← Chapters

ဧရာမ ငှက်ကြီး

Vol. 21 Ch. 281

ဧရာမ ငှက်ကြီး

Vol. 21 Ch. 281

စုမင် မတ်တပ်ထရပ်လိုက်ပြီး သူ့အကြည့်က ပိုင်စု၏ပန်းချီကားပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းပိတ်လိုက်သည်။ ခဏအကြာတွင် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်အစွန်းတွင် ရပ်လိုက်သည်။

ကောင်းကင်က လုံးဝမှောင်မိုက်သွားပြီဖြစ်သော်လည်း အောက်ခြေရှိ ရေခဲနှင့်နှင်းများသည် အဖြူရောင်အလင်းတစ်ဖြာဖြင့် တောက်ပနေဆဲဖြစ်သောကြောင့် ကုန်းမြေအား အမှောင်ထုက လုံးဝဖုံးလွှမ်းသွားခြင်းမရှိပေ။

စုမင်ရပ်နေသော စင်မြင့်သည် နဝမတောင်ထွတ်၏ တောင်ထိပ်အနီးတွင် ဖြစ်သည်။ သူရပ်နေသောနေရာသည် မြေပြင်နှင့် ပေသိန်းပေါင်းများစွာ ဝေးကွာသည်ဟုပင် ပြောဆိုနိုင်ချေသည်။ အကယ်၍ သာမန်လူတစ်ဦးသာ ခေါင်းငုံ့ကြည့်လိုက်မည်ဆိုလျှင် ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်းများ ဖြစ်ပေါ်လာရန်မခက်ခဲကြောင်း တွေ့ရပေလိမ့်မည်။

စုမင် ထိုနေရာတွင်ရပ်ကာ ငုံ့ကြည့်နေရင်း သူ့မျက်လုံးများက တောက်ပလို့လာသည်။

‘ရွှေရောင်ငှက်ကြီးက ကမ္ဘာပေါ်မှာရှိတဲ့ လေတွေကိုစီးနင်းပြီး နဝမကောင်းကင်အထက်ကို ပျံသန်းခဲ့တယ်။ လူရိုင်းမျိုးနွယ်စု အထွတ်အမြတ်သားရဲရဲ့ လှုပ်ရှားမှုတွေကို ပုံတူကူးဖို့ကြိုးစားတာက လွယ်မှာမဟုတ်ဘူး။ ငါ့ကိုယ်ပိုင်ကိုပဲ ဖန်တီးရလိမ့်မယ်...’

‘အကယ်၍ ငါ့မှာ ရွှေရောင်ငှက်ကြီးရဲ့ နှလုံးသားလည်းမရှိ၊ ရွှေရောင်ငှက်ကြီးရဲ့ အလိုဆန္ဒကိုလည်း မခံစားနိုင်ဘူးဆိုရင်၊ သူ့ရဲ့စိတ်ဝိညာဉ်ကို နားလည်သဘောပေါက်နိုင်ဖို့က ခက်လိမ့်မယ်… အဲလိုဆိုရင်… ရွှေရောင်ငှက်ကြီးရဲ့ နှလုံးသားနဲ့ အလိုဆန္ဒက ဘာများလဲ…’

စုမင် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီးနောက် မျက်လုံးများကို မှိတ်ချလိုက်သည်။ ထို့နောက် ညာခြေကိုမြှောက်လိုက်ပြီး စင်မြင့်၏နယ်နိမိတ်ကိုကျော်၍ ချောက်ကြီးထဲသို့ တည့်တည့်ခုန်ဆင်းလိုက်သည်။

ထိုခြေတစ်လှမ်းတည်းနှင့် သူ့ခန္ဓာကိုယ်က လေထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ ရုပ်နယ်လွန်စွမ်းအားကို လှည့်ပတ်ခြင်းမရှိ၊ မည်သည့်ထူးဆန်းသောရတနာကိုမှ အသုံးပြုခြင်းမရှိသဖြင့် စုမင်ခန္ဓာကိုယ်က တောင်အောက်သို့ ကျောက်တုံးတစ်တုံးသဖွယ် စတင်ကျဆင်းလာခဲ့သည်။

