← Chapters

အခန်း (၆၈၁-၆၈၂)

Vol. 52 Ch. 681-682

အခန်း (၆၈၁-၆၈၂)

Vol. 52 Ch. 681-682

အခန်း ၆၈၁ - အဆင့်မြင့်အဆောက်အဦးပုံစံကွက်၊ အမွှေးအင်္ကျီ

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အဆင့်မြင့်အဆောက်အဦးပုံစံကွက် (SSS အဆင့်) ၁။”

ထိုလက်မှတ်ထိုးဝင်ခြင်းဆုလာဘ်ကို တွေ့လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့၏။

“ဒါက ဆန္ဒတွေဖြည့်ဆည်းပေးရမှာ မဟုတ်ဘူးလား။ ငါ့ကို အဆင့်မြှင့်တင်ရေးကတ် တစ်ခုခုဖြစ်ဖြစ်၊ ဒါမှမဟုတ် ကစားကွင်းအပန်းဖြေစခန်း တစ်ခုခုလောက်ဖြစ်ဖြစ် ပေးသင့်တာပေါ့။”

ယခင်က စနစ်သည် တစ်ကြိမ်ထက်မက ရှောင်းယီလိုအပ်သည့်အရာများကို လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်အဖြစ် ပေးသနားခဲ့သော်လည်း ဤအကြိမ်တွင် သူ၏ဆန္ဒအတိုင်း ဆုမပေးတော့ဟန်ရှိသည်။

“အဆင့်မြင့်အဆောက်အဦးပုံစံကွက် (SSS အဆင့်)- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင်အသုံးပြုပြီးနောက် လုံလောက်သော ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးရမည်။ ပြီးနောက် အဆင့်အမျိုးမျိုးရှိသော ရိုးရှင်းသည့်နေအိမ်များကို အကန့်အသတ်မရှိ တည်ဆောက်နိုင်သည်။ အခန်းအပြင်အဆင်များကို လွတ်လပ်စွာ ဒီဇိုင်းထုတ်နိုင်သည်။”

စနစ်၏ရှင်းလင်းချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်စွာ မေးလိုက်မိသည်။

“ဒါဆို ငါ တစ်ထပ်ပဲ တည်ဆောက်လို့ရမှာပေါ့။”

“ဟုတ်ပါတယ်။”

“သိပ်ကောင်းတယ်။ ဒါဆို ငါက အိမ်ပုံစံ အမျိုးမျိုးကို အပြည့်အဝ ဖန်တီးနိုင်ပြီမဟုတ်ဘူးလား။”

ရှောင်းယီသည် ဝမ်းသာစွာဖြင့် ပြောလိုက်ပြီးနောက် ထိုပုံစံကွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုလိုက်သည်။

သို့သော် လိုအပ်သောပစ္စည်းများကို ကြည့်ရှုလိုက်သောအခါ ရှောင်းယီ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

ဤပုံစံကွက်သည် ရိုးရှင်းသော အပြင်အဆင်ဖြင့်သာ လာခြင်းဖြစ်သောကြောင့် လျှပ်စစ်ပစ္စည်းများထဲရှိ ချစ်ပ်ပြားများကဲ့သို့သော အရာများစွာကို စတင်အသုံးပြုနိုင်ခြင်း မရှိသေးချေ။

ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူယခင် လက်မှတ်ထိုးဝင်ရာမှ ရရှိခဲ့သော ဥာဏ်ရည်တုဇီဝချစ်ပ် ထုတ်လုပ်သည့်စက်ကို ချက်ချင်း သတိရသွားပြီးနောက် မေးလိုက်သည်။

“စနစ် ဒီအဆောက်အဦးအဆင့်မြင့်ပုံစံကွက်မှာ လိုအပ်တဲ့ ချစ်ပ်တွေကို ဒီဥာဏ်ရည်တုဇီဝချစ်ပ်ကို အသုံးပြုလို့ရလား။”

“ရပါတယ်။ အဲ့ဒါကို တည်ဆောက်တဲ့အခါ အသုံးပြုမှုအညွှန်း ရွေးချယ်တဲ့နေရာကို သေချာအာရုံစိုက်ကြည့်လိုက်ပါ။”

စနစ်၏တုံ့ပြန်စကားကို ကြားလိုက်ရသောအခါ ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။

“အခု အခြေခံအားဖြင့်တော့ အကုန်စုံသွားပြီ။ သံမဏိနဲ့ ဘိလပ်မြေပဲ ပြတ်လပ်မှုများနေတာ။”

အဆင့်မြင့်အဆောက်အဦးများ တည်ဆောက်ရန်အတွက် သံမဏိနှင့် ဘိလပ်မြေ အမြောက်အမြား လိုအပ်သည်။ လက်ရှိတွင် သံမဏိကို အဓိကအားဖြင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအတွက် ထောက်ပံ့ပေးနေရပြီး ကျွန်း၏ရထားလမ်း သယ်ယူပို့ဆောင်ရေး တည်ဆောက်မှုသည်ပင်လျှင် ရပ်တန့်နေခဲ့ရသည်။

