ပထမဆုံးအကြိမ် တွေ့ဆုံမှု
Vol. 138 Ch. 1899
ထိုသို့ ပြုလုပ်သော်လည်း ပင်လယ်သည် မူလအတိုင်းသာ ဆက်ရှိသည်။ သို့သော် ဝမ်လင်းက ထိုပင်လယ်ထဲ၌ သူ့နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ချန်ထားလိုက်၏။ ထိုနတ်ဘုရားအာရုံအမျှင်တန်းက ခုချိန်၌ အသုံးမဝင်သေးပုံ ပေါ်သည်။ သို့သော် နောင်တွင်မူ ၎င်းက အရေးတကြီး အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။
ထိုနတ်ဘုရားအာရုံက ပင်လယ်နှင့် ပေါင်းစပ်နေပြီး ၎င်းကို ထောက်လှမ်းဖို့မှာ ခက်ခဲလွန်းသည်။
ဤသို့ ပြုလုပ်ပြီးနောက် ဝမ်လင်း၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပြည့်လာသည်။ မကြာမီတွင် သူ၏မျက်လုံးတို့မှာ ကြောက်ဖွယ်ကောင်းလာသည်။
သူ၏ အတားအဆီးအနှစ်သာရ ပါဝင်သော ထိုမျက်လုံးတို့ကို အသုံးပြုကာ ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်၏။ သူ၏အမူအရာ ပြောင်းလဲသွားသည်။
နက်မှောင်သောကောင်းကင်မှာ ပါးလှပ်သောမြူလွှာတို့ဖြင့် ဖုံးလွှမ်းနေသည်။ ထိုမြူကို သာမန်မျက်လုံးဖြင့် မမြင်နိုင်၊ နတ်ဘုရားအာရုံဖြင့်ပင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ သူ၏အတားအဆီးအနှစ်သာရကို အသုံးပြုမှသာ သူက ဒီအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ချေ၏။
“တစ်လွှာ၊ နှစ်လွှာ…ခုနစ်လွှာ…” ကောင်းကင်ထက်ရှိ မြူသည် ပါးလှပ်၏။ သို့သော် ခုနစ်လွှာအပြည့် ရှိနေသည်။ မြူအလွှာခုနစ်ခုက ဒီဆေးလုံးပင်လယ်တခုလုံးကို ခြုံလွှမ်းထားသည်။
ခုနစ်လွှာမြောက်၏ အထက်၌ သံလိုက်အိမ်မြှောင်တစ်ခု ရှိ၏။ ၎င်းက တဖြည်းဖြည်း လှည့်ပတ်ကာ မြူလွှာခုနစ်ခုနှင့်အတူ ပေါင်းစပ်သော ဖိအားကို ပေးစွမ်းသည့် ပုံရိပ်ယောင်တစ်ခုပင်။
“ဒီသံလိုက်အိမ်မြှောင်က ပုံရိပ်ယောင်တစ်ခုပဲ။ အစစ်အမှန် မဟုတ်ဘူး…” ဝမ်လင်းက အပေါ်သို့ မော့ကြည့်လိုက်၏။ သူက မြူခုနစ်လွှာအထပ်ရှိ သံလိုက်အိမ်မြှောင်၌ ဆေးလုံးပင်လယ်၏ တခြားတစ်ဘက်ဖြင့် ချိတ်ဆက်ထားသော အော်ရာအမျှင်တန်းတစ်ခု ပါဝင်နေသည်ကို တွေ့မြင်သည်။
“ဒီအစီအရင်ရဲ့ ဗဟိုချက်ကတော့ အထည်ဒြပ်အဖြစ် ပြောင်းပြီး ဟိုနေရာမှာ ရှိနိုင်မယ်…”
ဝမ်လင်းက ဆေးလုံးပင်လယ်ထံ ကြည့်ကာ စဉ်းစားနေလျက် တစ်ခုခုကို တွေးမိလိုက်၏။
