← Chapters

အခန်း (၆၈၇-၆၈၈)

Vol. 52 Ch. 687-688

အခန်း (၆၈၇-၆၈၈)

Vol. 52 Ch. 687-688

အခန်း ၆၈၇ - လင်းနီကျိ ပြင်းထန်စွာဒဏ်ရာရရှိခြင်း၊ ကုသမှုခံယူခြင်း

အနီးကပ်ကြည့်လိုက်သောအခါ လင်းနီကျိတို့ပြန်လာလာခြင်းဖြစ်ကြောင်း သိလိုက်ရသော်လည်း လင်းနီကျိအား တွဲကူကာ သယ်ဆောင်လာရသည်ကို တွေ့လိုက်ရလေသည်။

ရှောင်းယီသည် သူတို့နားသို့ အလျင်အမြန်ချဉ်းကပ်သွားကာ မေးလိုက်၏။

“ဘာဖြစ်လာကြတာလဲ။”

“ကျုပ်တို့ အဆင့်မြင့် စိတ်ဝိဉာည်ခုံးကောင်တစ်ကောင်နဲ့ တွေ့ခဲ့တာပါ။ ကျုပ်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က အရှင်ပေးတဲ့ ရူးသွပ်ဆေးကိုသောက်ပြီး အလောတကြီး တွန်းလှန်ခုခံရင်း လွတ်မြောက်လာခဲ့ရတာ။”

အနီးနားရှိ ရေသူတပ်သားတစ်ဦးက ပြန်ဖြေလာခဲ့သည်။

လင်းနီကျိ အပြင်းအထန်ဒဏ်ရာရနေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းယီက ချက်ချင်း ပြောလိုက်၏။

“သူ့ကို အရင်ဆုံး အနားယူဖို့ ကူညီပေးလိုက်ပါ။”

“ခဏ... ခဏလေး။”

လင်းနီကျိက အားနည်းနေသည့်လေသံဖြင့် ပြောလိုက်သည်။

ရှောင်းယီသည် သူ့ကို အံ့ဩနေသောမျက်လုံးများဖြင့် ကြည့်နေမိစဉ်၌ လင်းနီကျိက ဆက်ပြောလာ၏။

“အဲ့ဒီ စိတ်ဝိဉာည်ခုံးကောင် ကျုပ်တို့နောက် လိုက်လာမှာကို ကျုပ်စိုးရိမ်မိတယ်။ ကျွန်းပိုင်ရှင်ရှောင်း ကျေးဇူးပြုပြီး ကျုပ်တို့အတွက် စောင့်ကြည့်ထားပေးပါ။”

“စိတ်မပူပါနဲ့။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။

ထိုရေသူတပ်သားများသည် လင်းနီကျိအား တွဲကူကာ ခေါ်ဆောင်သွားခဲ့ကြသည်။ သူ၏စကားကြောင့် ရှောင်းယီသည် အလွယ်တကူ ထွက်ခွာမသွားရဲခဲ့ချေ။

ရူးသွပ်ဆေးသောက်ပြီးသည့်နောက်တွင်ပင်လျှင် လင်းနီကျိသည် ဤမျှပြင်းထန်စွာ ဒဏ်ရာရရှိလာခဲ့သေးသည်မှာ သူ့ပြိုင်ဘက်သည် SSS အဆင့်ရှိရမည်ဖြစ်ကြောင်း ညွှန်ပြနေ၏။

သူတစ်ခေါက်လာကြည့်ရုံမျှနှင့် ဤကဲ့သို့အခြေအနေနှင့် ကြုံရလိမ့်မည်ဟု ရှောင်းယီ မျှော်လင့်မထားခဲ့ပေ။ ခဏကြာအောင်စောင့်ကြည့်ပြီးနောက် စိတ်ဝိဉာည်ခုံးကောင် တစ်ကောင်မှ မလိုက်လာသည်ကို တွေ့ လိုက်ရသည်။

“ငါ ခဏလောက် ပြန်သွားဦးမယ်။ ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်။”

ရှောင်းယီက ပြောလိုက်သည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်ဘေးရှိ အစောင့်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ဝင်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။

သူ၏ကျွန်းသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ချက်ချင်းပင် အမိန့်ပေးလိုက်၏။

“ရေကာကွယ်ပုလဲစားထားသူနှစ်ယောက် ငါနဲ့အတူ ရေသူတိုင်းပြည်ကို လိုက်ခဲ့။”

ယခုအချိန်ထိ အနားမယူရသေးသည့် ကျန်းယွင်ထျန်းသည် ရှောင်ယီ၏အမိန့်ကို ကြားသောအခါ သူ၏တပ်သားနှစ်ဦးနှင့်အတူ ချက်ချင်းပင် အပြေးရောက်လာခဲ့သည်။

“သွားကြရအောင် ဟိုရောက်မှ ထပ်ပြီးဆွေးနွေးကြမယ်။”

ထိုသို့ပြောပြီးနောက် ရှောင်ယီသည် သူတို့ကို ခေါ်ဆောင်ပြီး ပြန်လည်ကူးပြောင်းသွားခဲ့သည်။

