အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အပိုင်း ၅၈၆ : ရိတ်သိမ်းခြင်း
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပလေသည်။
ဆရာဟယ်က ပြုံးလျက် ပြောလိုက်၏။
"နောက်ထပ် အကောင်းဆုံးအသံဖန်တီးမှုဆုကို ကြေညာပေးပါ့မယ်။ ဆန်ခါတင်စာရင်းဝင်သူတွေကတော့..."
'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး' ဟူသည့် နာမည်ကို ကြားလိုက်ရချိန်တွင် ပရိသတ်တစ်သိုက်လုံး ဆူညံသွားခဲ့သည်။
'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က အလွန်လူကြိုက်များလှပြီး ရုပ်ရှင်တိုင်းလိုလိုကလည်း သူ့လွှမ်းမိုးမှုကို ခံထားရသည်။
"အကောင်းဆုံးအသံဖန်တီးမှုဆုကို 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က ရရှိသွားပါတယ်"
ယဲ့ချန်းလည်း စင်မြင့်ထက်သို့ တက်လာခဲ့ပြန်သည်။
ဆရာဟယ်က နောက်ပြောင်လိုက်သည်။
"ယဲ့ချန်း... မင်း ဆုတွေယူဖို့ စင်ပေါ်မှာပဲ ဆက်နေသင့်တယ်ထင်တယ်"
ဆရာဟယ်၏စကားကြောင့် ပရိသတ်ထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။
နောက်ထပ်ပေးအပ်သည့်ဆုများတွင်မူ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'နှင့် သက်ဆိုင်သည့်ဆုများ မပါဝင်ခဲ့ပေ။
သို့သော် ခဏအကြာမှာပင် 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က လူအများ၏ အာရုံစိုက်မှုကို ထပ်မံရရှိလိုက်ပြန်သည်။
"နောက်ထပ်ကတော့ အကောင်းဆုံးအက်ရှင်ဆုပါ။ အနိုင်ရရှိသွားတာကတော့ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'ပဲ ဖြစ်ပါတယ်"
"ဆက်လက်ပြီး အကောင်းဆုံးအထူးပြုလုပ်ချက်ဆုကို အနိုင်ရရှိသွားတာကတော့ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး' ဖြစ်ပါတယ်"
ယဲ့ချန်းလည်း စင်ပေါ်သို့ နောက်ထပ်နှစ်ကြိမ် ထပ်တက်ခဲ့ရသည်။
ဤဆုပေးပွဲအခမ်းအနားတွင် ယဲ့ချန်းက အအောင်မြင်ဆုံးသူတစ်ယောက်အဖြစ် ထွက်ပေါ်လာခဲ့သည်။
နောက်ဆုတစ်ခုမှာ အကောင်းဆုံးရုပ်ရှင်နောက်ခံတေးဂီတဆုပင်။ အနိုင်ရသူမှာ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'မှ ယဲ့ချန်းပင်တည်း။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပလာလေရာ နောက်ဆုံးတွင်မူ အဓိကဆုကြီးတစ်ခုကို ကြေညာမည့်အချိန်သို့ ရောက်လာခဲ့သည်။
ဆရာဟယ်က စင်ပေါ်သို့ ထပ်တက်လာပြီး တည်ကြည်စွာ ဆိုလိုက်လေသည်။
"နောက်ဆုတစ်ခုကတော့ အကောင်းဆုံးဒါရိုက်တာဆုပါ..."
ဤသို့ပြောပြီးနောက် ဆရာဟယ်၏ အကြည့်တို့က ပရိသတ်ထဲရှိ ဒါရိုက်တာများဆီသို့ ရောက်သွားချေသည်။
ယဲ့ချန်းလည်း ဆရာဟယ်ကို လှမ်းကြည့်နေခဲ့သည်။
ယဲ့ချန်းအတွက်မူ ဤဆုကို မဖြစ်မနေရရှိရန် အလွန်အရေးကြီးပေသည်။
ယခုလက်ရှိ သူ့ရည်မှန်းချက်မှာ အကောင်းဆုံးဒါရိုက်တာဆုကို ရယူရန်ဖြစ်ပြီး ဤသည်မှာ သူ့အရည်အချင်းကို အသိအမှတ်ပြုလိုက်ခြင်းလည်း မည်၏။
မည်သို့ပင်ဆိုစေကာမူ ဤရုပ်ရှင်အတွက် ယဲ့ချန်း အများကြီး ကြိုးစားအားထုတ်ခဲ့ရသည် မဟုတ်ပါလော။
ဤလက်ရာမှတစ်ဆင့် သူ့ကိုယ်သူ သက်သေပြချင်သည်။
ဆရာဟယ်က ပြုံးလျက် ဆိုလိုက်၏။
"လူကြီးမင်းများခင်ဗျာ... အကောင်းဆုံးဒါရိုက်တာဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားသူတွေကတော့ 'ငြိမ်းချမ်းရေးဟိုတယ်'က လီလီ၊ 'ထာဝရအချစ်'က စွန်းချန်နဲ့...'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'က ယဲ့ချန်းတို့ပဲ ဖြစ်ပါတယ်"
ပွဲကျင်းပရာ ခန်းမတစ်ခုလုံး အလွန်တရာ တိတ်ဆိတ်သွားသည်။
လူတိုင်း၏အကြည့်က ဆရာဟယ်ထံသို့ ကျရောက်နေသည်။
သို့သော် ဆရာဟယ်က စနောက်လျက် ဆိုလိုက်၏။
"ကျေးဇူးပြုပြီး ဖန်သားပြင်ကြီးကို ကြည့်ပေးကြပါ"
ဖန်သားပြင်ထက်တွင် ရုပ်ရှင်မိတ်ဆက်ကို ပြသလိုက်သောအခါမှသာ ယဲ့ချန်း စိတ်သက်သာရာရသွားသည်။
ပြသနေသည့် ဗီဒီယိုမှာ ယဲ့ချန်း၏ 'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'ရုပ်ရှင်အကြောင်း မိတ်ဆက်နေခြင်းပင်။
မိတ်ဆက်ပြသပြီးနောက် ဆရာဟယ်က ပြုံးလျက် ပြောလိုက်သည်။
"ကဲ... အခုဆိုရင် အကောင်းဆုံးဒါရိုက်တာဆုရှင်က ဘယ်သူလဲဆိုတာ အားလုံး သိလောက်ပြီပေါ့"
"ယဲ့ချန်းကို ကြိုဆိုပေးကြပါခင်ဗျာ"
ပွဲအခမ်းအနားတစ်ခုလုံးမှ လက်ခုပ်ဩဘာသံများ အားပါးတရ ထွက်ပေါ်လာသည်။
ယဲ့ချန်းလည်း မတ်တပ်ထရပ်လိုက်ပြီးနောက် ဘေးနားရှိ သရုပ်ဆောင်များနှင့် ဒါရိုက်တာများကို တစ်ဦးချင်း ဖက်လှဲတကင်း နှုတ်ဆက်လိုက်သည်။
မျက်နှာပျက်နေသည့် သုန်းပေါ် တော့ မပါချေ။
