အခန်း (၇၀၇-၇၀၈)
Vol. 54 Ch. 707-708
အခန်း ၇၀၇ - ဗိသုကာပညာရှင်များ စုဆောင်းခြင်းနှင့် ဝါရင့်အင်ဂျင်နီယာ သွမ့်ပေယန်
မကြာမီ လူတိုင်းထံမှ သတင်းများ ပြန်တက်လာရာ ကျွန်းအများစုတွင် ဗိသုကာဒီဇိုင်းပညာရှင်များ မရှိကြသော်လည်း ဖန်မင်လုံ စီမံခန့်ခွဲသည့် မဟာမိတ် အရှေ့ဘက်ကျွန်းတွင်မူ ဤနယ်ပယ်၌ ထူးချွန်သူနှစ်ဦး ရှိနေကြောင်း သိလိုက်ရ၏။
ထိုအကြောင်းကို အန်းယွဲ့ထံ အစီရင်ခံပြီးနောက် အန်းယွဲ့က ချက်ချင်း အမိန့်ပေးလိုက်သည်။
“သူတို့ နှစ်ယောက်လုံးကို ဒီဘက် ခေါ်လိုက်။”
“ဟုတ်ကဲ့။”
ဖန်မင်လုံသည် သူတို့ကို ချက်ချင်းပင် လှမ်းခေါ်လိုက်၏။
“အုပ်ချုပ်ရေးမှူး ကျွန်းပိုင်ရှင်က ကျုပ်တို့ကို တကယ်ပဲ အဆောက်အအုံတွေ ဒီဇိုင်းဆွဲဖို့ ခေါ်လိုက်တာလား။”
ထိုထဲမှတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူ၏နာမည်မှာ သွမ့်ပေယန်ဖြစ်၏။ ယခင်ကမ္ဘာတွင် သူသည် နာမည်ကြီး ဒီဇိုင်းဌာနတစ်ခု၌ ဝါရင့်အင်ဂျင်နီယာဘွဲ့ထူးဖြင့် အလုပ်လုပ်ခဲ့သူ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာသောအခါ ပစ္စည်းသေတ္တာများထဲမှ ထုတ်လုပ်မှုပုံစံများ ရရှိနိုင်သလို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကလည်း တစ်ချက်နှိပ်ရုံဖြင့် အရာအားလုံးကို ဖန်တီးပေးနိုင်ရာ ဒီဇိုင်းပညာရှင်များမှာ အသုံးမဝင်တော့ပေ။ သူသည် အခြေခံအကျဆုံး ကိုယ်လက်လှုပ်ရှား အလုပ်ကြမ်းများကိုသာ လုပ်ကိုင်နေခဲ့ရ၏။
သူ စိတ်မပါသော်လည်း မတတ်နိုင်ခဲ့ပေ။ ယခု ကျွန်းပိုင်ရှင်က ဗိသုကာဒီဇိုင်းပညာရှင်များကို ရှာဖွေနေသည်ဟု ကြားလိုက်ရသဖြင့် သွမ့်ပေယန်သည် မိမိ၏အရည်အချင်းကို ချက်ချင်းပင် တင်ပြခဲ့ပြီး ပင်မကျွန်းသို့ ဆင့်ခေါ်ခြင်း ခံရခြင်းဖြစ်သည်။
ဖန်မင်လုံသည် စိတ်လှုပ်ရှားနေသော သွမ့်ပေယန်ကို ကြည့်ပြီး အားပေးလိုက်၏။
“ကျုပ်လည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ များတယ်။ စိတ်ကို ထိန်းထားဦး။ ခဏနေလို့ ကျွန်းပိုင်ရှင်နဲ့ တွေ့ရင် အကောင်းဆုံး ကြိုးစားပြလိုက်ပါ။”
“ဟုတ်ကဲ့”
သွမ့်ပေယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
ရှောင်းယီသည် ဗိသုကာဒီဇိုင်းပညာရှင် နှစ်ဦးကို ရှာတွေ့ပြီဟု ကြားလိုက်ရသည်နှင့် ချက်ချင်းပင်ညရောက်လာခဲ့၏။
ဖန်မင်လုံသည် ရှောင်းယီကို မြင်သည်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒါက သွမ့်ပေယန်ပါ။ အရင်က ဒီဇိုင်းဌာနမှာ အလုပ်လုပ်ခဲ့တာ။ နောက်တစ်ယောက်ကတော့ ယင်ရွှမ်းပါ။ အရင်က မြို့ပြအင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းပြီးထားတဲ့ တက္ကသိုလ်ကျောင်းသားပါ။”
“မဆိုးဘူး။ ဦးလေးအန်း... စက္ကူနဲ့ ခဲတံ ယူလာခဲ့ပါဦး။ သူတို့ကို ပုံဆွဲခိုင်းကြည့်ရအောင်။”
