အခန်း (၁၇၂၃-၁၇၂၅)
Vol. 115 Ch. 1723-1725
အခန်း( ၁၇၂၃ )
လွတ်နိုင်မယ်လို့ တကယ် ထင်လား
ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အလွန် ဝမ်းသာသွား၏။ ချန်းလုအပေါ် ယွမ်ယုတိ၏ အာရုံခံနိုင်စွမ်းကို သူတို့ ဟန့်တားနိုင်ပါက ချန်းလုကို ဖမ်းဆီးရန်က ပြဿနာ မဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေ သူတို့ဘက်၌ နတ်ဘုရင်ခံ သုံးဦးရှိနေပြီး ရရှိထားသော သတင်းများအရ ချန်းလုသည် ကောင်ကင်နတ် အဆင့်မျှသာ ဖြစ်၏။ နတ်ဘုရင်ခံ သုံးဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသည့် ကောင်းကင်နတ်တစ်ဦးအဖို့တော့ ပြန်လည် တိုက်ခိုက်နိုင်စွမ်းက လုံးဝ မရှိသလောက်ပင်။
ထိုအတွေးနှင့်အတူ ချန်းလု ရောက်လာသည်နှင့် သူတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် သုံးဦးသား စတင် ပြင်ဆင်ကြတော့သည်။
……
လဝက်ခန့် ကြာပြီးနောက်...
ကျောက်စိမ်းနဂါးဂိုဏ်း၏ တောင်ဘက်တံခါးအပြင်ဘက်တွင် လုချန်း ပေါ်လာ၏။
လုချန်း၏ မိစ္ဆာစွမ်းအားကို အာရုံခံနိုင်စွမ်းမှာ အလွန်ပင် ထက်မြက်လှသည်။ ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ မဝင်ရသေးသော်လည်း ထိုအတွင်းမှ ထွက်ပေါ်နေသည့် သိပ်သည်းလှသော မိစ္ဆာစွမ်းအားများကို သူ ခံစားနေရပြီ ဖြစ်၏။
ကျောက်စိမ်းနဂါးဂိုဏ်း၏ မိစ္ဆာနတ်များသည် သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ထားကြသော်လည်း လုချန်း ကျင့်ကြံထားသည့် ထူးခြားသော ကျင့်စဉ်ကြောင့် ဂိုဏ်းအနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များသည် စိတ်လှုပ်ရှားနေသကဲ့သို့ တိုးဝှေ့ ထကြွလာ၏။
ထိုအခိုက်အတန့်တွင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ လုချန်း၏ ရှေ့၌ ရုတ်တရက် ပေါ်လာသည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက လုချန်းကို ရိုသေစွာဖြင့်
“အထက်ဂိုဏ်းက သံတမန်ကို ကြိုဆိုပါတယ်”
လုချန်းသည် ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ မဝင်ရသေးပေ။ ထို့ကြောင့် လုချန်း ထွက်ပြေးသွားနိုင်မည့် အခွင့်အရေး မရှိနိုင် စေရန် လက်ဦးမှုယူ လှုပ်ရှားခြင်း မပြုသေးပဲ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ခဏခန့် အောင့်အည်းထား၏။
လုချန်းက ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကို ခပ်အေးအေးဖြင့်
“ကျောက်စိမ်းနဂါး ဂိုဏ်းချုပ်... ခင်ဗျားတို့ ဂိုဏ်းမှာ တစ်ခုခု မှားနေတယ်။”
လုချန်း၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ နှလုံးခုန်သံ တစ်ခဏမျှ ရပ်တန့်သွား၏။
သူ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားတာလား။
မဖြစ်နိုင်ပေ...
ကျောက်စိမ်းနဂါးဂိုဏ်းရှိ မိစ္ဆာနတ်များ အားလုံးသည် သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ထားကြပြီး ချန်းလုကလည်း အတွင်းသို့ပင် မဝင်ရသေးပေ။
သူ မည်သို့ သိနိုင်ပါမည်နည်း။
ဒီလူက စမ်းသပ်နေတာများလား။
ထိုသို့ တွေးမိသည်နှင့် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံလည်း သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လုချန်းကို
“သံတမန် ဘာကို ဆိုလိုတာလဲ။ ဘယ်နေရာမှာ မှားယွင်းနေတယ်လို့ သံတမန် ခံစားရလို့လဲဆိုတာ သိပါရစေ။”
လုချန်းက ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကို စိုက်ကြည့်လိုက်ပြီး
“သွေးလင်းယုန်ခန်းမက တိုက်ခိုက်နေပြီ... မိစ္ဆာနတ်တွေ ကျူးကျော်လာတာကို ကာကွယ်ဖို့နဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားကြဖို့ လျှို့ဝှက်လဝန်းနန်းတော်က ဂိုဏ်းအားလုံးကို အမိန့်ထုတ်ထားပြီးသား။”
“ဒါပေမဲ့ ခင်ဗျားတို့ ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ တောင်ဘက်တံခါးက ဟင်းလင်းကြီး ပွင့်နေတယ်။ ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံကိုတောင် အသက်မသွင်းထားဘူး။ အကယ်၍ မိစ္ဆာနတ်တွေ တိုက်ခိုက်လာရင် ကျောက်စိမ်းနဂါးဂိုဏ်းက ကြာကြာခံမှာ မဟုတ်ပဲ အစအနပျောက်သွားလိမ့်မယ်လို့ ကျုပ် စိုးရိမ်မိတယ်။”
“နောက်ပြီး ဒီကို လာတဲ့ လမ်းမှာလည်း ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ တပည့်တွေမှာ ဘာသတိမှ မရှိတာကို ကျုပ် သတိထားမိတယ်။ သွေးလင်းယုန်ခန်းမရဲ့ ကျူးကျော်မှုက ကျောက်စိမ်းနဂါးဂိုဏ်းနဲ့ ဘာမှမဆိုင်သလိုပဲ။”
လုချန်း၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံနှင့်အတူ ပုန်းအောင်းနေကြသည့် ကောင်းကင်သတ် နတ်ဘုရင်ခံနှင့် ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ ခဏခန့် မှင်တက်သွားကြ၏။
ချန်းလု ဤမျှအထိ စေ့စပ် ထက်မြက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ယခုတော့ အခြေအနေက ရှုပ်ထွေးသွားပြီ ဖြစ်၏။ ကျောက်စိမ်းနဂါးဂိုဏ်း သွေးလင်းယုန်ခန်းမဘက်သို့ ပါသွားပြီဖြစ်ကြောင်း သူ သိသွားတာများလား။
အခုပဲ လက်ဦးမှုယူပြီး လှုပ်ရှားလိုက်သင့်လား။
