← Chapters

အိပ်မက်

Vol. 20 Ch. 278

အိပ်မက်

Vol. 20 Ch. 278

မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်းမှ လူများအကြားတွင် အချိန်ကြာမြင့်စွာတည်းက တည်ရှိနေခဲ့သော ဒဏ္ဍာရီတစ်ခုရှိသည်။ ဤဒဏ္ဍာရီသည် ပထမဆုံးမာန်နတ်ဘုရားရှင်၏ ခေတ်တည်းက ပျံ့နှံ့နေခဲ့သည်ဟု ဆိုကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကုန်းမြေတိုက်ကြီးငါးခုအဖြစ် ပိုင်းခြားမခံရသေးခင် မာန်စွမ်းအားရှင်တို့၏ကုန်းမြေကြီးအကြောင်း ထိုဒဏ္ဍာရီကပြောဆိုထားခဲ့ခြင်းဖြစ်သည်။ ကုန်းမြေအတွင်း ဝေးကွာသောတောင်ဘက်ပိုင်းတွင် ‘သဟဇာတမျှခြင်းပိုးစာ’ ဟုခေါ်သော လိပ်ပြာတစ်ကောင်ရှိသည်။ ထိုလိပ်ပြာက အလွန်မကြီးမားပဲ လက်တစ်ဝါးစာ အရွယ်အစားခန့်သာရှိသည်။ သူမထံတွင် ကမ္ဘာပေါ်မှ အရောင်အသွေးများ အစုံအလင်ရှိနေပြီး ထိုအရောင်များကလည်း မတူကွဲပြားကြသည်ဟု ဆိုကြသည်။

သူမသည် နဝမကောင်းကင်ထက်မြင့်သောနေရာမှ

လေပြင်းမုန်တိုင်းများပြည့်နေသည့် ကမ္ဘာတစ်ခုထံမှဖြစ်၍ သူမကောင်းကင်အတွင်း ပျံသန်းနေခဲ့လျှင်တောင် သာမန်လူများကမမြင်နိုင်ပေ။

ဒဏ္ဍာရီများထဲတွင် ပြောကြသည်မှာ သူမသည်လိပ်ပြာတစ်ကောင်ဖြစ်ပြီး လှပသောအတောင်ပံများ ရှိသော်လည်း သူမဘဝတွင် ထိုအတောင်ပံများကို သုံးကြိမ်သာခတ်နိုင်သည် ဟူ၍ပင်။ ဤသုံးကြိမ်လွဲ၍ ကျန်အချိန်များတွင်တော့ သူမသည် လေထဲတွင်သည်အတိုင်းသာ လွင့်မျောနေခြင်းဖြစ်သည်။

သူမ၏ ပထမဆုံးအကြိမ် အတောင်ပံခတ်ချိန်သည် သူမမွေးဖွားပြီးသည်နှင့် နဝမကောင်းကင်အထက်အရပ်သို့ ပျံသန်းခြင်းဖြစ်သည်။

ဒုတိယအကြိမ်သည် သူမဘဝ၏အထွတ်အထိပ်သို့ ရောက်ရှိချိန်ဖြစ်သည်။ သူမအဖော်များကိုရှာဖွေရန် ထိုခမ်းနားလှပသောအရောင်များကို ဖော်ပြခြင်းဖြစ်သော်လည်း သူမ သူတို့ကိုရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

