← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အပိုင်း ၅၉၂ : ကျေးဇူးရှင်

ကျောင်းအုပ်ကြီး၏ စကားများကို ကြားသောအခါ ကျန်းချွမ်း၏ မျက်လုံးများ အရောင်လက်သွားသည်။

သူ ကြွားလုံးထုတ်ရန် အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

ကျန်းချွမ်းက ကျောင်းအုပ်ကြီးရှေ့သို့ အမြန်သွားပြီး မေးလိုက်၏။

"ကျောင်းအုပ်ကြီး... ဘာကိစ္စရှိလို့လဲ။ အခက်အခဲ တစ်ခုခုဖြစ်လို့လား။ စိတ်ချပါ။ ကျွန်တော်က အခု ဒေါ်လာဘီလီယံချီတန်တဲ့ လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်နေပါပြီ။ ကျောင်းအတွက် ပြဿနာတစ်ခုခုရှိရင် ကျွန်တော့်ကိုသာ ပြောပါ။ သေချာပေါက် ကူညီဖြေရှင်းပေးပါ့မယ်"

ကျန်းချွမ်း၏ စကားများကို ကြားလိုက်ရပြီးနောက် သတင်းထောက်များ၊ ဆရာဆရာမများနှင့် ကျောင်းသားများအားလုံး၏ မျက်ဝန်းများမှာ ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ တောက်ပသွားကြသည်။

ကျောင်းအုပ်ဝူကလည်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဆိုချေသည်။

"ရှောင်ချွမ်း.. မင်း တကယ်ပဲ ငါတို့ကျောင်းကို ကူညီပေးနိုင်လား"

လူတိုင်း၏ အထင်ကြီးလေးစားလေဟန် အကြည့်များကို မြင်သောအခါ ကျန်းချွမ်းခမျာ ဂုဏ်ယူဝင့်ကြွားသွားသည်။

သူလည်း ခပ်ဖွဖွ ပြုံးလိုက်၏။

"ကျောင်းအုပ်ကြီး.. စိတ်ချလက်ချနေပါ။ ကျွန်တော်ရှိနေသရွေ့ ဘယ်သူမှ ကျွန်တော်တို့ကျောင်းကို ဖြိုဖျက်လို့မရစေရဘူး"

ကျောင်းအုပ်ကြီးက ကျန်းချွမ်း၏လက်ကို ဆုပ်ကိုင်ရင်း အိုမင်းရင့်ရော်နေသော သူ့မျက်နှာထက်တွင် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များ စီးကျလာသည်။

"ကျန်းချွမ်း... တကယ်ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာ ကျောင်းကို ကယ်တင်နိုင်မယ်ဆိုရင် မင်းက ငါတို့ဆရာဆရာမတွေနဲ့ ကျောင်းသားတွေအားလုံးရဲ့ ကျေးဇူးရှင်ပါပဲ"

ကျန်းချွမ်းက ခပ်ဟဟပြုံးလိုက်လေသည်။

"ကျောင်းအုပ်ကြီး... ဘာတွေဖြစ်ထားတာလဲ"

ကျောင်းအုပ်ကြီးက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြချေသည်။

တကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဤမြေနေရာကို သဘောကျသွားပြီး သဘာဝပန်းခြံတစ်ခု ဆောက်လုပ်ချင်နေသောကြောင့် ကျောင်းကို ဖြိုဖျက်ရပေတော့မည်။

ကျောင်းအုပ်ကြီးက နယ်ပယ်အသီးသီးမှ အကူအညီများ တောင်းခံခဲ့သော်လည်း တစ်စုံတစ်ယောက်က ဤမြေကို ဈေးပိုပေး၍ မဝယ်ယူနိုင်ပါက ကျောင်းကလည်း သေချာပေါက် ဖြိုဖျက်ခံရမည်ဖြစ်၏။

ကျောင်းအုပ်ကြီး၏ စကားများကို ကြားပြီးနောက် ကျန်းချွမ်းက မောက်မာမှုအပြည့်ဖြင့် အသာပြုံးလိုက်၏။

"ကျောင်းအုပ်ကြီး... ဒီကိစ္စလေးများဗျာ။ သူ ဘယ်လောက်ဈေးပဲပေးပေး ကျွန်တော် ဒီမြေကို ပြန်ဝယ်လိုက်မယ်ဆိုရင် ရပြီမဟုတ်လား"

ကျန်းချွမ်းခမျာ တိတ်တဆိတ် ဝမ်းသာနေပေသည်။

ဆင်းရဲသည့် ကျေးလက်ဒေသက မြေတစ်ကွက်ပင် ဖြစ်လေရာ ဘယ်လောက်တန်ကြေးရှိနိုင်မည်နည်း။

ထိုစကားကို ကြားပြီးနောက် ကျောင်းအုပ်ဝူလည်း ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"ကျန်းချွမ်း... မင်း တကယ်ဝယ်နိုင်လို့လား"

"ဒါပေါ့ဗျ။ ကျွန်တော့်ကို ဘယ်သူလို့ထင်နေတာလဲ။ ဒေါ်လာဘီလီယံချီတန်တဲ့ လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ကျန်းချွမ်းလေ။ မြေတစ်ကွက်လောက်ကတော့ အသေးအဖွဲလေးပါ။ ဒါနဲ့ ဒီမြေက ဘယ်လောက်လဲ"

ကျန်းချွမ်း မေးလိုက်လေတော့သည်။

ကျောင်းအုပ်ဝူက ဆို၏။

"သန်းရှစ်ဆယ်"

"ဘာရယ်"

ကျန်းချွမ်း၏ အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။

ကျောင်းအုပ်ဝူက ဆိုပြန်သည်။

"ဒီမြေက ယွမ်သန်းရှစ်ဆယ်တန်ဖိုးရှိတယ်။ အိမ်ခြံမြေကုမ္ပဏီက ဝယ်ပြီးသွားပြီလေ"

ကျန်းချွမ်းမှာ ရုတ်တရက် သွေးအန်ချင်စိတ်ပင် ပေါက်သွားသည်။

သောက်ကျိုးနည်း... မြေတစ်ကွက်ကို ယွမ်သန်းရှစ်ဆယ်တောင် ပေးရတယ်တဲ့။ ဒါကြီးက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။

ကျောင်းအုပ်ဝူက ကျန်းချွမ်း၏လက်ကို ဆုပ်ကိုင်လိုက်၏။

"ရှောင်ချွမ်း... မင်းသာ ဒီမြေကို ဝယ်နိုင်မယ်ဆိုရင် တကယ်ကောင်းမှာပဲ။ ငါတို့ဆရာဆရာမတွေနဲ့ ကျောင်းသားတွေအားလုံး မင်းကို ကျေးဇူးတင်ကြမှာပါ"

ကျန်းချွမ်း၏ မျက်နှာမှာ အလွန်တရာကြည့်ရဆိုးနေသည်။

တကယ်တော့ အစောက သူသည် ကြွားလုံးထုတ်လိုက်ရုံသက်သက်သာ။

ယခုမူ အခြေအနေက ကိုးရိုးကားရားနိုင်သွားလေပြီ။ ကြွားလုံးထုတ်ပြီးနောက် ပါးချခံလိုက်ရသလိုပင်။

သူ့ကုမ္ပဏီ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ်သန်းတစ်ရာကျော်သာ ရှိလေရာ ယွမ်သန်းရှစ်ဆယ်ဖြင့် မြေဝယ်လိုက်ခြင်းကား ဒေဝါလီခံလိုက်ရသလို ဖြစ်သွားပေမည်။

ဒေါ်လာဘီလီယံချီ၍ ပိုင်ဆိုင်သည်ဟု ပြောခဲ့ခြင်းကလည်း ကြွားလုံးထုတ်ရုံသက်သက်သာ ဖြစ်၏။