ဘိလပ်မြေနှင့်ပတ်သက်၍မူ သတ္တုတူးဖော်စက်များနှင့် အရည်ကျိုစက်များသည် ဒေသခံကျွန်းများပေါ်တွင် အလုပ်လုပ်နေကြရသောကြောင့် ဘိလပ်မြေအတွက် လိုအပ်သော အဓိကကုန်ကြမ်းဖြစ်သည့် ထုံးကျောက်ကို တူးဖော်ရန်အတွက် ချင်းဖန်းထံသို့ သွားရောက်ရန် အချိန်မရှိသေးချေ။ ထို့ကြောင့် ရှောင်းယီတွင် ဘိလပ်မြေဖော်မျူလာရှိသော်လည်း ယခုအချိန်ထိ ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။

“သံမဏိနဲ့ ဘိလပ်မြေသာ လုံလောက်မယ်ဆိုရင် ကျွန်းက အရင်းအမြစ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် နေရာလွတ်တွေ ပိုရလာလိမ့်မယ်။”

ရှောင်းယီ တစ်ကိုယ်တည်း တွေးလိုက်မိ၏။

သို့သော် ဤကိစ္စကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ထိုစဉ် ပိုင်ချီဆီမှ ဖုန်းဝင်လာ၏။

“ကျွန်းပိုင်ရှင် မဟာမိတ်အဖွဲ့အနောက်ဘက်ကျွန်းမှာ သတ္တုကြောအသစ်တစ်ခု ပေါ်လာပါပြီ။ မူလသံသတ္တုကြောရဲ့ အသစ်ပြန်လည်ဖြစ်ပေါ်မှုကာလက ငါးရက်ရှိပါတယ်။ ဒါက ကျုပ်တို့ သူ့ကိုတူးဖော်ပြီးနောက် ငါးရက်အကြာမှာ နောက်တစ်ကြိမ် ထပ်ပြီးအသစ်ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုလိုနေပါတယ်။”

“ကောင်းပြီ မင်းတို့ကျွန်းပေါ်က သတ္တုကြောနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ပိုင်ချီက ပြန်ဖြေလိုက်၏။

ပိုင်ချီအား ညွှန်ကြားပြီးနောက် ရှောင်းယီသည် ယီထျန်းအုပ်စုသို့ ပြောင်းလိုက်သည်။

“ဒီနှစ်ရက်အတွင်း အပူချိန်ကျဆင်းမှုက တကယ်ကို သိသာလာတယ်။ ကံကောင်းတာက မနေ့က သူဌေးဆီက အမွှေးအင်္ကျီကို ဝယ်ထားမိလိုက်တာပဲ။ အဲ့ဒါက တကယ်ကို အရမ်းနွေးတယ်။”

“အမှန်ပဲ အရင် ထောက်ပံ့သေတ္တာတွေထဲကနေ ရခဲ့တဲ့အမွှေးအင်္ကျီတွေထက်ကို ပိုနွေးတယ်။”

“သူဌေး ကျုပ်တို့ နည်းနည်းလောက် ထပ်ဝယ်ချင်သေးတယ်။ ကျုပ်တို့ကျွန်းမှာ ဒေသခံတွေ အများကြီး ကျန်နေသေးတယ်။ မနေ့က သူတို့ကို တကယ်မေ့သွားခဲ့မိတယ်။”

“ကျုပ်တို့ရောပဲ သူဌေး ခင်ဗျားဆီမှာ အဲဒါတွေ ရှိသေးလား။”

ဂရုအတွင်းရှိသူများ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီသည် လီယန်ဆီသို့ ဖုန်းခေါ်လိုက်၏။

“အန်တီလီ အခု အမွှေးအင်္ကျီထုတ်လုပ်မှုအခြေအနေ ဘယ်လိုရှိလဲ။”

“အမွှေးအင်္ကျီတွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ရိုက်အသုံးပြုပြီး ထုတ်လုပ်နိုင်တော့ အမွှေးအင်္ကျီထုတ်လုပ်မှုက ငါတို့ရဲ့ ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှုအရှိန်အဟုန်အပေါ် လုံးဝမူတည်နေတယ်။ ငါတို့ချည်ငင်စက်ရုံရဲ့ လက်ရှိထုတ်လုပ်မှုအရဆိုရင် တစ်နေ့ကို အထည် ၆၀,၀၀၀ လောက်ထိ ထုတ်လုပ်နိုင်တယ်။”

လီယန်က ပြန်ဖြေလိုက်သည်။

“ကိုယ့်လူတွေ အကုန်လုံးကို အမွှေးအင်္ကျီတွေ အစုံပေးပြီးပြီလား။”

ရှောင်းယီက မေးလိုက်၏။

“အကုန်လုံး ပေးပြီးသွားပါပြီ။”

လီယန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဒါဆို အထည် ၁၀၀,၀၀၀ လောက် စတော့ရှိနေအောင် လုပ်ထား‌ပေးပါဦး။ ရောင်းနိုင်သလောက်ကိုပဲ ထပ်ပြီးထုတ်လုပ်သွားလိုက်ပါ။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“စျေးနှုန်းကရော။”