ရှောင်းယီက ဆိုသည်။ အပြောထက် အလုပ်ကသာ သက်သေပြနိုင်သဖြင့် သူတို့၏ အရည်အချင်းကို စမ်းသပ်ရန် လိုအပ်သည်။
အန်းယွဲ့က စက္ကူနှင့် ခဲတံများကို သူတို့ရှေ့တွင် ချပေးလိုက်သည်။
“အခု ကျုပ်တို့မှာ ပုံဆွဲကိရိယာတွေ မရှိဘူး။ စက္ကူဖြူနဲ့ ခဲတံပဲ ရှိတယ်။ ကျန်တာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။ ရိုးရှင်းတဲ့ အိမ်တစ်လုံးကို ဒီဇိုင်းဆွဲပြပါ။ ခင်ဗျားတို့ စဉ်းစားလို့ရသမျှ အရှင်းဆုံး အိမ်တစ်လုံးရဲ့ ဒီဇိုင်းပုံစံကို ဆွဲပြပါ။”
ရှောင်းယီက ခိုင်းလိုက်၏။
“ဟုတ်ကဲ့”
နှစ်ယောက်သား ပြန်ဖြေလိုက်သည်။
ယင်ရွှမ်းသည် စက္ကူတစ်ရွက်ကို ယူကာ သုံးခေါက်ချိုးလိုက်ပြီး မာတောင့်သော ပေတံအဖြစ် ပြောင်းလဲကာ စတင်ဆွဲသားတော့သည်။ သို့သော် သွမ့်ပေယန်ကမူ ခဲတံကို ကိုင်ကာ တိုက်ရိုက်ပင် ပုံဆွဲလိုက်၏။ ရှောင်းယီသည် ထိုပညာရပ်ကို နားမလည်သော်လည်း သွမ့်ပေယန်၏ လက်လှုပ်ရှားမှုမှာ အလွန် ကျွမ်းကျင်ကြောင်း တွေ့မြင်နိုင်သည်။
သွမ့်ပေယန် ဆွဲလိုက်သော မျဉ်းဖြောင့်များမှာ ပေတံဖြင့် ဆွဲသကဲ့သို့ တိကျလှ၏။ သို့သော် သူကိုယ်တိုင်ကမူ အနည်းငယ် မကျေနပ်သလိုဖြင့် ရေရွတ်နေ၏။
“နှစ်လကျော်လောက် ပုံမဆွဲရတော့ လက်က နည်းနည်း အေးနေပြီ။”
သူသည် ထိုသို့ပြောလိုက်သော်လည်း ပုံဆွဲသည်မှာ အလွန်လျင်မြန်လှသည်။ မကြာမီမှာပင် တရုတ်ရိုးရာ အိမ်ဝန်းတစ်ခု၏ ပုံကြမ်းတစ်ခု ထွက်ပေါ်လာပြီး ထိုပုံတွင် လိုအပ်သော ကိန်းဂဏန်း အချက်အလက်များကိုပါ မှတ်သားပေးထား၏။
“အံ့ဩစရာပဲ။”
ရှောင်းယီက သွမ့်ပေယန်ကို လက်မထောင်ပြလိုက်သည်။
“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
သွမ့်ပေယန်က ပြန်ဖြေလိုက်သည်။
“ဒါက အရင်ကမ္ဘာတုန်းက ကျုပ်ရဲ့ အိပ်မက်ပါ။ ကျုပ်ရဲ့ဇာတိမှာ ဒီလိုအိမ်မျိုး ဆောက်ချင်ခဲ့တာ။ ပိုက်ဆံ အလုံအလောက် မစုမိခင် ဒီကို ရောက်လာခဲ့ရတာပါ။”
“စိတ်မပူနဲ့။ ခင်ဗျားရဲ့ အိပ်မက်ကို ဒီမှာ အကောင်အထည်ဖော်လို့ ရပါတယ်။”
ခဏအကြာတွင် ယင်ရွှမ်းသဘ်လည်း ပုံဆွဲ၍ ပြီးသွားခဲ့သည်။ သူ၏ပုံမှာလည်း သေသပ်လှပသဖြင့် ရှောင်းယီက ပြောလိုက်၏။
“သွမ့်ပေယန် သူဆွဲထားတာကို တစ်ချက်လောက် ကြည့်ပေးပါဦး။”
သွမ့်ပေယန်သည် ယင်ရွှမ်း၏ပုံကို တစ်ချက်ကြည့်လိုက်ပြီး မှတ်ချက်ပေးသည်။
“နှစ်လကျော်လောက် ပုံမဆွဲရတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလောက်ဆွဲနိုင်တာ တော်တော်ရှားတယ်။”
ယင်ရွှမ်းသည်လည်း သွမ့်ပေယန်၏ အရည်အချင်းကို မြင်ထားခဲ့သဖြင့် ရိုရိုသေသေ တောင်းဆိုသည်။
“စီနီယာသွမ့် ကျုပ်ရဲ့ပုံမှာ လိုအပ်တာတွေကို ထောက်ပြပေးပါဦး။”
သွမ့်ပေယန်သည် တစ်ချက်ချင်း ရှင်းပြလိုက်ရာ ယင်ရွှမ်းကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေခဲ့သည်။
