← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 53 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 53 Ch. 697-698

အခန်း ၆၉၇ - တူးဖော်မှုပြီးစီးခြင်း၊ ချင်းလုံနှင့် ရွှမ်းဝူတို့ တိုက်ခိုက်ခြင်း

“မဟာမိတ်ခေါင်းဆောင် ဒါတွေက အဆင့်မြင့်တိရစ္ဆာန်တွေလေ။ တကယ်ပဲ ဒီအတိုင်း ပေးလိုက်တော့မှာလား။”

လက်အောက်ငယ်သားတစ်ဦးက မကျေမနပ် ပြောလိုက်သည်။ မဟာမိတ်ခေါင်းဆောင်သည် သူ့ကို တစ်ချက်ကြည့်လိုက်၏။

“ယီရန်ပင်း ဘယ်လောက်အင်အားကြီးလဲဆိုတာ ငါပြောနေစရာ မလိုပါဘူး။ ဒါ့အပြင် ဒီတစ်ခေါက် သူသာ လာမကယ်ရင် ငါတို့ပင်မကျွန်းကြီးတစ်ခုလုံး သားရဲတွေလက်ထဲ ရောက်သွားမှာ။ အခုလို လုပ်ပေးလိုက်တာက အနည်းဆုံးတော့ ယီရန်ပင်း အပေါ် အထင်ကြီးမှုတစ်ခု ရသွားစေပြီး ဆက်ဆံရေးကောင်း တည်ဆောက်နိုင်တာပေါ့။ အနာဂတ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရှိလာလိမ့်မယ်။ မင်းရှေ့က အမြတ်လေး တစိတစောင်းကိုပဲ ကြည့်မနေစမ်းနဲ့။”

“ခေါင်းဆောင် ပြောတာ မှန်ပါတယ် “

ကျန်လူများက ထောက်ခံကြသည်။

A အဆင့် သားရဲသုံးကောင်ကို လဲလှယ်ပြီးနောက် ရှောင်းယီသည် သူလက်ခံရရှိလိုက်သည်များကို တွေးလိုက်မိ၏။

“အုတ်မြစ်ကျောက် သုံးရာတင်မကဘူး။ A အဆင့်သားရဲအလောင်း သုံးခုပါ ရလိုက်တာပဲ။ ငါ ဈေးကွကခခန်းမမှာ ‘အကူအညီပေးရေးဝန်ဆောင်မှုကို စတင်လို့ ရပြီထင်တယ်။”

ရှောင်းယီသည် ဤအကြံကို ဟိုးအရင်ကတည်းက ရရှိခဲ့သော်လည်း ထိုစဉ်က အုတ်မြစ်ကျောက် ရရှိသည့် လမ်းကြောင်းမှာ နည်းပါးလှသဖြင့် မည်သည့်ကျွန်းကမျှ အုတ်မြစ်ကျောက် အများကြီး အကုန်ခံကာ လူများငှားရမ်းမည်မဟုတ်ပေ။

ယခုမူ အုတ်မြစ်ကျောက် ရရှိနိုင်သည့် လမ်းကြောင်းများ ပေါများလာသည်နှင့်အမျှ ဝန်ဆောင်မှုပေးရန်အတွက် အခြေခံအချက်အလက်များသည်လည်း ပြည့်စုံလာပြီဖြစ်သည်။

ထိုသို့စဉ်းစားရင်း ရှောင်းယီသည် ကျန်းယွင်ထျန်းထံသို့ စာပို့လိုက်၏။

“အစ်ကိုကျန်း၊ ဒေသခံတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားလိုက်ပါ။ သူတို့က တခြားမဟာမိတ်အဖွဲ့တွေဆီက အကူအညီတောင်းတဲ့ တာဝန်တွေကိုပဲ သီးသန့်လက်ခံရမယ်။ စျေးနှုန်းကိုတော့ တာဝန်ရဲ့ ခက်ခဲမှုအပေါ် မူတည်ပြီး သတ်မှတ်မယ်။”

ကျန်းယွင်ထျန်းသည် ထိုစာကို ရရှိလိုက်သောအခါ ခေတ္တမျှ ကြောင်သွားခဲ့ပြီးနောက် ရှောင်းယီ၏ ဆိုလိုရင်းကို နားလည်သွားကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ မှော်ဆရာတွေကိုပါ ထည့်လို့ရမလား။”

“ရတာပေါ့ “

ရှောင်းယီက ပြန်ဖြေလိုက်သည်။

မှော်ဆရာများသာ မပါဝင်ပါက အဆင့်မြင့် ဒေသခံမှာ အလွန်နည်းပါးလွန်းလှသဖြင့် ဤကဲ့သို့ အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်းရန်မှာ အင်အားနည်းနေပေလိမ့်မည်။ မှော်ဆရာများကိုသာ ထည့်သွင်းလိုက်ပါက စုစုပေါင်း အင်အားမှာ ချက်ချင်းပင် မြင့်တက်သွားမည်ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများသည် ရတနာသေတ္တာများ ပေါ်လာအောင် လုပ်ဆောင်နိုင်သဖြင့် အုတ်မြစ်ကျောက် ရှာဖွေရာတွင် အရေးပါသော်လည်း ဒေသခံများမှာမူ ထိုသို့ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ဒေသခံများအတွက် အကူအညီပေးရေး တာဝန်များကို ထမ်းဆောင်ခိုင်းခြင်းမှာ ပို၍ သင့်လျော်ပေသည်။