အလွန်အကျူး ကြွားလုံးထုတ်ထားမိသောကြောင့် ယခုမူ ဖြေရှင်းရခက်ရလေပြီ။

ကျန်းချွမ်းက နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"ကျောင်းအုပ်ဝူ... ဒီမြေက ဘာလို့ ဒီလောက်တောင်ဈေးကြီးနေရတာလဲ"

ကျောင်းအုပ်ဝူလည်း သက်ပြင်းချလိုက်၏။

"ငါကြားတာတော့ ငါတို့မြေက နဂါးနှစ်ကောင် ရေကစားနေတဲ့ နဂါးအသိုက်အမြုံလို့ တန်ဖိုးဖြတ်ထားကြတယ်။ အဲဒါကြောင့် ဈေးကြီးတာပေါ့။ ဟုတ်ပြီ ကျန်းချွမ်း.... ဒီမြေကိုဝယ်ဖို့ မြန်မြန်ဆက်သွယ်လိုက်ဦး"

ကျန်းချွမ်း၏ မျက်နှာကား အလွန်တရာ အကျည်းတန်နေပေသည်။

ဒီမြေကို ဝယ်ရမယ်ပေါ့။ ဘာနဲ့သွားဝယ်ရမှာလဲ။

အစောတုန်းက ဘဝင်မြင့်နေသည့် အမူအရာများ လုံးဝပျောက်ကွယ်သွားသော ကျန်းချွမ်းက ရှုံ့မဲ့မဲ့မျက်နှာဖြင့် ဆိုလိုက်သည်။

"ကျောင်းအုပ်ဝူ... တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ငွေသားက အဲဒီလောက်မများကြီးမရှိဘူး။ အများဆုံး ယွမ်တစ်သန်းလောက်ပဲ ထုတ်ပေးနိုင်မယ်"

ယွမ်တစ်သန်း ဟုတ်လား။

ကျန်းချွမ်း၏ စကားများကို ကြားလိုက်ရချိန်ဝယ် ကျောင်းအုပ်ဝူမှာ အလွန်စိတ်ပျက်သွားသည်။

အခြားသူများကလည်း ကျန်းချွမ်းကို ငတုံးတစ်ယောက်နှယ် ကြည့်လိုက်ကြသည်။

မြေတန်ဖိုးက ယွမ်သန်းရှစ်ဆယ်လေ။ မင်းရဲ့ယွမ်တစ်သန်းက ဘာသွားလုပ်လို့ရမှာလဲ။

ထိုစဉ် ယဲ့ချန်းက ဘေးနားက ဝင်မေးလိုက်သည်။

"ဒီမြေကို ဘယ်ကုမ္ပဏီက ဝယ်သွားတာလဲ"

သူ့ဘေးရှိ ကျန်းချွမ်းက အေးစက်စက်နှာမှုတ်လိုက်၏။

"ဘယ်ကုမ္ပဏီကဝယ်ဝယ် မင်းမှာ ပေးစရာသန်းရှစ်ဆယ်ရှိလို့လား"

ယဲ့ချန်းက ကျန်းချွမ်းကို လုံးဝ ဂရုမစိုက်ဘဲ ကျောင်းအုပ်ဝူကိုသာ ကြည့်နေလိုက်သည်။

ကျောင်းအုပ်ဝူက သက်ပြင်းချလျက် ဆိုချေသည်။

"ရီတာ့လုပ်ငန်းစုလေ"

ကျန်းချွမ်းက လှောင်ပြုံးပြုံးလိုက်၏။

"ကြားတယ်မလား။ ရီတာ့လုပ်ငန်းစုတဲ့။ မင်းက ရီတာ့လုပ်ငန်းစုမှာ အသိတွေဘာတွေ ရှိနေလို့လား"

ယဲ့ချန်းက ကျန်းချွမ်း၏ ခနဲ့တဲ့တဲ့စကားကို လုံးဝ လျစ်လျူရှုပြီး သူ့ဖုန်းကို တန်းထုတ်လိုက်သည်။

ကျန်းချွမ်းက လှောင်ပြုံးပြုံးလိုက်လေသည်။

"ရီတာ့လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဝမ်ဆိုတာ ဟွားနိုင်ငံမှာ နံပါတ်တစ်သူဌေးကြီးကွ။ သူ့ကို မင်းက သိလို့လား"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"မင်း မယုံဘူးလား"

"ငါက မင်းကို ယုံရမတဲ့လား"

ကျန်းချွမ်းက အေးစက်စက် နှာမှုတ်လိုက်ပြန်သည်။

ယဲ့ချန်းကလည်း ခပ်ဖွဖွခေါင်းညိတ်ပြီး ဖုန်းစပီကာကို ဖွင့်ထားလိုက်သည်။

ဖုန်းက အကြိမ်အနည်းငယ် မြည်ပြီးနောက် ချိတ်ဆက်သွားသည်။

"ဟယ်လို ဥက္ကဋ္ဌဝမ်လား။ ကျွန်တော် ယဲ့ချန်းပါ။ ဒါနဲ့ ခင်ဗျား တလောတုန်းက ကျောက်စိမ်းမြို့လေးမှာ သဘာဝပန်းခြံတစ်ခုတည်ဆောက်ဖို့ မြေတစ်ကွက် ဝယ်ထားသေးလား"

"ဟုတ်တယ် ညီလေးယဲ့...မင်းရော အဲဒီမြေကို စိတ်ဝင်စားလို့လား"

ယဲ့ချန်းက ဆို၏။

"ဟုတ်တယ်။ ကျွန်တော့်ရဲ့ မူလတန်းကျောင်းလေးက အဲဒီမှာလေ။ ခင်ဗျားက ကျောင်းကို ဖျက်ပစ်မယ်ဆိုရင် ဒီက ကလေးတွေက တစ်ဆယ်ကီလိုမီတာကျော်ဝေးတဲ့ ကျောင်းကို သွားတက်ရလိမ့်မယ်။ အဲဒါက သိပ်အဆင်မပြေဘူးဗျ"

"အာ.. အဲဒီလိုအခြေအနေမျိုးလည်း ရှိနေတာလား။ အဲဒီတုန်းက ငါ သတိမထားမိခဲ့ဘူး။ ညီလေးယဲ့ ကတောင် နှုတ်ဟလာမှတော့ ငါက ပုံမှန်အတိုင်းပဲ ဆက်လုပ်ပြီး အနီးအနားမှာ ကျောင်းအတွက် မြေတစ်ကွက် သီးသန့်ဖယ်ထားပေးပြီး ကျောင်းသစ်တစ်ခု ဆောက်ပေးမယ်ဆိုရင်ရော"

ယဲ့ချန်းက ဆို၏။

"အဲဒါဆိုရင် အရမ်းကောင်းတာပေါ့"

"ကောင်းပြီ။ ငါ့လက်အောက်ငယ်သားတွေကို အခုချက်ချင်း အကြောင်းကြားလိုက်မယ်"

"ဥက္ကဋ္ဌဝမ်... ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို အကြွေးတင်သွားပြီလို့ မှတ်ထားလိုက်ပါ"

"ဟားဟား ညီလေးယဲ့...အဲဒီလောက်လည်း ပြောနေစရာ မလိုပါဘူးကွာ။ ငါတို့က မိသားစုတွေလိုပဲလေ။ မင်းက ရီတာ့လုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်ပဲဟာကို"

ဖုန်းချပြီးနောက် ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျန်းချွမ်းခမျာ အံ့ဩမှင်တက်သွားသည်။

ကျောင်းသားတစ်သိုက်လည်း အံ့အားသင့်သွားကြသည်။

ကျောင်းအုပ်ကြီး၊ ကျောင်းသားများနှင့် ဆရာဆရာမများအားလုံးမှာမူ ယဲ့ချန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။