ကျန်းယွင်ထျန်းတို့ သုံးဦးသည်လည်း ချက်ချင်းပင် နောက်လိုက်သွားခဲ့ကြ၏။

နောက်အခိုက်တွင် ရှောင်းယီနှင့် သူတို့သုံးဦးတို့သည် ရေအောက်ရှိ ရေသူတိုင်းပြည်၏ တည်နေရာကူးပြောင်းခြင်းအစီအရင်တွင် ထွက်ပေါ်လာခဲ့ကြသည်။

“ကျွန်းပိုင်ရှင် ဒီမှာ ဘာတွေဖြစ်နေတာလဲ။”

ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းယွင်ထျန်းသည်လည်း နောက်မှလိုက်ပါလာခဲ့၏။

“သူတို့ SSS အဆင့် ရန်သူနဲ့ ကြုံခဲ့ရတာဖြစ်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဆင့်မြင့်ရန်သူတွေ တကယ်ပဲ ပေါ်လာပြီလား။”

ကျန်ယွင်ထျန်းက အံ့အားသင့်စွာ မေးလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်လင်းက SS အဆင့်ပဲ။ သူက ရူးသွပ်ဆေးသောက်ထားပြီးတာတောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သေးတယ်ဆိုတော့ ပြိုင်ဘက်က SSS အဆင့်မှာ ရှိရမယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“တပိုင်တို့ကိုရော ခေါ်လိုက်သင့်လား။”

ကျန်ယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အင်း အဲ့ဒီ SSS အဆင့် စိတ်ဝိဉာည်ခုံးကောင် ဘယ်တော့ရောက်လာမယ်မှန်း ငါတို့မသိနိုင်ဘူး။ ဒါကြောင့် ငါ မင်းတို့ကို အချိန်ဆွဲထားပေးလို့ရရုံပဲ ခေါ်လာခဲ့တာ။”

“အခု ငါတို့ ဘာလုပ်ပေးရမလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“အစ်ကိုကျန်း မင်း ဝမ်ချိုင်ကို သွားရှာလိုက်ပါ။ ပြီးရင် သားရဲဘုရင်နဲ့ ပဏ္ဍိတငယ်လေးကို ဒီကိုခေါ်ခဲ့။ အခုလောက်ဆို သူတို့ မင်းပြောတဲ့စကားကို နားလည်နိုင်လောက်ပြီ။”

ရှောင်းယီက ပြောလိုက်၏။

“ဪ နာ့နာကိုပါ ခေါ်လာခဲ့ဦး။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် ကျန်ခဲ့သော တပ်သားနှစ်ဦးကို ကြည့်ကာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက် ဒီမှာနေပြီး စောင့်ကြည့်ထားကြ။ အစ်ကိုကျန်းပြန်လာရင် ငါ့ဆီခေါ်လာခဲ့။”

“ဟုတ်ကဲ့!”

ထို့နောက် ရှောင်းယီသည် အနောက်ဖက်သို့ ကူးခတ်သွားပြီး ယခင်တည်ဆောက်ထားခဲ့သည့် ရေသူတိုင်းပြည်၏ အခန်းထဲသို့ သွားလိုက်ပြီး ဒဏ်ရာရနေသော လင်းနီကျိရှိရာသို့ ရောက်ရှိလာခဲ့သည်။

“ကျွန်းပိုင်ရှင်။”

လင်းရှားသည် ရှောင်းယီကိုမြင်သောအခါ ချက်ချင်းပင် ထရပ်ပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး ကျွန်မအဖေကို ကယ်တင်ပေးပါ။”

“စိတ်မပူပါနဲ့။ ငါ ဒီတိုင်းထိုင်မကြည့်နေပါဘူး။ မျိုးနွယ်စုခေါင်းဆောင်လင်း အခုဘယ်လိုအခြေအနေရှိလဲ။”

“ကျွန်မတို့ မျိုးနွယ်ရဲ့ သမားတော်က စစ်ဆေးကြည့်ပြီးပါပြီ။ အဖေ့ရဲ့ အတွင်းကလီစာတွေ အပြင်းအထန်ပျက်စီးသွားပြီး အကြာကြီး တောင့်မခံနိုင်လောက်တော့ဘူး။”

လင်းရှားသည် မျက်ရည်များပင် ကျလုနီးပါးဖြစ်နေခဲ့သည်။

“စိတ်မပူပါနဲ့။ ငါ့ရဲ့ ဉာဏ်ရည်တုနာနိုဆေးကုသရေးစက်နာ့နာ ဒီကို ရောက်လာတော့မှာပါ။”

ရှောင်းယီက ပြောလိုက်၏။

“စိုးရိမ်စရာမလိုပါဘူး။”

လင်းရှားသည် နာ့နာ၏စွမ်းရည်ကို သိရှိထားသောကြောင့် ရှောင်းယီ၏စကားကိုကြားလိုက်ရသောအခါ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