တာဝန်ကို လက်ခံရရှိပြီးနောက် ကျန်းယွင်ထျန်းသည် တိုက်သစ်ကြီးရှိ မြို့များမှ မှော်ဆရာများ အပါအဝင် အဆင့်မြင့် မှော်ဆရာများကို စုဆောင်းရန် ချက်ချင်းပင် ထွက်ခွာသွားတော့၏။

ထိုကဲ့သို့သော အဖွဲ့များသည် ပုံမှန်အားဖြင့် တာဝန်မရှိကြပေ။ တစ်စုံတစ်ယောက်က အကူအညီတောင်းလာမှသာ တာဝန်၏ခက်ခဲမှုကို အကဲဖြတ်ပြီးနောက် အဖွဲ့ဖွဲ့ကာ ကူညီပေးမည်ဖြစ်သည်။

ရှောင်းယီသည် ဤဝန်ဆောင်မှုကို ဈေးကွက်ခန်းမတွင် ကြေညာလိုက်သောအခါ လူအများအပြား စိတ်ဝင်စားသွားခဲ့ကြ၏။ အမြန်ဆုံး လှုပ်ရှားလာသူမှာ ဂျေဘီပင်ဖြစ်သည်။

ဂိမ်းဗျူဟာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အတွက် သူသည် ဤကဲ့သို့သော ဝန်ဆောင်မှုမျိုးတွင် အလွန်ကျွမ်းကျင်သူဖြစ်၏။ သူသည် ဂိမ်းထဲတွင် ငွေရှာသည့် စတူဒီယိုတစ်ခုမှ စတင်ခဲ့သူ ဖြစ်သည်။

ရှောင်းယီသည်မူ တခြားလူများ သူကဲ့သို့ လိုက်လုပ်သည်ကို ဂရုမစိုက်ပေ။ အဓိကမှာ သူ၏အင်အားပင် ဖြစ်ပြီး ပေးရသည့်စျေးနှင့်တန်သည့် ဝန်ဆောင်မှုမျိုးကို ပေးမည်ဖြစ်သည်။ ကျန်တာကိုတော့ စျေးကွက်၏ ရွေးချယ်မှုအတိုင်းသာ ထားလိုက်မည်။

“ကလင်လင်...”

ရှောင်းယီ၏ ဖုန်းမှ အသံမြည်လာခဲ့သည်။ ကြည့်လိုက်သောအခါ အန်းယွဲ့ဆီမှ ဖြစ်နေ၏။

“ဟယ်လို ဦးလေးအန်း ဘာကိစ္စရှိလို့လဲ။”

ရှောင်းယီက မေးလိုက်သည်။

“စွမ်းအင်သလင်းကျောက်တွေ တူးဖော်ဖို့သွားတဲ့ သင်္ဘောပြန်ရောက်လာပါပြီ။”

အန်းယွဲ့က သတင်းပို့လာခဲ့၏။

“၁၀ ကီလိုမီတာလောက်ပဲ ဝေးပါတော့တယ်။”

“တူးလို့ ပြီးသွားပြီလား။”

ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။

“ဟုတ်တယ်။ ရှေ့တန်းက သတင်းပို့ချက်အရ စွမ်းအင်သလင်းကျောက်တွေက တစ်နေရာတည်းမှာ စုနေတာကြောင့် တူးရတာ ပိုလွယ်ခဲ့တယ်လို့ သိရပါတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“စွမ်းအင်သလင်းကျောက် အားလုံးကို မြို့ရိုးအတွင်းက ဓာတ်ခွဲခန်း ဂိုဒေါင်ထဲမှာ ထည့်ထားပြီးပါပြီ။ စုစုပေါင်း ၁၀၈ တန် ရှိပါတယ်။”

“ကောင်းပြီ သူတို့ဆိပ်ကမ်းကို ရောက်လာရင် ကျုပ်ကို အကြောင်းကြားပါဦး။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် လျိုယွမ်လုံထံသို့ သီးသန့်စာပို့လိုက်သည်။

“စွမ်းအင်သလင်းကျောက် တူးဖော်မှု ပြီးဆုံးသွားပြီ။ စုစုပေါင်း ၁၀၈ တန် ရတယ်။ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ၃၂.၄ တန်ကို ခင်ဗျားဆီ လွှဲပေးလိုက်မယ်။”