“ကောင်းပြီ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“အခုကစပြီး ခင်ဗျားတို့ နှစ်ယောက်လုံးက ‘ယီရန်ပင်းမဟာမိတ်အဖွဲ့’ ရဲ့ ဗိသုကာဒီဇိုင်းပိုင်းကို တာဝန်ယူရမယ်။ သွမ့်ပေယန်ရဲ့ လစာကို ကျွန်းတာဝန်ခံတွေရဲ့ ခံစားခွင့်အတိုင်း သတ်မှတ်ပေးမယ်။ အဆောက်အအုံတစ်ခုစီရဲ့ ဒီဇိုင်းဆွဲပြီးလို့ ဆောက်လုပ်ပြီးသွားတိုင်း စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၅ ရာခိုင်နှုန်းကို ကော်မရှင်အဖြစ် ထပ်ပေးမယ်။ ယင်ရွှမ်းရဲ့ လစာကိုတော့ ရှေ့တန်းစီမံခန့်ခွဲရေး ဝန်ထမ်းတွေရဲ့ ခံစားခွင့်အတိုင်း ခံစားခွင့်ပေးမယ်။ ကျွမ်းကျင်လာရင် ထပ်တိုးပေးမယ်။”
သွမ့်ပေယန်မှာ ကြောင်သွားရ၏။ ကျွန်းပိုင်ရှင်က သူ့ကို ကျွန်းတာဝန်ခံ တစ်ယောက်ကဲ့သို့ အခွင့်အရေးပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းမှာ ဖန်မင်လုံနှင့် အဆင့်တူသွားခြင်းဖြစ်၏။ ကော်မရှင်နှင့်ဆိုလျှင် ဖန်မင်လုံထက်ပင် လစာပိုများသွားပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြ၏။
ရှောင်းယီက သူ၏လက်ကို ခါယမ်းလိုက်ပြီး ယင်ရွှမ်းကိုကြည့်ကာ ပြောလိုက်သည်။
“မင်း စီနီယာသွမ့်ဆီကနေ ကောင်းကောင်းသင်ယူရမယ်။ နားလည်လား။”
“ဟုတ်ကဲ့ ကျုပ် သေချာပေါက် ကြိုးစားသင်ယူပါမယ်။”
ယင်ရွှမ်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။
မူလက သူသည် ဖန်မင်လုံ၏ ကျွန်းပေါ်တွင် ဤအတိုင်းသာ အေးအေးလူလူ နေထိုင်သွားမည်ဟု တွေးထားခဲ့သော်လည်း ယခုကဲ့သို့ အခွင့်အရေးမျိုး ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထို့ပြင် သူယခင်က သင်ယူခဲ့ဖူးသော ဗဟုသုတများကိုလည်း ပြန်လည်အသုံးချနိုင်တော့မည် ဖြစ်သည်။
သို့သော် သွမ့်ပေယန်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်မှာ မေးခွန်းတစ်ခု ရှိပါတယ်။ ကျုပ်တို့ ပုံဆွဲနိုင်ရင်တောင် အခုချိန်မှာ ဆောက်လုပ်ရေး စက်ကိရိယာတွေ မရှိသေးဘူး။ ရှုပ်ထွေးတဲ့ အဆောက်အအုံတွေ တည်ဆောက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ် ထင်တယ်။”
ရှောင်းယီက ပြုံးကာ ခေါင်းခါပြလိုက်၏။
“ကျုပ်တို့ ကိုယ်တိုင် တည်ဆောက်စရာ မလိုပါဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုပဲ တည်ဆောက်ခိုင်းမှာပါ။”
သွမ့်ပေယန် ချက်ချင်းပင် သဘောပေါက်သွားသော်လည်း အံ့သြစွာဖြင့် မေးလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကျုပ်တို့ ဆွဲထားတဲ့ပုံကို နားလည်လို့လား။”
“နားလည်တာပေါ့။ ကျုပ်မှာ အထပ်မြင့်အိမ်ရာပုံစံကွက် ရှိတယ်။ အဲဒါက ဒီဇိုင်းပုံစံရှိမှ တည်ဆောက်လို့ရတာလေ။”
ရှောင်းယီက ရှင်းပြလိုက်၏။
သွမ့်ပေယန် မျက်လုံးပြူးသွားခဲ့သည်။
ကျွန်းပိုင်ရှင်တွင် ဤကဲ့သို့ပုံစံကွက်မျိုးပင် ရှိနေသည်လော။ ကျွန်းပိုင်ရှင်က အမှန်တကယ် အံ့ဖွယ်တစ်ပါးပင်။
