အခန်း (၇၀၅-၇၀၆)
Vol. 54 Ch. 705-706
အခန်း ၇၀၅- ကျွန်းအရောင်းစျေးနှုန်းများနှင့် လူပုနိုင်ငံ၏ နောက်ခံအင်အား
“တကယ်လို့ အခြေအနေက အဲဒီလိုဆိုရင်တော့ နည်းနည်းတော့ လက်ဝင်ပြီ။”
ရှောင်းယီ စဉ်းစားခန်းဖွင့်လိုက်သည်။
“ဒါနဲ့ ကုန်းမကြီးပေါ်က အင်အားစုတွေက ကျွန်းတစ်ကျွန်းကို ဘယ်လောက်စျေးခေါ်ကြလဲဆိုတာ ငါမသိသေးဘူး။”
တစ်ဖက်တွင်မူ လော့စ်သည် ရှောင်ယီပေးလိုက်သော အစားအစာများကို ယူဆောင်ကာ လူပုနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီး နန်းတော်သို့ ဝင်ရောက်သွားခဲ့သည်။
“အရှင်မင်းကြီး၊ ရှောင်းယီက ကျွန်တော်မျိုးတို့ကို အကြောင်းပြန်လိုက်ပါပြီ။ သူတို့က အုတ်မြစ်ကျောက် ၁၂ ဘီလီယံ တောင်းပါတယ်။ အရောင်းအဝယ်လုပ်မယ့် အချိန်ကတော့ နောက်လာမယ့် ငါးရက်အတွင်းပါပဲ။”
လော့စ်က တင်ပြလိုက်၏။
“၁၂ ဘီလီယံလား။”
လူပုဘုရင်သည် ခေတ္တမျှ ကြောင်သွားပြီးနောက် ရေရွတ်လိုက်သည်။
“ဒီလောက်တောင် စျေးပေါနေရလား။ လိမ်နေတာများလား။”
“မဖြစ်နိုင်ပါဘူး။ ကျွန်တော်မျိုးတို့ သူနဲ့ တစ်ကြိမ်ထက်မက အရောင်းအဝယ် လုပ်ဖူးပါတယ်။ အနည်းဆုံးတော့ ကုန်သွယ်မှု သစ္စာရှိမှုအပိုင်းမှာတော့ သူ့ကို ယုံကြည်လို့ရပါတယ်။”
လော့စ်က ပြန်ဖြေလိုက်၏။ လူပုဘုရင်က ခေါင်းညိတ်ရင်း မေးလိုက်သည်။
“တခြားနိုင်ငံတွေကရော ဘယ်လောက်စျေးခေါ်ကြလဲ။”
“ကျွန်တော်မျိုး အင်အားစု ခြောက်ခုကို စုံစမ်းကြည့်ခဲ့ပါတယ်။ သူတို့ခေါ်တဲ့စျေးက ၂၀ ဘီလီယံကနေ ၅၀ ဘီလီယံ ကြားမှာ ရှိပါတယ်။ ရှောင်းယီရဲ့စျေးက အသက်သာဆုံးပါပဲ။”
လော့စ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တခြားနိုင်ငံတွေက ရှောင်းယီထက် စောပြီး အရောင်းအဝယ် လုပ်ပေးနိုင်ကြတယ်။”
“ငါးရက်ဆိုတာ ခဏလေးပါပဲ။ ငါတို့ စောင့်နိုင်ပါတယ်။”
လူပုဘုရင်က အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်၏။
“ငါးရက်လောက်စောင့်ရုံနဲ့ အုတ်မြစ်ကျောက် ၁၀ ဘီလီယံ သက်သာမယ်ဆိုတာက ဧရိယာစတုရန်းကီလိုမီတာ ၁၀,၀၀၀ နဲ့ ညီမျှတယ်။ စောင့်ရတာ တန်ပါတယ်။”
လော့စ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော်မျိုးလည်း အဲဒီလိုပဲ တွေးမိပါတယ်။ အဲ့ဒါကြောင့် သူ့ကိုလည်း အချိန်ဆွဲရင် အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ သွယ်ဝိုက်ပြီး ဖိအားနည်းနည်း ပေးထားခဲ့ပါတယ်။ သူ ကျွန်တော်မျိုးရဲ့စကားကို နားလည်လိမ့်မယ်လို့ ယုံကြည်တယ်။”
