အခန်း (၆၉၃-၆၉၄)
Vol. 53 Ch. 693-694
အခန်း ၆၉၃ - မီးခတ်ကျောက် ရရှိခြင်း၊ မီးခတ်သေနတ် နှင့် ခဲကျည်ဆံများ ဝယ်ယူခြင်း
လော့စ်သည် စိတ်လှုပ်ရှားပျော်ရွှင်နေသော အင်ဂျင်နီယာများကို အံ့သြတကြီး ကြည့်နေစဉ် ဘေးနားတွင် ရပ်နေသော ရှောင်းယီက ပြောလိုက်၏။
“ခင်ဗျားတို့နိုင်ငံက အင်ဂျင်နီယာတွေက သူတို့အလုပ်ကို တကယ်မြတ်နိုးပုံရတယ်။”
ထိုခဏချင်းမှာပင် လော့စ်သည် ထိုအင်ဂျင်နီယာများ ဘာတွေးနေသည်ကို ရိပ်မိသွားခဲ့သည်။ သူက မျက်စောင်းထိုးလိုက်ကာ ပြန်ပြောလိုက်၏။
“သူတို့ ဘာတွေးနေလဲဆိုတာ ငါ မသိဘဲ နေမလားကွ။”
“ဟားဟား အမှန်တရားကို သိနေပေမဲ့ ထုတ်မပြောတာကလည်း လူမှုပတ်ဝန်းကျင်မှာ နေထိုင်နည်း ဒဿနတစ်ခုပဲလေ။”
ရှောင်းယီက ရယ်မောလိုက်သည်။
“မင်းတို့ အပြင်ကမ္ဘာကလူတွေရဲ့ ဒဿနက တကယ်ထူးဆန်းတာပဲ။”
လော့စ်က ပုခုံးတွန့်ရင်း ပြန်ပြောလိုက်၏။
“ကဲပါ လာ... အတူတူ သွားသောက်ကြရအောင်။”
ရှောင်းယီသည် လော့စ်ကို ဘားရှိရာဘက်သို့ ဆွဲခေါ်သွားလိုက်သည်။
တစ်နာရီခန့်အကြာတွင် လော့စ်သည် ရှောင်းယီ၏ကျွန်းမှ ပြန်လည်ထွက်ခွာသွားခဲ့၏။
“ကျွန်းပိုင်ရှင် ကျုပ်တို့ဆီမှာ မီးခတ်ကျောက်တချို့ကို လက်နဲ့တူးဖော်ရရှိထားပါတယ်။ အဲဒါကို တိုက်ရိုက်ပို့ပေးလိုက်ရမလား။”
ချင်ဖုန်း(ချင်ရှီဟွမ်)က ရုတ်တရက် ဖုန်းဆက်သွယ်လာခဲ့သည်။
ချင်မင်းဆက်မဟာမိတ်အဖွဲ့သည် ရှောင်းယီထံသို့ ခိုလှုံလာကတည်းက ထုံးကျောက်များကို လက်ဖြင့် တူးဖော်နေခဲ့ကြခြင်းဖြစ်သည်။ လုပ်ဆောင်ချက်သည် နှေးကွေးလှသော်လည်း အချိန်အတော်ကြာလာသည်နှင့်အမျှ ရလဒ်အချို့တော့ ထွက်ပေါ်လာစမြဲပင်။
“ကောင်းပြီ လဲလှယ်လိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့”
ချင်ဖုန်းက တုံ့ပြန်လိုက်သည်။
“ကျုပ်ဘက်က လဲလှယ်မှု တောင်းဆိုချက် ပို့ထားပြီးပါပြီ။ လက်ခံပေးပါဦး။”
ဖုန်းချပြီးနောက် ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လျှောက်သွားလိုက်၏။
ထို့နောက် ချင်ဖုန်း ပို့ထားသော လဲလှယ်မှုကို သူမြင်လိုက်ရသည်။
“【မီးခတ်ကျောက်] ၁၀၀၀ ကီလိုဂရမ် (အခမဲ့)။”
“ချင်ဖုန်းတို့အဖွဲ့ကတော့ ဇွဲမလျှော့ဘူးပဲ။”
ရှောင်းယီက ပြုံးကာ ဆိုလိုက်၏။
ရက်အနည်းငယ်အတွင်းမှာတင် လက်ဖြင့် ဤမျှမျာူပြားစွာ တူးဖော်နိုင်ခဲ့ခြင်းမှာ တကယ့်ကို အထင်ကြီးစရာပင်။
“ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာ နေရတာ အသားကျပြီလား။”
ရှောင်းယီက ချင်ဖုန်းထံသို့ စာပို့လိုက်ရင်း တစ်ဖက်တွင်လည်း ရရှိလာသော မီးခတ်ကျောက်များကို အသုံးပြုကာ မီးခတ်သေနတ် (Flintlock Pistol) များကို စတင်ထုတ်လုပ်လိုက်သည်။
“အသားကျတာလား။ ဒါပေါ့ ဒီနေရာက ကောင်းကင်ဘုံလိုပဲဟာ။”
ချင်ဖုန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။