ကျန်းယွင်ထျန်းသည် ဤနေရာ၏အခြေအနေသည် အရေးပေါ်ဖြစ်နေကြောင်း သိရှိထား၏။ သူသည် သုံးမိနစ်အတွင်း နာ့နာကို ခေါ်ဆောင်လာခဲ့သည်။ ဝမ်ချိုင်တို့သည်လည်း နောက်တွင် ကျန်ရှိနေသေးသည်။

သူပြန်ရောက်လာသောအခါ တပ်သားတစ်ဦးသည် ကျန်ယွင်ထျန်းအား ရှောင်းယီဆီသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားခဲ့၏။

“ကျွန်းပိုင်ရှင် နာ့နာကို ခေါ်လာခဲ့ပါပြီ။”

ကျန်ယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“နာ့နာ မျိုးနွယ်စုခေါင်းဆောင်လင်းကို ကြည့်ပေးပါဦး။”

“ဟုတ်ကဲ့။”

ထို့နောက် နာ့နာသည် ချက်ချင်းပင် လင်းနီကျိဆီသို့ ရွေ့လျားသွားခဲ့သည်။

ရေသူမျိုးနွယ်များ၏ အကြည့်များအောက်တွင် ဤရှစ်ချောင်းပါသည့်အရာဝတ္ထုသည် တိုက်ရိုက်ပင် သူတို့မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ တက်သွားခဲ့၏။

“အဲ့ဒါက ဘာပစ္စည်းလဲ။”

ရေသူတိုင်းသူပြည်သားများ အလွန်အံ့အားသင့်သွားခဲ့ကြသည်။

“ဒါက ကျွန်းပိုင်ရှင်ရှောင်းရဲ့ အဆင့်မြင့် ဆေးကုသရေးစက်ပဲ။ သူက ဒဏ်ရာအားလုံးနီးပါးကို ကုသပေးနိုင်တယ်။”

လင်းရှားက အလျင်အမြန် ရှင်းပြလိုက်၏။

ရေသူတိုင်းသူပြည်သားများ အံ့အားသင့်သွားခဲ့ကြပြီး နာ့နာ၏လှုပ်ရှားမှုများကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေခဲ့ကြသည်။

နာ့နာသည် လင်းနီကျိကို အပြည့်အဝစစ်ဆေးပြီးနောက် လင်းနီကျိ၏ ကိုယ်တွင်းအင်္ဂါအားလုံး အမျိုးမျိုးသော ပမာဏဖြင့် ပေါက်ကွဲပျက်စီးနေကြောင်း အတည်ပြုလိုက်၏။

ထိုအရာသည် ရေသူမျိုးနွယ်၏ သမားတော်များအတွက် ခက်ခဲနိုင်သော်လည်း နနိုဆေးကုသရေးစက်အတွက်မူ ပြုပြင်ရန် မခက်ခဲ‌လှချေ။

မကြာမီ နာ့နာသည် လင်းနီကျိ၏ ကိုယ်တွင်းဒဏ်ရာအားလုံးကို အပြည့်အဝ ပြန်လည်ပြုပြင်ပြီး ရှောင်းယီဆီသို့ လျှောက်လာကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် သူအခုကောင်းသွားပါပြီ။ အချိန်နည်းနည်းလောက်ပဲ အနားယူရမယ်။”

“ဒီလောက်မြန်မြန် ပြန်ကောင်းသွားပြီလား။”

ရေသူမျိုးနွယ်၏ သမားတော်များသည် ထိုအရာမှာ မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရ၏။

သူသည် မျိုးနွယ်စုခေါင်းဆောင်ကြီးအတွက် သေဒဏ်ချမှတ်ပြီးပြီကြောင်း သိထားရမည်ဖြစ်သည်။ သို့သော် ဤထူးဆန်းသောစက် ရောက်ရှိလာခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်ကြီးအား အချိန်ခဏလေးအတွင်းမှာပင် ကုသပေးခဲ့၏။

“ခင်ဗျား နောက်တစ်ခေါက် သွားစစ်ကြည့်လို့ရပါတယ်။”

ရှောင်းယီက သူ့ကို ပြုံးပြကာ ပြောလိုက်သည်။

ရေသူသမားတော်သည် ချက်ချင်းပင် ရှေ့တက်သွားပြီး သူ၏မျိုးနွယ်စုခေါင်းဆောင်ကြီးကို စတင်စစ်ဆေးတော့လေသည်။

ခဏကြာပြီးနောက် ရေသူသမားတော်သည် အံ့ဩတုန့်လှုပ်စွာဖြင့် ပြောလိုက်၏။

“သူတကယ် ပြန်ကောင်းသွားပြီ။”

မျိုးနွယ်စုခေါင်းဆောင်ကြီး ပြန်လည်ကောင်းမွန်လာကြောင်း မိမိတို့မျိုးနွယ်စုသမားတော်၏ အတည်ပြုစကားကို ကြားလိုက်ရသောအခါ ရေသူတိုင်းသူပြည်သားများအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။