ကျဆင်းနေရင်းဖြင့် သူ့အရှိန်က ပိုမိုလျင်မြန်လာပြီး လျင်မြန်လွန်းသဖြင့် လေထုကိုပိုင်းဖြတ်သကဲ့သို့ ဆူညံသောလေတိုးသံများပင် ထွက်ပေါ်လာခဲ့သည်။ စုမင်သည် မျက်လုံးများကိုမှိတ်၍ လက်များကို ဖြန့်ကားထားသည်။ ဆက်လက်ကျဆင်းနေရင်းဖြင့် တိမ်စိုင်များကိုဖြတ်သန်းဟိန်းဟောက်နေသော ရွှေရောင်ငှက်ကြီး၏ပုံရိပ်က သူ့ခေါင်းထဲတွင် ဖြစ်ပေါ်လာသည်။

‘ကမ္ဘာကိုဖြတ်ပြီးပျံသန်းနေတဲ့အချိန်မှာ ရွှေရောင်ငှက်ကြီးရဲ့ နှလုံးသားနဲ့ အလိုဆန္ဒက ထင်ဟပ်နေလိမ့်မယ်။ သူ့မျက်လုံးထဲမှာတော့ ဒီကမ္ဘာမှာ သူ့လမ်းကြောင်းကို ရပ်တန့်စေနိုင်တဲ့အရာ ဘာမှမရှိဘူး။ ဒီကျယ်ပြောတဲ့ကောင်းကင်ကြီးထဲမှာ သူ အဆုံးမရှိ ပျံသန်းနိုင်တယ်’

စုမင် ပိုမိုလျင်မြန်စွာ ကျဆင်းလာပြီး နားအတွင်းရှိလေတိုးသံများသည်လည်း ပိုမိုကျယ်လောင်လာခဲ့သည်။ လေတို့သည် အရာအားလုံးကို ဆုတ်ဖြဲပစ်နေသည့် ပုံစံများဖြစ်ပြီး လေတိုးသံများထဲတွင် ထူးဆန်းသောအသံတစ်ခု ပေါင်းစပ်ပါဝင်နေသကဲ့သို့ပင်။

ပေ ၁၀၀၀၀၊ ပေ ၂၀၀၀၀၊ ပေ ၃၀၀၀၀… ကျဆင်းနေရင်း စုမင်မျက်လုံးများက ပိတ်ထားဆဲဖြစ်သည်။ သူ့စိတ်ထဲတွင်တော့ ရွှေရောင်ငှက်ကြီးမှအပ အခြားမည်သည့်အရာမှ ရှိမနေခဲ့ပေ။

ပေ ၄၀၀၀၀၊ ပေ ၅၀၀၀၀… ပေ ၈၀၀၀၀ခန့် ကျဆင်းပြီးသွားသောအခါ စုမင်ခန္ဓာကိုယ်သည် တောင်ခြေနှင့် အလွန်နီးကပ်သွားချေပြီ။ သူ့ခန္ဓာကိုယ်သည် ကြယ်တံခွန်တစ်လုံးသဖွယ် မြေပြင်ဆီသို့ ဦးတည်ကျဆင်းသွားချိန်တွင် စုမင်ခန္ဓာကိုယ်အတွင်းမှ သွေးများသည် ပြောင်းပြန်လှည့်ပတ်လာကြပြီး သူ့ခေါင်းထဲသို့ တိုးဝင်လာကြသဖြင့် သူ့ခေါင်းထဲတွင် တဝီဝီမြည်သံများ ဖြစ်ပေါ်လာစေသည်။

