← Chapters

မသိမိုက်မဲသော

Vol. 21 Ch. 280

မသိမိုက်မဲသော

Vol. 21 Ch. 280

ကျီချဲ အတန်ငယ်တုန်ရီသွားပြီး မျက်လုံးများကို တစ်ခဏတာခန့် ပိတ်လိုက်မိသည်။ ပြန်ဖွင့်လိုက်သောအခါ သူ့မျက်လုံးများအတွင်း စူးရှသောအလင်းတစ်မျိုးက တောက်ပလို့နေသည်။ အချိန်အကြာကြီးကြာပြီးမှ ပြန်ရရှိလာသော လွတ်လပ်မှုက သူ့အား အသက်ပင် ပြင်းပြင်ရှူရှိုက်မိသွားစေ၏။ စုမင်သည် သူ့အားတည်ငြိမ်စွာကြည့်နေကြောင်း မြင်လိုက်သောအခါ ကျီချဲ အတွေးများကို မြန်မြန်ဆန်ဆန်ပင် ရှင်းအောင်လုပ်လိုက်ပြီး လက်သီးလက်ဝါးထပ်လျက် ဦးညွှတ်လိုက်သည်။

“သခင်...”

“ငါ့ကို ဆရာဦးလေးလို့ပဲခေါ်။ မင်းကို ချိပ်ပိတ်ထားတာကို ဆယ်ရက်ဖြေလျှော့ပေးလိုက်တယ်။ ဆယ်ရက်အတွင်း ပြန်လာရမယ်” ကျီချဲ၏စကားကို စုမင်ဖြတ်ပြောလိုက်သည်။ မည်သည့်အချိန်တည်းက စတင်ခဲ့ခြင်းမှန်းမသိသော်လည်း ကျီချဲသည် သူ့အားပိုင်ရှင်အဖြစ် တစ်ဖြည်းဖြည်း သတ်မှတ်လာနေချေသည်။

စုမင်၏စကားများကိုကြားသောအခါ ကျီချဲ ခဏတာငြိမ်သက်သွားမိသည်။ “ဆရာဦးလေး ကျွန်တော် ဆယ်ရက်တောင် မလိုလောက်ပါဘူး။ သုံးရက်ကနေ ငါးရက်ဆိုလုံလောက်ပါတယ်။ ကျွန်တော် အခုပဲထွက်ခွာတော့မယ်”

ကျီချဲသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ကောင်းကင်သို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် အဝေးသို့ ဦးတည်ပျံသန်းသွားလေသည်။

ကျီချဲထွက်ခွာသွားသောအခါ စုမင်အကြည့်က ဇောက်ထိုးလွင့်မျောနေသော ပိုင်စုထံ ကျရောက်လာသည်။ သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူမခန္ဓာကိုယ်က အတည့် ပြန်လှန်သွားပြီး မြေပြင်ပေါ်ကျဆင်းသွားသည်။ တစ်ချိန်တည်းမှာပင် ပုံဆွဲကားချပ်နှင့် မီးသွေးခဲသည်လည်း ပျံသန်းလာပြီး သူမဘေးတွင် လွင့်မျောနေကြသည်။

“စုမင်၊ ရှင်...”

ပိုင်စုသည် လေထဲတွင် အချိန်ကြာမြင့်စွာ ဇောက်ထိုးလွင့်မျောနေခဲ့ရသော်လည်း အလွန်အမင်းဒေါသထွက်နေဆဲဖြစ်ပြီး သူမပုံစံက ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးသဖွယ် ဖြစ်နေခဲ့သည်။ သူမတွင် သွားဖြဲပြခြင်း၊ လက်သည်းများထုတ်ပြခြင်းတို့ မရှိသော်လည်း သူမပုံစံအမူအယာက ခြင်္သေ့ပေါက်လေးနှင့် အလွန်တူနေခဲ့၏။