ထိုအခိုက်အတန့်တွင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“သံတမန် ပြောတာ မှန်ပါတယ်။ ကျုပ်တို့် ကျောက်စိမ်းနဂါးဂိုဏ်းက ပေါ့ဆသွားတာပါ။ ကျုပ်တို့်က ဂိုဏ်းငယ်လေးတစ်ခုဆိုတော့ သွေးလင်းယုန်ခန်းမက ဒီလို ဂိုဏ်းငယ်လေးကို ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ ထင်မိလို့ ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံကို အသက်မသွင်းခဲ့မိတာပါ။”
“သံတမန်လည်း သိတဲ့အတိုင်း ကျုပ်တို့်လို ဂိုဏ်းငယ်လေးတွေအတွက် ကျင့်စဉ် အရင်းအမြစ်တွေက ရှားပါးလှပါတယ်။ ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံကို တစ်ရက် အသက်သွင်းထားရင်တောင် နတ်ကျောက်တုံးတွေ အများကြီး ကုန်ကျတာကြောင့် ချွေတာနိုင်သမျှ ချွေတာဖို့ စဉ်းစားခဲ့မိလို့ပါ။”
“ခဏနေရင် ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံကို ကျုပ်ကိုယ်တိုင် သွားပြီး အသက်သွင်းလိုက်ပါ့မယ်။”
လုချန်းက ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကို အမှန်အတိုင်း မပြောပဲ
“အခုက အရေးကြီးတဲ့ အချိန်ပဲ... ကျောက်စိမ်းနဂါး ဂိုဏ်းချုပ်အနေနှင့် ဒီလောက်အထိ ပေါ့ပေါ့ဆဆ မနေသင့်ဘူး။”
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“သံတမန် ပြောတာ မှန်ပါတယ်... ကျုပ် အမြန်ဆုံး ပြင်ဆင်ပါ့မယ်။ ဒီကိစ္စ လျှို့ဝှက်လဝန်းနန်းတော်ကို အစီရင်ခံစာ မတင်ပါနဲ့လို့ ကျုပ် တောင်းဆိုချင်ပါတယ်။ ကျုပ်တို့် ကျောက်စိမ်းနဂါးဂိုဏ်းက သံတမန် သဘောကျလောက်မယ့် လက်ဆောင် ပေးအပ်ပါ့မယ်။”
“သံတမန်... ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါဦး။”
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက လာဘ်ထိုးလိုသည့် ပုံစံဖြင့် မျက်နှာချိုသွေးနေ၏။ မိစ္ဆာစွမ်းအားကို ခံစားမိနေသည့် လုချန်းကတော့ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံသည် လာဘ်ထိုးဖို့ ကြိုးစားနေခြင်း မဟုတ်ပဲ သူ့ကို ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ မျှားခေါ်နေခြင်းဖြစ်ကြောင်း ကောင်းစွာ သိထားသည်။
သူ၏စိတ်ထဲ အစီအစဉ်တစ်ခု ရှိနေဖြင့် လုချန်းက ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကို
“သွေးလင်းယုန်ခန်းမက မတိုက်ခိုက်ခင်မှာ အမြန်ဆုံး ပြင်ဆင်ပါ။”
“လမ်းပြပါ... ကျောက်စိမ်းနဂါးဂိုဏ်းမှာ တခြား ဘာတွေ ပြင်ဆင်ဖို့ လိုဦးမလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”
ထိုသို့ ပြောပြီးနောက် တောင်ဘက်တံခါးကို ဖြတ်ကျော်ကာ ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ လုချန်း ဝင်သွား၏။
သူ၏ သဘောအလျောက် ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ လုချန်း ဦးဆောင်ဝင်သွားသည်ကို မြင်လျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ အပြုံး ပို၍ကျယ်ပြန့်လာခဲ့သည်။ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံလည်း အမြန်လိုက်ပါသွားပြီး လုချန်းကို ကျောက်စိမ်းနဂါးဂိုဏ်း၏ အနောက်ဘက်တောင်သို့ ခေါ်ဆောင်သွား၏။
ကျောက်စိမ်းနဂါးဂိုဏ်း၏ အနောက်ဘက်တောင်တွင် နတ်အငွေ့အသက်များဖြင့် ဝန်းရံနေပြီး အမျိုးမျိုးသော ဝိညာဉ်ပင်များမှ ရောင်စုံအလင်းတန်းများ ဖြာထွက်နေကာ အေးချမ်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားသည်။
ထိုအခါ လုချန်းက
“ကျောက်စိမ်းနဂါး ဂိုဏ်းချုပ်... ဒီလောက်ဆို တော်လောက်ပြီ။ ခင်ဗျား ကျုပ်ကို ဒီကို ခေါ်လာတာ လာဘ်ထိုးဖို့ မဟုတ်ဘူးမလား။”
လုချန်း၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လုချန်းကို ကြည့်ကာ ပြုံးလိုက်၏။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“သံတမန် ဘာတွေကို ပြောနေတာလဲ။ ကျုပ်က သံတမန်ကို ကျေးဇူးတင်လို့ လက်ဆောင်အချို့ ပေးချင်တာပါ... ဒါက လာဘ်ထိုးတာ မဟုတ်ပါဘူး။”
လုချန်းက
“ဟန်ဆောင်မနေပါနဲ့တော့ ကျောက်စိမ်းနဂါး ဂိုဏ်းချုပ်။ ကျောက်စိမ်းနဂါးဂိုဏ်းနား မရောင်ခင်ကတည်းက သိပ်သည်းတဲ့ မိစ္ဆာစွမ်းအားတွေကို ကျုပ် ခံစားမိနေပြီးသား။ ကျောက်စိမ်းနဂါးဂိုဏ်းက သွေးလင်းယုန်ခန်းမဘက်ကို ပါသွားပြီမဟုတ်လား။”
ဤစကားများကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၏။ ချန်းလုက ကျောက်စိမ်းနဂါးဂိုဏ်း၏ ပုံမှန်မဟုတ်မှုများကို တကယ်ပင် ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အခြေအနေက ဆိုးရွားသွားပြီ ဖြစ်သည်။ အကယ်၍ သူသည် အစကတည်းက ဤပုံမှန်မဟုတ်မှုများကို ရှာဖွေတွေ့ရှိထားခဲ့သည်ဆိုပါက အစီရင်ခံစာ တင်ထားပြီး ဖြစ်နိုင်ရာ မကြာမီတွင် လျှို့ဝှက်လဝန်းနန်းတော်မှ လူများ စေလွှတ်ကာ ကျောက်စိမ်းနဂါးဂိုဏ်းကို နှိမ်နင်းလာနိုင်သည်။
သူတို့အနေနှင့် ကျောက်စိမ်းနဂါးဂိုဏ်းမှ အမြန်ဆုံး ထွက်ခွာသွားရတော့မည်ဖြစ်သည်။
သို့သော် ထိုမတိုင်မီ သူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ရှိသေး၏။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံလည်း ဆက်လက် ဟန်မဆောင်တော့ပေ။ သူ၏ မျက်နှာ အမှောင်ကျသွား၏။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက လုချန်းကို
“မိစ္ဆာစွမ်းအားတွေ ရှိနေမှန်း သိသိနဲ့တောင် ခင်ဗျားက ဝင်လာရဲသေးတယ်ပေါ့... ခင်ဗျား လွတ်နိုင်မယ်လို့ ထင်နေတာလား”