လျိုယွမ်လုံသည် ထိုစာကို မြင်လိုက်သောအခါ လုံးဝကြောင်အသွားခဲ့၏။ သူ၏ အမြင်တွင် ဤကဲ့သို့သော ရေအောက်သတ္တုတွင်းမျိုးသည် အနည်းဆုံး ဆယ်ရက်၊ တစ်လခွဲလောက် ကြာမှ ရလဒ်ထွက်လာမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

အခု ရက်ပိုင်းလေးအတွင်းမှာတင် တူးလို့ ပြီးသွားပြီလား။ ယီရန်ပင်းက ဘယ်လိုနည်းနဲ့ လုပ်လိုက်တာလဲ။

ရှောင်းယီ ထိုသတ္တုတွင်းသို့ ရောက်သောအခါ လျိုယွမ်လုံကို ပြန်ခိုင်းခဲ့သဖြင့် ရှောင်းယီ၏ တူးဖော်ရေးစက်များ သို့မဟုတ် ရေအောက်တွင် မည်သို့ အလုပ်လုပ်ကြသည်ကို သူ မမြင်ခဲ့ရချေ။

သူ၏စိတ်ထဲတွင် သံသယများစွာ ရှိနေသော်လည်း လျိုယွမ်လုံက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး။”

စုစုပေါင်း ပမာဏအပေါ် သံသယအနည်းငယ် ရှိနေသော်လည်း သူသည် သံသယအဆင့်မှာသာ ထားနိုင်ပြီး အတိအလင်း မမေးမြန်းနိုင်ပေ။ နောက်ဆုံးတွင် သူသည် ထိုသတ္တုတွင်းကို မြင်ပင်မမြင်ဖူးခဲ့ဘဲ ကြီးသလား၊ ငယ်သလား၊ ဘယ်လောက်ရှိသလဲဆိုသည်ကိုပင် မသိနိုင်ခဲ့ချေ။

မဆင်မခြင် စွပ်စွဲမိပါက ရှောင်းယီကို စိတ်အနှောင့်အယှက် ဖြစ်သွားစေပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ထိခိုက်စေနိုင်ကာ အကျိုးထက် အပြစ်က ပိုများနိုင်ပေသည်။

ကုန်သွယ်မှု ပြီးဆုံးသွားပြီးနောက် လျိုယွမ်လုံသည် စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။

“ဒီတစ်ခေါက် တူးဖော်ရတာ အဆင်ပြေခဲ့ရဲ့လား။”

“အဆင်ပြေပါတယ်။ အစပိုင်းမှာ သတ္တုတွင်းကို စောင့်ရှောက်နေတဲ့ သားရဲကြီးတွေကို ရှင်းရတာ နည်းနည်း အလုပ်ရှုပ်သွားတာကလွဲရင်ပေါ့။”

ရှောင်းယီက ဘာမှမဖုံးကွယ်ဘဲ ပြောပြလိုက်သည်။

“ဟမ် ဒီလို သတ္တုတွင်းတွေမှာလည်း အစောင့်အရှောက်သားရဲတွေ ရှိတာလား။”

လျိုယွမ်လုံက အလန့်တကြား မေးလိုက်၏။

“ဟုတ်တယ်။ ဒီစွမ်းအင်သလင်းကျောက်တွေက အနာဂတ်မှာ အရမ်းအသုံးဝင်လာနိုင်တယ်။ အကယ်၍ ခင်ဗျားတို့ နောက်ပိုင်း ဒီလိုသတ္တုတွင်းမျိုး ထပ်တွေ့ရင် ကိုယ့်ဘာသာ မတူးဖို့ အကြံပေးချင်တယ်။ ဆယ်ခါမှာ ရှစ်ခါ၊ ကိုးခါလောက်က SSS အဆင့် သတ္တုဝါတွေ စောင့်ရှောက်နေတတ်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဘာ... SSS အဆင့်လား။”

လျိုယွမ်လုံ တံတွေးတစ်ချက် မျိုချလိုက်မိ၏။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

“ကံကောင်းလို့ ကျုပ်တို့မှာ ရေငုပ်ပစ္စည်းတွေ မရှိတာ။ မဟုတ်ရင် အောက်ဆင်းသွားပြီး ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ ကျုပ်လည်း အဆင်ပြေအောင် ကိုင်တွယ်နိုင်ခဲ့လို့ပေါ့။ မဟုတ်ရင် ဒီသတ္တုတွင်းကို တူးဖော်နိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါနဲ့ ခင်ဗျားတို့ ဒီစွမ်းအင်သလင်းကျောက်တွေကို ပြန်ရောင်းချင်ရင် ကျုပ်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ။”

“ဟုတ်ကဲ့၊ အကယ်၍ ရောင်းဖြစ်ခဲ့ရင် သူဌေးကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်။”

