အခန်း (၇၀၁-၇၀၂)
Vol. 54 Ch. 701-702
အခန်း ၇၀၁- ထူးဆန်းသော မျိုးနွယ်စုများ၊ သီတင်းပတ်အကုန်တွင် အတူတကွ လူစုံတက်စုံဖြစ်ခြင်း
ရှောင်းယီသည် သီချင်းတစ်ပုဒ်ကို တညည်းညည်းနှင့် အပျော်ကြီးပျော်ကာ ရေချိုးခန်းထဲသို့ ဝင်လာပြီး ကိုယ်လက်သန့်စင်လိုက်၏။
“ဘီး ဘီး”
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သီးသန့်စာတို အကြောင်းကြားချက်တစ်ခု မြည်လာခဲ့သည်။ ရှောင်းယီသည် ထိုနေရာသို့ လျှောက်သွားလိုက်ပြီး အထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ စာတိုကို နှိပ်ကြည့်လိုက်၏။
“ကျွန်းပိုင်ရှင် ကျုပ် ဒီမှာ ရေနံစိမ်း တချို့ကို လက်နဲ့ ထုတ်ယူထားနိုင်ပြီ။ ဒါပေမဲ့ ကျုပ်မှာ သန့်စင်တဲ့ စက်ကိရိယာတွေ မရှိဘူး။ ဒီအတိုင်းပဲ ထားလိုက်ရမလား။”
၎င်းမှာ ‘မျောက်နက်နိုင်ငံ’ မှ ကျန်းယွီ ပေးပို့လာခဲ့သော စာဖြစ်သည်။
“အချိန်ကိုက်ပဲဟ။”
ရှောင်းယီက ရယ်မောလိုက်မိ၏။
“ကျုပ်လည်း အခုလေးတင် ရေနံသန့်စင်တဲ့ စက်ကိရိယာ အသစ်ရထားတာနဲ့အတော်ပဲ။ ခင်ဗျားအရင် စမ်းသုံးကြည့်လိုက်ပါ။”
ပြောပြောဆိုဆိုနှင့် ရှောင်းယီသည် အဆင့်မြင့် SSS အဆင့်ဉာဏ်ရည်တု ရေနံသန့်စင်စက်ကို ကုန်သွယ်မှုပြုကာ ပေးပို့လိုက်၏။
ထို SSS အဆင့် စက်ကိရိယာကို မြင်လိုက်ရသောအခါ ကျန်းယွီသည် ရှောင်းယီတွင် အဆင့်မြင့်ပစ္စည်းများစွာ ရှိမှန်းသိထားသော်လည်း အံ့အားသင့်သွားခဲ့ရသည်။
ရှောင်းယီသည် ယခုမှ ရရှိထားခြင်းဟု ပြောသဖြင့် ၎င်းမှာ ပစ္စည်းသေတ္တာထဲမှ ရရှိလာခြင်းလောဟု သူ တွေးလိုက်မိ၏။ သို့သော် ပစ္စည်းသေတ္တာများထဲတွင် အချောထည်စက်ပစ္စည်းများ ပါခဲပြီး ပုံစံကွက်များသာ ပါလေ့ရှိသည်။
ကျန်းယွီသည် ဇဝေဇဝါဖြစ်သွားသော်လည်း အကြာကြီး မစဉ်းစားတော့ဘဲ ၎င်းကို လက်ခံလိုက်ပြီး ပြန်ပြော၏။
“ကောင်းပါပြီ။ ကျုပ် ဒီမှာ ရေနံတွေကို သန့်စင်ပြီးရင် အမျိုးအစားအလိုက် ခွဲခြားပြီး သိုလှောင်ထားလိုက်ပါ့မယ်။”
“အင်း ပင်ပန်းသွားပြီ။ ခင်ဗျားတို့ မဟာမိတ်အဖွဲ့ထဲမှာ ထူးခြားတာတွေ ရှိသေးလား။”
ရှောင်းယီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“မရှိပါဘူး။ ကျွန်းပိုင်ရှင်ရဲ့ ထောက်ပံ့မှုကြောင့် ကျုပ်တို့ မဟာမိတ်အဖွဲ့က မျောက်နက်နိုင်ငံမှာ ပျော်ရွှင်စရာ အကောင်းဆုံးနဲ့ အားကျရဆုံး အဖွဲ့ ဖြစ်နေပါပြီ။”
ကျန်းယွီက ပြုံးလျက် ပြန်ဖြေလိုက်၏။
“အဲဒါဆို ကောင်းတာပေါ့။ နောက် နှစ်ရက်လောက်နေရင် ခင်ဗျားတို့ကျွန်းပေါ်မှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ဖို့ လူလွှတ်ပေးမယ်။ အဲဒါဆို သွားလာရတာ ပိုလွယ်သွားလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“တည်နေရာကူးပြောင်းခြင်းအစီအရင်လား။ ဂိမ်းထဲကဟာလိုမျိုးလား။”
