မုန်တိုင်းမလာခင် လေပြင်းများ
Vol. 21 Ch. 279
စုမင် ပိုင်စုကိုလှမ်းကြည့်လိုက်ချိန်တွင် ပိုင်စုကလည်း စုမင်အား ပြန်ကြည့်နေခဲ့သည်။ ထိုနံနက်ခင်းတွင် သူတို့နှစ်ဦးသားသည် စုမင်၏လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ပေါ်၌ရပ်လျက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ငေးကြည့်နေမိခဲ့ကြသည်။
စုမင်သည် ညှို့ယူခံလိုက်ရပြီး ခဏတာစိတ်ရှုပ်ထွေးသွားသည်ကို မြင်လိုက်ရသော်ငြား ပိုင်စုစိတ်ထဲတွင် ဝမ်းသာကျေနပ်သည်ဟု မခံစားရတော့ပေ။ သူမစိတ်ထဲ၌ ပြောမပြတတ်သည့်ခံစားချက်တစ်ခုသာ ရှိနေခဲ့သည်။
သူမအိပ်မက်က... အစစ်အမှန်ဖြစ်နေနိုင်ကြောင်း သူမသိနေခဲ့၏။
အိပ်မက်ထဲမှ အားနည်းထိခိုက်လွယ်ပုံပေါ်သော ကောင်လေးသည် သူမအရှေ့မှ စုမင်နှင့် တစ်ဖြည်းဖြည်းတူညီလာခဲ့သည်။
စုမင် ပိုင်စုကို ကြည့်လိုက်ပြီး သူမအရှေ့တည့်တည့်ရောက်သည်အထိ လျှောက်သွားလိုက်သည်။ ထိုရင်းနှီးနေသော မျက်နှာလေးကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေပြီးနောက် လက်မြှောက်ကာ သူမညာလက်ကိုဆွဲယူပြီး ငုံ့ကြည့်လိုက်မိ၏။
ဤအရာသည် ပိုင်စုအသားကို သူပထမဆုံးအကြိမ် ထိဖူးခြင်းဖြစ်သည်။ သူမ တုန်လှုပ်သွားပြီး အလိုလိုရုန်းကန်လိုက်မိသော်လည်း စုမင်၏ဆုပ်ကိုင်ထားမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
အချိန်အများစုတွင် စုမင်သည် ပိုင်လင်း၏မျက်နှာလေးနှင့် တစ်ထေရာတည်းတူသည့် ပိုင်စု၏မျက်နှာကိုသာ သတိထားမိခြင်းဖြစ်သည်။ ယခုအချိန်မတိုင်ခင်အထိ သူမ၏အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို သတိထားကြည့်ရှုမိခဲ့ခြင်း မရှိပေ။ ပိုင်စု၏ ညာလက်သန်းလေးကို သူသေချာကြည့်လိုက်သည်။ ထိုအရာလေးက ပုလဲသဖွယ် ဖြူဝင်းနေသော်လည်း ဆန့်ဆန့်ဖြောင့်ထား၍ မရသည့်အလား ကွေးလို့နေသည်။
(တောင်းပန်စာ- အရင်အပိုင်းမှာ ခန္ဓာကိုယ်ညာဘက်ခြမ်းလို့ မှားရေးခဲ့မိလို့ အမှန်တော့ ညာလက်သန်းပါ။ ညာလက်သန်းက အသားတွေအေးခဲပြီး အစိမ်းရောင်သန်းသွားတယ်ဆိုတာပါ)
စုမင်၏ဆုပ်ကိုင်ထားမှုမှ လွတ်သွားသည်နှင့် ပိုင်စုနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး နှလုံးသားအတွင်းမှ ရောထွေးနေသော ခံစားချက်များဖြင့် စုမင်ကိုကြည့်လိုက်မိသည်။
“ရှင်... ရှင် မြင်ခဲ့တာလား”
စုမင် ခေါင်းညိတ်ပြလိုက်သည်။
ပိုင်စု ခဏတာငြိမ်သက်နေပြီးမှ မေးလိုက်သည်။ “ဘာကြောင့် အဲဒါဖြစ်သွားရတာလဲ”
သူမခေါင်းမော့လာသောအခါ စိတ်ရှုပ်ထွေးနေသော အမူအယာက ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထိုလက်ချောင်းသည် သူမ၏လျှို့ဝှက်ချက်ဖြစ်ပြီး ထိုအကြောင်းကို ဘယ်သူမှမသိစေချင်ခဲ့ပေ။ ထိုအရာသည် သူမ၏အထိခိုက်လွယ်ဆုံး အစိတ်အပိုင်းဖြစ်ပြီး ထိုအကြောင်း စစ်မာရှင်းကိုပင် မပြောပြခဲ့ဖူးပေ။
“ငါလေ့ကျင့်နေတာကို မင်းမနှောက်ယှက်ခဲ့သင့်ဘူး...”