“အင်း... မင်း ဒီတစ်ခေါက် အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။”
လူပုဘုရင်ကြီးမှာ အလွန်ကျေနပ်သွားခဲ့သည်။
လော့စ်ကို ပြန်လွှတ်ပြီးနောက် ရှောင်းယီသည် အန်းယွဲ့ရှိရာသို့ ပြန်သွားပြီး ကျွန်းခေါင်းဆောင်များနှင့် ပြန်လည် ရောနှောကာဝင်ထိုင်လိုက်၏။
“ကျွန်းပိုင်ရှင် တစ်ခုခုကို စဉ်းစားနေပုံပဲ။”
စွန်းကုထောင်က ဝိုင်ခွက်ကိုကိုင်ကာ ထရပ်ပြီး ပြောလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတာ ပြောပြပါလား။ ကျုပ်တို့ ကူညီနိုင်မလားလို့။”
ရှောင်းယီသည် အနည်းငယ်ကြောင်အသွားပြီးနောက် ပြုံးကာ ဖြေလိုက်၏။
“ကမ္ဘာသစ်ကိစ္စတွေပါ။ ဒီလို သတင်းအချက်အလက်ပိုင်းမှာ မင်းတို့ ကူညီနိုင်မှာ မဟုတ်ဘူး။”
ထိုအခါ သိပ်စကားမပြောသော မှော်ဆရာတစ်ဦးက ထရပ်ကာ မေစလာခဲ့သည်။
“ကျွန်းပိုင်ရှင်က ကုန်းမကြီးပေါ်က တခြားမြို့တွေရဲ့ သတင်းကို လိုချင်တာလား။”
ထိုမှော်ဆရာကို မြင်သောအခလမှ ရှောင်းယီ သတိရသွား၏။ ဤမှော်ဆရာများသည် ကုန်းမကြီးမှ ဒေသခံများ ဖြစ်ကြသည်။ သူတို့တွင် သတင်းအချက်အလက်များ ရှိနိုင်ပေသည်။
“ဟုတ်တယ်။ ခင်ဗျားတို့ဆီမှာ တခြားမြို့တွေမှာ ထားထားတဲ့ သူလျှိုတွေ ရှိလား။”
ရှောင်းယီ အလျင်အမြန် မေးလိုက်သည်။
“ရှိတာပေါ့။ မြို့တိုင်းမှာ ကျုပ်တို့ရဲ့ သတင်းပေးတွေ ရှိပါတယ်။”
မှော်ဆရာများက ပြိုင်တူဖြေလိုက်ကြ၏။
“ကောင်းတယ် ခင်ဗျားတို့ သူတို့ကို မြန်မြန်ဆက်သွယ်ပြီး အချက်နှစ်ချက် စုံစမ်းပေးပါဦး။ တစ်ခုက လူပုနိုင်ငံက အဲဒီမြို့တွေဆီက ကျွန်းဝယ်ဖို့ လုပ်နေလားဆိုတာရယ်၊ နောက်တစ်ခုက အဲဒီမြို့တွေက ဘယ်လောက်စျေးခေါ်လဲ ဆိုတာရယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ကျုပ်တို့ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”
မှော်ဆရာများသည် ချက်ချင်းပင် တုံ့ပြန်လိုက်ကြပြီး အားလုံးထရပ်ကာ အမိန့်ပေးစေခိုင်းရန်အတွက် ကမ်းခြေရှိ အများသုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားလိုက်ကြ၏။
ထိုမှော်ဆရာများ ပြန်ရောက်လာသောအခါ ရှောင်းယီက သူ၏ခွက်ကိုမြှောက်ကာ ပြောလိုက်သည်။
“လူတိုင်းပဲ ပင်ပန်းသွားကြပြီ။”
“မပင်ပန်းပါဘူး။ ဒါက ကျုပ်တို့လုပ်သင့်တာပါ။”
လူတိုင်းသည် သူတို့၏ဖန်ခွက်များကိုမြှောက်ကာ ပြန်ပြောလိုက်ကြ၏။