ကျန်းယွီ အံ့သြတုန်လှုပ်စွာ မေးလိုက်၏။
“ဟုတ်တယ်။ အဲ့လိုဟာမျိုးပဲ။ ချက်ချင်း ရောက်သွားတာမျိုးပေါ့။ ကျုပ်ကိုယ်တိုင် စမ်းကြည့်ပြီးပြီ။ ဘာမှတောင် မခံစားရသေးခင် ရောက်သွားတာပဲ။”
“ဒီလိုမျိုး တကယ်ရှိတာလား။ တကယ် အံ့သြဖို့ကောင်းလိုက်တာ။ ဒီကမ္ဘာမှာ ဘယ်လိုမျိုး အသစ်အဆန်းတွေ ရှိနေဦးမလဲမသိဘူး။”
ကျန်းယွီက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ဘယ်လောက်ပဲ အသစ်အဆန်းတွေရှိနေပါစေ အနာဂတ်မှာ ကျုပ်တို့ အကုန်သိလာရမှာပါ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“ဒါနဲ့ ခင်ဗျားဆီက အလုပ်တွေကို အမြန်လက်စသတ်ပြီး ကျုပ်ဆီ လာခဲ့ဦး။ ကျန်တဲ့သူတွေလည်း အကုန်လာကြမှာ။ အခြေအနေတွေအကြောင်း စကားစမြည်ပြောကြတာပေါ့။”
“ဟုတ်ကဲ့။”
ကျန်းယွီက ပြန်ဖြေလိုက်သည်။
“ဦးလေးအန်းလည်း ကျုပ်ကို အကြောင်းကြားထားပါတယ်။ ဒီက အလုပ်တွေ စီစဉ်ပြီးတာနဲ့ လာခဲ့ပါ့မယ်။”
ဖုန်းချပြီးနောက် ရှောင်းယီသည် အောက်ထပ်သို့ ဆင်းလာခဲ့၏။ အန်းရန်က သူ အကြိုက်ဆုံး ‘ကြက်သွန်မြိတ်ဆီချက် ခေါက်ဆွဲ’ ကို ပြင်ဆင်ပေးထားပြီးဖြစ်သည်။ ပေါင်မုန့်နှင့် နွားနို့ ရှိသော်လည်း ရှောင်းယီသည် ခေါက်ဆွဲကိုသာ ပို၍နှစ်သက်၏။
သူ ခေါက်ဆွဲ စားနေစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်နေသော ဆုဝမ်င ရုတ်တရက် အံ့သြတကြီးဖြင့် “ကျွန်းပိုင်ရှင်၊ ဒါကို လာကြည့်ပါဦး။” ဟု လှမ်းခေါ်လိုက်၏။
ရှောင်းယီသည် ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ သွားကြည့်လိုက်ရာ ဆုဝမ်သည် အများသုံးချန်နယ်ပေါ်မှ စကားဝိုင်းများကို ဘာသာပြန်ပြလာခဲ့သည်။
“သူတို့က သုတို့တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ မျိုးနွယ်စုတွေအကြောင်း ပြောနေကြတာ။”
ဆုဝမ်က ပြောလိုက်သည်။
“ထူးဆန်းတဲ့ မျိုးနွယ်စုတွေလား။”
ရှောင်းယီသည် ခေါက်ဆွဲကို အကုန်စားလိုက်ပြီး မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
“ဝံပုလွေလူသားတွေလိုမျိုးလား။”
ဆုဝမ်က မသေချာသလိုဖြင့် ပြန်ဖြေလာခဲ့သည်။
“အဲဒီလိုပဲ ထင်တယ်။ လူတစ်ယောက်က သူ ‘လှုပ်ရှားနေတဲ့ အရိုးစု’ တစ်ခုကို တွေ့ခဲ့တယ်လို့ ပြောနေတယ်။”
“လှုပ်ရှားနေတဲ့ အရိုးစုလား။ အဲဒါက သမန်းဝံပုလွေတွေထက် ပိုပြီးထူးဆန်းနေပြီ။ အနည်းဆုံးတော့ သမန်းဝံပုလွေတွေက သက်ရှိလို့ ပြောလို့ရသေးတယ်။ သူတွေ့တာက သေမင်းတမန်တွေများလား။”
ရှောင်းယီ လန့်သွား၏။