နောက်ဆုံးအတောင်ပံခတ်ချိန်သည် သူမဘဝ၏အဆုံးသတ်သို့ ရောက်ရှိသွားချိန်တွင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားရစ်နိုင်ရန် သူမခွန်အားအကုန်လုံးကို အသုံးပြုလိုက်ပြီး အတောင်ပံခတ်ပြီးသည့် အခိုက်အတန့်မှာပင် သူမခန္ဓာကိုယ်က အလင်းမှုန်လေးများအဖြစ်ပြောင်း၍ မျိုးစေ့များအဖြစ် မြေပြင်ဆီသို့လေထဲမှ ပြန့်ကျဲသွားပေလိမ့်မည်။ ထိုမျိုးစေ့များသည် ပိုးအိမ်လေးများအဖြစ် ပြောင်းလဲသွားကြလိမ့်မည်ဖြစ်သော်လည်း ၎င်းတို့အထဲမှ တစ်ခုကသာ လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ဤဒဏ္ဍာရီသည် ‘သဟဇာတမျှခြင်းပိုးစာ’ က သူမအတောင်ပံများကိုခတ်သော အကြိမ်သုံးကြိမ်အကြောင်း ပြောဆိုထားခြင်းဖြစ်သည်။ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ပင် အခြားဒဏ္ဍာရီကြီးတစ်ခုလည်း ရှိနေသေးသည်။ ပြောကြသည်မှာ သူမအတောင်ပံများကို ပထမဆုံးအကြိမ်ခတ်လိုက်ချိန်တွင်၊ တောင်ပိုင်းနယ်မြေများ၌ ကမ္ဘာကြီးပြိုလဲတော့မည်ကဲ့သို့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားလိမ့်မည်။

သူမ၏ဒုတိယအကြိမ် တောင်ပံခတ်ခြင်းသည် အရှေ့ပိုင်းနယ်မြေများ၌ မီးခိုးရောင်မျက်လုံးများနှင့် အလောင်းများစွာ ထွက်ပေါ်လာစေလိမ့်မည်။

သူမ၏ တတိယအကြိမ်တောင်ပံခတ်ခြင်းကတော့ မြောက်ပိုင်းနယ်မြေများတွင် ဆယ်နှစ်ခန့်ရှည်ကြာမည့် ဆီးနှင်းကျသော ညကြီးတစ်ည ဖြစ်ပေါ်လာစေလိမ့်မည်။

ထိုအရာက ဒဏ္ဍာရီတစ်ခုဖြစ်သည်။

ထိုဒဏ္ဍာရီကို စုမင် ယခင်ကတစ်ခါမှ မကြားဖူးသော်လည်း ပိုင်စုကတော့ ကြားဖူးပေသည်။

ထိုညတွင် သတိလစ်မေ့မျောနေသော ပိုင်စုတစ်ယောက် သူမအိပ်မက်များအတွင်း နိုးထလာခဲ့သည်။ သူမရှေ့မှ အကျွမ်းတဝင်မရှိသော ကမ္ဘာကို တွေဝေမိန်းမောစွာ ငေးကြည့်လျက် တစ်ဦးတည်းရပ်နေရင်းဖြင့် သူမမျက်နှာထက်တွင် လမ်းပျောက်နေဟန် အမူအယာမျိုးဖြစ်ပေါ်လာခဲ့သည်။

သူမ အိပ်မက်မက်နေခြင်းဖြစ်ပြီး သူမ မြင်နေရသမျှအရာအားလုံးသည် တစ်ခုမှ အစစ်အမှန်မဟုတ်ပဲ ပုံရိပ်ယောင်များသာဖြစ်ကြောင်း သူမသိနေခဲ့သည်။

သို့သော် သူမထိုအိပ်မက်မှ အမှန်တစ်ကယ် မနိုးထနိုင်သလို ၎င်းကိုပျောက်ကွယ်သွားအောင်လည်း မလုပ်နိုင်ပေ။

မြေပြင်ထက်တွင် နှင်းများရှိနေပြီး ပိုမိုများပြားသောနှင်းများသည် ကောင်းကင်မှကျဆင်းနေသည်ကို သူမမြင်နေရ၏။

သူမပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်လို့နေသည်။ အဝေးရှိအရပ်တွင် တောင်တန်းတစ်ခုသာ တည်ရှိနေခဲ့သည်။ အခြားနေရာများအားလုံးသည်တော့ မြေပြန့်များသာဖြစ်သည်။