သူသာ သူ့အတားအဆီးအနှစ်သာရကို အနှစ်သာရအစစ်အမှန် ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းချင်ပါက သူက အတားအဆီးမြောက်များစွာကို စုပ်ယူရလိမ့်မည်။ သူသည် ဆေးလုံးပင်လယ်ကို ခြုံလွှမ်းထားသော အတားအဆီးမျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ သူက ၎င်းကို စုပ်ယူချင်စိတ် ဖြစ်ပေါ်မိ၏။
သို့သော် ထိုစိတ်ကို သူ မကြာမီ ပြန်ဖိနှိပ်လိုက်သည်။ သူက ညာလက်ကို ဝေ့ယမ်းရာ သူ၏နောက်တွင် ဧရာမမျက်လုံးနှစ်လုံး ပေါ်လာသည်။ ထိုမျက်လုံးတို့တွင် သွေးစင်းကြောင်းများ ပြည့်နေ၏။
ယင်းမျက်လုံးနှစ်ခုထဲ၌ သွေးစင်းကြောင်းများ ပြည့်လာသည့်အခိုက်တွင် ဝမ်လင်းက ထိုင်ချကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူ၏မျက်လုံးသည် တောက်ပလာပြီး သူက ဒီအတားအဆီးကို စတင် ကောက်ချက်ချ ဆင်ခြင်သည်။ သူက ၎င်းကို တတ်နိုင်သမျှ မြန်သထက်မြန်အောင် ချိုးဖျက်ရလိမ့်မည်။
သူ စတင် ကောက်ချက် ချသည့်အခါ၌ ထိုဧရာမမျက်လုံးနှစ်လုံးထံမှ ဆင်ခြင်ကောက်ချက်ချမှု အလင်းကိုလည်း ပေးစွမ်းလာသည်။ သူက ကောင်းကင်ထက်သို့ စိုက်ကြည့်နေ၏။ သူသည် ထိုမြူခုနစ်လွှာကို ချိုးဖျက်ရန် နည်းလမ်းများကို ကြည့်ရှုနေခြင်းတည်း။
ဝမ်လင်း၏မျက်လုံးထဲတွင် သွေးစင်းကြောင်းများ ပိုပို ပေါ်လာ၏။ သူ၏နောက်မှ ဧရာမမျက်လုံးနှစ်လုံးတွင်လည်း အလားတူပင်။
အချိန် တဖြည်းဖြည်း ကုန်လာသည်။ လျှပ်တပြတ်အတွင်း နာရီဝက် ကုန်လွန်ခဲ့ပြီ။ ကျားဖြူနှင့် တခြားသူများက ဝမ်လင်းကို အကာအကွယ်ပေးဖို့ငှာ ဘေးပတ်ဝန်းကျင်သို့ ဂရုတစိုက် ကြည့်နေ၏။ သူတို့ ဒီအစီအရင်ကနေ ထွက်သွားနိုင်ဖို့မှာ ဝမ်လင်းအပေါ်တွင် မှီတည်နေသည် မဟုတ်လား။
နောက်ထပ် အမွှေးတိုင်တစ်တိုင်ဝက်စာလောက် အချိန်ကုန်ဆုံးပြီးနောက် ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ကောင်းကင်ထက်သို့ သုံးကြိမ်သုံးခါ လက်ညွှန်သည်။ သူ လက်ညွှန်လိုက်တိုင်း သူ၏နောက်မှ ဧရာမမျက်လုံးနှစ်လုံးထံမှ သွေးစင်းကြောင်းတစ်ခု ပျံသန်းထွက်လာသည်။
အပြင်လူများသည် ဤသည်ကို တွေ့မြင်နိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်း၏ အမြင်တွင်မူ ထိုသွေးစင်းကြောင်းတစ်ခုစီက မြူလွှာပါးများ ရှိရာ ပထမဆုံးအလွှာထံ ပျံသန်းသွားသည်။ ထိုအစင်းကြောင်းသုံးခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ စက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်သည်။