လုချန်းက ရယ်မောလိုက်ပြီး
“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းပဲ... ရေမြောင်းထဲက ကြွက်တစ်အုပ်ကို ကျုပ်က ဘာလို့ ကြောက်နေရမှာလဲ။”
“ခင်ဗျားတို့ နှစ်ယောက်ကကော ဘယ်လောက်အထိ ဆက်ပြီး ပုန်းနေဦးမှာလဲ။”
အနောက်ဘက်တောင်သို့ ဝင်လာသည်နှင့်သိပ်သည်းလှသော မိစ္ဆာစွမ်းအား နှစ်ခုကို လုချန်း ရှင်းလင်းစွာ ခံစားမိလိုက်ပြီးဖြစ်ပြီး တစ်စုံတစ်ဦးက သူ့အား ချောင်းမြောင်းနေကြောင်း ကောင်းစွာ သိထား၏။ လုချန်း၏ စကားကို ကြားသောအခါ ကောင်းကင်သတ် နတ်ဘုရင်ခံနှင့် ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့လည်း ဆက်လက် ပုန်းအောင်းမနေတော့ပဲ ပေါ်လာကြတော့၏။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက လုချန်းကို အေးစက်စွာဖြင့်
“ကောင်လေး... မင်းမှာ အစွမ်းအစ အချို့ရှိတယ်ဆိုတာ ကျုပ် ဝန်ခံပါတယ်။ ဒါပေမဲ့ ကံဆိုးတာက မင်းက အရမ်း မာန်တက်လွန်းနေတာပဲ။”
ပြောဆိုနေစဉ်မှာပင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သူ၏ သွေးမိစ္ဆာပုလဲကို ထုတ်ယူလိုက်၏။ ချန်းလုသည် ကျောက်စိမ်းနဂါးဂိုဏ်း၏ မူမမှန်မှုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ သူတို့အနေနှင့် အလျင်အမြန် လှုပ်ရှားပြီး ချန်းလုကို ဖမ်းဆီးကာ ကျောက်စိမ်းနဂါးဂိုဏ်းမှ ချက်ချင်း ထွက်ခွာသွားရမည်ဖြစ်သည်။
နောက်တစ်ခဏတွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သွေးမိစ္ဆာပုလဲကို တိုက်ရိုက် အသက်သွင်းလိုက်ရာ ကျောက်စိမ်းနဂါးဂိုဏ်း၏ အနောက်ဘက်တောင်အား သွေးမြူများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားပြီး ကောင်းကင်တွင်လည်း ကြီးမားလှသည့် သွေးရောင် ဝဲဂယက်တစ်ခု ပေါ်လာ၏။
ထိုဝဲဂယက်၏ စုပ်ယူအားမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူ၏ အစွမ်းရှိသမျှ အသုံးပြု၍ လုချန်း ခုခံသော်လည်း ဝဲဂယက်အတွင်းသို့ မျက်စိတစ်မှိတ်အတွင်း စုပ်ယူခြင်း ခံလိုက်ရ၏။
လုချန်း သွေးမိစ္ဆာပုလဲအတွင်းသို့ အလွယ်တကူ စုပ်ယူခံလိုက်ရသည်ကို မြင်လျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အပါအဝင် သုံးဦးစလုံး အလွန် ဝမ်းသာသွားကြသည်။ ကျောက်စိမ်းနဂါးဂိုဏ်းမှ မထွက်ခွာမီ လုချန်း၏ ကျင့်စဉ်များကို ဦးစွာ ဖျက်ဆီးပစ်ရန် ရည်ရွယ်ကာ သွေးမိစ္ဆာပုလဲအတွင်းရှိ ကမ္ဘာငယ်လေးထဲသို့ သူတို့ ချက်ချင်း ဝင်ရောက်သွားကြတော့၏။
သွေးမိစ္ဆာနယ်ပယ်အတွင်းသို့ စုပ်ယူခံရပြီးနောက် ထိုကမ္ဘာကို စူးစမ်းရန် နတ်အာရုံကို လုချန်း အသုံးပြုလိုက်၏။ ဤကမ္ဘာ၏ အလင်းရောင်မှာ မှိန်ဖျော့နေပြီး အရိုးစုများဖြင့် ဖုံးလွှမ်းနေကာ လွင့်မျောနေသည့် မိစ္ဆာဝိညာဉ်များစွာဖြင့် ပြည့်နှက်လျက်ရှိသည်။
ဤကမ္ဘာကို ဖျက်ဆီးရန် လုချန်း စဉ်းစားနေစဉ်မှာပင် ပုံရိပ်သုံးခု သွေးမိစ္ဆာနယ်ပယ်အတွင်း၌ ပေါ်လာ၏။ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက လုချန်းကို ကြည့်ကာ
“ကောင်လေး... သွေးမိစ္ဆာနယ်ပယ်မှာ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ နတ်ဘုရင်တစ်ပါးတောင် မင်းရဲ့ တည်ရှိမှုကို ခံစားနိုင်တော့မှာ မဟုတ်ဘူး။ မင်းရဲ့ မာနထောင်လွှားမှုအတွက် အခု ပေးဆပ်ရလိမ့်မယ်။”
……………
အခန်း (၁၇၂၄)
မောက်မာမှုရဲ့ အကျိုးဆက်
ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် လုချန်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး
“အဲဒီ့လိုလား... ဒါဆိုရင်လည်း ဒီသွေးမိစ္ဆာနယ်ပယ်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကျုပ် တစ်ချက်လောက် စမ်းကြည့်ရမှာပေါ့။”
စကားအဆုံးတွင် နတ်သတ်ဓားကို လုချန်း ဆွဲထုတ်လိုက်ပြီး သူ၏ နတ်စွမ်းအားများကို စုစည်းကာ တစ်ချက်တည်း ဝှေ့ယမ်းလိုက်၏။
“ပိလော့နဂါးပြာဟိန်းသံ”
သွေးနီရောင် နဂါးကြီးတစ်ကောင်သည် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ အပါအဝင်သုံးဦးထံသို့ ချက်ချင်း တိုးဝင်သွား၏။ သို့သော် ထိုမြင်ကွင်းမြင်သော်လည်း သူတို့သုံးဦးစလုံး တည်ငြိမ်နေဆဲပင်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်းပီသပါပေတယ်။ စစချင်းမှာတင် ကောင်းကင်အဆင့် နတ်ဓားကို သုံးနိုင်တာပဲ။”
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ဆက်လက်၍
“ဒါပေမဲ့ ဒီနတ်ဓားက မကြာခင် ကျုပ်လက်ထဲ ရောက်လာတော့မှာပါ။”
စကားပြောရင်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သူ၏ လက်ကို မြှောက်လိုက်ရာ သွေးမိစ္ဆာနယ်ပယ်အတွင်းရှိ သွေးစွမ်းအားများသည် လှိုင်းတံပိုးများကဲ့သို့ လုချန်းထံသို့ တိုးဝင်လာ၏။ ထို့နောက် ဝိညာဉ်ဆိုးများသည် တစ္ဆေများ ဝံပုလွေများကဲ့သို့ မြည်တမ်းရင်း လုချန်းဆီသို့ ဝိုင်းအုံလာကြရာ နယ်ပယ်တစ်ခုလုံး ဆူညံသွားတော့သည်။
လုချန်း၏ တိုက်ခိုက်မှုမှာ စမ်းသပ်ရုံသာ ဖြစ်ပြီး သူ၏ အစွမ်းကုန်ကို မထုတ်ရသေးပေ။ နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို မသုံးပဲ နတ်ဘုရင်ခံတစ်ဦးကို အနိုင်ယူရန်က မဖြစ်နိုင်သလောက် နီးပါးဖြစ်ကြောင်းကို သူ ကောင်းကောင်း သိထားသည်။
သူတို့ကြားရှိ အဆင့်အတန်း ကွာဟချက်က တကယ်ပင် ကြီးမားလွန်းလှသည်မဟုတ်ပါလား။