တဝီဝီမြည်သံများ ပိုမိုကျယ်လောင်လာပြီး တစ်ဖြည်းဖြည်းဖြင့် စုမင်၏စိတ်ဆန္ဒက မှုန်မှိုင်းဝေဝါးသွားသည်။ ရွှေရောင်ငှက်ကြီးသည်လည်း သူ့ခေါင်းထဲမှ တစ်ဖြည်းဖြည်း စတင်မှုန်ဝါးပျောက်ကွယ်လာသည်။

၎င်းက ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်မှာပင် စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။  ထိုသို့လုပ်လိုက်သည်နှင့် သူ့ခေါင်းထဲမှ တဝိဝီမြည်သံများသည်လည်း ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေနိုင်မည့် ဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားသည်။ စုမင်ခေါင်းထဲမှ ရွှေရောင်ငှက်ကြီးသည်လည်း ၎င်း၏ခေါင်းကြီးကိုကောင်းကင်သို့မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

‘ရွှေရောင်ငှက်ကြီးရဲ့နှလုံးသားက လွတ်လပ်မှုကို ကိုယ်စားပြုတယ်။ သူ့ရဲ့အလိုဆန္ဒက အကန့်အသတ်မရှိ လွတ်လပ်မှုကိုရဖို့ ကြိုးပမ်းနေတာပဲ။ အဲဒါကြောင့်ပဲ သူ့ကို ယဉ်ပါးအောင်လုပ်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲနေတာ။ သူ့ကို ယဉ်ပါးအောင်လုပ်လိုက်တာနဲ့ ငှက်ကြီးက နောက်ထပ် လွတ်လပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ အဲဒါက သူ့စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲဖြစ်လိမ့်မယ်’

‘ဆရာ့ရဲ့ရွှေရောင်ငှက်ကြီးမှာတော့ သူ့လွတ်လပ်ခွင့်ကို ဆရာက ကန့်သတ်ထားတာမျိုးမရှိတာ ရှင်းနေတာပဲ။ လူရိုင်းတွေရဲ့နယ်မြေထဲမှာ သူဆန္ဒရှိသလို ပျံသန်းနေလို့ရတယ်။ ဆရာသူ့ကို လိုအပ်မှသာ ပေါ်လာပေးရတာ… တစ်ခြားအကြောင်းအရင်းတွေလည်း ရှိရမယ်။ အဲလိုမဟုတ်ပဲနဲ့ ဘာအကြောင်းပြချက်မှ မရှိပဲ ဆရာ့ရဲ့အမိန့်တွေကိုပဲ နာခံနေရမယ်ဆိုရင်တော့ အဲဒါက သူ့ကို အရမ်းစိတ်ညစ်စေလိမ့်မယ်’

စုမင်မျက်လုံးများထဲတွင် သဘောပေါက်နားလည်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ဆက်လက်ကျဆင်းနေသော်လည်း သူ့ကိုယ်သူရပ်တန့်ရန် မည်သည့်အရာမှ မလုပ်ခဲ့ပေ။ ထိုအစား သူ့ခန္ဓာကိုယ်အား မြေပြင်ထက်ရှိ ရေခဲပြင်ဆီသို့ နီးကပ်သွားစေခွင့်ပြုထားပြီး ညာလက်ကိုမြှောက်၍ ကောင်းကင်သို့ မျဉ်းနှစ်ကြောင်းဆွဲသားလိုက်သည်။

ထိုမျဉ်းနှစ်ကြောင်းထဲတွင် စုမင်၏ခွန်အားများ၊ သူ၏သဘောပေါက်နားလည်ထားမှုများ၊ ရွှေရောင်ငှက်ကြီး၏ အလိုဆန္ဒအပေါ် သိမြင်နားလည်ထားမှုများအားလုံး ပါဝင်နေခဲ့သည်။ မျဉ်းနှစ်ကြောင်းအား ဆွဲသားပြီးသည့်အခိုက်အတန့်တွင်တော့ စုမင်သည် မြေပြင်နှင့် ပေ၁၀၀၀ခန့်တောင် မဝေးတော့ပေ။ အန္တရာယ်ရှိသည်ဟူသောအသိက စုမင်စိတ်နှင့် ခန္ဓကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော်လည်း သူထိုအရာကို ခုခံကာကွယ်ခြင်းမပြုခဲ့ပေ။ မြေပြင်နှင့် ပေဒါဇင်အနည်းငယ်ခန့်သာ ဝေးတော့ချိန်တွင် ပြီးပြည့်စုံသည့် မျဉ်းကြောင်းတစ်ခုကို စုမင်ဆွဲသားပြီးသွားချေပြီ။