ယခင် ချင်မင်းဆက်မဟာမိတ်အဖွဲ့မှာတုန်းက လူတိုင်းသည် အသက်ရှင်သန်ရန်အတွက်သာ ရုန်းကန်နေကြရပြီး တက်ကြွမှုမရှိဘဲ တစ်နေ့ကုန် တစ်နေ့ခန်း ဖြတ်သန်းနေခဲ့ကြရခြင်းဖြစ်သည်။ သို့သော် အခုတွင်မူ မတူတော့ချေ။
ယခုအခါ ထိုအသက်ရှင်ကျန်ရစ်သူများသည် ပိုမိုကြိုးစားလာကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်ကိုယ်စီ ရှိနေကြပြီဖြစ်သည်။
အပတ်စဉ်တိုင်းတွင်လည်း ပင်မကျွန်းနှင့် ကျွန်းခွဲများကြား ပြေးဆွဲနေသော ခရီးသည်တင်သင်္ဘောကို စီးကာ ပင်မကျွန်းရှိ အပန်းဖြေစခန်းတွင် အနားယူနိုင်ကြ၏။
သို့သော် ထိုအရာများအားလုံးအတွက် ငွေကုန်ကြေးကျတော့ ရှိပေသည်။
ထို့ကြောင့် ထိုသူများသည် ငွေများပိုမိုရရှိရန် ပို၍ကြိုးစားလာခဲ့ကြ၏။ ငွေရှိလျှင် ပင်မကျွန်းသို့ လာရောက်ပျော်ပါးနိုင်ကြသည်။ ထိုအရာသည် တခြားကျွန်းစုကလူများထက် များစွာ သာလွန်လှပေသည်။
တခြားလူများသည် ကျွန်းပိုင်ရှင် တင်သွင်းပေးမည့် နေ့စဉ်အလှည့်ကျနေရာကို လုယက်နေရချိန်တွင် သူတို့သညမူ ပိုက်ဆံရှိလျှင် အချိန်မရွေး လာရောက်နိုင်ကြ၏။
“ကောင်းပြီ။ အသားကျတယ်ဆိုရင်လည်း ပြီးတာပါပဲ။ ထုံးကျောက်တူးနေတဲ့ အလုပ်သမားတွေကိုလည်း ဂရုစိုက်လိုက်ပါဦး။ ဘေးကင်းရေးကိုလည်း သတိထားဦး။”
ရှောင်းယီသည် မီးခတ်သေနတ်ကို ကိုင်ရင်း မှာကြားလိုက်သည်။
“ဟုတ်ကဲ့ ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ချင်ဖုန်းက ပြန်ပြောလိုက်သည်။
ရှောင်ယီသည် မီးခတ်သေနတ်ကို ကိုင်လျက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ သတ္တုလုံးလေးအချို့ ထုတ်လုပ်လိုက်ပြီး ယမ်းမှုန့်များကို ယူကာ စစ်တန်းလျားဆီသို့ လျှောက်လှမ်းသွားခဲ့၏။
ရှောင်းယီသည် ကျွန်း၏ အရပ်မျက်နှာ ရှစ်ဖက်လုံးရှိ ကမ်းခြေအနီးတွင် ကင်းစခန်းများ ချထားခဲ့သည်။ တစ်ခုမှာ ကင်းလှည့်ရာ၌ အဆင်ပြေစေရန်ဖြစ်ပြီး နောက်တစ်ခုမှာ ကျွန်းခွဲများမှ လာရောက်မည့်သူများကို လက်ခံနိုင်ရန်ဖြစ်သည်။မကြာမီ ရှောင်းယီသည် တောင်ဘက်နှင့် အနီးဆုံး စစ်တန်းလျားသို့ ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင်ကို နှုတ်ဆက်ပါတယ်။”
စခန်းရှိ စစ်သားများသည် ရှောင်းယီကို မြင်သောအခါ အလေးပြုလိုက်ကြ၏။
ရှောင်းယီသည် သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး အပစ်အခတ်လေ့ကျင့်ကွင်းဆီသို့ လျှောက်သွားခဲ့သည်။ လက်ရှိတွင် ၎င်းတို့၌ မီးသေနတ်များသာရှိပြီး ပစ်ခတ်မှုတိကျချက် မမြင့်မားသော်လည်း ကျန်းယွင်ထျန်းသည် ကျည်ဆန်အစစ်ဖြင့် လေ့ကျင့်ရန် ညွှန်ကြားထားဆဲဖြစ်၏။
လေ့ကျင့်မှု များလာလေလေ၊ ပစ်မှတ်မှာ ပိုမှန်လာလေလေ ဖြစ်မည်မဟုတ်ပါလား။
လေ့ကျင့်ကွင်းထဲတွင် စစ်သားအချို့ လေ့ကျင့်နေကြဆဲဖြစ်သည်။ ကျန်းယွင်ထျန်းသည် အလျင်အမြန် အပြေးရောက်လာခဲ့၏။ ရှောင်းယီ စစ်တန်းလျားထဲ ခြေချလိုက်ကတည်းက တစ်စုံတစ်ယောက်က ကျန်းယွင်ထျန်းအား အကြောင်းကြားထားခဲ့ပြီးသားဖြစ်သည်။