သူတို့အနေနှင့် ဤကိစ္စကို အထက်လူကြီးများဆီသို့ တင်ပြခဲ့ဖူးသော်ငြား ဤနေရာတွင် ကျောင်းဆောက်၍ မရဘူးဟုသာ ရလဒ်ထွက်ပေါ်လာခဲ့သည်။

သို့သော် ယဲ့ချန်း၏ ဖုန်းတစ်ကောတည်းဖြင့် ပြဿနာအားလုံး ပြေလည်သွားခဲ့သည်။

အရေးအကြီးဆုံးမှာ အစောက ဥက္ကဋ္ဌဝမ် ဘာပြောလိုက်တာပါလိမ့်။

ယဲ့ချန်းက ကုမ္ပဏီ၏အဓိကရှယ်ယာရှင်တဲ့လား။

ဤသည်မှာ အထင်ကြီးစရာ ကောင်းလွန်းလှသည်။

လီရော့ချီက ယဲ့ချန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

အစကမူ ယဲ့ချန်းက သူ့ကိုယ်သူ တက္ကစီဒရိုင်ဘာဟု ပြောချိန်တွင် လီရော့ချီ မအံ့ဩခဲ့ပေ။

တကယ်တော့ ကျောင်းပြီးသည့်နောက်တွင် သူ(မ)ကိုယ်တိုင်ကလည်း သာမန်မူလတန်းပြဆရာမတစ်ယောက်သာ ဖြစ်နေခဲ့သည်။

သို့သော် သူ(မ) ပိုတန်ဖိုးထားသည့်အရာမှာ အတန်းဖော်များကြားရှိ သံယောဇဉ်သာ။

ယဲ့ချန်းတွင် ဤမျှ ကြီးမားခိုင်မာသော နောက်ခံရှိလိမ့်မည်ဟု လီရော့ချီ လုံးဝထင်မထားချေ။

ဟွားနိုင်ငံ၏ ထိပ်တန်းလုပ်ငန်းကြီးဆယ်ခုအနက် တစ်ခုဖြစ်သော ရီတာ့လုပ်ငန်းစုတွင် ယဲ့ချန်းက အဓိကရှယ်ယာရှင် ဖြစ်နေလေသည်။

ထိုအချိန်တွင် ကျန်းချွမ်း၏ မျက်နှာအမူအရာမှာ ပို၍ပင် အကျည်းတန်နေတော့သည်။

သူသည် အလွန်ဆုံးရှိမှ ကျေးလက်ဒေသရှိ သူဌေးပေါက်စတစ်ယောက်သာ။

ဒေါ်လာဘီလီယံချီ၍ တန်ကြေးရှိသော ရီတာ့လုပ်ငန်းစုကြီးနှင့် သူက မည်သို့ယှဉ်နိုင်မည်နည်း။

ယဲ့ချန်းက အဓိကရှယ်ယာရှင်ဖြစ်လေရာ ယဲ့ချန်းရှေ့တွင် သူသည် ဘာမှအရေးမပါသော အမှိုက်တစ်စသာ ဖြစ်၏။

အစောက ယဲ့ချန်းရှေ့တွင် သူ ဘယ်လောက်တောင် အရှက်မရှိကြွားလုံးထုတ်ခဲ့မိသလဲဆိုသည်ကို ပြန်တွေးမိသောအခါ ကျန်းချွမ်း၏ မျက်နှာကား နီရဲသွားပြီး ဝင်ပုန်းစရာ မြေတွင်းတစ်တွင်းလောက် ရှာချင်စိတ်ပင် ပေါက်သွားတော့သည်။

ကျောင်းအုပ်ကြီးက ယဲ့ချန်း၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ယဲ့ချန်း... ငါတို့ တကယ်ကျေးဇူးတင်ပါတယ်ကွာ။ မင်းက ငါတို့ဆရာဆရာမတွေနဲ့ ကျောင်းသားတွေအားလုံးရဲ့ ကျေးဇူးရှင်ပါပဲ"

ယဲ့ချန်းက ခေါင်းယမ်းပြလိုက်၏။

"ကျောင်းအုပ်ဝူ... အဲဒီလိုမပြောပါနဲ့။ အဲဒီတုန်းက ခင်ဗျားက ဒီမြို့ကိုလာပြီး ကလေးတွေ ကျောင်းတက်နိုင်အောင်လို့ တစ်အိမ်တက်ဆင်း လိုက်စည်းရုံးခဲ့တာလေ။ ခင်ဗျားကမှ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်အစစ်ပါ"

ထိုနေရာတွင် လက်ခုပ်သံများ ဆူညံသွားသည်။

ကျောင်းသားငယ်လေးများက တန်းစီ၍ ပြောကြလေသည်။

"ကျေးဇူးတင်ပါတယ် ဦးဦးယဲ့"

ဆရာဆရာမများအားလုံးမှာလည်း မျက်ရည်ဝဲနေကြသည်။

သတင်းထောက်များက ထိုမြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင်ထားပြီး အချို့ဆိုလျှင် မျက်ရည်ပင် လည်နေကြသည်။

ကြွားလုံးဘုရင်ကျန်းချွမ်းကိုမူ မည်သူကမှ ဂရုမစိုက်ကြတော့ပေ။

ဒေါ်လာဘီလီယံချီ၍ ချမ်းသာသည်ဟု ပြောနေပြီးမှ ယွမ်သန်းရှစ်ဆယ်ကိုပင် ထုတ်မပေးနိုင်လေရာ သေချာပေါက် ဟန်ဆောင်ကြွားလုံးထုတ်နေသည့် လိမ်လည်သူပင်။

ကြွားလုံးများက ဖော်ထုတ်ခံလိုက်ရသောအခါ အရှက်ကွဲပြီး ဝေဖန်ခံရလေတော့သည်။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"ကျောင်းအုပ်ကြီး... ကျွန်တော် ဥက္ကဋ္ဌဝမ်နဲ့ တိုင်ပင်ပြီးပါပြီ။ ကျွန်တော်တို့ကျောင်းဆောင်တွေအတွက် အကောင်းဆုံးဆောက်လုပ်ရေးပစ္စည်းတွေကို သုံးပါ့မယ်။ ကလေးတွေ သက်သောင့်သက်သာ စာသင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျောက်စိမ်းမြို့မူလတန်းကျောင်းကို ခေတ်အမီဆုံး ကျောင်းတစ်ကျောင်းဖြစ်အောင် ကျွန်တော်ဖန်တီးပေးပါ့မယ်"

ဤဗီဒီယိုကို သတင်းထောက်များက အွန်လိုင်းပေါ်သို့ တင်လိုက်လေရာ ယဲ့ချန်းမှာ နောက်တစ်ကြိမ် နာမည်ကြီးသွားပြန်သည်။

••••••••••••••••••••••••

အပိုင်း ၅၉၃ : သူက တက္ကစီဒရိုင်ဘာပဲ

ကျောင်းကိစ္စများကို ဖြေရှင်းပြီးနောက် ယဲ့ချန်းလည်း လင်းဝမ်ယိုနှင့်တွေ့ဆုံရန် စက်ရုံသို့ တန်းသွားခဲ့သည်။

မူလက ဤစက်ရုံ၏ ဗွီအာဒီဇိုင်းထုတ်လုပ်မှုလိုင်းမှာ လုပ်ငန်းလည်ပတ်မှုအမှားတစ်ခုကြောင့် ဒေတာများ ဆုံးရှုံးသွားခဲ့ရသည်။

ထိုဒေတာများကို ယဲ့ချန်းတစ်ယောက်တည်းကသာ ပြုပြင်ပေးနိုင်သည်။

ယဲ့ချန်းသည် သူ့ယူအက်စ်ဘီဒရိုက်ဗ်ကို တပ်ဆင်ပြီး ဒေတာပြန်လည်ရယူခြင်းလုပ်ငန်းစဉ်ကို အမြန်ဆုံးလုပ်ဆောင်ခဲ့သည်။

