရင်သွေးမှာ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

သာမန် စစ်မှန်သောနတ်များအတွက် ရင်သွေးလွယ်ရန်မှာ များသောအားဖြင့် နှစ်ပေါင်း တစ်ရာခန့် ကြာမြင့်တတ်ပြီး ထိုကြာချိန်ကို တိုတောင်းသည်ဟုပင် သတ်မှတ်နိုင်သည်။ သို့သော် သူမသည် ကိုယ်ဝန်ဆောင်ထားရသည်မှာ နှစ်ပေါင်း ငါးဆယ်ပင် မပြည့်သေးသော်လည်း ရင်သွေးမှာ အတော်ပင် ကြီးထွားနေပေပြီ။

နောက်ထပ် ငါးနှစ်မပြည့်မီ အချိန်အတွင်း ဤရင်သွေးလေးကို ဖွားမြင်နိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။ ထိုသို့ တွေးမိရင်း ကောက်ရှီယွမ်က သူမ၏ ဝမ်းဗိုက်ကို သာသာလေး ပွတ်သပ်ကာ နတ်အာရုံကို အသုံးပြု၍ အတွင်းရှိ ကလေးငယ်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် ခံစားနေ၏။

နောက်တစ်နေ့ မနက်စောစောတွင် လူနတ်အဆင့်ရှိသည့် ခန္ဓာကိုယ်တစ်ခုကို လုချန်း ချန်ထားခဲ့ပြီးနောက် သွေးလင်းယုန်ခန်းမ တိုက်ခိုက်လာမည့် ဦးတည်ချက်ကို စုံစမ်းရန် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားခဲ့သည်။

နောက်ပိုင်း လအနည်းငယ်အတွင်း လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း မိစ္ဆာနတ်များ၏ သတ်ဖြတ်မှု ဖြစ်ရပ်များ ပိုမိုများပြားလာပြီး နန်းတော် ပိုင်နက်အတွင်း၌လည်း တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံအချို့ ပေါ်ပေါက်လာခဲ့သည်။

လက်အောက်ခံ အင်အားစုအချို့ သစ္စာဖောက်နေပြီဖြစ်ကြောင်း လျှို့ဝှက်လဝန်းနန်းတော်က ချက်ချင်း သိသွားသဖြင့် လုချန်း၊ ယဲ့ချူယောင်နှင့် အခြား အတွင်းစည်း တပည့်များကို ထိုလက်အောက်ခံ အင်အားစုများဆီသို့ ကင်းလှည့်စစ်ဆေးရန် စေလွှတ်လိုက်သည်။

ဤတာဝန်သည် အလွန် အန္တရာယ်ကြီးမားလှ၏။

ကင်းလှည့်စစ်‌ဆေး တပည့်များ လာရောက်ပါက ထိုသစ္စာ‌ဖောက် လက်အောက်ခံ အင်အားစုများက သူတို့ကို သတ်ပစ်ရန် ကြိုးစားမှာ သေချာလှ၏။ သူတို့၏ ဂိုဏ်းနယ်မြေအတွင်းသို့ မရောက်မီပင် လုပ်ကြံခံရနိုင်ခြေ ရှိသည်။

ကင်းလှည့်သည့် တာဝန်ကို လက်ခံရရှိပြီးနောက် လုချန်း စစ်ဆေးခဲ့သည့် ဂိုဏ်းသုံးဂိုဏ်းအနက် နှစ်ဂိုဏ်းမှာ မိစ္ဆာနတ်များနှင့် ဆက်သွယ်မှုရှိနေ‌ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယင်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သည့် လက်အောက်ခံအင်အားစု မည်မျှများပြားနေကြောင်း ဖော်ပြနေ၏။

လွန်ခဲ့သော နှစ်များအတွင်း နတ်ဂိုဏ်း၏ ကံစွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သော်လည်း လက်အောက်ခံ အင်အားစုအများစုမှာ လျှို့ဝှက်လဝန်းနန်းတော်အပေါ် ယုံကြည်မှု ကင်းမဲ့နေကြဆဲ ဖြစ်သည်။ နန်းတော်အနေနှင့် သွေးလင်းယုန်ခန်းမကို မယှဉ်နိုင်ဟု သူတို့က ယူဆထားကြပြီး နန်းတော်နှင့်အတူ ပျက်စီးမည့်အစား လက်နက်ချခြင်းက ပို၍ကောင်းသော ရွေးချယ်မှုဟု မြင်ထားကြသည်။

…..

ကျောက်စိမ်းနဂါးဂိုဏ်း...

