အခန်း (၇၁၃-၇၁၄)
Vol. 55 Ch. 713-714
အခန်း (၇၁၃) - ပျံထွက်သွားသော ဘဲများ ပြန်ရောက်လာခြင်းနှင့် လက်ဆောင်များစွာ ပါလာခြင်း
လူပုဘုရင်သည် အနည်းငယ် စဉ်းစားပြီးနောက် စကားစလိုက်၏။
“ငါ ဒီနေ့ ဒီကို လာရတာက မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စ ဆွေးနွေးချင်လို့ပါ။”
‘ပူးပေါင်းဆောင်ရွက်ခြင်း’ ဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် ရှောင်းယီ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည်မှာ အုတ်မြစ်ကျောက်များကို ဆိုလိုခြင်း မဟုတ်ပါလော။
အခြေအနေများ ပြောင်းလဲသွားရန် အခွင့်အရေး ရှိနေသေးသည်ထင်၏။
“ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ။”
ရှောင်းယီက ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လျက် စိတ်ဝင်တစား မေးလိုက်သည်။
“ငါတို့ လူပုမျိုးနွယ်စုတွေက ကျွန်းအထိမ်းအမှတ်ကျောက်တွေကို သိမ်းပိုက်လို့ မရတဲ့အတွက် ငါတို့ နောက်တစ်လှမ်းဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းဆီကနေပဲ ကျွန်းကို ဝယ်ယူမယ်။ ဒါပေမဲ့ မင်းကပဲ ကျောက်တိုင်ကို ထိန်းချုပ်ပြီး ကျွန်းရဲ့ နယ်မြေချဲ့ထွင်မှုတွေကို ငါတို့အတွက် ကူညီစီမံပေးရမယ်။ မင်း ဘယ်လိုသဘောရလဲ။”
လူပုဘုရင်က လိုရင်းကို တိုက်ရိုက် ပြောလိုက်၏။ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒါပေါ့... ရတာပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုးက အရှင်မင်းကြီးတို့ရဲ့ အုတ်မြစ်ကျောက်တွေကို ယူပြီး ကတိအတိုင်း မလုပ်မှာကို မစိုးရိမ်ဘူးလား။”
“မင်းရဲ့ စရိုက်ကို ငါတို့ ယုံကြည်ပါတယ်။”
လော့စ်က ဆိုသည်။
“ဒါ့အပြင် ဒီအစပိုင်း ပမာဏနည်းနည်းလေးအတွက်နဲ့ နောက်ထပ် ရနိုင်မယ့် အုတ်မြစ်ကျောက်တွေ အများကြီးကို မင်း အဆုံးရှုံးခံမှာ မဟုတ်ဘူးဆိုတာ ငါတို့ သိတယ်။”
လော့စ်၏စကားကြောင့် ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
‘လူပုနိုင်ငံတော်မှာ ရှိနေတဲ့ အုတ်မြစ်ကျောက် စတော့ပမာဏက ငါ ထင်ထားတာထက်တောင် ပိုများနေပုံပဲ။’
“ကောင်းပါပြီ။ ကျုပ်အပေါ် ယုံကြည်ပေးတဲ့အတွက် လူပုမျိုးနွယ်စုကို ကျေးဇူးတင်ပါတယ်။ စိတ်ချပါ ကျုပ်က ကျွန်းကို ရောင်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကတိဖျက်မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့ကျွန်း ချဲ့ထွင်ဖို့ လိုအပ်တဲ့ အချိန်တိုင်းမှာလည်း ကျုပ် ကူညီပေးပါ့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါဆိုရင် သဘောတူညီချက် ရပြီပေါ့။”
လူပုဘုရင်က ဆုံးဖြတ်ချက် ချလိုက်၏။
“မင်းရဲ့ စိတ်ရင်းစေတနာကြောင့် ဈေးနှုန်းကို ငါတို့ အရင်ပြောထားတဲ့ ၁၂ ဘီလီယံ အတိုင်းပဲ ထားပါ့မယ်။ တစ်ချိန်တည်းမှာပဲ ကျွန်းကို စတုရန်းမီတာ ၁၀ ဘီလီယံ ထိ ချဲ့ထွင်ဖို့ မင်းရဲ့ အကူအညီကို လိုအပ်တယ်။”