... ပြီးနောက်တွင်တော့ စုမင်ခန္ဓာကိုယ်သည် လေထဲသို့ထိုးတက်သွားပြီး ကောင်းကင်သို့ တည့်တည့်တိုးဝင်သွားလေသည်။ စုမင်သည် အလွန်လျင်မြန်စွာ ပျံသန်းနေပြီး သူ့ရှေ့တွင်ရှိနေသော အရာသည် အဆုံးမဲ့ကောင်းကင်ကြီးဖြစ်သော်လည်း စုမင်ခန္ဓာကိုယ်ကတော့ တောင်များနှင့် ဝင်တိုက်မိနေသည်ဟု ခံစားနေရချေ၏။

ဤခံစားချက်သည် မယုံနိုင်လောက်အောင်ပင် သန်မာလွန်းသဖြင့် ၎င်းက သူ့စိတ်ကူးစိတ်သန်းသက်သက် မဟုတ်ဟုပင် ဆိုနိုင်လောက်ပေသည်။ ထိုအရာသည် လေထုအားသူ့ခန္ဓာကိုယ် ဖြတ်သန်းတိုက်မိနေချိန်တွင် သူခံစားနေရသည့် အစစ်အမှန်နာကျင်မှု ဖြစ်သည်။

သူ့ခန္ဓာကိုယ်သည် တောင်တန်းများနှင့်တိုက်မိနေသည်ဟု စုမင်ခံစားမိနေရင်းမှာပင် သူ့မျက်လုံးများထဲတွင် ကောင်းကင်နှင့်မြေပြင်ကြားအကွာအဝေးက အဆပေါင်းများစွာ တိုတောင်းသွားသကဲ့သို့ပင်။ ကောင်းကင်နှင့်မြေပြင်အကြားရှိ နေရာနှစ်ခုနှင့် မျဉ်းကြောင်းနှစ်ခုသည် အတူတကွပေါင်းစပ်သွားသည်နှင့်တူသည်။ ထိုသို့ဖြစ်သွားသည်နှင့် ၎င်းတို့၏အနေအထားများကလည်း ချက်ချင်းပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်တွင် ၎င်းအရာများအားလုံးကို စုမင်ခံစားနေရ၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ထဲတွင် အနက်ရောင်အစက်အပြောက်လေးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ စုမင်မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုများဖြစ်ပေါ်လာသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း စူးရှပြင်းထန်သော နာကျင်မှုများကို ခံစားနေရလေသည်။ ထိုအချိန်အတောအတွင်း သူသည် မြေပြင်မှနေ၍ ကောင်းကင်ဆီသို့ တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် ထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က ထိုအရှိန်နှုန်းကို တောင့်မခံနိုင်ပေ။ သူ၏ယခုလက်ရှိ ခံနိုင်စွမ်းနှင့်သာ ဤအရှိန်နှုန်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်က စုတ်ပြဲသွားလိမ့်မည်ဖြစ်ကြောင်း စုမင်ပြောနိုင်၏။

‘ဒါက… ရွှေရောင်ငှက်ကြီးရဲ့ အမြန်နှုန်းလား… မဟုတ်ဘူး၊ ဒါက ငှက်ကြီးလောက် မမြန်ဘူး။  ငါက နည်းနည်းပိုနှေးနေသေးတယ်… ဒါပေမယ့် ဒါကတောင် အံ့သြဖို့ကောင်းနေပြီ’