ထိုစက်ဝန်းသည် မည်သည့်မြူလွှာမျှ မရှိသည့် ပထမမြူလွှာအတွင်း၌ သေးငယ်သော အပေါက်ပင်။ ၎င်းက အပေါက်ငယ်တစ်ခု ဖြစ်သော်ငြားလည်း ၎င်းက လူတစ်ယောက် ဖြတ်သန်းဖို့အတွက်တော့ လုံလောက်သည်။
“မြူလွှာခုနစ်ခု၊ အလွှာတိုင်းက ရွှေ့လျားနေတယ်။ ဒီအတားအဆီးဟာ ချိုးဖျက်ဖို့ ခက်ခဲတယ်…” ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်ကာ စဉ်းစားနေသည်။ သူ့လက်နှစ်ဖက်မှာ လှုပ်ရှားနေ၏။ သူသည် ကောင်းကင်ထက်သို့ ကိုးကြိမ်တိုင် လက်တောက်ထုတ်သည်။ တစ်ကြိမ်တိုင်းတွင် အနီရောင်အစင်းကြောင်းတစ်ခု ပျံသန်းထွက်၏။
အစင်းကြောင်းကိုးခုက ပထမမြူအလွှာတွင် အပေါက်ငယ်အဖြစ် ထွင်းဖောက်ပြီးနောက် လေးခုက ဒုတိယအလွှာထံ ဆက်လက် ဝင်ရောက်သည်။ ယင်းအစင်းကြောင်းတို့မှာ မြူများ ပါးလှပ်သော အလားတူ ဧရိယာကို မကြာမီ တွေ့ရှိပြီးနောက် စက်ဝန်းတစ်ခုအသွင် ချိတ်ဆက်ဖွဲ့စည်းသည်။
တစ်ချိန်တည်းမှာ ကျန်သည့်အစင်းကြောင်းငါးခုက ဒုတိယအလွှာကို ထွင်းဖောက်လာကာ တတိယအလွှာ၌လည်း တူညီသောနည်းလမ်းဖြင့် စက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်စေသည်။
ဝမ်လင်းက ပထမအလွှာသုံးခုကို ချိုးဖျက်နိုင်သည့် နည်းလမ်းကို တွေ့ရှိလိုက်ပြီ ဖြစ်သည်။
ကျားဖြူနှင့် တခြားနှစ်ယောက်က ဤသည်ကို မမြင်နိုင်ကြပေ။ သူတို့သုံးယောက်လုံးက အလေးအနက် ဖြစ်နေကြ၏။ သူတို့က ဝမ်လင်းကို ပူပန်စိတ်ဖြင့် ကြည့်နေ၏။ တကယ်တော့ အချိန်တော်တော်များများ ကုန်လွန်လာခဲ့ပြီ မဟုတ်လား။
ခုချိန်ထိ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ မည်သည့်ကျင့်ကြံသူမျှ မပေါ်လာကြသေးပေ။ ဤသည်မှာ ထူးဆန်းနေသည်။ မုန်တိုင်းမလာခင် တည်ငြိမ်နေသကဲ့သို့ ဖြစ်နေ၏။
ဝမ်လင်းကမူ တည်ငြိမ်စွာ ဆက်ရှိ၍ သူ၏စိတ်ကို အတားအဆီးခုနစ်လွှာတွင် စူးနစ်ထားသည်။ သူ ပို၍ ရှေ့ဆက်လာလေ အတားအဆီးများက ပို၍ လေးနက်နက်ရှိုင်းလာလေကို တွေ့ရှိရ၏။ ပထမအလွှာသုံးခုကို ချိုးဖျက်နိုင်ပြီးနောက် ပါးလှပသောမြူဧရိယာများကို ရှာဖို့မှာ အတော်လေး ခက်ခဲလာ၏။
သို့သော် ဝမ်လင်းက အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်ထား၏။ ထို့အတွက်ကြောင့် သူက ကောက်ချက်ချခြင်း အပေါ်တွင် မှီခိုမနေဘဲ သူ့အနှစ်သာရ အကြည့်ကို ပိုင်ဆိုင်ထားချေ၏။ သူ၏အမြင်တွင် လောကရှိ အတားအဆီးအားလုံးမှာ ရပ်တန့်နေရဟန် ပေါ်သည်။