ရှောင်းယီ၏ မျက်လုံးများ ပို၍ပင် တောက်ပသွားခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့သည် အုတ်မြစ်ကျောက် စုစုပေါင်း ၂၂ ဘီလီယံ ပေးရမည် မဟုတ်ပါလော။
လူပုမျိုးနွယ်စုသည် သူတို့ဘာသာ နယ်မြေမချဲ့ထွင်နိုင်သဖြင့် ရှောင်းယီထံသို့ အုတ်မြစ်ကျောက်များ လွှဲပေးရမည်ဖြစ်ပြီး ရှောင်းယီက သူတို့ကို ကူညီ၍တိုးချဲ့ပေးရမည် ဖြစ်သည်။
ဒါက တကယ့်ကို ‘လမ်းပိတ်နေတုန်း လမ်းပွင့်သွားခြင်း’ သို့မဟုတ် ‘အမှောင်ထဲမှာ အလင်းရောင် တွေ့လိုက်ရခြင်း’ ပင်ဖြစ်၏။
“ကောင်းပါပြီ၊ လုံးဝ ပြဿနာမရှိပါဘူး။ အရောင်းအဝယ် ပြီးတာနဲ့ ကျွန်းချဲ့ထွင်မှုကို ချက်ချင်း အပြီးသတ်ပေးနိုင်ပါတယ်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
လူပုဘုရင်က ခေါင်းငြိမ့်ပြပြီး လော့စ်ကို လှည့်ပြောလိုက်၏။
“ပြန်ပြီး ပြင်ဆင်တော့။ အုတ်မြစ်ကျောက်တွေကို ဒီကို သယ်လာပြီး ရှောင်းယီကို လွှဲပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
လော့စ်က တုံ့ပြန်လိုက်သည်။ သူ ထသွားရန် ပြင်လိုက်စဉ်မှာပင် ရှောင်းယီက ထပ်ပြောလိုက်သည်။
“နေပါဦး... အရှင်မင်းကြီး ခင်ဗျားတို့အတွက် အခန်းတွေ တည်ဆောက်ပေးဖို့ ကျွန်တော်မျိုးတို့ကို ခွင့်ပြုပေးနိုင်မလား။ လူအင်အားနဲ့ တည်ဆောက်ရင် အရမ်းနှေးပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ အရင်းအမြစ်တွေနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပေါင်းစပ်လိုက်ရင် မျက်စိတစ်မှိတ်အတွင်း အခန်းတွေကို တည်ဆောက်နိုင်ပါတယ်။”
လူပုဘုရင်သည် အနည်းငယ် ထပ်မံစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်၏။
“ရပါတယ်။ ဒီနေရာလိုမျိုး ဆောက်ပေးမှာလား။”
“အဲဒါကတော့... ကျွန်တော်မျိုးတို့မှာ နည်းပညာက ဒီအဆင့်ထိ မရောက်သေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ရလာပါလိမ့်မယ်။ အခုလောလောဆယ်တော့ အခြေခံ အခန်းတွေပဲ တည်ဆောက်ပေးနိုင်မှာပါ။ အရှင်မင်းကြီးတို့ရဲ့ မူလ တော်ဝင်မြို့တော်နဲ့ တူအောင်တောင် တည်ဆောက်ပေးလို့ ရပါတယ်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ ယုံတယ်။ စုစုပေါင်း ၃၀ ဘီလီယံပေးမယ်။ ကျွန်းချဲ့ထွင်တာရော၊ ကျွန်းပေါ်က အဆောက်အဦးတွေ တည်ဆောက်တာပါ အကုန်လုံးကို မင်းပဲ တာဝန်ယူလိုက်။ ပြဿနာ ရှိလား။”
လူပုဘုရင်သည် ပွင့်လင်းပြတ်သားသူ ဖြစ်ရာ လက်ဝေ့ယမ်း၍ ဆုံးဖြတ်ပေးလိုက်၏။
“ပြဿနာ မရှိပါဘူး။ လုံးဝကို မရှိတာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေက အရှင်မင်းကြီးတို့ဆီကို သွားပြီး မြေပြင်အခြေအနေ ကြည့်ရှုဖို့နဲ့ ပုံစံထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။ သူတို့ကို ဝင်ထွက်ခွင့် ပြုမယ်လို့ မျှော်လင့်ပါတယ်။”
“ဒါကတော့ ထုံးစံအတိုင်းပေါ့။ လော့စ်... ပြန်ပြီး အုတ်မြစ်ကျောက်တွေ သယ်လာခဲ့တော့။”
