အခန်း (၆၉၅-၆၉၆)
Vol. 53 Ch. 695-696
အခန်း ၆၉၅ - အမောင်းထုတ်ခံရပြန်သော အသက်ရှင်ကျန်ရစ်သူများနှင့် အောက်ဆီဂျင်ဘူး
တပ်စုခေါင်းဆောင်သည် ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်သော ဒေသခံတပ်ဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ သူတို့လည်း မတိုက်ရဲတော့ဘူးမှတော့ ငါတို့ စကားပြောကြတာပေါ့။ ငါက သာမန်လူတစ်ယောက်ပဲ၊ သေနတ်ပစ်ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါသိတာတစ်ခုကတော့ အဆင့်မြင့်ကျည်ဆန်တွေက အခုလို အဝိုင်းတွေမဟုတ်ဘူး။ အဲဒါတွေက ဆလင်ဒါပုံစံဖြစ်ပြီး အတွင်းထဲမှာ ပိုပြီးရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေ ပါဝင်လိမ့်မယ်။”
“ဆလင်ဒါပုံစံ ကျည်ဆန်တွေလား။ ပြီးတော့ ကျည်ဆန်ထဲမှာ ပစ္စည်းတွေ ပါသေးတယ်ဟုတ်လား။”
ကျန်စစ်သားလေးယောက်မှာ သူတို့၏ခေါင်းဆောင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။
ခေါင်းဆောင်က ခေါင်းငြိမ့်ပြကာ ဆက်ပြောလိုက်သည်။
“နောက်ပြီး အနာဂတ်သေနတ်တွေက အော်တိုမက်တစ် (အလိုအလျောက်) စနစ်တွေပဲ။ ကျည်ပြန်ဖြည့်နေစရာ မလိုဘူး။ ကျည်ကတ်ကို တပ်လိုက်ရုံနဲ့ မောင်းခလုတ်ကို ဆက်တိုက်ဆွဲပြီး ချိန်ပြီး ပစ်လိုက်ရုံပဲ။”
သူသည် ပြောရင်းနှင့် ရန်သူ့တပ်ကို စပရေးနှင့် ဖြန်းပစ်သည့်ပုံစံမျိုးကို လက်ဟန်ခြေဟန်ဖြင့် သရုပ်ပြလိုက်၏။
“အော်တိုမက်တစ်လား။ ဒါဆို လူတစ်ယောက်တည်းနဲ့ ဟိုဘက်က ဒေသခံကိုးယောက်လုံးကို အပြတ်ရှင်းလို့ ရတာပေါ့။”
“အတိအကျပဲ။”
ခေါင်းဆောင်က အတည်ပြုပေးလိုက်သည်။
“ကျည်ကတ်တစ်ခုမှာ အနည်းဆုံး ကျည်ဆန် အတောင့် ၃၀ ပါတယ်။ တစ်ခါတလေ အဲဒါထက်တောင် ပိုသေးတယ်။”
“၃၀ တောင်လား။ လူတစ်ယောက်က လူ ၃၀ ကို သတ်နိုင်တယ်ပေါ့။”
“အင်း အဲဒီလိုပဲ ပြောရမှာပေါ့။”
ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ဒါဆို ကျုပ်တို့လက်နက်တွေက ခေတ်နောက်ကျနေရင် ကျုပ်တို့ သေပြီပေါ့။”
စစ်သားတစ်ယောက်က မေးလိုက်၏။ ခေါင်းဆောင်က ခေါင်းငြိမ့်မလိုလုပ်ပြီးမှ ပြန်ခါယမ်းလိုက်သည်။ စစ်သားများမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။
အကယ်၍ ထိုအဆင့်မြင့်သေနတ်များသည် တကယ်ပင် သေစေနိုင်လောက်ပါက (တစ်ယောက်တည်းနှင့် ရာဂဏန်းကို ယှဉ်နိုင်ပါက) လက်နက်ညံ့ဖျင်းသည့် တပ်ဖွဲ့များက မည်သို့ အသက်ရှင်နိုင်မည်နည်း။ သူက ဘာကြောင့် ခေါင်းခါပြရသလဲ။
“ယုံကြည်ချက်ရှိရှိနဲ့ စတေးဖို့ အသင့်ရှိနေပြီး တိုက်ပွဲဝင်လိုစိတ်ရှိတဲ့ တပ်ဖွဲ့တစ်ခုက လက်နက်တွေ ခေတ်နောက်ကျနေရင်တောင် အနိုင်ရနိုင်ပါသေးတယ်။ ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့ အရမ်းကို ကြောက်စရာကောင်းလိမ့်မယ်။”