ဤစားသောက်ပွဲမှာ နေ့လယ်နှစ်နာရီကျော်သည်အထိ ကြာမြင့်ခဲ့ရာ သတင်းပေးများသည်လည်း မိမိတို့ရရှိထားသော သတင်းများကို ပြန်လည်ပေးပို့ပြီးဖြစ်လေသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ သတင်းပေးတွေဆီက သတင်းရလာပါပြီ။”
“ပြောပါဦး။”
ရှောင်းယီက အလျင်အမြန်မေးလိုက်၏။
မှော်ဆရာတစ်ဦးက ကိုယ်စားလှယ်အဖြစ် တင်ပြလာခဲ့သည်။
“ကျွန်းပိုင်ရှင် မြို့တိုင်းမှာရှိတဲ့ ကျုပ်တို့သတင်းပေးတွေရဲ့ တင်ပြချက်အရ မြို့လေးမြို့က လူပုနိုင်ငံရဲ့ ကုန်သွယ်ရေးအရာရှိ လော့စ်နဲ့ ဆက်သွယ်ထားပါတယ်။ လူပုနိုင်ငံက ကျွန်းဝယ်ဖို့ ကမ်းလှမ်းထားတာ အမှန်ပါပဲ။”
“သေချာတာပေါ့။”
ရှောင်းယီက သူ့ဘာသာ တွေးလိုက်မိ၏။
“ဒီလော့စ်ကတော့ တကယ်ကို သစ္စာမရှိဘူးပဲ။”
“အဲဒီမြို့ လေးမြို့က ခေါ်တဲ့စျေးတွေကတော့ ၂၆ ဘီလီယံ၊ ၂၈ ဘီလီယံ၊ ၄၀ ဘီလီယံနဲ့ ၅၀ ဘီလီယံ အသီးသီး ဖြစ်ပါတယ်။”
ရှောင်းယီသည် ထိုစကားကို ကြားလိုက်ရပြီးနောက် လုံးဝကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။
“ငါက တကယ်ကို စီးပွားရေးလုပ်ဖို့ မွေးဖွားလာတာ မဟုတ်တာ အမှန်ပဲ။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
“လူတွေကို နှိပ်စက်ပြီး စျေးခေါ်ရမှာကို ငါ့စိတ်က မရက်စက်နိုင်ဘူးဖြစ်နေတယ်။”
အန်းယွဲ့ကလည်း ခါးသက်သက် အပြုံးဖြင့် ပြောလာ၏။
“ဟုတ်ပါရဲ့ ၁၂ ဘီလီယံတောင် များလှပြီ ထင်နေတာ။ ဒီလောက်ထိ စျေးခေါ်လို့ရမယ်လို့ မထင်ထားမိခဲ့ဘူး။”
“တကယ်တော့ ကျုပ်တို့က လူပုနိုင်ငံရဲ့ အခြေအနေကို အရင်စုံစမ်းပြီး သတင်းအချက်အလက် ပိုစုဆောင်းပြီးမှ ဈေးနှုန်းသတ်မှတ်ခဲ့သင့်တာ။ အဲဒါကမှ အသင့်တော်ဆုံးဖြစ်လိမ့်မယ်။”
ဖန်မင်လုံက ဆိုသည်။
ရှောင်းယီသည် ဤအချက်ကို အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်းဖြစ်၏။ ကမ္ဘာသစ်ပေါ်ရှိ မြို့အတော်များများကို သိမ်းပိုက်ပြီးနောက်တွင် ထိုအရင်းအမြစ်များကို အသုံးချရန် သူ မေ့လျော့နေခဲ့သည်။
အကယ်၍ ယနေ့တွင် စွန်းကုထောင်သာ ထုတ်မပြောခဲ့လျှင် ကမ္ဘာသစ်ပေါ်ရှိ အင်အားစုများက ထိုမျှအထိ ဈေးကြီးပေးနေရသည်ကို သူ သိရှိလိမ့်ဦးမည် မဟုတ်ပေ။
“ကျွန်းပိုင်ရှင်... ဘာပဲဖြစ်ဖြစ် နောက်ဆုံး အရောင်းအဝယ်လုပ်မယ့်အချိန်ကို မရောက်သေးဘူးလေ။ အချိန်တန်ရင် ကျုပ်တို့ဘက်ကလည်း ဈေးတိုးတောင်းလို့ရတာပဲ။”
ဒူခန်းက အကြံပြုလိုက်သည်။ ရှောင်းယီက ခေါင်းခါလိုက်၏။