“ကောင်းပြီ ခင်ဗျားတို့နှစ်ယောက်က အပန်းဖြေစခန်းမှာ ဧည့်သည်အခန်းနှစ်ခန်းရှာပြီး နေလိုက်ကြပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အပန်းဖြေစခန်းကဧည့်သည်ခန်းတွေက ပြည့်နေပါပြီ။”
အန်းယွဲ့က သူ့ကို သတိပေးလိုက်၏။
“ပြည့်သွားပြီလား။”
ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း အခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။
ယခုတစ်ခေါက်တွင် သူသည် မှော်ဆရာ အမြောက်အမြားကို တစ်ပြိုင်နက်တည်း လက်အောက်ခံဖြစ်အောင် လုပ်နိုင်ခဲ့၏။ ယခင်က ဖမ်းဆီးရမိထားသူများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း အရေအတွက်မှာ ငါးဆယ်ကျော်သွားပြီဖြစ်သည်။ ဤအပန်းဖြေစခန်းလေးတွင် ဧည့်ခန်းပေါင်း ငါးဆယ်သာရှိသဖြင့် ယခုအခါ အချို့သော မှော်ဆရာများမှာ အခန်းတစ်ခန်းတည်း၌ပင် စုပေါင်းနေထိုင်နေကြရပြီ ဖြစ်သည်။
“ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားတို့ နှစ်ယောက်ကို ဘေးက ဘားမှာပဲ နှစ်ရက်လောက် ခဏ အောင့်အည်းပြီး နေပေးကြပါဦး။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
သွမ့်ပေယန်တို့က ဝမ်းသာအားရ လက်ခံလိုက်ကြ၏။ ဘားမှာ နေရခြင်းက သူတို့ အရင်နေခဲ့ရသည့် ကျောက်တုံးအိမ်ထက် အဆပေါင်းများစွာ သာလွန်လှပေသည်။
ဖန်မင်လုံကို သူတို့နှစ်ဦးအား လိုက်လံဧည့်ခံခိုင်းပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်လာခဲ့၏။ သူသည် အနည်းငယ်စဉ်းစားပြီးနောက် ဈေးကွက်ခန်းမထဲတွင် တစ်ကိုယ်ရည်တိုက်ခန်းများကဲ့သို့သော အသင့်ဆောက်ပြီးသား အိမ်များကို ရှာဖွေကြည့်လိုက်သည်။
လက်အောက်ငယ်သားများ တစ်စတစ်စ များပြားလာသည်နှင့်အမျှ အိမ်ရာလိုအပ်ချက်မှာလည်း အမှန်တကယ်ပင် ရှိလာမည်ဖြစ်ပြီး ထိုအိမ်များ၏ အပြင်အဆင်မှာလည်း အဆင့်အတန်းတစ်ခုရှိရန် လိုအပ်ပေသည်။
သို့သော် ရှာဖွေကြည့်ပြီးသည့်နောက်တွင် အဆင့်မြင့်အိမ်ရာ ရောင်းချသူတစ်ဦးမျှ မတွေ့ရဘဲ အများစုမှာ သစ်သားအိမ်နှင့် ကျောက်တုံးအိမ်များသာ ဖြစ်နေကြ၏။
‘ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ် ထင်တယ်။’
ရှောင်းယီက သက်ပြင်းချရင်း တစ်ဦးတည်း ရေရွတ်လိုက်မိလေသည်။
အခန်း ၇၀၈ – အပူပေးစနစ်၊ ဆုလာဘ်နှစ်ဆနှင့် အဆင့်မြှင့်တင်ရေးကတ်
ဈေးကွက်တွင် ဘာမှရှာမတွေ့သဖြင့် ရှောင်းယီသည် ယီထျန်းဂရုချက်သို့ ကူးပြောင်းကာ ကြည့်ရှုလိုက်၏။
“ဒီလိုရာသီဥတုမျိုးမှာ မီးဖိုတစ်ခုရတာ တကယ် ကံကောင်းတာပဲ။【မီးသွေးမီးဖို ထုတ်လုပ်မှုပုံစံ] ၁။”
“ဒါက တကယ့်ကို အဆင်ပြေတာပဲ။ အနည်းဆုံးတော့ အအေးဒဏ် ခံနိုင်တာပေါ့။ နောက်အပတ်ဆိုရင် တကယ့် ဆောင်းရာသီ စတော့မှာ။ အခုတောင် ဒီလောက်အေးနေတာ။ ဒီနှစ်ဆောင်းရာသီက အရင်တစ်ခေါက်လို အေးနေမှာကို တကယ် စိုးရိမ်မိတယ်။”
