အခန်း (၅၉၈-၆၀၀)
Vol. 40 Ch. 598-600
အပိုင်း ၅၉၈ : မာနကြီးသော လူငယ်မင်းသားချောလေး
ယဲ့ချန်းက ခပ်ရေးရေးပြုံးလိုက်သည်။
"ဟုတ်တယ်ဗျ။ မဆိုးပါဘူး။ လောကမှာ ကျွန်တော်က ဒုတိယအချောဆုံးလို့ ပြောရင် ဘယ်သူမှ ပထမလို့ မပြောရဲကြဘူး"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ဒါရိုက်တာမှာ ခေတ္တမျှ မှင်တက်သွားသည်။
ဒီကောင်လေးက တော်တော် နှိမ့်ချမှုမရှိတာပဲ။
ရုပ်ရှင်မြို့တော်မှာ မိုတုမြို့၏ ဆင်ခြေဖုံးတွင် တည်ရှိသောကြောင့် ခရီးက ဝေးလှသည်။
ဒါရိုက်တာသည် ယဲ့ချန်း၏ ဘေးတိုက်မျက်နှာကို မြင်ပြီး ပို၍ပင် အံ့သြသွားရသည်။
ဤရုပ်ရည်အဆင့်အတန်းက လူသားတစ်ယောက်နှင့် မတူအောင် ဆွဲဆောင်မှုရှိလွန်းလှသည်။ ရုပ်ရည်ဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုနိုင်သူတစ်ယောက်က ဘာကြောင့်များ တက္ကစီမောင်းနေရသလဲ။
ထိုဒါရိုက်တာမှာ သူ့အရည်အချင်းအပေါ် ချက်ချင်းသဘောကျနှစ်သက်သွားသည်။
အကယ်၍ သူသာ နာမည်ကြီးကြယ်ပွင့်တစ်ပွင့်ကို ရှာဖွေတွေ့ရှိခဲ့လျှင် ဤသည်မှာ ဒါရိုက်တာအတွက်လည်း တောက်ပသော အောင်မြင်မှုတစ်ခု ဖြစ်လာပေမည်။
ယဲ့ချန်းသာ နာမည်ကြီးလာပါက သူ့အတွက် အဆုံးမရှိသော ဓနဥစ္စာများကို ယူဆောင်လာပေးလိမ့်မည်။
သူသည် ညတွင်းချင်းပင် နာမည်ကျော်ကြားလာနိုင်သည်။ တလောတုန်းက နာမည်ကြီးလာသော ယဲ့ချန်းကဲ့သို့ ထိပ်တန်းအဆင့် ဒါရိုက်တာတစ်ဦး ဖြစ်လာနိုင်ပေသည်။
ဒါရိုက်တာ၏ နာမည်မှာ ဟူယီဖြစ်ပြီး ဒုတိယအဆင့် ဒါရိုက်တာတစ်ယောက်ပင်။
သူသည် ရုပ်ရှင်အနည်းငယ် ရိုက်ကူးခဲ့ဖူးသော်ငြား မည်သည့်ရုပ်ရှင်မျှ မအောင်မြင်ခဲ့ပေ။
သူ့ကို ရုပ်ရှင်ရှုံးဘုရင်ဟုပင် ခေါ်ကြသည်။
ယခုတစ်ကြိမ်တွင်မူ သူ့အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။
ဟူယီက ပြုံးစစဖြင့် ယဲ့ချန်းအား ပြောလိုက်လေသည်။
"ကောင်လေး... မင်း ကံကောင်းတယ်။ ငါက ဟွားနိုင်ငံမှာ နာမည်ကြီးတဲ့ ဟူယီပဲ။ မင်းက အရမ်းချောတယ်။ ငါနဲ့အတူ ရုပ်ရှင်ရိုက်ဖို့ စိတ်မဝင်စားဘူးလား"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ရုပ်ရှင်ရိုက်ရမယ်တဲ့လား။ ကျွန်တော် စိတ်မဝင်စားဘူးဗျ"
"စိတ်မဝင်စားဘူးပေါ့"
ဟူယီမှာ အံ့အားသင့်သွားသည်။
"ကောင်လေး... တက္ကစီမောင်းနေတာက မင်းအတွက် ဘာအနာဂတ်ရှိမှာလဲ။ ငါနဲ့ဆိုရင် မင်း နာမည်ကြီးကြယ်ပွင့်တစ်ပွင့် ဖြစ်လာနိုင်မယ့် အခွင့်အရေးရှိတယ်"
ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်၏။
"ဟားဟား ဆောရီးပဲဗျာ။ ကျွန်တော်က တက္ကစီမောင်းရတာကို တော်တော်သဘောကျနေလို့"
"တက္ကစီမောင်းတာက တစ်လကို ဘယ်လောက်တောင် ရလို့လဲ"
ယဲ့ချန်းက ဆို၏။
"သုံးထောင်လောက်ပါပဲ"
"သုံးထောင်ကျော်ဆိုတာ နည်းလွန်းတယ်။ မိုတုမြို့မှာ အိမ်တစ်လုံးတောင် ဝယ်နိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်။ အဲဒါ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ အိမ်မရှားပါဘူး"
ဟူယီက ရယ်မောလျက် ပြောလိုက်သည်။
"ဒါနဲ့ နေပါဦး ကောင်လေး... မင်းက ဘာလို့ နှာခေါင်းစည်း တပ်ထားရတာလဲ"
ယဲ့ချန်း သက်ပြင်းချလိုက်လေသည်။
"အာ.. မတတ်နိုင်ဘူးလေ။ ကျွန်တော်က အရမ်းချောလွန်းတော့ နှာခေါင်းစည်းမတပ်ထားရင် မိန်းကလေးခရီးသည်တွေက အနှောင့်အယှက်ပေးလွန်းလို့"
ဟူယီမှာ စကားပင်မပြောနိုင်တော့ချေ။
"ကောင်လေး... ဒါက နည်းနည်း ပိုမနေဘူးလား။ မင်း ဘယ်လောက်တောင်ချောလဲဆိုတာ ငါကြည့်ရအောင် နှာခေါင်းစည်းကို ချွတ်ပြလို့ရမလား"
ယဲ့ချန်းလည်း အဆုံးတွင် နှာခေါင်းစည်းကို ချွတ်ပြလိုက်သည်။
ဟူယီမှာ ယဲ့ချန်း၏ ရုပ်ရည်ကြောင့် မှင်တက်သွားသည်။
ဟူယီအနေနှင့် ရုပ်ဖြောင့်သော လူငယ်အမြောက်အများကို မြင်ဖူးခဲ့ပြီးဖြစ်၏။ တော်တော်များများမှာ နာမည်ကြီးနေသည့် အနုပညာရှင်များပင်။
သို့သော် ယဲ့ချန်းလောက် ချောမောခံ့ညားသူကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ယဲ့ချန်း၏ ချောမောခံ့ညားမှုက ဤလောကကြီးနှင့်ပင် မအပ်စပ်ပေ။
တကယ်တော့ ယဲ့ချန်းသည် သူ့ဆွဲဆောင်မှုရမှတ်ကိုပင် လျှော့ချထားသေးသည်။
ဆွဲဆောင်မှုရမှတ် ရှစ်အထက်တွင်ရှိပါက လူအများစုမှာ တစ်ချက်ကြည့်ရုံဖြင့် သူသည် နာမည်ကျော်ဒါရိုက်တာယဲ့ချန်းဖြစ်ကြောင်း သိနိုင်ပေသည်။
ခုနစ်သို့ ထားရှိပါက အနည်းငယ် ဆင်တူသော်လည်း ခြောက်အောက်တွင်ဆိုပါက မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်တော့ပေ။