“ကတိပေးပြီးသားဆိုရင်တော့ တည်ရမယ်။ စျေးရှုံးနေရင်တောင် အခြေခံ လူကျင့်ဝတ်နဲ့ သစ္စာရှိမှုတော့ ရှိရမှာပေါ့။”
အန်းယွဲ့နှင့် ဖန်မင်လုံတို့က ထိုစကားကို ထောက်ခံလိုက်ကြသည်။ သူတို့သည် စီးပွားရေးလောကမှ ရောက်လာသူများဖြစ်ရာ ဂုဏ်သတင်းနှင့် ယုံကြည်မှုသည် ငွေထက် အရေးကြီးကြောင်း သိထားကြ၏။
အချို့လူများသည် ငွေကြေးစီးဆင်းမှု လမ်းကြောင်း ပြတ်တောက်သွားသည့်အခါ သူငယ်ချင်းများက တုံ့ဆိုင်းခြင်းမရှိဘဲ သန်းပေါင်းများစွာ ထုတ်ချေးပေးကြသော်လည်း အချို့သူများမှာမူ ဒေဝါလီခံရတော့မည့် အခြေအနေရောက်နေလျှင်ပင် မည်သူကမျှ ကူညီဖေးမမည့်လက်တစ်စုံကို မကမ်းပေးကြချေ။
“အခု တခြားသူတွေရဲ့ စျေးနှုန်းကို သိသွားပြီဆိုတော့ စိတ်ပူစရာမလိုတော့ဘူး။ သူတို့ ငါတို့ဆီကပဲ ဝယ်မှာသေချာတယ်။ ဒါဆိုရင် အခွင့်အရေးက ငါတို့လက်ထဲကို ပြန်ရောက်လာပြီ။”
ရှောင်ယီက ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါဆိုရင် အေးအေးဆေးဆေး စောင့်နေရုံပဲ။”
အန်းယွဲ့က ထောက်ခံလိုက်၏။ ရှောင်းယီ ဘာကိုစောင့်နေမှန်းကိုမူ ဤနေရာရှိ လူအနည်းငယ်သာ သိထားကြသည်။
ရှောင်းယီက မှော်ဆရာများကို ဆက်မေးလိုက်သည်။
“ဒါနဲ့ လူပုနိုင်ငံမှာ အုတ်မြစ်ကျောက် ဘယ်လောက်လောက် ရှိမလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းမိလား။”
မှော်ဆရာများသည် အနည်းငယ်တိုင်ပင်ပြီးနောက် ပြန်ဖြေလိုက်ကြ၏။
“သတင်းတွေအရဆိုရင်တော့ လူပုနိုင်ငံမှာရှိတဲ့ အုတ်မြစ်ကျောက်က ဘီလီယံ ၁၀၀ ထက် မနည်းပါဘူး။”
“ဘီလီယံ ၁၀၀လား။”
ရှောင်းယီ အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။
“အဲဒီထက်တောင် ပိုနိုင်ပါသေးတယ်။”
အန်းယွဲ့နှင့် တခြားသူများသည်လည်း ရင်တထိတ်ထိတ် ဖြစ်သွားခဲ့ကြ၏။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားသော ဓနဥစ္စာပင် ဖြစ်သည်။ ရှောင်းယီသည် ကုန်းမကြီးပေါ်ရှိ အင်အားစုများ ဘာကြောင့် ထိုမျှ စျေးကြီးခေါ်ရသနည်းဆိုသည်ကို ယခုမှ သဘောပေါက်သွားတော့လေသည်။
“ဒီအကြောင်းကိုသာ စောစောသိခဲ့ရင် ငါလည်း ပိုတောင်းမိမှာပဲ။”
ရှောင်းယီက ပြုံးကာ ရေရွတ်လိုက်မိသည်။
အခန်း ၇၀၆ – မီးခိုးမဲ့ယမ်းမှုန့် အောင်မြင်ခြင်းနှင့် ဗိသုကာပညာရှင် အလိုရှိခြင်း