ဒီဇိုင်းပရိုဂရမ် အခိုးခံရမည်ကို စိုးရိမ်သဖြင့် ယဲ့ချန်းက ထုတ်လုပ်ရေးလိုင်းတစ်ခုစီတိုင်းတွင် စကားဝှက်တစ်ခုစီ ထည့်သွင်းထားခဲ့သည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က နည်းပညာကို ခိုးယူချင်လျှင်ပင် လုံးဝမဖြစ်နိုင်တော့ပေ။

ယဲ့ချန်းမှာ အိမ်ပြန်ရန်ရည်ရွယ်ချက်ဖြင့် မိုတုမြို့သို့ ကားမောင်းပြန်လာခဲ့သည်။

ကံဆိုးချင်တော့ လင်းဝမ်ယို၏ ကုမ္ပဏီတွင် ပြဿနာတချို့ ထပ်ရှိနေသေးသောကြောင့် သူ(မ)ကို ကုမ္ပဏီသို့ ဝင်ပို့ပေးခဲ့ရသည်။

လင်းဝမ်ယို ကားပေါ်မှဆင်းသွားစဉ် သူ(မ)က အကျင့်ပါနေသည့်အတိုင်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပေးခဲ့သည်။

"တင်! ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်ကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် သုန်းယွီရဲ့ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ရရှိလိုက်ပါပြီ"

ယဲ့ချန်း မိုတုမြို့သို့ ပြန်ရောက်ရောက်ချင်းမှာပင် သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

"မစ္စတာယဲ့.... ဒီနေ့က ကျွန်တော်တို့ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပါတီပွဲပါ။ ခင်ဗျား အားရဲ့လား"

"ကောင်းပြီလေ။ ဆယ်မိနစ်နေရင် ကျွန်တော် အရောက်လာခဲ့မယ်"

"ဒါဆို ကောင်းတာပေါ့။ ဝင်ပေါက်မှာ ကျွန်မ စောင့်နေပါ့မယ်"

စုရွှယ်မှာ ဖုန်းချလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

ယဲ့ချန်းကို သုန်းယွီနှစ်ပတ်လည်ပါတီပွဲတွင် အထူးဂရုစိုက်ရမည်ဟု သူဌေးကိုယ်တိုင် အမိန့်ပေးထားသည်။

ထို့ကြောင့် စုရွှယ်လည်း ယဲ့ချန်းကို စောင့်ရန်အတွက် အောက်ထပ်သို့ စောစောဆင်းလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းက သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတွင် ယွမ်သန်းချီ၍ လက်ဆောင်ပေးတတ်သော ငွေကြေးသုံးစွဲသူကြီးတစ်ဦးဖြစ်လေရာ သူ့နောက်ခံနှင့် အာဏာက သာမန်ထက် ထူးကဲနေမည်သာ။

သူ(မ)အနေနှင့် ယဲ့ချန်းကို ဧည့်ခံရမည့် အခွင့်အရေးကို အသုံးချ၍ ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကို ကပ်ထားနိုင်ပါက သူ(မ)၏ အနာဂတ်အလုပ်အကိုင်အတွက် အကျိုးရှိလာနိုင်ပေမည်။

"ဥက္ကဋ္ဌစု... အလောတကြီးနဲ့ ဘယ်သွားမလို့လဲ"

ဝန်ထမ်းတစ်ယောက်က စုရွှယ်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

စုရွှယ်သည် မာနတစ်ခွဲသား အမူအရာကြောင့် နာမည်ကြီးသူဖြစ်လေရာ သူ(မ) ဧည့်သည်တစ်ယောက်ကို အဝင်ဝတွင် စောင့်နေသည်ကို မြင်လိုက်ရခြင်းမှာ လူတိုင်းကို စပ်စုချင်စိတ် ဖြစ်ပေါ်လာစေသည်။

ဥက္ကဋ္ဌစုကိုယ်တိုင် ဝင်ပေါက်မှာ လာစောင့်ရလောက်အောင် ဘယ်သူကများ ထိုမျှအထိ ဂုဏ်သတင်းတင်းကြီးရလေသလဲ။

ဈေးကွက်ရှာဖွေရေးဌာန၏ ဒါရိုက်တာချုပ်တစ်ဦးအနေနှင့် တိုက်ရိုက်ထုတ်လွှင့်သူများက သူ(မ)ကို အလွန်လေးစားကြသည်။

သူ(မ)က သူတို့၏ဘဝများနှင့် အလုပ်အကိုင်များကို ချုပ်ကိုင်ထားနိုင်သည့် အာဏာရှိသည်။

စုရွှယ်က ဝင်ပေါက်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေပေသည်။

ထိုအချိန်တွင် ရိုးလ်ရွိုက်စ်ကားတစ်စီးက တံခါးရှေ့၌ ထိုးရပ်လာသည်။

ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ကားပေါ်က ဆင်းလာသည်။

ထိုအမျိုးသမီးမှာ 'အသည်းတယားယားဖြစ်စေသူ' ဖြစ်ပြီး သူ(မ)၏နာမည်မှာ စွန်းယွဲ့ပင်တည်း။

ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်းထံမှ ဖော်ကောင်လုပ်ခံလိုက်ရပြီးနောက် စွန်းယွဲ့မှာ မျက်နှာကို ခွဲစိတ်ပြုပြင်ရန် ကိုရီးယားသို့ သွားခဲ့သည်။

ယခု သူ(မ) ပြန်ရောက်လာချေပြီ။ အမျိုးသားများကို ဆွဲဆောင်ရာတွင် ထူးချွန်လှသော သူ(မ)၏စွမ်းရည်များကို အသုံးချ၍ အင်တာနက်ဆယ်လီတစ်ယောက် ပြန်ဖြစ်လာခဲ့သည်။

မျက်နှာတွင် မိတ်ကပ်အထူကြီး လိမ်းထားသော စွန်းယွဲ့သည် အနောက်တွင်လည်း လက်ထောက်တစ်ယောက်ပါလာပြီး ကော်ဇောနီပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လာခဲ့သည်။

စုရွှယ် ခေတ္တမျှ ကြောင်အသွားသော်လည်း သူ(မ)ကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။

စွန်းယွဲ့က အုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်သက်မှုအချို့ရှိသည်ဟု ကောလာဟလ ထွက်နေသော်လည်း စုရွှယ်ကမူ သူ(မ)နှင့် အဖတ်လုပ်ပြီး မပတ်သက်ချင်ပေ။

စုရွှယ်မှာ ကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်တစ်ဦးဖြစ်လေရာ 'အသည်းတယားယားဖြစ်စေသူ'က သူ(မ)ကို မှတ်မိသည်။

သူ(မ)က စုရွှယ်ထံသို့ လျှောက်လာပြီး ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"ဥက္ကဋ္ဌစု...ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မက အဲဒီလောက် အရေးကြီးတဲ့လူမှ မဟုတ်တာ။ ကျွန်မဘာသာ ဝင်လာလည်း ရတာပဲကို"

သူ(မ)၏ စကားများက နှိမ့်ချထားသော်လည်း မျက်နှာထက်တွင်မူ ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာက အထင်းသားပေါ်လွင်နေသည်။

အခြားသူများ မကြားမည်ကို စိုးရိမ်သဖြင့် သူ(မ)က တမင်သက်သက် အသံကို ကျယ်ကျယ် ပြောလိုက်သေးသည်။

စွန်းယွဲ့၏ စကားများကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ဥက္ကဋ္ဌစုကိုယ်တိုင် တံခါးဝအထိ ထွက်ကြိုရလောက်အောင် ဒီအမျိုးသမီးက ဘယ်သူမို့လို့လဲ။ ဩချလောက်ပါပေတယ်။

လူအုပ်ကြီး၏ ပြောဆိုဆွေးနွေးသံများကို ကြားသောအခါ 'အသည်းတယားယားဖြစ်စေသူ'လည်း ကိုယ့်ကိုယ်ကိုယ် ပို၍ပင်ကျေနပ်သွားတော့သည်။