ယဲ့ချန်းသည် ဟွားနိုင်ငံ၏ ဂုဏ်သတင်းအကြီးမားဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးသွားခဲ့လေပြီ။
စင်ပေါ်ရောက်ပြီးနောက် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ဒီဆုကို လက်ခံရရှိတဲ့အတွက် ကျွန်တော် အရမ်းရင်ခုန်ကြည်နူးရပါတယ်။ ကြိုးကြိုးစားစား လုပ်ကိုင်ပေးခဲ့ကြတဲ့ ရုပ်ရှင်အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ဒီရုပ်ရှင်ကို ဖန်တီးခဲ့တာ ကျွန်တော့်ကို အခုလိုဖြစ်လာအောင် ဖန်တီးပေးခဲ့တာ ခင်ဗျားတို့ပါပဲ။ ဒုတိယအနေနဲ့ နောက်ကွယ်ကနေ တိတ်တဆိတ် ပေးဆပ်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ရုပ်ရှင်ကို အခုလိုအောင်မြင်မှုတွေ ရရှိလာအောင် ကူညီပေးခဲ့တာ ခင်ဗျားတို့ပါပဲ။ ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက စင်ပေါ်တွင် အရိုအသေပေးလိုက်သည်။
သူ့ပြောကြားမှုက အပြစ်ဆိုဖွယ်ရာမရှိအောင် ကောင်းမွန်လွန်းသဖြင့် မိုးခြိမ်းသံအလား လက်ခုပ်သံများကို ရရှိခဲ့သည်။
အကောင်းဆုံးဒါရိုက်တာဆု ပြီးဆုံးသွားသည့်နောက်တွင် ယဲ့ချန်းသည် ရနိုင်သည့်ဆုများကို အကုန်နီးပါး ရယူနိုင်ခဲ့ပြီဖြစ်၏။ နောက်ထပ်အစီအစဉ်မှာမူ ရုပ်ရှင်အဖွဲ့ထဲမှ အခြားသရုပ်ဆောင်များအတွက် ဆုများ ပေးအပ်ရန်ပင်။
"နောက်ထပ်ကတော့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဖြစ်ပါတယ်"
ဤဆုကြေညာချက်ကို ကြားလိုက်ရချိန်တွင် ယဲ့ချန်း သူ့ဘေးရှိ သုန်းရှောင်ယာကို လှမ်းကြည့်လိုက်မိသည်။
သုန်းရှောင်ယာက ဤဆုအတွက် ယခင်ကတည်းက ဆန်ခါတင်စာရင်း ဝင်ထားခဲ့ခြင်းပင်။
အဆုံးတွင်မူ သုန်းရှောင်ယာသည် လူအများကို စိတ်ပျက်စေခြင်းမရှိဘဲ ဂုဏ်သတင်းကြီးမားလှသော ဤဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
နောက်တစ်ဆုကတော့ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆု ဖြစ်၏။
ယဲ့ချန်းလည်း ဘေးနားရှိ ကျိုးဖာကို လှမ်းကြည့်လိုက်သည်။
ကျိုးဖာမှာမူ ခါးမတ်မတ်ထိုင်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ တီးတိုးကပ်ပြောလိုက်၏။
"စိတ်အေးအေးထားပါ။ ဘာမှမဖြစ်ပါဘူး"
တကယ်တမ်းမှာလည်း ဆရာဟယ်၏အကြည့်က ကျိုးဖာထံသို့ ရောက်သွားချေသည်။
"အကောင်းဆုံးမျက်နှာသစ်ဆုကို ကျိုးဖာက ရရှိသွားပါတယ်ဗျာ"
ပရိသတ်များထံမှ အားပါးတရ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
ယဲ့ချန်း မတ်တတ်ထရပ်ပြီး ကျိုးဖာကို ပွေ့ဖက်လိုက်သည်။
ဤဆုမှာ ခက်ခက်ခဲခဲ ကြိုးစားရယူခဲ့ရသော ဆုပင်။
ယခင်က ဤဇာတ်ကောင်ကို ကျိုးဖာ သရုပ်ဆောင်သည့်အပေါ် သံသယဝင်မှုများ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး ကျိုးဖာ ပါဝင်သရုပ်ဆောင်လျှင် ရုပ်ရှင်က သေချာပေါက်ကျရှုံးလိမ့်မည်ဟုလည်း လူအများအပြားက ယုံကြည်ခဲ့ကြသည်။
သို့သော် ကျိုးဖာက သူ့လုပ်ရပ်များဖြင့် သူတို့အထင်မှားကြောင်း သက်သေပြနိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
ကျိုးဖာ၏ သရုပ်ဆောင်ချက်က ကြည့်ရှုသူများစွာနှင့် ပရော်ဖက်ရှင်နယ် ဝေဖန်ရေးသမားများထံမှပင် ချီးကျူးမှုရရှိခဲ့သည်။
ဇာတ်ကောင်ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သော သူ့အရည်အချင်းက နက်နဲလှသော အထင်ကြီးလေးစားမှုကို ရရှိခဲ့သည်။
သူ့စွမ်းဆောင်ရည်နှင့်အတူ ကျိုးဖာသည် မျက်နှာသစ်သရုပ်ဆောင်ဘဝမှ ထိပ်တန်းအေအဆင့် ကြယ်ပွင့်တစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားသည်။
စင်ပေါ်ရောက်ပြီးနောက် ကျိုးဖာခမျာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ဆုဖလားကိုကိုင်၍ ကျေးဇူးတင်စကား ပြောကြားလေတော့သည်။
"ပထမဆုံးအနေနဲ့ ဒီဆုကို လက်ခံရရှိတဲ့နေရာမှာ ကျွန်တော် ကျေးဇူးအတင်ဆုံးလူကတော့ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့ ယဲ့ချန်းပဲ ဖြစ်ပါတယ်။ သူက ဇာတ်ပို့ဇာတ်ရံတွေ အများကြီးထဲကနေ ကျွန်တော့်ကို ရွေးချယ်ခဲ့ပြီး အောင်မြင်ဖို့ အခွင့်အရေး ပေးခဲ့တာပါ။ မစ္စတာယဲ့က ကျွန်တော့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက် သူ့ကို ကျွန်တော် အနူးအညွတ်ကျေးဇူးတင်ရှိပါတယ်"
စကားပြောနေစဉ်မှာပင် ကျိုးဖာ၏ မျက်လုံးထောင့်စွန်းဝယ် မျက်ရည်များပင် ဝဲတက်လာခဲ့သည်။
သူ့ဇာတ်လမ်းက ဟန်ထျနမတွင် လှည့်လည်လှုပ်ရှားနေကြသော ဇာတ်ပို့ဇာတ်ရံများကိုလည်း ခွန်အားဖြစ်စေခဲ့သည်။
ဆရာဟယ်ကလည်း ပြုံးလျက် ဆိုချေသည်။