“ဆက်ပြီး ဆူဆူညံညံလုပ်နေမယ်ဆိုရင်၊ ငါ ဒီနေ့ မင်းကိုတောင်ပေါ်က နှင်ထုတ်ရလိမ့်မယ်။ ပြီးတော့ ငါဘာဆွဲနေတယ်ဆိုတာလည်း မင်းကိုပြောမပြတော့ဘူး”

စုမင်၏ နှုတ်ခမ်းများထက်တွင် လှောင်ပြောင်နေဟန် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့အသံက မကျယ်သော်လည်း ထိုတစ်ခဏတွင် ပိုင်စု သူ့အား ဒေါသတကြီးစိုက်ကြည့်မိသွားလေသည်။ ထို့နောက် သူမခေါင်းကို ဘေးသို့လှည့်လိုက်ပြီး သူမထံမှ ဟွန့်ဆိုသည့် အသံထွက်ပေါ်လာခဲ့သည်။

ဤသုံးလအတောအတွင်း ပိုင်စု၏အားနည်းချက်များထဲမှတစ်ခုကို စုမင်ရှာတွေ့ခဲ့သည်။ ထိုမိန်းကလေး၏ သိလိုစိတ်သည် သာမန်လူများထက် ပိုများနေပြီး လွန်ခဲ့သောလများတွင် စုမင်ဆွဲသားနေသောအရာအား သူမအမှန်တစ်ကယ် သိချင်နေခဲ့ချေသည်။ ထိုအကြောင်းကို သိသွားသည်နှင့်တစ်ပြိုင်နက် ပိုင်စုနှင့်စကားပြောရာတွင် သူအကြိမ်တော်တော်များများ အနိုင်ရခဲ့လေသည်။

သူမ သူ့အားဆက်မနှေင့်ယှက်တော့ကြောင်း တွေ့လိုက်သောအခါ၊ နတ်ဘုရားချပ်ဝတ်အား အသွင်ပြောင်းလဲရန် ဆက်မကြိုးစားတော့ပဲ ပုံဆွဲကားချပ်ကို ထုတ်ယူလိုက်ပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ရွှေရောင်ငှက်ကြီး၏ ပျံသန်းမှုကို ပုံတူစကူးလိုက်သည်။

အချိန်တို့ကုန်ဆုံးသွားပြီး မကြာမီမှာပင် နေဝင်တော့မည်ဖြစ်ကာ ကောင်းကင်ထက်မှ နောက်ဆုံးအလင်းရောင်ခြည်တန်းတို့သည် လှပသောမြင်ကွင်းတစ်ခုအား ဖန်တီးထားခဲ့သည်။ ထိုအချိန်တွင်တော့ ပိုင်စုတစ်ယောက် သူမ၏ သိလိုစိတ်များကို ချိုးနှိမ်ထားလို့မရတော့မှန်း သူမကိုယ်သူမ သိလိုက်ပြီး စုမင်ဘေးသို့ မျက်မှောင်ကြုတ်လျက် လျှောက်သွားလိုက်သည်။ ထို့နောက် ပုံဆွဲကားချပ်ပေါ်တွင် စုမင်ပုံဆွဲနေသည်ကို စောင့်ကြည့်နေလိုက်သော်လည်း သူမမျက်လုံးထဲတွင်တော့ ထိုအရာက ဗလာဖြစ်နေဆဲပင်။

သူမ ဘယ်လောက်ကြာကြာ စောင့်ကြည့်နေခဲ့ပါစေ၊ ပုံမှန်အတိုင်းပင် သူမ မည်သည့်အရာကိုမှ မမြင်နိုင်ခဲ့ချေ။

‘ဟမ့် သူ့ကိုယ်သူ လျှို့ဝှက်ဆန်းကြယ်တဲ့ လူလိုမျိုး ဟန်ဆောင်နေတာ’