“ဟုတ်ကဲ့”
လော့စ်က ထရပ်လိုက်သည်။ ရှောင်ယီလည်း ထရပ်လိုက်၏။ အနီးရှိ အန်းယွဲ့သည် လူပုမျိုးနွယ်စု၏ ကိုယ်ခန္ဓာ အချိုးအစားနှင့်အညီ အထူးချုပ်လုပ်ထားသော အနွေးထည်တစ်ထည်ကို လှမ်းပေးလာခဲ့သည်။
“လော့စ် ဒါက ငါတို့ကျွန်းမှာ ထုတ်လုပ်ထားတဲ့ အနွေးထည်ပါ။ စမ်းဝတ်ကြည့်ပါဦး။”
ရှောင်းယီက ကမ်းပေးလိုက်၏။ လော့စ်က ယူ၍ ဝတ်ကြည့်လိုက်ရာ အံ့အားသင့်စွာ မေးလိုက်မိသည်။
“ဒါက ဒီလောက်တောင် နွေးတာလား။”
“မဆိုးဘူးမလား။ ကြည့်ကြည့်... ငါဆို အထဲမှာ အဝတ်တစ်ထပ်ပဲ ဝတ်ထားတာ။ အိမ်ထဲမှာဆို တစ်ထပ်တည်းက အဆင်ပြေပေမယ့် အပြင်ထွက်ရင်တော့ ဒီအနွေးထည်လေး ထပ်ဝတ်လိုက်ရုံပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
လူပုဘုရင်သည် လော့စ်ဝတ်ထားသော အနွေးထည်ကို အားကျသလို ကြည့်လိုက်၏။ ရှောင်းယီက ထိုအကြည့်ကို သတိပြုမိလိုက်သဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မင်းကြီးအတွက် ပုံစံမျိုးစုံ ဆယ်စုံလောက် ပြင်ဆင်ထားပါတယ်။ အရှင်မင်းကြီး ပြန်ခါနီးရင် အကုန် ပေးလိုက်ပါ့မယ်။”
“ဒါဆိုရင်တော့ တကယ်ပဲ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
ဘုရင်ကြီးက ဝမ်းသာအားရ ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်၏။
“မင်း တည်ဆောက်ပေးမယ့် အခန်းတွေထဲမှာ အဲဒီ အဲကွန်းဆိုတဲ့ ကိရိယာတွေရော ပါမှာလား။”
ရှောင်းယီ ခဏမျှ တန့်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“မပါပါဘူး။ ကျွန်တော်မျိုးတို့ နည်းပညာက အဲယားကွန်းတွေကို မထုတ်လုပ်နိုင်သေးဘူး။ ဒါပေမဲ့ အပူပေးစနစ်တော့ ပါပါလိမ့်မယ်။”
“အပူပေးစနစ်လား။”
ဘုရင်ကြီးက နားမလည်စွာ ကြည့်လိုက်၏။ ရှောင်းယီင ထရပ်လိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ လိုက်ခဲ့ပါ။ လိုက်ပြပါ့မယ်။”
ဘုရင်ကြီးက ခေါင်းငြိမ့်ပြီး ရှောင်းယီပေးသော အနွေးထည်ကိုဝတ်ကာ အပြင်သို့ လိုက်လာခဲ့၏။
အပန်းဖြေစခန်းနှင့် ဆိပ်ကမ်းကြားတွင် မူလ ကျူချန်းမျိုးနွယ်စုဝင်များ နေထိုင်သည့် ကျွန်းသားများ အခြေချရာ နေရာတစ်ခု ရှိသည်။
ရှောင်းယီနှင့် ပူးပေါင်းပြီးနောက် အချို့သူများသည် ပင်လယ်ထဲတွင် လွင့်မျောနေရသည့်ဘဝကို မကြိုက်ကြသဖြင့် ကမ်းခြေတွင် အခြေချကာ နေထိုင်ခဲ့ကြသည်။ ရှောင်းယီက သူတို့အတွက် အိမ်များစွာ တည်ဆောက်ပေးထားခဲ့သည်။
ထိုအိမ်များတွင် အဲကွန်းမရှိသဖြင့် အပူပေးစနစ်များ တပ်ဆင်ပေးထား၏။
ရှောင်းယီသည် ဘုရင်ကြီးကို ခေါ်လာရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ငါ့မှာ ရောင်းလို့ရတဲ့ အပူပေးစနစ်တွေ ရှိနေတာပဲ။ လုံးဝကို မေ့နေတာ။’
အမှန်ပင်။ စိတ်ဓာတ်ကျခြင်းသည် လူတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ထိခိုက်စေနိုင်၏။
ရှောင်းယီသည် ထိုသို့တွေးမိလိုက်ပြီး အန်းယွဲ့အား တီးတိုးညွှန်ကြားလိုက်သည်။