တောင်တန်းတည်ရှိရာ ထိုနေရာတွင် တောင်ကြီးတစ်လုံးရှိနေသော်လည်း နှင်းမုန်တိုင်း၏ကာဆီးပိတ်ဖုံးထားမှုကြောင့် သူမ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုတောင်ကို ယခင်က သူမ

တစ်နေရာရာတွင် တွေ့ဖူးသည်ဟု ခံစားနေရလေသည်။ ထိုတောင်ကြီးသည် မြေပြင်မှနေ၍ လူတစ်ယောက်၏လက်ချောင်းများကို ဆန့်ထုတ်ထားသကဲ့သို့ ကောင်းကင်မှတိမ်စိုင်များအကြားသို့ပင် ရောက်နေသည့် တောင်ကြီးဖြစ်သည်။

“ဒါ... ဘယ်နေရာလဲ...” ပိုင်စု တီးတိုးရေရွတ်လိုက်ပြီး ပိုမိုစိတ်ရှုပ်ထွေးသွားရ၏။

စိတ်ရှုပ်ထွေးစွာဖြင့် သူမအရှေ့သို့ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။ သူမခြေထောက်အောက်မှ ဆီးနှင်းလမ်းကြောင်းကြီးကိုယ်တိုင်က အချိန်ကာလတစ်ခု ဖြစ်ပုံပေါ်ပြီး သူမ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် ကမ္ဘာလောက၏ ဥတုရာသီလေးမျိုးလုံးကို ဖြတ်လျှောက်နေရသကဲ့သို့ပင်။ သူမ ဆက်လက်လျှောက်လှမ်းလာသည်နှင့်အမျှ တောအုပ်တစ်ခုအတွင်း ရောက်ရှိလာခဲ့သည်။ သူမ ထိုနေရာသို့ ရောက်ရှိနေသည်မှာ ဘယ်လောက်ကြာသွားမှန်း မသိတော့ပေ။ သို့သော် ထိုအခိုက်အတန့်လေးမှာပင် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ်စကားပြောနေသံကို ပိုင်စုနားများက ရုတ်တရက်ကြားလိုက်ရသည်။

ထိုအသံသည် အဝေးမှထွက်ပေါ်လာနေခြင်းဖြစ်ပြီး ပိုင်စုကို ရပ်တန့်သွားစေသည်။ ထို့နောက် အသံထွက်ပေါ်လာရာဘက်ဆီသို့ သူမအလိုလို ရွေ့လျားသွားမိသည်။

တစ်ဖြည်းဖြည်းဖြင့် သူမတောအုပ်ကိုဖြတ်သန်းလာပြီး တစ်စုံတစ်ရာကို တွေ့လိုက်ရသည်...

ထိုအရာသည် သစ်ပင်များသိပ်မရှိသည့် မြေကွက်ကျယ်ကြီးတစ်ခု ဖြစ်သည်။ ထိုနေရာတွင် သားရဲအရေရွက်ဖျင်တဲများစွာရှိပြီး အစွမ်းထက်မာန်စွမ်းအားရှင်များစွာသည် အေးစက်စက်အကြည့်များနှင့် ဧရိယာတစ်ဝိုက် ကင်းလှည့်နေကြသည်။ တဲများ၏အတွင်းအပြင်များတွင် အထည်များရက်လုပ်နေကြသူများလည်း ရှိသည်။ ထိုနေရာသည် ဈေးငယ်လေးတစ်ခုပင်ဖြစ်သည်။

တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင်လည်း မျိုးနွယ်စုငယ်လေးများအချင်းချင်း ကုန်သွယ်သည့် ယခုလိုရင်ပြင်များ များစွာရှိချေသည်...