“ချန်နယ်ထဲက လူအတော်များများကလည်း အဲဒါက သေမင်းတမန်ပဲ ဖြစ်ရမယ်လို့ ပြောနေကြပေမဲ့ တချို့ကတော့ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ လိမ်ညာမှုလို့ ဆိုနေကြတယ်။”
ဆုဝမ်က ရှင်းပြလိုက်သည်။
ရှောင်းယီသည် သူ၏ပါးစပ်ကို သုတ်လိုက်ပြီး ပြောလိုက်၏။
“သူလိမ်နေတာတော့ မဟုတ်လောက်ဘူး။ တစ်ယောက်ယောက်က လိမ်ချင်တယ်ဆိုရင် ပိုပြီးယုံစရာကောင်းတာမျိုးကို ပြောမှာပေါ့။ ငါတို့ဆီမှာတောင် သမန်းဝံပုလွေတွေနဲ့ ရေသူမတွေ ပေါ်လာသေးတာပဲ။ သေမင်းတမန်တွေ ပေါ်လာတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။”
ဆုဝမ်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“နောက်တစ်ယောက်ကတော့ ရေသူမတစ်ကောင်ကို မြင်ရုံတင်မကဘဲ ဖမ်းမိခဲ့တယ်လို့ပါ ပြောနေတယ်။”
“နောက်ဆုံးတော့ ဒီကမ္ဘာကြီးက ငါတို့ အသက်ရှင်ကျန်ရစ်သူတွေကို သူ့ရဲ့ တကယ့်ရုပ်သွင်ကို ထုတ်ပြတော့မှာလား။”
ရှောင်းယီက သူ၏မျက်လုံးများကို မှေးစင်းကာ ရေရွတ်လိုက်၏။
ယခင်က သစ်ပင်လူသားကို တွေ့ဖူးထားသော တိလင်းထျန်းရှားကမူ အံ့သြမနေခဲ့ချေ။
“သေမင်းတမန်တွေမှာလည်း တစ်ခုခု ထူးခြားတဲ့ စွမ်းရည်တွေရှိမလားဆိုတာ သိချင်မိတယ်။”
သူက ဆိုလိုက်သည်။ သူတွေ့ခဲ့သော သစ်ပင်လူသားများမှာ အပင်ကြီးထွားနှုန်းကို မြန်ဆန်စေသည့် အစွမ်းရှိရာ ၎င်းမှာ အလွန်ပင် အကျိုးရှိလှ၏။
ရှောင်းယီသည် ဆုဝမ်အား အများသုံးချန်နယ်ရှိ မျိုးနွယ်စုသတင်းများကို စောင့်ကြည့်ရန် မှာကြားခဲ့ပြီးနောက် အပန်းဖြေစခန်းသို့ အအလျင်အမြန် ထွက်လာခဲ့လိုက်သည်။
ယနေ့သည် ဤကမ္ဘာ၌ ၆၉ ရက်မြောက်နေ့ဖြစ်ပြီး ဒသမပတ်၏ စနေနေ့ဖြစ်၏။ အန်းယွဲ့သည် လက်အောက်ခံကျွန်းများမှ ခေါင်းဆောင်များအားလုံးကို ရှောင်းယီထံ လာရောက်၍ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများ တင်ပြရန် စီစဉ်ထားသည်။
လက်အောက်ခံကျွန်းများနှင့် ကျွန်းဦးစီးမှူးများ များပြားလာသည်နှင့်အမျှ အပန်းဖြေစခန်းရှိ အခန်းများမှာ လူအားလုံး ဝင်ဆန့်ရန်အတွက် ကျဉ်းမြောင်းလာခဲ့သည်။
“အခွင့်အရေးရရင် အပန်းဖြေစခန်းရဲ့ အဆင့်ကို မြှင့်တင်ရမယ်။ ဒါမှမဟုတ်ရင်လည်း အမြန်ဆုံး ဘိလပ်မြေရအောင်လုပ်ပြီး အစည်းအဝေးခန်းမအကြီးကြီးတစ်ခုကို ကိုယ်တိုင်တည်ဆောက်ရမယ်။”
ရှောင်းယီ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
“ကျွန်းပိုင်ရှင် ကျုပ်မှာ အစီအစဉ် နှစ်ခုရှိပါတယ်။ တစ်ခုက အပြင်က ကွင်းပြင်မှာ လုပ်ဖို့၊ နောက်တစ်ခုကတော့ လူတွေကို အခန်းနှစ်ခန်း ခွဲထားပြီး ကျွန်းပိုင်ရှင်က တစ်ခန်းပြီးမှ တစ်ခန်းသွားဖို့ပါပဲ။”
အန်းယွဲ့သည် ရှောင်းယီအနားသို့ လျှောက်လာရင်း ပြောလိုက်၏။ ရှောင်းယီသည် အပြင်ရှိ အပူချိန်ကို စစ်ဆေးကြည့်လိုက်သည်။