လင်းနီကျိသည် ရေသူမျိုးနွယ်၏ မဏ္ဍိုင်တစ်ခုပင်။ သူ့တွင် လဲကျခွင့်မရှိချေ။ သို့မဟုတ်ပါက ရေသူမျိုးနွယ်တစ်ခုလုံး အန္တရာယ်တွင်းသို့ ကျရောက်သွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

လင်းရှားသည် ရှောင်းယီရှေ့သို့ လျှောက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်၏။

“ငါတို့က မိတ်ဆွေတွေပဲလေ။ အများပြည်သူအမြင်မှာလည်း ငါတို့နှစ်ဖက်က မဟာမိတ်တွေဖြစ်တယ်။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် လင်းနီကျိသည် ဖြေးဖြေးချင်း သတိရလာ၏။ သူ့ဘေးနားတွင်ရှိနေသော သမားတော်က နာ့နာက သူ့ကိုမည်သို့ကယ်တင်ခဲ့သည်ကို တိုးတိုးတိတ်တိတ်ပြောပြလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်း ဒီတစ်ကြိမ်တော့ ကျုပ် တကယ်ကျေးဇူးတင်ပါတယ်။”

လင်းနီကျိက ကျေးဇူးတင်စကားပြောလိုက်၏။

ရှောင်းယီက လက်ကာပြလိုက်သည်။

“ရပါတယ်။ အခု ခင်ဗျား အဲ့ဒီစိတ်ဝိဉာည်ခုံးကောင်နဲ့ ကြုံတွေ့ခဲ့ရပုံကို ကျုပ်ကို ပြောပြလို့ရပြီ။”

လင်းနီကျိက တစ်ခဏ ပြန်လည်တွေးတောလိုက်ပြီးနောက် ပြန်ပြောင်းပြောပြလာခဲ့သည်။

“တပိုင်တို့ ထွက်ခွာသွားပြီးတဲ့နောက် ဒီအနီးအနား ရေပြင်မှာရှိတဲ့ ပုစွန်စစ်သည်တွေနဲ့ ကဏန်းဗိုလ်ချုပ်တွေ သိပ်မပေါ်လာတော့ဘူး။ ကျုပ်တို့တိုင်းပြည်ရဲ့ လက်ရွေးစင်တွေနဲ့ ကျုပ်တို့ နည်းနည်းလောက်တော့ ရင်ဆိုင်နိုင်နေသေးတယ်။ ဒါပေမယ့် ဒီနေ့ ကျုပ်တို့ ပုစွန်စစ်သည်နဲ့ ကဏန်းဗိုလ်ချုပ်ငါးကောင်ကိုသတ်ပြီးတဲ့နောက် စိတ်ဝိဉာည်ခုံးကောင်တစ်ကောင် ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။”

“ရုတ်တရက်ကြီး ပေါ်လာတာလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ လင်းနီကျိက ခေါင်းညိတ်ပြလိုက်၏။

“အမှန်ပဲ။ သူက ရုတ်တရက်ကြီး ပေါ်လာခဲ့တာ။”

“ဆက်ပြောပါ။”

ရှောင်းယီက အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်သည်။

“စိတ်ဝိဉာည်ခုံးကောင် ပေါ်လာတာကို မြင်ပြီးတဲ့နောက် ကျုပ် မင်းပေးထားတဲ့ ရူးသွပ်ဆေးကို ချက်ချင်းသောက်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျုပ်အပေါ် ဖိအားအများကြီးပေးနေလို့ပဲ။”

လင်းနီကျိက ဆက်ပြောသည်။

“ပြောရရင် မင်းရဲ့ ရူးသွပ်ဆေးက တကယ်စွမ်းအားကြီးပါတယ်။ ကျုပ်ရဲ့ ခွန်အားက ချက်ချင်း SSS အဆင့်ထိ ထိုးတက်သွားတယ်လို့ ခံစားခဲ့ရတယ်။ ဒါတောင်မှ ကျုပ် သူ့ကိုအနိုင်မယူနိုင်သေးဘူး။ အချိန်ဆွဲထားရုံပဲ လုပ်နိုင်ခဲ့ပြီး သူတို့ကို အရင်ထွက်သွားခိုင်းခဲ့တယ်။ အဆုံးမှာ ဒဏ်ရာတွေခံယူရင်းနဲ့ပဲ သူ့ကိုခုခံတွန်းလှန်ပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်။”

ဤနေရာတွင် လင်းနီကျိသည် ရပ်တန့်လိုက်ပြီး မဝံ့မရဲဖြင့် မေးလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်း ဆေးသောက်ပြီးတောင် ကျုပ် အဲ့ဒီ စိတ်ဝိဉာည်ခုံးကောင်ကို အနိုင်ယူမနိုင်ဘူးဆိုတော့ အဲ့ဒီ စိတ်ဝိဉာည်ခုံးကောင်က SSS အဆင့်ကို ကျော်လွန်သွားပြီလို့ မင်းထင်လား။”