ခေါင်းဆောင်သည် သူ၏ကမ္ဘာဟောင်းမှ ရှားနိုင်ငံကြီး၏ သွေးစွန်းခဲ့သော သမိုင်းကြောင်းကို ပြန်လည်အမှတ်ရရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
အခြားစစ်သားလေးယောက်မှာ ဤကမ္ဘာမှ ဒေသခံများဖြစ်သဖြင့် သူ၏ခံစားချက်ကို နားမလည်ကြချေ။ ထို့ပြင် ရန်သူများသည် ရှေ့သို့ တဖြည်းဖြည်း တိုးကပ်လာနေပြီဖြစ်ရာ သူတို့ ဆက်မမေးတော့ပေ။
“ငါးယောက်ပဲ ကျန်တော့တာကို ရှေ့တိုးလာရဲသေးတယ်ပေါ့။ ညီအစ်ကိုတို့ သူတို့ကို အပြတ်ရှင်းပစ်လိုက်။”
ခေါင်းဆောင်က ဟိန်းဟောက်လိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ”
ဤမျှ အဆင့်မြင့်သည့် လက်နက်များကို ကိုင်ထားပြီးမှ ရန်သူကို အပြတ်မရှင်းနိုင်လျှင် သူတို့ခေါင်းကို တို့ဖူးခဲနှင့် ရိုက်သတ်လိုက်တာကမှ ပိုကောင်းပေဦးမည်။
ရှေ့တိုးရန် ပြင်ဆင်နေသော ဒေသခံတပ်စုသည် ထိုဟိန်းဟောက်သံကို ကြားလိုက်သည်နှင့် ၎င်းတို့၏ ပုန်းခိုရာနေရာများသို့ အလုအယက် ပြန်ဆုတ်သွားကြ၏။ ခေါင်းဆောင်နှင့် သူ၏လူများမှာ ဆွံ့အကာ အံ့သြတကြီး ကြောင်ကြည့်နေမိခဲ့ကြသည်။
ရန်သူ့လက်နက်များသည် ခေတ်နောက်ကျနေသော်လည်း သေနတ်များဖြစ်နေဆဲပင်။ မဆင်မခြင် တိုးဝင်သွားပါက ဘာမှရလာမည်မဟုတ်ဘဲ ကျည်ဆန်မှားမှန်ပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။
“ငါတို့ ပြန်ဆုတ်ကြမယ်။ သူတို့ကို အဲဒီမှာပဲ အမြှီးကုတ်နေအောင် ကြောက်ခိုင်းထားလိုက်။”
ခေါင်းဆောင်က တိုးတိုးပြောလိုက်ပြီး ငါးယောက်သား အကာအကွယ်များကြားမှ သတိကြီးစွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။
တစ်ဖက်တွင်မူ ဒေသခံများသည် သူတို့၏ ယမ်းမှုန့်များ ကုန်သလောက်ဖြစ်သည်အထိ လေထဲသို့ ရမ်းသန်းပစ်ခတ်နေကြပြီး နောက်ဆုံးတွင် သူတို့ခေါင်းဆောင်က ရပ်တန့်ရန် အမိန့်ပေးလိုက်၏။
“ရှေ့တိုးပြီး သွားစစ်ဆေးစမ်း။”
ဒေသခံခေါင်းဆောင်က အမိန့်ပေးသည်။
ဒေသခံများသည် ၎င်းတို့၏မီးသေနတ်များကို အသင့်ပြင်ကာ ရှေ့သို့ တဖြည်းဖြည်းချင်း တိုးသွားခဲ့ကြသည်။ နေရာသို့ ရောက်သောအခါ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေတော့ပေ။
“တောက်”
ဒေသခံခေါင်းဆောင်က ကျိန်ဆဲလိုက်၏။
“ငါတို့ အလှည့်စားခံလိုက်ရပြီ။ သေသွားတဲ့ လေးယောက်ကို ပြန်သယ်သွားကြ။”
“ဟုတ်ကဲ့ ခေါင်းဆောင်။”
နေရာအနှံ့အပြားတွင် ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ယီရန်ပင်း၏ အဖွဲ့လောက် အင်အားတောင့်တင်းသည့် အဖွဲ့မှာ အနည်းငယ်သာရှိသည်။
အသက်ရှင်ကျန်ရစ်သူ အဖွဲ့များစွာသည် အင်ပါယာတပ်ဖွဲ့များ၏ ချေမှုန်းခြင်းကို ခံလိုက်ကြရသည်။ သို့သော် လက်နက်ချသူများမှာမူ အသက်ချမ်းသာရာ ရခဲ့ကြ၏။ ထွက်ပြေးလွတ်မြောက်လာသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြဆဲပင်။