“ဟုတ်ပါ့။ ဒီဆောင်းရာသီမှာ သူဌေးရဲ့ အပန်းဖြေစခန်းကို ခဏခဏသွားရတော့မယ် ထင်တယ်။ အဲဒီမှာ အဲကွန်းရှိတော့ တကယ်နွေးထွေးတာ။”
“ဒါပေမဲ့ အပန်းဖြေစခန်းရဲ့နေရာက အကန့်အသတ် ရှိတယ်လေ။ သူဌေးအနေနဲ့ နေရာတွေ ထပ်တိုးပေးဖို့ အပြင်းအထန် တောင်းဆိုပါတယ်။”
“ဟုတ်တယ်။ နေရာထပ်တိုးပေးဖို့ တောင်းဆိုကြစို့။”
“ဟဲဟဲ ကျုပ်ကတော့ သွားစရာမလိုတော့ဘူးထင်တယ်။ ကျုပ်ဆီမှာ ဒါရှိတယ်။ 【မီးလင်းဖို】 ၁။”
“ဒါက ဘယ်လို နတ်ဘုရားကံတရားမျိုးလဲဗျာ။ ကျုပ်နဲ့တော့ တခြားစီပဲ။ ကျုပ်မှာတော့ အလှလေးနှစ်ယောက်ကို ဖက်ပြီးပဲ အပူပေးနေရတယ်။”
“အပေါ်ကလူကတော့ တကယ်ကို ကြွားနေတာပဲ။ ကျုပ်လည်း အလှလေးတွေကို ဖက်ပြီး အနွေးဓာတ်ယူချင်တာပေါ့။ ဒါပေမဲ့ ဒီကျွန်းပေါ်မှာတော့ အဖိုးကြီးတွေပဲ စုနေတယ်လေ။”
အမျိုးသားများသည် ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုမိုအားကောင်းသဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသားများ ဖြစ်ကြသည်။
ဂရုချက်ထဲရှိ ဆွေးနွေးမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အန်းယွဲ့အား မေးကြည့်လိုက်၏။
“ဦးလေးအန်း ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ အပူပေးစနစ်တပ်ဆင်တာတွေ အကုန်ပြီးပြီလား။”
“ဟုတ်ကဲ့၊ မဟာမိတ်အဖွဲ့ထဲက ‘မျောက်နက်နိုင်ငံ’ ကျန်းယွီရဲနေရာနဲ့ မူလရွှမ်းယွမ်မဟာမိတ်နေရာတွေမှာတော့ အကုန်တပ်ဆင်ပြီး လည်ပတ်နေပါပြီ။ အခုထိတော့ အားလုံး ပုံမှန်ပါပဲ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကျုပ်တို့ ပြန်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ မှော်ဆရာတွေ သိမ်းပိုက်ထားတဲ့ နေရာတွေမှာတော့ မပြီးသေးပါဘူး။ အလုပ်ပမာဏက တော်တော်များတော့ အချိန်အတော်ယူရဦးမှာပါ။”
“ကောင်းပြီ အရင်ဆုံး အတတ်နိုင်ဆုံးပဲ ကြိုးစားကြည့်လိုက်ပါ။”
ရှောင်းယီလည်း အနည်းငယ် ကူကယ်ရာမဲ့နေခဲ့၏။
ထိုမှော်ဆရာများသည် သူနှင့်ပူးပေါင်းသည်မှာ နှစ်ရက်ခန့်သာ ရှိသေးပြီး မဟာမိတ်အဖွဲ့ပေါင်းမှာလည်း စုစုပေါင်း သုံးဆယ်၊ လေးဆယ်ခန့် ရှိနေခဲ့သည်။ ၎င်းကို တစ်ရက်၊ နှစ်ရက်အတွင်း အပြီးသတ်ရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ပေ။
“ဟုတ်ကဲ့ပါ။”
အန်းယွဲ့က ပြန်လည်ဖြေကြားလိုက်၏။
အချိန်ကို ကြည့်လိုက်သောအခါ အပန်းဖြေစခန်း၏ မီးပုံပွဲမှာ စတင်နေလောက်ပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင် ရှောင်းယီ၏ ကျွန်းအသီးသီးမှ ခေါင်းဆောင်များအားလုံး ရောက်ရှိနေကြသဖြင့် ကမ်းခြေတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေခဲ့သည်။
အေးစိမ့်သော ရာသီဥတုသည် လူတိုင်း၏ စိတ်လှုပ်ရှားမှုကို မလျှော့ချနိုင်ခဲ့ပေ။ မီးပုံဘေးတွင် လူတိုင်း ပျော်ရွှင်စွာ သီချင်းဆို၊ ကခုန်နေကြသည်။