အခန်း ၆၈၈ - ဝမ်ချိုင်၏ အကာအကွယ်၊ ပင်လယ်ကြမ်းပြင်မှာ ရတနာတွေ ရှာတွေ့ပြန်ပြီ

“SSS အဆင့်ကို ကျော်လွန်နေတာလား။”

ရှောင်းယီသည် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် ပြတ်ပြတ်သားသားပင် ခေါင်းခါကာ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ သူသာ တကယ် SSS အဆင့်ကို ကျော်လွန်သွားပြီးဆိုရင် ခင်ဗျား ဒီအထိ အပြေးအလွှားပြန်ရောက်လာနိုင်မှာမဟုတ်ဘူး။”

“ဟုတ်ပါတယ်။ ဒါပေမယ့် ဆေးသောက်ပြီးတဲ့နောက် ကျုပ်ရဲ့ခွန်အားကလည်း SSS အဆင့်ထိ ထိုးတက်သွားတာပဲလေ။ ဒါဆို ဘာဖြစ်လို့ အဲ့ဒီစိတ်ဝိဉာည်ခုံးကောင်ကို မယှဉ်နိုင်ရတာလဲ။”

လင်းနီကျိက သံသယဖြင့် မေးလိုက်၏။

ရှောင်းယီက ရှင်းပြလိုက်သည်။

“ရူးသွပ်ဆေးက တကယ်ပဲ အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်တယ်။ ဒါပေမယ့် ဆေးသောက်ပြီးချက်ချင်းအဆင့်တက်သွားတဲ့ ဒီလိုအမျိုးအစားမျိုးက စစ်မှန်တဲ့ SSS အဆင့်ရဲ့ခွန်အားလောက် အားမကောင်းဘူး။ အဲ့ဒီခွန်အားအခြေအနေကို ကျုပ်က အတုအယောင် SSS အဆင့်လို့ ခေါ်ချင်တယ်။ ခင်ဗျားမှာ တခြားလျှို့ဝှက်လက်နက်တွေ ဒါမှမဟုတ် ကူညီနိုင်တဲ့နည်းလမ်းတွေမရှိဘူးဆိုရင် စစ်မှန်တဲ့ SSS အဆင့်ကို အနိုင်မယူနိုင်ဘူး။ တစ်နည်းပြောရရင် ဒီဆေးက SSS အဆင့်ကျွမ်းကျင်သူနဲ့ ကြုံရတဲ့အခါ ခင်ဗျားရဲ့အသက်ကို ကာကွယ်နိုင်စွမ်းရုံပဲ ပေးစွမ်းနိုင်လိမ့်မယ်။”

လင်းနီကျိက လေးလေးနက်နက် သဘောတူလိုက်၏။

“ဒီနေ့ မင်း ကျုပ်ကို နှစ်ကြိမ်ကယ်တင်ခဲ့တာပဲ။”

ရှောင်းယီက လက်ကာပြကာ ဆက်မေးလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ရက်အတွင်း ခင်ဗျားတို့ ပုစွန်စစ်သည်နဲ့ ကဏန်းဗိုလ်ချုပ်တွေ ဘယ်နှကောင်လောက် သတ်ပစ်ခဲ့ကြလဲ။”

“အကောင်ခြောက်ဆယ်လောက်တော့ ရှိမယ်ထင်တယ်။ အတိအကျတော့ မှတ်မထားမိဘူး။”

လင်းနီကျိက အကြမ်းဖျဉ်း ခန့်မှန်းကြည့်လိုက်၏။

“ကောင်းပြီ ခင်ဗျား ကောင်းကောင်းအနားယူသင့်တယ်။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် ထွက်ခွာရန်ပြင်လိုက်သည်။

“အင်း အပြင်ဘက်အတွက် ကျွန်းပိုင်ရှင်ရှောင်းကိုပဲ မှီခိုရတော့မယ်။”

လင်းနီကျိက ပြောလိုက်၏။

“စိတ်ချပါ။”

ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်း၊ နာ့နာတို့နှင့်အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ဤသည်မှာ ကျန်းယွင်ထျန်းအတွက် ပထမဆုံးအကြိမ် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး သူသည် သူ့အနီးဝန်းကျင်ရှိ ရှုခင်းများမှာ ဆန်းသစ်လွန်းနေသည်ဟု ခံနေရ၏။

“ပင်လယ်ကြမ်းပြင်မှာ ဒီလိုရှုခင်းမျိုးရှိလိမ့်မယ်လို့ ငါမျှော်လင့်မထားမိခဲ့ဘူး။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ အဲဒီသားရဲတွေသာ မရှိရင် ပိုကောင်းလိမ့်မယ်။”

ရှောင်းယီကလည်း ထောက်ခံလိုက်သည်။

“အဲ့ဒီပုစွန်စစ်သည်တွေနဲ့ ကဏန်းဗိုလ်ချုပ်တွေ ဘယ်လိုပေါ်ပေါက်လာခဲ့တာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်၏။