"မြင်းကောင်းဆိုတာ အမြဲရှိပေမဲ့ မြင်းကောင်းကို ရွေးချယ်တတ်တဲ့သူကတော့ ရှားပါးတယ်ဆိုတဲ့ ရှေးစကားတစ်ခွန်း ရှိပါတယ်။ မစ္စတာယဲ့ကတော့ ဇာတ်ပို့ဇာတ်ရံတွေ အများကြီးထဲကမှ မစ္စတာကျိုးဖာကို ရွေးထုတ်နိုင်ခဲ့တဲ့ တကယ့်မြင်းဦးစီးကောင်းတစ်ယောက်ပါပဲ။ ခင်ဗျားရဲ့အမြင်က တကယ်ထူးခြားပြောင်မြောက်ပါပေတယ်။ အခု မစ္စတာကျိုးဖာ ဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက မစ္စတာကျိုးဖာရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့လည်း ခွဲခြားလို့မရပါဘူး။ အနာဂတ်မှာ မစ္စတာကျိုးဖာအနေနဲ့ ကျွန်တော်တို့အတွက် ပိုကောင်းမွန်တဲ့ လက်ရာတွေ ဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ပရိသတ်ထဲတွင်မူ ယဲ့ချန်းက ကျိုးဖာကို အပြုံးလေးဖြင့် ကြည့်နေခဲ့သည်။
ကနဦးတုန်းက ကျိုးဖာကို ရွေးချယ်ခဲ့ခြင်းမှာ သူသည် ယဲ့ချန်း၏ ယခင်ဘဝမှ ရုပ်ရှင်ဧကရာဇ်တစ်ဦးနှင့် အလွန်ဆင်တူနေသောကြောင့်ပင်။
ထင်ထားသည့်အတိုင်းပင် ကျိုးဖာက စိတ်မပျက်စေခဲ့ပေ။ သူ့သရုပ်ဆောင်ချက်များက စင်စစ်ပြောင်မြောက်လှသည်။
နောက်ဆုံးအနေနှင့် လျိုဟွားသည် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သည်။
စင်ပေါ်မှ ဆင်းလာပြီးနောက် ယဲ့ချန်းက လျိုဟွား၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"လျိုဟွား... နောက်နှစ် မင်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရစေရမယ်လို့ ကတိပေးတယ်"
လျိုဟွားလည်း ခေါင်းညိတ်ပြလိုက်သည်။
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုသာ ရရှိခဲ့သော်လည်း လျိုဟွားမှာ အနည်းငယ်မျှပင် မကျေမနပ်ဖြစ်ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းသာမရှိလျှင် သူသည် နာမည်ပျက်စာရင်း အသွင်းခံရနိုင်ခြေများ၏။ ဤနေရာသို့ရောက်လာရန် အခွင့်အရေး လုံးဝရှိမည် မဟုတ်ချေ။
ယဲ့ချန်းက သူ့အား ဤအခွင့်အရေးကို ပေးခဲ့သည်ဟု စိတ်ချလက်ချပြောနိုင်သည်။ ယဲ့ချန်းအပေါ် ထားရှိသည့် သူ့ခံစားချက်မှာ ကျေးဇူးတင်စိတ်တစ်ခုတည်းသာ။
ထိုစဉ် ယဲ့ချန်းဘေးတွင် ထိုင်နေသည့် သုန်းပေါ်၏ မျက်နှာကမူ အလွန်မှုန်ကုပ်နေသည်။
သူ၏ "ကျူးကျီ"ရုပ်ရှင်မှာ ဆန်ခါတင်စာရင်း ဝင်ခဲ့သော်လည်း ဆုတစ်ဆုမှ မရခဲ့ဘဲ အရံအဖြစ်သာ ချောင်ထိုးခံလိုက်ရသည်။
ယဲ့ချန်း၏ အကြည့်ကို ခံစားမိလိုက်သဖြင့် သုန်းပေါ်ခမျာ ပြန်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားသည်။
ယခင်က သူသည် ယဲ့ချန်းကို ဖန်သားပြင်ပေါ်တွင် အမှိုက်ကောင်ဟု ဆဲရေးတိုင်းထွာခဲ့သည်။ ယဲ့ချန်း၏ရုပ်ရှင်ကလည်း ဤမျှအထိ အောင်မြင်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ဤအခြေအနေက သူ့အတွက်တော့ မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ခံလိုက်ရသလိုပင်။
သုန်းပေါ်၏ လက်ရှိအခြေအနေကို ယဲ့ချန်း အလွန်ကျေနပ်အားရနေသည်။
ငတုံးကောင်... မင်း ဆက်ပြီးတော့ တောင့်ခံထားသင့်တာ။
သုန်းပေါ်သာ ထွက်မသွားခဲ့လျှင် နာမည်ကြီးဒါရိုက်တာတစ်ဦး ဖြစ်လာနိုင်ပြီး ရုပ်ရှင်ကတစ်ဆင့် ဘီလီယံနှင့်ချီသည့် ဆုကြေးငွေများကိုပင် ရသွားနိုင်သေးသည်။
ကံဆိုးချင်တော့ သူသည် ထွက်သွားဖို့သာ ရွေးချယ်ခဲ့သည်။
ရုပ်ရှင်ပွဲတော်ကို လက်ခုပ်သံများဖြင့် ပြီးပြည့်စုံစွာ အဆုံးသတ်လိုက်သည်။
'ဝပ်တွားနေသောကျား၊ ပုန်းကွယ်နေသောနဂါး'မှာ ဆုပေါင်းရှစ်ဆု ရယူနိုင်ခဲ့ပြီး ဆုပေးပွဲ၏ အအောင်မြင်ဆုံး ဆုရှင်ဖြစ်လာခဲ့သည်။
ဤသည်မှာ ရုပ်ရှင်ပွဲတော်တွင် စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ခြင်းပင်။
ရုပ်ရှင်ပွဲတော်မှ ယဲ့ချန်း ထွက်လာချိန်မှာပင် လင်းဝမ်ယိုထံမှ ဖုန်းဝင်လာသည်။
သူတို့၏ပရောဂျက်တစ်ခုတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ရှိနေသဖြင့် ယဲ့ချန်း ကိုယ်တိုင် သွားရောက်ဖြေရှင်းပေးရန် လိုအပ်နေပေသည်။
ယဲ့ချန်းလည်း ကိုယ်တိုင်ကားမမောင်းဘဲ ထိုနေရာသို့ ဘတ်စ်ကားစီး၍ သွားခဲ့သည်။
တောင်တက်လမ်းက အန္တရာယ်များလှပြီး ယဲ့ချန်းကလည်း ထိုဒေသနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။
ဘေးဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ ကျေနပ်အံ့ဩသွားရသည်။
လှလိုက်တဲ့ ကောင်မလေးပါလား။
•••••••••••••••••••••••••••
အပိုင်း ၅၈၇ : မူလတန်းကျောင်းနေဖက်သူငယ်ချင်းနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း
ယဲ့ချန်းက ဤဘတ်စ်ကားပေါ်မှာ ဤမျှလှပသော အမျိုးသမီးတစ်ယောက်နှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားပေ။
