အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
အခန်း (၆၉၄) ရောယှက်နေသော ဝိညာဉ်များနှင့် ပြန်လည်မွေးဖွားခြင်း နည်းလမ်း။ (၃)
စူးချန်ခုန်း အချိန်မီ အမြန်ထွက်ခွာရန် လိုအပ်သည်။ အသက်ခြွေအဖွဲ့အစည်းတွင် ဖန်ရှန့်ဝူထက် ပိုမိုအစွမ်းထက်သောသူများ ရှိနေနိုင်ပြီး အထူးသဖြင့် ဒုတိယခေါင်းဆောင်ပင် ဤမျှအစွမ်းထက်ပါက အဖွဲ့ခေါင်းဆောင်ကြီးမှာမူ သူ လက်ရှိရင်ဆိုင်နိုင်စွမ်းမရှိသော ပုဂ္ဂိုလ်မျိုး ဖြစ်နေနိုင်သောကြောင့်ပင်။
တစ်ရက်ကျော်ကြာ အချိန်ယူပြီးနောက် စူးချန်ခုန်းသည် 'ဓားဆွဲတောင်တန်း' အောက်ရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့သည်။ ရလဒ်မှာ အလွန်ကျေနပ်စရာကောင်းလှပြီး မူလချီစွမ်းအင် ၇၀၀ အထိ ရရှိခဲ့သည်။ ထိုမူလချီစွမ်းအင် ၇၀၀ ကို သန့်စင်လိုက်ပါက စူးချန်ခုန်းအတွက် ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် နောက်ထပ် ၂ စက်ကို ရရှိစေမည် ဖြစ်သည်။
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းကျင့်စဉ်အတွက် ယခုလိုအပ်နေသည်မှာ အစက်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ၍ စုဆောင်းရန်ဖြစ်ပြီး ထိုသို့စုဆောင်းမိချိန်တွင် အဆင့်အတန်းမြင့်မားသော ပြောင်းလဲမှုကြီး တစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်သည်။
"မြန်မြန် သွားမယ်"
ထို့နောက် စူးချန်ခုန်းသည် အချိန်မဆွဲဘဲ ထိုနေရာမှ ထွက်ခွာခဲ့သည်။ သတိလစ်နေသော ဖန်ရှန့်ဝူနှင့် ဝိညာဉ်မဲ့နေသော မိစ္ဆာခန္ဓာကိုယ် ၇ ခုကို 'နတ်ပိုးချည်မျှင်' များဖြင့် ပတ်နှောင်ကာ အထုပ်ကြီးတစ်ထုပ်သဖွယ် ပြုလုပ်ပြီး ကြိုးကြာဖြူပုံရိပ်ကို စီးနင်းကာ အမြန်ဆုံး ပျံသန်းထွက်ခွာလာခဲ့သည်။
"အခု ငါလုပ်ရမှာက ဟုန်ကျန်းရှန့်ကို သူ့ခန္ဓာကိုယ် သူပြန်ရအောင် ကူညီပေးဖို့နဲ့ ဖန်ရှန့်ဝူရဲ့ ဝိညာဉ်ကို အမြစ်ပြတ်ချေမှုန်းဖို့ပဲ"
စူးချန်ခုန်းသည် မဟာမီးလျှံအင်ပါယာဘက်သို့ ပျံသန်းရင်း တိတ်တဆိတ် စဉ်းစားနေမိသည်။ ဓားသွားဝိညာဉ်ကို တတ်မြောက်ထားသဖြင့် ဖန်ရှန့်ဝူ၏ ဝိညာဉ်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော်လည်း ဟုန်ကျန်းရှန့်၏ ဝိညာဉ်ကို မထိခိုက်စေဘဲ ဖန်ရှန့်ဝူ၏ ဝိညာဉ်ကိုသာ ရွေးထုတ်သတ်ဖြတ်ရန်မှာမူ လက်ရှိ စူးချန်ခုန်း၏ အစွမ်းနှင့် မဖြစ်နိုင်သေးပေ။
"ငါ ရှယန်မြို့တော်ကို သွားလို့ရတာပဲ... ငါကိုယ်တိုင် မလုပ်နိုင်ရင်တောင် ရှယန်တော်ဝင်မိသားစုမှာ နက်ရှိုင်းတဲ့ အစဉ်အလာတွေနဲ့ ပညာရှင်တွေ အများကြီးရှိတာပဲ။ တစ်ယောက်ယောက်ကတော့ တတ်နိုင်မှာပါ။"