လျိုယွမ်လုံက ကတိပေးလိုက်၏။

လျိုယွမ်လုံနှင့် စကားပြောပြီးနောက် ရှောင်းယီသည် အပြင်သို့ ထွက်လာခဲ့သည်။ အချိန်ကို တွက်ချက်ကြည့်လျှင် သင်္ဘောမှာ မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သည်။

ဗီလာထဲမှ ထွက်လာသည်နှင့် အန်းယွဲ့ဆီမှ ထပ်မံ၍ဖုန်းဝင်လာခဲ့သည်

“ကျွန်းပိုင်ရှင် ချင်းလုံနဲ့ ရွှမ်းဝူလို့ ခေါ်တဲ့ ပင်လယ်သတ္တဝါတို့ တိုက်ခိုက်နေကြပြီ။”

ရှောင်းယီသည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ၏ စိတ်ထဲမှ စာချုပ်စွမ်းအားကို သုံးကာ နှစ်ကောင်လုံးကို ချက်ချင်း ရပ်တန့်ရန် အမိန့်ပေးလိုက်၏။

ယခုလေးတင် ရှောင်းယီ၏ကျွန်းမှ အရှေ့ဘက် ၁၀ ကီလိုမီတာခန့်တွင် အနီးအနားရှိ သင်္ဘောများသည် ဘယ်ညာယိမ်းထိုးနေပြီး မတည်မငြိမ် ဖြစ်နေခဲ့ကြသည်။

“မဖြစ်ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့သင်္ဘော မှောက်တော့မယ်။”

“ဒါပေမဲ့ ငါတို့ ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့က တိုက်ခိုက်နေကြတာ။ ငါတို့က ကြားညပ်နေပြီ။ ကျွန်းပိုင်ရှင် အမြန်လာဖို့ပဲ ဆုတောင်းရတော့မယ်။ သူတို့ကို ကျွန်းပိုင်ရှင်တစ်ယောက်ပဲ ထိန်းနိုင်မယ် ထင်တယ်။”

သင်္ဘောပေါ်ရှိ သင်္ဘောသားများသည် သူတို့ကိုယ်သူတို့ ထိန်းထားနိုင်ရန် သင်္ဘောလက်ရန်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြရ၏။

ဝုန်း

နဂါးအမြီးတစ်ခု ရေထဲမှ ထွက်ပေါ်လာပြီး ရွှမ်းဝူ၏ အခွံပေါ်ရှိ မြွေဆီသို့ ဝေ့ယမ်းရိုက်ခတ်လိုက်၏။ အခွံပေါ်ရှိ မြွေသည် လျှပ်စီးကဲ့သို့ လျင်မြန်သည့်အမြန်နှုန်းဖြင့် ရှေ့သို့ ထိုးထွက်သွားကာ ချင်းလုံ၏ အမြီးကို ကိုက်ချလိုက်ပြီးနောက် ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။

ချင်းလုံ၏ အမြီးသည် လိပ်ခွံကို ရိုက်မိသွားခဲ့သော်လည်း ရွှမ်းဝူမှာမူ လှုပ်ပင် မလှုပ်ချေ။

ချင်းလုံ၏ တိုက်ခိုက်မှုသည် မအောင်မြင်သည့်အပြင် ပြန်၍ပင်အကိုက်ခံလိုက်ရ၏။

ဝေါင်း

ချင်းလုံသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် ရွှမ်းဝူကို ဝင်လုံးတော့သည်။ ချင်းလုံ၏ အမြန်နှုန်းမှာ မနှေးကွေးလှပေ။ ရွှမ်းဝူသည်လည်း ထွက်ပြေးရန် မကြိုးစားဘဲ တိုက်ရိုက်ပင် ရင်ဆိုင်လိုက်၏။

နဂါးလက်သည်းများသည် ရွှမ်းဝူ၏ ရှေ့ခြေလက်များကို ကုပ်တွယ်လိုက်သော်လည်း ရွှမ်းဝူသည်မူ ချင်းလုံ၏ လည်ချောင်းကို အမိအရ ကိုက်ချလိုက်သည်။

မည်သူကမှ လက်မနှေးကြဘဲ ဗြိခနဲ ဆွဲဖြဲသံတစ်ခုနှင့်အတူ ရွှမ်းဝူ၏ ရှေ့ခြေနှစ်ဖက်မှာ နဂါးလက်သည်းကြောင့် ကုတ်ခြစ်ခံလိုက်ရသော်လည်း ချင်းလုံ၏ လည်ချောင်းတွင်မူ ရွှမ်းဝူကြောင့် သွေးထွက်သံယို အပေါက်ကြီး ဖြစ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ချင်းလုံသည် ရွှမ်းဝူ၏ လွှင့်ပစ်ခြင်းကို ခံလိုက်ရ၏။

ရေထဲတွင် ခုခံမှုအား များပြားလှသော်လည်း ချင်းလုံသည် မီတာ ၃၀ ကျော်အထိ လွင့်ထွက်သွားခဲ့သည်။