အန်းရန်ကို ပြောပြီး အပူပေးစက်ရုံများနှင့် အပူပေးကိရိယာများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အရောင်းတင်ခိုင်းလိုက်ရန်ဖြစ်သည်။ သူသည်မူ နောက်ဆုံးမှ အုတ်မြစ်ကျောက်များကို သိမ်းလိုက်ရုံပင်။
အန်းယွဲ့သည် ဘေးသို့ ခဏထွက်ကာ အန်းရန်ကို ဖုန်းဆက်ပြီးနောက် ပြန်ရောက်လာခဲ့သည်။
“မင်းတို့ကျွန်းက ဒီအနွေးထည်တွေက တကယ်နွေးတာပဲ။ ငါတို့ အဝတ်အစားတွေထက် အများကြီး ပိုနွေးတယ်။”
ဘုရင်ကြီးက မှတ်ချက်ပေးလိုက်၏။
“အခုလောလောဆယ် ကျွန်တော်မျိုးတို့ရဲ့ ထုတ်လုပ်မှု အင်အားက အကန့်အသတ် ရှိနေသေးတော့ အရန်သင့်ရှိတာ သိပ်မများဘူး။ ဒါပေမဲ့ အရှင်မင်းကြီးတို့ လိုချင်တယ်ဆိုရင်တော့ တစ်သုတ် ရောင်းပေးလို့ ရပါတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကဲ... ရောက်ပါပြီ။”
ရှောင်းယီသည် ရှေ့သို့ တိုးကာ အိမ်တံခါးတစ်ခုကို ခေါက်လိုက်၏။ အတွင်းမှ “လာပါပြီ” ဟူသော အသံကို ကြားလိုက်ရပြီးနောက် တံခါး ပွင့်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ရောက်လာတာလား။”
ရှောင်းယီကို မြင်သောအခါ ထိုသူက ရိုသေစွာ နှုတ်ဆက်လိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ပြောလိုက်၏။
“အိမ်ထဲက အပူပေးစနစ် အခြေအနေကို ကြည့်ဖို့ ဧည့်သည် ခေါ်လာတယ်။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အထဲကြွပါဗျ။”
ထိုလူက ရှောင်းယီတို့အဖွဲ့ကို အိမ်ထဲသို့ အလျင်အမြန်ဖိတ်ခေါ်လိုက်သည်။
အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူပုဘုရင်သည် နွေးထွေးသောလေထုကို ချက်ချင်းပင် ခံစားလိုက်ရ၏။ အဲယားကွန်းခန်းထက်ပင် ပို၍ နွေးနေသေးသည်။
ရှောင်းယီသည် ထောင့်တွင်ရှိသော ငွေဖြူရောင် အပူပေးကိရိယာကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။
“ဒီကနေ ထွက်လာတဲ့ အပူကြောင့် တစ်ခန်းလုံး နွေဦးကာလလို နွေးနေတာပါ။”
လူပုဘုရင်သည် အနားသို့ အနည်းငယ် တိုးသွားပြီး အပူရှိန်ကို ပိုမိုခံစားလိုက်ရသည်။ သူက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ဒါကို ဘယ်လို လုပ်ထားတာလဲ။”
ရှောင်းယီက ရှင်းပြလိုက်ရာ ဘုရင်ကြီးက အနည်းနှင့်အများ နားလည်သွားခဲ့သည်။
“ဒီလိုမျိုး အပူပေးနိုင်တာလား။ တကယ့်ကို အံ့မခန်းပဲ။ စောစောက ပြောတဲ့ ငါတို့အတွက် ဆောက်ပေးမယ့် အိမ်တွေမှာလည်း ဒါတွေ ပါမှာလား။”
“ဒါပေါ့။ ဒါတွေတင် မကဘူး၊ ဒါလည်း ပါမှာပါ။”
ရှောင်းယီက အပေါ်မှ ချိတ်ဆွဲထားသော လျှပ်စစ်မီးသီးကို ညွှန်ပြလိုက်၏။ အိမ်ရှင်ဖြစ်သူကလည်း အလိုက်သင့်ပင် ခလုတ်ကို အဖွင့်အပိတ် လုပ်ပြလိုက်သည်။
လူပုဘုရင်မှာ တောသား မြို့တက်သလိုပင် လျှပ်စစ်မီးသီးကို စူးစမ်းစွာ ကြည့်နေမိ၏။
“ဒါက မင်းစောစောက ပြောတဲ့ လျှပ်စစ်ကို သုံးပြီး အလင်းထုတ်ပေးတဲ့ အရာလား။”