စုရွှယ်ကမူ မျက်မှောင်ကြုတ်လိုက်လေသည်။

"မိန်းကလေးစွန်း.... ကျွန်မက တခြားဂုဏ်သရေရှိ ဧည့်သည်တွေကို စောင့်နေတာပါ။ ရှင့်ကို စောင့်နေတာ မဟုတ်ပါဘူး။ ဧည့်ကြိုကောင်တာမှာ သွားစာရင်းပေးလိုက်ပါ။ အဲဒီမှာ ရှင့်ကို ကြိုဆိုဖို့ သတ်မှတ်ထားတဲ့ ဝန်ထမ်းတွေရှိပါတယ်။ ဧည့်သည်ရောက်လာတော့မှာမို့ ဝင်ပေါက်ကို ပိတ်မရပ်ထားပါနဲ့"

လွန်ခဲ့သည့် စက္ကန့်ပိုင်းကအထိ ဂုဏ်ယူဝင့်ကြွားနေသော စွန်းယွဲ့မှာ ရုတ်တရက်အရှက်ကွဲသွားရသည်။

မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို မြန်ဆန်လွန်းလှသဖြင့် စွန်းယွဲ့၏ မျက်နှာမှာ ရှက်လွန်း၍ ပူထူသွားတော့သည်။

သူ(မ)က စုရွှယ်ကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ဧည့်ကြိုကောင်တာဘက်သို့ လျှောက်သွားလေသည်။

စွန်းယွဲ့က စုရွှဲ့အပေါ် အငြိုးထားသွားခဲ့ပြီဖြစ်ရာ နောက်တစ်ကြိမ်တွေ့ဆုံပါက ဥက္ကဋ္ဌမားကို ဤမိန်းမအား ရှင်းပစ်ခိုင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

စုရွှယ်ကမူ စွန်းယွဲ့၏ အငြိုးအတေးကို ဂရုမစိုက်ပေ။

ယဲ့ချန်းကသာ သူ(မ) စိတ်ဝင်အစားဆုံး လူတစ်ယောက်ပင်။

စွန်းယွဲ့ ခန်းမထဲသို့ ဝင်သွားပြီး မကြာခင်မှာပင် ပြိုင်ကားတစ်စီး၏ ဟိန်းဟောက်သံကို ရုတ်တရက် ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ ဝင်ပေါက်တွင် လမ်ဘော်ဂီနီကားတစ်စီး ထိုးရပ်လိုက်သည်ကို မြင်လိုက်ရ၏။

ထိုလမ်ဘော်ဂီနီကို ကြည့်ရင်း စွန်းယွဲ့၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရသည်။

အခြားလူများအားလုံးလည်း အံ့အားသင့်သွားကြသည်။

ဒီလူငယ်က သိပ်မိုက်ရိုင်းတာပဲ။

အခြားလူများအားလုံးက ကားပါကင်တွင် ကားရပ်ထားကြသော်လည်း ဤလူကတော့ ဝင်ပေါက်မှာ တည့်တည့်ကြီး ရပ်လိုက်ပေသည်။

ဤမျှမောက်မာပြီး ဩဇာလွှမ်းမိုးချင်သူက ဘယ်သူများ ဖြစ်နိုင်မလဲဟု လူတိုင်းက သိချင်နေကြသည်။

စွန်းယွဲ့မှာ အစတုန်းက လမ်ဘော်ဂီနီကားကို ကြည့်ပြီး မှင်တက်နေခဲ့သော်လည်း ကားပေါ်က ဆင်းလာသူကို မြင်လိုက်ရသောအခါ သူ(မ)၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

ထိုလူငယ်မှာ သပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားပြီး တီဗီဖန်သားပြင်ပေါ်က ထွက်လာသည့် လွှမ်းမိုးနိုင်စွမ်းရှိသော စီအီးအိုတစ်ယောက်အလား စတိုင်ကျ၍ ချောမောနေချေသည်။

ထိုနေရာရှိ မိန်းကလေးများအားလုံး ယဲ့ချန်း၏ ချောမောသော ရုပ်ရည်ကြောင့် ကြက်သေသေသွားကြသည်။

"ဘုရားရေ...ဒီအချောလေးက ဘယ်သူလဲ။ ယုံနိုင်စရာမရှိလောက်အောင် ချောလွန်းတယ်"

"ဒီအချောလေးကရော တိုက်ရိုက်ထုတ်လွှင့်သူပဲလား။ ငါတော့ ကြွေသွားပြီ။ သူက ဘယ်လိုင်းကလဲ။ သူ့ကို ငါ သေချာပေါက်ဖောလိုးလုပ်ရမယ်"

စွန်းယွဲ့၏ မျက်လုံးများမှာ ချောမောလှသော ထိုလူငယ်လေးထံတွင် စူးစိုက်နေသည်။

ဤလူငယ်က စင်စစ် ချောမောလွန်းလှပြီး ယခင်က သူ(မ) ဆွဲဆောင်ခဲ့ဖူးသည့် လူအိုကြီးများထက် ဘက်ပေါင်းစုံက သာလွန်နေပေသည်။

ဘယ်လောက်ပဲ ပေးဆပ်ရပါစေ။ ဤလူငယ်ကို အရယူမည်ဟုပင် သူ(မ) တွေးလိုက်မိသည်။

မည်သို့ပင်ဆိုစေ လမ်ဘော်ဂီနီကား စီးနိုင်သူမှာ သာမန်လူတော့ မဖြစ်နိုင်ပေ။ အလွန်ချမ်းသာသော သူဌေးသားပေါက်စတစ်ယောက်ပင် ဖြစ်ရပေမည်။

တိုက်ရိုက်ထုတ်လွှင့်သူများအနေနှင့် သူတို့၏ အလုပ်ဖြင့် ငွေရှာခြင်းအပြင် နောက်ထပ် အရေးကြီးသော ရည်မှန်းချက်တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ ချမ်းသာပြီး ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက်ကို အမိဖမ်းရန်ပင်။

စွန်းယွဲ့လည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြုံးရွှင်သောမျက်နှာဖြင့် ထိုလူငယ်ရှိရာသို့လျှောက်သွားလိုက်သည်။

ထိုစဉ် စုရွှယ်က ယဲ့ချန်းနားသို့ ရောက်နေပြီဖြစ်၏။

"မစ္စတာယဲ့... ကျွန်မက သုန်းယွီရဲ့ ဈေးကွက်ရှာဖွေရေးဌာနက ဒုဥက္ကဋ္ဌစုရွှယ် ပါ။ ရှင်က တက္ကစီဒရိုင်ဘာအစ်ကိုကြီးပဲ ဖြစ်ရမယ်"

တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဟုတ်လား။

ဤနာမည်ကြောင့် လူတိုင်း မျှော်လင့်မထားဘဲ အံ့အားသင့်သွားလေသည်။

တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဟူသော နာမည်မှာ သုန်းယွီတစ်ခွင် အလွန်တရာ နာမည်ကြီးနေချေသည်။

ဤတက္ကစီဒရိုင်ဘာအစ်ကိုကြီးက သုန်းယွီပေါ်က ဂန္တဝင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ဦးဟု ဆိုကြသည်။

ဤတက္ကစီဒရိုင်ဘာအစ်ကိုကြီးကို အသက်ငါးဆယ်ခြောက်ဆယ်အရွယ် ဗိုက်ရွှဲရွှဲလူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဟု အများစုက ခန့်မှန်းထားခဲ့ကြသည်။

သူသည် ဤမျှငယ်ရွယ်ပြီး ချောမောလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ကြပေ။

စွန်းယွဲ့လည်း တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဟူသည့် နာမည်ကို ကြားလိုက်ရသောအခါ မှင်တက်သွားသည်။ ထိုနာမည်နှင့်ပတ်သက်သည့် ခါးသီးသော အငြိုးအတေးကို သူ(မ)၏ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။

