← Chapters

အကြောင်းအရင်း

Vol. 20 Ch. 277

အကြောင်းအရင်း

Vol. 20 Ch. 277

ပိုင်စုနှင့် စုမင်တို့ကြားမှ ပထမဆုံး အစစ်အမှန် ထိတွေ့ဆက်ဆံမှုသည် ကောင်းကင်ကြီးမည်းမှောင်လာပြီး လထွက်လာချိန်၌ အဆုံးသတ်သွားခဲ့သည်။ သူမ ထိုနေ့တွင်အနိုင်ရခဲ့သည်ဟု ပိုင်စုကတွေးထင်ခဲ့သည်။ သူမ အကောင်းဆုံးလုပ်ခဲ့၍ သူမကို စုမင်သတိပြုမိစေရန် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပြီး စုမင်နှလုံးသားထဲတွင် ခပ်ဖျော့ဖျော့အမှတ်အသားတစ်ခုကို မျိုးစေ့ချနိုင်ခဲ့ပြီဟု ပိုင်စုက တွေးထင်သွားခဲ့သည်။

အကယ်၍ သူမ မနိုင်ခဲ့ဘူးဆိုလျှင်၊ သူမအား နံနက်ခင်းတွင် ပထမဆုံးမြင်လိုက်ချိန်က အဘယ်ကြောင့် စုမင် မိန်းမောတွေဝေသွားခဲ့ပါသနည်း။ အကယ်၍ သူမသာအနိုင်မရခဲ့လျှင်၊ သူမခုန်ချစဉ်က အဘယ်ကြောင့် ထိုသိမ်မွေ့ညင်သာသော လေပြေကို စုမင်အသုံးပြုခဲ့ပါသနည်း။

ထိုအကြောင်းကိုတွေးမိသောအခါ၊ ပိုင်စုတစ်ယောက် သူမနှလုံးသားသည် အခုန်မြန်နေသည်ဟု ခံစားနေရလေသည်။ သတ္တမတောင်ထွတ်ရှိ သူမလှိုဏ်ဂူအတွင်း ထိုင်ချလိုက်ပြီး သူမရှေ့မှ ကြေးမုံမှန်ကိုကြည့်လိုက်သည်။ မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် သူမ၏ကိုယ်ပိုင်ပုံရိပ်ကို ကြည့်လိုက်မိပြီး တစ်ဖြည်းဖြည်းဖြင့် သူမမျက်နှာပေါ်တွင် ဂုဏ်ယူနေသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“စုမင်၊ ကျွန်မအဲလိုလုပ်လိမ့်မယ်လို့ ရှင်မျှော်လင့်ထားမှာမဟုတ်ဘူး။ ဟဟ”

ဖြစ်ပျက်ခဲ့သောအရာကို ပြန်တွေးလိုက်မိသောအခါ သူမရင်ဘတ်မှ နှလုံးခုန်နှုန်းများမြန်ဆန်လာခြင်းအပြင် သူမထံတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုလည်း မြင့်တက်ဖြစ်ပေါ်လာခဲ့သည်။

ထိုကဲ့သို့ရူးသွပ်သည့်အရာမျိုး လုပ်ရန် သူမကိုဘယ်အရာက တွန်းအားပေးသွားမှန်း သူမ မသိပေ။ ထိုအချိန်အခိုက်အတန့်တွင် သူမသည် သူမကိုယ်တိုင်မဟုတ်တော့ပဲ အခြားလူတစ်ဦးအဖြစ် လုံးဝပြောင်းလဲသွားသကဲ့သို့ပင်။