“ဟုတ်ကဲ့။ ဒါပေမဲ့ လျှပ်စစ်က တော်တော်လေး အန္တရာယ် များပါတယ်။ အရှင်မင်းကြီးတို့ မပြောင်းခင်မှာ သေချာလေ့ကျင့်မှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“ကောင်းပြီ။”
ဘုရင်ကြီးက ပြန်ဖြေလိုက်၏။
ထိုစဉ် အနီးရှိ အန်းယွဲ့က ဖုန်းဖြေပြီးနောက် ရှောင်းယီကို လှမ်းပြောလိုက်သည်။
“ကျွန်းပိုင်ရှင် လော့စ်က အုတ်မြစ်ကျောက်တွေနဲ့အတူ ရောက်နေပါပြီ။”
အခန်း (၇၁၄) - အုတ်မြစ်ကျောက် ၅၀ ဘီလီယံ ရရှိခြင်းနှင့် ကျွန်းနယ်မြေ ချဲ့ထွင်ခြင်း
“ဒီလောက်တောင် မြန်တယ်လား။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။ ဤမျှများပြားသော အုတ်မြစ်ကျောက်အရေအတွက်ကို ရေတွက်ရန်ပင် အချိန်အတော်ပေးရမည် မဟုတ်ပါလော။ ဘေးရှိ လူပုဘုရင်က ပြုံးကာ ရှင်းပြလိုက်သည်။
“ဒါက ၃၀ ဘီလီယံ အတိအကျမို့ပါ။ ငါတို့ဆီမှာ ၁၀ ဘီလီယံကိုကို အထုပ်ကြီးတစ်ထုပ်စီ သီးသန့် သိမ်းဆည်းထားလေ့ရှိတော့ အထုတ်လိုက် ထုတ်ပေးရုံပါပဲ။”
ရှောင်းယီ ချက်ချင်းပင် နားလည်သွားခဲ့သည်။
“ဪ... ဒါကြောင့်ကိုး။”
စကားပြောရင်း သူတို့သုံးဦးသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသို့ ကားဖြင့် ရောက်ရှိလာခဲ့ကြသည်။
ယခုတစ်ခေါက်မှာ ပမာဏ အလွန်များပြားလှသဖြင့် အလတ်စားတည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုခဲ့ကြ၏။ တည်နေရာကူးပြောင်းခြင်းအစီအရင်ဘေးရှိ ပလာဇာပေါ်တွင် အုတ်မြစ်ကျောက်များ ထည့်ထားသည့် သေတ္တာများမှာ တောင်ပုံရာပုံ ဖြစ်နေလေပြီ။
“ကျွန်းပိုင်ရှင်ရှောင်း ရေတွက်ဖို့ လူစီစဉ်လိုက်ပါဦး။”
လူပုဘုရင်က သေတ္တာများကို ညွှန်ပြရင်း ပြောလိုက်သည်။ ရှောင်းယီက ခေါင်းခါယမ်းလိုက်၏။
“ကျွန်တော်မျိုးတို့ အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ခဲ့ပြီးပြီပဲ။ တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိပါတယ်။ ဒီတစ်ခေါက် ရေတွက်မနေတော့ပါဘူး။ အရှင်မင်းကြီးကို ကျွန်တော်မျိုး ယုံပါတယ်။”
ဘုရင်ကြီးသည် ရှောင်းယီ၏ လုပ်ရပ်ကို အလွန်ကျေနပ်သွားခဲ့သည်
“မဆိုးဘူး ကျွန်းပိုင်ရှင်ရှောင်းက ငါတို့ လူပုမျိုးနွယ်စုရဲ့ ထာဝရ မိတ်ဆွေပဲ။”
“ဒါပေါ့။ လူပုမျိုးနွယ်စုကလည်း ကျွန်တော်မျိုးတို့ရဲ့ ထာဝရ မိတ်ဆွေတွေပါပဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မိတ်ဆွေအနေနဲ့ ငါ ဒီမှာ နောက်ထပ် နှစ်ရက်လောက် ထပ်နေဦးမယ်။”
ဘုရင်ကြီးက ဆို၏။
“တကယ်ကို ကြိုဆိုပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကဲ... မင်း အလုပ်ရှိရင် သွားလုပ်တော့။ လော့စ်နဲ့ ငါ ဒီနားတစ်ဝိုက် လျှောက်ကြည့်လိုက်ဦးမယ်။”
ဘုရင်ကြီးက ခေါင်းငြိမ့်ပြလိုက်၏။
ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီး အန်းယွဲ့ကို မှာကြားလိုက်သည်။
“ဦးလေးအန်း သူတို့နဲ့ အတူတူ လိုက်သွားပေးပါဦး။ သူတို့ ဘာလိုအပ်တာရှိရှိ တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