ထိုအချိန်တွင် ယောကျ်ားအားလုံးနီးပါး ဖုန်းမကြည့်ဘဲ သူ့ဘေးရှိ အလှလေးကိုသာ ငေးကြည့်နေကြကြောင်း ယဲ့ချန်း သတိထားမိလိုက်သည်။
"အရမ်းချောတာပဲ"
ယဲ့ချန်းက သူ့ဆွဲဆောင်မှုရမှတ်ကို လျှော့ချထားသဖြင့် သာမန်လူများက သူ့ကို လက်ရှိတွင် အလွန်နာမည်ကြီးနေသော ယဲ့ချန်းဖြစ်ကြောင်း မသိနိုင်ကြပေ။
အလှလေးမှာ ယဲ့ချန်းဘေးတွင် ထိုင်ရင်း ဖုန်းကြည့်နေပေသည်။
ဘေးနားရှိ အမျိုးသမီးထံမှ သင်းပျံ့သောရနံ့လေးကို ရှူရှိုက်ရင်း ယဲ့ချန်းမှာ သူ့ကံကောင်းမှုအတွက် သူ့ဘာသာ သက်ပြင်းတချချဖြစ်နေရသည်။ ခရီးသည်တင်ကား စီးရုံမျှဖြင့် အလှလေးတစ်ယောက်နှင့် ဆုံတွေ့ခွင့်ရသည် မဟုတ်ပါလော။
ထိုအချိန်မှာပင် အလွန်ခေတ်ဆန်သော လူငယ်တစ်ယောက် ဘတ်စ်ကားပေါ်သို့ တက်လာခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူငယ်မှာ သူဌေးပေါက်စပုံစံမျိုးဖြစ်ကြောင်း သိသာလှသည်။ တစ်ကိုယ်လုံး ဘရန်အမှတ်တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း လိုက်ဖက်မှုမရှိဘဲ ငွသူဌေးလက်သစ်တစ်ယောက်နှယ် ပုံပေါက်နေသည်။
"အစ်ကို.. ဒီနေရာကနေ ဖယ်ပေးပါလား"
ထိုလူငယ်က ကားပေါ်သို့ ရောက်ရောက်ချင်းမှာပင် ယဲ့ချန်းဘေးရှိ အလှလေးကို မျက်စိကျသွားခဲ့သည်။
ယဲ့ချန်းက ထိုလူငယ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ဝတ်ထားသည့် အဝတ်အစားများက အထင်ကြီးလောက်စရာပင်။
သို့သော် ဤသို့ ဟန်ရေးပြခြင်းမျိုးက ယဲ့ချန်းရှေ့တွင်တော့ အရာမဝင်လှပေ။
ယဲ့ချန်း ခပ်ဟဟရယ်မောလိုက်သည်။
ဒီလောက်အဆင့်လေးနဲ့များ ငါ့ရှေ့လာပြီး အထာလာပေးနေတယ်။ အရမ်းကလေးဆန်လွန်းတယ်။
ထိုစဉ် အလှလေးက ယဲ့ချန်း၏ အင်္ကျီလက်ကို ဆွဲထားပြီး ထိုလူငယ်နှင့် နေရာမလဲပေးရန် သိသိသာသာ အရိပ်အမြွက်ပြလာခဲ့သည်။
လက်စသတ်တော့ ဤလူငယ်က ထိုအလှလေးနောက်သို့ လိုက်နေသည်မှာ အတော်ကြာပြီဖြစ်၏။ အလှလေးခမျာ သူ့ကို မနည်းရှောင်ထွက်လာခဲ့သော်လည်း ယခုလိုပြန်တွေ့လိမ့်မည်ဟု ထင်မှတ်မထားပေ။
အလှလေး၏ အရိပ်အမြွက်ကြောင့် ယဲ့ချန်းမှာ နေရာဖယ်ပေးစရာ အကြောင်းမရှိတော့ပေ။
သူသည် ဖြောင့်မတ်မှန်ကန်သော လူငယ်တစ်ယောက်ဖြစ်လေရာ ထိုသို့နိမ့်ကျသည့် လုပ်ရပ်မျိုးကို လက်ခံမည်မဟုတ်ပေ။
ယဲ့ချန်းက နေရာမဖယ်ပေးကြောင်း မြင်သောအခါ ထိုလူငယ်မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ဟေ့ကောင်... မင်းက ငါ့ကို မျက်နှာသာမပေးဘူးပေါ့လေ"
ထိုလူငယ်၏အမည်မှာ ဟောက်ယုံးဖြစ်ပြီး သတ္တုတွင်းတစ်တွင်းကို ပိုင်ဆိုင်သည့် မိသားစုမှ သူဌေးပေါက်စတစ်ဦးပင်။
ထိုခရိုင်အတွင်း သူ့ဖခင်မှာ ဒေသခံအာဏာရှင်တစ်ဦးလို ဖြစ်နေသဖြင့် သူသည် အလွန် မာနထောင်လွှားနေခြင်းပင်။
ယနေ့ ယဲ့ချန်းက သူ့ကို မျက်နှာသာမပေးကြောင်း မြင်လိုက်ရသဖြင့် ဟောက်ယုံးမှာ ချက်ချင်း ဒေါသထွက်သွားသည်။
ထိုလူငယ်သည် သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်ပြီး ယွမ်တစ်ရာထုတ်၍ အေးစက်စွာ ပြောလိုက်သည်။
"ဟေ့ကောင်.. ဒီမှာ ယွမ်တစ်ရာ။ ငါ့ကို နေရာဖယ်ပေးစမ်း"
ယဲ့ချန်းကလည်း သူ့ရှေ့ရှိ အနီရောင်ငွေစက္ကူကို တစ်ချက်ကြည့်ပြီး အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ယွမ်တစ်ရာတည်းလား။ ဒီလောက်အဆင့်လေးနဲ့များ မာန်တက်ရဲတယ်ပေါ့လေ။
ယဲ့ချန်းဘက်က တုန်လှုပ်မှုမရှိကြောင်း မြင်သောအခါ ဟောက်ယုံး အံ့ဩသွားပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"မလောက်လို့လား"
ထို့ကြောင့် ဟောက်ယုံးလည်း နောက်ထပ်ယွမ်တစ်ရာ ထပ်ထုတ်လိုက်သည်။
ထိုအခါမှသာ ယဲ့ချန်းက စကားဟလိုက်သည်။
"ထွက်သွားစမ်း"
ဟောက်ယုံး၏ ယုံကြည်မှုပြည့်နေသော မျက်နှာထက်တွင် ဒေါသရိပ်များ ချက်ချင်း ဖုံးလွှမ်းသွားသည်။
"ဟေ့ကောင်... ဒီယွမ်နှစ်ရာက ဘတ်စ်ကားလက်မှတ် လေးစောင်စာနဲ့ အတူတူပဲ။ မင်းလို ဆင်းရဲသားတစ်ယောက် သူ့ဘေးမှာထိုင်နေရုံနဲ့ ဒီအလှလေးက မင်းကို သတိထားမိမှာမဟုတ်ဘူးကွ"
ယဲ့ချန်းက သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး အေးစက်ခက်ထန်စွာ ခွန်းတုံ့ပြန်လိုက်သည်။
"မင်းရဲ့ ဘယ်မျက်လုံးကများ ငါ့ကို ဆင်းရဲတယ်လို့ မြင်နေတာလဲ"
ဟောက်ယုံးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ကိုယ့်လူ... ဆင်းရဲတာက ဘာမှမဖြစ်ပါဘူး။ ငြင်းနေစရာ မလိုပါဘူးကွာ။ မင်းမှာသာ ပိုက်ဆံရှိရင် ဒီဘတ်စ်ကားပေါ်မှာ ရှိနေပါ့မလား"
ဤစကားများကြောင့် ဘတ်စ်ကားပေါ်ရှိ လူများမှာ မကျေမနပ်ဖြစ်သွားကြသည်။