သူ(မ) အပင်ပန်းခံ၍ တည်ဆောက်ထားခဲ့ရသော ပုံရိပ်များ ပျက်စီးသွားပြီး ကိုရီးယားတွင် ခွဲစိတ်ပြုပြင်ရန် ငွေအများကြီး ကုန်ကျခဲ့ရခြင်းမှာ သူ့ကြောင့်ပင် မဟုတ်ပါလော။

ယဲ့ချန်းလည်း စွန်းယွဲ့ကို သတိထားမိလိုက်ပြီး တစ်ခါတုန်းက 'အသည်းတယားယားဖြစ်စေသူ'ဖြစ်ကြောင်း မှတ်မိသွားသည်။

သို့သော် ယဲ့ချန်းကမူ သူ(မ)ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဘာစကားမှမဆိုချေ။

စွန်းယွဲ့မှာ သူ(မ)၏ လုပ်ရပ်များအတွက် အလွန်တရာ နောင်တရသွားချေသည်။

ယဲ့ချန်းက ဤမျှငယ်ရွယ်ပြီး ချောမောနေမှန်းသာ သိခဲ့လျှင် သူ(မ)အနေနှင့် သူ့ကိုဆန့်ကျင်ဖို့ ပရိသတ်များကို မည်သို့နှယ် သွေးထိုးလှုံ့ဆော်ခဲ့မိမည်နည်း။

အလွန်ခေျာမောခန့်ညားပြီး အလွန်ချမ်းသာသည်ဖြစ်ရာ သူသည် မိန်းကလေးတော်တော်များများ၏ အသည်းစွဲဖြစ်နေချေသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်နေလျှင်ပင် သူ့ရုပ်ရည်သွင်ပြင်က သူ(မ)ကိုယ်တိုင် သူ့ထံ လိုလိုလားလား ပုံအောရလောက်သည်။

"ဘုရားရေ... ဒါတော့ မတရားဘူး။ ဒီကောင်လေးက အရမ်းချောတဲ့အပြင် ချမ်းလည်းချမ်းသာလိုက်သေးတယ်"

"ဟုတ်ပါ့။ အရမ်းအားကျစရာကောင်းတာပဲ။ သူ့ရုပ်ရည် ဒါမှမဟုတ် စည်းစိမ်နှစ်ခုထဲက တစ်ခုလောက်ရရင်တောင် ငါ့အတွက် လုံလောက်နေပါပြီ"

ထိုအချိန်တွင် အင်တာနက်ဆယ်လီများနှင့် ဝန်ထမ်းများအားလုံး ယဲ့ချန်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် အမျိုးသမီးအင်တာနက်ဆယ်လီများဆိုလျှင် ယဲ့ချန်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး သူတို့၏အပိုင်ဖြစ်ကြောင်း ကြေညာချင်စိတ်များပင် ပေါက်နေကြသည်။

သို့သော် ဤသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကြောင်း သူတို့အားလုံး နားလည်ကြသည်။

ဤမျှချမ်းသာပြီး ရုပ်ရည်ချောမောနေသော ယဲ့ချန်းက သူတို့လို သာမန်ရုပ်ရည်မျိုးကို ဘယ်သဘောကျလေမလဲ။

•••••••••••••••••••••••••••

အပိုင်း ၅၉၄ : မထိသင့်တဲ့သူကို သွားထိမိခြင်း

စုရွှယ်က ယဲ့ချန်းကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်၏။

“မစ္စတာယဲ့... ကျွန်မတို့သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးရဲ့ နှစ်ပတ်လည်အစည်းအဝေးကို အခုလိုတက်ရောက်ပေးတာ တကယ်ဂုဏ်ယူစရာပါပဲ”

ယဲ့ချန်းက ပြုံးလိုက်သည်။ တကယ်တော့ သူ့အဆင့်အတန်းက ပြောင်းလဲသွားပြီဖြစ်၏။ တစ်ချိန်က သူသည် ဤနေရာတွင် အထူးဧည့်သည်တော်တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုမူ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်နေချေပြီ။

အချိန်အတော်ကြာပြီးနောက် သူလက်ဆောင်ပေးဖို့ သုံးခဲ့သည့် ပိုက်ဆံများကို ပြန်ရှာနိုင်ရုံသာမက ယခုလို အရှိန်အဝါဖြင့် နေနိုင်ခြင်းမှာ စင်စစ်ကျေနပ်စရာကောင်းလှသည်။

ယဲ့ချန်း၏အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း စုရွှယ်က ရိပ်မိနေပြီးသားပင်။

သူ့အမူအရာဖြစ်စေ၊ ပြောဆိုဆက်ဆံပုံဖြစ်စေ သာမန်လူများတွင် မရှိသော အရည်အသွေးမျိုးကို ထုတ်ဖော်ပြသနေသည်။

ယဲ့ချန်းနှင့်သာ အဆက်အသွယ် ရနိုင်မည်ဆိုပါက အကျိုးကျေးဇူးများမှာ အဆမတန် များပြားပေလိမ့်မည်။

“မစ္စတာယဲ့... ကျွန်မတို့ ရှင့်အတွက် အဆင့်မြင့်အထူးအိပ်ခန်းတစ်ခု ဘိုကင်လုပ်ထားပါတယ်။ အဆင်မပြေတာလေးတွေရှိရင်လည်း သည်းခံပေးပါဦး။ အဲဒီမှာ အရင်သွားနားလို့ရအောင် ကျွန်မ စာရင်းသွင်းပေးပါ့မယ်”

စုရွှယ်က ပြောလိုက်သည်။

စုရွှယ်၏ စကားကို ကြားသောအခါ ထိုနေရာရှိ လူတော်တော်များများ ငိုချင်စိတ်ပင် ပေါက်သွားကြသည်။

အဆင့်မြင့်အထူးအိပ်ခန်းမှာ နေရတာကို အဆင်မပြေတာလေးရှိရင် သည်းခံပေးပါဦးလို့ ပြောစရာလား။ အဲဒီထက်ကောင်းတာဆိုလို့ နတ်ပြည်ပဲ ရှိတော့တယ်။

စုရွှယ်က သူ့အပေါ် အလွန်ယဉ်ကျေးပျူငှာသဖြင့် ယဲ့ချန်းလည်း ပြုံး၍ ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ ထို့နောက် ကားပါကင်ထိုးရန်အတွက် ကားသော့ကို ဝန်ထမ်းအား ပေးလိုက်ပြီး စုရွှယ်နောက်သို့ မှတ်ပုံတင်ရန် လိုက်သွားခဲ့သည်။

စုရွှယ်က ယဲ့ချန်း၏ ဘေးနားတွင် အသေးစိတ် ဂရုစိုက်ပေးခဲ့သည်။

အကြောင်းအရင်းမရှိပါဘဲ ယဲ့ချန်း၏ဘေးတွင် ရပ်နေချိန်တိုင်း ဖိအားတစ်ခုကို ခံစားနေရသည်ဟု စုရွှယ် အမြဲခံစားရသည်။

ဥက္ကဋ္ဌနှင့် အတူရှိနေချိန်တွင်ပင် သူ(မ) ဤကဲ့သို့ တစ်ခါမှ မခံစားခဲ့ရဖူးချေ။

စာရင်းသွင်းပြီးနောက် ယဲ့ချန်းလည်း ဧည့်ခန်းမထဲရှိ ဆိုဖာတစ်ခုတွင် ထိုင်၍ အနားယူနေလိုက်သည်။

စုရွှယ်ကမူ ယဲ့ချန်း၏ဘေးနားတွင် အနည်းငယ် သတိထားလျက် ရပ်နေပေသည်။

ယဲ့ချန်းက ပြုံးပြီး ပြောလိုက်၏။

“ဥက္ကဋ္ဌစုက ဘာလို့ ဒီလောက်အားနာနေရတာလဲ။ ထိုင်ပါဦး”