အခန်း ၆၉၈ - အနိုင်မရနိုင်သော်လည်း ချင်းလုံသည် အစွမ်းထက်ဆဲပင်

ချင်းလုံ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပင်လယ်ထဲတွင် မီတာ ၃၀ ကျော်အထိ လိမ့်ထွက်သွားခဲ့ပြီး အနီးအနားရှိ အလတ်စား ရွက်လှေတစ်စင်းကို သွားတိုက်မိသွား၏။

ဂျွတ်

ထိုအလတ်စားရွက်လှေသည် တိုက်ရိုက်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး နစ်မြုပ်တော့မည့်ပုံ ဖြစ်သွားခဲ့သော်လည်း နောက်အခိုက်တွင် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ပစ္စည်းများ ရှိနေသရွေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ပြင်ဆင်မှုသည် ချက်ချင်း ပြီးမြောက်နိုင်သည် မဟုတ်ပါလား။

ချင်းလုံသည် သူ၏ဟန်ချက်ကို ပြန်ထိန်းကာ ခေါင်းကို ရေပေါ်သို့ ထုတ်ဖော်လိုက်၏။ သူ၏ လည်ချောင်းတွင် သွေးများ စီးကျနေဆဲဖြစ်သည့် ကြောက်မက်ဖွယ်ရာ ပြတ်ရှဒဏ်ရာကြီးတစ်ခု ရှိနေသည်။

“ဝေါင်း”

ချင်းလုံသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီးနောက် သူ၏အမြီးကို လွှဲယမ်းကာ ရွှမ်းဝူဆီသို့ ဆက်လက် အားပြုတိုးဝင်သွားပြန်သည်။

ဂျွတ်!

ခုနကတင် ပြင်ဆင်ပြီးသွားသော အလတ်စား ရွက်လှေသည် ချင်းလုံ၏ အမြီးဒဏ်ကြောင့် တစ်ဖက်တွင် ထပ်မံ ပျက်စီးသွားပြန်သည်။

“ဒါကတော့ အရမ်းရက်စက်လွန်းတယ်။ အခုတင် ပြင်ပြီးတာကိုကွာ။”

သင်္ဘောပေါ်ရှိ ကပ္ပတိန်မှာ အနည်းငယ် စိတ်ပျက်နေခဲ့သော်လည်း ယခုအချိန်တွင် သင်္ဘောကို မောင်းနှင်ပြီး ထွက်ပြေးရန်မှာ လုံးဝမဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဤသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများက သင်္ဘောကို ဘယ်ညာ ယိမ်းထိုးနေစေပြီး ထိန်းချုပ်၍ မရအောင် ဖြစ်နေသောကြောင့်ပင်။

ချင်းလုံနှင့် ရွှမ်ဝူတို့သည် ထပ်မံ ရင်ဆိုင်လိုက်ကြသော်လည်း ချင်းလုံမှာ သိသိသာသာ အရေးနိမ့်နေခဲ့သည်။

“ချင်းလုံ ရှုံးတော့မယ် ထင်တယ်။”

“မင်း ချင်းလုံအတွက် စိုးရိမ်မနေနဲ့။ ငါတို့ကိုယ်ငါတို့အတွက်ပဲ စိုးရိမ်စမ်းပါ။”

“ဟုတ်တယ်။ သူတို့တိုက်ပွဲရဲ့ အလယ်မှာ ငါတို့သာ ကြားညပ်သွားရင် သေမှာ အသေအချာပဲ။”

ထိုအချိန်တွင် အသေအလဲ တိုက်ခိုက်နေကြသော ချင်းလုံနှင့် ရွှမ်းဝူတို့သည် ရုတ်တရက် ရပ်တန့်သွားပြီး တစ်ကောင်ကို တစ်ကောင် ဇဝေဇဝါဖြင့် ငေးကြည့်လိုက်ကြ၏။

“မင်းလည်း သခင်ကြီးဆီမှာ အညံ့ခံထားတာလား။”

နှစ်ကောင်လုံးက တပြိုင်နက်တည်း မေးလိုက်မိကြသည်။

“အင်း ငါက ပင်လယ်နက်ထဲကနေ ခုလေးတင် အပြေးလာခဲ့တာ။ သခင်ကြီးမှာ မင်းလို အစွမ်းထက်တဲ့ တိုက်ခိုက်ရေးအင်အားမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။”

ရွှမ်းဝူက ဆိုသည်။

“ငါလည်း သခင်ကြီးက မင်းလို အဆင့်မြင့် တိုက်ခိုက်ရေးသမားမျိုးကို သိမ်းသွင်းထားနိုင်မယ်လို့ မထင်ထားမိဘူး။”

ချင်းလုံက တိုးတိုးလေး ပြောလိုက်၏။

“မင်းက SSS အဆင့်ကို မရောက်သေးဘူး မဟုတ်လား။”

ရွှမ်းဝူက မေးလိုက်သည်။

“SS အဆင့်ကို အဆင့်တက်ထားတာ မကြာသေးဘူး။”