“အနုတ် ၃ ဒီဂရီ။”
“အခန်းထဲမှာပဲ လုပ်ကြတာပေါ့။”
ရှောင်းယီက ဆုံးဖြတ်လိုက်သည်။
“အပြင်မှာက အရမ်းအေးလွန်းတယ်။”
ဘားအတွင်း၌ ကျွန်းဦးစီးမှူးများသည် အုပ်စုလိုက်ထိုင်ကာ စကားစမြည် ပြောနေကြ၏။
“အရမ်းအေးတာပဲ။ ကျုပ်တို့တွေ အကုန်လုံး အနွေးထည်တွေ ဝတ်ထားရတယ်။”
စွန်းကုထောင်က ဆိုသည်။
“ခင်ဗျားပြောတာက အပြင်မှာမလား။ ခင်ဗျားရဲ့ကျွန်းမှာ ရေနွေးငွေ့စက်ရုံနဲ့ အပူပေးစနစ် စနေပြီ မဟုတ်ဘူးလား။”
စွန်းယောင်က မေးလိုက်၏။
“ဒါပေါ့။ အပူပေးစနစ်ဖွင့်ထားတာ နှစ်ရက်ရှိပြီ။ အဲဒီ ရေနွေးငွေ့အပူပေးစက်တွေက တကယ်အစွမ်းထက်တာ။ အိမ်ထဲမှာဆို အဲကွန်းခန်းထဲ ရောက်နေသလိုပဲ။”
စွန်းကုထောင်က ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ကျွန်းပိုင်ရှင်က ပြီးခဲ့တဲ့တစ်ခေါက် ရတနာရှာတုန်းက အပူပေးပိုက်တွေနဲ့ ရေနွေးငွေ့စက်တွေ ရှာဖွေနိုင်ခဲ့လို့သာပေါ့။ မဟုတ်ရင် ကျုပ်တို့တော့ အေးခဲကုန်တော့မှာ။”
ချူရှန်းက ဆို၏။
ဖန်မင်လုံသည် ဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေသော ဝမ်ရှင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဝမ်ရှင်းတို့အဖွဲ့က မီးကြိုးတွေ သွယ်တန်းပေးခဲ့တဲ့ ကြိုးစားမှုကိုလည်း မေ့ထားလို့ မရဘူး။”
“ဟုတ်တယ်။ ဝမ်ရှင်းတို့ ကျေးဇူးကြောင့် အခု ကျုပ်တို့ကျွန်းတွေမှာ လျှပ်စစ်မီး သုံးနိုင်နေတာပဲ။”
လူတိုင်းက ဝိုင်းဝန်းကာ ချီးကျူးလိုက်ကြ၏။
ဝမ်ရှင်းက ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါက ကျွန်မ လုပ်သင့်တာပါ။ အဓိကကတော့ ကျွန်မတို့တွေ ကျွန်းပိုင်ရှင်နောက်ကို လိုက်နေလို့ ဒီလို ကောင်းမွန်တဲ့ အခြေအနေတွေကို ပိုင်ဆိုင်ရတာပါ။”
ထိုစဉ် အန်းယွဲသည် အပြင်ကနေ ဝင်လာပြီး ပြောလိုက်၏။
“စကားပြောတာ ခဏနားကြဦး။ ကျွန်းပိုင်ရှင် ရောက်နေပြီ။ အစီရင်ခံဖို့ ပြင်ကြတော့။”
“ဦးလေးအန်း တကယ်ကြီး အပြင်မှာ အစီရင်ခံရမှာလား။”
စွန်းကုထောင်က ရှုံ့မဲ့နေသောမျက်နှာဖြင့် မေးလိုက်သည်။
“ဒါပေါ့... မဟုတ်ပါဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဦးလေးအန်းရာ ဘယ်တုန်းက ဒီလို စကားဖြတ်ပြောတာကို သင်လိုက်တာလဲ။”
စွန်းကုထောင်၏ မျက်နှာမှာ ချက်ချင်း ပြုံးရွှင်သွား၏။
“ကျွန်းပိုင်ရှင်က အားလုံး အပြင်မှာ အေးနေမှာ စိုးရိမ်လို့ အထဲမှာပဲ စီစဉ်ပေးထားတယ်။ ကဲ သွားကြစို့။ အရင်က ခွဲထားတဲ့အုပ်စုအတိုင်း အခန်းနှစ်ခန်း ခွဲလိုက်မယ်။”
ရှောင်းယီသည် လူသစ်များ ပိုများသော အခန်းထဲသို့ အရင်ဝင်လာခဲ့သည်။ လူတိုင်းသည် အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေသည်ကို မြင်သောအခါ သူက ပြုံးကာ ပြောလိုက်၏။