လီယန်က မေးလိုက်၏။

“ပထမဆုံး အုတ်မြစ်ကျောက် ၁၅ ယူနစ်စီ သတ်မှတ်လိုက်ပါ။ ကျွန်းပေါ်ကို အပန်းဖြေဖို့ လာတဲ့သူတွေအတွက်က ၁၂ ယူနစ်စီနဲ့ အများဆုံး ဆယ်ထည်အထိ ဝယ်ယူနိုင်တယ်။”

ရှောင်းယီက ဖြေလိုက်သည်။

မနေ့က ရှောင်းယီ အပြင်ဘက်သို့ ရောင်းချခဲ့သော စျေးနှုန်းမှာ အုတ်မြစ်ကျောက် ၁၀ ယူနစ်စီ ဖြစ်သောကြောင့် သာမန်ရောင်းချသော စျေးနှုန်းသည်လည်း အလွန်နိမ့်နေကျနေ၍မရချေ။

ဤသို့ဖြင့် လူတိုင်းသည် မိမိတို့ကိုယ်ပိုင် ပရိုမိုးရှင်းကာလ၊ ဆိုလိုသည်မှာ နှစ်ဆတိုးသောအခြေအနေအတွင်း၌ မိမိတို့၏ပစ္စည်းများကို ဝယ်ယူအားပေးကြမည်ဖြစ်ပြီး အများဆုံးအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်သည်။

“ဟုတ်ပြီ။”

လီယန်က ပြန်ဖြေလိုက်၏။

လီယန်အား ညွှန်ကြားပြီးနောက် ရှောင်းယီသည် ချက်ချင်း ဂရုအတွင်းသို့ စာတင်လိုက်သည်။

“ခဏနေရင် ကျုပ်တို့ အမွှေးအင်္ကျီတွေကို အုပ်စုထဲမှာ ထည့်ပေးပါမယ်။ ဒါပေမယ့် စျေးနှုန်းကတော့ မနေ့က ပရိုမိုးရှင်းထက် ပိုမြင့်သွားမှာပါ။ စျေးကြီးတယ်လို့ထင်ရင် နောက်ထပ်ပရိုမိုးရှင်းကာလကို စောင့်ပြီးမှ ဝယ်ယူကြပါ။ တစ်ချိန်တည်းမှာပဲ ကျွန်းပေါ်ကို အပန်းဖြေဖို့ လာရောက်တဲ့သူတွေအနေနဲ့ အမွှေးအင်္ကျီဆယ်ထည်ကို စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။”

“အိုး စျေးတက်လာမယ်ဆိုတာ ငါသိသားပဲ။ သူဌေးရဲ့အမွှေးအင်္ကျီတွေက ကင်းမြီးကောက်မစင်လိုပဲ ပြိုင်ဘက်ကင်းတယ်။”

“စျေးတက်သွားရင်တောင် နည်းနည်းလောက်တော့ ဝယ်ထားရမယ်။ မဟုတ်ရင် ဆောင်းရာသီမှာ အပြင်ထွက်အလုပ်လုပ်လို့ ရတော့မှာမဟုတ်ဘူး။ ဆုံးရှုံးမှုက အရမ်းကြီးသွားလိမ့်မယ်။”

“မှန်တယ်။ နည်းနည်းလောက်တော့ ဝယ်ကြရအောင်။”

ထိုစကားဝိုင်းကိုကြည့်နေရင်း ရှောင်းယီသည် ပြုံးလိုက်မိပြီး အပြင်ဘက်ရှိ စတင်ကာဗလာဖြစ်လာ‌နေသော သစ်ကိုင်းများကိုကြည့်ရင်း တစ်ကိုယ်တည်း တွေးလိုက်မိ၏။

“ဒီဆောင်းရာသီမှာလည်း အလွန်အမင်းအေးခဲမှုမျိုး ကြုံတွေ့ရဦးမလားမသိဘူး။”

စနစ်၏အသိပေးချက်: လက်ရှိအပူချိန် ၅.၃ ဒီဂရီ ဆဲလ်စီးယပ်စ်။

တကယ်ကို အနည်းငယ်အေးနေပြီဖြစ်သည်။ သို့သော် SS အဆင့် ရုပ်ခန္ဓာရှိသူတစ်ယောက်အနေနှင့် ရှောင်းယီသည် အထူးတလည်သိသိသာသာ မခံစားရချေ။

လူတိုင်း အမွှေးအင်္ကျီကိစ္စကို ဆွေးနွေးပြီးနောက် ခေါင်းစဉ်သည် နယ်မြေသစ် စူးစမ်းရှာဖွေမှုဆီသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။

အဆုံးတွင် တိုက်သစ်ကြီးသည် လက်ရှိအချိန်တွင် ၎င်းတို့၏အုတ်မြစ်ကျောက်များအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် ထိုဒေသခံကင်းထောက်အဖွဲ့များနှင့် ဆုံတွေ့ခဲ့ရခြင်းမရှိပါက ရတနာသေတ္တာများကို ဖွင့်သည့်အခါ သာမန်ထက် ပိုမိုများပြားစွာ ရိတ်သိမ်းနိုင်ခဲ့မည်ဖြစ်သည်။