သို့သော် ချောမောခံ့ညားသော သူ့ရုပ်ရည်မှာမူ ပြောင်းလဲသွားခြင်း မရှိပေ။
ဟူယီ၏ မျက်လုံးများ အရောင်လက်သွားသည်။
"ကောင်လေး... မင်းရဲ့ရုပ်ရည်နဲ့ နာမည်ကြီးကြယ်ပွင့်တစ်ပွင့် မဖြစ်လာတာ နှမြောစရာပဲ။ ဒီမှာ ဘာလို့ တက္ကစီဆက်မောင်းနေတော့မလဲ။ ငါနဲ့အတူတူ ကြယ်ပွင့်တစ်ပွင့် လာလုပ်ပါလား"
"ကျွန်တော် ပြောပြီးပြီပဲ။ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ ကျွန်တော် စိတ်မဝင်စားပါဘူးလို့"
ဟူယီမှာ အံ့အားသင့်သွားပြီးနောက် သက်ပြင်းချ၍ ပြောလိုက်လေသည်။
"မင်းသာ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမယ်ဆိုရင် လုံးဝတောက်ပလာမယ့် ကြယ်ပွင့်အသစ်ဖြစ်လာမှာ သေချာတယ်"
ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။
"ဆောရီးပါဗျာ။ ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော့်ရဲ့ တက္ကစီလေးကိုပဲ အေးအေးဆေးဆေး မောင်းချင်ပါတယ်"
"ဒါပေမဲ့ တက္ကစီမောင်းတာက ပိုက်ဆံမရဘူးလေ"
ယဲ့ချန်းက ဆိုလိုက်သည်။
"တက္ကစီမောင်းတာက ပိုက်ဆံမရပေမဲ့ ကျွန်တော် ပျော်တယ်။ ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူးလေ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ဟူယီမှာ စကားမဆက်နိုင်တော့ချေ။
"ဒါပေမဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာရင် ငွေကြေး၊ အဆင့်အတန်းနဲ့ မိန်းမတွေအပြင် အများကြီးရနိုင်တယ်လေ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ဒါပေမဲ့ ခင်ဗျားပြောတဲ့ အရာတွေထဲက ဘာတစ်ခုမှ ကျွန်တော့်ဆီမှာ မရှားပါဘူး"
ဟူယီ ဆွံ့အသွားသည်။
"ကောင်းပြီလေ။ မင်းက တကယ်ဩချလောက်ပါပေတယ်။ ငါ မင်းနဲ့ စကားနိုင်မလုတော့ပါဘူး"
ယဲ့ချန်းလည်း ရုပ်ရှင်မြို့တော်ဆီသို့ မောင်းလာခဲ့သည်။
ဟူယီ ကားပေါ်မှ ဆင်းလိုက်သည်။
မထင်မှတ်ထားပါဘဲ ယဲ့ချန်းကလည်း ကားပေါ်က ဆင်းလာခဲ့သည်။
ဟူယီ အံ့အားသင့်သွားသည်။
"မင်းက နာမည်ကြီးကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ စိတ်ဝင်စားသွားပြီလား"
ယဲ့ချန်းက ခေါင်းခါပြလိုက်သည်။
"ကျွန်တော် ခရီးဝေးမောင်းလာရလို့ နည်းနည်း ပင်ပန်းနေတာ။ဗ ဒီရုပ်ရှင်မြို့တော်အသစ်က မဆိုးဘူးလို့ကြားလို့ လာကြည့်တာ"
ဟူယီ : "..."
ယဲ့ချန်းမှာ ရုပ်ရှင်မြို့တော်ထဲသို့ ဝင်သွားချေသည်။
ဤရုပ်ရှင်မြို့တော်မှာ ယခင်ဘဝက ရုပ်ရှင်မြို့တော်နှင့် အမည်ဆင်တူပြီး ဟန်ထျန်ရုပ်ရှင်မြို့တော်ဟု ခေါ်သည်။
ဤရုပ်ရှင်မြို့တော်မှာ ဟက်တာထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး ရှေးဟောင်းအဆောက်အအုံများနှင့် ခေတ်မီအဆောက်အအုံများလည်း ပါဝင်သည်။
ခေတ်အဆက်ဆက်မှ ပုံတူမော်ဒယ်များ၊ သမ္မတနိုင်ငံခေတ် အဆောက်အအုံများမှာ နေရာအနှံ့တွင် တည်ရှိနေသည်။
ရုပ်ရှင်မြို့တော်၏ ဗဟိုတွင် ခေတ်မီမြို့ပြရှုခင်းတစ်ခုပင် ရှိသေးသည်။
ထိုမျှမကပါဘဲ ရုပ်ရှင်မြို့တော်တွင် လူလုပ်ရေကန်၊ ရှေးဟောင်းစစ်မြေပြင်များနှင့် တောင်ကျစမ်းရေများလည်း ရှိသေးသည်။
အတိုချုပ်ပြောရလျှင် ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးရန်အတွက် လိုအပ်သည့် မည်သည့်ရှုခင်းမျိုးကိုမဆို ထိုနေရာတွင် ရှာတွေ့နိုင်ပေသည်။
ထိုအချိန်တွင် ရုပ်ရှင်မြို့တော်၌ တစ်ချိန်တည်းမှာပင် ရိုက်ကူးရေးအဖွဲ့ပေါင်း ရာကျော်ခန့်ရှိနေပြီး ဇာတ်ပို့သရုပ်ဆောင်များနှင့် လာရောက်လည်ပတ်သော ဧည့်သည်များဖြင့် အလွန်စည်ကားလျက်ရှိ၏။
ယဲ့ချန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ စနစ်မှရသော ကြယ်ငါးပွင့်ဆုလာဘ်က တော်တော်ကောင်းမွန်ပုံရသည်။
ရုပ်ရှင်မြို့တော်တစ်ခုကို ပိုင်ဆိုင်ထားခြင်းဖြင့် အနာဂတ်တွင် ကိုယ်ပိုင်ရုပ်ရှင်များ ရိုက်ကူးရာ၌ များစွာ ပိုအဆင်ပြေနိုင်ပေသည်။
ထိအချိန်တွင် ရိုက်ကူးရေးအဖွဲ့များထဲမှ တစ်ဖွဲ့တွင် ရင်းနှီးနေသော လူတစ်ယောက်ကို ယဲ့ချန်း မြင်လိုက်ရသည်။
ထိုရိုက်ကူးရေးအဖွဲ့မှာ သူရေးသားထားသော အွန်လိုင်းဇာတ်လမ်းတွဲဖြစ်သည့် "ကျွန်မရဲ့ အာဏာရှင်ဥက္ကဋ္ဌ"ကို ရိုက်ကူးနေခြင်းပင်။
ဒါရိုက်တာ၏နာမည်မှာ ချင်းမင်ဖြစ်ပြီး သူသည် လောလောဆယ်တွင် ဒေါသထွက်နေပေသည်။
"ခေါင်းဆောင်မင်းသားက ဘာလို့ မရောက်လာသေးတာလဲ။ ငါတို့ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးက သူ့ကိုစောင့်နေတာ တစ်နာရီတောင် ရှိပြီ။ သူက အရမ်းအခွင့်ထူးခံလွန်းတယ် မဟုတ်ဘူးလား"
ဟူယီက နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။