“အားလုံးပဲ စိတ်လျှော့ထားကြပါ။ ဒီနေ့က သီတင်းပတ်ကုန်ရက်ဆိုတော့ ကျုပ်တို့တွေ ပေါ့ပေါ့ပါးပါး စကားပြောပြီး နားနားနေနေ နေကြရအောင်ပါ။”
အခန်း ၇၀၂- အစီရင်ခံစာ၊ ရိက္ခာပြတ်လပ်မှုနှင့် ရေနွေးငွေ့အင်ဂျင်
ရှောင်းယီက ပေါ့ပေါ့ပါးပါး စကားပြောကြရအောင်ဟု ဆိုသော်လည်း အသစ်ရောက်လာသော ကျွန်းအကြီးအကဲများမှာမူ အနည်းငယ် ရှိန်နေကြဆဲပင်။
“ကဲ စလိုက်ကြရအောင်။”
ရှောင်းယီသည် သူတို့ကို အတင်းအကျပ် မလုပ်ဘဲ ကျွန်းအသီးသီး၏ အခြေအနေများကို စတင်ပြောပြခိုင်းလိုက်၏။
ဤလူများသည် ပထမဆုံးအကြိမ် အစီရင်ခံရခြင်းဖြစ်ရာ ဘာပြောရမှန်းမသိဘဲ စကားအစရှာမရ ဖြစ်နေကြသည်။
ရှောင်းယီကပင် ထပ်မံလမ်းညွှန်ပေးလိုက်ရ၏။
“အားလုံးပဲ ကိုယ့်ကျွန်းပေါ်မှာ ဘယ်လို ထူးခြားတဲ့ အရင်းအမြစ်တွေ ထွက်လာလဲ။ ထူးခြားတဲ့ ပစ္စည်းတွေ တွေ့လား။ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ရှိလား။ နောက်ပြီး ကျုပ်ကို အသိပေးဖို့ လိုအပ်တယ်လို့ ထင်တာမှန်သမျှကို ပြောပြကြပါ။”
“ဟုတ်ကဲ့ပါ။”
လူအုပ်ကြီးက ပြိုင်တူတုံ့ပြန်လိုက်ကြသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ ကျွန်းမှာ သံသတ္တုသိုက်သုံးခုနဲ့ ကြေးနီသတ္တုသိုက်တစ်ခု ပေါ်လာပါတယ်။ ထူးခြားတဲ့ ပစ္စည်းတော့ မတွေ့သေးသလို တခြားပြဿနာလည်း မရှိပါဘူး။”
“ကျွန်းပိုင်ရှင် ကျုပ်တို့ဆီမှာတော့...”
......
ဤအကြီးအကဲများသည် ရှောင်းယီ ပေးထားသော ပုံစံအတိုင်းပင် တစ်သွေမတိမ်း လိုက်နာပြောဆိုကြသဖြင့် စကားအနည်းငယ်ဖြင့်ပင် ပြီးဆုံးသွားခဲ့သည်။ သို့သော် ရှောင်းယီကမူ ဤအချက်ကို ကျေနပ်မိ၏။ အလုပ်ကိစ္စပြောလျှင် အရေးကြီးသောအချက်ကိုသာ အဓိကထား၍ ကျန်သည့်အရာများကို ဘေးဖယ်ထားခြင်းက ပိုကောင်းပေသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ ကျွန်းမှာ ကျောက်မီးသွေးတွင်း တစ်ခုတွေ့ထားပါတယ်။ ဒါပေမဲ့... ကျုပ်တို့ ကျွန်းမှာ ရိက္ခာပြတ်လပ်တဲ့ ပြဿနာရှိနိုင်ပါတယ်။”
နောက်ဆုံးတွင် ထူးခြားသော အသံတစ်ခု ထွက်ပေါ်လာ၏။ ရှောင်းယီသည် ထိုအကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ကျွန်းမှာ အရင်က ရိက္ခာတွေ စုဆောင်းထားတာ မရှိဘူးလား။”
“ကျွန်းပိုင်ရှင်ကို တင်ပြရရင်။အရင်ကျွန်းပိုင်ရှင်တွေ စုဆောင်းထားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက မလုံလောက်ပါဘူး။ ကျုပ်တို့ မြို့တစ်မြို့လုံးက လူဦးရေ ငါးသောင်းကို ဒီဘက်ကို အကုန်ရွှေ့ပြောင်းလာခဲ့တာမို့လို့ပါ။”