ထို့အပြင် ယခုတစ်ခေါက်တွင် နိုင်ငံခြားသား ခရီးသွားအချို့ပါ ရောက်ရှိနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပို၍ပင် သက်ဝင်လှုပ်ရှားနေ၏။ သူတို့သည် သိပ်မကျွမ်းကျင်လှသော သူတို့၏ အနုပညာအရည်အချင်းများကို မတွန့်ဆုတ်ဘဲ ထုတ်ဖော်ပြသကြရာ လူတိုင်းကို ရယ်မောပျော်ရွှင်စေခဲ့သည်။
မူလက အပန်းဖြေရန် ရောက်ရှိလာကြသော ထိုခရီးသွားများသည် သန်းခေါင်ယံအချိန်တွင် ကစားချိန်ကုန်ဆုံးပြီး မိမိတို့နေရာသို့ ပြန်လည်၍ တည်နေရာကူးပြောင်းရမည်ဖြစ်သည်။
သို့သော် ယနေ့တွင် ရှောင်းယီသည် ဒူခန်းကို သတိပေးခိုင်းခြင်း မပြုတော့ဘဲ ပြောလိုက်၏။
“လူတိုင်းရဲ့ အပျော်ကို မဖျက်စီးပစ်လိုက်နဲ့ဦး။ သူတို့ မောသွားတဲ့အခါမှပဲ ပြန်ကြပါစေ။”
ဒူခန်းက ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်းယီသည် အနားယူရန် ပြန်သွားခဲ့သော်လည်း အပန်းဖြေစခန်းမှာမူ ဆက်လက် စည်ကားနေဆဲပင်။
နောက်တစ်နေ့ နံနက်တွင် ရှောင်းယီ နိုးလာသောအခါ သူ့ကို အံ့အားသင့်သွားစေသည့် အကြောင်းကြားသံတစ်ခုကို ကြားလိုက်ရလေသည်။
“နှစ်ဆအခြေအနေစတင်ပါပြီ။ အကျိုးသက်ရောက်မှုမှာ တစ်ရက် ဖြစ်သည်။”
လွန်ခဲ့သော ရက်အနည်းငယ်ကမှ တစ်ခါဖြစ်ထားသည်ကို ယခု ဤမျှမြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရှောင်းယီသည် တွေဝေမနေဘဲ ချက်ချင်း လက်မှတ်ထိုးဝင်လိုက်၏။
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- [အဆောက်အအုံ အမျိုးအစား အဆင့်မြှင့်တင်ရေးကတ်] ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်း- [အဆောက်အအုံ အမျိုးအစား အဆင့်မြှင့်တင်ရေးကတ်] ၂။”
အဆောက်အအုံ အမျိုးအစား အဆင့်မြှင့်တင်ရေးကတ်: အဆောက်အအုံတစ်ခုကို အမြင့်ဆုံးအဆင့်အထိ တစ်ဆင့် မြှင့်တင်ပေးနိုင်သည်။
“မဆိုးဘူး။ တကယ့်ကို မဆိုးဘူး။”
ရှောင်းယီ စိတ်လှုပ်ရှားသွား၏။ ကတ်တစ်ကတ်တည်းသာ ရရှိပါက အပန်းဖြေစခန်းကို ပေးရမလား၊ နျူကလီးယားဓာတ်အားပေးစက်ရုံကို ပေးရမလား ဝေခွဲမရ ဖြစ်နေပေလိမ့်မည်။
အမှန်စင်စစ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ယခုအချိန်တွင် အလတ်စားအဆင့်သာ ရှိသေးပြီး အကြီးစားအဆင့်သို့ ထပ်မံတိုးမြှင့်နိုင်၏။ လျှပ်စစ်မီး၏ အရေးပါမှုကိုမူ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။
ထို့ပြင် အပန်းဖြေစခန်းသည်လည်း ရှောင်းယီအတွက် ရေရှည်အုတ်မြစ်ကျောက်ရရှိစေသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ နေ့စဉ်လာရောက် အပန်းဖြေကြသော ခရီးသွားများသည် အုတ်မြစ်ကျောက်အချို့ကို အသုံးပြုကြရာ ရေရှည်တွင် ထိုပမာဏမှာ အလွန်ပင် အထင်ကြီးလောက်စရာ ဖြစ်လာပေလိမ့်မည်။