“ကျွန်းပိုင်ရှင် ဒီနေ့ စစ်တန်းလျားကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။”
ကျန်းယွင်ထျန်းက စပ်စုသည့်လေသံဖြင့် မေးလိုက်၏။
ရှောင်ယီသည် သူ၏ဝတ်ရုံထဲမှ အသစ်စက်စက် ထုတ်လုပ်ထားသော မီးခတ်သေနတ်ကို ထုတ်ပြလိုက်သည်။
သေနတ်၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် ၎င်းသည် ယခင် မီးသေနတ်များနှင့် လုံးဝကွဲပြားကြောင်း ကျန်းယွင်ထျန်း သိလိုက်၏။
“ဒါက မီးခတ်သေနတ်လား။”
ရှောင်းယီတွင် မီးခတ်သေနတ် ပုံစံကွက်ရှိကြောင်း ကျန်းယွန်ထျန်း ကြားခဲ့ဖူးသည်။
ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ချင်ဖုန်းတို့ဘက်က မီးခတ်ကျောက် တချို့ တူးလို့ရလာပြီဆိုတော့ အခုမှပဲ ထုတ်လုပ်နိုင်တော့တယ်။”
စနစ်၏ လမ်းညွှန်ချက်အတိုင်း ယမ်းမှုန့်ထည့်၊ ကျည်ဆန်ကို ယမ်းထောင်တုတ်ဖြင့် ထိုးသွင်းပြီးနောက် ရှေ့ရှိ ပစ်မှတ်ကို ချိန်ကာ မောင်းဖြုတ်လိုက်၏။
ကလစ်
မီးခတ်ကျောက်သည် သံပြားကို ပြင်းထန်စွာ ရိုက်ခတ်မိပြီး ထွက်ပေါ်လာသော မီးပွင့်များက ယမ်းကို လောင်ကျွမ်းစေကာ ကျည်ဆန်ကို ပစ်လွှတ်လိုက်လေသည်။
ဖောက်
ကျည်ဆန်သည် ပစ်မှတ်ကို ဖောက်ထွက်သွားပြီး ရှောင်းယီ၏ ပစ်ချက်သည် အလယ်ဗဟိုကို ကွက်တိထိမှန်သွားခဲ့သည်။
“ဒါရဲ့ စွမ်းအားနဲ့ တိကျမှုက ဒီလောက်တောင် မြင့်တာလား။”
ကျန်းယွင်ထျန်းက အံ့သြစွာ ဆိုလိုက်၏။
ကြေးစားစစ်သားတစ်ဦးအနေဖြင့် သူသည် သေနတ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို အနည်းငယ် သိရှိထားခဲ့သည်။ မီးခတ်သေနတ်သည် မီးသေနတ်ထက် ပိုတိကျမည်ဖြစ်သော်လည်း ယခုလောက်အထိတော့ မဖြစ်နိုင်ပေ။
ရှောင်းယီသည် ထွက်လာသော မီးခိုးများကို ယပ်ခတ်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ဒါကို ငါတို့ ကမ္ဘာဟောင်းက အမြင်နဲ့ မကြည့်နဲ့။ ပြီးတော့ ဒီမီးခတ်သေနတ်က S အဆင့်ပဲ။ အဆင့်မြင့်မှတော့ သေချာပေါက်ပိုကောင်းပေါ့။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
သို့သော် ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဒီမီးခိုးတွေက မြင်ကွင်းကို နည်းနည်း အဟန့်အတားဖြစ်စေတာ။ တစ်ခါပစ်တိုင်း ပြန်ဖြည့်နေရတာက နည်းနည်းတော့ လက်ဝင်နေတုန်းပဲ။”
“ဓာတုဗေဒပိုင်းက သိပ်မတိုးတက်သေးတော့ မီးခိုးမဲ့ယမ်းမှုန့် ပေါ်လာဖို့တော့ အချိန်ယူရဦးမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“လက်ရှိ သေနတ်တွေကို ကျည်ဖြည့်ရတာကတော့ ဒီလိုပါပဲ။ အနည်းဆုံးတော့ ကိုယ်တိုင် မီးညှိနေစရာ မလိုတော့ဘူးလေ။ ဒါက ပိုပြီး အဆင်ပြေပါတယ်။”
ယခင် မီးသေနတ်များသည် ကျည်ဖြည့်ရရုံတင်မကဘဲ ကိုယ်တိုင် မီးညှိပေးရသေး၏။ အဆင့်ဆင့် လုပ်ဆောင်ရသည်မှာ မီးခတ်သေနတ်ထက်ပင် ပို၍ရှုပ်ထွေးလှသည်။
တိုက်ပွဲအတွင်း စိတ်လှုပ်ရှားပြီး လက်တုန်နေပါက မီးတောင် ညှိနိုင်မည်မဟုတ်ပေ။
မီးခတ်သေနတ်သည်မူ တိုက်ရိုက်ပစ်ခတ်နိုင်သောကြောင့် ကြီးမားသောအားသာချက် ရှိနေပြီဖြစ်သည်။