ထိုခေါင်းဆောင်မှာ ရှောင်းယီက ‘လေကြောင်းခံတပ်’ ဖြင့် ဖမ်းဆီးခဲ့သော မှော်ဆရာများထဲမှ တစ်ဦးဖြစ်သည်။
ရှောင်းယီက ဇဝေဇဝါဖြင့် မေးလိုက်၏။
“လူဦးရေ ရုတ်တရက် တိုးလာတယ်ဆိုပေမဲ့ ခင်ဗျားတို့ရဲ့ မြို့မှာလည်း ကိုယ်ပိုင်ရိက္ခာ သိုလှောင်ရုံတွေ ရှိတယ်မဟုတ်ဘူးလား။”
“ရှိပါတယ်။ ဒါပေမဲ့ မလုံလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ကုန်းမကြီးပေါ်က ကျုပ်တို့မြို့က ပင်လယ်ကမ်းစပ်နဲ့ တော်တော်လေးနီးကပ်ပါတယ်။ ပင်လယ်ရေ တက်လာတော့ လယ်ကွင်းတွေအကုန် ရေမြုပ်ကုန်ပြီး ဒီနှစ်ဆောင်းဦးထွက်နှုန်းက ဘာမှမရှိပါဘူး။ သိုလှောင်ရုံက ပစ္စည်းတွေကိုပဲ အားကိုးနေခဲ့ရတာမို့လို့ ပြတ်လပ်မှု ရှိနေတာပါ။”
ထိုမှော်ဆရာက ပြန်ဖြေလာခဲ့သည်။
“ကောင်းပြီ။ ဒီကိစ္စကို ဦးလေးအန်းနဲ့ တိုင်ပင်လိုက်ပါ။ ကျုပ်တို့ဆီကနေ ရိက္ခာတချို့ကို လွှဲပေးလိုက်မယ်။”
အသက်ရှင်ကျန်ရစ်သူများ ရောက်ရှိလာမှုကြောင့် ဒေသခံများမှာ ကောက်ပဲသီးနှံများ ဆုံးရှုံးခဲ့ရသည်ကို ရှောင်းယီ သတိမထားမိခဲ့ပေ။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
မှော်ဆရာက ဝမ်းသာအားရ ပြောလိုက်၏။ ရှောင်းယီက သူတို့ကို ကိုယ့်ဘာသာ ဖြေရှင်းခိုင်းလိမ့်မည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ ရိက္ခာများ လွှဲအပ်ပေးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
“တခြားပြဿနာ ရှိသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“မရှိတော့ပါဘူး။”
လူတိုင်းက ခေါင်းခါပြလာကြ၏။
ထိုအခါ ရှောင်းယီက သူ၏လက်ကို ဝေ့ယမ်းပြလိုက်သည်။
“ကောင်းပြီ။ အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး အနားယူကြတော့။ ဒီနေ့ ကုန်ကျစရိတ်အားလုံးကို ကျုပ်စိုက်ပေးမယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ထိုသူများသည် ပျော်ရွှင်စွာ ထွက်သွားကြ၏။ လူအများစုမှာ စျေးကြီးသော အဖျော်ယမကာများကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ အလကားရမည်ဆိုသဖြင့် ဝဝလင်လင် သောက်ကြတော့မည်ဖြစ်သည်။
ရှောင်းယီသည် သူငယ်ချင်းဟောင်းများရှိရာ အခြားအခန်းသို့ ကူးလာခဲ့၏။ ဤနေရာတွင်မူ အရာအားလုံးသည် ပိုမိုပေါ့ပါးလန်းဆန်းနေကြပြီး အစီရင်ခံစာများကို အလျင်အမြန်တင်ပြလာခဲ့ကြသည်။
ရှောင်းယီက ကျန်းယွီကို ကြည့်ကာ မေးလိုက်၏။
“ခင်ဗျားဆီက ဝံပုလွေဖြူ မိသားစုရော နေကောင်းကြရဲ့လား။”
“နေကောင်းကြပါတယ်။ ကျွန်းပိုင်ရှင်ပေးတဲ့ အဆင့်မြင့် အစားအစာနဲ့ ရေကြောင့် ဝံပုလွေဖြူကြီး နှစ်ကောင်လုံး အဆင့်တက်သွားပါပြီ။ ဝံပုလွေပေါက်လေးတွေဆိုရင်လည်း ဟော်မုန်းဆေး ကျွေးထားသလိုပဲ အလျင်အမြန် ကြီးထွားလာကြပါတယ်။”