ဟုတ်ပါသည်။ ဤနတ်ဘုရင်ခံ သုံးဦးအတွက်တော့ နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို သူ အသုံးမပြုလိုသေးပေ။
ယခု သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်ကို စစ်ကြေညာထားပြီး ဖြစ်ရာ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါး မည်သည့်အချိန်တွင် ပေါ်လာမည်မှန်း မခန့်မှန်းနိုင်ပေ။
နတ်ဘုရင်၏ ကျိန်စာကို လောလောဆယ်တွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ အကယ်၍ ယခု သုံးလိုက်ပါက နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ပြန်သုံးနိုင်မည်မှန်း ခန့်မှန်းရခက်လှ၏။
သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးသာ ရုတ်တရက် တိုက်ခိုက်လာပါက သူ ဘာမှမတတ်နိုင်ပဲ ကြည့်နေရရုံသာ ရှိပေတော့မည်။
သွေးနဂါးနှင့် သွေးစွမ်းအား လှိုင်းတံပိုးတို့ ထိတွေ့မိချိန်တွင်တော့ သွေးနဂါး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သွေးမိစ္ဆာပုလဲအတွင်းတွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ စွမ်းအားက များစွာ မြင့်တက်နေ၏။
ထို့ပြင် သူကိုယ်တိုင်မှာလည်း နတ်ဘုရင်ခံ တစ်ဦးဖြစ်သည့်အတွက် လုချန်းထက် များစွာအစွမ်းထက်နေရာ လုချန်း၏ တိုက်ခိုက်မှုမှာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံ အတွက် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေသည်။
သို့သော် ဝိညာဉ်ကြွေ နတ်ဘုရင်ခံကတော့ ကျေနပ်ပုံမရပဲ မျက်မှောင်ကြုတ်လိုက်ကာ ဘေးရှိ ကောင်းကင်သတ် နတ်ဘုရင်ခံကို လှမ်းမေးလိုက်၏။
“ကောင်းကင်သတ် နတ်ဘုရင်ခံ... ခင်ဗျား တစ်ခုခုကို ခံစားမိလား။”
ခုနက သူ၏ စွမ်းအားကို တစ်စုံတစ်ခုက ဖိနှိပ်ထားသကဲ့သို့ အလွန် နေရခက်သော စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ကောင်းကင်သတ် နတ်ဘုရင်ခံက
“ကျုပ်လည်း ခံစားမိတယ်။ တစ်ခုခုတော့ မှားနေပြီ”
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကတော့ သွေးလင်းယုန်ခန်းမ၏ မိစ္ဆာကျင့်စဉ်ကို မကျင့်ရသေးသဖြင့် သူတို့ ဘာအကြောင်း ပြောနေသည်ကို နားမလည်နိုင်ပေ။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“သံတမန်နှစ်ဦး... ဘာတွေများ ပြောနေကြတာလဲ”
သူတို့၏ မိစ္ဆာကျင့်စဉ်ကို ထိန်းချုပ်နိုင်သည့်အရာကို သူတို့ လွယ်လွယ်နှင့် ထုတ်ပြောမည်မဟုတ်သော်လည်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် ကောင်းကင်သတ် နတ်ဘုရင်ခံတို့၏ မျက်လုံးထဲတွင်တော့ လုချန်းသည် သေမိန့်ကျပြီးသားလူ တစ်ယောက် ဖြစ်နေပေပြီ။
လုချန်းကို သူတို့ ကိုယ်တိုင် သတ်မည်မဟုတ်သော်လည်း သွေးလင်းယုန်ခန်းမသို့ ခေါ်သွားပြီးနောက်တွင်တော့ ခန်းမက လုချန်းကို သတ်ပစ်မည်မှာ ဧကန်မုချပင်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ကျောက်စိမ်းနဂါး ဂိုဏ်းချုပ်... ခင်ဗျားက သွေးလင်းယုန်ခန်းမထဲကို အသစ်ဝင်လာတာဆိုတော့ အကျိုးဆောင်ဖို့ လိုအပ်နေမှာပဲ။ ဒါကြောင့် ချန်းလုကို ဖမ်းတဲ့ အခွင့်အရေးကို ခင်ဗျားကိုပဲ ပေးလိုက်မယ်။”
ထိုစကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အလွန် ဝမ်းသာသွား၏။ နတ်ဘုရင်ခံနှစ်ဦး ဝင်ရောက်စွက်ဖက်မည်ကို သူ စိုးရိမ်နေသော်လည်း သွေးလင်းယုန်ခန်းမ၏ သံတမန်များ ဖြစ်နေသောကြောင့် သူ မပြောရဲပဲ ဖြစ်နေခဲ့သည်။ ယခုတော့ သူတို့ကိုယ်တိုင် ကမ်းလှမ်းလာသောကြောင့် သူ ချက်ချင်းပင် လက်ခံလိုက်တော့သည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် ကောင်းကင်သတ် နတ်ဘုရင်ခံတို့ကို
“သံတမန်နှစ်ဦးကို ကျေးဇူးအထူး တင်ပါတယ်။”
ထိုအခိုက်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးစွမ်းအား လှိုင်းတံပိုးများ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ သွေးမိစ္ဆာနယ်ပယ်အတွင်းရှိ ဝိညာဉ်ဆိုးများမှာလည်း လုချန်းထံ တိုးမလာတော့ပဲ ရပ်တန့်သွားကြသည်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် ကောင်းကင်သတ် နတ်ဘုရင်ခံတို့လည်း ဖြစ်ပျက်နေသည့်အရာကို သိလိုသဖြင့် လုချန်းကို စိုက်ကြည့်နေကြ၏။ လုချန်းထံတွင် သူတို့၏ မိစ္ဆာကျင့်စဉ်ကို နှိမ်နင်းနိုင်သည့် ရတနာ တစ်ခုခု ရှိနေသလား သို့မဟုတ် သူ၏ နတ်နိယာမ ကျင့်စဉ်ကပင် သူတို့၏ မိစ္ဆာကျင့်စဉ်ကို သဘာဝအလျောက် ပြန်လည် တုံ့ပြန်နေသလားဆိုသည်ကို သူတို့ သိလိုနေကြသည်။
ထိုစဉ် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက ဂါထာများကို ရွတ်ဖတ်လိုက်ရာ သွေးမိစ္ဆာနယ်ပယ်အတွင်းရှိ သွေးစွမ်းအားများသည် လေဆင်နှာမောင်းများအသွင် ပြောင်းလဲကာ လုချန်းထံသို့ ဦးတည်လာတော့သည်။ သွေးနဂါးဝဲဂယက်များအတွင်း၌ ထိတွေ့သမျှကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်မည့် ဓားအရှိန်အဝါများစွာ ကိန်းအောင်းနေ၏။
ထိုသွေးနဂါး ဝဲများအတွင်းမှ ဓားအရှိန်အဝါများကို ခံစားမိသော်လည်း လုချန်း ထိတ်လန့်သွားခြင်း မရှိပေ။ ထို့နောက် သူ၏ နတ်စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး ကျင့်စဉ်တစ်ခုကို ဖော်ထုတ်လိုက်၏။
ထိုက်ချူး အနန္တကျမ်းစာ...