နောက်မိနစ်ဝက်ခန့် ကုန်ဆုံးပြီး ပထမအလွှာသုံးခုကို ချိုးဖျက်ပြီးနောက် ဝမ်လင်း၏ မျက်လုံးက အရောင်တောက်လာ၏။ သူက ဆယ့်ခုနစ်ကြိမ်တိုင် လက်တောက်ထုတ်လိုက်သည်။ သွေးစင်းကြောင်း ဆယ့်ခုနစ်ခုက ပျံသန်းထွက်ကာ ပထမဆုံးအလွှာသုံးခုကို ထွင်းဖောက်၏။ လေးခုမြောက်အလွှာတွင် သွေးစင်းကြောင်းခြောက်ခုက ပါးလှပ်သောမြူဧရိယာ၌ သေးငယ်သောစက်ဝန်းကို ချိတ်ဆက် ဖွဲ့စည်းလေသည်။
ငါးခုမြောက်အလွှာတွင် ကျန်သည့်အစင်းကြောင်းများ ရှိကာ စက်ဝန်းတစ်ခု ဖွဲ့တည်သည်။ ခုချိန်၌ ပထမဆုံးမြူလွှာငါးခုတွင် စက်ဝန်းတစ်ခုစီ ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
သို့သော် ထိုအခိုက်တွင် ဆေးလုံးပင်လယ်က တုန်ဟည်းလေ၏။ ထိုအသံက ကောင်းကင်တုန်လှုပ်ဖွယ်ပင်။ ပင်လယ်သည် အလယ်ကနေ ပိုင်းဖြတ် ရွှေ့လျားလာသော အစင်းကြောင်းတစ်ခုကြောင့် ထက်ပိုင်းကွဲထွက်လေသလား ထင်ရလေတော့၏။
ဤသည်မှာ ရုတ်တရက် ဆန်လှသည်။ ထိုအဖြစ်က ကျားဖြူနှင့်ကျန်နှစ်ယောက်၏ အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။ ဒီအခိုက်တွင် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက တုံ့နှေးခြင်းမရှိ ထရပ်သည်။ သူ၏နောက်မှ ဧရာမမျက်လုံးက ကွယ်ပျောက်ကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူသည် ကျားဖြူနှင့် ကျန်နှစ်ယောက်ကို ခေါ်ဆောင်၍ ကောင်းကင်ထက်သို့ ထိုးတက်လိုက်သည်။
ထိုစဉ်မှာပင် အံ့မခန်းကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုက ပင်လယ်ကို ထက်ပိုင်းခြမ်းသော အစင်းကြောင်းထံမှ ထွက်ပေါ်လာလေ၏။
ဤအစင်းကြောင်းက မည်သို့အရာ ဖြစ်လေသနည်း။ ၎င်းမှာ ဓားတစ်လက်၏ ခုတ်ပိုင်းမှု ဖြစ်တာ ရှင်းလင်းသည်။ ထိုဓားခုတ်ပိုင်းချက်က ပင်လယ်ကိုပင် ထက်ပိုင်း ဖြတ်နိုင်စွမ်း ရှိနေ၏။ ၎င်း၏စွမ်းအားက တုန်လှုပ်ဖွယ်တည်း။
ပင်လယ်သည် တုန်ဟည်းနေ၏။ ပင်လယ်ထံမှ ဓားအရိပ်များ ပေါ်လာကာ ထက်ပိုင်းခြမ်း ခံရသည်။ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်နေလျက် လူတစ်ယောက်က အောက်ဘက်ရှိ နက်မှောင်သော ပင်လယ်ကြမ်းပြင်ကိုပင် ရှင်းရှင်းလင်းလင်း မြင်ရနိုင်မည်။
ထိုဓားအရိပ်က ပေရာချီ ရှည်လျား၏။ ၎င်းက ပင်လယ်ထံမှ ပျံသန်းထွက်လာကာ ဝမ်လင်းနှင့် တခြားသူများထံ ဦးတည်လာသည်။ ထိုဓားစွမ်းအင်ကို ခံစားမိကာ ကျားဖြူနှင့် ကျန်သည့်နှစ်ယောက်၏ မျက်နှာတို့မှာ ဖြူရောသွား၏။ ဟင်္သာငှက်နှင့် လိပ်နက်တို့မှာ အစောတည်းက ဒဏ်ရာအပြင်းအထန် ရထားကြသူများဖြစ်၍ သွေးအန်လိုက်ရချေသည်။ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ပြည့်လာသည်။