စုမင်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး သူထိုအရှိန်နှုန်းကို ဆက်မသုံးဝံ့တော့ပေ။ နဝမတောင်ထွတ်ပေါ်ရှိ သူ့စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်ပြီး ချက်ချင်း ထိုင်ချလိုက်သည်။ သူ့ပါးစပ်မှ သွေးများစီးကျလာခဲ့သည်။

သို့သော် သွေးအန်ရကျိုးနပ်သည်ဟု စုမင်ခံစားနေရ၏။ တစ်ကြိမ်သွေးအန်လိုက်ရသော်လည်း အတောင်ပံများကို ဖြန့်ထားသည့် ရွှေရောင်ငှက်ကြီး၏ အလိုဆန္ဒကို သူနားလည်သဘောပေါက်ခဲ့ပြီး ထိုအရာကို သူ့ရုပ်ပုံထဲသို့ ထည့်သွင်းနိုင်ခဲ့သည်။ ထိုအရာက လုံလောက်ပေသည်။

‘ငါ့ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာသေးဘူး။ ငါသာ လုံလောက်အောင် သန်မာပြီး ဒီအမြန်နှုန်းနဲ့ ကြာရှည်နေနိုင်ပြီဆိုရင်… ကျောက်စိမ်းဓားမြှောင်ကတောင် လိုက်မီတော့မှာမဟုတ်ဘူး’

စုမင်နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ တိုက်ဆိုင်မှုကြောင့် ရွှေရောင်ငှက်ကြီး၏ အမြန်နှုန်းကို သဘောပေါက်နားလည်သွားခြင်းဖြစ်သည်ဟု ဆိုနိုင်၏။ သူမ၏ပုံဆွဲကားချပ်ပေါ်တွင် ပိုင်စုဆွဲသားထားခဲ့သော ပုံကြောင့်သာမဟုတ်လျှင် စုမင် ထိုအကြောင်းကို စဉ်းတောင် စဉ်းစားမိမည်မဟုတ်ပေ။

ပိုင်စု၏ပုံဆွဲကားချပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ သူယခုလေးတင် ပျံသန်းခဲ့သော အမြန်နှုန်းနှင့် သူဆွဲသားခဲ့သော မျဉ်းနှစ်ကြောင်းတို့ကို ပြန်လည်စဉ်းစားသုံးသပ်နေလိုက်သည်။

ညအချိန်ကုန်လွန်သွားပြီး မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင်များထွက်ပေါ်လာသောအခါ စုမင်မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူ့မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများရှိနေဆဲဖြစ်သည်။ စုမင်ခေါင်းငုံ့လျက် မိမိကိုယ်ကို ပြန်ကြည့်လိုက်သည်။ ထိုသို့လုပ်လိုက်မိသည်နှင့် သူ့မျက်လုံးများက စူးရှတောက်ပသွားသည်။

“အကယ်၍ ငါသာ ခုခံနိုင်စွမ်းတိုးမြှင့်ပေးမယ့် အစီအရင်တွေ ပေါင်းထားတဲ့ စစ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားပြီး တစ်ချိန်တည်းမှာ ကိုယ်ပေါ်က ရေခဲတုံးတွေအကုန်ဖယ်ထုတ်လိုက်… ပြီးတော့ ရွှေရောင်ငှက်ကြီးရဲ့ အရှိန်နှုန်းသာ သုံးလိုက်မယ်ဆိုရင်၊ ငါ ဘယ်လောက်တောင် မြန်မြန်သွားနိုင်မလဲ မသိဘူး”

စုမင်သည် တီးတိုးရေရွတ်လိုက်ပြီး ကြိုးစားကြည့်လိုသောဆန္ဒက ဖြစ်ပေါ်လာခဲ့သည်။ သို့သော် စစ်နတ်ဘုရားချပ်ဝတ်အတွင်း အစီအရင်များ ဖွဲ့စည်းနိုင်သည့် အခွင့်အရေးက နည်းပါးနေဆဲဖြစ်သည်။