“ဘုရင်ကြီးနဲ့ လော့စ်... ကျွန်တော်မျိုး အရင်ဆုံး အရှင်မင်းကြီးတို့ ကျွန်းကို ချဲ့ထွင်ဖို့နဲ့ ဆောက်လုပ်ရေး ဝန်ထမ်းတွေ စီစဉ်ဖို့ သွားလိုက်ပါဦးမယ်။ ခွင့်ပြုပါဦး။”
ရှောင်းယီက လက်အုပ်ချီ နှုတ်ဆက်ကာ ပြောလိုက်၏။
“ငါတို့က မိတ်ဆွေတွေပဲ အားနာနေစရာ မလိုပါဘူး။”
ဘုရင်ကြီးက ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် ခေါင်းငြိမ့်ပြပြီးနောက် ထွက်ခွာလာခဲ့သည်။
သူသည် လော့စ် သယ်ဆောင်လာသော အုတ်မြစ်ကျောက်များ ရှိရာသို့ ရောက်ရှိလာပြီး စတင် သိမ်းဆည်းလိုက်၏။
“ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၃၀ ဘီလီယံ။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၆၀ ဘီလီယံ။”
ဤ ၆၀ ဘီလီယံထဲမှ ၁၀ ဘီလီယံကို လူပုဘုရင့်နိုင်ငံတော်အတွက် ကျွန်းချဲ့ထွင်ရာတွင် အသုံးပြုရမည်ဖြစ်ပြီး ကျန်ရှိသော ဘီလီယံ ၅၀ မှာ ရှောင်းယီ၏ အသားတင် အမြတ်ဖြစ်သွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်လာသောအခါ ရှောင်းယီသည် အနည်းငယ် စဉ်းစားကြည့်လိုက်၏။ လူပုဘုရင့်နိုင်ငံတော်သို့ ရောင်းချမည့် ကျွန်းကို ယခုချက်ချင်း မချဲ့ထွင်သေးရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းများကို ယခုချက်ချင်း အကောင်အထည် မဖော်နိုင်သေးဘဲ ယခု ချဲ့ထွင်လိုက်ပါက အမှိုက်သရိုက်များနှင့် ရှုပ်ပွနေသော အရာများသာ ထွက်ပေါ်လာမည် ဖြစ်သည်။ သွမ့်ပေယန်တို့အဖွဲ့ ဤကျွန်းအတွက် ပုံစံထုတ်ပြီးမှသာ ချဲ့ထွင်ခြင်းက ပိုကောင်းပေလိမ့်မည်။
အန်းရန် တင်သွင်းထားသော အပူပေးစက်ရုံများနှင့် အပူပေးကိရိယာများ အလုအယက် အဝယ်ခံနေရသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ပို၍ပင်စိတ်ကြည်သွား၏။
သူသည် ဂရုထဲသို့ သတိပေးချက်တစ်ခု ပို့လိုက်သည်။
“ဒီအပူပေးစက်ရုံက လျှပ်စစ်မီး စားပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက် မဝယ်ထားရသေးရင် ဒါကို မဝယ်တာ အကောင်းဆုံးပါပဲ။”
“သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။ ဒီဆောင်းရာသီကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုပြီး တွေးပူနေတာ။ သူဌေးက ဒီလို အပူပေးစနစ်တွေ ထုတ်ပေးလိမ့်မယ်လို့ မထင်ထားမိဘူး။”
“ဟုတ်တယ်။ ကျုပ်က အအေးကို အကြောက်ဆုံး။ အခာ ဒါရှိသွားပြီဆိုတော့ စိတ်ပူစရာ မလိုတော့ဘူး။”
“သူဌေးကို တကယ် အားကျတယ်။ ကျွန်းပေါ်မှာ အပန်းဖြေစခန်းလိုမျိုး BUG အဆင့် အဆောက်အအုံ ရှိနေတာတောင် အခု အပူပေးစက်ရုံတွေပါ ထပ်ရထားသေးတယ်။”
“ဒါက သဘာဝပဲလေ။ သူဌေးရဲ့အင်အားက ပိုတောင့်တင်းလာလေလေ၊ သူရတဲ့ ပစ္စည်းတွေက ပိုကောင်းလာလေလေပဲ။ အဲဒီ အပန်းဖြေစခန်းက သေးလွန်းပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံး အဲဒီထဲ ထည့်ထားဖို့က မဖြစ်နိုင်ဘူး။”