ချင်းလုံက ပြန်ဖြေလိုက်၏။ သူ၏ လည်ချောင်းရှိ ဒဏ်ရာမှာ သွေးတိတ်သွားပြီ ဖြစ်သည်။ နဂါးမျိုးနွယ်၏ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန်ပင် ထူးကဲလှပေသည်။

“အထင်ကြီးစရာပဲ။”

ရွှမ်းဝူက ဆိုသည်။

ချင်းလုံသည် SS အဆင့်သာ ရှိသေးသော်လည်း SSS အဆင့်ရှိသော ရွှမ်းဝူ၏ရှေ့ခြေထောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ အဆင့်တစ်ခုနှင့် တစ်ခုကြားရှိ အင်အားကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြားကြောင်း သိထားရမည်ဖြစ်၏။

သူတို့နှစ်ကောင် စကားပြောနေစဉ်အတွင်းမှာပင် ရှောင်းယီသည် သူ၏အပျော်စီးရွက်သင်္ဘောဖြင့် ရောက်ရှိလာခဲ့သည်။

“နာ့နာ ချင်းလုံကို သွားကြည့်ပေးလိုက်ဦး။”

ရေပေါ်သို့ ပေါ်နေသော ချင်းလုံ၏လည်ပင်းမှ ကြောက်စရာ ဒဏ်ရာကြီးကို ကြည့်ရင်း ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်၏။

ချင်းလုံသည် သူ၏ခေါင်းကို အပျော်စီးရွက်သင်္ဘောနားသို့ တိုးပေးလိုက်ပြီး နာ့နာသည် ချင်းလုံကို စစ်ဆေးရန် အပေါ်သို့ တက်သွားလိုက်သည်။

စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် နာ့နာသည် ချင်းလုံ၏အတွင်းဒဏ်ရာများနှင့် မြွေ၏အဆိပ်များကို လျင်မြန်စွာ ရှင်းလင်းပေးလိုက်၏။

“ကျွန်းပိုင်ရှင် ချင်းလုံရဲ့ ဒဏ်ရာတွေက သိပ်မပြင်းထန်ပါဘူး။ အခု ဘာပြဿနာမှ မရှိတော့ဘူး။”

နာ့နာက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“ရွှမ်းဝူကိုလည်း သွားကြည့်ပေးလိုက်ဦး။ ရွှမ်းဝူ ဒီနားကို လာခဲ့။”

ရွှမ်းဝူသည် ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ကြီးမားလှသော အခွံကြီးသည် အလတ်စား ရွက်လှေတစ်စင်းထက်ပင် ပို၍ကြီးမားပြီး ထိုအပေါ်တွင် ရေမြွေကြီးတစ်ကောင် ရစ်ခွေနေ၏။

ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း နာ့နာသည် ရွှမ်းဝူ၏ ကျောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်ပြီးနောက် ရွှမ်းဝူ၏ ရှေ့ခြေထောက်မှ ဒဏ်ရာဆီသို့ သွားကာ နာနိုစက်ရုပ်များကို ရွှမ်းဝူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။

တစ်လျှောက်လုံးတွင် ရွှမ်းဝူသည် နာ့နာ၏ လုပ်ဆောင်ချက်များကို အလွန်ပင်စပ်စုသော မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ ဒဏ်ရာထဲသို့ သတ္တုပြွန်တစ်ခု ထည့်လိုက်သည်ကို မြင်သောအခါ ရွှမ်းဝူသည် နာနာအား ခါချမိလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် စာချုပ်စွမ်းအား၏ ကန့်သတ်ချက်ကြောင့် ရှောင်းယီသည် သူ့ကို အန္တရာယ်ပြုမည် မဟုတ်ကြောင်း သိထားခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲသို့ သတ္တုပြွန် ထည့်လိုက်သော်လည်း နာကျင်မှု မရှိသည်ကို တွေ့ရသောအခါ သူ အံ့သြသွား၏။

ဆက်လက်၍ သူ ပို၍ အံ့အားသင့်သွားရသည်မှာ သူ၏ဒဏ်ရာရနေသောနေရာသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ရှေ့ခြေထောက်မှ ဒဏ်ရာသည်လည်း တခဏချင်းအတွင်း ပျောက်ကင်းသွားခြင်းပင် ဖြစ်သည်။

ရွှမ်းဝူ၏ ဒဏ်ရာများကို ကုသပေးပြီးနောက် နာ့နာသည် ရွက်လှေပေါ်သို့ ပြန်လာကာ ပြောလိုက်၏။

“ရွှမ်းဝူရဲ့ဒဏ်ရာတွေက အရမ်းပေါ့ပါးပါတယ်။ ပြဿနာမရှိပါဘူး။”

“ဒါကို တိုက်ရင်းခိုက်ရင်း ခင်မင်သွားကြတယ်လို့ပဲ သဘောထားလိုက်ကြပါ။”