နောက်တစ်ခဏတွင် သူ၏ ဦးခေါင်းပေါ်၌ ဧရာမ ယင်ယန်ပုံရိပ်ကြီး တစ်ခု ပေါ်လာပြီး လေဝဲတစ်ခုအလား အဆက်မပြတ် လည်ပတ်နေတော့သည်။
လေဝဲကြီး ဖြစ်ပေါ်လာသည်နှင့်အမျှ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ သွေးနဂါးဝဲဂယက်များမှာလည်း ထိန်းမနိုင်သိမ်းမရစွာ ထိုအထဲသို့ စုပ်ယူခြင်း ခံလိုက်ရ၏။ ထိုမြင်ကွင်းကို ကြည့်ပြီး ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ မှင်တက်သွားရသည်။
သာမန် ကောင်းကင်နတ် အဆင့်သာရှိသော လုချန်းက သူ၏ တိုက်ကွက်ကို ဤမျှ လွယ်လွယ်ကူကူ ပြန်လည် တုံ့ပြန်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ထိုအချိန်တွင် လုချန်း သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
လုချန်း ဒဏ်ရာရသွားသည်ကို မြင်မှသာ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ စိတ်အေးသွားတော့သည်။ သာမန် ကောင်းကင်နတ်တစ်ဦးအနေနှင့် နတ်ဘုရင်ခံတစ်ဦး၏ တိုက်ကွက်ကို အလွယ်တကူ ခုခံနိုင်ရန် မည်သို့မှ မဖြစ်နိုင်ဟု သူ တွေးလိုက်သည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“ချန်းလု... အခုပဲ အညံ့ခံလိုက်မယ်ဆိုရင် ခင်ဗျား ဒီထက်ပိုပြီး နာကျင်ရမှာ မဟုတ်ဘူး။ တကယ်လို့မှ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ခင်ဗျားကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မိလို့ ကျုပ်ကို အပြစ်မတင်နဲ့တော့။”
လုချန်းက ဘာမှ ပြန်မပြောပဲ ခပ်ဖျော့ဖျော့သာ ရယ်မောလိုက်ပြီး ထိုက်ချူး အနန္တကျမ်းစာကို ဆက်လက် အားဖြည့်လိုက်၏။ နောက်တစ်ခဏတွင် လုချန်း၏ နောက်ရှိ ယင်ယန်လေဝဲအတွင်းမှ ဧရာမ သွေးနဂါးလေဝဲများ ပြန်လည် ထွက်ပေါ်လာပြီး ကျောက်စိမ်းနဂါး နတ်ဘုရင်ခံထံသို့ တရှိန်ထိုး ပြေးဝင်သွားတော့သည်။
လုချန်းက သူ၏ တိုက်ကွက်အတိုင်း ထပ်တူပြန်သုံးသည်ကို မြင်လိုက်ရလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ဆွံ့အသွားရပြန်သည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အပါအဝင် သူတို့ သုံးဦးကို တိုက်ရိုက် ရင်ဆိုင်ရန် လုချန်း ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုက်ချူး အနန္တကျမ်းစာ၏ စွမ်းဆောင်ရည်ကို စမ်းသပ်လိုသောကြောင့်လည်း ဖြစ်၏။ ထိုက်ချူး အနန္တကျမ်းစာတွင် ပြိုင်ဘက်၏ တိုက်ကွက်များကို စုပ်ယူပြီး သူ၏ တိုက်ကွက်အဖြစ် ပြန်လည် ပြောင်းလဲနိုင်သည့် စွမ်းရည် ရှိသည်။
သို့သော် ဤသို့ ပြောင်းလဲရာတွင် ကန့်သတ်ချက် ရှိနေပြီး မပြောင်းလဲနိုင်သော အစိတ်အပိုင်းများက သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိခိုက်စေ၏။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ တိုက်ကွက်ကို အပြည့်အဝ မပြောင်းလဲနိုင်ခဲ့သောကြောင့် ခုနက သူ သွေးအန်ခဲ့ရခြင်း ဖြစ်သည်။ လောလောဆယ်တွင် သူသည် ကောင်းကင်နတ် အဆင့်သာ ရှိသေးသဖြင့် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ စွမ်းအား တစ်ဝက်ခန့်ကို ပြောင်းလဲနိုင်ခြင်းကပင် အတော်လေး စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
နောင်တစ်ချိန်တွင် သူ၏ အဆင့် မြင့်တက်လာပါက အဆင့်တူ ကျင့်ကြံသူများနှင့် တိုက်ခိုက်ချိန်တွင် ရန်သူ၏ တိုက်ကွက်များကို အပြည့်အဝ ပြောင်းလဲပစ်နိုင်မည်မှာ သေချာသည်။
လုချန်း၏ တိုက်ကွက်ကြောင့် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ခဏခန့် တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်၏။ ထို့နောက် သူ၏ အာကာသ လက်စွပ်အတွင်းမှ မြေအဆင့် ဓားရှည်တစ်လက်ကို ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ထုတ်ယူလိုက်ပြီး နတ်စွမ်းအားအားလုံးကို ဓားအတွင်းသို့ ထည့်ကာ လွှဲယမ်းလိုက်တော့သည်။
ဝိညာဉ်ဖြတ် ဓားချက်...
ဓားကို လွှဲယမ်းလိုက်သည်နှင့် နယ်ပယ်တစ်ခုလုံး တုန်ခါသွားသော်လည်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံကတော့ တုန်လှုပ်ခြင်း မရှိပေ။ ဤတိုက်ကွက်တစ်ခုတည်းနှင့် သွေးမိစ္ဆာနယ်ပယ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ ဓားအရှိန်အဝါနှင့် သွေးနဂါးဝဲဂယက်တို့ ထိတွေ့မိချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားပြီး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းများက သွေးစွမ်းအားများကို နယ်ပယ်၏ အစွန်းများအထိ တွန်းပို့လိုက်၏။
လုချန်းလည်း ထိုပေါက်ကွဲမှု၏ ဒဏ်ကို ထပ်မံ ခံလိုက်ရပြန်သဖြင့် သွေးတစ်ပွက် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။
ထိုအခိုက်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သွေးမိစ္ဆာပုလဲကို အသုံးပြုလိုက်ရာ အထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျဆင်းလာပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်နေသော ကစဉ့်ကလျား ဖြစ်မှုများကို ခဏချင်းအတွင်း ငြိမ်သက်သွားစေ၏။ ပျံ့နှံ့နေသော သွေးစွမ်းအားများ ပျောက်ကွယ်သွားချိန်တွင် လုချန်း၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း သွေးများ စီးကျနေသည့် ဒဏ်ရာများကို သူတို့ မြင်လိုက်ရသည်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“သူငယ်... ဒါက မင်းရဲ့ မောက်မာမှုကြောင့် ခံစားရတဲ့ အကျိုးဆက်ပဲ။”
“ဒါပေမဲ့ စိတ်အေးအေးထားပါ။ မင်းက လျှို့ဝှက်လဝန်းနန်းတော်သခင်ရဲ့ တပည့်ရင်းဖြစ်နေတော့ လောလောဆယ်မှာ ကျုပ်တို့် မင်းကို မသတ်သေးပါဘူး... ဟား ဟား ဟား။ “
…………..