စုမင် ခေါင်းခါယမ်းလိုက်ပြီး ပိုင်စုကိုဖြတ်လျှောက်ကာ လှိုဏ်ဂူအပြင်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ပုံဆွဲခြင်းကို ဆက်လက်ပြုလုပ်ရန် ပုံဆွဲကားချပ်ကို ထုတ်ယူလိုက်သည်။
ပိုင်စုသည် ထိုအတိုင်း အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီးမှ ပထမဆုံးအကြိမ်အဖြစ် တိတ်ဆိတ်စွာလှည့်ထွက်လာခဲ့မိ၏။ ဆူညံခြင်းများ ပြုလုပ်ခြင်းမရှိ၊ သူမကိုယ်သူမ ဂုဏ်ယူနေခြင်းမရှိ၊ ဒေါသအရိပ်အယောင်များ မရှိပဲ နှလုံးသားအတွင်းမှ ရှုပ်ထွေးနေသော ခံစားချက်များဖြင့်သာ နဝမတောင်ထွတ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ပိုင်စုထွက်ခွာသွားသောအခါ သူမထွက်ခွာသွားရာ အရပ်ဆီသို့ စုမင်ခေါင်းမော့ကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။
‘အဲဒါက မင်းရဲ့ကံကြမ္မာဖြစ်သလို ငါ့ရဲ့ဖန်တီးမှုဆိုလည်း ဟုတ်တယ်... အဲဒါက မင်းရွေးချယ်ခဲ့တဲ့ လမ်းပဲ။ ငါမင်းကို အဲလိုလုပ်ဖို့ အတင်းအကြပ် တွန်းအားပေးခဲ့တာမဟုတ်ဘူး... မင်းကိုယ်မင်း ဘယ်သူဆိုတာ မပြောနိုင်တော့တဲ့အချိန်ကျရင်၊ စစ်မာရှင်း ရှုံးသွားလိမ့်မယ်’
မည်သူမှ သတိမပြုမိပဲ အချိန်များက ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးလကုန်ဆုံးသွားပြန်သည်။
ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲမစခင် အချိန်ခြောက်လတောင် မကျန်တော့ပေ။ ထိုခြောက်လအတောအတွင်း အေးခဲကောင်းကင်ကလန်အတွင်းမှ ပိုမိုများပြားသော လူများသည် သူတို့၏နောက်ဆုံး တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြပြီး သူတို့၏နောက်ဆုံး ပြင်ဆင်မှုများကို စတင်ပြုလုပ်ခဲ့ကြသည်။ ရံဖန်ရံခါတွင် အေးခဲကောင်းကင်ကလန်၏ အချို့တပည့်များသည် ကျောင်းတော်နှင့်သိပ်မဝေးသော အေးခဲကောင်းကင်မျိုးနွယ်စုကြီး၏ နယ်နိမိတ်ထဲတွင်ရှိသည့် လက်အောက်ခံမျိုးနွယ်စုများဆီသို့ အတူတကွခရီးထွက်သွားခဲ့ကြသည်။
ထိုနေရာတွင် ရင်ပြင်များစွာရှိသဖြင့် တပည့်များအနေဖြင့် ၎င်းတို့အတွက် လိုအပ်သည်များကို ဝယ်ယူနိုင်ပေသည်။
အချို့ဆိုလျှင် ထိုရင်ပြင်များတွင်ရောင်းချရန် တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ အခြားဒေသများအတွက် ထူးခြားသောအရာများကိုပင် ယူဆောင်သွားကြသည်။