စည်းဝေးခန်းမအတွင်း၌ သွေးနီရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးသည် သူတို့လက်ထဲရှိ ကျောက်စိမ်းလိပ်များကို ကြည့်ကာ တဟားဟား အော်ရယ်လိုက်ကြ၏။

ရယ်မောပြီးနောက် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“ကဲ... ဘယ်သူက ထင်ထားမှာလဲ”

“သူက တကယ်ပဲ သူ့သဘောနဲ့သူ ဒီကို ရောက်လာတာပဲ”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် ကောင်းကင်သတ် နတ်ဘုရင်ခံတို့သည် လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ ခိုးဝင်ပြီး လုချန်းနှင့် ယဲ့ချူယောင်တို့၏ ခြေရာကို လိုက်ရှာနေခဲ့ကြခြင်း ဖြစ်သည်။ ယွမ်ယုတိ၏ တပည့်ရင်း နှစ်ဦးကို အသုံးချကာ ရှုကျင့်ရှူးကို အပ်နှံရန် ဖိအားပေးဖို့ သူတို့ စဉ်းစားထားကြခြင်းဖြစ်၏။

သို့သော် သူတို့၏ လှုပ်ရှားမှုများက ဖမ်းရခက်လှသဖြင့် သွေးလင်းယုန်ခန်းမ၏ သူလျှိုများလည်း သူတို့ရှိသည့် တိကျသောနေရာကို မဖော်ထုတ်နိုင်ခဲ့ကြပေ။

ယခုတော့ လုချန်းသည် ကင်းလှည့်စစ်‌ဆေးရန် တာဝန်ယူသည့် တပည့် ဖြစ်လာခဲ့ပြီး သူနောက်ထပ် စစ်ဆေးရမည့်ဂိုဏ်းမှာ သွေးလင်းယုန်ခန်းမထံတွင် သစ္စာခံထားသည့် ကျောက်စိမ်းနဂါးဂိုဏ်း ဖြစ်နေသည်။

နတ်ဘုရင်ခံအဆင့်ရှိသည့် ကျောက်စိမ်းနဂါးဂိုဏ်းချုပ်က ကျောက်စိမ်းလိပ်ကို ကြည့်ပြီးမှ ရုတ်တရက် ရယ်မောလိုက်သဖြင့် ကောင်းကင်သတ် နတ်ဘုရင်ခံနှင့် ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ကို နားမလည်နိုင်စွာ ကြည့်ရင်း

“ဘယ်အရာက သံတမန်တို့ကို ဒီလောက်တောင် ရယ်မောစေတာလဲ”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ပြုံးဖြဲဖြဲဖြင့်

“ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ... ခင်ဗျားရဲ့ ကံက တကယ်ကောင်းတာပဲ။ ကျုပ်တို့် သွေးလင်းယုန်ခန်းမထဲကို ဝင်ဝင်ချင်းမှာပဲ အကျိုးဆောင်ဖို့ အခွင့်အရေး ရသွားပြီ။”

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ဇဝေဇဝါ ဖြစ်သွား၏။

အကျိုးဆောင်ရမည်.....

ဘာအတွက်ကြောင့်နည်း....

သွေးလင်းယုန်ခန်းမသို့ ဝင်ရောက်ခြင်းက အကျိုးဆောင်ခြင်းဟု မသတ်မှတ်နိုင်ပေ။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ မျက်နှာပျက်နေသည်ကို တွေ့ရသဖြင့် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“ချန်းလုရဲ့ နောက်ထပ် ကင်းလှည့်စစ်ဆေးမယ့် နေရာက ခင်ဗျားတို့ရဲ့ ကျောက်စိမ်းနဂါးဂိုဏ်း ဖြစ်နေတယ်ဆိုတဲ့ သတင်းကို အခုပဲ ရထားတယ်။ သူက လမ်းမှာတောင် ရောက်နေပြီ”

ဟု ရှင်းပြလိုက်၏။

ဤစကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အလွန် အံ့အားသင့်သွားသည်။

ချန်းလုဆိုသည်မှာ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်၏ တပည့်ရင်း မဟုတ်ပါလား။

သူ့ကို ဖမ်းဆီးနိုင်ခြင်းက ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

သူ၏ ကံကောင်းမှုကို သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်သွား၏။ သွေးလင်းယုန်ခန်းမ၏ ယုံကြည်မှုကို ရရှိရန် ကျောက်စိမ်းနဂါးဂိုဏ်းအနေနှင့် မည်သို့သော သစ္စာခံမှုမျိုး ပြရမလဲဟု စိုးရိမ်နေစဉ်မှာပင် ဤအခွင့်အရေးက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

သစ္စာခံရန်အတွက် လက်ဆောင်က သူတို့ဆီသို့ အလိုအလျောက် လမ်းလျှောက်ဝင်လာခဲ့ပေပြီ။

ချန်းလုကို သစ္စာခံ လက်ဆောင်အဖြစ် ဆက်သနိုင်ပါက သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုများကြားတွင် ကျောက်စိမ်းနဂါးဂိုဏ်း၏ အဆင့်အတန်းက နိမ့်ကျတော့မည် မဟုတ်ချေ။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ

“သံတမန်တို့ ပြောတာ သေချာရဲ့လား”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“သေချာပါတယ်။ ချန်းလုက ရက်အနည်းငယ်အတွင်း ကျောက်စိမ်းနဂါးဂိုဏ်းကို ရောက်လာလိမ့်မယ်။”

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက ခဏခန့် စဉ်းစားပြီးနောက်

“ကျုပ်တို့် တစ်ခုခု ကြိုတင်ပြင်ဆင်ထားသင့်တယ်... သူက နတ်ဘုရင်ရဲ့ တပည့်ဖြစ်နေတော့ အသက်ဘေးက လွတ်မြောက်နိုင်မယ့် နည်းလမ်းအချို့တော့ ရှိနေမှာပဲ။”

သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ ရှိနေကြဆဲ ဖြစ်သည်။ ယွမ်ယုတိက လုချန်းအတွက် ချန်ထားခဲ့သည့် အရာတစ်ခုခုကို သူ အသုံးပြုလိုက်ပါက မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရင်၏ ဝိညာဉ်အပိုင်းအစကို ဆင့်ခေါ်လိုက်နိုင်သည်။

ဤနေရာ၌ နတ်ဘုရင်ခံ သုံးဦးရှိနေသော်လည်း နတ်ဘုရင် အစစ်ကို မဆိုထားနှင့် နတ်ဘုရင်၏ ဝိညာဉ်အပိုင်းအစကိုပင် သူတို့ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ သံသယဖြစ်မိသည်။

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် ကောင်းကင်သတ် နတ်ဘုရင်ခံတို့က သူတို့၏ ရယ်မောသံများကို ချက်ချင်းရပ်တန့်လိုက်ကြ၏။ ထိုအချက်ကို ယခုမှ သူတို့သတိပြုမိသွားကြခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ချန်းလုသည် ယွမ်ယုတိ၏ တပည့်ရင်း မဟုတ်ပါလား။

သူ့အတွက် အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းများကို ယွမ်ယုတိက မပြင်ဆင်ပေးပဲ နေမည်မဟုတ်‌ပေ။

လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဘုရင်အဆင့်ရှိသည့် အင်အားစုဖြစ်ရာ နတ်ဘုရင်ခံအဆင့် တိုက်ခိုက်မှုများကို ခုခံနိုင်သည့် မှော်ရတနာများ သို့မဟုတ် ပညာရပ်များကို ချန်းလုအား ပေးအပ်ထားနိုင်ခြေ ရှိသည်။ ချန်းလုကို ဖမ်းဆီးရန်အတွက် သူတို့ အထူးဂရုစိုက်ရန် လိုအပ်၏။

ယခုတစ်ကြိမ်တွင် သူတို့ ကျရှုံးသွားပြီး ချန်းလုက သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပါက နောက်ပိုင်းတွင် လျှို့ဝှက်လဝန်းနန်းတော်ထဲမှ ထွက်တော့မည် မဟုတ်ပေ။ ထိုအခါ သူ့ကို ဖမ်းဆီးရန် လုံးဝ မဖြစ်နိုင်တော့ချေ။

ချန်းလုကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးနိုင်ရန်နှင့် လွတ်မြောက်ရန် အခွင့်အရေး လုံးဝမပေးမိစေရန် သူတို့ စီစဉ်ရလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး သွေးနီရောင် အလုံးလေးတစ်ခုကို ထုတ်ယူကာ

“ကံကောင်းလို့ ဒါကို ကျုပ် ယူလာမိခဲ့တယ်”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ လက်ထဲရှိ သွေးညှီနံ့များ ထွက်ပေါ်နေသော အလုံးလေးကို ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက စူးစမ်းစွာ ကြည့်ရင်း

“ဒါက ဘာလဲ”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“သွေးမိစ္ဆာပုလဲပဲ။ ဒိီအထဲမှာ ကန့်သတ်ချက်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာငယ်လေး တစ်ခုရှိတယ်။ ချန်းလုသာ သွေးမိစ္ဆာနယ်ပယ်ထဲကို ရောက်သွားရင် လျှို့ဝှက်လဝန်းနန်းတော် သခင်လည်း သူ့ရဲ့ တည်ရှိမှုကို ခံစားမိမှာ မဟုတ်တော့ဘူး။”

“အဲ့ဒီကျရင်တော့ သူ့ကို ကိုယ်ခြံထဲက ကြက်လို အလွယ်တကူ ဖမ်းလို့ရပြီ။”

…………..

All Chapters