စုရွှယ်ကလည်း ခေါင်းညိတ်ပြီး ထိုင်ချလိုက်သော်လည်း ရှေ့သို့ အနည်းငယ်ကိုင်းညွတ်ထားသော ပုံစံဖြင့်သာ ထိုင်နေခဲ့သည်။

သူ(မ)၏ ပုံစံမှာ ခေါင်းဆောင်တစ်ဦး၏ရှေ့သို့ ရောက်နေသော လက်အောက်ငယ်သားတစ်ယောက်နှင့် တူနေတော့သည်။

“မစ္စတာယဲ့... ကျွန်မတို့ သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးရဲ့ အကျော်ကြားဆုံးကြယ်ပွင့်က ဒီလောက်အထိ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

စုရွှယ်က ချီးကျူးစကား ဆိုလိုက်သည်။

စုရွှယ်သည် နေရခက်သော လေထုကို ဦးစွာဖြိုခွဲလိုက်ခြင်းပင်။

ယဲ့ချန်းကလည်း ပြုံးလျက် ခွန်းတုံ့ပြန်သည်။

“ဥက္ကဋ္ဌစုကလည်း မြှောက်လွန်းနေပါပြီ။ ဒီနှစ်ပတ်လည်အစည်းအဝေးအတွက် အစီအစဉ်ဇယားများ ရှိလား”

အစတုန်းက ယဲ့ချန်းသည် တက်ရောက်ရန် အစီအစဉ်မရှိသော်လည်း စုရှောင်မေ့ ပြန်လာမည်ဟု ကြားသဖြင့် ရောက်လာခြင်းပင်။

သူ စုရှောင်မေ့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် သူ(မ)ကို အံ့အားသင့်သွားစေချင်သောကြောင့်လည်း ပါသည်။

“ကျွန်မတို့ရဲ့အစီအစဉ်ကတော့ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းနဲ့ စတင်မှာပါ။ အဲဒီနောက်တော့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာပါ။ နောက်ဆုံးမှာတော့ ဂုဏ်ပြုညစာစားပွဲနဲ့ အဆုံးသတ်မှာပါ”

စုရွှယ်ကလည်း ရှင်းပြလိုက်သည်။

“သုန်းယွီရဲ့ အဆင့်မြင့်အရာရှိတွေအားလုံး ဒီကို ရောက်လာပါလိမ့်မယ်။ ရှင်ကတော့ ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ဖြစ်လို့ သူတို့နဲ့အတူ ထိုင်ရမှာပါ”

စုရွှယ်က ပြောလိုက်သည်။

“ဪ...”

ယဲ့ချန်းက ခေါင်းညိတ်ပြပြီး နားလည်ကြောင်း ပြလိုက်သည်။

ယဲ့ချန်း မေးကြည့်လိုက်သည်။

“ဒီနှစ်ပတ်လည် အစည်းအဝေးအတွက် တာဝန်ခံက ဥက္ကဋ္ဌစုပဲလား”

“ဟုတ်ပါတယ်။ ဒီနှစ်ပတ်လည် အစည်းအဝေးအတွက် စီစဉ်ညွှန်ကြားမှုနဲ့ ပြင်ဆင်မှုတွေကို ကျွန်မ တာဝန်ယူထားတာပါ”

“အဝင်ဝမှာတွေ့ခဲ့တဲ့ မိန်းကလေးက ‘အသည်းတယားယားဖြစ်စေသူ’ မဟုတ်လား။ သူ့ကို ဘန်းထားတယ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီကို ပြန်ရောက်လာတာလဲ”

စုရွှယ်လည်း ခပ်နွမ်းနွမ်းပြုံးလိုက်၏။

“သူက ကိုရီးယားမှာ ခွဲစိတ်ပြုပြင်မှုတွေလုပ်ပြီး အကောင့်သစ်တစ်ခုနဲ့ ပြန်လာတာထင်တယ်။ အခု သူက ပြန်ပြီး နာမည်ကြီးလာတယ်လို့ ကြားထားပါတယ်”

“ဒါပေမဲ့ မစ္စတာယဲ့က သူ့ကို ဘယ်လိုဖြစ်လို့ မှတ်မိနေတာလဲ”

ယဲ့ချန်းက ပြုံးလိုက်သည်။

“သူ့ရုပ်ရည်က ပြောင်းလဲသွားနိုင်ပေမဲ့ လူတစ်ယောက်ရဲ့ အမူအရာကတော့ ပြောင်းမရဘူးလေ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက အဆင့်မရှိတဲ့ မိန်းကလေးတစ်ယောက်မှန်း သိသာနေတာကို”

စုရွှယ် ခေါင်းညိတ်ပြလိုက်၏။

"မစ္စတာယဲ့က တကယ့်ကို လူကဲခတ်တော်တာပဲ”

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးသည်။

“ကျွန်တော်ထင်တာ မမှားဘူးဆိုရင် သူ အခုလို ပြန်လာနိုင်တာက အထက်က နောက်ခံတစ်ခုခုရှိလို့ မဟုတ်လား”

ဤသည်မှာ တကယ်တမ်းတွင် ကုမ္ပဏီတွင်းရှိ အရှုပ်တော်ပုံတစ်ခု ဖြစ်လေရာ ယဲ့ချန်းက စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်သဖြင့် စုရွှယ်ခမျာ တော်တော်နေရခက်သွားသည်။

စုရွှဲ့က ဆို၏။

“တကယ်တော့ စည်းမျဉ်းအရဆိုရင် သူ ပြန်လာခွင့် မရှိပါဘူး။ ဒါပေမဲ့ သူ့မှာ အကာအကွယ်ပေးမယ့်သူ ရှိတယ်လို့ ကြားပါတယ်”

“ဪ... အဲဒီလိုလား”

ယဲ့ချန်းလည်း တကယ်တော့ ခန့်မှန်းမိပြီးသားပင်။ တစ်ဖက်လူတွင် သေချာပေါက် လမ်းကြောင်းတစ်ခုခု ရှိနေပေလိမ့်မည်။

စွန်းယွဲ့ကို ထောက်ပံ့ပေးထားသူမှာ သုန်းယွီ၏ ဒုဥက္ကဋ္ဌလုမုန့်ဖြစ်ကြောင်း စုရွှယ် သိထားသည်။

လုမုန့်သည် ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌဖြစ်သော်လည်း ကိုယ်ကျင့်တရားဖောက်ပြန်မှုကြောင့် လူအများကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။

သူသည် အမျိုးသမီး အင်တာနက်ဆယ်လီများကို အမြတ်ထုတ်ခြင်း၊ လာဘ်စားခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ကုမ္ပဏီတွင်းရှိ အခြားသူများ၏ တိုင်တန်းမှုများကို မကြာခဏ ခံရတတ်သည်။

သို့သော် သူသည် သုန်းယွီ၏ ဝါရင့်တစ်ယောက် ဖြစ်နေပြန်လေရာ မည်သူကမှ သူ့ရာထူးကို မလှုပ်ခါနိုင်ခဲ့ကြချေ။

ယဲ့ချန်းလည်း ပတ်ပတ်လည်ကို ကြည့်လိုက်သော်ငြား လူအုပ်ထဲတွင် စုရှောင်မေ့ကို မတွေ့ရသဖြင့် သူ(မ)ကို ဖုန်းခေါ်လိုက်သည်။

“ရှောင်မေ့... မင်း သုန်းယွီတိုက်ရိုက်ထုတ်လွှင့်ရေးရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တက်မယ်လို့ ပြောထားတယ်မဟုတ်ဘူးလား”