ဆယ်စုနှစ်တစ်စုလျှင် တစ်ကြိမ်ဖြစ်ပွားသော ကောင်းကင်မြူခိုးတိုက်ပွဲအတွက်လည်း ကုန်သွယ်ရေးရင်ပြင်အသစ်များ ဖြစ်ပေါ်လာလေ့ရှိသည်။ ၎င်းတို့ကို အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး တစ်ခုတည်းကသာ ဖွဲ့စည်းပြုလုပ်ထားခြင်းမဟုတ်ပဲ အခြားအပြင်လူများလည်း ပါဝင်ပေသည်။
ရာစုနှစ်တစ်စုလျှင် တစ်ကြိမ်သာဖြစ်ပွားသော ကောင်းကင်မြူခိုးတိုက်ပွဲကြီးအတွက်တော့ ဤအရာက ပိုမို၍ပင်အရေးပါချေသည်။ ထို့ကြောင့်ပင် ဤအချိန်အတောအတွင်း၌ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးတွင် မယုံနိုင်လောက်အောင် သက်ဝင်လှုပ်ရှားသော နေရာနှစ်ခုရှိနေသည်။ တစ်ခုသည် အနောက်ပိုင်းပင်လယ်ကလန်အပြင်မှ ကုန်သွယ်ရေးရင်ပြင်ဖြစ်ပြီး အခြားတစ်ခုကတော့ အေးခဲကောင်းကင်ကလန်အပြင်မှ ကုန်သွယ်ရေးရင်ပြင်ဖြစ်သည်။
တစ်ဖြည်းဖြည်းနှင့် နေ့တိုင်းလိုလိုပင် အေးခဲကောင်းကင်ကလန်မှ တပည့်များသည် သူတို့လိုအပ်သောပစ္စည်းများကိုရရန် ထိုကုန်သွယ်ရေးရင်ပြင်များဆီ သွားလာကြသည်။ သွားလာသည့်လူဦးရေ ပိုမိုတိုးများလာပါက ရံဖန်ရံခါတွင် လေလံပွဲများလည်း ကျင်းပပေလိမ့်မည်။ ထိုလေလံပွဲများအတွင်း ထုတ်ယူလာမည့်ပစ္စည်းများသည်
များသောအားဖြင့်တော့ လူအများ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်လိမ့်မှာ ဖြစ်သည်။
လွန်ခဲ့သော သုံးလတာကာလအတွင်း ပျံသန်းလာသော ရွှေရောင်ငှက်ကြီး၏ အပြုအမူများကို ပုံတူကူးခြင်းအပြင် သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအထိ သူ့ခန္ဓာကိုယ်ပေါ် အလေးချိန်များတင်၍ ခန္ဓာကိုယ်အား လေ့ကျင့်ခြင်းကိုလည်း စုမင်လုပ်ဆောင်ခဲ့သည်။ ယခုတော့ သူ့ခြေထောက်များပေါ်တွင် ရေခဲကွင်းရှစ်ခု ရှိနေခဲ့ချေပြီ။
ရေခဲကွင်းရှစ်ခုကို စုမင်၏ဝတ်ရုံများအောက်တွင် ဖုံးကွယ်ထားပြီး ထိုအကြောင်းကို သူနှင့်ကျီချဲမှလွဲ၍ အခြားဘယ်သူမှမသိပေ။ လေကဲ့သို့ စုမင်လမ်းလျှောက်နေသည်ကို နောက်မှစောင့်ကြည့်နေခဲ့ရသည့် အချိန်တိုင်းတွင် ကျီချဲ တုန်လှုပ်သွားရမြဲ ဖြစ်သည်။ ထိုကွင်းရှစ်ကွင်းက မည်မျှလေးလံကြောင်း သူသိ၏။ ၎င်းတို့က တောင်ကုန်းများသဖွယ် လေးလံပြီး ထိုအလေးချိန်အောက်တွင် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ရန်ပင် စုမင်များစွာအားထုတ်ရပေလိမ့်မည်။