"သူ့ကို ဆက်သွယ်ထားပါတယ်။ သူ ကြော်ငြာတစ်ခု ရိုက်ပြီးခါစမို့ လမ်းမှာ ကားနည်းနည်းပိတ်နေလို့ပါ"
"ဘုန်း"
ချင်းမင်က စားပွဲကို ခပ်ပြင်းပြင်း ထုချလိုက်သည်။
"ဒီမှာ သူ့ကို လူတွေအများကြီးက စောင့်နေရတာကို သူက သူ့သဘောကျ လုပ်နေတယ်။ ဒါတော့ လွန်လွန်းနေပြီ"
မည်သို့ပင်ဖြစ်စေ ရိုက်ကူးရေးအဖွဲ့တွင် လူအများအပြားရှိသည်ဖြစ်ရာ နေရာစရိတ်များနှင့် အလုပ်သမားစရိတ်များကလည်း ငွေကြေးများသာ။
ခေါင်းဆောင်မင်းသမီးကလည်း နာမည်ကြီးကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး သူ့ကို စောင့်နေရသည်။
ထိုအချိန်တွင် ဇိမ်ခံဗင်ကားတစ်စီး မောင်းဝင်လာသည်။
နေကာမျက်မှန်တပ်ထားသော လူတစ်ယောက်က ထောင်လွှားမောက်မာဟန်ဖြင့် ကားပေါ်က ဆင်းလာသည်။
သူ့အနောက်တွင် ထီးမိုးပေးထားသော လက်ထောက်တစ်ယောက် ကပ်ပါလာလေရာ အရှိန်အဝါကြီးမားလေဟန် ပေါက်နေတော့သည်။
ဒါရိုက်တာက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ချန်းရှောင်... မင်း လွန်လွန်းနေပြီ။ အားလုံးက မင်းကို စောင့်နေရတာ မင်းက ဘယ်လိုလုပ်ပြီး အရှက်မရှိရတာလဲ။ ငါတို့မှာ ရိုက်ကူးရေးအချိန် အကန့်အသတ်ရှိတယ်။ ရိုက်ကူးရေးမပြီးရင် ဘယ်လိုလုပ်မလဲ"
ချင်းမင်သည် အလွန်ပွင့်လင်းဖြောင့်မတ်သော ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် ချန်းရှောင်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒါရိုက်တာ၏ အော်ဟစ်သံကို ကြားသောအခါ ချန်းရှောင်လည်း ဒေါသထွက်သွားသည်။
"ဒါရိုက်တာ... ခင်ဗျား ဘာလို့ ဒီလောက်တောင် ကြီးကျယ်နေရတာလဲ။ ကျွန်တော်က နိုင်ငံရဲ့ နာမည်ကြီးလူငယ်မင်းသား ချန်းရှောင်နော်။ ကျွန်တော့်ကို နည်းနည်းစောင့်ရတော့ရော ဘာဖြစ်လဲ။ ကျွန်တော်က ဒီဒုတိယခေါင်းဆောင်မင်းသားနေရာမှာ တကယ်တော့ မပါချင်ခဲ့ဘူး။ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ကျွန်တော့်ကို တောင်းဆိုနေတာကြောင့်သာ မဟုတ်ရင် ကျွန်တော်က ပါချင်မယ်များထင်နေလား။ ကျွန်တော့်နာမည်နဲ့တင် ခင်ဗျားတို့ဇာတ်လမ်းရဲ့ ကြည့်ရှုနှုန်းက တက်နေပြီပဲ။ ခဏလောက် စောင့်ရတော့ ဘာဖြစ်လဲ"
ချင်းမင်က ပြောလိုက်လေသည်။
"မင်းက နာမည်ကြီးကြယ်ပွင့်တစ်ပွင့်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါတို့က မင်းကို ပိုက်ဆံပေးထားတာလေ။ မင်းအနေနဲ့ ပိုပြီးတော့ အာရုံစိုက်သင့်တာ မဟုတ်ဘူးလား။ မင်းရဲ့ဒီလိုအပြုအမူမျိုးနဲ့ မင်းရထားတဲ့ သန်းနဲ့ချီတဲ့ သရုပ်ဆောင်ကြေးတွေက ဘယ်လိုလိုက်ဖက်မလဲ"
"ကျစ်.. တစ်သန်း ဟုတ်လား။ ကျွန်တော် အခုလေးတင် ကြော်ငြာရိုက်ပြီး ဘယ်လောက်ရလာလဲဆိုတာ ခင်ဗျားသိလား။ ဆယ်မိနစ်လေးနဲ့တင် သန်းသုံးဆယ်တောင် ရတာ။ ခင်ဗျားတို့ရဲ့ တစ်သန်းက ဘာမှပြောပလောက်စရာ မရှိဘူး"
ချန်းရှောင်မှာ အလွန်တရာ မာနထောင်လွှားနေချေသည်။
ချင်းမင်လည်း ဒေါသထွက်သွားသည်။
"ကောင်းပြီလေ။ အချိန်ဖြုန်းမနေနဲ့တော့။ မြန်မြန် ရိုက်ကြရအောင်"
ချန်းရှောင်ကမူ အေးစက်စက်နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
"ဒါရိုက်တာ.. ဆောရီးပဲဗျာ။ ကျွန်တော် အပူရှပ်သလိုဖြစ်နေလို့ နားရဦးမယ်"
ထိုသို့ပြောပြီးနောက် ချန်းရှောင်က လှည့်ထွက်သွားလေသည်။
ချင်းမင်ခမျာ ကြောင်အသွားလေသည်။
ဟူယီလည်း ကြောင်အမ်းအမ်းဖြစ်သွားသည်။
ခေါင်းဆောင်မင်းသမီးလည်း လုံးဝ နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။
လူတိုင်း စကားပင်မပြောနိုင်တော့ချေ။
ဤချန်းရှောင်က ကြီးကျယ်လွန်းလှသည်။
အခု မင်းက ထွက်သွားပြီဆိုတော့ ရိုက်ကွင်းနဲ့ တခြားသရုပ်ဆောင်တွေက ဘယ်လိုလုပ်မလဲ။
ချင်းမင်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
•••••••••••••••••••••••
အပိုင်း ၅၉၉ : ကျွန်တော့်ကို အဝတ်အစားလေး လဲခွင့်ပြုပါ
ယခု ချန်းရှောင် ထွက်သွားပြီဖြစ်၍ ခေါင်းဆောင်မင်းသား မရှိပါဘဲ ခေါင်းဆောင်မင်းသမီးကိုသာ ရိုက်ကူးရန် ရှိတော့သည်။
ဤခေါင်းဆောင်မင်းသားကြောင့် ရိုက်ကူးရေးကို အချိန်အတော်ကြာအောင် နောက်ဆုတ်ခဲ့ရပြီးဖြစ်ရာ သူတို့အနေနှင့် ထပ်မံစောင့်ဆိုင်းရန် တကယ်မတတ်နိုင်တော့ပေ။
လက်ထောက်ဒါရိုက်တာဟူယီလည်း အလွန်စိုးရိမ်ပူပန်နေသည်။
ရုပ်ရှင်၏တိုးတက်မှုမှာ အလွန်နောက်ကျနေပြီဖြစ်ပြီး ကြန့်ကြာမှုများကို ယခုအချိန်တွင် လုံးဝ သည်းခံနိုင်စရာ မရှိတော့ချေ။