“ငါတို့ ဒီကမ္ဘာထဲကို ပစ်ချခံလိုက်ရတဲ့အချိန်လောက်ကပဲ ရေသူမျိုးနွယ်အနီးကို နန်းတော်တစ်ခု ပစ်ချခံလိုက်ရတယ်။ ပြီးတော့ အဲ့ဒီနန်းတော်ထဲကနေ ဒီသားရဲတွေ ထွက်ပေါ်လာခဲ့တာပဲ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“နန်းတော်လား။”

“ဟုတ်တယ်။ ငါတို့ အရင်တစ်ခါက အဲ့ဒါကို စောင့်ကြည့်ဖို့ အနားကို ကပ်သွားခဲ့ဖူးတယ်။ အဲ့ဒီနန်းတော်က အရမ်းခမ်းနားထည်ဝါပြီး ကြီးကျယ်လွန်းတယ်။ သူ့ရဲ့နာမည်ကိုတော့ မင်းခန့်မှန်းနိုင်လောက်မယ်လို့ ငါထင်တယ်။”

ကျန်းယွင်ထျန်းသည် တဒင်္ဂတုန်လှုပ်သွားခဲ့ပြီး နောက် ပြောလိုက်၏။

“အဲ့ဒီနန်းတော်က နဂါးနန်းတော်တော့ မဟုတ်ဘူးမလား။”

ရေအောက်နန်းတော်ကိစ္စနှင့်ပတ်သက်လာလျှင် အင်ပါယာအများစုရှိ လူအများစုသည် ချက်ချင်းပင် နဂါးနန်းတော်ကို စဉ်းစားမိကြမည်ဖြစ်သည်။ ဟုတ်ပါသည်၊ အနောက်တိုင်းယဉ်ကျေးမှုများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် လူများစွာသည် အတ္တလန်တစ်ကိုလည်း စဉ်းစားမိကြမည်ဖြစ်သည်။

“မှန်တယ်။ အဲ့ဒါက နဂါးနန်းတော်ပဲ။ ပြီးတော့ အရှေ့ပင်လယ်နဂါးနန်းတော်။”

ရှောင်းယီက ပြန်ပြောလိုက်၏။

“တကယ်ပဲ အရှေ့ပင်လယ်နဂါးနန်းတော်တောင် ရှိနေတာပဲ။”

ကျန်ယွင်ထျန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ဒါဆို ဒီမှာ အင်မော်တယ်တွေလည်း ရှိတယ်လို့ ဆိုလိုလိုက်တာမဟုတ်ဘူးလား။”

ရှောင်းယီက ခေါင်းခါကာ ပြုံးရင်းပြန်ပြောလိုက်၏။

“မသိဘူး။ ဒါပေမယ့် ငါတို့ရဲ့ရုပ်ခန္ဓာက သာမန်လူသားတွေနဲ့ မတူတော့ဘူး။ နောင်တစ်ချိန်မှာ တကယ်ပဲ အင်မော်တယ်တွေ ဖြစ်လာနိုင်တယ်။”

“မင်း သွားကြည့်ပြီးသွားပြီဆိုတော့ ဘာလို့အတွင်းထဲ သွားပြီးမစူးစမ်းတာလဲ။ နဂါးတွေက ရတနာအမျိုးမျိုးကို နှစ်သက်တယ်လို့ ငါကြားဖူးတယ်။ နဂါးနန်းတော်ထဲမှာ ရတနာတွေ မနည်းမနောရှိနေမှာပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ငါ မလုပ်ချင်ဘူးလို့ မင်းထင်နေတာလား။ ဒါပေမယ့် နန်းတော်ကို စောင့်ရှောက်နေတာက SSS အဆင့် ဝန်ကြီးလိပ်ပဲ။ ငါတို့ရဲ့ အခုလက်ရှိတိုက်ခိုက်မှုစွမ်းအားတွေက သူ့ရဲ့ရုပ်ခန္ဓာကို ခြစ်ရာထင်အောင်တောင် လုပ်နိုင်မှာမဟုတ်ဘူး။”

ရှောင်းယီက မကျေမနပ်ဖြင့် ပြန်ပြောလိုက်၏။

“ဝန်ကြီးလိပ်တောင် ပေါ်လာသေးတယ်ပေါ့။”

ကျန်းယွင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့ အမြန်ပြန်ပြီးထွက်ပြေးခဲ့ရတာ။”

ရှောင်းယီက ပြောလိုက်သည်။

“ကံကောင်းတာက ငါတို့ အဲဒီတုန်းက ဝန်ကြီးလိပ်နဲ့ မတိုက်ခဲ့ဘူး။ ငါတို့မှာ ရူးသွပ်ဆေးရှိတယ်ဆိုရင်တောင် သူ့နဲ့ယှဉ်နိုင်ဦးမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ မျိုးနွယ်စုခေါင်းဆောင်လင်းက ဒီတစ်ခါ စိတ်ဝိဉာည်ခုံးကောင်နဲ့ပဲ ကြုံခဲ့ရတာ။ သူ့ရဲ့အဆင့်က ဝန်ကြီးလိပ်ထက် သိသိသာသာနိမ့်ကျတယ်။ အဲ့ဒါတောင် သူ ဒဏ်ရာအပြင်းအထန်ရခဲ့တာ။ ဝန်ကြီးလိပ်နဲ့သာ ကြုံခဲ့ရရင် ထွက်ပြေးနိုင်မှာတောင်မဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ထောက်ခံလိုက်သည်။