ကြိုးစားကြည့်တော့မည့်အချိန်မှာပင် သူ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားပြီး လှိုဏ်ဂူအတွင်းသို့ ဦးတည်ဝင်ရောက်လိုက်သည်။ အတွင်းသို့ရောက်သည်နှင့် လ၏အတောင်ပံများဖြင့် ဟယ်ဖုန်းပေါင်းစည်းနေသောနေရာသို့ တုန့်ဆိုင်းခြင်းမရှိ ဝင်ရောက်သွားလိုက်သည်။

လှိုဏ်ဂူထဲတွင် ဟယ်ဖုန်း၏မျက်လုံးများက ဖြည်းဖြည်းချင်းပွင့်လာပြီး ၎င်းတို့က သွေးနီရောင်ဖြစ်နေကြသည်။ ဟယ်ဖုန်းက ခေါင်းမော့ကာ ဟိန်းဟောက်လိုက်သည်။ သူ့အရေပြားပေါ်တွင် အက်ကြောင်းများက အလျင်အမြန် ဆုတ်ပြဲဖြစ်ပေါ်လာသော်လည်း သွေးထွက်ခြင်းတော့မရှိပေ။ ထိုအစား ၎င်းအက်ကြောင်းများမှ အနက်ရောင် အခိုးအငွေ့များသာ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ဟယ်ဖုန်းကိုယ်ပေါ်တွင်လည်း လ၏အတောင်ပံများနှင့်သာ သက်ဆိုင်သည့် တောင်ပံတစ်စုံ ရှိနေခဲ့သည်။ သူသည် လှိုဏ်ဂူအပြင်သို့ တိုးထွက်လိုဟန်ဖြင့် အတောင်ပံများကို တစ်ချက်ခတ်လိုက်သော်လည်း စုမင်က အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာပြီး ညာလက်ကိုမြှောက်၍ လက်ချောင်းဖြင့် မျဉ်းတစ်ကြောင်း ဆွဲသားလိုက်သည်။

တစ်ချိန်တည်းမှာပင် ဟယ်ဖုန်းအပေါ်၌ ဟန်တောင်တန်းခေါင်းလောင်းက ထွက်ပေါ်လာသည်။ လေထဲတွင် ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားပြီး အသံလှိုင်းတစ်ခုပုံစံရှိသည့် သန်မာသော ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက ဟယ်ဖုန်းအား တုန်ယင်ရပ်တန့်သွားစေ၏။ ထို့နောက်တွင် ဟယ်ဖုန်းသည် အာရုံခံစားမှုများ ပြန်လည်ရရှိလာပုံပေါ်ပြီး သူ့မျက်နှာထက်၌နာကျင်မှုများ ဖြစ်ပေါ်လာခဲ့သည်။

“သခင်… ကျွန်တော် ရခါနီးပြီ… ကျွန်တော်ပြောနိုင်တယ်… ဒါကိုဖြတ်ကျော်ပြီးသွားလို့ နောက်ထပ်ပေါင်းစည်းမှုတစ်ခု လုပ်ပြီးရင် ကျွန်တော် အောင်မြင်ပြီ” ဟယ်ဖုန်းအသံက ကျယ်လိုက် တိုးလိုက်ဖြင့် ထွက်ပေါ်လာသည်။ စုမင်နားထဲသို့ ထိုစကားများ ရောက်လာချိန်တွင် သူ့လက်ချောင်းက ဟယ်ဖုန်း၏မျက်ခုံးများအလယ်ကို ထိကပ်သွားခဲ့ချေပြီ။