ကြေးမုံမှန်ကိုပြန်ကြည့်လိုက်ရာ မှန်အတွင်းမှလူသည် သူမအတွက် ထူးဆန်း၍ ရင်းနှီးကျွမ်းဝင်ခြင်းမရှိ ဖြစ်လာရသည်။ ထိုလူက ဆံပင်များကို အနီရောင်ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသည်။ ကျစ်ဆံမြီးများသည် ပုခုံးများပေါ်ကျဆင်းနေပြီး နံဖူးထက်တွင် သလင်းကျောက်လေးများရှိနေ၏။ ဤပုံပန်းသွင်ပြင်သည် ယခင်က ပိုင်စုတစ်ခါမှ မပြင်ဆင်ကြည့်ခဲ့ဖူးသည့် အရာတစ်ခုဖြစ်သည်။

သူမကိုယ်သူမ ကြည့်လိုက်ပြီးနောက် ထိုအတိုင်းပင် ဆက်ကြည့်နေမိလေသည်...

“ဒီပုံစံက သိပ်တော့မဆိုးပါဘူး...”

ပိုင်စုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီးနောက် မျက်လုံးများကို ဖြည်းဖြည်းချင်းပိတ်လိုက်ကာ တရားထိုင်ခြင်းအတွင်း နစ်မြုပ်သွားတော့သည်။ ထိုနေ့တွင် သူမ စစ်မာရှင်းကိုသွားမရှာခဲ့ပေ။ အမှန်တော့ စစ်မာရှင်း၏နာမည်သည် တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးသော ဖြစ်ရပ်တစ်ခုလိုပင် သူမစိတ်ထဲပေါ်မလာခဲ့ခြင်းဖြစ်သည်။

သူမကိုယ်တိုင်တောင် သတိမပြုမိသည့် ပျော်ရွှင်မှုတစ်ခု၊ နှုတ်ခမ်းများထက်မှ နှစ်နှစ်ခြိုက်ခြိုက် အပြုံးတစ်ခုနှင့်အတူ  နောက်တစ်နေ့အား စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့လေသည်။

ထိုညတွင် နဝမတောင်ထွတ်ကတော့ တိတ်ဆိတ်နေခဲ့သည်။ ကျီချဲသည် စုမင်လှုဏ်ဂူရှေ့တွင် ရိုသေလေးစားစွာရပ်နေခဲ့၏။ သူ့အရှေ့တွင်တော့ လက်သီးဆုပ်အရွယ် ရေခဲတုံးများ တစ်ဒါဇင်ခန့်ရှိနေချေသည်။

ရေခဲတုံးများမှ အေးစက်သည့်လေများ စိမ့်ထွက်နေပြီး လေဖြတ်သန်းတိုက်ခတ်သွားချိန်တွင် လေအေးများသည် စုမင်မျက်နှာကိုဖြတ်သန်းသွားသဖြင့် သူ့မျက်လုံးတို့တောက်ပသွားရသည်။

“ဒီကျောက်တုံးက အပူပေးရင်တောင် အရည်မပျော်ပေမယ့် ခိုင်ခံ့မှုတော့မရှိဘူး။ လေအေးကိုသုံးပြီး ကျောက်တုံးတွေကို ပုံစံအမျိုးမျိုး ပုံသွင်းလို့ရတယ်။ ဆရာ ငါ့မှာအချိန်အများကြီး မရခဲ့လို့ ကျောက်တုံးတွေကို ဒီလောက်ပဲရှာနိုင်ခဲ့တယ်... ဒါပေမယ့် စိတ်မပူပါနဲ့။ ငါ ဆက်ရှာလိုက်ပါ့မယ်။ ငါ့ကို တစ်လလောက်ပဲ အချိန်ပေးရင် ပိုပြီးတော့များများ စုဆောင်းနိုင်ပါလိမ့်မယ်” ကျီချဲက လေးလေးစားစား ပြောလိုက်သည်။ စုမင် ခေါင်းညိတ်ပြသည်ကိုမြင်သောအခါ ပေရာအနည်းငယ်ခန့်အဝေးထိ  နောက်ဆုတ်လိုက်ပြီးမှ ထိုင်ချကာ အမိန့်အသစ်များကို စောင့်ဆိုင်းနေလေသည်။