“ဒီဒေသခံတွေက ဘာဖြစ်နေတာလဲ။ အရင်ကျတော့ ငါတို့ကို ဂရုမစိုက်သလိုလုပ်နေပြီး အခုကျမှ အရူးလို လိုက်သတ်နေကြတယ်။”
“ဟုတ်တယ်။ ငါ မြန်မြန်ပြေးလာလို့ တော်သေးတယါ။ ငါ့အောက်က ဒေသခံတွေအားလုံး အသတ်ခံလိုက်ရတယ်။”
“ဟူး... ငါ ရတနာသေတ္တာ သုံးလုံးပဲ ဖွင့်ရသေးတယ်။ ငါ့ရဲ့ အုတ်မြစ်ကျောက်တွေ အားလုံး ဒေသခံတွေဆီ ပါသွားပြီ။”
“ဘာလို့ မင်းနဲ့အတူ သယ်မလာတာလဲ။”
“ငါ့ထက် အဆင့်မြင့်တဲ့ အဖွဲ့ဝင်က ကိုင်ထားတာ။ သူ သေသွားပြီလေ။”
“ဒါဆို မင်းက ကံကောင်းတယ်လို့ပဲ မှတ်လိုက်ပါ။ ပိုသန်မာတဲ့လူက သေသွားပြီး မင်းက အသက်ရှင်နေတာပဲ။”
“အဲဒီလိုတွေးကြည့်တော့လည်း ငါ ဝမ်းသာသင့်တာပေါ့နော်။”
ပြင်းထန်လှသော ဒေသခံများ၏ တိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်ရစ်သူ အဖွဲ့အတော်များများ ဆုတ်ခွာခဲ့ရပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုမှာလည်း ချက်ချင်းပင် နှေးကွေးသွားခဲ့သည်။
ရှောင်းယီသည် ထိုသတင်းကို ကြားလိုက်ရသောအခါ တီးတိုးရေရွတ်လိုက်သည်။
“ပြည်မကြီးက အင်အားစုတွေ အဆင်သင့် မဖြစ်သေးဘူးနဲ့ တူတယ်။ သူတို့က အချိန်ဆွဲနေကြတာပဲ။”
ထို့နောက် သူသည် ယီထျန်းဂရုချက်တွင် စာတင်လိုက်၏။
“ပြည်မကြီးက ဒေသခံတွေက ကုန်းမြေပေါ်ကို ရောက်လာမယ့် ကျုပ်တို့ရဲ့အရေအတွက်ကို ကန့်သတ်ချင်နေတာပဲ။ မဟာမိတ်အဖွဲ့တွေအနေနဲ့ စူးစမ်းလေ့လာဖို့အတွက် အဆင့်မြင့်အဖွဲ့တွေကိုပဲ စေလွှတ်ကြပါ။”
“ဆိုတော့ ဒီလိုပေါ့။ ကျုပ်တို့အဖွဲ့ဆိုရင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ သူတို့ အုတ်မြစ်ကျောက်တွေ အများကြီး သိမ်းသွားတာပဲ ဖြစ်ရမယ်။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ယူနစ်လည်း ပျောက်သွားပြီ။ အားလုံး အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်။”
“တိုက်သစ်ကြီးက ဒေသခံတွေက ညစ်ပတ်လိုက်တာ။ ဘယ်ကနေမှန်းမသိ ချုံခိုတိုက်ခိုက်နေကြတယ်။”
“ထားလိုက်ပါတော့။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ စွမ်းဆောင်ရည်က အမှိုက်ပဲ။ တိုက်သစ်ကြီးကို မသွားတော့ဘူး။ ပင်လယ်ကြမ်းပြင်မှာပဲ သွားရှာတော့မယ်။”
“ကောင်းတယ်။ ဒါပေမဲ့ အဲ့လိုလုပ်တာက တကယ့် ရေကူးကျွမ်းကျင်သူတွေ လိုအပ်လိမ့်မယ်။ ငါတို့ထဲက ကိုးပုံတစ်ပုံက ကုန်းမြေသားတွေပဲ။ ကျန်တဲ့လူတွေကလည်း ရေကို လက်ယက်ရုံလောက်ပဲ ကူးတတ်ကြတာ။ ရေငုပ်ဖို့လား။ ငါတို့ သေပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်။”
“ရေငုပ်ဝတ်စုံတို့၊ အောက်ဆီဂျင်ဘူးတို့၊ မျက်မှန်တို့၊ ရေယက်ပြားတို့ ရထားတဲ့လူ ရှိလား။”