ကျန်းယွင်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီက ပြန်ပြောလိုက်၏။
“သိပ်တော့ ကြာမှာမဟုတ်ပါဘူး။”
“ဟမ်”
ကျန်းယွင်ထျန်းက ရှောင်းယီအား နားမလည်သလို ကြည့်လိုက်သည်။
ရှောင်းယီသည် လက်ခါပြလိုက်ပြီး ဓာတ်ခွဲခန်းတွင် မီးခိုးမဲ့ယမ်းမှုန့်အတွက် သုတေသနများ စတင်နေပြီဖြစ်ကြောင်းနှင့် မကြာမီ ရလဒ်ထွက်ရှိလာတော့မည်ဖြစ်ကြောင်းကိုမူ ထုတ်မပြောခဲ့ပေ။
“တိုက်သစ်ကြီးကို စူးစမ်းမယ့် အဖွဲ့တစ်ဖွဲ့လုံးကို ဒီလက်နက်တွေ တပ်ဆင်ပေးလိုက်ပါ။”
ရှောင်းယီက ပြောလိုက်၏။
“ကျွန်းပိုင်ရှင် ကျုပ်တို့ရဲ့ တိုက်သစ်စူးစမ်းရေးအဖွဲ့က လူနှစ်ထောင်နီးပါး ရှိတာနော်။ သူတို့အားလုံးကို မီးခတ်သေနတ်တွေ တပ်ဆင်ပေးမှာ သေချာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“သေချာတယ်။ ခဏနေရင် ငါ့ဆီကို လူလွှတ်ပြီး သေနတ်တွေ လာယူခိုင်းလိုက်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီ ထွက်ခွာသွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ပထမဆုံး မီးခတ်သေနတ် အလက်နှစ်ထောင်ကို ထုတ်လုပ်လိုက်၏။ ထို့နောက် ခေတ္တစဉ်းစားပြီးနောက် ခဲကျည်ဆံပုံစံကွက် ရှိထားသော အသက်ရှင်ကျန်ရစ်သူထံသို့ စာပို့လိုက်သည်။
“ဟယ်လို ခင်ဗျားဆီမှာ ခဲကျည်ဆံတွေ ရောင်းဖို့ရှိလားလို့ မေးချင်လို့ပါ။”
ရှောင်းယီက မေးလိုက်၏။
“အား ခင်ဗျားက အကြီးအကဲ ယီရန်ပင်း မဟုတ်လား။ ဟုတ်ကဲ့၊ ရောင်းဖို့ ရှိပါတယ်။”
တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။
“ကျုပ်လက်ထဲမှာ အခုလောလောဆယ် အုတ်မြစ်ကျောက်တွေ မရှိဘူး။ ပစ္စည်းချင်း လဲလှယ်လို့ ရမလား။”
ရှောင်းယီက မေးလိုက်သည်။
“လဲလှယ်မှာလား ဘာနဲ့ လဲမှာလဲ။”
“S အဆင့် အမြောက်ဆံတွေနဲ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ရတာပေါ့၊ ဘယ်လို လဲမှာလဲ။”
“S အဆင့်အမြောက်ဆံ တစ်လုံးကို ခဲကျည်ဆံ တစ်ထောင်။”
ရှောင်းယီက စာပို့လိုက်၏။
“အာ မရဘူး ဒါက အရမခးများလွန်းတယ်။ အများဆုံး ကျည်ဆံ ငါးရာပဲ ပေးနိုင်မယ်။”
တစ်ဖက်လူက ဆိုလာခဲ့သည်။
“ဒီလိုတော့ စျေးမဆစ်ပါနဲ့လေ။ ဒါတွေက S အဆင့် အမြောက်ဆံတွေပဲ။ ပြီးတော့ ကျုပ်ဆီမှာပဲ ရှိတာ။ တခြား မဟာမိတ်အဖွဲ့တွေမှာ မရှိဘူး။ ဒါ့အပြင် ဒီအမြောက်ဆံတွေက အသက်ကယ်နိုင်တယ်။ ခင်ဗျားရဲ့ ခဲကျည်ဆံတွေက ရိုးရိုးအဆင့်တွေပဲလေ။”
ရှောင်းယီက ပြောလိုက်၏။
အခန်း ၆၉၄ - မီးခတ်သေနတ်၏ လက်တွေ့တိုက်ပွဲ
ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ တစ်ဖက်လူမှာ တုံ့ဆိုင်းသွားပုံရပြီး အတော်ကြာသည်အထိ ပြန်စာမပို့လာခဲ့ပေ။
ရှောင်းယီသည် ထိုသူ အရောင်းအဝယ်ကို လက်လျှော့လိုက်ပြီဟု ထင်မှတ်နေစဉ်မှာပင် တစ်ဖက်လူက စာပြန်ပို့လာ၏။