ရေခဲကွင်းများ ဝတ်ဆင်ခဲ့ပြီးချိန်မှစ၍ စုမင်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျီချဲမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်ဟု ပြောဆိုနိုင်ပေသည်။ စုမင်သည် အေးအေးဆေးဆေး စတင်ခဲ့သော်လည်း ခြေထောက်တစ်ဖက်စီတိုင်းသို့ ရေခဲကွင်းများပိုထည့်လိုက်သည့် အချိန်တိုင်းတွင် ရှေ့သို့ ခြေတစ်လှမ်းပင်မလှမ်းနိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး တစ်နေ့တာလုံးမတ်တပ်ရပ်နေပြီးမှသာ ထိုအရာနှင့် အသားကျသွားပေလိမ့်မည်။
ခြေထောက်တစ်ဖက်စီတိုင်းတွင် ရေခဲကွင်းသုံးခုစီနှင့် လွယ်လွယ်ကူကူ လမ်းလျှောက်နိုင်သွားသောအခါ စတုတ္ထမြောက်ကွင်းကို ထပ်ပေါင်းထည့်ခဲ့ပြီး ထိုအလေးချိန်အသစ်နှင့် အသားကျရန် နောက်တစ်ကြိမ် စတင်လေ့ကျင့်ပြန်သည်။ တစ်ဖြည်းဖြည်းနှင့် ထိုရေခဲကွင်းလေးခုစီသည် စုမင်ခြေထောက်များပေါ်တွင် မည်သည့်အလေးချိန်မှ ရှိနေသည်ဟု မခံစားရတော့ပေ။ သူလမ်းလျှောက်သည်ဖြစ်စေ၊ ပျံသန်းသည်ဖြစ်စေ အရေးမပါတော့ပေ။ ၎င်းတို့ကို သူ့ပုံမှန်အမြန်နှုန်းဖြင့်သာ လုပ်ဆောင်နိုင်သွားခဲ့ချေပြီ။
သို့သော် စုမင်ထိုသို့လုပ်နိုင်ရန် များစွာအားစိုက်ထုတ်ခဲ့ရကြောင်း ကျီချဲတစ်ဦးတည်းသာ သိ၏။ ဤသုံးလအတောအတွင်းတွင် သူမအိပ်ခဲ့ပေ။
ပုံတူကူးခြင်းနှင့် သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် အနက်ရောင်မြူခိုးများ ဝန်းရံလာပြီး စစ်နတ်ဘုရားချပ်ဝတ် ပုံပေါ်လာခြင်းတို့အပြင် ကျန်ရှိနေသည့် အချိန်များအားလုးံကို ထပ်ပေါင်းအလေးချိန်များနှင့် အသားတကျဖြစ်စေရန် အသုံးချခဲ့သည်။
ဤသုံးလတာကာလအတွင်း စုမင်၏ စစ်နတ်ဘုရားချပ်ဝတ်သည် မကြာခဏဆိုသလို ပေါ်လာလေ့ရှိသည်။ တစ်ခါတစ်ရံတွင် မြူခိုးများသည် စုဝေးသွားပြီး ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသော်လည်း အခြားအချိန်များတွင်တော့ စုမင်ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားကြသည်။ အနက်ရောင်မြူခိုးများမှတစ်ဆင့် ချပ်ဝတ်အဖြစ် ပေါ်လာချိန်တိုင်းတွင် သူ၏နတ်ဘုရားစိတ်အာရုံနှင့် ကောင်းမွန်စွာထိန်းချုပ်မှုတို့အား အာရုံစူးစိုက်၍ အသုံးပြုပြီး ချပ်ဝတ်အတွင်း ပေါင်းစပ်မှုများ ပြုလုပ်လေ့ရှိသည်။
ဤပေါင်းစပ်မှုများသည် လွန်ခဲ့သောနှစ်လာခန့်က သူ့ထံသို့ ဟူကျီပို့ပေးခဲ့သည့် ဒါဇင်ပေါင်းများစွာသော အစီအရင်များအတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် အစီအရင်များအတွင်းမှ ပုံစံပြောင်းလဲမှုများကြောင့် ပြောင်းလဲမှုများလည်း ပြုလုပ်ခဲ့ရသည်။ ဤအရာသည် စုမင်ထံတွင်ရှိနေခဲ့သည့် ရယ်စရာကောင်းသောအတွေးပင် ဖြစ်သည်။