အကျွမ်းတဝင်မရှိသောမျက်နှာများကို ပိုင်စုလိုက်ကြည့်နေမိသည်။ သူမကြားခဲ့ရသော အသံများသည် အစစ်အမှန်ဖြစ်သော်လည်း ဤလူများအား ကြည့်လိုက်ချိန်တွင်တော့ ထိုလူများက သူမကိုမမြင်နိုင်ခဲ့ပေ။ ကင်းလှည့်နေသော မာန်စွမ်းအားရှင်များထဲမှ တစ်ယောက်ဆိုလျှင် ပိုင်စုခန္ဓာကိုယ်ကိုပင် ဖြတ်သန်းသွားခဲ့သေးသည်။

“ဒါက...”

သူမ ပိုမိုစိတ်ရှုပ်ထွေးသွားရသည်။

သို့သော် သူမပိုစိတ်ရှုပ်လာသည်ဟု စတင်ခံစားလိုက်ရသည့် အခိုက်အတန့်မှာပင်၊ သူမ ရုတ်တရက် တုန်လှုပ်သွားခဲ့ချေသည်။ သိပ်မဝေးသောနေရာရှိ တောအုပ်ထဲမှ အလျင်အမြန်ပြေးထွက်လာကြသည့် လူနှစ်ဦးကို သူမ တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။

၎င်းတို့အထဲမှတစ်ဦးသည် အလွန်သန်မာထွားကြိုင်းပြီး ရိုးသားသောမျက်နှာလေးရှိ၏။ သူ့ဘေးမှပြေးလာနေသူသည်လည်း ဆယ်ကျော်သက်လူငယ်တစ်ယောက်ပင် ဖြစ်သော်လည်း ထိုလူငယ်လေးက အားနည်းထိခိုက်လွယ်ပုံ ပေါ်နေခဲ့သည်။ သူ့တွင် ချောမောသောမျက်နှာလေးရှိပြီး မျက်လုံးများက ကြည်လင်သောအလင်းတစ်မျိုးဖြင့် တောက်ပနေသည်။

သူသည် သားရဲအရေများဖြင့်ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူ့ပုံပန်းသွင်ပြင်က သူ၏နူးညံ့သိမ်မွေ့မှုကို ဖော်ပြနေဆဲဖြစ်သည်။ သို့သော် ထိုကောင်လေးကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ပိုင်စုတုန်လှုပ်သွားခဲ့ရလေသည်။

“စု... စုမင်”

ပိုင်စု၏ အသက်ရှူသံများ လျင်မြန်သွားရသည်။ သူမအိပ်မက်များထဲတွင် စုမင်အားတွေ့ရလိမ့်မည်ဟု သူမဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

သူမမျက်စိရှေ့မှစုမင်သည် ရိုးစင်းအပြစ်ကင်းသော ကောင်လေးတစ်ယောက် ဖြစ်နေဆဲပင်။ ထိုအားနည်းပုံပေါ်သောလူနှင့် သူမမှတ်ဉာဏ်များထဲမှ စုမင်တို့တွင် တူညီမှုများရှိသော်လည်း ကွဲပြားခြားနားမှုများက ပိုမိုများပြားပေသည်။ ထိူသူနှစ်ဦးသည်  လုံးဝမတူကွဲပြားသောလူများကဲ့သို့ပင် ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ဒေါသတကြီး အော်ဟစ်လိုက်သော နူးညံ့သိမ်မွေ့သည့် အသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။

“လေ့ချန်”

ပိုင်စု ထိုနေရာသို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသညိ။ စကားပြောလိုက်သည့် မိန်းကလေးကိုမြင်လိုက်ရသောအခါ ပိုင်စုစိတ်ထဲ၌ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားခဲ့ရသည်။ အညိုရောင်သားမွေးများဖြင့် ပြုလုပ်ထားသည့် အင်္ကျီရှည်တစ်ထည်ကို ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးကို သူမတွေ့လိုက်ရခြင်းဖြစ်သည်။