"ဘတ်စ်ကားစီးတာနဲ့ပဲ ဆင်းရဲတယ်လို့ ဘယ်သူက သတ်မှတ်ထားတာလဲ"
သူတို့အားလုံးလည်း ယခု ဘတ်စ်ကားပေါ်တွင် ရှိနေကြသည်မဟုတ်လော။
ဘတ်စ်ကားစီးရုံဖြင့် ဆင်းရဲသည်ဟု သတ်မှတ်ခံရခြင်းမှာ လွန်လွန်းလှသည်။
ဟောက်ယုံးသည် သူ့စကားများက အများပြည်သူကို ဒေါသထွက်စေခဲ့ပြီဖြစ်ကြောင်း မသိလိုက်ပါဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဟန်လုပ်နေချေသည်။
သူသည် လန်းရိုဗာကားသော့ကို ကောက်ကိုင်ပြီး ယဲ့ချန်းရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
"ဟေ့ကောင်... ဒါက ဘာကားသော့လဲ သိလား။ လန်းရိုဗာကွ"
ယဲ့ချန်း အသံထွက်၍ ရယ်လိုက်မိသည်။
"လန်းရိုဗာကားသော့က အထင်ကြီးစရာကောင်းလို့လား။ စကားမစပ် အခုတလော တချို့လူတွေက သော့အတုတွေနဲ့ ဟန်ရေးပြရတာကို သဘောကျနေကြတယ်လို့ ကြားတယ်။ မင်းဟာကက အရမ်းအဆင့်နိမ့်လွန်းတယ်။ ဖာရာရီအတုလေးဘာလေး ဝယ်သင့်တာပေါ့"
"ငါသိတယ်။ ငါ အရင်က ဝယ်ဖူးတယ်။ ယွမ်တစ်ဆယ်ကို နှစ်စီးရတယ်"
ကားပေါ်တွင် ရယ်မောသံများ ချက်ချင်းထွက်ပေါ်လာသည်။
ဤလူငယ်လေးက သူတို့ကို ဆင်းရဲသားဟု လှောင်ပြောင်ခဲ့သည်ဖြစ်ရာ လူတိုင်းက ဟောက်ယုံးအပေါ် လက်စားချေရန် အခွင့်အရေး ရသွားကြသည်။
ဟောက်ယုံး၏ မျက်နှာကား အရှက်တရားကြောင့် နီရဲသွားပြီး ဒေါသတကြီး ပြောလိုက်၏။
"ငါ့သော့က အတုလို့ ဘယ်သူပြောလဲ။ ဒါက အစစ်ကွ"
ထိုသို့ပြောပြီး သူ့ချမ်းသာကြွယ်ဝမှုကို ပြသရန်အတွက် ဟောက်ယုံးက ယွမ်တစ်ထောင်ဆွဲထုတ်လိုက်၏။
"ဟေ့ကောင်...မင်းကို ယွမ်တစ်ထောင်ပေးမယ်။နေရာဖယ်ပေး"
ထိုလူငယ်က ယွမ်တစ်ထောင် ထုတ်လိုက်သည်ကို မြင်သောအခါ လူတော်တော်များများ အံ့ဩမှင်တက်သွားကြသည်။
ဤလူငယ်လေးက ပိုက်ဆံရှိမည့်ပုံပင်။
ယဲ့ချန်းလည်း အဆုံးတွင်မူ စိတ်ကုန်သွားပြီး သူ့ပိုက်ဆံအိတ်ကိုထုတ်ကာ ယွမ်နှစ်ထောင်ကို ဆွဲထုတ်လိုက်သည်။
"ဒီမှာ... ယွမ်နှစ်ထောင်ယူလိုက်။ ငါ့ကို လာမနှောင့်ယှက်နဲ့တော့။ ကြားလား"
ထိုလူငယ်မှာ ချက်ချင်း ဆွံ့အသွားချေသည်။
ယနေ့ ငွေကြွားသည့်နေရာတွင် ပြိုင်ဘက်တစ်ဦးနှင့် တွေ့ရလိမ့်မည်ဟု ဟောက်ယုံး လုံးဝထင်မှတ်မထားခဲ့ပေ။
သူ ငွေတစ်ထောင်ထုတ်လိုက်ချိန်တွင် တစ်ဖက်လူကမူ နှစ်ထောင်ထုတ်ပြလာချေသည်။
ဟောက်ယုံးခမျာ လုံးဝကြက်သေသေသွားလေသည်။
ဒီကောင်က သူ့ကို အရှက်ခွဲဖို့ ယွမ်နှစ်ထောင် ထုတ်လိုက်တာပဲ။
"မင်းက ဘာသဘောလဲ။ ငါ့မိသားစုက သတ္တုတွင်းပိုင်တယ်ကွ။ မင်းရဲ့ယွမ်နှစ်ထောင်ကို ငါက လိုအပ်နေလို့လား။ မင်းကို ငါပြောပြမယ်။ ငါ့မှာ ပိုင်ဆိုင်မှုတွေ သန်းနဲ့ချီပြီး ရှိတယ်။ မင်းလို ဆင်းရဲသားအရှုံးသမားက ငါနဲ့ ယှဉ်နိုင်လို့လား"
"သေစမ်း...သတ္တုတွင်းပိုင်တယ်ဆိုတော့ ဒီကောင်လေးက ကျောက်ခွဲစက်ရုံက ဟောက်မိသားစုရဲ့ သားများလား"
"ဟုတ်ပုံရတယ်နော်။ အဲဒါဆိုရင် သူက တကယ်ချမ်းသာတာပဲ"
"ဟောက်မိသားစုရဲ့ ပိုင်ဆိုင်မှုက သန်းဆယ်ဂဏန်းလောက် ရှိတယ်လို့ ကြားဖူးတယ်"
ဘတ်စ်ကားပေါ်ရှိ လူများမှာ ဒေသခံများ ဖြစ်ကြသည်။ ဟောက်ယုံး၏စကားကို ကြားပြီးနောက် သူတို့က သူ့သရုပ်မှန်ကို ချက်ချင်း ခန့်မှန်းမိသွားကြသည်။
ခရီးသည်များအကြား တအံ့တဩရေရွတ်သံများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးထဲရှိ အထင်အမြင်သေးလေဟန် အရိပ်အယောင်များလည်း ပျောက်ကွယ်သွားသည်။
ဆန့်ကျင်ဘက်အနေနှင့် ယဲ့ချန်းကို ကြည့်ရာတွင်မူ အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်။
ယဲ့ချန်းမှာ ပြောစရာစကားပင် မရှိတော့ပေ။
သေစမ်း... သန်းဆယ်ဂဏန်းလောက်နဲ့ ကြွားနေတာပဲ။ ငါ့လို ဘီလျံချီတဲ့ပိုက်ဆံတွေနဲ့ဆိုရင် ဘယ်လိုလုပ်မလဲ။ ကောင်းကင်ကိုများ ပျံတက်သွားမလား။
ဟောက်ယုံးသည် အစက ယဲ့ချန်း၏မျက်နှာထက်ဝယ် အံ့ဩထိတ်လန့်သွားသည့် အမူအရာကို မြင်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် တစ်ဖက်လူ၏ အမူအရာမှာ အလွန်တည်ငြိမ်နေလိမ့်မည်ဟု ထင်မထားပေ။
သန်းနှင့်ချီသော ကြွယ်ဝချမ်းသာမှုအကြောင်း ပြောလိုက်သည့် သူ့စကားများက ယဲ့ချန်းအတွက် ဘာမှအရေးမပါသလိုပင်။
သောက်ကျိုးနည်း... ငါက ငါ့အားသာချက်ကို ချပြလိုက်ပြီလေ။ မင်းက ဘာလို့ မအံ့ဩရတာလဲ။
မင်းအနေနဲ့ အရှက်ရတဲ့ပုံပေါက်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။
ဟောက်ယုံးက ယဲ့ချန်းကို အေးစက်ခက်ထန်စွာ လက်ညှိုးထိုးလိုက်သည်။
"ဟေ့ကောင် တအားလည်းမောက်မာမနေနဲ့။ ငါက ဒီက ဒေသခံလူမိုက်ကွ။ မင်း ငါတို့ ရှီရှန်းမြို့ကို လာရဲရင် ဘာဖြစ်မလဲဆိုတာ စောင့်သာကြည့်နေလိုက်"