စကားပြောနေရင်းဖြင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် တည်နေရာကူးပြောင်းခြင်းအစီအရင်ဘေးသို့ ရောက်ရှိလာခဲ့ပြီး နာ့နာအား ပြန်ပို့ပေးလိုက်၏။ ထိုအချိန်တွင် ဝမ်ချိုင်တို့လည်း အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။

ဝမ်ချိုင်တို့ ဤနေရာတွင် စောင့်ရှောက်နေခြင်းဖြင့် SSS အဆင့် စိတ်ဝိဉာည်ခုံးကောင်နှင့် ကြုံရသည့်တိုင် သူတို့ကို တားဆီးထားနိုင်မည်ဖြစ်သည်။

အဆုံးဆိုရသော် ဝမ်ချိုင်တို့သည် ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး SSS အဆင့်တိုက်ခိုက်မှုများကို ကာကွယ်နိုင်သောကြောင့် အခြေခံအားဖြင့် ပြိုင်ဘက်ကင်းပေသည်။ ရူးသွပ်ဆေးကို ထပ်မံပေါင်းထည့်လိုက်ပါက ပြိုင်ဘက်ကို နောက်တွင် ချန်ထားနိုင်သည့်အခွင့်အရေးပင် ရှိလာပေလိမ့်မည်။

“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့။ အကယ်၍ စိတ်ဝိဉာည်ခုံးကောင် ရောက်လာရင် တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေ ကျွန်းကို ချက်ချင်းပြန်လာပြီး ငါ့ကိုအကြောင်းကြားပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်။”

စစ်သားနှစ်ဦးက တုံ့ပြန်လိုက်သည်။

ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့်အတူ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ထွက်ခွာသွားခဲ့၏။

သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အရှေ့သို့ ပြန်ရောက်သောအခါ ဂရုတစ်စုလုံးသည် အကြောင်းအရာတစ်ခုကို စိတ်လှုပ်ရှားစွာဆွေးနွေးနေကြကြောင်း တွေ့လိုက်ရလေသည်။

ယခင်စကားပြောမှတ်တမ်းများကို ရှာဖွေကြည့်ရှုပြီးနောက် ရှောင်းယီနောက်ဆုံးတွင် နားလည်သွားခဲ့သည်။ တစ်စုံတစ်ဦးသည် တိုက်သစ်ကြီး၏ ရေတိမ်ပိုင်းပင်လယ်ကြမ်းပြင်၌ ကောင်းသောအရာများစွာကို တွေ့ရှိခဲ့၏။

“ ခုနကအစ်ကိုက တကယ်သတ္တိရှိတယ်ဆိုတာ ငါဝန်ခံရမယ်။ သူက ရေတောင် သွားငုပ်ရဲသေးတယ်။”

“ဟုတ်တယ်။ ဒါပေမယ့် ကျုပ်ကတော့ ပရော်ဖက်ရှင်နယ်ပစ္စည်းကိရိယာတွေမပါဘဲ လွယ်လွယ်လေးမစမ်းသပ်ဖို့ အကြံပေးချင်တယ်။ အရမ်းအန္တရာယ်များလွန်းတယ်။”

“အိမ်တွင်းအောင်းတစ်ယောက်အနေနဲ့ ကျုပ်ကတော့ သူတို့ ပင်လယ်ကြမ်းပြင်က ပစ္စည်းသေတ္တာတွေရနေတာကိုပဲ ကြည့်နေတော့မယ်။”

“ပစ္စည်းသေတ္တာတင်မကဘူး။ သူက သတ္တုကြောတစ်ခုကိုလည်း တွေ့ရှိခဲ့တယ်လို့ပြောတယ်။ ဒါကမှ သယံဇာတပဲ။”

“မင်းက ဒီလိုသယံဇာတမျိုးရှိနေတာကို ကြည့်ရုံပဲ ကြည့်နေမယ်ပေါ့။ ကုန်းမြေပေါ်မှာ သတ္တုတွင်းတူးဖော်ရတာတောင် ပြဿနာကြီးဖြစ်နေပြီ။ အခု ပင်လယ်ကြမ်းပြင်ကိုပါ ထပ်ပြီးတူးချင်သေးတယ်လား။”

“ဟုတ်တယ်။ ကျုပ်တို့ကျွန်းမှာ ကြေးနီသတ္တုကြောပေါ်လာခဲ့တယ်။ ဒါပေမယ့် တူးဖော်တာ၊ အရည်ကျိုတာလိုမျိုး ပြဿနာတွေကတော့ တကယ်ကိုခေါင်းစားစရာပဲ။”

“ငါ မင်းကိုအကြံတစ်ခု ပေးလိုက်မယ်။ ယီရန်ပင်းသူဌေးနဲ့ ပူးပေါင်းလိုက်။ သူဌေးမှာ ပရော်ဖက်ရှင်နယ် တူးဖော်ရေးနဲ့ အရည်ကျိုစက်တွေရှိတယ်။”