“ဒါဟာ ဓားတာအိုပဲ။ လောကရဲ့ နယ်ပယ်တွေကို မကျင့်ကြံဘဲ ဓားသီးသန့်ကိုသာ ကျင့်ကြံတာ။ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ဓားနဲ့ ပေါင်းစည်းတာ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဓားအသွင် ပေါင်းစပ်တာ။ စိတ်ခံစားချက်အားလုံးကို ဖြတ်တောက်ပြီး ဓားတစ်လက်လို တွေးတာ…”
“ဒါ…ဒါ…အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ ဒီလိုအစွန်းရောက် ကျင့်ကြသူမျိုး တကယ်ပဲ ရှိနေတာပဲ…” လိပ်နက်သည် အတော်လေး အသိသညာကြွယ်ဝသူ ဖြစ်ပြီး သူ အံ့အားတသင့် ပင့်သက်ရှိုက်မိလေ၏။
ဓားအရိပ်က မြန်လွန်းသဖြင့် ချက်ခြင်း နီးကပ်လာသည်။ သို့သော် ဝမ်လင်းက လက်မတင်လေး ပိုဦးပေ၏။ သူက ကျားဖြူနှင့်ကျန်သည့်နှစ်ယောက်ကို ခေါ်ကာ ပထမမြူလွှာရှိ အပေါက်ထံ တိုးဝင်သည်။ သူသည် တစ်စက်မျှ မရပ်တန့်ဘဲ ဒုတိယမြောက်၊တတိယမြောက်၊လေးခုမြောက်၊ငါးခုမြောက် မြူလွှာများထံ ဆက်လက် တိုးဝင်လာသည်။
သူ၏နောက်တွင် ဓားအရိပ်က အတားအဆီးများကို ဖြတ်တောက်လာကာ ကျယ်လောင်စွာ တုန်ဟည်းမြည်သံ ပဲ့တင်ထပ်စေသည်။ ပထမဆုံးမြူလွှာသုံးခုက ချက်ခြင်း ပျက်စီးသွား၏။ အားကောင်းလှသော စိတ်ဆန္ဒတစ်ခု ပါဝင်သည့် ထိုဓားစွမ်းအင်က လေးခုမြောက်အလွှာအထိ ဝင်ရောက်လာသည်။ ထိုလေးခုမြောက်မြူလွှာသည်လည်း ချက်ခြင်း ပျက်စီးသွားသည်။
ဓားတစ်ချက်က အတားအဆီးမြူလွှာလေးခုကို ချိုးဖျက်ခြင်း။ ဝမ်လင်းသည်ပင် ထိုဓားချက်အပေါ် ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူက ငါးခုမြောက်အလွှာထဲ ရောက်နေပြီး မြူများ၏ တုန်ခါမှုကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။ အလွန်လွှမ်းမိုးနိုင်စွမ်းသော ဓားစိတ်ဆန္ဒက ဝမ်လင်း၏စိတ်ထဲ၌ တုန်ဟည်းလေ၏။
ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိ၏။ ထိုစိတ်ဆန္ဒက တုန်ခါမှုလှိုင်းမျှသာ။ သို့သော် ဝမ်လင်းသည် ၎င်းက မည်မျှ ရုန့်ရင်းကြမ်းတမ်းသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
“ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ဘာပဲဖြစ်နေဖြစ်နေ သူဟာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ ကျော်ကြားတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ရမယ်…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက ဓားချက်ကြောင့် တုန်လှုပ်နေသော ကျားဖြူနှင့်ကျန်နှစ်ယောက်ကို တွန်းထုတ်လိုက်၏။ သူက ခြောက်လွှာမြောက်ထံ ဦးတည်ဝင်ရောက်လာလျက် သူ၏မျက်လုံးထဲတွင်မူ သွေးစင်းကြောင်းများ ပြည့်ဖုံးနေသည်။