ထို့ပြင် ရိုက်ကွင်းပြင်ဆင်စရိတ်နှင့် စက်ပစ္စည်းအမျိုးမျိုးအတွက် ကုန်ကျစရိတ်ကတင် တစ်သိန်းကျော်ရှိပြီး သူတို့ကလည်း တစ်ရက်သာ ငှားရမ်းထားခြင်းပင်။ အကယ်၍ မရိုက်ကူးဖြစ်ပါက အရာအားလုံးကို ပြန်လည်ဖြုတ်သိမ်းရတော့မည်။
ထိုအချိန်တွင် လူအုပ်ထဲ၌ ရပ်ကြည့်နေသော ယဲ့ချန်းကို ဟူယီ ရုတ်တရက် သတိထားမိလိုက်သည်။
ဟူယီ၏ မျက်လုံးများ အရောင်လက်သွားပြီး ယဲ့ချန်းနားသို့ ပြေးသွားလေသည်။
"ညီလေး... ကူညီပေးလို့ရမလား"
ယဲ့ချန်းလည်း ခေတ္တမျှ ကြောင်အမ်းသွားသည်။
"အာ... ခင်ဗျားက ဟိုမင်းသားချောလေးကို လိုက်ခေါ်စေချင်လို့လား။ ပြဿနာမရှိဘူး။ သူ့နောက်ကို လိုက်ဖို့ ကျွန်တော် ကားမောင်းပေးလို့ ရတယ်"
ဟူယီခမျာ ခါးသီးစွာ ရယ်မောလိုက်သည်။
"သူ့နောက်ကို ဘာလုပ်ဖို့ လိုက်မှာလဲ။ သူ့အကျင့်နဲ့ဆိုရင် သေချာပေါက် ပြန်လာမှာမဟုတ်ဘူး။ ငါက မင်းကို ဝင်ကူညီခိုင်းမလို့"
ယဲ့ချန်းမှာမူ တွေဝေသွားဟန်ဖြင့် တစ်ဖက်လူကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘယ်လိုဝင်ကူညီရမှာလဲ"
"မင်းရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုရင် ဒီခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်။ ဘာလို့ ငါတို့ကို မကူညီနိုင်ရမှာလဲ။ မင်းသာမကူညီရင် ဒီနေ့ လူတိုင်း ကြိုးစားအားထုတ်ထားသမျှ အလဟဿ ဖြစ်သွားလိမ့်မယ်"
တကယ်တော့ ယဲ့ချန်းမှာ သူတစ်ပါး၏ကိစ္စများတွင် ဝင်ပါရခြင်းကို မနှစ်သက်သော်လည်း မည်သို့ပင်ဖြစ်စေ ဤဇာတ်ကားမှာ သူကိုယ်တိုင် ရင်းနှီးမြှုပ်နှံထားသော အွန်လိုင်းဇာတ်လမ်းတွဲဖြစ်လေရာ အရှုံးပေါ်ပါက သူ့ဝင်ငွေကိုလည်း ထိခိုက်စေလိမ့်မည်။
"ခင်ဗျားက ကျွန်တော့်ကို ခေါင်းဆောင်မင်းသားနေရာကနေ သရုပ်ဆောင်စေချင်တာလား"
ဟူယီက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ မင်းက ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ရမယ်။ မင်းရဲ့ကိုယ်ရည်ကိုယ်သွေးက ခေါင်းဆောင်မင်းသားရဲ့ စံနှုန်းတွေနဲ့ ကွက်တိပဲ။ ငါက နာမည်ကြီးဇာတ်ကားတွေ မရိုက်ဖူးပေမဲ့ ငါ့မျက်လုံးကတော့ စူးရှပါတယ်။ ဒီနေရာမှာ မင်း သေချာပေါက် တောက်ပလာမှာ။ ခုနက မင်းသားချောလေးထက်တောင် မင်းက ပိုသင့်တော်တယ်လို့ ငါထင်တယ်"
ထိုစကားကို ကြားပြီးနောက် ယဲ့ချန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူ့ဆွဲဆောင်မှုရမှတ်ကို လျှော့ချထားသော်လည်း ထင်ထင်ပေါ်ပေါ်နေချင်စိတ်လည်း မရှိပေ။
ဤမျှအဆင့်ရှိသော ဆွဲဆောင်မှုရမှတ်နှင့်သာဆိုပါက နာမည်ကြီးလာလျှင် နောက်နောင် သူ အပြင်ထွက်ချိန်တိုင်း နာမည်ကြီးကြယ်ပွင့်များနှယ် နှာခေါင်းစည်းတပ်ထားရလိမ့်မည်။
ဒီလိုဆိုရင် သူ ဘယ်လိုလုပ်ပြီး တက္ကစီ ဆက်မောင်းလို့ ရတော့မှာလဲ။
"မဖြစ်နိုင်ဘူး။ ကျွန်တော်က အရမ်းအလုပ်များတယ်။ ကျွန်တော် တက္ကစီဆက်မောင်းရဦးမယ်"
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ချန်း ငြင်းလိုက်သည်။
ထိုအချိန်တွင် ဒါရိုက်တာချင်းမင်လည်း အနားသို့ လျှောက်လာသည်။
သူ့မျက်လုံးများက ယဲ့ချန်းထံသို့ ကျရောက်သွားသောအခါ အရောင်များ လက်လာချေသည်။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိလောက်အောင် အာဏာရှင်ဆန်သော စီအီးအိုတစ်ယောက်၏ အရှိန်အဝါပင်။
ယဲ့ချန်း၏ ပုံရိပ်မှာ သူ့စိတ်ကူးထဲက အာဏာရှင်ဆန်သော စီအီးအိုပုံရိပ်နှင့် ထပ်တူကျနေသည်။
အကယ်၍ အစောတုန်းက မင်းသားမှာ သရုပ်ဆောင်နိုင်သည်ဟု ဆိုလျှင်ပင် တကယ်တမ်း၌ သူသည် အာဏာရှင်ဆန်မှုကို လုံးဝဖော်ကျူးနိုင်မည် မဟုတ်ပေ။
သို့သော် ယဲ့ချန်းကတော့ မတူပါချေ။ သူက သရုပ်ဆောင်ရန်ပင် မလိုအပ်ချေ။ ထိုနေရာတွင် ရပ်နေရုံဖြင့် အာဏာရှင်ဆန်သော စီအီးအိုတစ်ယောက်အဖြစ် အပြည့်အဝပုံဖော်နိုင်ပြီဖြစ်၏။
ထိုအချိန်တွင် ဒါရိုက်တာက ယဲ့ချန်းကို ဆွဲထားလိုက်သည်။
"မင်းက ဘယ်ရိုက်ကူးရေးအဖွဲ့ကလဲ။ ဒီနေ့ မင်းကို ငါ ချုပ်ထားလိုက်ပြီ။ ဒီဇာတ်ကောင်နေရာက မင်းအတွက်ပဲ"
ယဲ့ချန်းမှာ ဆွံ့အသွားရလေသည်။
ဤဒါရိုက်တာက ဖိတ်ခေါ်နေခြင်းမဟုတ်ပါဘဲ လူကို လုယူနေခြင်းပင်။
"ငါ မင်းကို ချုပ်ထားလိုက်ပြီ"ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ ခင်ဗျားက ကျွန်တော့်ကို လိုချင်ပေမဲ့ ကျွန်တော် သဘောမတူဘူးလေ။
ထို့နောက် ဒါရိုက်တာက လူတိုင်းကို ပြောလိုက်၏။
"ရိုက်ကွင်းရှင်းလိုက်။ ရိုက်ကွင်းရှင်းလိုက်။ မိတ်ကပ်ဆရာ၊ စတိုင်လစ်... ဒီလူကြီးမင်းကို မိတ်ကပ်ပြင်ပေးလိုက်ကြ"
ယဲ့ချန်း : "..."
ဒီဒါရိုက်တာက တော်တော်ထူးခြားလွန်းတယ်...