“မကြားမိသေးဘူး။ ရှိပုံမရဘူး။”
“ဘယ်သူက မရှိဘူး ပြောလဲ။ ဒီမှာကြည့်【ရေငုပ်မျက်မှန်】၁။”
“တကယ်ကြီး ရတဲ့လူ ရှိတာလား။ အဲဒါက အသုံးရောဝင်ရဲ့လား။”
“ကမ်းနားနားမှာ ရေကူးရင်တော့ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ရေမြွေတစ်ကောင် ထွက်လာလို့ သေမတတ်ကြောက်သွားခဲ့ရသေးတယ်။”
“အဲဒီထက်စာရင် သူဌေးရဲ့ အပန်းဖြေစခန်းမှာ ရေသွားကူးတာ ပိုကောင်းတယ်။ ဘယ်ပင်လယ်သတ္တဝါမှ မင်းကို လာမကိုက်ဘူး။”
“အကောင်းဆုံးပစ္စည်းဆိုရင်တော့ ရေငုပ်သင်္ဘောပဲ ဖြစ်လိမ့်မယ်။ ပင်လယ်ကြမ်းပြင်မှာ အေးအေးဆေးဆေး အလုပ်လုပ်လို့ရတယ်။”
“ငါ့အကြံကို နားထောင်စမ်းပါ။ အိပ်ရာပေါ်မှာပဲ လှဲနေပြီး အိပ်မက်မက်လိုက်။ အဲဒီမှာ မင်း လိုချင်တာ အကုန်ရှိတယ်။”
“ဈေးကွက်ခန်းမကို ဘာလို့ သွားမကြည့်ကြတာလဲ။ တစ်ယောက်ယောက်က အောက်ဆီဂျင်ဘူး အငှားတင်ထားတယ်။”
ထိုစကားကြောင့် လူတိုင်း ဈေးကွက်ခန်းမသို့ အလုအယက် သွားကြည့်ကြတော့၏။
【ရေငုပ်အောက်ဆီဂျင်ဘူး】(အဆင့်-C) – ၃ နာရီ ငှားရမ်းခ 【အုတ်မြစ်ကျောက်】၁၀၀။
“ဟ... အုတ်မြစ်ကျောက် ရောဂါထနေတာလား။ ၃ နာရီကို အုတ်မြစ်ကျောက် တစ်ရာတောင်လားဟ။”
“တကယ်တော့ သိပ်မဆိုးပါဘူး။ ၃ နာရီအတွင်း ရတနာသေတ္တာ သုံးလုံးလောက် ရအောင်ရှာနိုင်ရင် အနည်းဆုံး အုတ်မြစ်ကျောက် ၆၀ နဲ့ ပုံစံကွက်သုံးခု ရမှာပဲ။ မရရင် အရင်း၊ ရရရင် အမြတ်ပဲ။”
“ဟုတ်သားပဲ။ ကျုပ် ငှားပြီး ကံစမ်းကြည့်ဦးမယ်။”
“ငှားသွားပြီ။ နောက်တစ်ကျော့အထိ စောင့်လိုက်ဦး။”
“ဒါရှိရင် ရေအောက်မှာ ပိုကြာကြာနေနိုင်ပြီး ပိုနက်တဲ့နေရာတွေအထိ သွားနိုင်လိမ့့်မယ်။”
ပင်လယ်ကြမ်းပြင်တွင် ပစ္စည်းသေတ္တာတွေ့ခဲ့သည့်လူသည် တိုက်သစ်ကြီးနားရှိ ရေတိမ်ပိုင်းတွင်သာ တွေ့ခဲ့ခြင်းဖြစ်ပြီး ရေကူးတတ်ရုံနှင့်တင် အဆင်ပြေခဲ့ခြင်းဖြစ်၏။
“ဒီအောက်ဆီဂျင်ဘူးကို ဘယ်သူ ရထားတာလဲ မသိဘူး။ သူတို့ကို စာပို့ပြီး မေးကြည့်ကြပါလား။”
အခန်း ၆၉၆ - သီးသန့်စကားပြောရန် ငြင်းဆိုခံရခြင်း၊ အကူအညီတောင်းခံခြင်းနှင့် ပံ့ပိုးမှု
ရှောင်းယီသည်လည်း အောက်ဆီဂျင်ဘူး အရောင်းအဝယ်ကို သဘာဝကျကျပင် သတိပြုမိလိုက်သည်။ ဤကုန်သွယ်မှုကို တင်ထားသူမှာ အမည်မသိလူတစ်ယောက်မဟုတ်ဘဲ ‘ဂျုန်းစ်’ဆိုသူ ဖြစ်၏။
“နိုင်ငံခြားသားတစ်ယောက်နဲ့ တူတယ်။”
ရှောင်းယီက သူ့ဘာသာ တွေးလိုက်မိသည်။
ပစ္စည်းသေတ္တာများ ဖွင့်သည့်ကံကို ကြည့်မည်ဆိုလျှင် ရှောင်းယီ၏ ကံဇာတာမှာ အဆိုးဆုံးပင်။ သူသည် ကောင်းမွန်သည့် ပစ္စည်းတစ်ခုမှ မဖွင့်ဖူးသလောက်ပင် ဖြစ်ပြီး သူပိုင်ဆိုင်သမျှ ကောင်းမွန်သည့် ပစ္စည်းများမှာ စနစ်ထဲတွင် နေ့စဉ်လက်မှတ်ထိုးဝင်ရာမှ ရရှိသည့် ဆုလာဘ်များသာ ဖြစ်သည်။