ကျန်းယွီက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။ ကျန်းယွီက ဆက်ပြောလိုက်သည်။
“ဝံပုလွေဖြူ မိသားစုရှိလို့ တော်သေးတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်းပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေ သောင်းကျန်းတုန်းက အိမ်တွေအကုန် ပျက်စီးကုန်မှာ။”
“သူတို့ကို မွေးထားရတာ အကျိုးရှိလို့ တော်သေးတာပေါ့။”
ရှောင်းယီက ပြုံးရင်းပြောလိုက်ကာ အန်းယွဲ့ကို လှည့်ပြီးမေးလိုက်သည်။
“ဦးလေးအန်း စူးစမ်းဖို့ ကျန်သေးတဲ့ ဒေသခံမျိုးနွယ်စုကျွန်း ဘယ်နှစ်ကျွန်း ရှိသေးလဲ။”
အန်းယွဲ့သည် သူ့လက်ထဲရှိ မှတ်စုစာရွက်ကို ကြည့်ပြီး ပြန်ဖြေလိုက်၏။
“ကျွန်းပိုင်ရှင်ကို တင်ပြပါတယ်။ မျိုးနွယ်စုကျွန်း နှစ်ကျွန်း ကျန်ပါသေးတယ်။ ဒီနေ့ အကုန်စူးစမ်းပြီး မနက်ဖြန်ည မတိုင်ခင် သတ္တုတွေအကုန် တူးဖော်ပြီးစီးမှာပါ။”
“နောက်ဆုံးတော့ ပြီးတော့မှာပေါ့။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
အရင်က ဖမ်းဆီးရမိထားသော ဒေသခံမျိုးနွယ်စုများမှာ များပြားလှသော်လည်း ရှောင်းယီတွင် သတ္တုရှာဖွေစက်တစ်လုံးတည်းသာရှိ၏။ ကံကောင်းထောက်မစွာဖြင့် ထိုစက်မှာ SSS အဆင့်ဖြစ်နေ၍သာ အလုပ်များလွန်းသော်လည်း ပျက်စီးမသွားခဲ့ခြင်းဖြစ်သည်။
ထိုကျွန်းများမှ သတ္တုများကို တူးဖော်ပြီးလျှင် ရှောင်းယီသည် ‘ကမ္ဘာသစ်’ နှင့် သူ၏ကျွန်းကိုသာ အာရုံစိုက်နိုင်တော့မည်ဖြစ်သည်။ အထူးသဖြင့် ချင်ဖုန်းဘက်တွင် ထုံးကျောက်တူးဖော်ခြင်းကို အလျင်အမြန်လုပ်တောင်ရပေမည်။ ရှောင်းယီသည် ဘိလပ်မြေများစွာ လိုအပ်နေ၏။
“ဟုတ်ကဲ့ ဒါပေမဲ့ သတ္တုတူးဖော်ရေး စက်တွေက နည်းလွန်းနေသေးတယ် ကျွန်းပိုင်ရှင်။ နောက်ထပ် ရနိုင်ဦးမလား။”
အန်းယွဲ့က မေးလိုက်သည်။ ရှောင်းယီ သက်ပြင်းချလိုက်မိ၏။
“SSS အဆင့် ပစ္စည်းတွေက ဂေါ်ဖီထုပ်တွေလို လွယ်လွယ်ရတယ်လို့ ခင်ဗျား တကယ် ထင်နေတာလားဗျာ။”
“တခြားလူတွေအတွက် ခက်ခဲပေမဲ့ ကျွန်းပိုင်ရှင်အတွက်တော့ SSS ပစ္စည်းတွေက တကယ်ကို ဂေါ်ဖီထုပ်တွေလိုပါပဲ။”
စွန်းကုထောင်က ကြားဖြတ်ကာ နောက်ပြောင်လိုက်သည်။ ရှောင်းယီက သူ့ကို မျက်လုံးစောင်းကာ ကြည့်လိုက်၏။
“သိပ်ပြီး စိတ်ကူးယဉ်မနေနဲ့။ ဒါက ကံတရားပေါ်မှာလည်း မူတည်သေးတယ်။ ဘယ်သူမှ သတ္တုတူးဖော်စက် ထပ်ရမယ်လို့ အာမမခံနိုင်ဘူး။”
“အဲဒါဆိုရင်တော့ လူအင်အားနဲ့ပဲ တူးရတော့မှာပေါ့။ ဒါပေမဲ့ အဲဒါက တော်တော်လေး နှေးတယ်။”
အန်းယွဲ့က ခေါင်းခါလိုက်သည်။ အဆင့်မြင့်စက်များ၏စွမ်းဆောင်ရည်ကို မြင်ဖူးပြီးနောက် လူအင်အားဖြင့် တူးဖော်ရသည်မှာ အလွန်ပင် စိတ်မရှည်စရာ ဖြစ်နေခဲ့၏။