ထိုမိန်းကလေးသည် ဆံပင်ကိုအနီရောင်ကြိုးလေးဖြင့် စည်းနှောင်ထားပြီး သူမပုခုံးပေါ်သို့ ကျစ်ဆံမြီးသေးသေးလေးများ ကျဆင်းနေကာ သူမနံဖူးကိုတော့ တောက်ပနေသည့် သလင်းကျောက်လေးများဖြင့် အလှဆင်ထားလေသည်။

သူမသည် မျက်မှောင်ကြုတ်လျက် စုမင်ဘေးတွင်ရပ်နေသည့် စုမင်အဖော်ကို ဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။

သူမပုံပန်းသွင်ပြင်ကြောင့် ပိုင်စုတစ်ယောက် အိပ်မွေ့ချခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

ထိုမိန်းကလေး၏ပုံစံသည်... ပိုင်စုနှင့် တစ်ထေရာတည်းပင်ဖြစ်သည်။

ထိုအရာက အဆုံးသတ်ပင်။ ပိုင်စုမျက်လုံးများထဲမှ မြင်ကွင်းများသည် အေးခဲရပ်တန့်သွားပြီး တစ်ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ သူမ မျက်လုံးများကို အမြန်ပြန်ဖွင့်လိုက်မိချိန်တွင် နံဖူးထက်၌ ချွေးစက်များက တွဲလွဲခိုလို့နေသည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ သူမလှိုဏ်ဂူအတွင်း ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အပြင်ဘက်တွင် တိတ်ဆိတ်နေပြီး အသံတစ်သံလေးတောင် မကြားရပေ။

ပိုင်စုတစ်ယောက် အာရုံစူးစိုက်ခြင်းမရှိ ရှေ့သို့ငေးကြည့်နေခဲ့မိသည်။ သူမမျက်လုံးများက ဝေဝါးလို့နေ၏။ သူမစိတ်သည် အိပ်မက်ထဲတွင် တွေ့မြင်ခဲ့ရသောအရာများထံမှ ရုန်းထွက်မရဖြစ်နေဆဲပင်။

အချိန်အတော်ကြာပြီးနောက်တွင် သူမပုခုံးပေါ်သို့ ဝတ်ရုံတစ်ထည်ကို ဆွဲခြုံလိုက်ပြီး လှိုဏ်ဂူတံခါးကို တွန်းဖွင့်လိုက်သည်။ ကောင်းကင်က မည်းမှောင်နေပြီး အေးစက်သောလေပြင်းတစ်ခုက သူမကိုအနည်းငယ် အေးစိမ့်သွားစေသည်။

လှိုဏ်ဂူအပြင်ဘက်တွင် ရပ်၍ မည်းမှောင်နေသောကောင်းကင်ကို ငေးကြည့်နေခဲ့မိသည်။ နောက်ဆုံး သူမအကြည့်သည် လရောင်အောက်မှ နဝမတောင်ထွတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုနေရာသို့ ကြည့်လိုက်မိသည်နှင့် သူမမျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေဟန်အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဘာလို့ ငါ အဲလိုအိပ်မက်မျိုးမက်ရတာလဲ...။ အိပ်မက်ထဲမှာ မြင်ခဲ့ရတာတွေက အစစ်အမှန်တွေလား... ဒါမှမဟုတ် အတုအယောင်သက်သက်လား...” ပိုင်စု တီးတိုးရေရွတ်မိသည်။

ထိုညမှာပင် စုမင်သည် ရွှေရောင်ငှက်ကြီးအား ထပ်တလဲလဲပုံတူကူးနေရင်း မျဉ်းတစ်ကြောင်းအား ဆွဲသားလိုက်ချိန်တွင် သူ့လက်ချောင်းက ရပ်တန့်သွားပြီး စုမင်စိတ်ထဲတွင် အိပ်မက်ကဲ့သို့မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအထဲတွင် လေနှင့်ဆီးနှင်းများ အဆက်မပြတ်တိုက်ခတ်နေသော နယ်မြေတစ်ခုပါသည်။