ရှောင်းယီက ပြောလိုက်သည်။

“အခုကစပြီး မင်းတို့အားလုံးက အဖော်တွေပဲ။ အတူတူ ကြိုးစားကြပေါ့။”

ရွှမ်းဝူနှင့် ချင်းလုံတို့ နှစ်ကောင်လုံးက ခေါင်းငြိမ့်ပြလိုက်ကြ၏။

“ကဲ ပြန်ကြစို့။”

ရှောင်းယီက ခေါ်လိုက်ပြီးနောက် သူတို့ကို ဦးဆောင်ကာ ပြန်လာခဲ့သည်။

ကမ်းခြေသို့ ပြန်ရောက်လာသောအခါ ရှောင်းယီသည် လူများ၏ ပြောစကားများကို ကြားလိုက်ရပြီး ချင်းလုံနှင့် ရွှမ်းဝူတို့၏ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်ခဲ့ကြောင်း သိလိုက်ရသည်။

“ချင်းလုံက အဲ့တောင် အစွမ်းထက်တာလား။ အဆင့်ကျော်ပြီးတော့တောင် ရွှမ်းဝူကို ယှဉ်တိုက်နိုင်တယ်။”

ရှောင်းယီသည် စိတ်ထဲမှ အလွန်အံ့သြနေမိ၏။ သူကိုယ်တိုင်ပင် ရူးသွပ်ဆေးမပါဘဲ SSS အဆင့် ပြိုင်ဘက်ကို ယှဉ်မတိုက်ရဲပေ။

အဆင့်တစ်ခု ပိုမြင့်နေခြင်းသည် ကျော်ဖြတ်ရန် ခက်ခဲသော တောင်ကြီးတစ်လုံးကဲ့သို့ပင်။

သို့သော်လည်း ဤအရာသည် အဆင့်တက်ရန် ခက်ခဲခြင်း၏ အကျိုးကျေးဇူး ဖြစ်နိုင်ပေသည်။ အဆင့်တူလျှင် ပြိုင်ဘက်ကင်းပြီး အဆင့်မြင့်သူကိုပင် ယှဉ်နိုင်ခြင်းမျိုးဖြစ်၏။

ကမ်းခြေသို့ ပြန်ရောက်လာသောအခါ ရှောင်းယီက ရေစပ်တွင်ရှိနေသော ချင်းလုံကို သီးသန့်မေးကြည့်လိုက်သည်။

“မင်းသာ ရွှမ်းဝူနဲ့ တကယ်တိုက်ရင် အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိလဲ။”

“သုညပဲ။”

ချင်းလုံက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်က ထွက်ပြေးချင်တယ်ဆိုရင်တော့ သူ ကျုပ်ကို ဖမ်းထားဖို့ အရမ်းခက်ခဲလိမ့်မယ်။”

“တကယ်ပဲ ရနိုင်ရနိုင်ခြေ လုံးဝ မရှိဘူးလား။”

ရှောင်းယီက ထပ်မံ အတည်ပြုလိုက်၏။

“မရှိဘူး။ ကျုပ်မှာ နဂါးရဲ့ဖိနှိပ်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေ ရှိနေတယ်ဆိုရင်တောင် အဆင့်တစ်ခု ပိုမြင့်တဲ့ ရွှမ်းဝူကိုတော့ အနိုင်ရနိုင်ဖို့ အခွင့်အရေး မရှိပါဘူး။”

ချင်းလုံက ပြန်ဖြေလိုက်သည်။

“အိုကေ ငါ နားလည်ပြီ။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

ချင်းလုံထက် ပိုမိုကြီးမားသော ရွှမ်းဝူသည် ကျွန်းအနီးရှိ ရေအောက်တစ်နေရာတွင် သူ၏ နေအိမ်အဖြစ် တိုက်ရိုက်ပင် နေရာတစ်ခုရှာလိုက်သည်။

ချင်းလုံ၏ လက်အောက်ငယ်သားများဖြစ်သော လူသတ်ဝေလငါးများမှာ ထိုမျှကြီးမားသော သတ္တဝါကြီးနှင့် ၎င်းမှ ထွက်ပေါ်နေသော ဖိအားကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြ၏။

ချင်းလုံသည် ရေအောက်သို့ ဆင်းသွားပြီး ၎င်းတို့ကို နှစ်သိမ့်ပေးပြီးနောက်မှသာ ဝေလငါးများ၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားခဲ့ကြသည်။

“ကျွန်းပိုင်ရှင်က မင်းကို အပေါ်တက်လာခဲ့ဖို့ ပြောနေတယ်။”

ချင်းလုံသည် ဝေလငါးများကို နှစ်သိမ့်ပေးပြီးနောက် ရွှမ်းဝူကို ပြောလိုက်၏။

ရွှမ်းဝူက ခေတ္တရပ်တန့်သွားပြီးနောက် ချင်းလုံ ညွှန်ပြသည့်ဘက်သို့ ရေကူးကာ တက်သွားခဲ့သည်။