“အကြီးအကဲ ကျုပ်တို့ အဖွဲ့ထဲမှာ ဆွေးနွေးပြီးပါပြီ။ ကျုပ်တို့ရဲ့ နောက်ဆုံးစျေးကတော့ S အဆင့်အမြောက်ဆံ တစ်လုံးကို ခဲကျည်ဆံ ရှစ်ရာပါ။ ခင်ဗျား သဘောတူတယ်ဆိုရင် ဒီနှုန်းနဲ့ပဲ လဲလှယ်ကြရအောင်။ မဟုတ်ရင် ထားလိုက်ပါတော့။”
ထိုစာကို မြင်သောအခါ ရှောင်းယီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒီနှုန်းနဲ့ပဲ လုပ်ကြတာပေါ့။ ကျုပ်အတွက် ခဲကျည်ဆံ ရှစ်သောင်း အရင်ပြင်ဆင်ပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုရင် လဲလှယ်ဖို့ လာပြောလှည့်။”
“ဟုတ်ကဲ့၊ ခဏစောင့်ပေးပါ။”
တစ်ဖက်လူက ပြန်ဖြေလာခဲ့၏။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ထုတ်လုပ်ခြင်းဖြစ်၍ ကုန်ကြမ်းပစ္စည်းများသာ လုံလောက်လျှင် ခဲကျည်ဆံ ရှစ်သောင်းဆိုသည်မှာ ခဏချင်းပင် ပြီးစီးသွားမည်ဖြစ်သည်။
ယီရန်ပင်း၏ အထင်ကြီးမှုကို ရရှိစေရန်အတွက် ဖြစ်နိုင်၏။ ထိုလူများသည် သေတ္တာအချို့ကိုပါ ပြုလုပ်ပေးခဲ့ပြီး အတွင်း၌ ခဲကျည်ဆံတစ်လွှာ၊ ကောက်ရိုးတစ်လွှာဖြင့် သေချာထည့်ပေးခဲ့သည်။
အားလုံးပြီးစီးသွားသောအခါ တစ်ဖက်လူက အရောင်းအဝယ် တောင်းဆိုချက်တစ်ခုကို ပေးပို့လာခဲ့သည်။
ရှောင်းယီက ချက်ချင်းပင် သဘောတူလိုက်ပြီး S အဆင့် ပြင်းအားကောင်းဗုံးဆန် အလုံး ၁၀၀ ကို ခဲကျည်ဆံ ရှစ်သောင်းနှင့် လဲလှယ်လိုက်တော့လေသည်။
“အစ်ကိုကျန်း ကျုပ် မီးခတ်သေနတ်တွေနဲ့ ခဲကျည်ဆံတွေ ပြင်ဆင်ပြီးပြီ။ လာယူလို့ရပြီ။”
ရှောင်းယီက ကျန်းယွင်ထျန်းကို ဖုန်းဆက်လိုက်၏။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး သေနတ်များနှင့် ကျည်ဆံများကို သယ်ထုတ်ကာ ရှေ့တန်းစစ်မျက်နှာရှိ ရှုံးတိထံသို့ ပေးပို့လိုက်၏။စူးစမ်းရေးအဖွဲ့များ ပြန်ရောက်လာသောအခါ လူတိုင်းကို ဤသေနတ်အမျိုးအစားမျာအား တပ်ဆင်ပေးမည်ဖြစ်သည်။
တပ်ဆင်ပေးသည့်အချိန်တွင် ရှုံးတိသည် ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်အရ မီးခတ်သေနတ် အသုံးပြုပုံနှင့် သတိထားရမည့်အချက်များကို လူတိုင်းအား ရှင်းပြခဲ့သည်။
ဒေသခံစစ်သားများသည် ဤကဲ့သို့ အဆင့်မြင့်သေနတ်များကို မြင်လိုက်ရသောအခါ သဘာဝအတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြ၏။
“ဒီလို အဆင့်မြင့်သေနတ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် မီးစနဲ့ လိုက်တို့နေစရာ မလိုတော့ဘူးပေါ့။”
“ဟုတ်တယ်။ ဒါက အများကြီး ပိုအဆင်ပြေတယ်။ ကျွန်းပိုင်ရှင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ဒီလိုမျိုးအရာတွေကိုတောင် ရအောင်ယူနိုင်တယ်။”
“ဟားဟား။ ဒါနဲ့ဆိုရင် ငါတို့ ပိုပြီးဘေးကင်းသွားပြီ။ အဲဒီ ဒေသခံအဖွဲ့တွေကိုတောင် အပြတ်ရှင်းပစ်လို့ ရဦးမယ်။”
သို့သော်လည်း ယခင်ကမ္ဘာက စက်သေနတ်အကြီးစားများကို မြင်ဖူးသည့် အသက်ရှင်ကျန်ရစ်သူများအဖို့တော့ ဤသေနတ်ကို ကြည့်ကာ အားမလိုအားမရ ဖြစ်နေခဲ့ကြ၏။