ငါ သဘောတူရဲ့လားလို့တောင် မမေးဘဲ ရိုက်ကူးရေးကို ဆက်လုပ်နေတယ်။
ဘေးနားရှိ ဇာတ်ပို့မင်းသမီးက ယဲ့ချန်းကို မြင်သောအခါ အံ့ဩမှင်တက်သွားသည်။
ယဲ့ချန်းက စင်စစ်ချောမောလွန်းသည်။
ယခင်က သူ(မ)သည် ထိပ်တန်းနာမည်ကြီး မင်းသားချောများနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသော်လည်းထိုမင်းသားချောများမှာ ယဲ့ချန်းရှေ့တွင်မူ ဘာမှမပြောပလောက်ကြောင်း သူ(မ) ခံစားလိုက်ရသည်။
ဇာတ်ပို့မင်းသမီးမှာ မြန်ဆန်လာသော ရင်ခုန်သံများကို မထိန်းချုပ်နိုင်တော့ချေ။
ဇာတ်ပို့မင်းသမီး၏ နာမည်မှာ ဟူဖေးဖြစ်ပြီး သူ(မ)သည် ယခင်က တီဗီဇာတ်လမ်းတွဲတချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော်လည်း လုံးဝနာမည်မကြီးခဲ့ပေ။
သူ(မ)က ယဲ့ချန်းကို မြင်သောအခါ တစ်ခုခုကို မခံစားရဘဲ မနေနိုင်ချေ။
ဤလူက နတ်ဘုရားတစ်ပါးအလား ယောကျာ်းမျိုးပင်။
သူ့လိုလူတစ်ယောက်နှင့် အတူသရုပ်ဆောင်ခွင့်ရခြင်းမှာ စင်စစ်ကျေနပ်စရာကောင်းလှသည်။
ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။
တံခါးဘက်ကို လှမ်းကြည့်လိုက်လေရာ သူ ထွက်မသွားနိုင်စေရန် သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။
သူ ရိုက်ချင်သည်ဖြစ်စေ၊ မရိုက်ချင်သည်ဖြစ်စေ ယနေ့တော့ ဤရုပ်ရှင်ကို ရိုက်ရတော့မည့်ပုံပင်။
ဒါကို ဖျော်ဖြေရေးတစ်ခုလိုပဲ သဘောထားလိုက်တာ ပိုကောင်းပါလိမ့်မယ်လေ။
ယဲ့ချန်းမှာ ရွေးချယ်စရာမရှိတော့ချေ။
သူလည်း ဒီကို အပန်းဖြေဖို့ လာခဲ့တာပဲလေ။
"ကောင်းပြီလေ။ ရုပ်ရှင်ရိုက်လို့တော့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်းအလုပ်များတယ်။ တက္ကစီလည်း မောင်းရဦးမှာမို့လို့ ခင်ဗျားတို့ကို တစ်နာရီလောက်ပဲ အချိန်ပေးနိုင်မယ်"
ဟူယီမှာ စကားမဟနိုင်တော့ချေ။
မင်း ခုနလေးတင် ဒီနားမှာ လျှောက်သွားနေတာ မဟုတ်ဘူးလား။
မင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက် အလုပ်များနေရတာလဲ။ ငါတော့ တကယ်မမြင်မိပါဘူး။
ယဲ့ချန်း သဘောတူလိုက်သည်ကို ကြားသောအခါ ဒါရိုက်တာမှာ အလွန်ဝမ်းသာသွားသည်။
"မိတ်ကပ်ဆရာ၊ စတိုင်လစ်... မင်းတို့ ဘာစောင့်နေတာလဲ။ ဒီကောင်လေးကို မြန်မြန်ပြင်ဆင်ပေးလိုက်ကြ"
ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက်က ဗာဆာချီအမှတ်တံဆိပ် အဝတ်အစားတစ်ခုကို ကမ်းပေးလာသည်။
"မင်းတို့ရဲ့ အာဏာရှင်စီအီးအိုက အရမ်းဆင်းရဲတာပဲ။ ပြီးခဲ့တဲ့ရာသီက ဗာဆာချီအဝတ်အစားတွေကို ဝတ်နေရတယ်"
ဒါရိုက်တာနှင့် မိတ်ကပ်ဆရာတို့မှာ ကြောင်အသွားကြလေသည်။
"ဘာ... ဗာဆာချီကိုတောင် မင်းက ဆင်းရဲတယ်လို့ သတ်မှတ်နေတာလား။ မင်းက ကြီးကျယ်ချင်နေတာလား"
ဝန်ထမ်းတစ်ယောက်က မကျေမနပ်ဆိုလာလေသည်။
"ကောင်လေး.. သိပ်မောက်မာမနေနဲ့။ ဒီဗာဆာချီအဝတ်အစားက သုံးသောင်းကျော်တောင် တန်တာနော်"
ဤကောင်လေးက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း လက်ထောက်ဒါရိုက်တာဟူယီထံမှ သူ(မ) ယခုလေးတင် ကြားခဲ့ရသည်။
ထို့ကြောင့် သူ(မ)၏ စိတ်ထဲတွင် အထင်သေးမှုတချို့ ရှိနေခဲ့သည်ဖြစ်ရာ ယခု ယဲ့ချန်းက ဤအဝတ်အစားများကို အစုတ်အပြတ်ဟု ခေါ်လိုက်ချိန်တွင်မူ သူ(မ)လည်း မနေနိုင်တော့ဘဲ ပြန်လည်ချေပလိုက်သည်။
ယဲ့ချန်းက ရယ်မောလိုက်၏။
"ဒီအဝတ်အစားတွေက ပြီးခဲ့တဲ့ရာသီကဟာတွေလေ။ အခုဆိုရင် လျှော့ဈေးနဲ့တောင် ရောင်းနေလောက်ပြီ"
ယဲ့ချန်း၏ စကားကို ကြားပြီးနောက် ထိုဝန်ထမ်းက နှာခေါင်းရှုံ့လိုက်သည်။
"ဗာဆာချီက လျှော့ဈေးနဲ့ရောင်းရင်တောင် ထောင်ဂဏန်းလောက် ပေးရသေးတယ်။ မင်း တတ်နိုင်လို့လား။ ဒီလိုနာမည်ကြီးတံဆိပ်ပါတဲ့ အဝတ်အစားမျိုးကိုဝတ်တာ မင်းအတွက် ပထမဆုံးအကြိမ်မလား"
ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။
"ထားလိုက်ပါတော့။ ဒီအဝတ်အစားတွေက တော်တော်အလုပ်ရှုပ်တယ်။ နေရတာ သက်သောင့်သက်သာလည်း မရှိဘူး။ ကျွန်တော့်အဝတ်အစားပဲ ကျွန်တော်ဝတ်တာပဲ ပိုကောင်းလိမ့်မယ်"
"မင်း ဘာပြောလိုက်တလဲ။ မင်းရဲ့အဝတ်အစားကို ဝတ်မယ် ဟုတ်လား"
လူတိုင်း အံ့အားသင့်သွားကြသည်။
မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး အဝတ်အစားကောင်းတွေကို ဝတ်နိုင်မှာလဲ။
လာနောက်နေတာလား။
စတိုင်လစ်က ဆိုချေသည်။
"ကောင်လေး... အဲဒီလိုလုပ်လို့ မရဘူးလေ။ မင်းက ချမ်းသာတဲ့ဥက္ကဋ္ဌနေရာကနေ သရုပ်ဆောင်ရမှာဆိုတော့ ရာဂဏန်းလောက်ပဲတန်တဲ့ အဝတ်အစားတွေကို ဘယ်လိုလုပ်ပြီး ဝတ်လို့ရမှာလဲ"
ယဲ့ချန်းက ပြုံးလိုက်၏။
"ခဏ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကားပါကင်ဆီသို့ လျှောက်သွားလေသည်။
ခဏအကြာတွင် ယဲ့ချန်းလည်း ရိုက်ကူးရေးအဖွဲ့ရှိရာသို့ ပြန်ရောက်လာသည်။
လူတိုင်း မှင်တက်သွားကြသည်။
ယဲ့ချန်း၏ လက်ကောက်ဝတ်ထက်ရှိ တလက်လက်တောက်ပနေသော လက်ပတ်နာရီကား...