စုမင် တစ်ဒါဇင်ခန့် ရေခဲတုံးများကို ကြည့်ပြီး တစ်ခုကိုကောက်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့လက်ထဲမှရေခဲတုံး၏ အလေးချိန်စီးမှုကို ခံစားလိုက်ရလေသည်။ ထိုအရာသည် လက်သီးဆုပ်အရွယ်အစားသာရှိသော်လည်း လူတစ်ဦး၏ အရပ်ခန့်ရှိသော တောင်တစ်လုံးအား ဆုပ်ကိုင်ထားရသည်ဟု ခံစားနေရချေသည်။

“ထူးဆန်းလိုက်တဲ့ ကျောက်တုံး၊ ဒါပေမယ့် သူ့မှာအဲလိုအားနည်းချက်မျိုး ရှိနေတယ်”

စုမင် ညာလက်ကိုဖြစ်ညစ်ဆုပ်ကိုင်လိုက်သည်။ ရေခဲတုံးပေါ်တွင်အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ အပိုင်းအစများစွာ ပြိုကွဲပျက်စီးသွားတော့သည်။ သို့သော် အပိုင်းအစတစ်ခုစီတိုင်းသည် ၎င်းတို့၏အမှန်တစ်ကယ် အရွယ်အစားထက် ပိုမိုလေးလံနေဆဲဖြစ်သည်။

ပြိုကွဲနေသော အပိုင်းအစများကို ကောက်ယူလိုက်ပြီးသည်နှင့် ဘယ်လက်ဖြင့် သိုလှောင်အိတ်ထဲမှ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းထွက်ပေါ်လာသည်နှင့် ကျီချဲမျက်လုံးများက ချက်ချင်းကျဉ်းမြောင်းသွားခဲ့သည်။

ထိုအရာက စက်ဝိုင်းပုံပုလဲတစ်လုံးဖြစ်သည့် ဝိညာဉ်လုယက်ပင်ဖြစ်သည်။

ဆေးလုံးသည် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှအလင်းများကို စုပ်ယူသွားရာ ထိုဧရိယာတစ်ဝိုက် မည်းမှောင်သွားပြီး စုမင်အရှေ့တွင် လေဟာနယ်တစ်ခု လွင့်မျောနေသည့်ပုံမျိုး ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးသာ ဆေးလုံးအပြင်မှ အလင်းဖျော့ဖျော့ကို ဖြတ်သန်း၍ ဆေးလုံးအတွင်းသို့ မြင်နိုင်မည်ဆိုလျှင် ဆေးလုံးအတွင်းတွင် ဖြည်းညင်းစွာရွေ့လျားနေသည့် မီးခိုးငွေ့အစုအဝေးများကို တွေ့မြင်နိုင်ပေလိမ့်မည်။ ထိုမီးခိုးငွေ့များ၏အလယ်၌ ရေခဲပန်းပွင့်တစ်ခုရှိနေခဲ့သည်။ ရေခဲပန်းပွင့်အထက်တွင်

မျက်ဆံနှစ်ခုပါသည့် ထူးဆန်းသောမျက်လုံးတစ်ခု ရှိနေသည်။

အေးခဲကောင်းကင်ကလန်မှ လူအများစုသည် အအေးကိုအသုံးပြုသည့်ပညာရပ်များ လေ့ကျင့်ကြသော်လည်း စုမင်ကတော့ ဤရေခဲတုံးများကို သူလိုသည့်ပုံစံသွင်းနိုင်မည့် လေအေးများထုတ်ဖော်နိုင်ခြင်း မရှိပေ။