ထိကပ်လိုက်သည်နှင့် စုမင်ဝတ်ရုံများသည် တဖျတ်ဖျတ်လှုပ်ခတ်သွားပြီး ဆံပင်များလည်း လွင့်မျောသွားသည်။ စုမင်မျက်လုံးများက တည်ကြည်ခက်ထန်သွားသည်။ ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်နှင့် ရိုးရေစတေးကနဦးဆင့်သို့ ရောက်ခါစ အစွမ်းထက်မာန်စွမ်းအားရှင်များသာ ယှဉ်ပြိုင်နိုင်မည့် အရှိန်အဝါတစ်ရပ်သည် စုမင်ခန္ဓာကိုယ်နှင့် လက်ချောင်းများဆီမှ ရုတ်တရက်ထွက်ပေါ်လာပြီး လ၏အတောင်ပံများနှင့် ပေါင်းစည်းနေဆဲဖြစ်သော ဟယ်ဖုန်းကိုယ်ထဲသို့ တိုးဝင်သွားသည်။

ဟယ်ဖုန်းက တုန်ယင်သွားပြီး ဖြည်းညှင်းစွာထိုင်ချလိုက်သည်။

“သခင်… ကျွန်တော်… သူတို့နဲ့ပေါင်းစည်းနေတဲ့အချိန်တုန်းက… ကျွန်တော်… သူတို့… မှတ်ဉာဏ်တွေကို… မြင်ခဲ့တယ်… ကျွန်တော်…”

စကားပြောနေရင်းမှာပင် ဟယ်ဖုန်းသွားများက ရုတ်တရက်ရှည်ထွက်လာသည်။ ၎င်းတို့သည် သူ့ပါးစပ်ထဲမှ ရုတ်ခြည်းထွက်ပေါ်လာကြခြင်းဖြစ်၍ ဟယ်ဖုန်း၏မပြီးဆုံးသေးသော စကားသည် အော်ဟစ်ဟိန်းဟောက်သံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“မီး…”

ဟယ်ဖုန်း၏ အော်ဟစ်ဟိန်းဟောက်သံထဲတွင် ထိုစကားလုံးတစ်လုံးတည်းသာ ပါဝင်ချေသည်။ ဟိန်းဟောက်လိုက်သည်နှင့် ဟယ်ဖုန်း၏ခန္ဓာကိုယ်မှ မီးများပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုမီးများသည် နဝမတောင်ထွတ်မှ စုမင်၏လှိုဏ်ဂူလေးကို လောင်ကျွမ်းပြာချပစ်ချင်နေသကဲ့သို့ပင်။

သို့သော် ၎င်းတို့ထွက်ပေါ်လာသည်နှင့် စုမင်၏ညာဘက်မျက်လုံးအတွင်းရှိ သွေးလွှမ်းလကလည်း တောက်ပသွားသည်။ စုမင်သည် ဘယ်လက်ကိုမြှောက်၍ ဟယ်ဖုန်းနဖူးကို လက်ချောင်းဖြင့် ထိကပ်လိုက်သည်။  လက်ချောင်းကိုဖိချလိုက်ရာ ဟယ်ဖုန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသောမီးများသည် ခဏတာ ရပ်တန့်သွားပြီး အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

အချိန်များ ကုန်လွန်သွားသည်။ လ၏အတောင်ပံများနှင့် ဟယ်ဖုန်းတို့ပေါင်းစည်းခြင်းအား ဤတစ်ကြိမ်ကူညီရသည့်အချိန်သည် ယခင်အကြိမ်များထက် များစွာပိုမိုကြာမြင့်နေခဲ့သည်။ တစ်ရက်ကုန်ဆုံးသွားသော်လည်း ထိုအရာက အဆုံးမသတ်သေးချေ။