“သူဌေးနောက်ကိုလိုက်တာ တကယ်ကောင်းတာပဲ။ အခမဲ့ တည်နေရာကူးပြောင်းပေးရုံတင်မကဘူး ဒေသခံစောင့်ကြပ်ရေးကမ်းရိုးတန်းကိုလည်း ကင်းလှည့်ပေးနေတော့ ကျုပ်တို့ အန္တရာယ်ကင်းကင်းနဲ့ ဆိုက်ကပ်နိုင်တယ်။”

“ဟုတ်တယ် ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး။ ဒေသခံတွေက ကျုပ်တို့ကို တမင်တကာ ဆိုက်ကပ်ခွင့်ပေးနေသလိုပဲ။”

“ဟင် ဒါက ဘာကိုဆိုလိုတာလဲ။”

“အဲဒီကင်းထောက်အဖွဲ့တွေက ကျုပ်တို့ ကမ်းကပ်တာနဲ့ ချက်ချင်း ရောက်မလာဘူး။ သူတို့က အတော်လေး ဝေးတဲ့နေရာကို ဆုတ်ခွာသွားတယ်။ ဒါက သူတို့က အစကတည်းက ကျုပ်တို့ကို သတ်ချင်တာ မဟုတ်ဘူးဆိုတာ သိသာနေတယ်လေ။”

“သူတို့က ကျွန်းတစ်ချို့ကို သိမ်းပိုက်ထားပြီးသွားပြီလေ။ တိုက်သစ်ကြီးတစ်ခုလုံး နစ်မြုပ်သွားမယ်ဆိုရင်တောင် သူတို့မှာ ထွက်ပေါက်ရှိသေးတယ်ဆိုတာ သိနေကြတာပဲ။ အဲ့ဒါကြောင့် ငါတို့ကို အသက်စွန့်ပြီး တိုက်ခိုက်ချင်မှာ မဟုတ်ဘူး။”

“ဖြစ်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ယီရန်ပင်းသူဌေးက ရန်သူ့ဘက်က SSS အဆင့် မှော်ဆရာတွေကို ဆက်တိုက်ဖမ်းဆီးခဲ့သေးတယ်။ အဲဒါကလည်း ရန်သူကို ထိတ်လန့်စေခဲ့တယ်ထင်တယ်။”

“ယီရန်ပင်းသူဌေးက တကယ့်ကို အံ့သြစရာပဲ။”

“ဒီလိုဆိုရင် ကျုပ်တို့ တိုက်သစ်ကြီးကို စူးစမ်းရှာဖွေနိုင်တဲ့အတွက် ယီရန်ပင်းသူဌေးကို ကျေးဇူးတင်ရမှာပေါ့။”

“မဟုတ်ရင်ရော...။ မင်းရဲ့အရည်အချင်းက တိုက်သစ်ကြီးကို ပေါ့ပေါ့ဆဆ သွားနိုင်တယ်လို့ တကယ်ထင်နေတာလား။”

သူတို့၏ဆွေးနွေးမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ရုတ်တရက် ပြဿနာတစ်ခုကို သဘောပေါက်သွားခဲ့၏။

စစ်မှန်သောဒေသခံအဖွဲ့များဖြစ်စေ၊ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသည့် ဒေသခံများပင်ဖြစ်စေ တိုက်သစ်ကြီးသို့ ဝင်ရောက်ကြသောအခါ ရတနာသေတ္တာများကို မဖြစ်ပေါ်စေနိုင်ချေ။ ဤရလဒ်ကို ယခင်ကတည်းက စမ်းသပ်ထားခဲ့ပြီးဖြစ်သည်။

ဆိုလိုသည်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ထားသည့် ထိုဒေသခံအင်အားစုများသည် ၎င်းတို့သည် မြို့ပြ သို့မဟုတ် နိုင်ငံများပင်ဖြစ်စေ တိုက်သစ်ကြီးပေါ်ရှိ ရတနာသေတ္တာများကို ဖြစ်ပေါ်စေနိုင်ခြင်းမရှိပါချေ။

ထို့ပြင် ကမ္ဘာ့စည်းမျဉ်းများ သို့မဟုတ် ဤကမ္ဘာ၏နောက်ကွယ်ရှိ လက်မည်းကြီးများသည် ဒေသခံများအား အချို့သောအဆင်ပြေမှုများကို ပေးထားသော်လည်း အုတ်မြစ်ကျောက်ကိုမူ တစ်ခါမျှ တိုက်ရိုက်ပေးခဲ့ပုံမရဘဲ လက်နက်များ၊ ထုတ်လုပ်မှုပုံစံများစသည့် အခြားအရာများကိုသာ ပေးခဲ့ဟန်ရှိသည်။

ဤသို့ဆိုလျှင် တိုက်သစ်ကြီးပေါ်ရှိ အုတ်မြစ်ကျောက်များအပြင် ဒေသခံများအား ထပ်ဆောင်းအုတ်မြစ်ကျောက်များ ရရှိစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ အသက်ရှင်ကျန်ရစ်သူများထံမှ အတင်းအကျပ် လုယူရန်သာဖြစ်သည်။