စဉ်းစားကြည့်ပြီးနောက် ရှောင်းယိသည် ထိုလူထံသို့ သီးသန့်စာပို့ရန် ကြိုးစားလိုက်သေး၏။ သို့သော် စာရေးပြီး ပို့လိုက်သည့်အခါတွင်မူ တစ်ဖက်လူသည် သူစိမ်းများထံမှ သီးသန့်စာ လက်ခံခြင်းအား ပိတ်ပင်ထားကြောင်း တွေ့လိုက်ရလေသည်။
ရှောင်းယီ ခေတ္တမျှ ကြောင်အသွားပြီးနောက် ခေါင်းခါယမ်းကာ ရေရွတ်လိုက်မိ၏။
“သူလည်း ငါ့လိုပဲ လူတွေရဲ့ နှောင့်ယှက်မှုကို ခံနေရပုံပဲ။”
တစ်ဖက်လူထံသို့ သီးသန့်စာ ပို့၍မရသည့်အတွက် ရှောင်းယီတွင်လည်း တခြားနည်းလမ်း မရှိတော့ချေ။
ရှောင်းယီ သူ့ကို ဆက်သွယ်ချင်ရသည့် အကြောင်းရင်းမှာ သူ၏ ရေငုပ်အောက်ဆီဂျင်ဘူးကို စိတ်ဝင်စား၍ မဟုတ်ဘဲ အောက်ဆီဂျင် ပြန်ဖြည့်သည့် ကိရိယာအကြောင်း မေးမြန်းချင်သောကြောင့် ဖြစ်သည်။
တစ်ဖက်လူက အောက်ဆီဂျင်ဘူးကို ငှားရမ်းရန် ရွေးချယ်ခဲ့သည်ဆိုကတည်းက သူ့တွင် အောက်ဆီဂျင် ပြန်ဖြည့်ရန် နည်းလမ်း သေချာပေါက် ရှိနေမည်ဟု ဆိုလိုနေခြင်းပင်။
ရှောင်းယီ၏ ရွက်လှေပေါ်တွင်လည်း အောက်ဆီဂျင်ဘူး နှစ်ဘူး ရှိခဲ့သော်လည်း လီယန်ကို သွားကယ်စဉ် ရှေးဦးမိကျောင်းကြီးက သူတို့ကို ပင်လယ်ထဲ ဆွဲချသွားချိန်၌ အကုန်သုံးပစ်လိုက်ရသဖြင့် ယခုအခါ ဘူးခွံနှစ်လုံးသာ ကျန်ရှိတော့၏။
အကယ်၍ သူ့တွင် အောက်ဆီဂျင် ဖြည့်သည့်ကိရိယာ ရှိပါက ထိုအောက်ဆီဂျင်ဘူး နှစ်ဘူးကို အသုံးချနိုင်မည် ဖြစ်သည်။
ရေသူမများဘက်မှ ရေကာကွယ်ပုတီးစေ့များ ပြုလုပ်နိုင်သော်လည်း ယခုအခါ ရှောင်းယီသည် ဒေသခံများစွာကို ဖမ်းဆီးထားခဲ့ပြီး မြို့များကိုလည်း သိမ်းပိုက်ထားရာ စုစုပေါင်း လူဦးရေမှာ ငါးသန်းနီးပါး ရှိနေပြီဖြစ်၏။
အမှန်စင်စစ် ထိုလူအများစုမှာ ကိုယ့်ဝင်ငွေ၊ ထွက်ငွေနှင့် ကိုယ့်ဘာသာ ရပ်တည်နေကြသူများ ဖြစ်သည်။ ရှောင်းယီဘက်မှ အလွန်ဆုံး အရေးပေါ် အကူအညီများသာ ပေးနိုင်မည်ဖြစ်သည်။
အင်အားကြီးမားလာပြီး လူဦးရေ တိုးပွားလာသည်နှင့်အမျှ ကိရိယာတန်ဆာပလာများ မည်မျှပင် များနေပါစေ၊ ဘယ်သောအခါမှ ပိုနေမည် မဟုတ်ချေ။
ရှောင်းယီသည် ခေါင်းခါယမ်းရင်း ယီထျန်းဂရုချက်သို့ ပြန်ပြောင်းကြည့်လိုက်၏။
“ဟားဟား။ ကျုပ် ပစ္စည်းသေတ္တာထဲကနေ ဒါရခဲ့တယ်ဟေ့။ 【အလတ်စား စစ်သင်္ဘော ထုတ်လုပ်မှု ပုံစံ】 (အဆင့်-A) ၁။”
“လန်းတယ်ဟ။ ဒီနေ့ ပစ္စည်းသေတ္တာတွေထဲမှာ ပစ္စည်းအသစ်တွေ အများကြီး ပါလာသလိုပဲ။ ကျုပ်လည်း တစ်ခုရခဲ့တယ်။【အပူပေး အုတ်ခုတင် ထုတ်လုပ်မှု ပုံစံ။】 ၁။”
“ဝိုး... အပေါ်ကလူက အရှေ့မြောက်ပိုင်းကနေလာတာ ပဲဖြစ်ရမယ်။ တကယ်ကြီး အဲဒါကိုတောင် ရခဲ့တာပဲ။”
“မဟုတ်ပါဘူး။ ကျုပ်က တောင်ပိုင်းသားပါ။ အုတ်ခုတင်ပေါ်မှာ တစ်ခါမှ မအိပ်ဖူးဘူး။”
“ဒီဆောင်းရာသီမှာ စမ်းအိပ်ကြည့်လိုက်ပေါ့။ တော်တော်လေး သက်သောင့်သက်သာရှိပြီး နွေးတယ်။”
