အခန်း (၆၈၃-၆၈၄)
Vol. 52 Ch. 683-684
အခန်း ၆၈၃ ငါဒီမှာနေမယ်
“ဟိုလူက နိုင်ငံခြားသားနဲ့တူတယ်နော်။”
“ဟုတ်မှာပေါ့။ ဈေးကွက်ခန်းမထဲမှာ ယီရန်ပင်းသူဌေးက အပန်းဖြေစခန်းကို ပြည်သူလူထုအတွက်ဖွင့်လှစ်လိုက်တာ တွေ့ခဲ့ပြီးသားပဲဟာ။”
“ဒီနေ့မှဖွင့်တာကို သူတို့က အခုချက်ချင်း ရောက်လာနေပြီ။ တစ်နာရီတောင် မစောင့်ဘူး။ တကယ်ကို ဖြုန်းတီးတာပဲ။”
“သူ့အမူအရာကို ကြည့်ရရင် အဲဒီအချိန်နည်းနည်းလေးကို ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ သူရဲ့အမူအရာက လက်ရှိအချိန်ကို ခံစားဖို့ပဲ အာရုံစိုက်ထားတာ။”
“အမှန်ပဲ။ နိုင်ငံခြားစကား ပြောတတ်တဲ့သူရှိလား။ သူနဲ့စကားသွားပြောကြည့်ပါလား။”
ထို့နောက် အသက်ရှင်ကျန်ရစ်သူတစ်ယောက်သည် ဂျေဘီနားသို့ လက်တွေ့ ရောက်ရှိလာခဲ့သည်။
“ဟေ့ ဘရို မင်း ဒီကို ပထမဆုံးရောက်လာတာလား။”
ဂျေဘီသည် ထိုလူကိုမော့ကြည့်ကာ ခေါင်းညိတ်ပြပြီး ပြန်မေးလိုက်၏။
“မင်းကရော မဟုတ်ဘူးလား။”
ထိုအသက်ရှင်ကျန်ရစ်သူက ခေါင်းခါပြလိုက်သည်။
“ဒါက ငါ့ရဲ့ဒုတိယအကြိမ်ပဲ။ ငါ့နာမည်က ရှောင်ပေါင်။ မင်းကရော...။”
“ဂျေဘီ...။”
“အိုး မင်းက နည်းဗျူဟာပညာရှင်ကြီးနဲ့တူတယ် ဟုတ်လား။”
ရှောင်းပေါင်က စူးစမ်းစွာ မေးလိုက်၏။
ဂျေဘီက ပြုံးရယ်ကာ ပြန်မေးလိုက်သည်။
“ခင်ဗျားက ဒီနေရာကို ကောင်းကောင်းသိတဲ့ပုံပဲ။”
“ဒါပေါ့။ ငါ ဒီမှာတစ်ခါ ကစားဖူးတယ်။ ငါ မင်းကို လမ်းပြပေးရမလား။”
ရှောင်းပေါင်က ပြုံးကာ ပြောလိုက်၏။
“ကောင်းပြီ ဝိတ်တာ သူ့အတွက် B အဆင့်ဘီယာတစ်ခွက်ချပေးပါဦး။ ငါ့ထဲကဖြတ်လိုက်။”
ဂျေဘီက ပြောလိုက်၏။
ရှောင်းပေါင်၏မျက်လုံးများသည် ထိုရက်ရောမှုကို မြင်လိုက်ရလျှင် ချက်ချင်းပင် တောက်ပသွားခဲ့သည်။
“ဒီအပန်းဖြေစခန်းက ယခင်ကမ္ဘာမှာတုန်းကဆိုရင် အသေးစားမျိုး ဖြစ်လောက်တယ်။ ဒါပေမယ့် ဒီမှာတော့ ခေတ်ရှေ့ပြေးလွန်းနေပြီ။”
“ဘားကနေစကြတာပေါ့။”
သူက ညွှန်ပြလိုက်၏။
“သူတို့မှာ အဆင့်တိုင်းအတွက် သောက်စရာတွေရှိတယ်။ အမြင့်ဆုံးက A အဆင့်ပဲ။ ငါကတော့ အဲ့အထက်ကဟာတွေလည်း ရှိတယ်သေးဆိုတာ လောင်းရဲတယ်။ ငါတို့အတွက် မဖွင့်ပေးရုံပဲ။”
ဂျေဘီက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဘီယာအပြင် အခြားသောက်စရာတွေကလည်း စမ်းသပ်ဖို့ ထိုက်တန်တယ်။ မင်းကြိုက်တဲ့အသစ်တစ်ခုခုကိုတောင် ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်။”
ရှောင်ပေါင်က အကြံပြုလိုက်သည်။
ဂျေဘီက သူ၏မက်ခွက်ကို မြှောက်ပြလိုက်၏။
“ရသွားပြီ ဒီတစ်ခုပဲ။”
ထိုအခါ ရှောင်ပေါင်က လက်ခါပြီး ပြောလိုက်သည်။