ပိုင်စု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး စုမင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စုမင်သည် သူ့အလုပ်ပေါ်တွင် မယုံနိုင်လောက်အောင်ပင် အာရုံစူးစိုက်ထားပြီး အမည်မဖော်နိုင်သော အကြောင်းအချို့ကြောင့် စုမင်၏ ထိုအာရုံစိုက်နေသော အမူအယာသည် ပိုင်စုအမြင်တွင် သူ့အား ပိုမိုကြောက်စရာကောင်းနေစေသည်။

သို့သော် စုမင်က ကြောက်စရာကောင်းသည်ဟုသာ သူမတွေးနေခြင်းဖြစ်ပြီး လွန်ခဲ့သောလအနည်းငယ်က သူမထံတွင်ရှိနေခဲ့သည့် စုမင်အပေါ် စက်ဆုပ်ရွံရှာမှုများနှင့် အဖက်မတန်သည့် အတွေးများတော့ ရှိမနေတော့ပေ။

သူမထံတွင် ဖြစ်ပျက်သွားခဲ့သည့် ဤအလိုလိုပြောင်းလဲမှုကို ပိုင်စု သတိမပြုမိခဲ့ပါချေ။

နေဝင်ရီတရောအချိန် ကုန်လွန်သွားပြီး ကောင်းကင်က တစ်ဖြည်းဖြည်းမှောင်လာသောအခါ သူမ အကြည့်လွှဲလိုက်ပြီး ဘေးမှနေ၍ ဟန်လုပ်ကာ ချောင်းအနည်းငယ်ဟန့်လိုက်သည်။

“ရှင်ဘာဆွဲနေလဲဆိုတာ ကျွန်မသိသွားပြီ”

“ဒီတော့ ရှင်ကဒါကို ဆွဲနေတာပေါ့။ ဟား...”

“မဆိုးပါဘူး။ လက်ခံလို့တော့ ရပါတယ်။ ဒါပေမယ့် ဒီအပိုင်းက တစ်ခုခုလွဲနေသလိုပဲ”

ပိုင်စုသည် စကားပြောနေရင်း စုမင်၏ ပုံဆွဲကားချပ်ပေါ်မှ နေရာတစ်ခုကို ညာလက်ဖြင့်ညွှန်ပြလိုက်သည်။

“ဒီပုံထဲမှာ တစ်ခုခုလိုနေတယ်။ အဲဒါကြောင့် ပုံတူရဲ့ခံစားချက်တစ်ခုလုံး ပျောက်သွားပြီ... ဒီနေရာက စုတ်ချက်အချို့ကိုပြောင်းလိုက်ရင် ပိုကောင်းသွားလိမ့်မယ်”

“ဒီအပိုင်းကလည်း အမှန်တော့ သိပ်မကောင်းဘူး”

ပိုင်စုသည် စုမင်ဆွဲသားနေသောအရာကို မြင်နေရသည့်ပုံဖြင့် ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးသဖွယ် လမ်းညွှန်ချက်များ စပေးလိုက်သည်။

သို့သော် စုမင်သည် သူမအားမကြားသည့်ပုံဖြင့် သစ်သားတုံးကြီးကဲ့သို့ပင် ဖြစ်သည်။

သူမအား စုမင်ဤကဲ့သို့ လျစ်လျူရှုထားခြင်းနှင့် အနည်းငယ်အသားကျနေပြီ ဆိုသော်ငြား ပိုင်စုဒေါသထွက်မိနေဆဲဖြစ်သည်။ ဤသုံးလတာကာလအတွင်း သူမ၏တစ်ဘဝလုံးစာ ဒေါသများအား အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရသလိုပင် ခံစားနေရလေသည်။ ဤအရာသည် သူမဘဝတွင်တွေ့ရခဲသည့် အရာတစ်ခုဖြစ်သည်။

“ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ မာနကြီးတဲ့လူလိမ်ကောင်။ သူ့ကိုယ်သူ လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတာ။ အဲမှာနားပင်းချင်ယောင်ဆောင်နေလိုက်။ လူလိမ်ကောင်၊ လူညစ်ကောင်” ပိုင်စု ခြေဆောင့်ပြီး လှည့်ထွက်လိုက်သည်။

သူမ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ထွက်ခွာသွားတော့မည့်အချိန်မှာပင် ယခုလိုအရှုံးမပေးချင်ကြောင်း ကိုယ့်ကိုယ်ကို သိလိုက်သည်။ ထို့ကြောင့် စင်မြင့်ပေါ်တွင် ပုံမှန်ကဲ့သို့ပင် တည်ငြိမ်သောအမူအယာဖြင့် ပန်းချီဆွဲခြင်းအတွင်း နစ်မြောနေသည့် စုမင်ကို ပြန်လှည့်ကြည့်လိုက်သည်။

သူမ ဒေါသတကြီးဖြင့် စုမင်ကိုအချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သူမ၏ပုံဆွဲကားချပ်ကို ဆွဲယူကာ ပြန်ထိုင်ချလိုက်သည်။ ပုံဆွဲကားချပ်ပေါ်တွင် မီးသွေးခဲနှင့် အနည်းငယ်ဆွဲခြစ်ပြီးသောအခါ ဒေါသထွက်နေခဲ့သော သူမမျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူမသည် စုမင်အား ရံဖန်ရံခါတွင် လှမ်းငေးကြည့်နေဆဲဖြစ်သည်။

နောက်ဆုံးတော့ လုံးဝမှောင်မည်းသွားသောအခါ သူမ၏ပုံဆွဲကားချပ်ကို စုမင်ရှေ့တွင်ချထားပေးလိုက်ပြီး ‘ဟွန့်’ခနဲ နှာမှုတ်လျက် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့လေသည်။

ထွက်ခွာလာပြီးနောက်တွင် သူမမျက်နှာထက်၌ သဘောကျကျေနပ်နေသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သတ္တမတောင်ထွတ်ဆီ ပြန်လာစဉ် မနက်ဖြန်အကြောင်း တွေးတောနေရင်း သူမနှုတ်ခမ်းများက ပျော်ရွှင်စွာတွန့်ချိုးလို့နေသည်။

“ငါ့ကိုအနိုင်ကျင့်တာ သူ့အမှားပဲ။ ငါဆွဲထားတဲ့ပုံက သူနဲ့တူလားဆိုတာ မနက်ဖြန်ကျမှ မေးကြည့်ရမယ်”

ပိုင်စုသည် လက်များကိုနောက်ပစ်၍ တောင်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် တက်လာခဲ့သည်။ ကြိုးနီလေးဖြင့် စည်းနှောင်ထားသော သူမဆံပင်များက လေထဲ၌ လွင့်မျောကခုန်လို့နေ၏။ နားရှေ့မှ ကျစ်ဆံမြီးလေးနှစ်ဖက်သည် သူမလှုပ်ရှားလိုက်တိုင်း သူမပုံစံကို အလွန်ချစ်ဖွယ်ကောင်းသွားစေသည်။

သူမနှုတ်ခမ်းများထက်မှ အပြုံးလေးနှင့် သူမ၏ကျေနပ်နေသော မျက်နှာအမူအယာတို့ကြောင့် ပိုင်စု၏အလှသည် လွန်ခဲ့သောလအနည်းငယ်က သူမ၏ အလှတရားနှင့် လုံးဝကွဲပြားခြားနေခဲ့ချေပြီ။

“အာ အဲဒါ ညီမလေးစုစု ပါလား။ လာပါဦး မင်းရဲ့အစ်မက မင်းကိုကြည့်ရအောင်။ ဘာကများ မင်းကိုဒီလောက် ပျော်နေအောင် လုပ်လိုက်တာပါလိမ့်”