“ခင်ဗျားတို့ ရထားတဲ့ ပစ္စည်းတွေကို ကြည့်ရတာ ဒီဆောင်းရာသီကတော့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးထင်တယ်။”
“ဟုတ်တယ်။ ကျုပ်ဆိုရင် အပြင်တောင် မထွက်ချင်တော့ဘူး။ အပူချိန်က ပိုပိုပြီး ကျလာသလိုပဲ ခံစားနေရတယ်။”
“ဆောင်းရာသီအတွက် အစားအသောက်တွေ အလုံအလောက် ပြင်ဆင်ပြီးကြပြီလား။ ကျုပ်တော့ မလောက်ဘူးလို့ ခံစားနေရတယ်။ ကျွန်းပေါ်မှာ ဒေသခံသုံ့ပန်းတွေကလည်း များလွန်းတော့ အစားအသောက်က ကုန်တာ အရမ်းမြန်တယ်။”
“အဲဒါ ပြဿနာ မဟုတ်ပါဘူး။ ယီရန်ပင်းသူဌေးဆီမှာ အစားအသောက်က အမြဲရှိတယ်။ အုတ်မြစ်ကျောက်တစ်ခုဆိုရင် အများကြီး လဲလို့ရတယ်။ အုတ်မြစ်ကျောက်တွေသာ စုထား။”
“ဟုတ်တယ်။ ယီရန်ပင်းဆီ သီးသန့်စာပို့ပြီး စိတ်ကြိုက်မှာလို့တောင် ရသေးတယ်။ ယီရန်ပင်းရဲ့ အစားအသောက်တွေက မကုန်နိုင်ဘူးလို့တောင် ထင်ရတယ်။”
ရှောင်းယီသည် သူတို့၏ ဆွေးနွေးမှုများကို ကြည့်ရင်း ပြုံးလိုက်မိ၏။ ခြံဝန်းကို SSS အဆင့်သို့ မြှင့်တင်လိုက်ပြီးကတည်းက အထွက်နှုန်းနှင့် ထုတ်လုပ်မှုနှုန်းမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ခြံဝန်း၏ စိုက်ပျိုးထုတ်လုပ်မှုတစ်ခုတည်းနှင့်ပင် အသက်ရှင်ကျန်ရစ်သူအားလုံးကို ကျွေးမွေးရန် လုံလောက်နေပြီဖြစ်သည်။
ထို့ပြင် ရှောင်းယီ၏ ကျွန်းမှာ အလွန်ကျယ်ဝန်းလှပြီး တောနက်ထဲမှ ထွက်ရှိသော အစားအသောက်များမှာလည်း အလွန်ပင် ပေါများလှ၏။ မျောက်လေးရှောင်ရှန်း၏ မျောက်တပ်ဖွဲ့ကလည်း ကူညီစုဆောင်းပေးနေသောကြောင့် တောထဲတွင် ဘာမှ အလဟဿ မဖြစ်ပေ။
“ကယ်ကြပါဦး။ ကျုပ်တို့ကျွန်းပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေ သောင်းကျန်းနေလို့။”
ဂရုထဲတွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
“ဘယ်သူ လာကူညီပေးနိုင်မလဲ။ ကျုပ် အုတ်မြစ်ကျောက် ၁၀၀ ပေးပါ့မယ်။”
“အုတ်မြစ်ကျောက် ၁၀၀ လား။ အဲဒါက မင်းတို့ကျွန်းမှာ တိရစ္ဆာန်တွေ ဘယ်လောက်အထိ သောင်းကျန်းနေလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အလွန်ဆုံး A အဆင့်လောက်ပဲဆိုရင်တော့ ဒီစျေးက အိုကေပါတယ်။ အကယ်၍ S အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်နေရင်တော့ ဘယ်သူမှ ဒီစျေးနဲ့ လာမှာမဟုတ်ဘူး။”
“S အဆင့် အထိတော့ မရောက်သေးပါဘူး။ Sအဆင့်ရှိနေရင် ကျုပ်လည်း ချက်ချင်း ထွက်ပြေးနေမှာပေါ့။”
အကူအညီတောင်းသူက ဂရုထဲတွင် ချက်ချင်း ပြန်ပြောလိုက်၏။
“ဒါဆိုရင်တော့ ကျုပ် စမ်းကြည့်မယ်။”
တစ်စုံတစ်ယောက်က ပြတ်ပြတ်သားသားပင် တာဝန်ယူလိုက်ပြီး မြို့ပြန်ကျောက်ကို သုံးကာ ထိုကျွန်းသို့ ကူးပြောင်းသွားခဲ့သည်။