ထို့ထက်ပို၍ အပန်းဖြေစခန်းတွင် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စိတ်ခံစားချက်ကို ကြည်လင်လန်းဆန်းစေသည့် ထူးခြားသောအာနိသင်လည်း ရှိသေး၏။ ဥပမာအားဖြင့် ကျန်းယွီကဲ့သို့ အရင်က ရန်လိုမုန်းတီးမှု အလွန်ပြင်းထန်ခဲ့သူပင်လျှင် အပန်းဖြေစခန်းတွင် တစ်ရက်မျှ အနားယူပြီးနောက် ထိုစိတ်အခြေအနေများမှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်။
ယခုမူ နှစ်ကတ် ရှိနေပြီဖြစ်ရာ ရှောင်းယီ တွေးတောမနေတော့ပေ။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားလိုက်ပြီး ပထမဆုံးအနေဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံကို အဆင့်မြှင့်လိုက်သည်။
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။ ရရှိသော အဆောက်အအုံ- 【အကြီးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ】 (SSS အဆင့်) ၁။”
ရှောင်းယီသည် ကျွန်း၏မြို့ရိုးအတွင်း၌ နေရာအလုံအလောက် ချန်ထားခဲ့သဖြင့် နေရာအခက်အခဲ မရှိပေ။
ရှောင်းယီသည် အပန်းဖြေစခန်းကို အဆင့်မမြှင့်တင်မီ လူရှင်းအောင် အရင်လုပ်ရန် စီစဉ်လိုက်၏။
ထို့နောက် ရှောင်းယီသည် အန်းယွဲ့နှင့် အခြားသူများထံသို့ ဦးစွာ မက်ဆေ့ချ်ပို့လိုက်သည်။
“ဒီနေ့ရသမျှ ပစ္စည်းတွေကို ကျုပ်ကိုယ်တိုင် ရိတ်သိမ်းမယ်။”
ထိုတိုတောင်းသော စကားလုံးရှစ်လုံးတည်းဖြင့်ပင် အန်းယွဲ့နှင့် အခြားသူများမှာ သူဆိုလိုသည်ကို နားလည်သွားခဲ့ကြသည်။
“လက်ခံရရှိပါပြီ “
လူတိုင်းက ပြန်လည်ဖြေကြားလိုက်ကြ၏။
“နောက်ပြီးတော့ ဒီနေ့လာတဲ့ ခရီးသွားတွေကို လောလောဆယ် ပြန်မပို့သေးနဲ့ဦး။ အပန်းဖြေစခန်းကို အဆင့်မြှင့်တင်တော့မှာမလို့ ကြိုတင်ဖြတ်ထားတဲ့ လက်မှတ်အားလုံးကို တစ်ရက် နောက်ဆုတ်လိုက်မယ်လို့ သူတို့ကို ရှင်းပြလိုက်ပါ။”
ရှောင်းယီက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်ပြန်သည်။
“ဟုတ်ကဲ့။”
ဆုဝမ် က ပြန်ဖြေလိုက်သည်။ သူမသည် လက်ရှိတွင် ပြည်ပခရီးသွားလာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်အဝဝကို တာဝန်ယူထားသူဖြစ်၏။
ရှောင်းယီသည် အပြင်သို့ ထွက်လာပြီး အဆင့်မြှင့်တင်ထားသည့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဦးစွာကြည့်လိုက်သည်။ ၎င်းနေရာယူထားသည့် ဧရိယာမှာ အနည်းငယ်မျှသာ ပို၍ကျယ်ဝန်းသွားသည်။
“အကြီးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ (SSS အဆင့်): အလွန်သန့်ရှင်းပြီး ဘေးကင်းသော ဓာတ်အားပေးစက်ရုံ ဖြစ်သည်။ လူဦးရေ ၁ ဘီလီယံအောက်ရှိသော ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုလုံး၏ လျှပ်စစ်လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်သည်။”