“ဘေးနားက ဖျော်ဖြေရေးမြို့တော်ပဲ။ လေးငါးထပ်ပဲရှိတယ်ဆိုပေမယ့် အခြေခံလိုအပ်ချက်တွေ အကုန်ရှိတယ်။ ဈေးနှုန်းချိုသာပြီး အနားယူဖို့အတွက် နေရာကောင်းပဲ။ အဲ့ဒါကိုကျော်သွားရင် အခန်းတွေရှိတယ်။ ငါ အထဲကို တစ်ခါ သွားကြည့်ဖူးတယ်။ ဘုရင်တစ်ပါးအတွက် သင့်တော်တဲ့ဇိမ်ခံပစ္စည်းတွေပဲ။ ယီရန်ပင်းသာ ရေရှည်ငှားမယ်ဆိုရင် ငါစာရင်းသွင်းမိမှာပဲ။”
“အပြင်ဘက်မှာတော့ ကမ်းခြေရှိတယ်။ သဲတွေကလည်း ပျော့ပျောင်းပြီး အရမ်းအံ့သြစရာကောင်းတယ်။ ရေကူးချင်တယ်ဆိုရင်တော့ ဘော့လိုင်းအတွင်းမှာ စိတ်ကြိုက်ကူးလို့ရတယ်။”
“ပင်လယ်သတ္တဝါတွေ တိုက်ခိုက်တာမျိုး မရှိဘူးလား။”
ဂျေဘီက မေးလိုက်သည်။
“စိတ်ချထားစမ်းပါ။ ဘော့တွေက ကမ်းရိုးတန်းနဲ့ဘယ်လိုတန်းနေလဲဆိုတာ ကြည့်ကြည့်လိုက်။”
ရှောင်းပေါင်က ပြောလိုက်၏။
ဂျေဘီက လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“အင်း ဟုတ်တယ်။”
“ရေအောက်မှာ အုတ်မြစ်ကျောက်တွေ ရှိနေတုန်းပဲ။ သူဌေးရဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်းရှိတယ်။ အဲ့ဒါကြောင့် လုံးဝစိုးရိမ်စရာမလိုဘူး။”
ရှောင်းပေါင်က ကိုယ်ရည်သွေးလိုက်၏။
ဂျေဘီက သူ့ကို လက်မထောင်ပြလိုက်သည်။
“လှဲခုံတွေကလည်း ကောင်းကင်ဘုံလိုပဲ။ နောက်ကျရင် စမ်းကြည့်ကြည့်လိုက်ပေါ့။ ဒီည မီးပုံပွဲလည်းရှိတယ်။ ငါနဲ့အတူသွားမလား။”
“သဘောတူတယ်။”
ဂျေဘီက ပြောလိုက်၏။
ရှောင်းပေါင်သည် စောစောက လာပို့ထားသည့် သူ၏ B အဆင့်ဘီယာကို မြှောက်လိုက်သည်။
“ကျေးဇူးပဲ။”
“အချိန်မရွေးပါပဲ။”
ဂျေဘီက ပြုံးပြလိုက်၏။
ပွဲကြည့်နေသူများက ရှောင်းပေါင်သည် စကားလုံးအနည်းငယ်ဖြင့် B အဆင့်ဘီယာတစ်ခွက်ရရှိခဲ့သည်ကိုတွေ့လိုက်ရသောအခါ သက်ပြင်းချလိုက်မိကြသည်။
“ငါကိုယ်တိုင် သွားခဲ့သင့်တာကွာ...။”
“သခင်လေး ၂ မင်းက ဘာသွားလုပ်မှာလဲ။ နိုင်ငံခြားသားနဲ့ စကားသွားပြောမှာလား။”
“ဟမ်... မဟုတ်သေးပါဘူး။ ဒီကမ္ဘာမှာ မင်းရဲ့ဒီပလိုမာကို စစ်ဆေးနေဦးမလားဆိုတာ ဘယ်သူသိမှာလဲ။”
“စွမ်းရည်တစ်ခုထပ်ပိုရှိတာက ဘာမှမထိခိုက်သွားပါဘူးကွာ။”
“ငါသင်ယူဖို့အတွက် နောက်ကျနေပြီလို့ မင်းတို့ထင်လား။”
“မင်းပဲပြောလိုက်တော့...။”
“ဟင်း...ငါ သိပါတယ်ကွာ။ နောက်ကျသွားပြီ။”
“နောက်မကျသေးပါဘူး။ မင်း ပိုက်ဆံသာပေးလိုက်။ ငါသင်ပေးမယ်။”
ရှောင်းပေါင်က ပြုံးကာ ပြောလိုက်၏။
“မေ့လိုက်စမ်းပါကွာ။ ငါက နိုင်ငံခြားသားတွေနဲ့ စကားပြောချင်တာမဟုတ်ဘူး။”
ဆုဝမ်သည် ဂျေဘီရောက်ရှိလာသည့်အကြောင်း ရှောင်းယီအား ပြောပြီးပြီဖြစ်သည်။
ရှောင်းယီသည် အလျင်မလိုဘဲ ထိုလူကို အရင်ကစားခွင့်ပေးထားလိုက်၏။
ဂျေဘီသည် ဖျော်ဖြေရေးမြို့တော်ထဲတွင် လွတ်လပ်ပေါ့ပါးစွာ စိတ်ကြိုက်လျှောက်လည်ပြီးသည့်နောက် ဆောင်းဦး၏နေရောင်အောက်တွင် ကမ်းခြေရှိ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲချလိုက်တော့လေသည်။