ကျည်အိမ်ထဲတွင် ကျည်ဆန် ၁၀ တောင့်လောက်သာ ထည့်ပစ်လို့ရသည့် အရင်ကမ္ဘာက ပစ္စတိုသေနတ်များလို ဖြစ်နေရလျှင်တောင် အခုလို တစ်တောင့်ပစ်လိုက်၊ ဒုတ်နဲ့ ထိုးလိုက်လုပ်နေရတာထက် အများကြီး သာဦးမှာပင်။ ဤသည်မှာ အသက်ရှင်ကျန်ရစ်သူအားလုံး၏ ရင်ထဲက စကားပင်ဖြစ်၏။
ထိုအရာကိုမူ သူတို့ ထုတ်မပြောခဲ့ကြပေ။ သူတို့ ပြောလျှင်လည်း ဒေသခံစစ်သားများ နားလည်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း ဘာမှမရှိတာထက်စာလျှင် ရှိနေခြင်းက ပိုကောင်းပေသည်။
လူတိုင်း ခဏတာ အနားယူပြီးနောက် ရိက္ခာများယူကာ တိုက်သစ်ကြီးထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားခဲ့ကြ၏။
တိုက်သစ်ကြီးပေါ်ရှိ ဒေသခံများသည် သူတို့တက်လာခြင်းကို မတားဆီးတော့သဖြင့် တိုက်သစ်ကြီးထဲသို့ တိုးဝင်လာသည့် အဖွဲ့များမှာ တစ်ဟုန်ထိုး တိုးပွားလာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။
ကမ်းခြေတွင် အခြေစိုက်ထားသော ဒေသခံကင်းစခန်းများသည်လည်း နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေကြရ၏။ တစ်ချိန်တည်းမှာပင် ဤသတင်းအချက်အလက်များကို နောက်တန်းသို့ ပေးပို့လိုက်လေသည်။
“အခု မြင့်တက်နေတဲ့နှုန်းအရဆိုရင် တိုက်ကြီးတစ်ခုလုံးက အများဆုံး တစ်လအတွင်းမှာ ရေအောက်ရောက်သွားလိမ့်မယ်။”
ထိုသတင်းကို ရရှိလိုက်သော မြင့်မြတ်ဘုရင်သည် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။
“ဒီလောက်တောင် မြန်နေတာလား။ ငါတို့ရဲ့ မှော်ဆရာကရော အဆင့်တက်သွားပြီလား။”
“တင်ပြပါတယ် အရှင်မင်းကြီး။ မအောင်မြင်သေးပါဘူး။”
ဘေးနားရှိ သူ၏ယုံကြည်ရသော နောက်လိုက်က ပြန်ဖြေလိုက်သည်။
“ငါတို့နိုင်ငံရဲ့ ပြောင်းရွှေ့မှုက တစ်လအတွင်း ပြီးစီးနိုင်ပါ့မလား။”
“နှစ်ဖက်စလုံးမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ ဆောက်ပြီးပါပြီ။ အခုသွားနေတဲ့နှုန်းအရဆိုရင် ပြဿနာမရှိနိုင်ပါဘူး။”
“ဒါဆိုရင် အဲဒီ အပြင်ကမ္ဘာကလူတွေ ကျူးကျော်လာတဲ့နှုန်းကိုတော့ နည်းနည်းလောက် ထိန်းချုပ်ထားရမယ်။”
ဘုရင်ကြီးက ဆိုလိုက်သည်။
“ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကျူးကျော်လာတဲ့ အပြင်လူတွေကို အပြတ်ရှင်းဖို့ အဖွဲ့တွေ စေလွှတ်လိုက်ပါ။ အရှင်ဖမ်းမိနိုင်ရင် အကောင်းဆုံးပဲ။”
“အမိန့်တော်အတိုင်းပါ။”
ဘုရင်ကြီး အမိန့်ထုတ်ပြန်လိုက်သည်နှင့် ကျန်ရှိသော အင်ပါယာ သုံးခုဖြစ်သည့် မြင့်တက်နေမင်း၊ အော်ကုနှင့် ချင်းကျူးအင်ပါယာတို့သည်လည်း ဤအမိန့်ကို ထုတ်ပြန်ခဲ့ကြ၏။
အင်ပါယာစစ်တပ်အမြောက်အမြား ရောက်ရှိလာခြင်းသည် တိုက်သစ်ကြီးကို စူးစမ်းနေသော အသက်ရှင်ကျန်ရစ်သူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တော့လေသည်။
“လူတွေလာနေပြီ”
တစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။
“အားလုံးပဲ သတိထားပြီး ပုန်းကြ။ သေနတ်တွေ သင့်ပြင်။”