လေက သန်မာလွန်းပြီး လွင့်မျောနေသော ဆီးနှသ်းများက သူ့မြင်ကွင်းအား ဖုံးကာထားသည်။ သူအရှေ့ဝေးဝေးသို့ မမြင်နိုင်သော်လည်း အော်ဟစ်ငိုကြွေးရင်း ပြေးလွှားနေသည့် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးကိုတော့ သူမြင်နေရဆဲဖြစ်သည်။

မိန်းကလေးအား ကျောခိုင်းလျက် အရှေ့မှလျှောက်သွားသူသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက အဝေးသို့ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေသည်။

“မေမေ မသွားပါနဲ့။ မေမေ သမီးကို မလိုချင်တော့လို့လားဟင်...”

အမျိုးသမီးသည် ခဏတာရပ်တန့်သွားသော်လည်း ပြန်လှည့်ကြည့်လာခြင်းမရှိပဲ ရှေ့သို့သာဆက်လျှောက်သွားခဲ့သည်။ နှင်းများထဲတွင် ကောင်မလေး၏ငိုကြွေးနေသံတစ်သံတည်းသာ ကြားနေရလေသည်။

သူမသည် ဆက်မပြေးနိုင်တော့ပဲ မြေပြင်ပေါ်လဲကျသွားသောအခါ ရုန်းကန်ကာထရပ်လိုက်ပြီး မျက်ရည်များနှင့် အရှေ့သို့ပြေးလိုက်ရန် ကြိုးစားနေဆဲပင်ဖြစ်သည်။ သူမအမေ၏ လက်ကိုဆုပ်ကိုင်ထားချင်သည်။ သူမအမေကို သူမနှင့်သာနေစေချင်သည်။

သို့သော် အမျိုးသမီးသည် ရှေ့သို့ဆက်လျှောက်သွားခဲ့သည်မှာ နှင်းမုန်တိုင်းအတွင်း သူမပုံရိပ်ကပျောက်ကွယ်သွားခဲ့သည် အထိပင်။  ကောင်မလေးသည် သူမ၏အားနည်းသော ခန္ဓာကိုယ်လေးမှ ခွန်အားများအားလုံး အသုံးချပြီးသွားပုံပေါ်သည်အထိ ဆက်လက်ငိုကြွေးနေခဲ့ပြီးနောက် နှင်းများပေါ်လဲကျသွားပြီး မလှုပ်ရှားတော့ပေ။

သူမခန္ဓာကိုယ်က လေများပြင်းထန်စွာ ဖြတ်သန်းတိုက်ခတ်သွားသဖြင့် ကွေးကွေးလေးဖြစ်သွားခဲ့သည်။ သူမသည် မျက်လုံးများကိုမှိတ်ထားပြီး အသိစိတ်ကင်းမဲ့စွာဖြင့် မိခင်အား တီးတိုးရေရွတ်ခေါ်နေဆဲပင်ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ညာဘက်ခြမ်းသည် ပန်းရောင်သမ်းနေရာမှ... အသားများအေးခဲသွားသည့် အရောင်ဖြစ်သော အစိမ်းရောင်အဖြစ် ပြောင်းလဲလာခဲ့သည်။

စုမင် ထိုအရာများအားလုံးကို ကြည့်ရုံသာကြည့်နေခဲ့ပြီး စကားတစ်ခွန်းမှမပြောခဲ့ပေ။

နောက်ဆုံးတွင် နှင်းမုန်တိုင်းအတွင်းမှ ယောကျ်ားတစ်ဦး လျှောက်လှမ်းထွက်လာခဲ့သည်။ စုမင်မျက်လုံးများထဲတွင် ထိုလူ့ပုံစံက ဝေဝါးနေပြီး စုမင် သူ့မျက်နှာကိုရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုသူက ကောင်မလေးဘေးသို့ လျှောက်သွားပြီး ထိုင်ချလိုက်ကာ သူမကိုညင်ညင်သာသာမ၍ အဝေးသို့ လျှောက်သွားလေသည်။

“စုစု၊ ပါးပါးနဲ့ အိမ်ပြန်ရအောင်...”