ထိုစဉ် အရိပ်တစ်ခုသည် အပူဓာတ်ကို ပိတ်ဆို့လိုက်၏။ သူသည် ဘာသာပြန်ဆုဝမ်၏ဘေးရှိ လူငယ်ကို မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။
ထို့နောက် ဂျေဘီက မျက်လုံးပြန်ပိတ်လိုက်၏။
“ဒီနေရာကို ကျုပ်ကြိုက်တယ်။ ခင်ဗျားရဲ့စျေးနှုန်းကို ပြောလိုက်ပါ။ ကျုပ် အကြာကြီးနေမယ်။”
ရှောင်းယီက သဲပြင်ပေါ်တွင် ထိုင်ချလိုက်၏။
“မင်းဒီမှာနေမယ်ဆိုရင် နည်းဗျူဟာနဲ့ပတ်သက်တဲ့သတင်းတွေကို အချိန်မီရမှာမဟုတ်တော့ဘူးနော်။ မင်းရဲ့ကျွန်းပြိုကျသွားမှာကို မစိုးရိမ်ဘူးလား။”
“အဲ့ဒါကြောင့် ကျုပ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု လိုချင်တယ်။ ကျုပ်ရဲ့အင်အားနဲ့ဆိုရင် ခင်ဗျား မစိုးရိမ်သင့်ဘူးမဟုတ်လား။”
ဂျေဘီက ပြောလိုက်သည်။
“မစိုးရိမ်ပါဘူး။ ငါက မင်းစျေးကြီးတယ်လို့ တွေးလိုက်မှာကိုပဲ ကြောက်နေတာ။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။
“ကျုပ် တစ်ခါမှ အရှုံးကို ဝန်မခံခဲ့ဖူးဘူး။ ဒါပေမယ့် ဒီအပန်းဖြေစခန်းကို မြင်ခဲ့ရပြီးတဲ့နောက် ကျုပ် ခင်ဗျားကို အမီမလိုက်နိုင်တော့ဘူးဆိုတာ သိလိုက်ရပြီ။ အဲ့တော့ ဘာလို့ ကျုပ်ကို ညည်းဆဲနေသေးတာလဲ။”
ဂျေဘီက ပြန်ပြောလိုက်သည်။
“ဒီကမ္ဘာက ဘာကိုလိုချင်နေမှန်းမသိဘူး။ အဲ့ဒါကြောင့် အခုချိန်မှာ အပြည့်အဝခံစားလိုက်မယ်။”
“မင်းမှာ မှန်ကန်တဲ့စိတ်နေစိတ်ထားမျိုး ရှိတာပဲ။”
ရှောင်းယီက ပြောလိုက်၏။
ဂျေဘီက ခေါင်းခါလိုက်သည်။
“ဒါ့အပြင် ကျုပ်ရဲ့ကျွန်းပေါ်မှာဆိုရင်လည်း နားနေဦးရမှာပဲ။ ဒီမှာ ဘာလို့မနားရမှာလဲ။”
ရှောင်းယီက တွေးကြည့်လိုက်သည်။
“မင်းက ပထမဆုံး ရေရှည်ဧည့်သည်ဆိုတော့ တစ်နေ့တာထောက်ပံ့ရေးသေတ္တာတစ်ခုထဲက အုတ်မြစ်ကျောက်ကိုပဲ ပေးဆောင်လိုက်ပါ။ တစ်နေ့ကို ခြောက်ခု။”
“တစ်နေ့ကို အုတ်မြစ်ကျောက်ခြောက်ခုလား။”
ဂျေဘီက သေချာအောင် မေးကြည့်လိုက်၏။
“မင်း သဘောတူလား။”
ရှောင်ယီက ပြန်မေးလိုက်သည်။
“လက်ခံနိုင်ပါတယ်။ ကျုပ်တစ်ပတ်စာယူမယ်။”
ဂျေဘီက ပြောလိုက်၏။
“ဧည့်ကြိုကောင်တာမှာ မင်းရဲ့ကတ်နဲ့ စာရင်းသွင်းလိုက်ပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ထို့နောက် ဂျေဘီသည် ပင်လယ်ပြင်ကို ငေးကြည့်ရင်း ပြောလိုက်၏။
“ဒီကမ္ဘာက ကျုပ်တို့ကို ဘာအတွက်စစ်ဆေးနေတယ်လို့ ခင်ဗျားထင်လဲ။”
“ကောင်းကင်ဘုံပဲ သိလိမ့်မယ်။ အပျော်တမ်းလုပ်နေတာလည်း ဖြစ်နိုင်တာပဲ။”
ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။
ဂျေဘီက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိ၏။
“ဒါဆို ကျုပ်တို့ကဘာလဲ။ နယ်ရုပ်တွေလား။”