လူပုနိုင်ငံတွင် လယ်သမားဟူ၍ ခပ်ရှားရှားသာရှိပြီး ၎င်းတို့၏ စားနပ်ရိက္ခာအများစုကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်၏။ ထို့ကြောင့် လူပုမျိုးနွယ်စုများ နေထိုင်ရာနေရာမှာ မြို့ပြဒေသများသာဖြစ်သည်။ သတင်းအချက်အလက်များအရ ၎င်းတို့၏ မြို့ပြဧရိယာစုစုပေါင်းမှာ စတုရန်းကီလိုမီတာ ငါးထောင်ခန့် ရှိသည်။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့၏မြို့အားလုံးကို အုတ်မြစ်ကျောက်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန်အတွက် အုတ်မြစ်ကျောက် ယူနစ် ၅ ဘီလီယံရှိသော ကျွန်းတစ်ကျွန်းသာ လိုအပ်မည်ဖြစ်၏။ လူပုနိုင်ငံတွင် အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ကျော် ရှိနေသော်လည်း ရှောင်းယီကမူ ၁၀ ဘီလီယံသာ တောင်းဆိုခဲ့မိသဖြင့် အလွန်နည်းပါးနေခဲ့သည်။
ယခုအချိန်တွင် နောင်တရနေ၍ မထူးတော့ပေ။ လူပုနိုင်ငံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်းကို ဦးစားမပေးခဲ့မိသော မိမိကိုယ်ကိုယ်သာ အပြစ်တင်ရပေတော့မည်။ သို့မဟုတ်လျှင်လည်း ယခင်က အုတ်မြစ်ကျောက် ၂ ဘီလီယံဖိုး အော်ဒါရခဲ့စဉ်က သူအပျော်လွန်သွားခဲ့၍လည်း ဖြစ်နိုင်၏။
“စွန်းကုထောင် ဒီလူတွေကို ခေါ်ပြီး သွားကစားလိုက်ဦး။ သူတို့တွေ ကစားကွင်းက စက်ပစ္စည်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိမှာမဟုတ်ဘူး။”
ရှောင်းယီက သတိပေးလိုက်သည်။
“နားလည်ပါပြီ။”
စွန်းကုထောင်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး မှော်ဆရာများကို ဖျော်ဖြေရေးခန်းမဘက်သို့ ခေါ်သွားလေ၏။
က လင် လင်
ထိုစဉ် ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။ ဖုန်းခေါ်ဆိုသူမှာ ဓာတ်ခွဲခန်းမှဖြစ်၏။ သုတေသနရလဒ် ထွက်ပေါ်လာသည်နှင့် မိမိအား ချက်ချင်းအကြောင်းကြားနိုင်ရန် ဖုန်းအပိုနှစ်လုံးကို ဓာတ်ခွဲခန်းတွင် သူ ထားခဲ့ခြင်းဖြစ်သည်။
“သခင် မီးခိုးမဲ့ယမ်းမှုန့်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ အမြောက်အမြား ထုတ်လုပ်မှုကို စတင်လိုက်ရမလား။”
“ဓာတ်ခွဲခန်းကနေ အမြောက်အမြား ထုတ်လုပ်နိုင်လို့လား။”
ရှောင်းယီ အံ့သြတကြီးဖြင့် မေးလိုက်၏။
“ဟုတ်ကဲ့ လိုအပ်တဲ့ ကုန်ကြမ်းတွေသာ လုံလုံလောက်လောက်ပေးရင် ထုတ်လုပ်နိုင်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကြောင့် တခြား သုတေသနပရောဂျက်တွေရဲ့ အရှိန်က ၄ ရာခိုင်နှုန်းလောက်တော့ နှေးသွားနိုင်ပါတယ်။”