သို့သော် စုမင်တွင် ဝိညာဉ်လုယက်ရှိသည်။ ဆေးလုံးထဲတွင် စစ်မာရှင်းမာန်အမှတ်အသား၏ အပိုင်းအစတစ်ခုလည်း ရှိသည်။ စုမင် ဘယ်လက်ဖြင့် ဝိညာဉ်လုယက်ကို ညွှန်ပြလိုက်သည်နှင့် ဆေးလုံးပေါ်မှ အလင်းဖျော့ဖျော့သည် ချက်ချင်းပျောက်ကွယ်သွားပြီး မီးခိုးငွေ့များပေါ်တွင် ချိပ်ပိတ်ခံထားရသည့် ရေခဲဖြင့်အစားထိုးသွားခဲ့သည်။

စုမင်ဘယ်လက်ကို ရေခဲပန်းပွင့်မှ လေအေးများဝန်းရံသွားသည်။ သူ့လက်ကို ရေခဲတုံးများပေါ်သို့ ဖိနှိပ်လိုက်သောအခါ လေအေးများက ၎င်းတို့ကိုပျံ့နှံ့ဝန်းရံသွားသည်။

လေအေးများသည် ရေခဲတုံးများအတွင်း စိမ့်ဝင်သွားပြီး ဒါဇင်ခန့်ရေခဲတုံးများနှင့် ဖြည်းညင်းစွာပေါင်းစပ်သွားသည်နှင့်  ရေခဲတုံးများက စတင်ကျူံ့လာကြသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် အချိန်ကြာသွားပြီးချိန်တွင် စုမင်လက်ကို ပြန်မြှောက်လိုက်ပြီး လေအေးများပျောက်ကွယ်သွားသောအခါ သူ့ရှေ့တွင် ထိုဒါဇင်ခန့်ကျောက်တုံးများမှ ဖြစ်ပေါ်လာသည့် ရေခဲကြိုးကွင်းနှစ်ခု ပေါ်လာခဲ့သည်။

ထိုကွင်းနှစ်ကွင်းသည် ပုံမှန်အရွယ်အစားရှိပြီး အလွန်ပျက်စီးလွယ်ကြသည်။ ခွန်အားနည်းနည်းလေးသုံးလိုက်မည်ဆိုလျှင်တောင် ၎င်းတို့က ပျက်စီးသွားပေလိမ့်မည်။ သို့သော် ကွင်းနှစ်ခုပေါင်း၏ အလေးချိန်ကတော့ တောင်ကုန်းငယ်လေးတစ်ခုနှင့် ညီမျှပေသည်။

စုမင် ကွင်းများကိုကောက်ယူလိုက်ရာ သူ့မျက်နှာထက်တွင် လေးနက်သောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းနှစ်ခုသည် အလွန်လေးလံသော်လည်း သူ မ မနိုင်သေးတာတော့ မဟုတ်ပေ။ သို့သော် သူ့တွင် ဤအကွင်းအစုံလိုက်များ ပိုများများရှိလျှင်တော့ သူ့ချီကို မလှည့်ပတ်ပါက ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့် ၎င်းတို့ကို ရွေ့လျားနိုင်လိမ့်မည်မဟုတ်ပေ။

‘ငါ့အမြန်နှုန်းတိုးလာအောင် မင်းတို့ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’

စုမင်မျက်လုံးများအတွင်း အလင်းတစ်ဖြာ တောက်ပသွားပြီး မတ်တပ်ထရပ်ကာ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။

သူ ခြေလှမ်းလိုက်သည့် အခိုက်အတန့်မှာပင် စင်မြင့်က တုန်ခါသွားသည်။

‘မလုံလောက်သေးဘူး’