“အတိအကျပဲ။ ကန့်လန့်ကာ နောက်ကွယ်က ဘယ်သူနဲ့ပဲဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ပြီး စကားပြောနိုင်လောက်အောင် အင်အားကြီးလာတဲ့တစ်နေ့ကျရင်တော့ လွတ်မြောက်နိုင်မှာပါ။”
ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။
“ကျုပ်တို့ ဘယ်တော့မှ အဲ့ဒီလို အဆင့်မျိုးကို ရောက်နိုင်မှာတဲ့လဲ။”
ဂျေဘီက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များနှင့် အုတ်မြစ်ကျောက်များကို ဖန်တီးနိုင်သည့်သူတိုင်းသည် နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ကုန်ကြမ်းပစ္စည်းများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုအတွင်းသို့ သွတ်သွင်းပြီး တစ်စုံတစ်ခုအဖြစ် ဘယ်လိုများ ပုံဖော်ဖန်တီးနိုင်မည်နည်း။
“ဒီတိုင်းပဲ ဆက်သွားကြတာပေါ့။ တစ်နေ့မှာတော့ ငါတို့ ဒီနေရာမှာ ရပ်တည်နိုင်လိမ့်မယ်။”
ရှောင်းယီက သဲများကိုသုတ်ရင်း ပြောလိုက်သည်။
“ဆက်လုပ်ထား လွန်တော့မလွန်စေနဲ့။”
အခန်း ၆၈၄ ဆီးနှင်းသစ်ရွက်မြို့က တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ချင်နေတယ်
ဂျေဘီသည် အနည်းငယ် အေးခဲသွားခဲ့ပြီး ရှောင်းယီ ထွက်ခွာသွားသည်ကို ကြည့်ကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ကျုပ် အကောင်းဆုံးကြိုးစားမှာပါ။”
ရှောင်းယီနှင့် စကားပြောပြီးနောက် ဂျေဘီသည် ခုံပေါ်တွင် ဆက်လှဲနေလိုက်ပြီး နေပူဆာလုံရင်း သဘာဝတရားကြီးကို ခံစားနေလိုက်၏။
ရှောင်းယီသည် ကျွန်းသို့ပြန်လျှောက်သွားပြီး အန်းယွဲ့အား သွားတွေ့လိုက်သည်။
“ကျွန်းပိုင်ရှင် လက်နက်ချထားတဲ့မြို့တွေက ပြောင်းရွှေ့လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဦးတည်ချက်ကျောက်တွေ သုံးတာအပြင် သူတို့က တည်နေရာကူးပြောင်းမှုကို အရှိန်မြှင့်ဖို့အတွက် ကျွန်းရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးချင်နေပါတယ်။”
အန်းယွဲ့က ရှေ့တက်လာပြီး ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။
“အင်း အဆင်ပြေပါတယ်။ နှစ်မျိုးလုံး လုပ်လို့ရတယ်။ သူတို့ကို တတ်နိုင်သမျှမြန်မြန် ပြောင်းရွှေ့ပြီးအောင် လုပ်ခိုင်းလိုက်ပါ။”
သူတို့ လက်နက်ချရန် ရွေးချယ်လိုက်သည်နှင့် တိုက်ကြီးပေါ်ရှိ တခြားမြို့များ၏တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက သူ ဂရုစိုက်ပေးရမမည်ဖြစ်သည်။ သို့သော် ထိုတိုက်သစ်ထဲသို့ နက်ရှိုင်းစွာ ခရီးထွက်မည်ဆိုပါက အလွန်အန္တရာယ်များလွန်းလှ၏။
သူတို့ တတ်နိုင်သမျှမြန်မြန် ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းများသို့ ပြောင်းရွှေ့လာနိုင်ပါက ရှောင်းယီ၏ဘက်တွင် အန္တရာယ်ကင်းပြီး သူတို့ကို ထောက်ပံ့ပေးရန်အတွက် နည်းလမ်းပိုများလာပေလိမ့်မည်။