လူငါးဦးပါသော ထိုအဖွဲ့သည် ဘေးနားရှိ မြက်တောထဲတွင် ချက်ချင်းပင် ပုန်းလိုက်ကြသည်။ ထို့နောက် ခါးမှ မီးခတ်သေနတ်များကို ထုတ်ကာ ယမ်းနှင့် ကျည်များ ဖြည့်လိုက်ကြလေသည်။
ထိုလူငါးဦးဝတ်ထားသော အင်္ကျီပေါ်တွင် ခြေသည်းငါးခုပါသော နဂါးရုပ်ပါရှိသောကြောင့် သူတို့သည် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်း ထင်ရှားနေပေ၏။
ခဏအကြာတွင် သံချပ်ကာဝတ်ထားသော စစ်သားတစ်ဖွဲ့ တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအဖွဲ့တွင် စုစုပေါင်း လူကိုးဦးရှိပြီး ဓားတိုများကို ကိုင်ဆောင်ထားကာ ကျောတွင် မီးသေနတ်များကို လွယ်ထားကြသည်။
“ဟင် ခုနက သူတို့ ဒီဘက်ကို လျှောက်လာတာ တွေ့လိုက်တာ မဟုတ်ဘူးလား။”
ခေါင်းဆောင်ဖြစ်သူက သံသယဖြင့် ရေရွတ်လိုက်၏။
“အားလုံး သတိထားကြ။ ဒီနားတစ်ဝိုက်ကို ရှာစမ်း။”
“ဟုတ်ကဲ့။”
သံချပ်ကာဝတ် စစ်သားများသည် လူစုခွဲကာ စတင်ရှာဖွေကြတော့သည်။
စစ်သားတစ်ဦးသည် စောစောကအဖွဲ့ ပုန်းအောင်းနေသောနေရာသို့ တည့်တည့်တိုးဝင်လာ၏။
ပုန်းအောင်းနေသော လူငါးယောက်လုံးသည် သူတို့၏ ခေါင်းဆောင်အား ကြည့်လိုက်ကြလေသည်။ ခေါင်းဆောင်သည် အသံမထွက်ရန် အချက်ပြလိုက်ပြီး ခါးမှ ဓားမြှောင်ကို ထုတ်ယူကာ ရှာဖွေနေသော စစ်သားနောက်သို့ တိုးကပ်သွားလိုက်၏။
တိုက်သစ်ကြီးထဲသို့ ဝင်ရောက်စူးစမ်းကြသော အဖွဲ့အားလုံးမှာ စစ်တန်းလျားတွင် လေ့ကျင့်ထားသော အထူးစစ်သားများ ဖြစ်ကြသည်။
ထို့ကြောင့် ခေါင်းဆောင်သည် ထိုစစ်သားနောက် တစ်မီတာအကွာအထိ ရောက်ရှိသွားသော်လည်း ထိုစစ်သားမှာ မသိလိုက်ပေ။
ခေါင်းဆောင်သည် ရုတ်တရက် ခုန်ထွက်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် စစ်သား၏ပါးစပ်ကို ပိတ်ကာ၊ ညာဘက်လက်ရှိ ဓားမြှောင်ကို သံချပ်ကာနှင့် ဦးထုပ်ကြားရှိ လစ်ဟာနေသောနေရာသို့ တိုက်ရိုက် ထိုးသွင်းလိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင် ခေါင်းဆောင်သည် “မကောင်းတော့ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်မိသည်။ အကြောင်းမှာ သူ၏ ဓားမြှောင်သည် တစ်ခုခုနှင့် ခုခံခြင်းခံထားရသလို ခံစားလိုက်ရသောကြောင့်ပင်။ ထိုနေရာတွင် အပိုအကာအကွယ်များ ပါနေပုံရသည်။
စစ်သားသည် စတင်၍ ပြင်းပြင်းထန်ထန် ရုန်းကန် လာ၏။ ခေါင်းဆောင်သည် သူ၏ဓားမြှောင်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် ထိုစစ်သား၏ လည်ပင်းကို ရုတ်တရက် လိမ်ချိုးလိုက်သည်။
ခရက်
စစ်သား၏ လည်ပင်းကျိုးသွားသော်လည်း ထိုအသံမှာ တောအုပ်ထဲတွင် အလွန်ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့သည်။
“ဟိုမှာ သူတို့ရှိတယ်။”
ဒေသခံအဖွဲ့က ချက်ချင်း အော်ဟစ်လိုက်ကြ၏။
ထိုအခါ ခေါင်းဆောင်က တည်ငြိမ်သောအသံဖြင့် “ပစ်” ဟု အမိန့်ပေးလိုက်တော့လေသည်။
အဆင်သင့်ပြင်ထားသော မီးခတ်သေနတ်များမှ ကျယ်လောင်သောအသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
ဒိုင်း! ဒိုင်း! ဒိုင်း!