စင်မြင့်ပေါ်တွင် စုမင်ရှေ့နောက် ပတ်လျှောက်လိုက်သည်။ သူ့အတွက် အဆင်မပြေ သိပ်မဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူထိုအရာကို ထပ်မစဉ်းစားတော့ပဲ ပြန်ထိုင်ချလိုက်တော့သည်။ သူ့မျက်နှာပေါ်သို့ လရောင်ဖြာကျလာချိန်တွင် ကောင်းကင်မှလကို မော့ကြည့်လိုက်မိပြီး သူ့မျက်လုံးများထဲတွင် စဉ်းစားတွေးတောနေသည့် အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‘ငါ့အမြန်နှုန်းတိုးလာအောင် ရေခဲတုံးတွေကို သုံးလို့ရတယ်ဆိုပေမယ့် အဲဒါက ငါ့ရုပ်ခန္ဓာရဲ့အမြန်နှုန်းကိုပဲ တိုးလာအောင်လုပ်လို့ရမှာ။ ငါ ပျံသန်းတဲ့အမြန်နှုန်းကိုတော့ တိုးလာအောင်ကူညီပေးနိုင်မှာမဟုတ်ဘူး...’

‘အဲဒါက ရုပ်ပိုင်းဆိုင်ရာစွမ်းရည် မဟုတ်ပဲ ပညာရပ်တစ်ခုလိုတာ...’

စုမင် ကောင်းကင်ပေါ်မှလကို ကြည့်နေရင်း သူ့မျက်လုံးများထဲတွင် မြင်ကွင်းတစ်ခု ဖြည်းဖြည်းချင်းဖြစ်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းထဲတွင် မိုးကုပ်စက်ဝိုင်း၌ ရွှေရောင်အလင်းတစ်ခု တောက်ပနေခဲ့သည်။ ထိုရွှေရောင်အလင်းသည် လေပြင်းမုန်တိုင်းတစ်ခုသဖွယ် အသက်တစ်ကြိမ်ရှူစာအတွင်းမှာပင် လီ၁၀၀၀၀ခန့် ဖြတ်သန်းလာခဲ့ပြီး စုမင်တို့ရှိနေရာသို့ ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် နီးကပ်လာကာ ပေ၁၀၀၀၀ခန့် အရွယ်အစားရှိမည့် ရွှေရောင်ငှက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“အဲဒါက ငါတွေ့ဖူးသမျှထဲမှာ အမြန်ဆုံးအရှိန်နှုန်းပဲ” စုမင် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။

ခဏအကြာတွင် စုမင် မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ပုံဆွဲကားချပ်ကိုထုတ်ယူလိုက်သည်။ ထို့နောက် ညာလက်ဖြင့် မျဉ်းကြောင်းအချို့ ဆွဲသားလိုက်ရာ သူ့မျက်စိရှေ့မှ ပုံဆွဲကားချပ်ပေါ်တွင် ရွှေရောင်ငှက်ကြီးတစ်ကောင် ချက်ချင်းပေါ်လာခဲ့သည်။

‘ငါ့အမြန်နှုန်းအတွက်ကတော့ ငါ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ရေခဲတုံးတွေကိုသုံးလို့ရတယ်။ အဲဒီက ဖိအားကိုတောင့်ခံပြီး အမြန်လျှောက်နိုင်လာရင် အဲအမြန်နှုန်းက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာအမြန်နှုန်း ဖြစ်လာလိမ့်မယ်’

‘အဲလိုမျိုးပဲ ရွှေရောင်ငှက်ကြီး အတောင်ပံခတ်လိုက်တဲ့ အခိုက်အတန့်ကို ပုံတူကူးပြီး ငါ့ရုပ်ပုံဖန်တီးမှုရဲ့ ဒုတိယပုံစံအဖြစ် သုံးလို့ရတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ငါ့အမြန်နှုန်းကို ပိုမြန်လာအောင် လုပ်နိုင်လိမ့်မယ်’

စုမင်မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ဟန်များ ဖြစ်ပေါ်လာခဲ့သည်။

‘ခုခံကာကွယ်မှုအတွက်ကတော့... အစ်ကိုသုံး ငါ့ဆီ အစီအရင်တွေယူလာတာကို စောင့်ပြီးမှ ငါ့စမ်းသပ်မှုတွေကို စလုပ်လို့ရလိမ့်မယ်’