သူ့ကိုယ်သူကာကွယ်နိုင်မည့် နည်းလမ်းများကို တိုးမြင့်၍မရပါက ၎င်းတို့ကို သူကိုယ်တိုင်ဖန်တီးရပေလိမ့်မည်။ အကောင်းဆုံးနည်းလမ်းကတော့ သူရုပ်နယ်လွန်ချိန်က ရရှိခဲ့သော အနက်ရောင်မြူခိုးများကို ထိန်းချုပ်ရန်ဖြစ်သည်။ အနက်ရောင်မြူခိုးများ ချပ်ဝတ်အဖြစ် ပုံပေါ်နေစဉ်တွင် ၎င်းကိုအမျိုးမျိုးသော အစီအရင်များအဖြစ် ပြောင်းလဲပစ်ရန်ပင်။
သီအိုရီအရ ထိုအရာကရိုးရှင်းသော်လည်း အမှန်တစ်ကယ်လုပ်ဆောင်ချိန်တွင်တော့ ခက်ခဲလှသည်။
အစီအရင်များနှင့်ပက်သက်ပြီး စုမင်ဘာမှမသိခဲ့သဖြင့် ၎င်းအစီအရင်များကို အနက်ရောင်မြူများဖြင့် အမှားမရှိပြုလုပ်နိုင်ရန် ခက်ခဲပေသည်။
ထို့အပြင် ဟူကျီသည်လည်း ဤနယ်ပယ်တွင် သူ၏ပင်ကိုယ်စွမ်းရည်ကိုသာ အားကိုးခဲ့ခြင်းဖြစ်၍ စုမင်အား သဘောတရားများကို ရှင်းမပြနိုင်ခဲ့ပေ။ ထို့ကြောင့် အရာအားလုံးကို နားလည်သဘောပေါက်ရန်အတွက် စုမင်မိမိကိုယ်ကိုသာ အားကိုးခဲ့ရသည်။ ကံကောင်းထောက်မ၍ သူ့ရုပ်ပုံဖန်တီးမှုကြောင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပုံတူကူးနိုင်သဖြင့်သာ အချိန်များစွာ အကုန်ခံပြီးနောက် အကြိမ်ဒါဇင်ခန့် ကြိုးစားပြီးချိန်တွင်တော့ အနက်ရောင်မြူခိုးများ ချပ်ဝတ်အဖြစ်ပြောင်းလဲသွားချိန်တွင် အစီအရင်တစ်ခု ပေါ်လာစေရန် သူလုပ်ဆောင်နိုင်ခဲ့လေသည်။
သို့သော် ဤအစီအရင်သည် အစီအရင်များအားလုံး၏ အခြေခံအကျဆုံးမဟုတ်ရုံသာမက ၎င်းအတွင်းမှ ပြောင်းလဲမှုများသည်လည်း အကန့်အသတ်ရှိချေသည်။ ၎င်းသည် အကြိမ်အနည်းငယ်ခန့် ပုံစံ ပြောင်းလဲပြီးသွားချိန်တွင်တော့ စုမင်ထိုအရာကိုမထိန်းချုပ်နိုင်တော့ပေ။ သူ ထိုအရာကိုလုပ်ဆောင်နိုင်ရန် ပိုမိုတိကျသော ကောင်းမွန်စွာထိန်းချုပ်နိုင်မှုနှင့် ပိုသန်မာသော နတ်ဘုရားစိတ်အာရုံတို့ကို လိုအပ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ၊ စုမင်အရှုံးမပေးခဲ့ပေ။ ထိုအကြိမ်များစွာ ကြိုးစားခဲ့မှုအတွင်း တစ်ကြိမ်သာအောင်မြင်ခဲ့ပြီး ထိုအောင်မြင်မှုသည် ပြီးပြည့်စုံခြင်းမရှိသော်လည်း ထိုအချိန်က ပုံရိပ်ယောင်စစ်နတ်ဘုရားချပ်ဝတ်၏ ခုခံကာကွယ်နိုင်စွမ်းသည် များစွာတိုးတက်သွားခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ထိုအရာက