ဟောက်ယုံး ဟန်ရေးပြနေစဉ် အရှေ့ရှိ ဘတ်စ်ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်သဖြင့် ခရီးသည်တင်ကားလည်း အရေးပေါ် ဘရိတ်ကို အုပ်လိုက်ရသည်။
ထိုင်နေကြသော အခြားသူများမှာ ဘာမှမဖြစ်သော်လည်း ဟောက်ယုံးမှာမူ မတ်တတ်ရပ်နေသဖြင့် ယိုင်လဲသွားပြီး ဘောလုံးတစ်လုံးအလား လိမ့်သွားတော့သည်။
ယာဉ်မောင်းက ခရီးသည်များကို ကြည့်လိုက်၏။
"အားလုံး အဆင်ပြေကြရဲ့လား"
ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ လဲကျနေသော ဟောက်ယုံးက ဆဲရေးတိုင်းထွာလေသည်။
"မင်း ကန်းနေတာလား။ ငါ လဲသွားတယ်လေ"
ဟောက်ယုံးခမျာ ကြမ်းပြင်ပေါ်မှ ထလာသည်။ သူ့ခေါင်းမှာ ပွန်းပဲ့သွားပြီး ဆွဲဆောင်မှုမရှိသော မျက်နှာပေါ်တွင်လည်း အမာရွတ်တစ်ခု ထပ်ရသွားသည်။
ယာဉ်မောင်းက ဆိုချေသည်။
"ကားပေါ်တက်တာနဲ့ ထိုင်ပြီး ခါးပတ်ပတ်ထားဖို့ ကျွန်တော် ခုနကပဲ ပြောထားတယ်လေ။ ခင်ဗျားကမှ မထိုင်တာ။ အဲဒါက ဘယ်လိုလုပ်ပြီး ကျွန်တော့်အပြစ်ဖြစ်ရမှာလဲ"
ဤစကားကို ကြားသောအခါ ဟောက်ယုံးမှာ ဆွံ့အသွားချေသည်။
သူသည် အလှလေးရှေ့တွင် ဟန်ရေးပြနေခဲ့ခြင်းသာ။ ယခုလို အရှက်တကွဲ လဲကျသွားလိမ့်မည်ဟု မထင်ထားပေ။ စင်စစ် ရှက်စရာကောင်းလှသည်။
ဘေးနားရှိ ခရီးသည်များလည်း ပွဲကျသွားကြသည်။
ထိုအချိန်တွင် ဟောက်ယုံးက ယဲ့ချန်းကို ဒေါသတကြီး ကြည့်လိုက်သည်။
"ဒါတေွအကုန်လုံး ဒီကောင့်အပြစ်တွေပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ငါ အခုလို လဲကျမှာမဟုတ်ဘူး"
သို့သော် သူ ယဲ့ချန်းကို ကြည့်လိုက်သောအခါတွင်မူ ရူးမတတ်ဖြစ်သွားရသည်။
သကောင့်သားက သူ့ဘေးရှိ အလှလေးနှင့် စကားစမြည် ပြောနေချေသည်။
"မင်္ဂလာပါ။ ကျွန်တော့်နာမည်က ယဲ့ချန်းပါ။ မင်းနာမည်ရော ဘယ်လိုခေါ်လဲ"
"ကျွန်မက လီရော့ချီပါ"
အလှလေးက ပြုံးလျက် ပြောလိုက်သည်။
လီရော့ချီ ဟုတ်လား။
ယဲ့ချန်း အနည်းငယ် အံ့ဩမှင်တက်သွားသည်။ ထိုနာမည်ကို ရင်းနှီးနေသလိုပင်။
"စကားမစပ် မင်း မူလတန်းကျောင်းတုန်းက မိုတုအမှတ်နှစ်ဆရာအတတ်သင်ကျောင်းနဲ့ တွဲဖက်ထားတဲ့ မူလတန်းကျောင်းမှာ တက်ခဲ့တာလား"
ယဲ့ချန်းက မေးလိုက်သည်။
"ဟုတ်တယ်။ ရှင်လည်း အဲဒီကျောင်းမှာ တက်ခဲ့တာလား"
လီရော့ချီက တအံ့တဩ မေးလိုက်လေသည်။
"တိုက်ဆိုင်လိုက်တာ။ ကျွန်တော်တို့က မူလတန်းတုန်းက တစ်တန်းတည်း အတူတူတက်ခဲ့ကြတာပဲ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
••••••••••••••••••••••••
အပိုင်း ၅၈၈ : မူလတန်းကျောင်းနေဖက်သူငယ်ချင်းတွေအားလုံး ဟန်ဆောင်နေကြတယ်
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်ကို ကြည့်ရင်း ဟောက်ယုံး ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေချေသည်။
"မင်းတို့နှစ်ယောက်က ငါ့ကို လေလို သဘောထားနေကြတာလား"
"စကားမစပ် ရှင်က ဘယ်သွားမလို့လဲ"
လီရော့ချီက မေးလိုက်သည်။
"ဪ... လုပ်စရာကိစ္စလေးတွေရှိလို့ပါ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ဒါနဲ့ ရှင်လည်း ပြန်ရောက်နေပြီဆိုတော့ ဒီနှစ် မူလတန်းကျောင်းသားဟောင်းတွေရဲ့ တွေ့ဆုံပွဲကို အတူတူသွားကြရအောင်လေ"
"တိုက်ဆိုင်လိုက်တာ။ ကောင်းပြီလေ"
ယဲ့ချန်းသည် မူလက ဤမြို့လေးရှိ ကလေးတစ်ယောက်ဖြစ်ပြီး စတုတ္ထတန်းပြီးချိန်တွင် မိုတုမြို့သို့ ပြောင်းရွှေ့သွားခဲ့ခြင်းပင်။
ယဲ့ချန်းကိုယ်တိုင်ကလည်း အတန်းဖော်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံချင်နေခဲ့သည်ဖြစ်ရာ အံကိုက်ဖြစ်သွား၏။
လီရော့ချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယဲ့ချန်း... ရှင် အခု ဘာအလုပ်လုပ်လဲ"
ယဲ့ချန်းက ခပ်ပြုံးပြုံးသာ။
"ကိုယ် တက္ကစီမောင်းတယ်လေ"
ယဲ့ချန်းက တက္ကစီမောင်းသည်ဟု ပြောလိုက်သောအခါ သူတို့ ရုတ်တရက် အံ့အားသင့်သွားကြသည်။
"သေစမ်း..ဒီကောင်က တက္ကစီမောင်းတဲ့ကောင်ကိုး။ ငါတောင် အလိမ်ခံရတော့မလို့"
"မိုက်လှချည်လား ဟားဟား...မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်ကိုး"
ဟောက်ယုံး အသံထွက်၍ ရယ်မောလိုက်မိသည်။
ထိုစဉ် အဘိုးအိုတစ်ယောက် လမ်းဖြတ်ကူးလာသဖြင့် ကားသမားက ဘရိတ်ကို ဆောင့်နင်းလိုက်သည်။
အခြားခရီးသည်များအားလုံး ခါးပတ်ပတ်ထားကြသော်လည်း ဟောက်ယုံးတစ်ယောက်သာ ခါးပတ်မပတ်ထားသဖြင့် အရှေ့ရှိ သံလက်ရန်းနှင့် ခေါင်း သွားဆောင့်မိတော့သည်။
"ဒိုင်း"ခနဲ မြည်သံနှင့်အတူ ဘုအကြီးကြီးတစ်ခုလည်း ထွက်လာသည်။
ဟောက်ယုံး : "..."