အချိန်အတော်ကြာသည်အထိ စုမင်အတွေးများထဲသို့ ပြန်လည်နစ်မြုပ်သွားပြီးနောက်မှသာ အာရုံပြန်စုစည်းလိုက်ပြီး ပုံဆွဲကားချပ်ပေါ်တွင် နောက်တစ်ကြိမ်ပြန်စဆွဲလိုက်သည်။

ပုံဆွဲခြင်းအတွင်း အလွန်နစ်မြုပ်သွားသဖြင့် ပတ်ဝန်းကျင်မှ အရာအားလုံးကိုမေ့လျော့သွားတော့သည်။ သူ့စိတ်အာရုံတစ်ခုလုံးသည် ပုံဆွဲကားချပ်ပေါ်တွင်သာ ရှိနေပြီး သူဆွဲသားသည်နှင့်အမျှ ပျံသန်းနေသော ရွှေရောင်ငှက်များသည်လည်း ပုံဆွဲကားချပ်ပေါ်တွင် အကြိမ်ကြိမ်ဖြစ်ပေါ်လာခဲ့သည်။

ရွှေရောင်ငှက်များ အတောင်ပံခတ်လိုက်သည့် အကြိမ်တိုင်းတွင်၊ သူတို့၏ အမွှေးအတောင်များ ပြောင်းလဲသွားသလို သူတို့ခန္ဓာကိုယ်များကလည်း အသွင်ပြောင်းသွားကြပြီး စုမင်လက်အောက်တွင် ငှက်တစ်ကောင်ချင်းစီ၏ ကွဲပြားခြားနားမှုများက ပိုမိုရှင်းလင်းပြတ်သားလာခဲ့သည်။

သူ စစ်မာရှင်း၏ ဓားချက်တိုက်ခိုက်မှုကို ပုံတူကူးခဲ့စဉ်အချိန်ကအတိုင်းပင် ဖြစ်သည်။

သူ့ကိုယ်ပိုင်ဖန်တီးမှုကို ရှာတွေ့သည်အထိ သူထိုအရာကို အဆက်မပြတ် ပုံတူကူးနေတော့မှာ ဖြစ်သည်။

နံနက်ခင်းအချိန်ရောက်လာပြီး အဝေးရှိမိုးကုပ်စက်ဝိုင်းတွင် နေထွက်လာသောအခါ ပိုင်စုတစ်ယောက် နဝမတောင်ထွတ်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

သူမသည် ပထမနေ့ကအတိုင်း ဝတ်ဆင်ထားဆဲဖြစ်ပြီး သွားစွယ်လေးများကို ဖော်ပြရင်းပြုံးနေဆဲဖြစ်သည်။ မျက်နှာထက်တွင် ဂုဏ်ယူနေဟန် အမူအယာတစ်ခုနှင့်အတူ ကျီချဲကိုဖြတ်ကျော်လာပြီး စုမင်ရှေ့သို့လျှောက်လာခဲ့သည်။ ဖြာကျနေသော နေရောင်ခြည်များနှင့်အတူ  ထိုနေရာတွင်ထိုင်လျက် ပုံဆွဲကားချပ်ပေါ်တွင် ပုံဆွဲနေသော စုမင်အား ငေးကြည့်လိုက်မိချေသည်။

ပိုင်စုသည် ဘေးတွင်ရပ်လျက် တစ်ခဏခန့်စောင့်ကြည့်နေခဲ့သော်လည်း ပုံဆွဲကားချပ်ပေါ်တွင် လှုပ်ရှားနေသည့် စုမင်လက်ချောင်းများကိုသာ တွေ့နေရပြီး သူဆွဲသားနေသည့်အရာကိုတော့ မမြင်ရပေ။ သူမအမြင်တွင်တော့ ပုံဆွဲကားချပ်က ဗလာကြီးပင်ဖြစ်သည်။