သူ့အတွက် လမ်းညွှန်ချက်တစ်ခုပင် ဖြစ်သည်။ သူသာ ၎င်းကိုအပြည့်အဝထိန်းချုပ်နိုင်မည့် နေ့သို့ရောက်လျှင် သူ၏စစ်နတ်ဘုရားချပ်ဝတ်သည် ရုပ်ဝတ္ထုကိုယ်ထည်မရှိပဲ ပုံရိပ်ယောင်သက်သက်ဆိုလျှင်တောင် ၎င်း၏ခုခံကာကွယ်နိုင်မှုက မယုံနိုင်လောက်အောင် အစွမ်းထက်သွားပေလိမ့်မည်။
ဤသုံးလအတွင်းတွင် စုမင် အဆက်မပြတ်လေ့ကျင့်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် လေ့ကျင့်ခြင်းများအပြင် ထိုသုံးလအတောအတွင်း ပိုင်စုသည်လည်း နေ့တိုင်းလိုလို ရောက်လာခဲ့သည်။
သူမမျက်လုံးများအတွင်းမှ စိတ်ရှုပ်ထွေးနေဟန် အမူအယာသည် အစပိုင်းရက်အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။ လတစ်ဝက်ခန့်ကုန်သွားပြီးသည်နှင့် သူမထံသို့ အတွေးများပြန်ဝင်လာပြီး အကျိုးအကြောင်းမသင့် ခေါင်းမာသည့် သူမအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ သူမသည် ထိုအသွင်အပြင်အတိုင်းသာနေထိုင်နေပြီး စုမင်၏လှိုဏ်ဂူအပြင်ဘက်တွင် နေ့တိုင်းလိုလို ဆူညံနေလေ့ရှိသည်။
“စုမင်၊ ရှင်ဘာပုံဆွဲနေတာလဲ။ ရှင်ဆွဲတာကို စောင့်ကြည့်နေတာ လပေါင်းများစွာကြာပြီ။ ဘာပုံမှလည်း ပေါ်မလာဘူး”
“စုမင်၊ ကြည့်လိုက် ဒါကတူတယ်မလား။ ကျွန်မ တောင်တစ်လုံးပုံ ဆွဲခဲ့တယ်”
“စုမင်၊ ရှင် ခေါင်းလေးမော့ပြီး ကျွန်မနဲ့ စကားပြောပေးလို့ မရဘူးလား။ ရှင်က အ နေသလိုပဲဆိုတာ အရင်က ဘယ်သူမှမပြောဖူးဘူးလား”
နဝမတောင်ထွတ် အထက်ရှိကောင်းကင်ဆီမှ နှင်းများဝေ့ဝဲကျဆင်းနေသည်။ ပိုင်စုသည် စုမင်ဘေးတွင်ထိုင်၍ သူ့အား ဒေါသတကြီး ငေးစိုက်ကြည့်နေ၏။ သူမလက်များထဲတွင် အနက်ရောင်မီးသွေးအပိုင်းအစတစ်ခုနှင့် စုမင်လက်ထဲမှ ပုံဆွဲကားချပ်နှင့် တစ်ထပ်တည်းတူသည့် ပုံဆွဲကားချပ်တစ်ခု ရှိနေခဲ့သည်။ သူမ အကြိမ်အနည်းငယ်ခန့် ထိုအရာပေါ်တွင် ဒေါသတကြီးဆွဲသားခဲ့ဖူးသည်။
စုမင်က ပါးစပ်မဟသလို မည်သည့်စကားမှလည်း ပြန်မပြောခဲ့ပေ။ မျက်လုံးများကိုမှိတ်လျက် တင်ပလ္လင်ခွေထိုင်နေမြဲပင်ဖြစ်သည်။ အနက်ရောင်မြူခိုးများသည် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ထူးဆန်းသောပုံစံများအဖြစ် ပြောင်းလဲနေခဲ့သော်လည်း ၎င်းတို့သည် ပုံစံများကို ဆက်မထိန်းထားနိုင်ပဲ မကြာခင်မှာပင် ပျောက်ကွယ်သွားလေ့ရှိသည်။