ထိုအချိန်တွင်တော့ နောက်ဘယ်တော့မှ ဘတ်စ်ကား မစီးတော့ဘူးဟု ဟောက်ယုံး ကျိန်လိုက်မိသည်။
ယဲ့ချန်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကြွားလုံးထုတ်တတ်သည့် ဤသကောင့်သားက သနားစရာကောင်းလှသည်။ ယဲ့ချန်းကို ဟန်ရေးလာပြတိုင်း ကံဆိုးမှုများနှင့်သာ အဆုံးသတ်ရသည်။ သူ့ကို သနားစရာအကောင်းဆုံး ကြွားလုံးဘုရင်ဟု ခေါ်နိုင်ပေသည်။
မူလတန်းကျောင်းနေဖက် သူငယ်ချင်းဟောင်းနှစ်ယောက် ဆုံတွေ့ကြရသည်ဖြစ်ရာ ပျော်ပျော်ပါးပါး စကားစမြည်ပြောနေကြသည်။
လီရော့ချီတစ်ယောက် ပင်ပန်းနေ၍လားမသိ။ ယဲ့ချန်း၏ ပခုံးပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ယဲ့ချန်း၏ ပခုံးပေါ်တွင် မှီအိပ်နေသော လီရော့ချီကို ကြည့်ရင်း ဟောက်ယုံးခမျာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။
ဟိုကောင်သာ နေရာဖယ်ပေးရင် ဒီလိုအခွင့်အရေးမျိုးကို သူရနေမှာလေ။
တစ်နာရီကျော်ကြာ ကားမောင်းပြီးနောက် နောက်ဆုံးတွင်မူ ကားလေးက ခရီးဆုံးသို့ ရောက်လာခဲ့သည်။
ယဲ့ချန်းက ပြုံးလျက် လီရော့ချီကို နှိုးလိုက်၏။
"ကဲ...ရောက်ပြီ"
ထိုစဉ် ဟောက်ယုံးသည် ဘဝင်ခိုက်လေဟန်ဖြင့် လီရော့ချီအနားသို့ ရောက်လာသည်။
"အလှလေး... ကိုယ့်ကားကို လိုက်စီးပါလား"
ဟောက်ယုံးက ဝမ်းသာအားရအမူအရာဖြင့် ကားကိုမှီ၍ ရပ်နေလေသည်။
လီရော့ချီကို ဟန်ရေးပြရန်အတွက် သူသည် သူ့အဖေ၏ လမ်ဘော်ဂီနီကားကို ယာဉ်မောင်းအား ယူလာခိုင်းထားခြင်းပင်။
သို့သော် လီရော့ချီက ဟောက်ယုံးကို လှည့်ပင်မကြည့်ဘဲ ယဲ့ချန်းနှင့်အတူ အငှားကားတစ်စီးပေါ်သို့ တက်သွားခဲ့သည်။
ဟောက်ယုံးခမျာ ချက်ချင်းပင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
လမ်ဘော်ဂီနီက သူ့အတွက် မိန်းကလေးများကို ဆွဲဆောင်နိုင်သည့် သံလိုက်တစ်ခုဖြစ်ပြီး ယခင်က တစ်ခါမှ မလွဲချော်ဖူးပေ။
သို့သော် ယနေ့မှာတော့ ကျရှုံးသွားခဲ့ရလေပြီ။
ဤအလှလေးမှာ ငွေမက်သူတစ်ယောက် လုံးဝမဟုတ်ပေ။ သူ့ဇိမ်ခံကားကိုလည်း အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိပေ။
ယဲ့ချန်းလည်း တက္ကစီပေါ်သို့တက်ပြီးနောက် လီရော့ချီနှင့်အတူ မူလတန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲသို့ သွားမည်ဖြစ်လေရာ နောက်ကျမည့်အကြောင်း လင်းဝမ်ယိုထံသို့ ဝီချက်မက်ဆေ့ခ်ျ ပို့လိုက်သည်။
သူတို့နှစ်ယောက်သား တက္ကစီဖြင့် ထျန်းမေ့ ဟိုတယ်သို့ ရောက်လာကြသည်။
ဤဟိုတယ်မှာ မြို့ထဲတွင် အကောင်းဆုံး ကြယ်လေးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ဖြစ်၏။
သီးသန့်အခန်းထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်း၏ အာရုံက လီရော့ချီနှင့် ယဲ့ချန်းထံသို့ ကျရောက်သွားသည်။
"ဝိုး... ဒါက လီရော့ချီမဟုတ်လား။ တစ်နေ့တစ်ခြား ပိုပိုလှလာပါလား"
"ဒါက ဘယ်သူလဲ။ သိပ်မရင်းနှီးသလိုပဲ"
"ရော့ချီရဲ့ ရည်းစားများလား"
ထိုစဉ် မျက်မှန်တပ်ထားသော လူတစ်ယောက်က ရုတ်တရက်ဆိုသလို အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။
"မင်းက ယဲ့ချန်း မလား"
ယဲ့ချန်းကလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"မင်းက ပိုင်ကျင်းချန်ပဲ ဖြစ်ရမယ်"
"အေးကွ။ ဟုတ်တယ်။ ငါတို့ ကျောင်းဆင်းရင် အိမ်ကို အတူတူပြန်နေကျလေ။ ဟားဟား... မင်းကို ပြန်တွေ့ရလိမ့်မယ်လို့ ငါ လုံးဝမထင်ထားဘူး"
သူတို့နှစ်ယောက်သား နေရာရှာပြီး ထိုင်လိုက်ကြသည်။
ရှီယုံးအမည်ရှိသော လူငယ်တစ်ယောက်ကတော့ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများကို အပြည့်ဝတ်ဆင်ထားပြီး ဟန်ရေးပြနေလေသည်။
"ငါက နိုင်ငံခြားက ယဲ့လုတက္ကသိုလ်ကနေ ဘွဲ့ရထားတာ မကြာသေးဘူး။ တာ့မိုင်ကုမ္ပဏီကနေ တစ်နှစ်ကို လစာတစ်သန်းပေးပြီး ဌာနမှူးလုပ်ဖို့ ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ သူတို့ကုမ္ပဏီရဲ့နာမည်ဂုဏ်သတင်းက အရမ်းဆိုးနေတော့ စဉ်းစားကြည့်ပြီး ငြင်းပစ်လိုက်တယ်လေ"
"ရှီယုံး... မင်းက တော်လိုက်တာ။ ဘွဲ့ရရချင်း နှစ်စဉ်လစာတစ်သန်းရတာကိုတောင် မင်းက ငြင်းလိုက်တယ်ပေါ့"
အတန်းဖော်များက တအံ့တဩပြောကြလေတော့သည်။
"တစ်သန်းဆိုတာ မိုတုမြို့မှာနေဖို့ လုံးဝမလောက်ပါဘူးကွာ။ ထျန်းချန်ယိပင်မှာ အိမ်တစ်လုံး အရစ်ကျဝယ်ဖို့ ဘယ်လောက်ကုန်မလဲ မင်းတို့ခန့်မှန်းကြည့်လေ။ သန်းဆယ်ဂဏန်းကျော်တယ်။ အဲဒါကြောင့် ငါ့ရဲ့ အနိမ့်ဆုံးလိုအပ်ချက်က နှစ်စဉ်လစာနှစ်သန်းပဲ"
ရှီယုံး၏ စကားကို ကြားပြီးနောက် အခြားသူများမှာ တုံ့ပြန်မှု သိပ်မရှိကြပေ။
သူသည် ကြွားလုံးထုတ်နေခြင်းသာဖြစ်ကြောင်း လူတိုင်း သိလိုက်လေပြီ။
ယဲ့ချန်းမှာ ရယ်ချင်စိတ်ပေါက်သွားသည်။
တစ်နှစ်ကို လစာတစ်သန်းပေးသည့်တိုင် ငြင်းလိုက်သည်ဟု ပြောနေသူမှာ နာမည်ကြီးအမှတ်တံဆိပ်များကို ဝတ်ထားပါသော်ငြား ယဲ့ချန်းကမူ အလွန်ဆုံးရှိလှ ယွမ်ရာဂဏန်းလောက်တန်သည့် အတုများဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
လက်ကောက်ဝတ်ရှိ ရိုလက်စ်နာရီကလည်း အတုဖြစ်ပြီး ယွမ်တစ်ရာကျော်လောက်သာ တန်ဖိုးရှိပေလိမ့်မည်။
ဒီလောက်လေးနဲ့ သူက ကြွားလုံးထုတ်နေသေးတယ်ပေါ့။