အခန်း (၁၇၂၅)
ဝိညာဉ်ဆိုး နတ်ဘုရင်၏ အစီအစဉ်
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ခြိမ်းခြောက်လိုက်သော်လည်း လုချန်း၏ မျက်နှာမှာ တည်ငြိမ်နေပြီး ထိတ်လန့်နေသည့် အရိပ်အယောင် တစိုးတစိမှ မရှိပေ။ ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့က သူ့ကို အဘယ်ကြောင့် မသတ်မှာလဲ ဆိုသည်ကို သူ သဘာဝကျကျပင် သိ၏။
သူတို့က သူ့ကို သုံးပြီး ယွမ်ယုတိကို မျှားထုတ်လိုကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ အစီအစဉ်များ ကျရှုံးရန်သာ ကံပါနေသည်ကတော့ နှမြောစရာပင် ဖြစ်၏။
လုချန်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိသည်ကို မြင်လျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ မျက်မှောင်ကြုတ်လိုက်၏။ တစ်ခုခု မှားယွင်းနေပြီဟု သူ မရေမရာ ခံစားမိလိုက်ရသည်။
ထိုအခိုက်တွင် လုချန်းသည် တွန့်ဆုတ်နေခြင်း မရှိပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်လိုက်တော့သည်။
ထိုအရာကို သတိပြုမိလျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“မဖြစ်ဘူး... သူ့ကိုယ်သူ ဖောက်ခွဲတော့မယ်”
ဝိညာဉ်ကြွေ နတ်ဘုရင်ခံ စကားပြောပြီးသည်နှင့် လုချန်းထံမှ ကြီးမားလှသော အဖျက် စွမ်းအားစုတစ်ခု သွေးမိစ္ဆာနယ်ပယ် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံသည် သွေးမိစ္ဆာပုလဲကို အလျင်အမြန် အသက်သွင်းလိုက်ပြီး ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၊ ကောင်းကင်သတ် နတ်ဘုရင်ခံတို့နှင့်အတူ သွေးမိစ္ဆာနယ်ပယ်အတွင်းမှ အမြန် ထွက်ခွာလိုက်သည်။
ကောင်းကင်နတ်တစ်ဦး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုသည် သွေးမိစ္ဆာနယ်ပယ်ကို ဖျက်ဆီးရန် မလုံလောက်သော်လည်း လုချန်း၏ ဖောက်ခွဲမှုကြောင့် သွေးမိစ္ဆာနယ်ပယ်အတွင်းရှိ တားမြစ်ချက် အမြောက်အမြား ပျက်စီးသွားခဲ့၏။
ကောင်းကင်သတ် နတ်ဘုရင်ခံ၊ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံတို့နှင့်အတူ သွေးမိစ္ဆာပုလဲအတွင်းမှ ထွက်လာပြီးနောက် သွေးမိစ္ဆာပုလဲပေါ်ရှိ အက်ကြောင်းများကို ကြည့်ကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံ နှမြောတသ ဖြစ်သွားသည်။ အရိပ်အယောင် ကောင်းကင်အဆင့် နတ်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ယခုကဲ့သို့ ပျက်စီးသွားသဖြင့် ပြန်လည်ပြုပြင်ရန်အတွက် များစွာသော ကုန်ကြမ်းပစ္စည်းများ လိုအပ်ပေလိမ့်မည်။
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။
ချန်းလုကို ဖမ်းဆီးကာ သူ၏ အကျိုးဆောင်မှုအဖြစ် ပြလိုသော်လည်း မမျှော်လင့်ပဲ ချန်းလုက လွတ်လမ်းမရှိသည်ကို မြင်လျှင် ယခုကဲ့သို့ ပြတ်ပြတ်သားသား ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်သွားခဲ့သည်။
ကောင်းကင်သတ် နတ်ဘုရင်ခံက
“သူ ဒီလောက် ပြတ်သားလိမ့်မယ်လို့ မထင်ထားမိဘူး။ သူ့ကို ကျုပ် တကယ် အထင်ကြီးမိတယ်။ ဖြောင့်မတ်တဲ့နတ်တွေ အားလုံးက သေမှာကြောက်တဲ့ လူဖျင်းတွေလို့ပဲ ကျုပ် ထင်နေခဲ့တာ။”
ကောင်းကင်သတ် နတ်ဘုရင်ခံ၏ စကားကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံလည်း ကောင်းကင်သတ် နတ်ဘုရင်ခံက သူ့ကို ရည်ရွယ်ပြောဆိုနေသကဲ့သို့ ခံစားရကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။
ထိုအခိုက်တွင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“သံတမန်နှစ်ဦး နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ချန်းလုက ကျောက်စိမ်းနဂါးဂိုဏ်းထဲကို ဝင်လာတုန်းက ဖြစ်ပျက်နေတာတွေကို အစီရင်ခံထားလောက်တယ်။ လျှို့ဝှက်လဝန်းနန်းတော်က လူတွေကို မကြာခင် ထပ်လွှတ်လာနိုင်တယ်။”
ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“ဒါ့အပြင် ချန်းလု သေသွားပြီးနောက်မှာ လျှို့ဝှက်လဝန်းနန်းတော်မှာ ထားခဲ့တဲ့ သူ့ရဲ့ ဝိညာဉ်မီးအိမ် ဒါမှမဟုတ် အသက်သွေးကြော ကျောက်စိမ်းပြားလည်း ကွဲကြေသွားလောက်ပြီ။”
အကယ်၍ ချန်းလုသာ ကျောက်စိမ်းနဂါးဂိုဏ်း၏ မူမမှန်မှုများကို လျှို့ဝှက်လဝန်းနန်းတော်သို့ အစကတည်းက အစီရင်ခံထားခဲ့လျှင် ချန်းလု အသက်ရှိနေပါက နန်းတော်က လူလွှတ်ဦးမည် မဟုတ်ပေ။ အတည်ပြုရန်အတွက် ချန်းလုကို အရင် ဆက်သွယ်ကြပေလိမ့်မည်။