အချိန်အတော်ကြာပြီးချိန်တွင်တော့ သူမစိတ်မရှည်ဖြစ်လာတော့သည်။

“ဟေး ကျွန်မဒီမှာစောင့်နေတာ နေ့တစ်ဝက်လောက်ရှိတော့မယ်။ ကျွန်မ မရှိသလို ဟန်ဆောင်နေတာရပ်လိုက်တော့”

စုမင်ကတော့ သူမကိုမကြားသလိုမျိုး ပုံဆက်ဆွဲနေခဲ့သည်။ အဝေးမှကျီချဲတစ်ယောက် ထိုအရာကိုမြင်လိုက်သောအခါ မပီမသပြုံးလိုက်မိပြီး သူတို့ကိုဆက်မကြည့်ရန် ခေါင်းပြန်လှည့်လိုက်တော့သည်။ စုမင်လုပ်ရပ်များကို သူနားမလည်ပေ။ အကယ်၍ စုမင်သာ ထိုကောင်မလေးကိုမုန်းလျှင် အဘယ်ကြောင့်သူမကို ဤနေရာသို့လာခွင့်ပြုခဲ့သနည်း။ အကယ်၍ သူ သူမကိုမမုန်းလျှင်တော့ အဘယ်ကြောင့် ထိုကောင်မလေးနှင့် အစတည်းက မတွေ့နိုင်ခဲ့ရသနည်း။

ဤအရာနောက်ကွယ်မှ လျှိူ့ဝှက်ချက်များကို ကျီချဲဖြတ်သန်းမမြင်နိုင်ပေ။

စုမင်သည် သူမအားမကြားသကဲ့သို့ ဆက်ဟန်ဆောင်နေဆဲဖြစ်သည်ကို မြင်သောအခါ ပိုင်စုသည် ဟမ့်ခနဲအသံပြုလိုက်ပြီး စုမင်၏ပုံဆွဲကားချပ်ကိုဆွဲယူရန် ရှေ့တိုးလိုက်သည်။ သို့သော် သူမထိုသို့လုပ်တော့မည့်အခိုက်အတန့်မှာပင် အမျိုးအမည်မဖော်နိုင်သည့် အကြောင်းအရင်းတစ်ချို့ကြောင့် စုမင်မျက်နှာပေါ်မှ အာရုံစူးစိုက်နေသောအမူအယာကို မြင်လိုက်ရချိန်တွင် သူမ၏ဆန့်ထုတ်လိုက်သော လက်များက ရပ်တန့်သွားခဲ့ရသည်။

ခဏတာတွန့်ဆုတ်သွားသော်လည်း သူမလက်ကတော့ ပုံဆွဲကားချပ်ကိုဆုပ်ကိုင်မိသွားလေသည်။ ပုံဆွဲကားချပ်ကို ထိလိုက်မိသည့်အခိုက်အတန့်မှာပင် သူမဆံပင်များက ရုတ်တရက်လွင့်မျောသွားကာ စည်းနှောင်ထားသော ကြိုးနီလေးက ရုတ်တရက်ပြတ်ထွက်သွားပြီး သူမဆံပင်ရှည်များက ဝဲဖြာကျဆင်းသွားကြသည်။ သူမအား လေပြင်းများဖြတ်သန်းတိုက်ခတ်နေဟန်ဖြင့် သူမအဝတ်အစားများသည်လည်း စတင်၍ ပြင်းထန်စွာတဖျတ်ဖျတ် လှုပ်ရှားလာကြသည်။

ပိုင်စုမျက်နှာက ချက်ချင်းဖြူရော်သွားပြီး သူမသည် စိတ်ဝိညာဉ်ပျောက်ဆုံးသွားပြီး ပုံဆွဲကားချပ်အတွင်း စုပ်ယူခံလိုက်ရဟန်ဖြင့် သူမမျက်လုံးများက တွေဝေငေးမောလို့သွားသည်။ သူမမျက်လုံးများရှေ့တွင်တော့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် လောကတစ်ခု ပေါ်လာခဲ့သည်။