တစ်မိနစ် မပြည့်မီမှာပင် ထိုလူသည် ချက်ချင်း ပြန်ရောက်လာပြီး ဂရုထဲတွင် ညည်းညူတော့လေသည်။
“မလုပ်နိုင်ဘူး၊ မလုပ်နိုင်ဘူး။ ဟိုမှာ S အဆင့်တိရစ္ဆာန်တွေ မရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေက အရမ်းများလွန်းတယ်။ အကုန်သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အင်အားအလုံးအရင်းနဲ့ လာမှ ရမယ်။ ဒါပေမဲ့ အုတ်မြစ်ကျောက် ၁၀၀ အတွက်နဲ့ ဘယ်သူက အင်အားအလုံးအရင်း သုံးမှာလဲ။”
“ကျုပ်တို့ တောင့်မခံနိုင်တော့ဘူး။ အုတ်မြစ်ကျောက် ၂၀၀ ပေးပါ့မယ်။ ဘယ်သူ လာပြီးကယ်တင်ပေးနိုင်မလဲ။”
ထိုလူက ဆက်လက် အကူအညီတောင်းနေ၏။
ရှောင်းယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျုပ်ရဲ့ လူတွေအတွက် အုတ်မြစ်ကျောက်စာတိုင် ၃၀၀ ပေးမယ်ဆိုရင် ကျုပ် စစ်ကူလွှတ်ပေးမယ်။”
ယီရန်ပင်း ကိုယ်တိုင် စကားပြောလာသည်ကို မြင်သောအခါ ထိုလူက ချက်ချင်းပင် “သဘောတူတယ်” ဟု ပြန်ဖြေလိုက်၏။
ထို့နောက် ထိုသူသည် ရှောင်းယီထံသို့ သီးသန့်စာ ပို့လိုက်ပြီး အုတ်မြစ်ကျောက်စာ ၃၀၀ ကို လွှဲပြောင်းပေးလိုက်သည်။
ရှောင်းယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဒူခန်းကို ခေါ်လိုက်ပြီး ပြောလိုက်၏။
“တာဝန်တစ်ခု သွားပြီးထမ်းဆောင်လိုက်ဦး။ ယွမ် တစ်သောင်း ပေးမယ်။”
အုတ်မြစ်ကျောက်တစ်ခုလျှင် ယွမ် ၁၀၀ နှင့် လဲလှယ်နိုင်သဖြင့် ဤအုတ်မြစ်ကျောက် ၃၀၀ မှာ ယွမ် သုံးသောင်း တန်ဖိုးရှိသည်။ လုပ်အားခအဖြစ် တစ်သောင်း ပေးလိုက်သော်လည်း အမြတ်ကျန်နေသေးသည်။
“အိုကေ ကျုပ် ဘာလုပ်ရမလဲ။”
ဒူခန်းက တုံ့ပြန်လိုက်၏။
“ကျွန်းတစ်ကျွန်းကို သွားပြီး ကူညီပေးလိုက်။ အဲဒီမှာ တိရစ္ဆာန်တွေ သောင်းကျန်းနေလို့။ မင်းက ဟိုမှာရှိတဲ့ အဆင့်မြင့် တိရစ္ဆာန်တွေကို သတ်ပေးဖို့ပဲ လိုတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“အာ... ကျုပ် တစ်ယောက်တည်းလား။”
ဒူခန်းက မေးလိုက်သည်။
“ဒါပေါ့။ တခြားလူ ပါလာရင် မင်းရမယ့် ပိုက်ဆံကို သူတို့နဲ့ ခွဲဝေပေစရမယ်။ မင်း ခွဲပေးချင်တယ်ဆိုရင်တော့ ခေါ်သွားလေ။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“ဒါဆိုရင်တော့ မခေါ်တော့ဘူး။”
ဒူခန်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
တစ်ဖက်လူအား မြို့ပြန်ကျောက်အတွက် တည်နေရာ သတ်မှတ်ခိုင်းပြီးနောက် ဒူခန်းသည် ထိုနေရာသို့ ကူးပြောင်းသွားခဲ့၏။
တောင်ကုန်း တောင်ပြင်တစ်ခုလုံး ပြည့်နေသော တိရစ္ဆာန်များကို ကြည့်ပြီး ဒူခန်း အနည်းငယ် ကြောင်အသွားခဲ့သည်။
“သူတို့ကို တားဖို့ မြို့ရိုးတို့ ဘာတို့ မရှိဘူးလား။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ မြို့ရိုးထုတ်လုပ်မှုပုံစံ မရှိဘူး။ အရင်ကတည်းက သစ်သားတိုင်တွေကိုပဲ သုံးခဲ့တာ။”