သူမ သတ္တမတောင်ထွတ်၏ တောင်လှေကားထစ်များအတိုင်း တက်လာနေစဉ် သိမ်မွေ့သောရယ်သံလေးတစ်ခုသည် သူမနောက်မှ ပျံ့လွင့်လာခဲ့သည်။ မကြာမီမှာပင် ပိုင်စုနှင့် အသက်ရွယ်တူလောက် မိန်းကလေးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုမိန်းကလေးသည်လည်း အလွန်ချောမောပြီး ရယ်လိုက်ချိန်တွင် သူမမျက်နှာထက်၌ စနောက်လိုသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။

ပိုင်စု အလျင်အမြန်လှည့်ကြည့်လိုက်သည်။ မိန်းကလေးကို မြင်လိုက်သောအခါ သူမပါးပြင်သည် ရှက်ရွံ့မှုကြောင့် အနည်းငယ်ရဲသွားသော်လည်း ခဏအကြာတွင် ထိုမိန်းကလေးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

“ချန်ချန်းအာ နင်ကငါ့ထက် ရက်နည်းနည်းငယ်တယ်။ နင့်ကိုယ်နင် ဘယ်လိုတောင် ‘ငါ့အစ်မ’လို့ ပြောရဲရတာလဲ။

ငါက နင့်ထက်လည်းအသက်ကြီးတယ်။ ကျောင်းတော်ကိုလည်း နင့်အရင်ဝင်လာတာ။ ဒီနေရာမှာ ငါကသာ စီနီယာအစ်မ ပါနော်” ပိုင်စုသည် စကားပြောနေရင်း ရယ်မောလိုက်ပြီး ချန်ချန်းအာဆီ လျှောက်သွားလိုက်ကာ စနောက်ကစားလိုက်သည်။

“ကောင်းပြီ။ ကောင်းပြီ။ မင်းကသာ စီနီယာအစ်ကိုကြီးပါ... အား၊ တော်တော့။ ကလိထိုးရင် ငါယားတတ်ပါတယ်ဆို”

“ငါ့ကို စောစောက နင်ကအာ့လောက်ထူးဆန်းတာမျိုး ပြောတာကိုး”

ပျော်ရွှင်စွာ ရယ်မောသံများသည် ငွေဆည်းလည်းသံလေးများသဖွယ် သတ္တမတောင်ထွတ်၏ တောင်တက်လမ်းမှ ပျံ့လွင့်နေသည်။ မိန်းကလေးနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စနောက်ကစားရင်း တောင်ပေါ်တက်လာကြသည်။

“စုစု၊ ငါနင်နဲ့ စကားဆက်ပြောလို့ မရတော့ဘူး။ အကြီးဆုံး စီနီယာအစ်မကြီးဆီ သွားရဦးမယ်” တောင်စောင်းတွင် ချန်ချန်းအားသည် သူမရင်ဘတ်ကိုဖိကာ အသက်ရှူသံကို တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး ပိုင်စုအား ပြုံးပြကာပြောလိုက်သည်။

“ကောင်းပြီ။ ငါလည်း လှိုဏ်ဂူကို ပြန်တော့မယ်” ပတ်ဝန်းကျင်တွင် ခုန်ပေါက်ပြေးလွှားထားမှုကြောင့် ပိုင်စု၏ပါးလေးများက နီရဲလို့နေသည်။ သူမက အပြုံးလေးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချန်ချန်းအာသည် ထွက်ခွာရန်ပြင်လိုက်ပြီးမှ ခဏတာတုန့်ဆိုင်းသွားပြီး ပိုင်စုကိုပြန်ကြည့်လိုက်သည်။

“စုစု... အရင်လတွေတုန်းက နင် နဝမတောင်ထွတ်ကိုသွားနေခဲ့တာလို့ ငါကြားခဲ့တယ်”

ပိုင်စု အံ့အားသင့်သွားသည်။ သူမ ချန်ချန်းအာကို လှမ်းကြည့်လိုက်ပြီး စကားတော့ပြန်မပြောခဲ့ပေ။