စုမင် တုန့်ပြန်မှုမရှိသည်ကို မြင်သောအခါ ပိုင်စုသည် ပုံဆွဲကားချပ်ကို ကောက်ယူလိုက်ပြီး ထိုအရာဖြင့် စုမင်အား ဒေါသတကြီး ပစ်ပေါက်လိုက်သည်။ သို့သော် ပုံဆွဲကားချပ်သည် စုမင်အနီးသို့ရောက်သွားသည့် အခိုက်အတန့်မှာပင် လေထဲ၌ ရပ်တန့်သွားချေသည်။
ပိုင်စု မတ်တပ်ထရပ်လိုက်ပြီး သူမလက်ထဲမှ မီးသွေးခဲနှင့် ပစ်ပေါက်လိုက်ပြန်သည်။
ထိုမီးသွေးခဲသည်လည်း စုမင်အနီးတွင်သာ ရပ်တန့်သွားခဲ့သည်။
ပိုင်စုပုံစံသည် ဤကဲ့သို့အဖြစ်အပျက်မျိုးနှင့် အသားကျနေသကဲ့သို့ပင်။ သူမသည် လုံးဝအံ့သြသွားခြင်းမရှိပဲ စုမင်ထံသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။ သူမ ခြေထောက်ကိုမြှောက်၍ စုမင်ကို ကန်ရန်ပြင်လိုက်သော်လည်း ခြေထောက်များကို ပြန်ချလိုက်ပြီး ယခုထိမျက်လုံးများပိတ်ထားဆဲဖြစ်သော စုမင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ယခင်က သူမ သူ့ကိုကန်ခဲ့ဖူးသော်လည်း အကျိုးဆက်များက ဆိုးရွားလွန်းလှသည်။
သို့သော် စုမင်သည် သူမစကားများကို မကြားသကဲ့သို့ ထိုနေရာတွင်သာ မျက်လုံးပိတ်လျက် ဆက်ထိုင်နေသောအခါ ပိုင်စုတစ်ယောက် သူမဒေါသများကို မထိန်းချုပ်ထားနိုင်တော့ပေ။ အံကြိတ်လိုက်ပြီး စုမင်အားကန်ပစ်ရန် ခြေထောက်ကိုမြှောက်လိုက်သည်။
“ငါ နင့်ကို ကန်ပစ်မယ်။ အ နေတဲ့ အရူးကောင်။ ငါနင့်ကို ကန်ပစ်...”
သူမ ကန်လိုက်သော်လည်း သူမခြေထောက် စုမင်ကို မထိခင်မှာပင် ရုတ်တရက် အလန့်တကြားအော်ဟစ်လိုက်ရချေသည်။ သူမသည် မမြင်ရသောလက်ကြီးတစ်ဖက်ဖြင့် ဖမ်းဆီးခံလိုက်ရသကဲ့သို့ သူမ၏ ပုံဆွဲကားချပ်၊ မီးသွေးခဲတို့နှင့်အတူ... စုမင်ဘေး လေထဲတွင် ဇောက်ထိုးလွင့်မျောသွားတော့သည်။
“စုမင်၊ နင်... နင် မကောင်းတဲ့ လူညစ်” ပိုင်စု စူးရှစွာအော်ဟစ်လိုက်ပြီး သူမမျက်လုံးများအတွင်း ဒေါသများတောက်လောင်လာခဲ့သည်။ သူမခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း လေထဲတွင်သာ ဇောက်ထိုးလွင့်မျောနေဆဲ ဖြစ်သည်။
ဆက်တိုက်အော်ဟစ်နေခဲ့သဖြင့် သူမ မောပန်းလာရသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုင်စု မူးဝေလာပြီး သူမပါးများက နီရဲလာခဲ့သည်။ ထို့ကြောင့် ပါးစပ်ပိတ်နေရန် ဆုံးဖြတ်လိုက်သော်လည်း သူမမျက်လုံးများအတွင်းရှိ ဒေါသတို့ကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ သူမစိတ်ထဲတွင်တော့ စုမင်အားဘယ်လိုဆက်ဆံရမလဲဆိုသည့် နည်းလမ်းများကို တွေးတောနေခဲ့လေသည်။