“ဟုတ်ကဲ့”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။
“ဒါနဲ့ သူတို့မြို့တွေမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို ဘယ်လိုရွှေ့ပြောင်းရမလဲဆိုတာ သိတဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှိ၊ မရှိ မေးကြည့်လိုက်ဦး။ ရှိတယ်ဆိုရင်တော့ သူတို့ကို စုစည်းပြီး ဒီအလုပ်ကို အတူတူ ကိုင်တွယ်ကြတာပေါ့။ ရှီခုန်းကိုလည်း သူ့ရဲ့ တပည့်တွေကို ခေါ်ပြီး ဒီကိစ္စမှာ ပါဝင်ကူညီဖို့ ပြောလိုက်ပါ။”
ရှောင်ယီက ထပ်လောင်းပြောကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် အန်းယွဲ့ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်းယီ တွေးလိုက်မိ၏။
“ဒီတိုက်ကြီးက နစ်မြုပ်တော့မယ်။ အဲ့ဒီမှာ သတ္တုတွင်းတွေ အများကြီးရှိနေဦးမလားမသိဘူး။ ဟင်း...ရှာဖွေရေးနဲ့ တူးဖော်ရေးစက်ကိရိယာတွေ နည်းနေသေးတယ်။”
မနေ့က အန်းယွဲ့ အစီရင်ခံတင်ပြခဲ့သည့် အခြေအနေအရ အစောပိုင်းက သိမ်းပိုက်ထားခဲ့သည့် ဒေသခံများ၏ကျွန်းများကို စူးစမ်းရှာဖွေရန် နှစ်ရက်၊ သုံးရက်ခန့် ကြာဦးမည်ဖြစ်ပြီး ထိုနှစ်ရက်၊ သုံးရက်အတွင်း ကုန်းမကြီး၏ဧရိယာအများစုက နစ်မြုပ်သွားလိမ့်မည်ဖြစ်သည်။
ရှောင်းယီသည် ပင်လယ်ရေကြောင့် ကုန်းမကြီးနစ်မြုပ်တော့မည့် ပြဿနာအကြောင်း စဉ်းစားနေသည့်အချိန်တွင် ဆီးနှင်းသစ်ရွက်မြို့တွင်လည်း စိုးရိမ်နေသည်။
ဆီးနှင်းသစ်အရွက်မြို့သည် အခြားမြို့များနှင့် နှိုင်းယှဉ်ပါက ပင်လယ်နှင့် အတော်လေးနီးကပ်လှ၏။ မဟုတ်ပါက သူတို့သည် ချူဖုန်းမြို့နှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေးမျိုး ရှိနေမည်မဟုတ်ချေ။
“ငါတို့ရဲ့ပြောင်းရွှေ့မှု အခြေအနေ ဘယ်လိုရှိလဲ။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက မေးမြန်းလိုက်၏။
ဆီးနှင်းသစ်အရွက်၏မြို့တော်ဝန် ဟန်ယဲ့သည် မှော်ဆရာအား ရိုသေစွာ တုံ့ပြန်လိုက်သည်။
“မှော်ဆရာကြီးကို ပြန်ဖြေပါတယ်။ ကျုပ်တို့ သိမ်းပိုက်ထားတဲ့ မဟာမိတ်အဖွဲ့ကနေ ဦးတည်ချက်ကျောက် ၁၁ ခု ရှာတွေ့ခဲ့ပါတယ်။ ဒီထဲက ၃ ခုက အေးခဲချိန်မှာရှိနေပြီး ကျန်တဲ့ ၈ ခုက ခရီး ၄ ခေါက်သွားဖို့အတွက်ပဲ လုံလောက်ပါတယ်။ ခရီးတစ်ခုစီက သင်္ဘောအများဆုံး ၈ စီးကို တည်နေရာကူးပြောင်းပေးနိုင်တယ်။ အဲ့ဒါကြောင့် ဒီခရီး ၄ ခေါက်က သင်္ဘော ၃၂ စီးပဲ တည်နေရာကူးပြောင်းပေးနိုင်ပါတယ်။ လောလောဆယ် ၂ ခေါက်သွားပြီး အရေးကြီးတဲ့ပစ္စည်းတချို့ လွှဲပြောင်းပြီးသွားပါပြီ။ ဒါပေမယ့် လက်ရှိအခြေအနေအရ ကျန်တဲ့ခရီးနှစ်ခုက ကျုပ်တို့မြို့ကလူတွေနဲ့ ပစ္စည်းတွေအားလုံးကို တည်နေရာကူးပြောင်းပေးဖို့အတွက် ခက်ခဲပါလိမ့်မယ်။”
“အခြားမြို့တွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ငှားရမ်းဖို့ မေးကြည့်ပြီးပြီလား။”