“မင်း အဲဒီမကောင်းတဲ့စုမင်နဲ့ တွေ့ရအောင်အကြိမ်ကြိမ်သွားနေတာကို ငါတွေ့ခဲ့တယ်”  ချန်ချန်းအာသည် စုမင်ဟူသော နာမည်ကိုပြောလိုက်ချိန်တွင် သူမမျက်နှာထက်၌ မနှစ်မြို့ဟန်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။

“စုစု၊ အဲဒီ စုမင်က အတ္တကြီးပြီး အရမ်းစိတ်တိုဖို့ကောင်းတယ်။ သူက အစ်ကိုကြီးစစ်မာနဲ့ တိုက်ခိုက်နိုင်တာနဲ့ပဲ သူ့ကိုယ်သူ လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့လူလို တွေးပြီး မောက်မာနေတာ။ သူ့ကိုယ်သူ ဘယ်သူများထင်နေလဲမသိဘူး။ ငါ အဲလိုလူမျိုးတွေကို အမုန်းဆုံးပဲ”

“သူမြှောက်ပင့်မှုတွေနဲ့ အရူးလုပ်မခံနဲ့။ ငါ အဲလိုလူမျိုးတွေကို နားအလည်ဆုံးပဲ။ သူက...” ပိုင်စု ဘာမှပြန်မပြောသည်ကိုမြင်သောအခါ ချန်ချန်းအာဆက်ပြောလိုက်သည်။

သို့သော် သူမစကားမဆုံးသေးခင်မှာပင် ပိုင်စုက ဝင်ရောက်နှောက်ယှက်လိုက်ချေသည်။

“တော်လောက်ပြီ။ သူက နင်ပြောသလောက်လဲ မုန်းစရာ မကောင်းပါဘူး”

ထိုစကားလုံးများသည် ပိုင်စုပါးစပ်မှ အလိုလိုထွက်သွားခြင်းဖြစ်ပြီး စကားပြောပြီးသောအခါ သူမကိုယ်တိုင်ပင် အံ့အားသင့်မင်သက်သွားရလေသည်။

သူမစိတ်ထဲတွင်တော့ သူမတစ်ဦးတည်းကသာ စုမင်အား အတ္တကြီးသော၊ ဟန်ဆောင်ကောင်းသော မာနထောင်လွှားသူဟု ခေါ်နိုင်ကြောင်း တွေးထားခြင်းဖြစ်သည်။ အခြားတစ်ယောက်က ထိုကဲ့သို့ပြောလာသောအခါ သူမ စိတ်မသက်မသာဖြစ်သွားရချေသည်။

“စုစု ငါ့ကိုယုံလိုက်။ ငါက သူ့ကိုနင့်ထက် ပိုနားလည်တယ်။ အရင်က အကြီးဆုံးစီနီယာအစ်မကြီးကိုယ်စား သူ့ကိုသွားဖိတ်ခေါ်တုန်းက ငါအဲဒီကို အကြိမ်ကြိမ်သွားခဲ့ရတာ။ သူဘယ်လိုလူလဲဆိုတာ ငါသေချာကိုသိတယ်”

“သူက မင်းကို အချိုလောင်းပြီး မြှောက်ပင့်ပြောနေတာ သေချာပေါက်ပဲ။ သူက အစ်ကိုကြီးစစ်မာနဲ့ ဘာမှယှဉ်လို့ရတာမဟုတ်ဘူး။ အစ်ကိုကြီးစစ်မာကသာ နင့်ကို တစ်ကယ်ချစ်ခင်တဲ့လူ”