ဘုရားရေ... အဲဒါက အရေအတွက် အကန့်အသတ်နဲ့ထုတ်တဲ့ ပါတက်ခ်ဖိလစ်နာရီပဲ။
သူဝတ်ဆင်ထားသော ဝတ်စုံကလည်း သန်းချီတန်သည့် အထူးချုပ်လုပ်ထားသော ဟားမီးစ်ဝတ်စုံပင်။
လက်ရှိအချိန်တွင် ယဲ့ချန်းမှာ မယုံနိုင်လောက်အောင် ချောမောခံ့ညားနေပြီး ငြင်းဆို၍မရသော အထက်တန်းလွှာတစ်ဦး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
ယုံကြည်နိုင်စရာမရှိလောက်အောင် ချောမောလွန်းလှသည်။
ယဲ့ချန်း ဝတ်ဆင်ထားသော တစ်ကိုယ်လုံးရှိ အဝတ်အစားများမှာ သန်းနှင့်ချီ၍ တန်ကြေးရှိသည်။
ယဲ့ချန်းသည် အစကတည်းက ရုပ်ရည်သန့်ပြန့်ပြီးဖြစ်လေရာ ဤဝတ်စုံဝတ်လိုက်ချိန်ဝယ် သူသည် ဆွဲဆောင်မှုရှိလွန်းလှသည်။
ဒါရိုက်တာချင်းမင်နှင့် ဟူယီတို့နှစ်ယောက်စလုံး ယဲ့ချန်းထံမှ အကြည့်မလွှဲနိုင်တော့ပေ။
ချောလိုက်တာ...
သို့သော် ယဲ့ချန်း အလွန်ချောမောနေခြင်းကလည်း ပြဿနာတစ်ခု ဖြစ်စေသည်။ သူ့ချောမောမှုက ခေါင်းဆောင်မင်းသားကိုပင် ကျော်လွန်သွားပြီဖြစ်လေရာ ဘယ်လိုလုပ်ရလေမလဲ။
ယဲ့ချန်းကို အထင်သေးခဲ့သော စတိုင်လစ်လည်း အံ့အားသင့်သွားသည်။
ယဲ့ချန်း၏ ဝတ်စုံကို မဂ္ဂဇင်းတစ်အုပ်တွင် သူ(မ) တစ်ခါက မြင်ဖူးသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် သုံးစုံသာရှိပြီး တန်ဖိုးမှာ ၈.၈၈သန်းဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ထိုစတိုင်လစ်မှာ လုံးဝ ဆွံ့အသွားသည်။
ဒါက တက္ကစီလုပ်ငန်းစုက လူကုံထံကြီးတစ်ယောက်များလား။
ခန့်ညားချောမောသော ယဲ့ချန်းကို မြင်လိုက်ရသူတိုင်းနီးပါးမှာ အမှန်တရားကို မေးခွန်းထုတ်နေကြတော့သည်။
အထူးသဖြင့် ယခင်က ယဲ့ချန်းကို အထင်သေးခဲ့သူများမှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင်။
ဤသည်မှာ မျက်နှာကို ခပ်ဆတ်ဆတ်ရိုက်ချလိုက်ခြင်းပင်။
ယဲ့ချန်းက တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ခင်ဗျားတို့တွေ ကျွန်တော့်ကို စိုက်ကြည့်နေစရာ မလိုပါဘူး။ ကားထဲကနေ အဝတ်အစားနည်းနည်းယူလာရုံလေးပါ"
လူတိုင်း မှင်တက်သွားကြသည်။
သေလိုက်ပါတော့... မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သန်းချီတန်တဲ့ အဝတ်အစားတွေကို သာမန်လိုဝတ်ထားတယ်ဆိုတာက တကယ်ယုံနိုင်စရာမရှိဘူး။
••••••••••••••••••••••••••••
အပိုင်း ၆၀၀ : သူက မင်းသားဖြစ်ရမယ်
ယဲ့ချန်းက ဟူဖေးဆီသို့ လျှောက်သွားပြီး ပြုံးပြလိုက်သည်။
"မင်္ဂလာပါ မိန်းကလေးဟူဖေး”
ဟူဖေးခမျာ ယဲ့ချန်းကို မြင်လိုက်ရသောအခါ ရှက်သွေးဖြာသွားသည်။
ယခုအချိန်တွင် ယဲ့ချန်းသည် အလွန်ချောမောလွန်းလှသည်။
လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ချောမောသည်ဆိုခြင်းမှာ ဘာကိုဆိုလိုသလဲ။ ယဲ့ချန်းကိုသာ ရည်ညွှန်းရပေလိမ့်မည်။
သူသည် သူ(မ)၏ အိပ်မက်ထဲမှ မင်းသားလေးပင်။
ဟူဖေးသည် ပြည်တွင်းရှိ ထိပ်တန်းမင်းသားချော တော်တော်များများနှင့် အကြိမ်ကြိမ် အလုပ်တွဲလုပ်ခဲ့ဖူးသည်။
သို့သော် သူတို့၏ ရုပ်ရည်မှာ ယဲ့ချန်းနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
ယဲ့ချန်းသည် အမှန်စင်စစ်ချောမောလွန်းသောကြောင့်ပင်။
ယဲ့ချန်းက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေပြီး လောကီကိုကျော်လွန်သော အရှိန်အဝါတစ်ခုကို ဖန်တီးနေချေသည်။
ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးကို သူ(မ) ဘယ်အမျိုးသားဆီမှာမှ မမြင်ဖူးခဲ့ချေ။
ယဲ့ချန်းကို ကြည့်နေရုံဖြင့် သူ(မ)လည်း ဇာတ်ကောင်ထဲသို့ လုံးဝစီးမျောသွားတော့သည်။
ယဲ့ချန်းက သူ(မ)ကို နူးညံ့သောအပြုံးဖြင့် ကြည့်လိုက်လေရာ ကြည့်နေရုံမျှဖြင့် သူ(မ)၏ နှလုံးသားမှာ အရည်ပျော်တော့မတတ် ကျေနပ်သွားရသည်။
ဒါရိုက်တာချင်းမင်သည် ထိုနှစ်ယောက် ဇာတ်ကောင်ထဲ စီးမျောသွားသည်ကို ကြည့်၍ မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အမူအရာများ ပေါ်ပေါက်လာသည်။
ဤသည်မှာ သူလိုချင်သော ခံစားချက်မျိုးပင်။
ချင်းမင်က ဟူယီကို ပြောလိုက်၏။
“လောင်ဟူ... မင်း ဒီရတနာလေးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ”
“သူက တကယ်ကြီး တက္ကစီဒရိုင်ဘာတစ်ယောက်ပါ”
ဟူယီက ခါးသက်သက် ရယ်မောရင်း ပြန်ပြောလိုက်သည်။
ချင်းမင်ကမူ ခေါင်းခါလိုက်၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ သရုပ်ဆောင်ချက်ကို ကြည့်ဦး။ ဝါရင့်သရုပ်ဆောင်တွေကိုတောင် ကျော်တက်နိုင်တယ်။ သူ့ကြောင့် ဟူဖေးရဲ့ သရုပ်ဆောင်ချက်တွေပါ ထိုးတက်သွားတာ မင်း သတိမထားမိဘူးလား”
အမှန်တကယ်ပင် ယနေ့ ဟူဖေး၏ သရုပ်ဆောင်မှုမှာ ထူးကဲကောင်းမွန်ကြောင်း ဟူယီ ခံစားမိသည်။
ယခင်က ဟူဖေးသည် သူ(မ)၏ သရုပ်ဆောင်စွမ်းရည်ကြောင့် နာမည်မကြီးခဲ့ပေ။
သို့သော် ယနေ့တွင်မူ ယဲ့ချန်း၏ လွှမ်းမိုးမှုအောက်ဝယ် ဟူဖေးသည် နားလည်သဘောပေါက်မှု တစ်ခုကို ရရှိသွားသလို ဇာတ်ကောင်ကို ဖော်ဆောင်ရာတွင် အလွန်ထူးချွန်ပြီး လေးနက်နေပေသည်။
ဟူယီလည်း တွေဝေသွားရသည်။
ယဲ့ချန်းက ဘာကြောင့် ဤဇာတ်ကောင်ကို ဤမျှ ကောင်းမွန်စွာ ပုံဖော်နိုင်သလဲဆိုသည်ကို သူလည်း သိချင်နေမိသည်။
အကြောင်းမှာ ယဲ့ချန်းသည် ချောမောရုံသာမက သူ့အပြုံးတိုင်း၊ အပြုအမူတိုင်းမှာ ပြီးပြည့်စုံနေသောကြောင့်ပင်။
“ဒီလိုရုပ်ရည် ဒီလိုသရုပ်ဆောင်စွမ်းရည်မျိုးနဲ့ သူ နာမည်မကြီးဘူးဆိုရင် မဖြစ်နိုင်ဘူး”
ချင်းမင် စိတ်လှုပ်ရှားနေပေသည်။
"ကောင်းတယ်။ ငါတို့ဇာတ်ကားတော့ ပေါက်ပြီဟေ့”
“ဘုရားရေ... သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ”
“ယဲ့ချန်းရဲ့သရုပ်ဆောင်ချက်က ချန်းရှောင်ကို လုံးဝလွှမ်းမိုးသွားတာပဲ”