ယဲ့ချန်းအမြင်တွင် ဤရှီယုံးက ကြွားလုံးထုတ်သည့်နယ်ပယ်တွင် အဆင့်မမီသေးသော အပျော်တမ်းသမားတစ်ဦးသာ။
သူ့ဘေးရှိ လီရော့ချီက ရယ်မောလျက် ပြောလိုက်သည်။
"ရှင်တို့ ရောင့်ရဲတင်းတိမ်တတ်သင့်တယ်။ ယဲ့ချန်းဆို မိုတုမှာ တက္ကစီမောင်းတာ တစ်လကို သုံးလေးထောင်လောက်ပဲ ရပေမယ့် အဆင်ပြေပြေ နေနိုင်ပုံရတယ်"
ယဲ့ချန်း တက္ကစီမောင်းသည်ဟု ကြားလိုက်ရသောအခါ ထိုအတန်းဖော်များ၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အခြားအတန်းဖော်များကလည်း စတင်ကြွားလုံးထုတ်လာကြသည်။
တချို့က သူတို့ကားများမှာ စုတ်ပြတ်နေသည့်ဘီအမ်ဒဗလျူကားလေးသာ ဖြစ်ကြောင်း ပြောကြသည်။
တချို့ကလည်း ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များနှင့် သိကျွမ်းကြောင်း ကြွားဝါကြသည်။
သို့သော် ကြွားလုံးထုတ်နေကြသော ဤလူများအားလုံး၏ ပစ်မှတ်မှာ တစ်ခုတည်းသာ။ ၎င်းမှာ လီရော့ချီပင်။
ကံဆိုးချင်တော့ လီရော့ချီက သူတို့ကို လုံးဝ အဖက်မလုပ်ပေ။ သူ(မ)၏ အာရုံအလုံးစုံက ယဲ့ချန်းထံတွင်သာ ရှိနေပေသည်။
ယဲ့ချန်းနှင့် လီရော့ချီတို့မှာ စကားတပြောပြောဖြင့် ရယ်မောနေကြသဖြင့် ထိုကြွားလုံးဘုရင်များ အချိန်အကြာကြီး ဟန်ရေးပြနေသော်လည်း အရာမဝင်သလိုပင် ဖြစ်သွားရသည်။
ထိုစဉ် ဟိုတယ်ရှေ့သို့ ဇိမ်ခံမာဆယ်ရာတီကားတစ်စီး ထိုးရပ်လေသည်။
အာမန်နီဝတ်စုံပြည့် ဝတ်ဆင်ထားသော အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် ကားပေါ်က ဆင်းလာသည်။
ယခင်ဟန်ရေးပြနေသူများနှင့် မတူပါဘဲ ဤလူငယ်မှာ အလွန်တရာ အရှိန်အဝါရှိမည့်ဟန်ပင်။
နာရီက ပါတက်ခ်ဖိလစ်ဖြစ်ပြီး အဝတ်အစားများမှာ ယွမ်သိန်းနှင့်ချီ၍ တန်ဖိုးရှိသည်။
ကျန်းချွမ်းပဲ။
သူကလည်း ဤမြို့ရှိ မူလတန်းကျောင်းတွင် တက်ခဲ့သူဖြစ်ပြီး သူ့မိသားစုမှာ ယခင်က သာမန်သာဖြစ်၏။ နောက်ပိုင်းတွင် နိုင်ငံခြားရှိ ဆွေမျိုးတစ်ယောက်၏ အမွေကို ရုတ်တရက်ရရှိခဲ့ပြီးနောက် အရေးမပါသူတစ်ယောက်အဖြစ်မှ ချမ်းသာပြီး ချောမောသော လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ချမ်းသာလာပြီးကတည်းက ကျန်းချွမ်းတွင် အားနည်းချက်တစ်ခု ရှိလာခဲ့သည်။ သူသည် ကြွားလုံးထုတ်ရခြင်းကို နှစ်သက်လာသည်။
ယခုအကြိမ် ပြန်လာရာတွင် သူသည် ဤအတန်းဖော်ဟောင်းများရှေ့တွင် အကြီးအကျယ် ဟန်ရေးပြရန် ဆုံးဖြတ်ထားသည်။
အထူးသဖြင့် မူလတန်းကျောင်းတုန်းက သူကြိတ်သဘောကျခဲ့ရသော ကောင်မလေး လီရော့ချီပါ ပြန်ရောက်နေသည်။
ဤတစ်ခေါက်တော့ လီရော့ချီကို လိုက်ပိုးရန်ပင် ဆုံးဖြတ်ချက်ချထားသည်။
ကျန်းချွမ်းက ဟိုတယ်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်ဝင်လာခဲ့သည်။
သူ့နောက်တွင် ကျောပိုးအိတ်ကြီးတစ်လုံးလွယ်ထားသော အမျိုးသမီးအတွင်းရေးမှူးတစ်ယောက်လည်း ပါလာသည်။
ထိုအတွင်းရေးမှူးမလေးမှာ အလွန်ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ရမှတ်ရှစ်ဆယ်ခန့် ရှိနိုင်သည်။
"သခင်လေး... အတန်းဖော်တွေအတွက် လက်ဆောင်တွေ အကုန်ပြင်ထားပြီးပါပြီ"
"ကောင်းပြီ။ စားသောက်ဆိုင်ထဲကိုရောက်ရင် အတန်းဖော်တွေအကုန်လုံးကို လိုက်ဝေပေးလိုက်"
ကျန်းချွမ်းက ကြွားဝါချင်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
ကျန်းချွမ်းက ရုပ်ရည်အနည်းငယ်ရှိပြီး နာမည်ကြီးဒီဇိုင်နာချုပ်ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ ကြွားလုံးထုတ်လေဟန်များ အပြည့်ဖြစ်သွားချေသည်။
သူ့မှာ ပိုက်ဆံရှိကြောင်း လူတိုင်း သိသွားစေရန် တမင်သက်သက်ပင် အင်္ကျီလက်ကို ခေါက်တင်လိုက်သေးသည်။
ကျန်းချွမ်းက သီးသန့်ခန်းထဲသို့ ဝင်သွားချိန်ဝယ် အတန်းဖော်များက မတ်တတ်ရပ်ပြီး သူ့ကိုကြိုဆိုကြလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် အတန်းဖော်တိုင်းက ထိုက်တောင်ကြီးအလား ခိုင်မာတည်ငြိမ်စွာဖြင့် ထိုင်ခုံကိုယ်စီတွင် ထိုင်လျက် သူ့ကို ဝိုင်းကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
ဂုဏ်ယူဝင့်ကြွားလေဟန် အမူအရာဖြင့် ရှိနေသော ကျန်းချွမ်းက မည်သူကမှ သူ့ကို မမှတ်မိကြဘူးဟု ထင်လိုက်သည်။
သို့သော် ဤသည်ကပင် ပိုစိတ်ဝင်စားစရာကောင်းသွားသည်။ သူ့ဘက်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ပြောလိုက်ချိန်တွင် ပိုဂယက်ရိုက်သွားစေနိုင်သည် မဟုတ်ပါလော။
"မင်းက ဘယ်သူလဲ"
အတန်းဖော်တစ်ယောက်က မတ်တတ်ထရပ်၍ နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။
ကျန်းချွမ်းက စကားမပြောပေ။ ဤတစ်ကြိမ်တွင်မူ ကြွားလုံးထုတ်ရာ၌ အသုံးဝင်သော သူ့ကိရိယာလေးဖြစ်သည့် အတွင်းရေးမှူးမလေးက ဝင်ပြောလိုက်သည်။
"ဒါက ကျွန်မတို့ ကော့စမိုလုပ်ငန်းစုရဲ့ဥက္ကဋ္ဌ ကျန်းချွမ်းပါ။ နိုင်ငံတစ်ဝန်းမှာ နာမည်ကြီးတဲ့ ထိပ်တန်းစွန့်ဦးတီထွင်သူ အယောက်တစ်ရာထဲက တစ်ယောက်ပေါ့"
ကျန်းချွမ်းက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ခပ်တည်တည်ဆိုလိုက်၏။
"ရှောင်ဟုန်... ငါ ပြောထားတယ်လေ။ ဟန်ရေးမပြပါနဲ့။ သာမန်ပဲ နေပါလို့။ ငါ့ရာထူးကို လွယ်လွယ်နဲ့ ထုတ်မပြောနဲ့။ မဟုတ်ရင် အကုန်လုံးနေရခက်သွားလိမ့်မယ်"
•••••••••••••••••••••••••••••