မြင်ကွင်းက ထိုနေရာမှာပင်အေးခဲရပ်တန့်သွားသည်။ ထိုအရာများ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားပြီးသည်နှင့် စုမင်ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပြန်နိုးလာခဲ့သည်။

ပုံဆွဲကားချပ်ပေါ်မှ သူ့ညာလက်ညိုးရပ်တန့်နေသော နေရာကိုကြည့်လိုက်သည်။ ခဏကြာ စိတ်ရှုပ်ထွေးသွားပြီးနောက်တွင် ပုံဆွဲကားချပ်၏ထောင့်စွန်းသို့ အလျင်အမြန်လှမ်းကြည့်လိုက်မိ၏။

ထိုနေရာက ပိုင်စုထိသွားခဲ့သောနေရာဖြစ်သည်။

စုမင်စိတ်တို့ ခဏတာရှုပ်ထွေးသွားပြီးမှ ပိုင်စုထိသွားခဲ့သောထောင့်ကို ညာလက်ဖြင့် ပွတ်သုတ်လိုက်ပြီး သူ့မျက်လုံးများအတွင်း တွေးတောစဉ်းစားနေသည့် အမူအယာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

‘ဘာလို့ အဲလိုဖြစ်သွားခဲ့တာလဲ။ ငါရုပ်နယ်လွန်ပြီးတည်းက အိပ်မက် မမက်တော့တာ။ ငါ့အိပ်မက်ထဲက အဲဒီအသံကလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး... ဒါပေမယ့် ငါစောစောလေးကအထိ ရွှေရောင်ငှက်ကြီးကို ပုံတူကူးနေခဲ့တာ။ ပြီးတော့ အဲဒီအိပ်မက်ထဲကို ကျရောက်သွားတယ်”

စုမသ် မျက်မှောင်ကြုတ်လိုက်မိသည်။

‘အိပ်မက်က အတုအယောင်မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီအတိုင်းပေါ်လာစရာလည်း အကြောင်းမရှိဘူး။ အကြောင်းအရင်းတစ်ခုခုတော့ ရှိရမှာပဲ’

စုမင် ငြိမ်သက်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့သည်။ အရုဏ်တက်ချိန် ပြီးဆုံးပြီး ပထမဆုံးနေရောင်ခြည် ထွက်ပေါ်လာတော့မည့် အရိပ်အယောင်များ ပြလာချိန်တွင်တော့ အတွေးတစ်ခုက စုမင်စိတ်ထဲ၌ လျှပ်ပြက်သလို ဖြစ်ပေါ်လာခဲ့သည်။

‘မနေ့က ပုံဆွဲကားချပ်ကို ပိုင်စုထိသွားခဲ့တယ်။ ငါ့အလုပ်ထဲမှာ လုံးဝအာရုံစူးစိုက်ထားတဲ့အချိန် ငါ့နတ်ဘုရားအာရုံနဲ့ ခဏလေးထိတွေ့သွားခဲ့လို့ ငါတို့မှတ်ဉာဏ်တွေက အချိန်တိုအတွင်း ဆက်စပ်သွားခဲ့တာ ဖြစ်နိုင်တယ်...’