“သူဌေးနဲ့ပူးပေါင်းတာက တစ်စိတ်တစ်ပိုင်းကို သူနဲ့ဝေမျှပေးရမယ်။ မလုပ်ချင်ဘူး။”

“ကျုပ်ရောပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စိုက်စရာအပင်‌တွေလည်း မရှိသေးဘူး။ ဒေသခံတွေကလည်း အနားယူနေတယ်။ လူအားနဲ့ပဲ ဖြည်းဖြည်းချင်းလုပ်မယ်။”

“ဟုတ်တယ်။ အခုက အရမ်းအေး‌လာနေပြီ။ ကျုပ် နောက်ဆုံးရာသီတုန်းက စိုက်ပျိုးခဲ့တဲ့အပင်တွေဆိုရင် အကုန်လုံး ခဲပြီးသေကုန်တယ်။ မျိုးစေ့တွေအများကြီးအတွက်တော့ စိတ်မကောင်းစရာပဲ။”

“မျိုးစေ့အတွက်က ပြဿနာမဟုတ်ပါဘူး။ လောင်ယွမ်တို့ဆီကနေ ဘယ်အချိန်မဆိုဝယ်လို့ရတယ်။”

“ဟားဟား....။ ငါ ပင်လယ်ကြမ်းပြင်က ပစ္စည်းသေတ္တာထဲကနေ ဒီဟာရခဲ့တယ်။【ပေါက်ချွန်းထုတ်လုပ်မှုပုံစံ】၁။”

“သောက်ကျိုးနည်း ဒါကမှပစ္စည်းကောင်းပဲ။ လူတော်တော်များရဲ့ကျွန်းတွေပေါ်မှာ သတ္တုကြောတွေ ပေါ်လာနေပြီ။ ဒီအရာက အရမ်းအသုံးဝင်တယ်။”

“အစ်ကို ဈေးနှုန်းလေးပြောပြပါ။ ဒီထုတ်လုပ်မှုပုံစံကို ကျုပ်ပြန်ဝယ်ချင်တယ်။”

ရှောင်းယီသည်လည်း ထိုထုတ်လုပ်မှုပုံစံကို ပြန်လည်ဝယ်ယူလို၏။ အဆုံးတွင် သူ့ဆီ၌ တူးဖော်ရေးယာဉ်တစ်စီးသာရှိပေသည်။

သို့သော် တစ်ဖက်လူက ဤအရာမျိုးကို ရောင်းချမည်မဟုတ်ပေ။

အမှန်တကယ်ပင် ထိုသူက ပြန်ဖြေလာခဲ့သည်။

“ဒီဟာကို ကျုပ်မရောင်းဘူး။ ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာလည်း သတ္တုကြောတွေ အများကြီးပေါ်လာတယ်။ ဒါပေမယ့် တူးဖော်မှုတိုးတက်နှုန်းက အရမ်းနည်းတယ်။ ဒီဟာကို လိုအပ်နေတယ်။”

ပေါက်ချွန်းတစ်ခုသည် တူးဖော်မှုအရှိန်ကို သိသိသာသာ မမြှင့်တင်ပေးနိုင်သော်လည်း ပိုမြန်သည်က ပိုကောင်း၏။

မိမိတို့၏ သတ္တုကြောများကို ပို၍စောစောတူးဖော်နိုင်လျှင် ဤသတ္တုရိုင်းများကို ပို၍စောစောအသုံးပြုနိုင်မည်ဖြစ်သည်။

ပေါက်ချွန်းများ ဝယ်ယူလိုသူများစွာရှိနေသည်ကိုမြင်လိုက်ရသောအခါ ဝယ်သူလိုများစွာ သက်ပြင်းချလိုက်မိကြ၏။

ပေါက်ချွန်းများ ဝယ်ယူလိုသူများစွာရှိနေသည်ကို ရှောင်းယီ မြင်လိုက်ရသောအခါ သူ့တွင် အခြားစိတ်ကူးများရှိလာခဲ့သည်။

“ငါရဲ့ သတ္တုအရည်ကျိုမီးဖိုတွေကို ရောင်းချဖို့ အခွင့်အရေးတစ်ခု ရှာရမယ့်ပုံပဲ။”

သူသည် သတ္တုအရည်ကျိုမီးဖိုပုံစံကွက်ကို နောက်ဆုံးရတနာမြေပုံမှ ရရှိခဲ့ခြင်းဖြစ်သည်။

ရှောင်းယီတွင် သတ္တုရိုင်းအရည်ကျိုစက်တစ်လုံးရှိပြီး ၎င်းသည် တူးဖော်ရေးစက်၏ ထိရောက်မှုနှင့် ကိုက်ညီလှသဖြင့် ဤသတ္တုအရည်ကျိုမီးဖိုကို ထုတ်လုပ်ထားခဲ့ရခြင်းမရှိသေးချေ။

All Chapters