သို့သော် ယခုတော့ ချန်းလုသည် ကျောက်စိမ်းနဂါးဂိုဏ်း၏ မူမမှန်မှုများကို အစီရင်ခံပြီးနောက် သေဆုံးသွားခြင်း ဖြစ်သည့်အတွက် ဤအရာက သူတို့၏ ကျောက်စိမ်းနဂါးဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း လူတုံးလူအများပင် သိနိုင်ကြပေလိမ့်မည်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံ ခဏခန့် စဉ်းစားလိုက်ပြီးမှ
“ဒါဆိုရင် ကျုပ်တို့ ဒီကနေ မြန်မြန် ထွက်သွားမှ ရတော့မယ်။”
အစက ဝိညာဉ်ကြွေ နတ်ဘုရင်ခံသည် ကျောက်စိမ်းနဂါးဂိုဏ်းကို အခြေပြုပြီး သွေးလင်းယုန်ခန်းမမှ တပည့်များကို ခေါ်ယူရန် စဉ်းစားထားသော်လည်း လက်ရှိအခြေအနေအရ ကျောက်စိမ်းနဂါးဂိုဏ်းသားများကိုပါ ခေါ်ထုတ်သွားရန် ရှိတော့သည်။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“အရင်ဆုံး ခန်းမသခင်ကို ကျုပ် အစီရင်ခံလိုက်ဦးမယ်။ ခန်းမသခင်ရဲ့ အမိန့်ကျလာတာနဲ့ ကျောက်စိမ်းနဂါးဂိုဏ်းကနေ ချက်ချင်း ထွက်သွားကြမယ်။”
သူတို့ကိုယ်တိုင် ကျောက်စိမ်းနဂါးဂိုဏ်းမှ ထွက်ခွာလိုသော်လည်း စိတ်အလိုရှိသကဲ့သို့ ထွက်သွား၍ မရပေ။ ခန်းမသခင်က မည်သို့ စဉ်းစားမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
ထို့နောက် ဝိညာဉ်ကြွေ နတ်ဘုရင်ခံသည် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူကာ ကျောက်စိမ်းနဂါးဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှကို ဝိညာဉ်ဆိုး နတ်ဘုရင်ထံသို့ အစီရင်ခံလိုက်၏။
……
တစ်ချိန်တည်းမှာပင်။
သွေးလင်းယုန်ခန်းမ၏ ဝိညာဉ်ဆိုးတောင်ထိပ်၌။
ဝိညာဉ်ဆိုး နတ်ဘုရင်၏ ရှေ့မှောက်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ မြေပုံ ပုံရိပ်ယောင်တစ်ခု လွင့်မျောနေ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေမှာ ကျယ်ဝန်းလှသဖြင့် မည်သည့်နေရာမှမဆို ထိုးဖောက်ဝင် ရောက်ရန် ခက်ခဲလှသည်။ ထိုကျယ်ဝန်းမှုကြောင့်ပင် လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ တုံ့ပြန်ရန် အချိန်အလုံအလောက် ရရှိနေ၏။
မည်သည့်နေရာကို တိုက်ခိုက်သည်ဖြစ်စေ လျှို့ဝှက်လဝန်းနန်းတော်က လျင်မြန်စွာ တုံ့ပြန်နိုင်သည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ လျှို့ဝှက်လဝန်းနန်းတော်တွင် လက်အောက်ခံဂိုဏ်းများစွာ ရှိနေခြင်းပင်။
ထို့ကြောင့် သွေးလင်းယုန်ခန်းမ၏ လက်ရှိ မဟာဗျူဟာမှာ လျှို့ဝှက်လဝန်းနန်းတော်၏ ထိုလက်အောက်ခံဂိုဏ်းများကို ရသလောက် သိမ်းသွင်းဖျက်ဆီးရန် ကြိုးစားခြင်း ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်း၌ အကျိုးကျေးဇူးများစွာ ရှိ၏။ ယင်းက လျှို့ဝှက်လဝန်းနန်းတော်၏ စုစုပေါင်းအင်အားကို အားနည်းစေသကဲ့သို့ ပို၍ အရေးကြီးသည်မှာ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဂိုဏ်းကံစွမ်းအားကို လျော့ပါးစေနိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ထိုလက်အောက်ခံဂိုဏ်းများကို သိမ်းသွင်းပြီးနောက်တွင် သွေးလင်းယုန်ခန်းမမှ တပည့်များအတွက် လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်နှင့် ဖျက်ဆီးမှုများ ပြုလုပ်ရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။
သွေးလင်းယုန်ခန်းမအနေဖြင့် ဂိုဏ်းအလုံအလောက်ကို သိမ်းသွင်းနိုင်ပါက လျှို့ဝှက်လဝန်းနန်းတော်ကို အလုံးစုံ တိုက်ခိုက်ချိန်တွင် နေရာအနှံ့မှ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်၏ ခုခံနိုင်စွမ်း ကင်းမဲ့သွားပေလိမ့်မည်။
ထိုအချိန်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများထဲတွင် အလတ်စား အင်အားရှိသည့် ဂိုဏ်းတစ်ခုဖြစ်သော ကျောက်စိမ်းနဂါးဂိုဏ်းဆီသို့ သူ၏ အကြည့်များကို ပို့ထား၏။ ထို့ပြင် ကျောက်စိမ်းနဂါးဂိုဏ်းမှာ လျှို့ဝှက်လဝန်းနန်းတော်နှင့် အလှမ်းဝေးသော နေရာတွင် တည်ရှိပြီး သတိပြုမိရန် ခဲယဉ်းသဖြင့် အခြေစိုက်စခန်း ပြုလုပ်ရန် သင့်လျော်လှသည်။
ဝိညာဉ်ဆိုး နတ်ဘုရင် တွေးတောနေစဉ်တွင် သတင်းပို့ကျောက်စိမ်းပြားထံမှ နတ်စွမ်းအားလှိုင်း အချက်ပြမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် သူ၏ အာကာသလက်စွပ်အတွင်းမှ ကျောက်စိမ်းပြားကို ထုတ်ယူကာ အတွင်းမှ သတင်းစကားကို ဖတ်ရှုလိုက်၏။
“ဟင်...”