ထိုဖော်ပြချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့သြသွားခဲ့သည်။ ဤဓာတ်အားပေးစက်ရုံတစ်ခုတည်းဖြင့် ယခင်ကမ္ဘာက အချမ်းသာဆုံးနိုင်ငံ၏လျှပ်စစ်လိုအပ်ချက်ကိုပင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ဤသည်မှာ ယခင်ကဆိုလျှင် လုံးဝကို မဖြစ်နိုင်သော အရာပင်ဖြစ်သည်။ မည်မျှပင် ကြီးမားသော နျူကလီးယားဓာတ်အားပေးစက်ရုံ ဖြစ်ပါစေ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိခဲ့ဖူးချေ။ သို့သော် ရှောင်းယီ၏ ရှေ့မှောက်ရှိ ဤစက်ရုံမှာမူ ထိုကဲ့သို့သော အံ့ဖွယ်စွမ်းဆောင်မှုကို လက်တွေ့ပြသနေသဖြင့် အမှန်တကယ်ပင် တုန်လှုပ်အံ့သြဖွယ် ကောင်းလှ၏။
“အခု လျှပ်စစ်ကိစ္စအတွက် လုံးဝစိတ်ပူစရာ မလိုတော့ဘူး။”
သူက တွေးလိုက်သည်။
“လျှပ်စစ်ဓာတ်အား ပြဿနာနဲ့ ပတ်သက်လို့တော့ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူးပဲ။”
ရှောင်းယီ မိမိဘာသာ တွေးလိုက်မိလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်ရောက်သောအခါ နံနက် ခုနစ်နာရီ ထိုးနေပြီဖြစ်သည်။
“ဒူခန်း အပန်းဖြေစခန်းကို လူရှင်းလိုက်တော့။ ဘယ်သူ့ကိုမှ စခန်းထဲမှာ နေခွင့်မပြုနဲ့။ လူတိုင်းရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုပါ တစ်ခါတည်း ယူသွားခိုင်းလိုက်။”
ရှောင်းယီ ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့ပါ။”
ဒူခန်းက ပြန်လည်ဖြေကြားရင်း မေးလိုက်သည်။
“ဘားထဲမှာ ဝိုင်တွေ အများကြီး ကျန်နေသေးတယ်။ အဲဒါတွေကိုရော အကုန်လုံး အပြင်ကို ရွှေ့ထုတ်လိုက်ရမလား။”
“ဘေးကင်းဖို့အတွက် အကုန်ရွှေ့ထုတ်လိုက်တာ အကောင်းဆုံးပဲ။ ဦးလေးအန်း... ကူညီပေးဖို့ လူအချို့ စီစဉ်ပေးပါဦး။ မိနစ်လေးဆယ်အတွင်းမှာ ပစ္စည်းတွေရွှေ့တာနဲ့ လူတွေအားလုံး ထွက်ခွာတာကို အပြီးသတ်နိုင်အောင်လုပ်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်၏။
က လင် လင်
အပန်းဖြေစခန်းတစ်ခုလုံးရှိ အခန်းတိုင်းမှ ဖုန်းသံများ တပြိုင်နက်တည်း မြည်ဟီးသွားတော့သည်။
စောင်ပုံထဲမှ လက်တစ်ဖက် ထွက်လာကာ စမ်းတဝါးဝါးဖြင့် နောက်ဆုံးတွင် ဖုန်းကို ရှာဖွေတွေ့ရှိသွား၏။
“ဟယ်လို”
စွန်းကုထောက်သည် မျက်စိပင် မပွင့်သေးဘဲ ဖုန်းကို နားမှာကပ်၍ ထူးလိုက်သည်။
“ကျွန်းပိုင်ရှင်ရဲ့ အမိန့်အရ လူတိုင်း အခုချက်ချင်း အပန်းဖြေစခန်းကနေ ထွက်ခွာပေးရပါမယ်။ ကိုယ့်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို တစ်ပါတည်း ယူဆောင်သွားပေးကြပါ။”
စွန်းကုထောင် ချက်ချင်းပင် အိပ်ချင်စိတ်များ ပြေပျောက်သွား၏။ သူက မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။”
“အပြင်ရောက်ရင် သိရပါလိမ့်မယ်။”
“ဟုတ်ကဲ့ အခုချက်ချင်း ထွက်ခဲ့ပါ့မယ်။”
စွန်းကုထောင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးသည် အခန်းတိုင်းတွင် ဖြစ်ပျက်နေ၏။ လူတိုင်းသည် မနေ့ညက မနက်အစောကြီး သုံးနာရီ၊ လေးနာရီတိုင်အောင် အပျော်လွန်ခဲ့ကြသဖြင့် အနားယူချိန် အလွန်နည်းပါးခဲ့ကြသူများဖြစ်သည်။