မှော်ဆရာက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ဆက်သွယ်ထားပြီးပါပြီ။ ဒါပေမယ့် ကျုပ်နည်းနည်းစိုးရိမ်နေမိတယ်။ ကျုပ်တို့လူတွေနဲ့ ပစ္စည်းတွေ အများကြီးကို သူတို့မြို့တွေဆီ လွှဲပြောင်းပေးလိုက်တဲ့အခါ တစ်ဖက်မှာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုသာ ရှိနေမယ်ဆိုရင် အဲ့ဒါတွေကို သိမ်းယူလိုက်ဖို့ဆိုတာ လွယ်ကူလွန်းနေတယ်။”
ဟန်ယဲ့က တုံ့ပြန်လိုက်၏။
မှော်ဆရာသည် သူ၏ကိုက်ခဲနေသည့်ဦးခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်...။ ငါတို့မြို့မှာ တည်နေရာကူးပြောင်းခြင်းအစီအရင် ဆောက်နိုင်တဲ့အရည်အချင်းရှိတဲ့သူ ဘယ်သူမှမရှိတာ ခက်တာပဲ။”
“လူပုဘုရင့်နိုင်ငံကနေ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဝယ်လို့ရနိုင်မလား။”
ဟန်ယဲ့က အကြံပြုလိုက်၏။
မှော်ဆရာသည် အနည်းငယ်တွေးတောကြည့်လိုက်သည်။
“အဲ့ဒါကို စဉ်းစားကြည့်လို့တော့ရတယ်။ ငါ့မှာလည်း သူတို့စိတ်ဝင်စားတဲ့အရာတစ်ခုရှိတယ်။”
“ဒါဆိုရင် တိုက်ရိုက်ဝယ်လိုက်တာက ပိုကောင်းတယ်။ ကျုပ်တို့ကျွန်းတွေက နောင်တစ်ချိန်မှာ ဆက်ပြီးချဲ့ထွင်မှာပဲဆိုတော့ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ အများကြီးရှိလို့လည်း အမှားမရှိပါဘူး။”
ဟန်ယဲ့က ထောက်ခံလိုက်၏။
ထို့နောက် မှော်ဆရာသည် ခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်လေသည်။
“ကောင်းပြီ။ ငါ လူပုဘုရင့်နိုင်ငံကို သွားလိုက်မယ်။ အခု အပြင်လူတွေက ကျူးကျော်ဝင်ရောက်နေတာဆိုတော့ ငါတို့လုံးဝရပ်တန့်နေလို့မရဘူး။ ပင်လယ်ရေနစ်မြုပ်နှုန်းလည်း ထပ်ပြီးမြန်လာနေပြီ။ မင်းပင်လယ်ရေမြင့်တက်နှုန်းကို အနီးကပ်စောင့်ကြည့်ထားရမယ်။”
“ဟုတ်ကဲ့”
ဟန်ယဲ့က တုံ့ပြန်လိုက်၏။
ဟန်ယဲ့ကို ညွှန်ကြားပြီးနောက် မှော်ဆရာသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် လုပုဘုရင့်နိုင်ငံတော်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားခဲ့ပြီး ကုန်သွယ်ရေးအရာရှိလော့စ်ကို သွားရောက်တွေ့ဆုံခဲ့လေသည်။
“ဆီးနှင်းသစ်ရွက်မြို့ရဲ့ မှော်ဆရာ မတွေ့ရတာကြာပြီနော်။”
လော့စ်က ပုံမှန်အပြုံးတစ်ခုဖြင့် ကြိုဆိုလိုက်၏။ လော့စ်သည် အရည်အချင်းပြည့်မီသော ကုန်သွယ်ရေးအရာရှိတစ်ဦးဖြစ်သည်ဟု ဆိုရပေမည်ဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်က ဆီးနှင်းသစ်ရွက်မှော်ဆရာလက်ချက်ဖြင့် လှည့်စားခံရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုထိတိုင် ပြုံးပြနေနိုင်ဆဲပင်။
လော့စ် အလွန်ပျော်ရွှင်နေသည်ကို မြင်လိုက်သောအခါ ဆီးနှင်းသစ်ရွက်မှော်ဆရာက ဤသို့တွေးမိလိုက်၏။