ယွမ်ယုတိ၏ တပည့်ရင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားသည်ကို သိလိုက်ရလျှင် ဝိညာဉ်ဆိုး နတ်ဘုရင် အနည်းငယ် အံ့သြသွားရသည်။ ကျောက်စိမ်းနဂါးဂိုဏ်းကို သိမ်းသွင်းပြီးနောက်တွင် ဤကဲ့သို့သော ကံကောင်းမှုမျိုး ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် အဆုံးစွန်ထိ တွေးကြည့်လျှင်တော့ သေနေသောလူထက် အသက်ရှင်နေသောလူက ပို၍ အသုံးဝင်ပေသည်။
အကယ်၍ ချန်းလုသာ အသက်ရှင်နေဦးမည်ဆိုလျှင် သူ့ကို သုံးကာ ယွမ်ယုတိကို လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအပြင်ဘက်သို့ မျှားထုတ်နိုင်မည် ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ယွမ်ယုတိကို ရှုကျင့်ရှူးကို အပ်ခိုင်းရန် ဖိအားပေးနိုင်ခြင်းပင်။
ရှုကျင့်ရှူးသည် သွေးလင်းယုန်ခန်းမအတွက် အလွန် အရေးပါလှသည်။ သူမသည် သွေးလင်းယုန်ခန်းမတွင် နတ်သခင်တစ်ပါး ပိုင်ဆိုင်လာနိုင်မည့် သော့ချက်ပင်။
လောလောဆယ်တွင် သွေးမိစ္ဆာ နတ်ဘုရင်သည် နတ်သခင်နယ်ပယ်သို့ တက်လှမ်းရန်အတွက် သင့်လျော်သော နတ်ဘုရင်ခံအဆင့် ကျင့်စဉ်မီးဖို တစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သွေးစွမ်းအားများ စုပ်ယူရန်အတွက် ရှုကျင့်ရှူးကို ကောင်းကင်ဝံပုလွေမြို့သို့ အစောပိုင်းက စေလွှတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြသည့်အပြင် ရှုကျင့်ရှူးပင်လျှင် မတော်တဆမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ယုတ္တိဗေဒအရ စဉ်းစားကြည့်လျှင် ရှုကျင့်ရှူးတွင် သွေးမိစ္ဆာ နတ်ဘုရင် ထားပေးခဲ့သည့် အသက်ကယ်နည်းလမ်းများစွာ ရှိနေ၏။ ရှုကျင့်ရှူးက ထိုနည်းလမ်းများကို တက်ကြွစွာ မသုံးခဲ့လျှင်ပင် သွေးမိစ္ဆာ နတ်ဘုရင်က သူမအပေါ်တွင် နောက်ဆုံး အမှတ်အသားတစ်ခု ချန်ထားသေး၏။
အကယ်၍ ရှုကျင့်ရှူးသာ အန္တရာယ် တစ်စုံတစ်ရာ ကြုံရပါက သွေးမိစ္ဆာ နတ်ဘုရင်က ချက်ချင်း သိနိုင်မည်ဖြစ်သော်လည်း ယခုတော့ ရှုကျင့်ရှူးသည် အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားခဲ့ပြီး သွေးမိစ္ဆာ နတ်ဘုရင် ချန်ထားခဲ့သည့် အမှတ်အသားလည်း ဖျက်ဆီးခံလိုက်ရသည်။
ထိုအခိုက်တွင် ဝိညာဉ်ဆိုး နတ်ဘုရင် ခဏခန့် စဉ်းစားလိုက်၏။ ချန်းလုကို ရှုကျင့်ရှူးနှင့် လဲလှယ်မည့် သူ၏ အစီအစဉ် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သဖြင့် ယခု သူတို့ ဘာမှ မတတ်နိုင်တော့ပေ။
တစ်ဖက်လူ၏ မိမိကိုယ်ကို ဖောက်ခွဲမှုက အလွန်ပင် ပြတ်သားလွန်းလှသည်။ လျှို့ဝှက်လဝန်းနန်းတော်ကလည်း လုချန်း သေဆုံးသွားသည်ကို သိသွားလောက်ပြီဖြစ်ရာ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရန် လူများ အမြန် စေလွှတ်လာတော့မည် ဖြစ်သည်။
ထိုသို့တွေးမိရင်း ဝိညာဉ်ဆိုး နတ်ဘုရင်၏ စိတ်ထဲအကြံတစ်ခု ရုတ်တရက် ရရှိသွား၏။ အကယ်၍ ကျောက်စိမ်းနဂါးဂိုဏ်းတွင် ထောင်ချောက်များ ဆင်ထားပြီး သွေးလင်းယုန်ခန်းမမှ တပည့်အမြောက်အမြားကို ထိုနေရာတွင် ပုန်းအောင်းနေခိုင်းပါက လျှို့ဝှက်လဝန်းနန်းတော်က လူမည်မျှပင် လွှတ်သည်ဖြစ်စေ အားလုံး သေကြရပေလိမ့်မည်။
လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် ခက်ခဲခြင်းမှာ အဓိကအားဖြင့် သူတို့၏ မြို့များ သို့မဟုတ် လက်အောက်ခံ အင်အားစုများအောက်တွင် ရှိနေသည့် နည်းဗျူဟာပုံစံများကြောင့် ဖြစ်သည်။ ထိုနည်းဗျူဟာပုံစံများသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ဂိုဏ်းကံစွမ်းအား အထောက်အပံ့နှင့်အတူ ခုခံရေးတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။
သွေးလင်းယုန်ခန်းမအနေဖြင့် ထိုမြို့များ သို့မဟုတ် လက်အောက်ခံဂိုဏ်းများကို တစ်ခုချင်းစီ ဖျက်ဆီးရန်အတွက် အချိန်အတော်များများ ပေးရလိမ့်မည်။
ယခုတော့ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်း ချန်းလုသည် ကျောက်စိမ်းနဂါးဂိုဏ်းတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရန် တပည့်အမြောက်အမြား လွှတ်မည်မှာ သေချာလှသည်။
မိစ္ဆာနတ်များ၏ နတ်စွမ်းအားမှာ ဖြောင့်မတ်သောနတ်များအပေါ်တွင် သဘာဝအားဖြင့်ပင် သိသာထင်ရှားသော ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်မှ လာရောက်တိုက်ခိုက်သူများသည် နည်းဗျူဟာပုံစံများ၏ အကာအကွယ် မရှိပါက ထိုနေရာတွင်ပင် အားလုံး ကျဆုံးသွားနိုင်သည်။
ယွမ်ယုတိ ကိုယ်တိုင် ကျောက်စိမ်းနဂါးဂိုဏ်းကို ဖျက်ဆီးရန် လာမည်လားဆိုသည့် ကိစ္စကိုတော့ စိုးရိမ်ရန် မလိုပေ။ အကယ်၍ ယွမ်ယုတိက လာရောက်မည်ဆိုလျှင် သူမ၏ တံခါးပိတ်ကျင့်စဉ်စခန်းကို အဆုံးသတ်ရလိမ့်မည်။
သွေးလင်းယုန်ခန်းမက ကျူးကျော်မှုကို ဤမျှ မြန်မြန်ဆန်ဆန် စတင်ခဲ့သည့် အကြောင်းရင်းတစ်ခုမှာ ယွမ်ယုတိသည် နတ်သခင်နယ်ပယ်သို့ တက်လှမ်းရန်အတွက် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်သွားသောကြောင့် ဖြစ်၏။
သူမ၏ တပည့်ရင်းအတွက် လက်စားချေရန် တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာခဲ့လျှင် ယွမ်ယုတိလည်း နတ်သခင်နယ်ပယ်သို့ တက်လှမ်းနိုင်မည် မဟုတ်တော့ရာ သွေးလင်းယုန်ခန်းမအတွက် မည်သည့် ခြိမ်းခြောက်မှုမှ ရှိတော့မည် မဟုတ်ပေ။ အကယ်၍ ယွမ်ယုတိ တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်မလာခဲ့လျှင်လည်း ကျောက်စိမ်းနဂါးဂိုဏ်းသည် သင့်လျော်သော ငါးစာတစ်ခုအဖြစ် အသုံးဝင်ပေလိမ့်မည်။