ပိုင်စုတစ်ယောက် နဝမတောင်ထွတ်သို့ အချိန်ကြာမြင့်စွာတည်းကပင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ သူမအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီးမှ စုမင်လှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်သော်လည်း သူမဝင်လိုက်သည်နှင့် မမြင်ရသောအားတစ်ခုဖြင့် ချက်ချင်းတွန်းထုတ်ခံလိုက်ရလေသည်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင် ဝင်ပေါက်ဘေး၌ မောပန်းစွာ ထိုင်ချလိုက်ပြီး ညရောက်လာသောအခါ စိတ်မပါလက်မပါဖြင့် ပြန်လည်ထွက်ခွာသွားတော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် ခုနစ်ရက်ခန့်ကြာမြင့်ခဲ့၏။ ခုနစ်ရက်မြောက်နေ့၏ ညနေခင်းအချိန်ကို ကျော်လွန်သွားပြီး ညရောက်သွားသောအခါ စုမင်မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူ့အရှေ့ရှိဟယ်ဖုန်းသည် အနက်ရောင်အလင်းလုံးကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ချေပြီ။ ဟယ်ဖုန်းပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသာ်လည်း အလင်းလုံးကြီးထံမှ သန်မာမာသောဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်နေခဲ့သည်။

အနက်ရောင်အလင်းလုံးကြီးကို ကြည့်လိုက်ချိန်တွင် သူတို့သွေးများသည် ဆက်စပ်နေသည်ဟူသော ခံစားချက်တစ်ခုက စုမင်နှလုံးသားထဲ၌ ဖြစ်ပေါ်လာခဲ့သည်။ စုမင်မျက်နှာပေါ်တွင် အတန်ငယ် မောပန်းနွမ်းနယ်နေဟန် အရိပ်အယောင်တစ်ခု ရှိနေလေသည်။ ထိုအရာကို အချိန်အတော်ကြာ စောင့်ကြည့်နေပြီးမှ အခန်းအပြင်သို့ လျှောက်ထွက်သွားလိုက်ပြီး လှိုဏ်ဂူအတွင်းမှာပင် ထိုင်ချကာ ပြန်လည်ကောင်းမွန်လာစေရန် တရားထိုင်လိုက်သည်။

ထိုအချိန်မှာပင် သတ္တမတောင်ထွတ်ရှိ ပိုင်စု၏လှိုဏ်ဂူအပြင်ဘက်တွင်လည်း မကြိုဆိုသော ဧည့်သည်တစ်ဦးပေါ်လာခဲ့သည်။ ထိုလူသည်လည်း သတ္တမတောင်ထွတ်မှာပင် နေထိုင်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် သူမကျင့်ကြံဆင့်က အရမ်းမမြင့်မားပဲ သူမကိုယ်သူမလည်း အမြဲတစေ ထိန်းထိန်းသိမ်းသိမ်း နေတတ်သဖြင့် လူများသည် သူမအား အလွယ်တကူ သတိမပြုမိတတ်ကြပေ။

ထိုအမျိုးသမီးသည် ပိုင်စုအား ဝါးစာလိပ်တစ်ခု လာပေးခြင်းဖြစ်သည်။

ဝါးစာလိပ်ပေါ်တွင်တော့ စစ်မာရှင်းဟူသော အမည်ကို လှပစွာ ရေးသားထားချေသည်။

အမျိုးသမီးသည် ဝါးစာလိပ်ကို ပိုင်စုလက်ထဲ ထည့်ပေးပြီးသည်နှင့် အေးစက်စွာပြောလိုက်သည်။ “စီနီယာအစ်ကိုစစ်မာက မင်းကိုတွေ့ချင်နေတယ်” ထို့နောက် သူမက ပြန်လှည့်ထွက်သွားတော့သည်။

ပိုင်စုသည် ဝါးစာလိပ်ကို မိန်းမောတွေဝေစွာ ငေးကြည့်လိုက်ပြီး သူမအတွေးများက ပရမ်းပတာဖြစ်သွားကြသည်။ စစ်မာရှင်းက သူမနှင့်တွေ့ချင်သည်ကို ကြားချိန်တွင် ယခုလိုစိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာခြင်းကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်သည်။

***

All Chapters