‘သူက ငါ့ဆီကနေ အဲဒီအဆင့်မြင့်ဘီယာနဲ့ ကုန်သွယ်ချင်နေတာလား။’
“တကယ်ကို မတွေ့ရတာကြာပြီပဲ။ အခုတလော အဆင်ပြေရဲ့လား။”
ဆီးနှင်းသစ်ရွက်မှော်ဆရာသည်လည်း ယဉ်ကျေးစွာပြန်ပြောလိုက်လေသည်။
“အရမ်းကောင်းခဲ့တာပေါ့။ မကြာသေးခင်ကမှ ခမ်းနားကြီးကျယ်တဲ့ စီးပွားရေးသဘောတူညီချက်တစ်ခု ရထားခဲ့တယ်လေ။”
လော့စ်က ပြန်ဖြေလိုက်၏။
ဆီးနှင်းသစ်ရွက်မြို့မှ မှော်ဆရာက စဉ်းစားလိုက်သည်။
‘အခုတလော တိုက်ကြီးပေါ်က အင်အားစုတွေက အပြင်လူတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတာဆိုတော့ သူတို့ရဲ့စီးပွားရေးက တကယ်ကို ကောင်းမွန်နေမှာပဲ။ ဘယ်အင်ပါယာက သူ့ဆီက လက်နက်တွေဝယ်ခဲ့တာများဖြစ်နိုင်မလဲ။’
ထိုသို့တွေးရင်းဖြင့် ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက ဆက်ပြောလိုက်၏။
“ဒါဆိုရင် ခင်ဗျား ကျုပ်ရဲ့အဆင့်မြင့်ဘီယာကို ထည့်ပြီးစဉ်းစားပေးလို့ ရသေးရဲ့လား။”
“အဆင့်မြင့်ဘီယာလား။”
လော့စ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“မလိုတော့ပါဘူး။ ငါတို့ အခြားကုန်ပစ္စည်းအရင်းအမြစ်တွေကို ရှာတွေ့ထားပြီးပြီ။ အဲ့ဒါတွေက မင်းဟာထက် အရည်အသွေးပိုကောင်းပြီး ထုတ်လုပ်မှုလည်း ပိုများတယ်။ အဲ့ဒါကြောင့် မလိုအပ်တော့ဘူး။”
“ဘာ...။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက အံ့ဩတုန်လှုပ်စွာ ပြောလိုက်၏။
“မင်းတို့က အပြင်လူတွေနဲ့ ကုန်သွယ်နေတာလား။”
“ငါတို့လူပုတွေ ဘယ်သူနဲ့ကုန်သွယ်ချင်တယ်ဆိုတာ မင်းကိုအစီရင်ခံဖို့မလိုဘူးလို့ ငါထင်တယ်။”
လော့စ်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် သူအလွန်ဝင်ရောက်စွက်ဖက်မိသွားပြီးဖြစ်ကြောင်း ချက်ချင်းသတိထားမိသွားခဲ့၏။ ထို့ကြောင့် သူက ပြန်ပြင်ပြောလိုက်သည်။
“မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့အပြင်လူတွေက ငါတို့တိုက်ကြီးကို ကျူးကျော်ဝင်ရောက်ဖို့အတွက် ဒီကိုရောက်နေကြတာပဲ။ သူတို့ရဲ့ကျူးကျော်ဝင်ရောက်မှုကြောင့် တိုက်ကြီးတစ်ခုလုံး နစ်မြုပ်တော့မယ်ဆိုတာကိုလည်း ခင်ဗျားသိထားရမယ်။”
“ဒါလား...။ ဒီလိုအရာမျိုးကို ငါ တစ်ခါမှမကြားဖူးဘူး။ ဒါဆို သူတို့ဘယ်မြို့ကိုသိမ်းပိုက်ထားလဲဆိုတာ မေးလို့ရမလား။”
လော့စ်က မေးလိုက်သည်။
“သူတို့က ချူဖုန်းမြို့ကို သိမ်းပိုက်ထားတယ်။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက အလျင်အမြန်ပြောလိုက်၏။
ထိုအခါ လော့စ်က လက်ကာပြကာ ပြန်ဖြေလိုက်သည်။
“ချူဖုန်းမြို့က အမြွာညီအစ်ကိုနှစ်ယောက်က အပြင်လူတွေဆီကနေ တစ်စုံတစ်ခုကို သိမ်းပိုက်ချင်နေခဲ့တာပဲ။ အဲ့ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်လို့ခေါ်တဲ့အရာတစ်ခုလို့ ငါကြားဖူးတယ်။”