‘အဲဒါကြောင့်ပဲ စောစောက အိပ်မက်ကို ငါမက်ခဲ့တာ’

‘နတ်ဘုရားစိတ်အာရုံမှာလည်း တစ်ခြားလူတွေရဲ့ မှတ်ဉာဏ်တွေထဲကိုကြည့်နိုင်တဲ့ အစွမ်းရှိတယ်’

စုမင် အသက်ပြင်းပြင်းရှူရှိုက်လိုက်မိသည်။ သူ့မျက်လုံးများက တောက်ပသွားပြီး မိုးစင်စင်မလင်းသေးခင်မှာပင် အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် နဝမတောင်ထွတ်မှထွက်ခွာသွားခဲ့သည်။ သူတောင်ခြေသို့ ဦးတည်ဆင်းသွားခဲ့ခြင်း ဖြစ်သည်။

အေးခဲကောင်းကင်ကလန်အပြင်ဘက် အဆုံးမရှိသည့် ရေခဲများပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသည့် အအေးဓာတ်ကိုကြိုက်နှစ်သက်သော သတ္တဝါများစွာရှိသည်။ ဤနေရာ၏ ရာသီဥတုအခြေအနေကြောင့် ထိုသတ္တဝါအများစုက ရန်လိုကြလေသည်။

ထိုနေရာရှိ ရေခဲပြင်ချပ်များထဲမှ တစ်ခုပေါ်တွင် စုမင်နှစ်နာရီခန့်နေခဲ့သည်။ ကောင်းကင်လင်းထိန်သွားသော အချိန်တွင်တော့ ရေခဲဝံပုလွေ အသေကောင်ရှစ်ကောင်သည် စုမင်ဘေး၌ လဲလျောင်းနေကြချေပြီ။

စုမင် ညာလက်ကိုမြှောက်၍ အသက်ရှိနေသေးသော ရေခဲဝံပုလွေတစ်ကောင်၏ ဦးခေါင်းထက်သို့တင်လိုက်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။ ခဏအကြာ စုမင်မျက်လုံးများပြန်ပွင့်လာသည်နှင့် ထိုရေခဲဝံပုလွေသည် တုန်ယင်သွားပြီး ဘေးသို့လဲကျသေဆုံးသွားတော့သည်။

စုမင်မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် တောက်ပနေသည်။ ခဏတာ ငြိမ်သက်နေပြီးနောက် အလင်းတန်းရှည်တစ်ခုအသွင်ပြောင်း၍ ထိုနေရာမှထွက်ခွာကာ နဝမတောင်ထွတ်ဆီ ပြန်လာခဲ့တော့သည်။

သို့သော် သူနဝမတောင်ထွတ်သို့ပြန်ရောက်ပြီး လှိုဏ်ဂူအပြင်ဘက် စင်မြင့်ပေါ်ရပ်နေချိန်မှာပင် သူ့ထံလာနေသောပိုင်စုကို တွေ့လိုက်ရ၏။ စုမင် သူမကိုမြင်သောအခါ သူမ၏ ပုံပန်းသွင်ပြင်နှင့် အမူအယာများမှ ထွက်ပေါ်နေသည့် ရင်းနှီးကျွမ်းဝင်သောခံစားချက်သည် ယခင်နေ့ကထက် ပိုမိုသာလွန်နေခဲ့လေသည်။

သားရဲအရေ ဘွတ်ဖိနပ်များ၊ အနက်နှင့်အညိုစပ် သားမွေးအင်္ကျီရှည်၊ ဖြောင့်မတ်သော ကိုယ်နေဟန်ထား၊ ကြိုးနီလေးဖြင့် စည်းနှောင်ထားသော ဆံပင်များ၊ သူမမျက်လုံးများအတွင်းမှ ဒေါသများနှင့် မျက်မှောင်ကြုတ်နေသော သူမ၏မျက်ခုံးများ...

တမင်ရည်ရွယ်ထားသော အသွင်ပြောင်းခြင်းအောက်တွင် ဤပိုင်စုသည် သူမအိပ်မက်ထဲတွင် မြင်ခဲ့ရသော မိန်းကလေးနှင့် အဝတ်အစားများဖြစ်စေ၊ ပုံပန်းသွင်ပြင်ကဖြစ်စေ တစ်ထပ်တည်းတူညီနေခဲ့ချေပြီ။

***

All Chapters