“ဟုတ်တယ်။ ကျွန်မ လုမုန့်ဆိုတဲ့ သုန်းယွီအရာရှိတစ်ယောက်နဲ့ စာချုပ်ကိစ္စ စကားပြောနေရင်း ဒေါသတောင် ထွက်မိတော့မလို့။ သူက ကျွန်မကို အမြတ်ထုတ်ဖို့တောင် အရိပ်အမြွက်ပြလာတယ်လေ။ ကျွန်မက သဘောမတူတော့ သူက ကျွန်မရဲ့ စာချုပ်အဆင့်ကို လျှော့ပစ်လိုက်တယ်”

ယဲ့ချန်းလည်း နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီလိုကိစ္စတွေလည်း ရှိသေးတာလား"

သူ့ဘေးတွင် ရပ်နေသော စုရွှယ်မှာ ယဲ့ချန်းနှင့် စုရှောင်မေ့တို့၏ စကားများကို ကြားလိုက်ရသဖြင့် အနည်းငယ် မျက်နှာပျက်သွားသည်။

ယဲ့ချန်းနှင့် စုရှောင်မေ့တို့က အလွန်ရင်းနှီးပုံရသဖြင့် တစ်ဖက်လူအနေနှင့် ဤကိစ္စကို သည်အတိုင်း လွှတ်ထားမည် မဟုတ်ကြောင်း သိသာလှ၏။

စုရွှယ်မှာ ကုမ္ပဏီ၏ ခေါင်းဆောင်ပိုင်းကို အမြန်သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်း၏ အဆင့်အတန်းမှာ သာမန်မဟုတ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးကြောင့် ဤကဲ့သို့သော ရင်းနှီးမြှုပ်နှံသူကို စိတ်ဆိုးအောင် လုပ်မိပါက ကြီးမားလှသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

လုမုန်ဆိုတဲ့ကောင်ကတော့ တကယ့်လူယုတ်မာပဲ။ ဒီတစ်ခါတော့ သူ ပျားအုံကို တုတ်နဲ့ သွားထိုးမိပြီ။

ယဲ့ချန်းက ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ဒီကိစ္စကို ကိုယ့်တာဝန်သာထားလိုက်။ မင်းကို မတရားသဖြင့် မလုပ်စေရဘူး။ ဒါနဲ့ မင်း စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီလား”

“မထိုးပါဘူး။ ဘာလို့ ထိုးရမှာလဲ။ ဒါက သက်သက်မဲ့ လူကို နှိမ်တာပဲဟာ။ ဒါပေမဲ့ အခုတော့ ကျွန်မလည်း အကျပ်ရိုက်နေပြီ။ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးလည်း ရှိသေးပေမဲ့ အဲဒီပလက်ဖောင်းက ဂိမ်းတွေကိုပဲ ပိုဦးစားပေးတော့ ကျွန်မရဲ့စတိုင်နဲ့ လုံးဝမကိုက်ဘူး။ ဟူး... ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်ရေးအလုပ်တော့ လမ်းဆုံးပြီထင်ပါရဲ့”

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ကိုယ်ရှိနေသရွေ့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး”

စုရှောင်မေ့က ပြောလိုက်သည်။

“ရှင်ကိုယ်တိုင်ပြောတာနော်။ မလိမ်နဲ့”

ယဲ့ချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။

“ကိုယ်က မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းက အနည်းငယ်အေးစက်သော လေသံဖြင့် စုရွှယ်အား ပြောလိုက်လေသည်။

“ခင်ဗျားတို့ရဲ့ ဒုဥက္ကဋ္ဌလုမုန့်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါဦး”

စုရွှယ်ခမျာ အနည်းငယ် စိုးရိမ်သွားသည်။ ယဲ့ချန်း၏အမူအရာမှာ ဤကိစ္စကို သည်အတိုင်း လွှတ်ထားမည့်ပုံမပေါ်ချေ။ ယခုလည်း လုမုန့်အကြောင်း မေးလာသောကြောင့် စုရွှယ်မှာ အမှန်တကယ် အခက်တွေ့ရသည်။

သို့သော် စုရွှယ်က သက်ပြင်းချ၍ ပြောလိုက်သည်။

“လုမုန့်က ကျွန်မတို့ရဲ့ ဒုဥက္ကဋ္ဌတွေထဲက တစ်ယောက်ပါ။ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို တာဝန်ယူထားပါတယ်”

“ကျွန်တော်ထင်တာ မမှားဘူးဆိုရင် သူက ‘အသည်းတယားယားဖြစ်စေသူ’ ရဲ့ နောက်ကွယ်က ထောက်ပံ့သူမဟုတ်လား”

စုရွှယ်မှာ ခေတ္တမျှ ကြောင်အသွားပြီး ယဲ့ချန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

“ရှင် အကုန်သိနေတာလား”

သို့သော် သူ(မ) စကားမှားသွားကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

စုရွှယ်လည်း မတတ်သာတော့ပေ။ ယဲ့ချန်းက ‘အသည်းတယားယားဖြစ်စေသူ’ ၏ နောက်ကွယ်ရှိ ထောက်ပံ့သူမှာ လုမုန့်ဖြစ်ကြောင်း သိနေလိမ့်မည်ဟု သူ(မ) မထင်ထားခဲ့ချေ။

ယဲ့ချန်းက တဟားဟားရယ်မောလိုက်၏။

“သူတို့နှစ်ယောက်လုံးက အကျင့်ချင်း တူတာပဲလေ။ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်”

စုရွှယ်၏ အခက်တွေ့နေဟန် ပုံစံကို မြင်သောအခါ ယဲ့ချန်း အသာပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော် ခင်ဗျားကို အခက်တွေ့အောင် မလုပ်ပါဘူး။ ဒီကိစ္စကို ဘယ်သူ့ကိုမှလည်း ထုတ်မပြောပါဘူး”

Sအဆင့် စာချုပ်များအတွက် နေရာဆယ်ခုသာ ရှိကြောင်း စုရှောင်မေ့က အစောတုန်းက သူ့ကို ပြောပြခဲ့သည်။ သူ(မ)၏နေရာကို ‘အသည်းတယားယားဖြစ်စေသူ’က အစားထိုး၍ ယူလိုက်ခြင်းပင်။

ထို့ကြောင့် ယဲ့ချန်းအနေနှင့် နောက်ကွယ်ရှိ ဇာတ်လမ်းကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။

သို့သော် စုရွှယ်မှာ သူ့ကို ဧည့်ခံရုံသာဖြစ်သဖြင့် သူ(မ)ကို ဤပြဿနာထဲသို့ ဆွဲမသွင်းလိုပေ။

စုရွှယ်လည်း သက်ပြင်းချပြီး ပြောလိုက်၏။

“မစ္စတာယဲ့... အများကြီးကျေးဇူးတင်ပါတယ်”

ထိုအချိန်တွင် စုရွှယ်မှာ ယဲ့ချန်းအပေါ် ပိုလေးစားသွားသည်။

သူသည် ချမ်းသာသော မိသားစုက ဆင်းသက်လာသူ ဖြစ်သောကြောင့် အပြုအမူတိုင်းကလည်း မြင့်မြတ်လှသော အငွေ့အသက်များ ထွက်နေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

စုရွှယ်လည်း စိတ်ထဲတွင် ခေါင်းယမ်းလိုက်မိသည်။ ဤတစ်ခေါက်တော့ လုမုန့်တစ်ယောက် ဒုက္ခလှလှတွေ့လေပြီ။

ယခင်က လုမုန့်သည် ကုမ္ပဏီတွင် မသတီစရာကိစ္စများစွာ ပြုလုပ်ခဲ့သော်လည်း မည်သူကမှ သူ့ကို အရေးမယူနိုင်ခဲ့ကြပေ။ သို့သော် ယခုမူ သူ ယဲ့ချန်းကို ရန်စမိလေပြီ။

လုမုန့်တော့ အခြေအနေမဟန်တော့ဘူးဟု စုရွှယ် ခံစားလိုက်ရသည်။

••••••••••••••••••••••••••

All Chapters