ချန်ချန်းအာ သက်ပြင်းဖွဖွချပြီး ပိုင်စုကိုကြည့်လိုက်သည်။

ပိုင်စုက တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်သည်။ စစ်မာရှင်း၏အမည်ကို ကြားသောအခါ သူမမျက်လုံးများထဲတွင် တွေဝေနေသည့်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ သူမခေါင်းထဲတွင် စစ်မာရှင်း၏ပုံသည် ဝေဝါးဝါးသာပေါ်လာပြီး ရှင်းရှင်းလင်းလင်း မမြင်ရချေ။

လွန်ခဲ့သောလအနည်းငယ်ခန့်က သူမသည် စစ်မာရှင်းအား အချိန်တိုင်းလိုလို ကိုယ်တိုင်တွေ့မြင်ချင်ခဲ့သော်လည်း တစ်ဖြည်းဖြည်းဖြင့် သူမ သူ့အကြောင်းအား ရက်အနည်းငယ်ကြာမှ တစ်ကြိမ်တွေးဖြစ်တော့သည်။ ယခုဆိုလျှင် တစ်လခန့်ပင်ရှိပြီဖြစ်သော်လည်း သူမခေါင်းထဲတွင် စစ်မာရှင်းနာမည်က ပေါ်တောင်မလာခဲ့ပေ။

“နိုးထတော့ စုစု၊ စုမင်က လူကောင်းမဟုတ်ဘူးနော်။ သူက အရမ်းမောက်မာတယ်။ သူက ကျောင်းတော်ကိုဝင်တာ လနည်းနည်းပဲ ရှိသေးတာတောင် အကြီးဆုံးစီနီယာအစ်မကြီးကို လေးစားတာမဟုတ်ဘူး။ ဒီလိုသဘောထားမျိုးနဲ့ သူကအသက်ရှည်မှာမဟုတ်ဘူး။ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲက စတော့မယ်။ သူ့စိတ်နေသဘောထား၊ အပြုအမူမျိုးနဲ့ဆို သေချာပေါက်ကို သေမှာပဲ”

ချန်ချန်းအာသည် ထိုစကားများကို ပြောလိုက်သည့်အခိုက်အတန့်မှာပင် ပိုင်စုသည် သူမအား အေးစက်စွာမော့ကြည့်လာသဖြင့် သူမစကားပြောနေရာမှ ရုတ်တရက်ရပ်တန့်လိုက်မိသည်။

“ပထမဆုံးအနေနဲ့ ငါ နဝမတောင်ထွတ်ကိုသွားတာ အကြောင်းအရင်းတွေရှိလို့ပဲ။ ပြီးတော့ နင်ပြောတဲ့ သေချာပေါက်သေလိမ့်မယ်ဆိုတဲ့ မာနကြီးမောက်မာတဲ့လူက ငါ့ကိုစကားတစ်လုံးတောင် အကောင်းမပြောခဲ့ဖူးဘူး။ ငါတို့အတူတူရှိနေတဲ့ အချိန်တွေဆိုရင် အချိန်အများစုမှာ ငါကသာ တစ်ယောက်တည်းစကားပြောနေပြီး သူကအမြဲလိုလို တိတ်ဆိတ်နေတာ”

“သူက အခြားသူတွေကို အဝင်မခံတဲ့ သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အချိန်တွေအများကြီး နစ်မြုပ်နေတာ။ တစ်ခြားတစ်ဖက်မှာတော့ စစ်မာ... အစ်ကိုကြီး စစ်မာက သူနဲ့လုံးဝမတူတဲ့လူပဲ”

စကားတစ်ဝက်ကျော်ပြောပြီးချိန်တွင် ပိုင်စုနှလုံးသားထဲ၌ ရှုပ်ထွေးသော စိတ်ခံစားချက်များပြည့်နှက်လာပြီး သူမ ဘာမှဆက်မပြောနိုင်တော့ပေ။ ထိုအစား စကားပြောတော့မည့်ပုံဖြင့် ပါးစပ်ဟနေသည့် ချန်ချန်းအာကို ချန်ထားရစ်ခဲ့ကာ လှည့်ထွက်လာခဲ့မိလေသည်။