မှောင်မည်းနေသောကောင်းကင်ကို ဖြတ်သန်းသွားသည့်

ရွှေရောင်အလင်းတစ်ခုကို သူမမြင်လိုက်ရသည်။ ထိုရွှေရောင်အလင်းဖြတ်သန်းသွားပြီးသည်နှင့် အခြားတစ်ခုထွက်ပေါ်လာခဲ့သည်။

အချိန်မည်မျှကြာသွားမှန်း သူမ မသိသော်လည်း မရေမတွက်နိုင်သည့် ရွှေရောင်အလင်းများကို ပိုင်စုမြင်ခဲ့ရလေသည်။

သူမကိုယ်သူမပင် မေ့လျော့သွားပြီး သူမစိတ်များဗလာဖြစ်သွားတော့မည့် အခိုက်အတန့်မှာပင် မှုန်ရီဝိုးတဝါးလောကထဲတွင် အေးစက်စက်အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

“ဒါက မင်းအတွက် သင်ခန်းစာပဲ။ ငါကျင့်ကြံနေတာကို မနှောင့်ယှက်မိစေနဲ့”

ထိုစကားသံအပြီးတွင် ပိုင်စုသည် သူမစိတ်ဝိညာဉ်ကိုပြန်ရလာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချူပ်နိုင်သွားပြီဟု ခံစားလိုက်ရ၏။ တုန်ယင်သွားပြီး သူမရှေ့မှလောကက ပြိုကွဲပျက်စီးသွားခဲ့သည်။ သူမ မျက်လုံးများပြန်လည်ကြည်လင်သွားသည်နှင့် စုမင်မျက်လုံးများကို တွေ့လိုက်ရလေသည်။

စုမင်မျက်လုံးများသည် တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုများထဲတွင် သုမစိတ်နှလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည့် အစွမ်းတစ်ခုရှိနေခဲ့သည်။ စုမင်မျက်လုံးများအတွင်းမှ ထိုဖိနှိပ်နိုင်သည့်အစွမ်းသည်တော့ စစ်မာရှင်းမပိုင်ဆိုင်သည့် အရာတစ်ခုဖြစ်သည်။

သူ့အကြည့်အောက်တွင် ဖော်ပြမရနိုင်သော ကြောက်ရွံ့အားငယ်မှုတစ်ခုက ပိုင်စုတစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။ အထိတ်တလန့်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး သူမအမြင်အာရုံက ဝေဝါးသွားခဲ့ကာ မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့သည်။

စုမင်ထံတွင်ရှိသည့် မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်းမှ အခြားသူများထက်သာလွန်သော နတ်ဘုရားစိတ်အာရုံမျိုး ပိုင်စုထံတွင်မရှိသဖြင့် သူမ မူးမေ့သတိလစ်သွားခြင်းဖြစ်သည်။ သူမ၏ အားပျော့သောစိတ်နှင့်ဆိုလျှင် စုမင်၏ ထပ်တလဲလဲရေးဆွဲမှုမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် ရွှေရောင်ငှက်ကြီး၏ အလင်းကို ခုခံဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

“သူမကို ပြန်ပို့လိုက်။ ငါတို့ ရက်နည်းနည်းလောက်တော့ ငြိမ်းချမ်းရေးရသွားပြီ” စုမင် ဖြည်းညင်းစွာပြောလိုက်ပြီးနောက် ရွှေရောင်ငှက်ကြီးအား ပုံတူကူးသည့်အထဲသို့ ဆက်လက်နစ်မြောသွားတော့သည်။

ကျိချဲ အရှေ့ကိုအမြန်လျှောက်လာခဲ့သည်။ ထို့နောက် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ပြီး ပိုင်စုအား နဝမတောင်ထွတ်မှ အဝေးသို့ခေါ်ဆောင်သွားတော့သည်။

***

All Chapters