အခန်း ၆၈၂ အသက်ရှင်ကျန်ရစ်သူများ၏ အခန်းကဏ္ဍ၊ ဂျေဘီ ရောက်ရှိလာခြင်း

“အဲ့ဒီတိုက်ကြီးပေါ်က ဒေသခံတွေက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ခွင့်ပေးလိုက်တာပဲ။”

ရှောင်းယီ တွေးလိုက်မိ၏။

ဤသို့ဆိုလျှင် အသက်ရှင်ကျန်ရစ်သူများလက်ထဲရှိ အုတ်မြစ်ကျောက်အရေအတွက် တိုးလာမည်ဖြစ်ပြီး သူတို့အနေနှင့် လုယက်လိုက်ရုံဖြင့် အဆင်သင့်ရရှိနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် တံခါးခေါက်ကာ အပြင်မှ ဝင်လာပြီး ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် အခြေအနေအသစ်တစ်ခု ရှိနေတယ်။”

ထိုအခါ ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကြည့်ပြီး မေးလိုက်၏။

“မင်း အဲဒီဘက်က မဟာမိတ်အဖွဲ့တွေကို စီမံပြီးသွားပြီလား။”

“ပြီးသွားပြီ။ ရှောင်ပိုင်နဲ့ ဝမ်ချိုင်က စောင့်ကြပ်နေပြီးတော့ တည်နေရာကူးပြောင်းခြင်းအမှတ်ကို လက်နက်တွေနဲ့ နေ့ညမပြတ် ထောက်လှမ်းနေတဲ့ အစောင့်တပ်တွေလည်း အများကြီးရှိတယ်ဆိုတော့ ပြဿနာမရှိသင့်ဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“မင်းခုနကပြောတဲ့ အခြေအနေဆိုတာက ဘာများလဲ။”

“အဲ့ဒါကို ကျွန်းပေါ်က ရတနာသေတ္တာရှာဖွေနေတဲ့ ငါတို့အဖွဲ့တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာပဲ။ ဘာလဲဆိုရင် အဲ့ဒီတိုက်ကြီးပေါ်က အင်အားစုတွေက ငါတို့ကို ယှဉ်ပြိုင်ဖို့အတွက် အသက်ရှင်ကျန်ရစ်သူအကျဉ်းသားတွေကို တကယ်ပဲ အသုံးပြုနေကြတယ်။”

ကျန်းယွင်ထျန်း ပြန်ဖြေလိုက်၏။

“မျှော်လင့်ထားသလိုပဲ။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

ရှောင်းယီ၏ တုံ့ပြန်မှုကို တွေ့လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် အံ့အားသင့်သွားခဲ့ပြီး မေးလိုက်၏။

“မင်း ဒီအကြောင်းကို သိထားပြီးသားလား။”

“ခုနက ဂရုထဲမှာ လူတွေဆွေးနွေးနေတာကို မြင်ပြီး တစ်ချို့အချက်တွေကို ခန့်မှန်းမိခဲ့တယ်။ မင်းပြောလာတဲ့စကားတွေက ငါ့ရဲ့ခန့်မှန်းချက်တွေကို အတည်ပြုပေးလိုက်တာပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး သူ၏ခန့်မှန်းချက်များကို ရှင်းပြလိုက်သည်။

“ဒါဆို မင်းဆိုလိုတာက အဲ့ဒီတိုက်ကြီးပေါ်က ဒေသခံအင်အားစုတွေက ငါတို့ အသက်ရှင်ကျန်သူတွေက အုတ်မြစ်ကျောက်အရေအတွက် တိုးလာစေနိုင်တယ်ဆိုတာကို သိသွားပြီး ငါတို့ကို တိုက်ရိုက်သတ်ပစ်ဖို့ထက် ကျွန်ပြုဖို့ ဖြစ်နိုင်ခြေပိုများသွားပြီပေါ့။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူအဖွဲ့တွေကို တိုက်ကြီးထဲကို တမင်တကာဝင်ခွင့်ပေးပြီး အဲ့ဒီအဖွဲ့တွေ အုတ်မြစ်ကျောက်တွေ ရှာတွေ့တဲ့အခါ သူတို့က ထွက်လာပြီး လုယက်ကြလိမ့်မယ်။”

ကျန်းယွင်ထျန်းသည် အနည်းငယ် အံ့အားသင့်သွားကာ အကျဉ်းချုပ်လိုက်၏။

“ဟုတ်တယ်။ ဒါကသူတို့ရဲ့ အစီအစဉ်ဖြစ်သင့်တယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဒီစည်းမျဉ်းက ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကို လမ်းဖွင့်ပေးနေတာလား။”

ကျန်းယွင်ထျန်းက မသေချာမရေရာစွာဖြင့် ပြောလိုက်၏။

“ဒီအချိန်ထိ ရှင်သန်နိုင်တဲ့သူတွေကို အထက်ကလူတွေရဲ့ စံနှုန်းတွေအရ အသက်ဆက်ရှင်ထိုက်တယ်လို့ သတ်မှတ်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုစည်းမျဉ်းကို သိလိုက်ရသောအခါ ရှောင်းယီသည် ဝမ်းသာသင့်မှန်း၊ ဝမ်းနည်းသင့်မှန်းပင် မသိတော့ချေ။