“သေးတယ် ဟုတ်လား။ ကျုပ်ကြည့်တာတော့ မသေးပါဘူး။ ဘားတွေ၊ ကစားကွင်းတွေ၊ ဧည့်ခန်းတွေ ပါတာပဲ။ လူတစ်ထောင်လောက်တော့ အေးဆေး ဆံ့ပါတယ်။”
“အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ လူအများကြီး တစ်ပြိုင်နက် ဝင်သွားရင်တော့ နည်းနည်း ကျပ်သွားလိမ့်မယ်။”
လူတိုင်း အပန်းဖြေစခန်းအကြောင်း ဆွေးနွေးနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ဂရုထဲတွင် စာတစ်စောင် တင်လိုက်၏။
“ယီရန်ပင်းအပန်းဖြေစခန်းကို အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ။ လက်ခံနိုင်တဲ့ ခရီးသည် အရေအတွက်လည်း တိုးလာပါတယ်။ အခုကစပြီး နေ့စဉ် ဘွတ်ကင်နေရာပေါင်း ၁,၀၀၀ ဖွင့်ပေးပါမယ်။ ယီထျန်းအဖွဲ့အတွက် ၈၀၀ နဲ့ ဈေးကွက်ခန်းမအတွက် ၂၀၀ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟိုတယ်တည်းခိုခန်းတွေကိုလည်း ဖွင့်လှစ်ပေးထားပြီး ခရီးသည်တွေအနေနဲ့ တည်းခိုဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ တည်းခိုချိန်က ၃ ညထက် မပိုရပါဘူး။”
“ချီး... စောစောက ဘယ်သူက သေးတယ်လို့ ပြောတာလဲ။ သူဌေးက အဆင့်မြှင့်လိုက်ပြီတဲ့ဟ။”
“မဖြစ်နိုင်တာ။ အဆင့်မြှင့်တယ်ဆိုတာ အလှဆင်တာလောက်ပဲ ဖြစ်မှာပါ။ သူဌေးကတော့ အုတ်မြစ်ကျောက်တွေ ရှာဖို့အတွက် နေရာတွေ အများကြီး ထပ်တိုးပေးပြီး သူ့ရဲ့ ကုန်သည်ဗီဇကို ပြန်ပြနေပြီ။”
“ဟုတ်တယ်။ လူတစ်ထောင်သာ တစ်ပြိုင်နက် ဝင်လာရင် ဘားထဲမှာ ဆံ့မှာ မဟုတ်ဘူး။”
“ကျုပ်ကတော့ သူဌေးယိရန်ပင်းကို ယုံတယ်။ သူက ခရီးသည် ပိုဆံ့လာပြီလို့ ပြောရင် တကယ် ချဲ့လိုက်တာပဲ ဖြစ်ရမယ်။ သွားကြည့်ဖို့ ဘွတ်ကင် လုပ်လိုက်ဦးမယ်။ ဟိုတယ်မှာလည်း တည်းခိုကြည့်ချင်တယ်။”
“အပေါ်ကလူက တကယ့် သူဌေးပဲ။ ဟိုတယ်ခက ဈေးကြီးမှာ သေချာတယ်။”
“သူဌေး မဟုတ်ပါဘူးဗျာ။ အခုက အုတ်မြစ်ကျောက်ရနိုင်တဲ့ လမ်းစတွေ များလာပြီဆိုတော့ လက်ထဲမှာ အနည်းအကျဉ်းတော့ စုမိနေပြီ။ ပြီးတော့ နောက်ထပ် ဒီကမ္ဘာကြီးက ကျုပ်တို့ကို ဘာတွေလုပ်ဦးမလဲဆိုတာ မသိနိုင်ဘူးလေ။ အချိန်ရှိခိုက် အကောင်းဆုံး ခံစားထားတာ ပိုကောင်းပါတယ်။”
“ညီအစ်ကို... တကယ့်ကို ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်ပဲ။”
ဆုဝမ်ကို ဘွတ်ကင် အရေအတွက် တိုးခိုင်းလိုက်ပြီးနောက် ရှောင်းယီသည် မိမိ၏ကျွန်းကို စတင် ချဲ့ထွင်လိုက်တော့သည်။ သူသည် အရင်က ရထားသော အုတ်မြစ်ကျောက်များကို မသုံးဘဲ လူပုဘုရင့်နိုင်ငံတော်မှ ရရှိသော အသားတင် အမြတ် အုတ်မြစ်ကျောက် ၅၀ ဘီလီယံကိုသာ အသုံးပြုခဲ့၏။
“အသုံးပြုမှု အောင်မြင်ပါသည်။ ကျွန်းဧရိယာသည် စတုရန်းကီလိုမီတာ ၅၅,၀၀၀ ထိ တိုးချဲ့ပြီးဖြစ်သည်။”
ရှောင်ယီ အပြင်ဘက်သို့ ကြည့်လိုက်ရာ စနစ်မှ ညွှန်ကြားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျွန်းငယ်:ဧရိယာ ၅၅,၀၀၀ စတုရန်းကီလိုမီတာ၊ အုတ်မြစ်ကျောက်များကို ပင်လယ်ရေ တိုက်စားမှုနှုန်း ၆၆.၆၆%...”