၄ ရာခိုင်နှုန်းဆိုသည်မှာ လက်ခံနိုင်သော ပမာဏဖြစ်သည်။
“အခုပဲ ထုတ်လုပ်မှုကို စတင်လိုက်တော့။”
သူက အမိန့်ပေးလိုက်သည်။
ဖုန်းချပြီးနောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်၏။ ဖော်မြူလာကို သုတေသနလုပ်ပြီးပြီဆိုလျှင် ဓာတ်ခွဲခန်းတွင် အပင်ပန်းခံ ထုတ်နေမည့်အစား ကျွန်းအထိမ်းအမှတ်ကျောက်တွင် ထည့်သွင်းလိုက်ပါက ပို၍ မလွယ်ကူပေဘူးလား။
ထို့နောက် သူသည် ဓာတ်ခွဲခန်းသို့ အမြန်သွားကာ မီးခိုးမဲ့ယမ်းမှုန့် ဖော်မြူလာကို ယူဆောင်၍ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ကျောက်တိုင်တွင် “ဖော်မြူလာအသစ် တွေ့ရှိသည်” ဟူသော အကြောင်းကြားချက် ပေါ်မလာခြင်းပင်။
ဒီဖော်မြူလာကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် အသုံးပြုလို့ မရဘူးလား။
“ဘာလို့လဲ။”
သူ ဇဝေဇဝါဖြင့် ရေရွတ်မိလိုက်၏။
“သုတေသနရလဒ်က လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်နေတဲ့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငြင်းပယ်ခြင်းဖြစ်ပါတယ်။”
စနစ်က ဖြေကြားပေးလာခဲ့သည်။
“တကယ်ကြီးလား။ ဒါဆို အထပ်မြင့်တိုက်ပုံစံကွက် ကိုကျတော့ ဘာလို့လက်ခံတာလဲ။”
ရှောင်းယီက ကန့်ကွက်လိုက်၏။
“အထပ်မြင့်တိုက်ပုံစံကွက်က စနစ်ရဲ့ဆုလာဘ်ဖြစ်ပါတယ်။ အကယ်၍ အိမ်ရှင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်မခံစေချင်ဘူးဆိုရင် စနစ်က ပြန်လည် ပယ်ဖျက်ပေးနိုင်ပါတယ်။”
ရှောင်းယီ ချက်ချင်းပင် အလျှော့ပေးလိုက်ရသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး... ။ ကျောက်တိုင်ထဲမှာပဲ ရှိပါစေ။”
ဤဖြစ်ရပ်က စနစ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထက် ပို၍ စွမ်းအားကြီးကြောင်း နောက်တစ်ကြိမ် သက်သေပြလိုက်ပြန်၏။ ဖော်မြူလာကို ကျောက်တိုင်တွင် သုံး၍မရသဖြင့် ၎င်းကို ဓာတ်ခွဲခန်းသို့ ပြန်ပို့လိုက်ပြီး မီးခိုးမဲ့ယမ်းမှုန့် နမူနာအချို့ကို ယူကာ ကျန်းယွင်ထျန်းထံသို့ ထွက်လာခဲ့လိုက်သည်။
ကျန်းယွင်ထျန်းသည် စစ်သားများကို လေ့ကျင့်ပေးနေ၏။ မကြာမီ ဤစစ်သားများသည် ဒေသခံကျွန်းများတွင် နည်းပြများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ရှောင်းယီသည် ဒေသခံများကို ခေတ်မီစစ်ပညာများ သင်ကြားပေးလို၏။
“အစ်ကိုကျန်း ကြည့်ပါဦး ကျုပ် ဘာကောင်းတာတွေ ယူလာလဲဆိုတာ။”