“ဒါဆိုရင် လူတိုင်းကို အဖမ်းခံရမှာကို သတိထားဖို့ သတိပေးသင့်လား။ သူတို့ကို ဖမ်းမိသွားမယ်ဆိုရင် ဒေသခံတွေအတွက် အုတ်မြစ်ကျောက်ရှာဖွေပေးဖို့ ကိရိယာတွေဖြစ်သွာလိမ့်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အင်း ငါ ဂရုထဲမှာ ပြောလိုက်မယ်။”

ရှောင်းယီသည် သူ့ကို ခေါင်းညိတ်ပြကာ သူ၏ခန့်မှန်းချက်ကို ဂရုထဲတွင် စာတင်လိုက်၏။

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“ငါတော့ ဒါက ကောင်းတဲ့အရာလို့ထင်ရတယ်။ အနည်းဆုံး ငါတို့ဖမ်းမိသွားရင်တောင် အသက်အန္တရာယ်ကို မစိုးရိမ်ရတော့ဘူးပေါ့။”

“ဒါဆိုရင် စောစောက သိမ်းပိုက်ခံခဲ့ရတဲ့ ကျွန်းတွေပေါ်က အသက်ရှင်ကျန်ရစ်သူတွေရော အသက်ရှင်နေကြတုန်းပဲလား။”

“ဒါက ဖြစ်နိုင်ရုံတင်မကဘူး။ သူဌေးက သူတို့အဖွဲ့က ဒေသခံတွေ အကျဉ်းသားတွေကို ရတနာသေတ္တာရှာခိုင်းနေတာ ရှာတွေ့ပြီးသားလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။”

“ဒါဆိုရင် ငါတို့ ဒေသခံတွေဆီက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့ ကြိုးစားသင့်လား။ တကယ်လို့ ကယ်တင်လို့မရတော့ဘူးဆိုရင် သတ်ပစ်လိုက်မယ်လေ။”

“မင်း ဘာလို့ အဲလောက်တောင် ကြမ်းတမ်းနေရတာလဲ။ အသက်ရှင်ကျန်ရစ်သူတစ်ယောက် သေသွားရင် အုတ်မြစ်ကျောက် အခြေခံအရေအတွက်လည်း ကျဆင်းသွားလိမ့်မယ်။ ငါကန့်ကွက်တယ်။”

“ကျုပ်လည်း ကန့်ကွက်တယ်။ ကျုပ်တို့ သူတို့ကို မကယ်တင်နိုင်ရင်တောင်မှ ဒေသခံတွေ ရှာတွေ့တဲ့ အုတ်မြစ်ကျောက်က ဘယ်သူ့လက်ထဲရောက်လာမယ်ဆိုတာ မသေချာသေးပါဘူး။”

“ဟုတ်တယ်။ ဒေသခံတွေကို ကျုပ်တို့အတွက် သိမ်းထားခိုင်းလိုက်။ ကျုပ်ကောင်းကောင်းဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်ကျရင် သူတို့ကိုတိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ရုံပဲ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။”

“ဟုတ်တယ်။ ဒါက လူတိုင်းအတွက် အကျိုးရှိတယ်။ အဲ့ဒါကြောင့် နောက်ကျ သူတို့နဲ့တွေ့ခဲ့ရင် ကယ်နိုင်ရင် ကယ်၊ မကယ်နိုင်ရင် စွန့်လွှတ်လိုက်။”

ယခုအခါ မဟာမိတ်အဖွဲ့တစ်ဖွဲ့စီတွင် ဂရုကို စောင့်ကြည့်နေသော သီးသန့်ဝန်ထမ်းများ ရှိနေပြီဖြစ်သည်။ မူလက ကျွန်းပေါ်တွင် လူတစ်ယောက်တည်းသာရှိပြီး အသက်ရှင်ရပ်တည်ရေးကိစ္စကို ထည့်သွင်းစဉ်းစားရသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမြဲမနေနိုင်ခဲ့ကြချေ။ ထို့ကြောင့် ယခုအခြေအနေနှင့် နှိုင်းယှဥ်လျှင် အချက်အလက်များစွာ လွဲချော်ခဲ့ရ၏။

ထို့ကြောင့် ဤသတင်းအချက်အလက်သည် ချက်ချင်းပင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အားလုံးထံသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ရှောင်းယီ၏ ညွှန်ကြားချက်ဖြင့် လူများစွာသည် ထိုသတင်းကို နိုင်ငံခြားဘာသာစကားများသို့ ဘာသာပြန်ကာ အများသုံးချန်နယ်ပေါ်တွင် တင်ခဲ့ကြသည်။

ပြည်ပနိုင်ငံများမှ လူများသည် ထိုသတင်းကို သိလိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။