ဒူခန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“အဲဒီ အဆင့်မြင့် တိရစ္ဆာန်တွေကို ငါ တာဝန်ယူမယ်။ ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်။”
“ကောင်းပြီ ဟိုဘက်က အဆင့်မြင့် တိရစ္ဆာန် သုံးကောင်ကိုပဲ ရှင်းပေးရင် ရပါပြီ။”
တစ်ဖက်လူက နေရာတစ်ခုကို ညွှန်ပြရင်း ပြောလိုက်၏။
ထိုနေရာတွင် ကျားတစ်ကောင်သည် အလွန်အမင်း သောင်းကျန်းနေပြီး မည်သူသူမှ တားဆီးမရနိုင်အောင် ဖြစ်နေခဲ့သည်။
ဒူခန်းသည် ချက်ချင်းပင် ပြေးဝင်သွားပြီး ကျားကို သူ၏ဓားနှင့် ထိုးစိုက်လိုက်၏။
ကျားသည် သူ၏ လက်သည်းဖြင့် ဓားကို ရိုက်ထုတ်ကာ ဖယ်ကျဥ်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ။ S အဆင့် မဟုတ်ဘူး။”
ဒူခန်း တွေးလိုက်မိသည်။
တစ်ဖက်လူ၏ အင်အားကို စမ်းသပ်ပြီးနောက် ဒူခန်းသည် တွန့်ဆုတ်မနေတော့ဘဲ ခဏချင်းအတွင်းမှာပင် သူ၏ဓားကို ကျား၏ မျက်လုံးထဲသို့ ထိုးသွင်းလိုက်တော့လေသည်။
“ဝေါင်း”
ကျားသည် နာကျင်စွာ အော်ဟစ်ပြီးနောက် လဲကျသွား၏။
ထိုကျားသည် အဆင့်အမြင့်ဆုံးဖြစ်ပြီး တိရစ္ဆာန်များ ဆူပူအုံကြွမှုကို ဦးဆောင်နေသူဖြစ်သည်။ ၎င်း သေဆုံးသွားသည်နှင့် အခြားတိရစ္ဆာန်များသည်လည်း ချက်ချင်းပင် ထွက်ပြေးသွားကြတော့လေသည်။
ထိုမဟာမိတ်အဖွဲ့သည်လည်း အခွင့်အရေးကို အသုံးချကာ တိရစ္ဆာန်များစွာကို ဖမ်းဆီးထားလိုက်ကြ၏။
ထို့နောက် ဒူခန်းသည် ကျန်ရှိနေသောA အဆင့် တိရစ္ဆာန် နှစ်ကောင်ဖြစ်သည့် တောဝက်နှင့် အသက်အပြောက်များနှင့်ကျားသစ်တစ်ကောင်ကိုပါ ရှင်းလင်းလိုက်သည်။
ကျားသစ်သည် အလွန်လျင်မြန်သော်လည်း အဆင့်ချင်း ကွာခြားနေသည့်အတွက် ဒူခန်း၏လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုတိရစ္ဆာန်များကို ရှင်းလင်းပြီးနောက် မဟာမိတ်ခေါင်းဆောင်သည် ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး ပြောလိုက်၏။
“လာရောက် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
“မလိုပါဘူး။ ငါက အခကြေးငွေ ရလို့ လုပ်ပေးရုံပါပဲ။”
ဒူခန်းက ပြန်ဖြေလိုက်သည်။
“ဒီတိရစ္ဆာန် သုံးကောင်ရဲ့ အလောင်းကို ငါ ယူသွားမယ်။ ရလား။”
“ဒါတွေက ခင်ဗျား သတ်ထားတာပဲ။ ခင်ဗျား ယူသွားလို့ ရတာပေါ့။”
မဟာမိတ်ခေါင်းဆောင်က ပြုံးပြီး ပြန်ဖြေလိုက်၏။
“ကောင်းပြီ ဒါဆို မင်းတို့ဆီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငှားသုံးပြီး ဒါတွေကို ငါ့ဆီ လွှဲလိုက်မယ်။ ကျုပ်မှာ တခြား လုပ်စရာတွေ ရှိသေးလို့ အရင်သွားပါတော့မယ်။”
ထို့နောက် ဒူခန်းသည် သူ၏လက်ထဲရှိ မြို့ပြန်ကျောက်ကို အသက်သွင်းကာ ထိုနေရာမှ ထွက်ခွာသွားတော့လေသည်။