ကျန်းယွင်ထျန်းသည် စစ်သားများကို ခေတ္တနားခိုင်းပြီး လျှောက်လာခဲ့သည်။
“ဘာများလဲ။”
ရှောင်းယီက မီးခိုးမဲ့ယမ်းမှုန့်ကို ထုတ်ပြလိုက်ရာ ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
“ဒါ... မီးခိုးမဲ့ယမ်းမှုန့်လား။”
ရှောင်းယီက ခေါင်းညိတ်ပြသည်။
“ဘယ်လိုလုပ်လိုက်တာလဲ။”
ကျန်းယွန့်ထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဟိုဘက်က အထပ်မြင့်တိုက်ကြီးကို တွေ့တယ်မလား။ အဲဒါ ဓာတ်ခွဲခန်းလေ။ အဲဒီကနေ ထွက်လာတဲ့ ရလဒ်တွေပေါ့။”
ရှောင်းယီက ဆိုသည်။
“ဒီလောက်တောင် အစွမ်းထက်တာလား။ ဒါဆို အော်တိုရိုင်ဖယ်တွေလည်း သုတေသနလုပ်လို့ ရမှာပေါ့။”
“ရနိုင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူရလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ။”
ကျန်းယွင်ထျန်းက ဖိမေးလိုက်၏။
“လက်ရှိ နည်းပညာထက် ဘယ်လောက် ပိုမြင့်သလဲဆိုတဲ့အပေါ် မူတည်ပြီး အချိန်ပိုကြာနိုင်တယ်။”
ရှောင်းယီက အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။
“သဘောပေါက်ပြီ။ ငါက ဖြတ်လမ်းနည်း ရှိမလားလို့ မျှော်လင့်မိတာပါ။ တကယ်ပဲ မရှိပါလား။”
ကျန်းယွင်ထျန်းက သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ အခုကစပြီး ငါတို့ရဲ့ ယမ်းမှုန့်ဟောင်းတွေကို ဒါနဲ့ အစားထိုးလို့ရပြီလေ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ပစ်ခတ်တဲ့အခါ မီးခိုးလုံးကြီးတွေ ထွက်လာတော့မှာ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ထောက်ခံလိုက်၏။
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဓာတ်ခွဲခန်းမှာ ပခယထမအသုတ်အတွက် အဆင်သင့်ဖြစ်နေပြီ။ တစ်ချက်လောက်သွားကြည့်ပြီး နေရာချလိုက်ဦး။”
“ဟုတ်ကဲ့”
နမူနာကို ကျန်းယွင်ထျန်းထံ၌ ထားခဲ့ပြီးနောက် ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့လိုက်၏။
“ချင်ဖုန်းက ဒီတစ်ခေါက် ထုံးကျောက်တွေ ယူလာတယ်ဆိုတော့ အခု ဘိလပ်မြေ စလုပ်လို့ ရပြီ။”
ထို့နောက် သူ ကျောက်တိုင်ကို နှိပ်လိုက်သည်။
“ရရှိသည့်ပစ္စည်းများ- [ဘိလပ်မြေ] ၁,၀၀၀ ကီလိုဂရမ်။”
တစ်တန်တည်းနှင့်တော့ အခန်းကောင်းကောင်းတစ်ခန်းကိုပင် တည်ဆောက်၍မရနိုင်ပေ။ သို့သော် သတ္တုတူးဖော်ရေး ကားများမှာ အလုပ်ရှုပ်နေသဖြင့် ချင်ဖုန်း၏ ကျွန်းတွင် ထုံးကျောက်များ သွားရောက်တူးဖော်ရန် မအားကြသေးပေ။