၎င်း၏ မှန်ကန်မှုနှင့် ပတ်သက်၍မူ မည်သူမျှ သံသယမရှိခဲ့ကြချေ။ အကြောင်းမှာ ယီရန်ပင်းသည် သူတို့ကို လှည့်စားရန် မလိုအပ်သောကြောင့်ပင်။

ထိုသတင်းကို သိလိုက်ရပြီးနောက် ဂျေဘီသည်လည်း ခေါင်းညိတ်မိလိုက်၏။

“ဒီယီရန်ပင်းက တော်တော်မြန်တာပဲ။ ငါ သူ့ကျွန်းကို ပိုပိုပြီး သွားကြည့်ချင်လာပြီ။”

အနည်းငယ်စဉ်းစားပြီးနောက် ဂျေဘီသည် ရှောင်းယီ၏ကျွန်းပေါ်ရှိ အပန်းဖြေစခန်း၏ တာဝန်ခံအား ချက်ချင်းပင် ဆက်သွယ်လိုက်ပြီး သူ့အတွက် ရှောင်းယီ သီးသန့်ပေးထားခဲ့သောနေရာကို တိုက်ရိုက် အသုံးပြုရန် ပြင်ဆင်လိုက်လေသည်။

ဟုတ်ပါသည်။ အုတ်မြစ်ကျောက်များကို ပေးဆောင်ရဦးမည်ဖြစ်ပြီး အဖွဲ့အတွင်းကထက် နှစ်ဆပိုများမည်ဖြစ်သည်။

ဂျေဘီသည် အတော်လေး စကားမပြောနိုင်ဖြစ်သွားခဲ့၏။ ယီရန်ပင်းသည် အမှန်တကယ်ပင် ကပ်စေးနည်းလှချေသည်။ သူ့ကို အခမဲ့နေရာတစ်ခု ပေးရန်ပင် ဝန်လေးနေပြီး သူကိုယ်တိုင် ပြန်ပေးချေခိုင်းနေရသေး၏။

အုတ်မြစ်ကျောက်များ ပေးဆောင်ပြီးနောက် ဂျေဘီသည် ချက်ချင်းပင် သွားရောက်ရန် ရွေးချယ်လိုက်သည်။ သူသည် စက္ကန့်ပိုင်းမျှပင် မစောင့်လိုတော့ချေ။

ဈေးကွက်မှ အပန်းဖြေစခန်းအတွက် နေရာရရှိထားခဲ့သော အခြားနိုင်ငံခြားသားများသည်လည်း နောက်နေ့တွင် လာရောက်ရန် ရွေးချယ်ခဲ့ကြသည်။ အကြောင်းမှာ အချိန်သည် မနက် ၉ နာရီဖြစ်နေပြီဖြစ်သောကြောင့် ယခုမသွားပါက အချိန်တစ်နာရီ ဖြုန်းလိုက်ရမည်ဖြစ်သည်။

ဂျေဘီသည် သူငှားရမ်းထားသော မြို့ပြန်ကျောက်ကို ယူဆောင်ကာ ပြတ်ပြတ်သားသားပင် အသက်သွင်းလိုက်၏။

စက္ကန့်နှစ်ဆယ်ကြာပြီးနောက် ဂျေဘီသည် ဧရာမရင်ပြင်ကြီးတစ်ခုတွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး အဝေးတွင် လူများစွာသည် မြို့ရိုးတစ်ခုကို ဆောက်လုပ်နေခဲ့ကြသည်။

ရှောင်းယီသည် မနေ့က အပန်းဖြေစခန်းအပြင်ဘက်ရှိ ရင်ပြင်ကို ချဲ့ထွင်ခဲ့ပြီး အပန်းဖြေစခန်းမှ ပိုမိုဝေးကွာသည့်နေရာသို့ ရွှေ့ပြောင်းခဲ့သဖြင့် ယခင်မြို့ရိုးကို ထပ်မံချဲ့ထွင်ရန် လိုအပ်လာခဲ့သည်။

ရင်ပြင်ထဲတွင် ယာယီဆိုင်ခန်းများစွာရှိပြီး ဂျေဘီသည် ထိုနေရာသို့ လျှောက်သွားကြည့်လိုက်၏။ ထိုနေရာတွင် အဆင့်မြင့်အစားအစာအမျိုးမျိုး၊ အဝတ်အစားများစွာနှင့် နေ့စဉ်သုံးပစ္စည်းများ စသည်တို့ ရှိနေလေသည်။

“ယီရန်ပင်းက ဒီနေရာမှာ အရှန်အဟုန်နဲ့ တိုးတက်နေတာပဲ။ လူတိုင်းရဲ့လက်ထဲမှာလည်း ပစ္စည်းဥစ္စာတွေ ပေါလွန်းနေကြတာလား။”

ဂျေဘီ တွေးလိုက်မိ၏။

သူတို့လက်ထဲတွင် ပစ္စည်းဥစ္စာများ ပေါများလွန်းမနေလျှင် မည်သူက ဤပစ္စည်းများကို ရောင်းချရန် ထုတ်ယူလာမည်နည်း။