“နှေးရင်လည်း တူးရမှာပဲ။ နည်းနည်းတူးတာက ဘာမှမတူးတာထက်စာရင် တော်သေးတာပေါ့။ တခြားကျွန်းတွေမှာလည်း ဒီလိုပဲ တူးနေကြရတာပါပဲ။”
ရှောင်းယီက ဆိုလိုက်သည်။
အားလုံး ထွက်သွားပြီးနောက် ဆုဝမ်က ဖုန်းဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် တစ်ယောက်ယောက်က ရေနွေးငွေ့အင်ဂျင်ထုတ်လုပ်မှုပုံစံကို တွေ့ထားပါတယ်။”
ထိုသတင်းကို ကြားလိုက်ရသောအခါ ရှောင်းယီ အလွန်အမင်း မအံ့သြမိခဲ့ချေ။ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်အရ ဤအရာပေါ်လာရမည့် အချိန်ပင် ဖြစ်လေသည်။
“ရေနွေးငွေ့အင်ဂျင်၊ ကျောက်မီးသွေး၊ သံမဏိ... နောက်ဆုံးတော့ စက်မှုခေတ်ထဲကို ဝင်ရောက်ရမယ့် အချိန်ရောက်လာပြီပေါ့။”
ရှောင်းယီက စဉ်းစားရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်၏။
ချန်နယ်ထဲတွင် လူများမှာ ရေနွေးငွေ့အင်ဂျင်အကြောင်း အကြီးအကျယ် ဆွေးနွေးနေကြသည်။
“ညီအစ်ကိုတို့ ဒီရေနွေးငွေ့အင်ဂျင်က ပုံစံကွက်လား။”
“မဟုတ်ဘူး။ ဒါက ထုတ်လုပ်မှုပုံစံပဲ။ ပြီးတော့ အားလုံးပဲ သီးသန့်စာတွေ မပို့ကြပါနဲ့။ ဒါကို ကျူပ် လုံးဝမရောင်းဘူး။”
“နှမြောစရာပဲ။”
“မင်းက ဘာကိုနှမြောတာလဲ။ ဝယ်နိုင်ရင်တောင် အခုချိန်မှာ ဒါကို သုံးစရာ နေရာမရှိသေးဘူး။”
“မသိတာက ကြောက်စရာမဟုတ်ဘူး။ မသိတာကို မသိတာကမှ တကယ့်ကို ကြောက်စရာပဲ။ ရေနွေးငွေ့အင်ဂျင်က သုံးစရာနေရာမရှိဘူးလို့ ခင်ဗျား တကယ် ပြောနေတာလား။”
“ဟုတ်တယ်။ သမိုင်းကို ပြန်ဖတ်ကြည့်ဦး။ ရေနွေးငွေ့အင်ဂျင်က အဲဒီခေတ်အတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာ။ သတ္တုတူးဖော်ရေး၊ သန့်စင်ရေး၊ အထည်အလိပ်လုပ်ငန်းနဲ့ စက်မှုထုတ်လုပ်ရေးတွေမှာ အကုန်သုံးလို့ရတယ်။”
“အဲဒါတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ မင်းလက်ထဲမှာ ရေနွေးငွေ့အင်ဂျင်ပဲ ရှိတာလေ။ တခြား ဆက်စပ်စက်ပစ္စည်းတွေရှိမှ အလုပ်လုပ်လို့ရမှာပေါ့။”
“ဒီကမ္ဘာထဲ ရောက်နေတာ ဒီလောက်ကြာပြီကို မင်းနားမလည်သေးဘူးလား။ တစ်ခုပေါ်လာပြီဆိုရင် ကျန်တဲ့ ဆက်စပ်ပစ္စည်းတွေကလည်း တစ်ခုပြီးတစ်ခု ပေါ်လာတော့မှာပဲ။ ရေနွေးငွေ့အင်ဂျင် ပေါ်လာပြီဆိုရင် အဲဒါကို သုံးမယ့်ပစ္စည်းတွေ ပေါ်လာဖို့ ဝေးပါတော့မလား။”
“မဝေးတော့ဘူး။ ဒီမှာကြည့်- [ရေနွေးငွေ့ ချည်ငင်စက် ထုတ်လုပ်မှုပုံစံ] ၁။ ကျုပ် ကြည့်ပြီးပြီ။ အဲဒါကို ထုတ်လုပ်ဖို့ဆိုရင် ရေနွေးငွေ့အင်ဂျင် လိုတယ်။”
“ဟုတ်တယ်။ ကျုပ်လည်း ရေနွေးငွေ့သုံး သတ္တုတူးဖော်စက် ရထားတယ်။ အဲဒါလည်း ဒါမျိုး လိုတာပဲ။”