ခြောက်လွှာမြောက်မြူလွှာက အလွန်သိပ်သည်းလှပြီး မည်သည့်အဟမှ ရှိမနေပေ။ သို့ပေမည့် ဝမ်လင်းက ရှေ့သို့ တိုးဝင်လာစဉ် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ရှေ့တွင် သွေးစင်းကြောင်းများဖြင့် ပြုလုပ်ထားသည့် အတားအဆီးများ ပေါ်လာကာ အစင်းအကြောင်းကွန်ယက်တစ်ခုအဖြစ် ဖွဲ့စည်းသည်။ မကြာမီ ၎င်းက ခြောက်ခုမြောက်မြူလွှာနှင့် ထိပ်တိုက်တွေ့သည်။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ဝမ်လင်းက ကျားဖြူနှင့် တခြားနှစ်ယောက်ကို ခေါ်ဆောင်ပြီး ခြောက်ခုမြောက်အလွှာကို အကြမ်းပတမ်း ချိုးဖျက်လိုက်လေ၏။
“ကျုပ်လေဟာနယ်တိမ်က အဝေးကြီးကနေ ရောက်လာခဲ့ရတာ။ ရောင်းရင်းကျင့်ကြံသူက ဘာကြောင့် အလျင်စလို ထွက်သွားချင်ရတာလဲ…”
ရေမျက်နှာပြင်ထံမှ ခပ်နိပ်နိပ်အသံတစ်သံ ပဲ့တင်ထပ်သည်။ ပထမအလွှာလေးခုကို ထွင်းဖောက်လာသော ဓားအရိပ်က အပြာရောင်ဝတ်စုံဖြင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသည်။
ထိုကျင့်ကြံသူက လူငယ်အသွင်ပင်။ သူက ရိုးရှင်းသောဝတ်ရုံကိုသာ ဝတ်ဆင်ထား၏။ သူ့ဆံပင်ရှည်က သူ့ပုခုံးနှစ်ဖက်တွင် ကျဆင်းနေပြီး သူ့ကို ကြည့်ကောင်းစေသည်။
သူက ရုပ်ချောသော်လည်း အလွန်အေးစက်ဟန် ပေါက်၏။ သူ့လက်ထဲတွင် ခုနစ်ပေခန့် ဓားတစ်လက် ကိုင်ဆောင်ထားသည်။ နက်မှောင်သော ကောင်းကင်ထက်၌ ၎င်းဓားထံမှ အေးစက်မှုကို ပေးစွမ်းနေချေ၏။
အခု ရောက်လာသူမှာ လေဟာနယ်တိမ်၏ မူလခန္ဓာကိုယ် မဟုတ်ပေ။ သူ၏ဓားစိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွား ဖြစ်၏။ ၎င်းက ကိုယ်ပွားသာ ဖြစ်သော်လည်း သူ့ဓားစိတ်ဆန္ဒ၏ ခြောက်ဆယ်ရာခိုင်နှုန်း ပါဝင်သည်။
သူ ထိုသို့ ပြောလိုက်ပြီး အပေါ်သို့ မော့ကြည့်ကာ ငါးခုမြောက်အလွှာထံ ခြေလှမ်း၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး လက်ထဲရှိဓားကို ကောင်းကင်ယံသို့ ဝေ့ယမ်းသည်။
ထိုဝေ့ယမ်းချက်ဖြင့် လခြမ်းကွေးဓားစွမ်းအင်က ကောင်းကင်ထံ ပျံသန်းသွား၏။ ငါးခုမြောက်မြူလွှာမှာ ရုတ်တရက် ပျက်စီးသွားလေသည်။ ထိုအခါ ပါရမီရှင်လေဟာနယ်တိမ်က သူ့ကို အေးတိအေးစက် ကြည့်နေသော ဆံဖြူဝမ်လင်းကို လှမ်းမြင်ရတော့သည်။