ထိုအချိန်မှာပင် သူမတို့ဆီသို့ အလင်းတန်းတစ်ခု ချဉ်းကပ်လာပြီး စင်မြင့်ပေါ်အရောက်တွင် ကျီချဲအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျီချဲ စုမင်ဘေးသို့ လျှောက်သွားလိုက်ရာ လေထဲတွင် ဇောက်ထိုးလွင့်မျောနေသည့် ပိုင်စုကိုလည်း တွေ့လိုက်ရ၏။
ကျီချဲက သူမအားကြည့်နေသည်ကို မြင်သောအခါ ပိုင်စု နောက်တစ်ကြိမ် စတင်အော်ဟစ်လိုက်ပြန်သည်။ “ဘာကြည့်နေတာလဲ။ အရမ်းကြည့်လို့ကောင်းနေလို့လား။ အရင်က ဒါမျိုး မမြင်ဖူးဘူးလား”
ကျီချဲက ပိုင်စုစကားများကို လျစ်လျူရှုထားလေသည်။ ဤသုံးလတာကာလအတွင်း သူမ၏ဝုန်းဒိုင်းကြဲမှုများ၊ သူမအပေါ် စုမင်၏ နောက်ဆက်တွဲအပြစ်ပေးမှုများနှင့် ပက်သက်ပြီး ကျီချဲအသားကျနေခဲ့ချေပြီ။
“သခင်၊ ရေခဲတုံးတွေ မရှိတော့ဘူး။ ကျွန်တော် နေရာတော်တော်များများမှာ သွားရှာကြည့်ခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ အေးခဲကောင်းကင်ကလန် နယ်နမိတ်ထဲက ကုန်သွယ်ရေးရင်ပြင်က သက်ဝင်လှုပ်ရှားနေတာ ကြာခဲ့ပြီ။ ဂိုဏ်းထဲက အဖွဲ့ဝင်တော်တော်များများတောင် အဲဒီကိုပုံမှန်သွားနေကြတာဆိုတော့၊ အဲဒီမှာတော့ ရေခဲတုံးတွေရှိလောက်တယ်”
“မင်းနေရာကနေ ရင်ပြင်ဆီသွားဖို့ နဝမတောင်ထွတ်ကနေ ခဏထွက်ခွင့်ပြုပါ”
“ကုန်သွယ်ရေး ရင်ပြင်လား” စုမင် မျက်လုံးများကိုဖွင့်လိုက်သည်။ ပတ်ဝန်းကျင်မှ အနက်ရောင်မြူခိုးများသည် စုမင်ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားကြသည်။
“ကောင်းကင်မြူခိုးတိုက်ပွဲ နီးလာလေလေ၊ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးနဲ့ အေးခဲကောင်းကင်ကလန် နယ်နိမိတ်ထဲမှ အဲဒီလိုရင်ပြင်တွေ အများကြီးပေါ်လာလေလေပါပဲ။ မစိုးရိမ်ပါနဲ့ သခင်၊ ကျွန်တော် လဝက်လောက်ပဲကြာမှာပါ” ကျီချဲ အလျင်အမြန် ပြန်ဖြေပေးလိုက်သည်။
“ဂရုစိုက်ပါ” စုမင် ညင်ညင်သာသာ ပြောဆိုလိုက်သည်။
စစ်နတ်ဘုရားချပ်ဝတ်၏ အနက်ရောင်မြူများအား ထိန်းချုပ်ခြင်းတွင် သဘောပေါက်နားလည်မှုအချို့ ရရှိနေခဲ့ပြီးဖြစ်၍ အပြင်ထွက်ခြင်းဖြင့် သူ့လေ့ကျင့်မှုကို မရပ်တန့်လိုပေ။ စုမင် ခေါင်းညိတ်ပြကာ ညာလက်ကိုမြှောက်၍ ကျီချဲခန္ဓာကိုယ်ကို ထိလိုက်သည်။ ကျီချဲအပေါ်မှ အချုပ်အနှောင်၊ အကန့်အသတ်များကို ယာယီဖြေလျှော့ပေးလိုက်ခြင်း ဖြစ်သည်။
***