လော့စ်၏စကားကိုကြားလိုက်ရသောအခါ ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်၏။
“ခင်ဗျားက အပြင်လူတွေဘက်က ရပ်တည်မယ်လို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။”
“ဘာလဲ မင်းမှာပြဿနာရှိလို့လား။”
လော့စ်က ခိုင်မာစွာပြန်ဖြေလိုက်သည်။
“မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ အပြင်လူတွေဘက်မှာရပ်တည်မယ်ဆိုရင် တိုက်ကြီးမှာရှိတဲ့ အင်အားစုတွေအားလုံးရဲ့တညီတညွတ်တည်းသပိတ်မှောက်မှုကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာကိုတော့ ခင်ဗျားသိထားဖို့လိုတယ်။ ဒီလိုလုပ်မယ်ဆိုတာ ခင်ဗျားသေချာပြီလား။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက အေးစက်စွာပြောလိုက်၏။
“ဟမ့် မင်းတို့ဆီးနှင်းသစ်ရွက်မြို့က တိုက်ကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ထင်နေတာလား။”
လော့စ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“မင်းက ကိုယ်စားပြုနိုင်ဆိုရင်တောင် ဘာဖြစ်လဲ။ ငါတို့နိုင်ငံက မင်းကိုကြောက်တယ်လို့ ထင်နေတာလား။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် လော့စ်ကို ခဏကြအောင် စိုက်ကြည့်နေခဲ့ပြီး လော့စ်သည်လည်း မှော်ဆရာအား မဆုတ်မနစ် ပြန်လည်စိုက်ကြည့်လိုက်သည်။
ထိုစဉ် ရုတ်တရက် ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလာခဲ့၏။
“လော့စ် ခင်ဗျားက နိုင်ငံ့ကုန်သွယ်ရေးအရာရှိတစ်ယောက်ဖြစ်ဖို့ တကယ်ကို အရည်အချင်းပြည့်မီတာပဲ။ အံ့မခန်းပါပဲ။ ဒီတစ်ခါတော့ ကျုပ် ခင်ဗျားနဲ့ကုန်သွယ်ချင်တယ်။”
“မင်းရဲ့အဆင့်မြင့်ဘီယာသုံးပုလင်းနဲ့ဆိုရင်တော့ မေ့လိုက်တော့။”
လော့စ်ကလည်း ပြုံးရယ်ကာပြောလိုက်၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီတစ်ခါ ခင်ဗျားတို့ ကျုပ်တို့ ဆီးနှင်းသစ်ရွက်မြို့ကို အသေးစားတည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ပေးဖို့ မျှော်လင့်တယ်။”
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာက ခေါင်းခါကာ ပြောလိုက်သည်။
“အို”
လော့စ်က မျက်ခုံးပင့်ပြီး ပြောလိုက်၏။
“ပြဿနာမရှိပါဘူး။ အုတ်မြစ်ကျောက် ငါးသိန်း။”
ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာ မျက်မှောင်ကျုံ့လိုက်မိသည်။ ဤစျေးနှုန်းသည် ယခင်ကထက် နှစ်ဆပိုများနေ၏။ ယခင်က အစီအရင်တစ်ခုဆောက်ရန် အုတ်မြစ်ကျောက် နှစ်သိန်းမှ သုံးသိန်းခန့်သာ ကုန်ကျခဲ့ခြင်းဖြစ်သည်။
“လော့စ် ဒီစျေးနှုန်းက အရမ်းများလွန်းတယ်။”
ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာက မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။