“ချန်းရှောင် ဟူဖေးနဲ့ သရုပ်ဆောင်တုန်းကဆိုရင် ကိုးရိုးကားရားနဲ့။ အဲဒါကို သရုပ်ဆောင်တယ်လို့ ခေါ်လို့ရမလား”
“အမှန်ပဲ။ သူတို့ရဲ့အမူအရာတွေက တကယ့်ကွက်တိပဲ”
ထိုအချိန်တွင် ချင်းမင်၏ဖုန်းက မြည်လာသည်။
“ကတ်”
ချင်းမင်မှာ စိတ်ဓာတ်ကျလုနီးပါးပင်။
ဒီလိုအချိန်မတော်ကြီးမှာ ဘယ်သူက ဖုန်းဆက်နေတာလဲ။
သို့သော် ဖုန်းနံပါတ်ကို မြင်လိုက်ရသောအခါ ဒါရိုက်တာမှာ ကြောက်လန့်သွားသည်။
ခေါ်ဆိုသူမှာ ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပေသည်။
ရိုက်ကူးရေး ရပ်သွားသဖြင့် ချင်းမင်သာမက ကျန်လူများအားလုံးလည်း အလွန်အမင်း စိတ်ပျက်သွားကြသည်။
လူတိုင်း ရုပ်ရှင်ထဲတွင် စီးမျောနေကြချေသည်။
“ဒါရိုက်တာချင်း... ကျွန်မ ရှောင်မုန့်ပါ။ ကျွန်မတို့ရဲ့ရိုက်ကူးရေး အခြေအနေဘယ်လိုရှိလဲ"
“ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ တိုးတက်အောင် ကြိုးစားနေပါတယ်”
“ကောင်းပြီ။ ကျွန်မ ရိုက်ကူးရေးအခြေအနေကို စစ်ဆေးဖို့ အခုလာနေပြီ”
ဒါရိုက်တာလည်း အမြန်ထရပ်လိုက်ပြီး အခြားသူများနှင့်အတူ သူ(မ)ကို ကြိုဆိုရန် အပြင်သို့ ထွက်သွားလေသည်။
ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ သူတို့အတွက် ရွှေဥဥပေးနေသော ငန်းအလားပင်။
သူတို့ကိုသာ ဆန့်ကျင်မိပါက ဒါရိုက်တာလုပ်ဖို့ ဆက်မစဉ်းစားလေနှင့်။
လူတိုင်း၏ အာရုံစိုက်မှုများကြားတွင် လီမုန့်သည် သူ(မ)၏ ဖာရာရီကားပေါ်က ဆင်းလာခဲ့သည်။
ချမ်းသာပြီး လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည့် လီမုန့်မှ ပျင်းရိနေသောကြောင့် အွန်လိုင်းဇာတ်လမ်းတွဲတစ်ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းပင်။
သူ(မ) ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းမှာ ဤဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းကို သဘောကျမိသောကြောင့်ပင်။
ဇာတ်ညွှန်း၏ ဇာတ်အသွားအလာမှာ စင်စစ်ကောင်းမွန်လွန်းသည်။
“ဥက္ကဋ္ဌလီ... ကျွန်တော်တို့ရိုက်ကွင်းကနေ ကြိုဆိုပါတယ်”
ချင်းမင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
လီမုန့်က ချင်းမင်ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။
ချင်းမင်သည် လုပ်ငန်းနယ်ပယ်တွင် အလွန်နာမည်ကြီးသော ဒါရိုက်တာတစ်ယောက် ဖြစ်သော်ငြား လီမုန့်၏ရှေ့တွင်မူ သူသည် ဘာမှအရေးမပါပေ။
“ခုနလေးတင် ချန်းရှောင်က ကျွန်မဆီ ဖုန်းဆက်ပြီး ရှင်နဲ့ စကားများထားတယ်လို့ ပြောတယ်”
လီမုန့်က ထိုသို့ပြောရင်း မျက်နှာထက်တွင် မကျေနပ်လေဟန် အရိပ်အယောင်များ ပေါ်လာသည်။
“ချန်းရှောင်က ကျွန်မကိုယ်တိုင် ရွေးချယ်ထားတဲ့လူနော်။ သူ့ကို စိတ်ဆိုးအောင် လုပ်တယ်ဆိုတာ ဘာသဘောလဲ”
ချင်းမင်ခမျာ သူ့ကံကြမ္မာကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ချန်းရှောင်တစ်ယောက် အဲဒီလောက် မာနထောင်လွှားရဲတာ မဆန်းပါဘူး။ ရင်းနှီးမြှုပ်နှံသူက သူ့နောက်ခံဖြစ်နေတာကိုး။
“ဥက္ကဋ္ဌလီ.. ကျွန်တော်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်လို့ မဟုတ်ပါဘူး။ ချန်းရှောင်က လွန်လွန်းလို့ပါ။ ကျွန်တော်တို့ သူ့ကို တစ်နာရီလောက် စောင့်ခဲ့ရတယ်။ အဲဒါကြောင့် ရုပ်ရည်ရော သရုပ်ဆောင်ချက်ပါ ချန်းရှောင်ထက်သာတဲ့ တခြားမင်းသားတစ်ယောက်ကို ယာယီရှာထားလိုက်တာပါ”
ချင်းမင်၏စကားကို ကြားသောအခါ လီမုန့်က နှာခေါင်းရှုံ့လိုက်သည်။
"ချန်းရှောင်ထက်သာတယ် ဟုတ်လား။ သရုပ်ဆောင်တာကိုတော့ ကျွန်မ ယုံပါတယ်။ ဒါပေမဲ့ ချန်းရှောင်ထက် ပိုချောတဲ့လူက ဘယ်နှယောက်များ ရှိလို့လဲ”
“အဲဒီသရုပ်ဆောင်ကို ခေါ်လိုက်။ ကျွန်မ ကြည့်ချင်တယ်”
လီမုန့်၏ အမူအရာကို မြင်လိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် လေးလံသွားသည်။
ချန်းရှောင်က ဤမျှအထိ ဒုက္ခပေးလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ သူသည် အရင်လက်ဦးအောင် တိုင်တောခဲ့သည်။
ထိုအချိန်တွင် လီမုန့်မှာ ယဲ့ချန်း အနားသို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။
ယဲ့ချန်းကို မြင်လိုက်ရချိန်မှာပင် လီမုန့် ရှက်သွေးဖြာသွားသည်။
ဘုရားရေ... ဒီလူက အရမ်းချောတာပဲ။
ယခုအချိန်တွင် သူ(မ)၏ နှလုံးသားလေးမှာ တဒိတ်ဒိတ် ခုန်ပေါက်နေတော့သည်။
သို့သော် သူ ဘယ်သူလဲဆိုသည်ကို သူ(မ) ရုတ်တရက် မှတ်မိသွားသည်။
အမလေး... ဒါ ယဲ့ချန်း မဟုတ်လား။
လီမုန့်၏အဖေ လီရှန်းက ရီတာ့လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။
ပွဲတစ်ခုတွင် လီမုန့် ယဲ့ချန်းကို မြင်ဖူးခဲ့သည်။
ထိုအချိန်က သူ(မ)မှာ ယဲ့ချန်း၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးခဲ့ရသည်။
ယခုအခါတွင်မူ ယဲ့ချန်းက သူ(မ)ရှေ့တည့်တည့်တွင် ရပ်နေလေပြီ။
ယဲ့ချန်းက ပြုံးလျက် လီမုန့်ကို ကြည့်လိုက်၏။
“ငါက ဟိုချန်းရှောင်လောက် မကောင်းဘူးလို့ ပြောလိုက်တာလား”
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူတိုင်း၏အမူအရာကား ပြောင်းလဲသွားသည်။
သွားပြီ။ ဒီလူက လီမုန့်ကိုတောင် စော်ကားရဲတယ်ပေါ့။ သူတော့ ဒုက္ခရောက်တော့မှာပဲ။
ဒါရိုက်တာချင်းမင်နှင့် ဟူယီတို့ပင် သက်ပြင်းချလိုက်မိကြသည်။
သွားပါပြီ။ ယဲ့ချန်းတစ်ယောက် ခေါင်းဆောင်မင်းသားနေရာမှာ ဆက်နေနိုင်တော့မှာ မဟုတ်ဘူး။
သို့သော် လီမုန့်က ဇာတ်လမ်းကို ပြောင်းပြန်လှန်လိုက်၏။
“ဟားဟား... ဒါရိုက်တာချင်း ရှင်က အမြင်စူးရှသားပဲ။ ဒီလိုအချောလေးနဲ့ယှဉ်ရင် ချန်းရှောင်က ဘာမို့လို့လဲ”
ချင်းမင် : “…”
လီမုန့် : “…”
ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး : ...