ပြီးခဲ့သော အကြိမ် ဆုလာဘ်နှစ်ဆ အခြေအနေတွင် ကျွန်းဧရိယာမှာ စတုရန်းကီလိုမီတာ ၅,၀၀၀ ပင် မပြည့်သေးပေ။ ယခုတစ်ခေါက်တွင်မူ တိုက်ရိုက် ၁၀ ဆ တိုးသွားလေပြီ။
“နေ့တိုင်းသာ ဆုလာဘ်နှစ်ဆရရင် ဘယ်လောက် ကောင်းလိုက်မလဲ။”
ရှောင်းယီက ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်မိသည်။
ထိုအရာမှာ စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။ နှစ်ဆရနိုင်ခြေမှာ ၁၀% သာ ရှိ၏။ နောက်ဆုံး နှစ်ကြိမ် ဆုလာဘ်နှစ်ဆရခဲ့သည်မှာ ၃ ရက်သာ ခြားသဖြင့် နောက်တစ်ကြိမ် ရရန်မှာ အတော်လေး ကြာဦးမည်ဟု ခန့်မှန်းရသည်။
ရှောင်ယီ ခေါင်းခါရင်း ထိုစိတ်ကူးယဉ်မှုများကို မေ့ဖျောက်လိုက်၏။
အားလုံး ပြီးစီးသွားသောအခါ ရှောင်းယီသည် ကားပေါ်တက်၍ အပန်းဖြေစခန်းသို့ ထွက်ခွာလာခဲ့သည်။ အဆင့်မြင့် သယ်ယူပို့ဆောင်ရေး ယာဉ်ရှိနေပြီဖြစ်ရာ မြင်းလှည်းကို သုံးနေရန် မလိုတော့ပေ။
အပန်းဖြေစခန်းသို့ ရောက်လာသောအခါ ရှောင်းယီသည် သွမ့်ပေယန်တို့အဖွဲ့ကို အရင်ရှာလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီဇိုင်းပုံစံတွေ လိုအပ်တဲ့ အလုပ်ရှိလို့လား။”
သွမ့်ပေယန်က မေးလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်တယ်။ ခင်ဗျားတို့ကို လူပုဘုရင်နဲ့ အရင် မိတ်ဆက်ပေးမယ်။ ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ဖောက်သည်က သူတို့ပဲ။”
“လူပုဘုရင့်နိုင်ငံတော်လား။ တကယ်ပဲ အဲဒီလို မျိုးနွယ်စုတွေ ရှိတာလား။”
သွမ့်ပေယန်က အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါပေါ့။ ကျုပ်တို့ အရောင်းအဝယ်တွေတောင် အများကြီး လုပ်ပြီးပြီ။”
ရှောင်းယီသည် သူတို့ကို ဘားဆီသို့ ခေါ်လာခဲ့သည်။
လူပုဘုရင်သည် ကစားကွင်းတွင် ခေတ္တကစားပြီးနောက် ဘားသို့ ပြန်လာကာ အနားယူနေကြောင်း အန်းယွဲ့ထံမှ သိထား၏။
“ဟေး... သူငယ်ချင်း မင်းရဲ့ ကစားကွင်းက တကယ့်ကို ပျော်စရာကောင်းတာပဲ။ ငါ ဒီမှာပဲ ထာဝရနေချင်စိတ် ပေါက်သွားတယ်။”
ဘုရင်ကြီးက စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ကျွန်တော်မျိုးတို့နဲ့အတူ ဒီမှာ ကြာကြာနေဖို့ ကြိုဆိုပါတယ် အရှင်မင်းကြီး။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။ ဘုရင်ကြီးက ခေါင်းခါယမ်းလိုက်သည်။
“နှမြောစရာပဲ။ အဲဒီလို အတွေးမျိုးက စိတ်ကူးယဉ်လို့ပဲ ကောင်းတယ်။”
“ထာဝရ မနေနိုင်ရင်တောင် ရံဖန်ရံခါ အနားယူဖို့ လာလို့ရပါတယ်။”
ရှောင်းယီက စကားလမ်းကြောင်းပြောင်းရင်း ဘေးရှိ လူနှစ်ဦးကို ညွှန်ပြကာ ပြောလိုက်သည်။
“မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ယောက်က ကျွန်တော်မျိုးရဲ့ကျွန်းက ဒီဇိုင်နာတွေပါ။ သူတို့က အရှင်မင်းကြီးတို့ရဲ့ အဆောက်အဦး အရွယ်အစားတွေနဲ့ အတွင်းပိုင်းဖွဲ့စည်းပုံတွေကို တိုင်းတာဖို့ လိုပါတယ်။ ဒါမှ အရှင်မင်းကြီးတို့ရဲ့ တော်ဝင်မြို့တော်ကို ကျွန်းပေါ်မှာ ပုံစံတူ ပြန်ဆောက်ပေးနိုင်မှာပါ။”