နဝမတောင်ထွတ်မှ ပိုင်စုထွက်သွားပြီး မကြာမီမှာပင် စုမင် ညာလက်ကို ဖြည်းညင်းစွာချလိုက်သည်။ ထို့နောက် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ချေသည်။

‘တစ်ခုခု လိုနေတယ်... ငါ ပုံတူကူးနေတာ သုံးလရှိပြီ။ ဒါပေမယ့် ငါဒါကို နက်နက်ရှိုင်းရှိုင်း သဘောမပေါက်နိုင်သေးဘူး။ ရွှေရောင်ငှက်ကြီး ပျံသန်းမှုရဲ့ လျှို့ဝှက်ချက်ကို ငါးမချိုးဖျက်နိုင်တဲ့ အလွှာတစ်ခုက ဖုံးအုပ်ထားသလိုပဲ...’

‘ငါ ဘာလိုနေတာလဲ’

စုမင်သည် စဉ်းစားနေရင်း သူ့အကြည့်က ပိုင်စုချန်ထားခဲ့သည့် ပုံဆွဲကားချပ်ပေါ်သို့ ကျရောက်သွားသည်။

ပုံဆွဲကားချပ်ကို သူမထားခဲ့သောနေရာက ကောင်းမွန်လှချေသည်။ စုမင်ခေါင်းမော့လိုက်သည်နှင့် ထိုအရာကို တွေ့ရလိမ့်မှာဖြစ်၏။

ပုံဆွဲကားချပ်ကို မြင်သောအခါ စုမင်ပြုံးမိသွားသည်။

ပိုင်စုသည် ပန်းချီဆွဲခြင်းတွင် ပါရမီမပါပေ။ များသောအားဖြင့် လူတို့သည် သူမဘာဆွဲထားကြောင်း တွေးတောခန့်မှန်းရန်လိုသော်လည်း ဤတစ်ကြိမ်တွင်တော့ သူမဆွဲထားသောပုံက ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။ ပုံဆွဲကားချပ်ပေါ်တွင် တင်ပါးပေါ်လက်တင်ထားသော မိန်းကလေးတစ်ဦးရှိသည်။ သူမသည် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ခြေထောက်ကိုမြှောက်လျက် မတ်တပ်ရပ်နေပြီး သူမမျက်နှာထက်တွင် သဘောကျကျေနပ်နေသည့်အမူအယာတစ်ခု ရှိနေ၏။ သူမသည် မျက်လုံးများကိုမှိတ်၍ ခေါင်းငုံ့နေသော ဝက်ကြီးတစ်ကောင်အား ကန်နေခြင်းဖြစ်သည်။

ကြည့်လိုက်သည်နှင့် သူမသည် ထိုဝက်ကြီးကို ချောက်ကမ်းပါးမှ ကန်ချချင်နေသည့်ပုံပင် ဖြစ်သည်။

ဝက်ကြီး၏ နံဖူးထက်တွင်တော့ စုမင်၏နာမည်ကို ထင်ထင်ရှားရှားရေးထားလေသည်။

စုမင် ခေါင်းခါယမ်းလိုက်ပြီး အကြည့်ပြန်လွှဲတော့မည့်အချိန်မှာပင် သူ့မျက်လုံးများက စူးရှတောက်ပသွားခဲ့သည်။ ပိုင်စု၏ပုံဆွဲကားချပ်ကို စိုက်ကြည့်နေရင်း သူ့မျက်လုံးများအတွင်းရှိအလင်းက ပိုမိုတောက်ပလို့လာသည်။ သူ့ခေါင်းထဲတွင်တော့ မိုးခြိမ်းသံများက မြည်ဟည်းပဲ့တင်ထပ်နေခဲ့သည်။

‘အဲဒါ လိုနေတာများ... ဖြစ်နိုင်မလား...’

***

All Chapters