ထို့နောက် ဂျေဘီသည် ဘေးဘက်ရှိ ချစ်ပ်ထုတ်လုပ်ရေးစက်ဆီသို့ လျှောက်သွားပြီး ထိုစက်ကို ကြည့်ရှုရင်း သူ့ယခင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည်ဟုပင် ထင်မှတ်မိလိုက်၏။

သူ ထိုအရာကို ကလိကြည့်ပြီးနောက်တွင် ၎င်းသည် ယခင်ကမ္ဘာရှိ ကဒ်စက်ထက်ပင် ပို၍ဉာဏ်ရည်ထက်မြက်သည်ဟု ခံစားလိုက်ရသည်။

ဂျေဘီသည် သဘာဝတိုင်း ဖစ်စစ်ကယ်ကဒ်တစ်ခုကို လျှောက်ထားရန် ရွေးချယ်လိုက်ပြီး ဘေးတစ်ဖက်ရှိ ငွေဖြည့်စင်တာတွင် အုတ်မြစ်ကျောက်တစ်ရာ ဖြည့်သွင်းလိုက်၏။

လမ်းညွှန်ဆိုင်းဘုတ်များအရ ဂျေဘီသည် အပန်းဖြေစခန်းဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပြီး အတွင်းဘက်ရှိ ခေတ်မီအဆောက်အဦးများကို ကြည့်ရှုရင်း အံ့ဩထိတ်လန့်သွားခဲ့သည်။

“ဒီလိုအဆောက်အဦးမျိုးကို ပစ္စည်းသေတ္တာထဲကနေ ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ။”

ဂျေဘီ အံ့အားသင့်စွာ တွေးလိုက်မိ၏။

ဤကဲ့သို့သော အဆောက်အဦးမျိုးသည် ထုတ်လုပ်မှုပုံစံကို အသုံးပြု၍ တည်ဆောက်ထားခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက်ရလာခြင်းမျိုးသာ ဖြစ်ရမည်ဟု သူ အသေအချာ ယုံကြည်နေမိသည်။

အကယ်၍ ၎င်းသည် ထုတ်လုပ်မှုပုံစံသာဖြစ်ပါက ဤအတွက် လိုအပ်သောပစ္စည်းများကို လက်ရှိအဆင့်တွင် စုဆောင်းရန် ခက်ခဲမည်ဖြစ်ပြီး ယခင်သတင်းအချက်အလက်များအရ ဤအပန်းဖြေစခန်း တည်ရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည့်အကြောင်းကိုမူ ထည့်ပြောစရာပင် မလိုတော့ချေ။

ထို့ကြောင့် ဤအပန်းဖြေစခန်းသည် ဖွင့်လှစ်ထားသော ရုပ်ပိုင်းဆိုင်ရာကတ်တစ်ခု ဖြစ်မည်မှာ သေချာပေသည်။

ထိုအချိန်တွင် အပန်းဖြေစခန်းသို့ ကစားရန် ရောက်လာကြသော အသက်ရှင်ကျန်ရစ်သူများစွာ ရှိနေပြီဖြစ်ပြီး သူတို့၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသည့်အမူအရာများကို မည်သို့မျှ ဖုံးကွယ်ထား၍ မရခဲ့ကြပေ။

ဂျေဘီသည် သူ၏နှလုံးသားထဲရှိ အံ့အားသင့်မှုများကို ဖိနှိပ်ကာ ဘားသို့ လျှောက်သွားခဲ့၏။

ဘားထဲသို့ ဝင်သွားပြီးနောက် စားပွဲထိုးတစ်ဦးသည် သူ့နားသို့ ရောက်ရှိလာခဲ့ပြီး ကျွမ်းကျင်သော နိုင်ငံခြားဘာသာစကားဖြင့် မေးလာခဲ့သည်။

“ဘာလိုချင်ပါသလဲ ဆရာ။”

“B အဆင့်ဘီယာတစ်ခွက်ပေးပါ။ ကျေးဇူးတင်ပါတယ်။”

ဂျေဘီက ပြန်ဖြေလိုက်သည်။

စားပွဲထိုး၏အကူအညီဖြင့် ဘီယာ၏တန်ဖိုးကို သူခုနက လျှောက်ထားခဲ့သည့်ကတ်ထဲမှ နုတ်ယူသွား၏။

မကြာမီ ထိုစားပွဲထိုးသည် သူ့အတွက်ဘီယာကို ယူလာပေးခဲ့သည်။

ဂျေဘီသည် ၎င်းကိုကောက်ယူကာ ရှူရှိုက်ကြည့်လိုက်၏။

“ဒီယီရန်ပင်းရဲ့ကျွန်းပေါ်မှာ ပရော်ဖက်ရှင်နယ် ဘီယာချက်သမားတစ်ယောက်ရှိပုံပဲ။”

ဘေးတစ်ဖက်ရှိ အသက်ရှင်ကျန်ရစ်သူများသည် ဘားထဲတွင် ထိုင်နေသော ဂျေဘီကို မြင်လိုက်ကြရပြီးနောက် သူ့ကိုလှမ်းကြည့်ကာ တီးတိုးပြောဆိုနေခဲ့ကြသည်။

All Chapters