ဘာတွေဖြစ်ကုန်တာလဲ။ လီမုန့်က ချန်းရှောင်ရဲ့ အမာခံပရိသတ် မဟုတ်ဘူးလား။
ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ဘက်ပြောင်းသွားတာလား။
လီမုန့် ရောက်လာရသည့် ရည်ရွယ်ချက်ကို လူတိုင်း ခန့်မှန်းထားကြသည်။ သူ(မ)က ချန်းရှောင်အတွက် လာရောက်ရင်ဆိုင်ဖြေရှင်းပေးခြင်းပင်။
သို့သော် ဤအလှည့်အပြောင်းမှာ မယုံနိုင်စရာပင်။
လီမုန့်သည် ယဲ့ချန်းနားသို့ လျှောက်သွားပြီး သူ့ကိုမသိသလို ဟန်ဆောင်ကာ လက်ကမ်းလိုက်သည်။
“မစ္စတာယဲ့... ရှင့်ကို မြင်လိုက်ရမှပဲ ရှင့်ရဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်ချက်တွေက ဟိုချန်းရှောင်ထက် အပြတ်အသတ်သာမှန်း သဘောပေါက်တော့တယ်။ သူနဲ့ယှဉ်ရင် အဲဒီအမှိုက်က ဘာမို့လို့လဲ”
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော် ဒီနားမှာ လမ်းလျှောက်နေတုန်း ဒါရိုက်တာချင်းက ကျွန်တော့်ကို သရုပ်ဆောင်ဖို့ ဆွဲခေါ်လိမ့်မယ်လို့ မထင်ထားဘူး”
လီမုန့်မှာ စိတ်ထဲက ကျိန်ဆဲလိုက်သည်။
“ဘုရားရေ... ရှင်က ယဲ့ချန်းကို သရုပ်ဆောင်ဖို့ ဆွဲခေါ်ခဲ့တာလား။ ကျွန်မရဲ့အစ်ကိုခုန်းတောင် သူ့ကိုဆိုရင် သေမတတ်ကြောက်တာ။ ရှင်ကတော့ ကျွန်မအတွက် ပြဿနာတွေရှာပေးနေတာပဲ”
စိတ်ပျက်နေသော်လည်း လီမုန့်က ဆက်ပြုံးနေဆဲပင်။
"ဪ... ဒါရိုက်တာချင်း ရှင့်ရဲ့လူရွေးစွမ်းရည်က ထူးချွန်လိုက်တာ။ မစ္စတာယဲ့ ဒီကားထဲမှာ သရုပ်ဆောင်မှတော့ သေချာပေါက် အောင်မြင်မှာပါ"
လူတိုင်း ကြောင်အသွားကြသည်။ ယဲ့ချန်းကဘယ်သူများလဲ။
လီမုန့်ကိုယ်တိုင်ကပင် သူ့ကို မြှောက်ပင့်နေရအောင် သူက ဘယ်လောက်အထိ ဩဇာရှိလို့လဲ။
လီမုန့်က ယခုလေးတင် ရောက်လာသည်ဖြစ်ရာ ယဲ့ချန်း၏ သရုပ်ဆောင်ချက်ကို ဘယ်လိုမြင်နိုင်မည်နည်း။ ဤသည်မှာ သိသာထင်ရှားလှသော မြှောက်ပင့်မှုပင်။
မူလက လူတိုင်းသည် လီမုန့်က သူတို့ကို အပြစ်လာတင်လိမ့်မည်ဟု ထင်ထားကြသည်။
လီမုန့်၏အဖေက ရီတာ့လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌဖြစ်ကြောင်း သိထားရပေမည်။ သို့သော် ထိုကဲ့သို့သော လူကုံထံ၏ သမီးဖြစ်သူကပင် ယဲ့ချန်းကို မြှောက်ပင့်နေရသည်။
ယဲ့ချန်းက ဘယ်သူများလဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ပဲလေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချင်းမင်နှင့် ဟူယီတို့လည်း တွေဝေသွားကြသည်။ အမြဲခက်ထန်ပြီး မာနကြီးသော ဥက္ကဋ္ဌလီက ယနေ့တွင် ဘာကြောင့် ဤမျှအထိ နူးညံ့နေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိလှချေ။
“ဒါနဲ့... အချောလေး... ရှင်က ဘယ်ဇာတ်ကောင်နေရာက သရုပ်ဆောင်နေတာလဲ”
ချင်းမင်က ဘေးမှနေ၍ မြှောက်ပင့်သောလေသံဖြင့် ပြောလိုက်သည်။
“ဒီညီလေးက ဒုတိယမင်းသားနေရာက သရုပ်ဆောင်နေတာပါ”
“ဘာ... ဒုတိယမင်းသား ဟုတ်လား”
လီမုန့်၏ အမူအရာကား မကျေနပ်မှုများဖြင့် ပြည့်နှက်သွားပြန်သည်။
လူတိုင်း ချက်ချင်းအံ့အားသင့်သွားလေသည်။ ချင်းမင်လည်း ရင်ထဲ လေးလံသွားသည်။
“သူက သရုပ်ဆောင်အရည်အချင်းရော ရုပ်ရည်ပါါ ရှိတယ်လေ။ သူက ဘယ်လိုလုပ်ပြီး ဒုတိယမင်းသားနေရာက သရုပ်ဆောင်ရမှာလဲ။ သူက အဓိကဇာတ်ဆောင်မင်းသား ဖြစ်ရမယ်”
•••••••••••••••••••••••••••