ကမ်းခြေတွင် ရှောင်းယီသည် SSS အဆင့် ရေစည်ကြီး နှစ်လုံးကို ယူဆောင်လာခိုင်းထားပြီးဖြစ်၏။ ရေမျက်နှာပြင်ပေါ်သို့ ရွှမ်းဝူ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူက ပြောလိုက်သည်။

“ဒီရေကို သောက်လိုက်ပါ။ မင်းရဲ့ ခန္ဓာကိုယ်အတွက် အကျိုးရှိလိမ့်မယ်။”

အဆင့်တူသော ရေနှင့် အစားအသောက်ကို သောက်သုံးခြင်းသည် အဆင့်မြင့်သည့်အရာများကို သောက်သုံးခြင်းလောက် အကျိုးမများသော်လည်း အကျိုးသက်ရောက်မှုတော့ အတိုင်းအတာတစ်ခုအထိ ရှိနေဆဲပင်။

ရှောင်းယီတွင် လက်ရှိတွင် SSS အဆင့်ထက် မြင့်သော ရေ သို့မဟုတ် အစားအသောက်များ မရှိသေးသောကြောင့် SSS အဆင့်နှင့်ပင် လောလောဆယ် ကျေနပ်နေရဦးမည်ဖြစ်၏။

ရွှမ်းဝူသည် ရေပေါ်သို့ ပေါ်လာသည်နှင့် SSS အဆင့် ရေ၏အနံ့ကို ရလိုက်သဖြင့် သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

“အရမ်းကောင်းတယ်။ ဒီရေသာရှိရင် ငါ ဖြည်းဖြည်းချင်း တိုးတက်လာနိုင်တယ်။ မဆိုးဘူး မဆိုးဘူး။”

ရွှမ်းဝူက ဆိုသည်။

“ဒီလိုအဆင့်ရှိတဲ့ ရေတွေ အများကြီး ရှိလား။”

“မရေမတွက်နိုင်အောင် ရှိတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။ SSS အဆင့် ရေသန့်စက် တစ်လုံးတည်းသာ ရှိသော်လည်း သူ့တွင် ပေါင်းစပ်ခြင်းစက်ရှိနေသဖြင့် သာမန်ရေ ရှိနေသရွေ့ SSS အဆင့် ရေကို အကန့်အသတ်မရှိ ပေါင်းစပ်နိုင်သည် မဟုတ်ပါလား။

ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ ရွှမ်းဝူသည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

ရှောင်းယီသည် သူ့ကို ရေအရင်သောက်ခိုင်းပြီးနောက် မေးလိုက်သည်။

“ငါတို့ စွမ်းအင်သလင်းကျောက်ကို တူးပြီးသွားပြီ။ မင်း ဘယ်လောက် လိုချင်သလဲ။”

“လောလောဆယ် တစ်ခုပဲ ပေးပါ။ အဲဒီထဲက စွမ်းအင်ကို ဘယ်လို အသုံးချရမလဲဆိုတာ ငါ အရင်စဉ်းစားရဦးမယ်။”

ရွှမ်းဝူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ခဏစောင့်ဦး။ ငါ သလင်းကျောက်တစ်ခု ခုချက်ချင်း ယူလာခိုင်းလိုက်မယ်။”

ရှောင်းယီသည် ဓာတ်ခွဲခန်းဂိုဒေါင်ထဲမှ ကီလိုဂရမ် ငါးရာခန့် အလေးချိန်ရှိသော စွမ်းအင်သလင်းကျောက်တုံးကြီးတစ်တုံးကို သယ်ဆောင်လာရန် ချက်ချင်း စီစဉ်ခိုင်းလိုက်၏။

ရွှမ်းဝူ၏ ကျောပေါ်ရှိ ပင်လယ်မြွေသည် ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး စွမ်းအင်သလင်းကျောက်တုံးကို ခွေပတ်လိုက်ကာ ရွှမ်းဝူ၏ အခွံပေါ်သို့ အလွယ်တကူ တင်လိုက်သည်။

“တခြားကိစ္စ မရှိတော့ဘူးရင် ငါ အောက်ကို အရင်ဆင်းတော့မယ်။”

ရွှမ်ဝူက ဆိုလိုက်သည်။

“အင်း ဆင်းတော့လေ။ အားတဲ့အခါကျရင် ငါတို့ကျွန်းကို လာတိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေကို ရှင်းပေးဖို့ ကူညီပေးပါဦး။”

ရှောင်းယီက ညွှန်ကြားလိုက်၏။

“အဲဒီလို ကိစ္စသေးလေးတွေကိုတော့ ဟို ဝေလငါးတွေနဲ့တင် ကိုင်တွယ်နိုင်ပါတယ်။”

ရွှမ်းဝူက တီးတိုးရေရွတ်ရင်း ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။

All Chapters