သူသည် ခေါင်းခါလိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိလိုက်၏။
“ငါ အိမ်တစ်လုံး ဆောက်ချင်ရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငါဘယ်လိုပုံစံလိုချင်လဲဆိုတာ ဘယ်လိုပြောရမှာလဲ။”
“ပုံကြမ်းဆွဲပါ။ ပိုပြီး အသေးစိတ်လေ ပိုကောင်းလေပဲ။ လက်တွေ့ကျဖို့တော့ လိုပါတယ်။ မဟုတ်ရင် အဆောက်အအုံ ပြိုကျနိုင်ပါတယ်။”
စနစ်က ပြန်ဖြေလာခဲ့သည်။
“သွားပြီ... ငါ့မှာ ကျွမ်းကျင်တဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက် လိုနေပြီပဲ။”
သူ ညည်းတွားလိုက်မိ၏။
လက်ရှိအချိန်တွင် ကျွန်းအသီးသီးမှ တာဝန်ခံများ ရောက်ရှိနေသဖြင့် သူသည် ၎င်းတို့အား ၎င်းတို့၏ကျွန်းများပေါ်တွင် ဗိသုကာပညာရှင်တစ်ဦး ရှာဖွေရန်ဟူသည့် မစ်ရှင်တစ်ခု ပေးလိုက်သည်။
စွန်းကုထောင်နှင့် အခြားသူများသည် ဘားတွင် အနားယူနေစဉ် ထိုတာဝန်ကြောင့် အံ့အားသင့်သွားခဲ့ကြ၏။
“ကျွန်းပိုင်ရှင်က ဘာလုပ်မလို့လဲ။ ဗိသုကာပညာရှင်တွေ ရှာနေတာလား။ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး တည်ဆောက်တော့မလို့လား။”
“ဖြစ်နိုင်တယ်။ ကျွန်းပိုင်ရှင်က ဘိလပ်မြေ ဖော်မြူလာ ရထားတယ်လို့ ကျုပ်ကြားထားတယ်။”
“ဒါဆို သေချာသွားပြီ။ အမြန်သွားမေးကြည့်ကြရအောင်။ ဗိသုကာပညာရှင်သာရှိရင် ငါတို့ကျွန်းတွေအတွက်လည်း ထူးခြားတဲ့ အဆောက်အအုံတွေ ဒီဇိုင်းဆွဲလို့ ရတာပေါ့။ ဒါက အလန်းဇယားကြီးပဲ။”
“ဒီဇိုင်းဆွဲနိုင်ရင်တောင် တကယ်တည်ဆောက်နိုင်ပါ့မလား။ စက်ပစ္စည်းတွေမရှိဘဲ လူအင်အားနဲ့တင် ဘယ်လိုလုပ်မလဲ။”
“ဟုတ်တယ်။ အဆောက်အအုံ တည်ဆောက်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။”
“သိပ်အများကြီး မစဉ်းစားကြနဲ့တော့။ ကျွန်းပိုင်ရှင် ခိုင်းတာကိုပဲ အရင်လုပ်ကြရအောင်။ ကျုပ် သွားမေးကြည့်လိုက်ဦးမယ်။”
ဒေသခံ မှော်ဆရာများသည်လည်း ကမ်းခြေရှိ အများသုံးကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ထွက်သွားခဲ့ကြသည်။ သူတို့ကျွန်းများတွင်လည်း အသက်ရှင်ကျန်ရစ်သူများ ရှိကြ၏။ အန်းယွဲ့သည် ထိုမှော်ဆရာများကို ရှင်းပြထားပြီးဖြစ်သည်။ လူတိုင်းသည် နယ်ချဲ့ရန်အတွက် ရောက်ရှိလာခြင်းမဟုတ်ဘဲ အသက်ရှင်ရန် ရောက်လာကြသူများသာ ဖြစ်ကြောင်း နားလည်လာကြသဖြင့် မှော်ဆရာများမှာလည်း လက်ခံလာကြပြီဖြစ်သည်။