ရှေ့ဆုံးမှ ပြေးဝင်လာသော လူလေးဦးမှာ ချက်ချင်းပင် လဲကျသွားသောကြောင့် ကျန်ရှိသော ဒေသခံစစ်သားများမှာ လန့်ဖျပ်သွားခဲ့ကြသည်။
သူတို့သည် သစ်ပင်များနောက်တွင် တစ်ယောက်ပြီးတစ်ယောက် ပုန်းအောင်းလိုက်ကြပြီး ကျောရှိ မီးသေနတ်များကို ဖြုတ်ယူလိုက်ကြသည်။
ထိုယီရန်ပင်းမဟာမိတ်စစ်သားများသည် မီးခတ်သေနတ်နှင့် စနစ်တကျ လေ့ကျင့်ထားခြင်း မရှိသော်လည်း မီးသေနတ်များကို အမြောက်အမြား အသုံးပြုဖူးသဖြင့် သေနတ်ပစ်ရာတွင် အသားကျနေကြသူများဖြစ်၏။
ပထမဆုံး ထိတ်တိုက်ရင်ဆိုင်တွေ့ဆုံမှုမှာပင် ရန်သူလေးဦးကို သတ်ပစ်နိုင်ခဲ့သောကြောင့် ခေါငဆောင်က “ကောင်းတယ်” ဟု တိုးတိုးလေး ချီးကျူးလိုက်သည်။
ဒေသခံအဖွဲ့မှာမူ ဇဝေဇဝါ ဖြစ်နေကြ၏။
“သူတို့ရဲ့ လက်ဖြောင့်ချက်က ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းနေရတာလဲ။ သူတို့သုံးတဲ့ သေနတ်တွေကလည်း သေးသေးလေးတွေနဲ့ ပေါ့ပါးသွက်လက်နေသလိုပဲ။”
မီးခတ်သေနတ်များသည် မီးသေနတ်များထက် သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူလှသည်။
သစ်ပင်နောက်ရှိ ဒေသခံများသည် မီးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကြသော်လည်း သေသေချာချာ ပုန်းအောင်းနေသော စူးစမ်းရှာဖွေရေးအဖွဲ့ကို မှန်အောင်မပစ်နိုင်ကြပေ။
စူးစမ်းရေးအဖွဲ့သားများမှာမူ စကားများပင် ပြောဆိုနေကြသေးသည်။
“ဒီမီးခတ်သေနတ်က တကယ်ကို သုံးလို့ကောင်းတာပဲ။”
“ဟုတ်တယ်။ တိကျမှုကလည်း အတော်မြင့်တယ်။ ခုနက ပစ်တုန်းက လွဲသွားမလားဆိုပြီး စိုးရိမ်နေခဲ့တာ။ ဒီလောက် တည့်တည့်မှန်သွားမယ်လို့ မထင်ထားခဲ့ဘူး။”
“ဟုတ်တယ်။ သူတို့ မျက်လုံးကိုပဲ ချိန်ပစ်လိုက်၊ သေတာပဲ။”
ထိုအဖွဲ့၏ခေါင်းဆောင်မှာ အသက်ရှင်ကျန်ရစ်သူတစ်ဦး ဖြစ်သည်။ သူတို့၏စကားကို ကြားသောအခါ သူက ပြောလိုက်၏။
“နောင်တစ်ချိန်ကျရင် ဒီထက် ပိုပြီးအဆင့်မြင့်တဲ့ သေနတ်တွေ ရှိလာဦးမှာ။ ဒီမီးခတ်သေနတ်က ဘာမှမဟုတ်သေးဘူး။”
“ဒီထက် အဆင့်မြင့်တာ ဟုတ်လား။ ခေါင်းဆောင်က အပြင်ကမ္ဘာကလူဆိုတော့ ကျုပ်တို့ကို ပြောပြပါဦး။ ပိုပြီး အဆင့်မြင့်တဲ့ သေနတ်တွေက ဘယ်လိုမျိုးလဲ။”