စူးချန်ခုန်းသည် တော်ဝင်မိသားစုထံမှ အကူအညီတောင်းရန် စဉ်းစားလိုက်သည်။ မူလက တော်ဝင်မိသားစုသည် 'လျန်ထျန်းလု' မှတစ်ဆင့် စူးချန်ခုန်းကို သူတို့အဖွဲ့သို့ ဝင်ရန် ဖိတ်ခေါ်ခဲ့ဖူးပြီး နတ်ဘုရားမျိုးစေ့ ရရှိနိုင်မည့် အခွင့်အရေးကိုပင် ကမ်းလှမ်းခဲ့သည်။ သို့သော် စူးချန်ခုန်းသည် ထိုသို့သော အရှုပ်အထွေးများကြား မဝင်လိုသဖြင့် ငြင်းပယ်ခဲ့ဖူးသည်။
သို့သော် ယခုမူ ဟုန်ဟုန်ကျန်းရှန့်အတွက် စူးချန်ခုန်းတွင် ရွေးချယ်စရာ မရှိတော့ဘဲ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ယခင်က တော်ဝင်မိသားစုနှင့် ပြုလုပ်ခဲ့သော အလဲအလှယ်မှာ အဆင်ပြေခဲ့ဖူးသည်။ စူးချန်ခုန်းသည် မိစ္ဆာဘုရင်သွေးကို ပေးကာ 'ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်း' သို့ ဝင်ခွင့် ရရှိခဲ့ဖူးသည်။ အဆိုးဆုံးအခြေအနေတွင် သူသည် အခြားအရာတစ်ခုခုနှင့် လဲလှယ်ခြင်း သို့မဟုတ် တော်ဝင်မိသားစုအပေါ် ကျေးဇူးကြွေး တင်ခံခြင်းတို့ကို ပြုလုပ်မည်ဟု တွေးထားသည်။
စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်ကို ကယ်နိုင်ပါစေဟု ဆုတောင်းရင်း ရှယန်(မဟာမီးလျှံ)မြို့တော်သို့ အပြေးနှင်ခဲ့သည်။ သူသည် သူနှင့် ရင်းနှီးသော 'ထွမ်မုထောင်' ရှိရာ မိစ္ဆာနှိမ်နင်းရေးဌာနသို့ ဦးတည်ကာ ၎င်းမှတစ်ဆင့် တော်ဝင်မိသားစုနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ အသက်ရှိ သတ္တဝါများကို စာပေရနံ့အိတ်အတွင်း ထည့်၍ မရသဖြင့် စူးချန်ခုန်းသည် သတိလစ်နေသော ဖန်ရှန့်ဝူကို မြင်းလှည်းတစ်စီးပေါ် တင်ဆောင်ကာ မိစ္ဆာနှိမ်နင်းရေးဌာန အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
စူးချန်ခုန်း ရောက်မလာခင်မှာပင် မိစ္ဆာနှိမ်နင်းရေးဌာန၏ ခန်းမဆောင်ကြီးအတွင်း တရားထိုင်နေသော ထွမ်မုထောင်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။
"ဒုန်း ဒုန်း ဒုန်း"
ထွမ်မုထောင်၏ ဘေးရှိ သံသေတ္တာအတွင်းမှ ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်လာသဖြင့် သူ အံ့ဩသွားရသည်။ ထွမ်မုထောင်သည် ဒေါသနှင့် ထိတ်လန့်မှု ရောပြွမ်းလျက် မျက်လုံးများကို ဖွင့်လိုက်ပြီး "ခရမ်းရောင်ဝိညာဉ်က မိစ္ဆာနတ်ဆိုးရဲ့ အရှိန်အဝါကို အာရုံခံမိနေတာလား။ မိစ္ဆာသိုင်းပညာရှင် တစ်ယောက်က မိစ္ဆာနှိမ်နင်းရေးဌာနနားကို ကပ်လာရဲတယ်တဲ့လား။ ဘယ်မိစ္ဆာက ဒီလောက်တောင် ရဲတင်းနေတာလဲ။"
ထွမ်မုထောင်၏ 'မိစ္ဆာသတ်နတ်ဘုရားလက်နက် ခရမ်းရောင်ဝိညာဉ်' မှာ မိစ္ဆာများ၏ ချီစွမ်းအင်ကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိပြီး မိုင်ပေါင်းများစွာ အကွာအဝေးမှပင် သိရှိနိုင်သည်။ မိစ္ဆာနှိမ်နင်းရေးဌာန ဌာနချုပ်ရှိရာ ရှယန်မြို့တော်တွင် ပညာရှင်များစွာ ရှိနေသော်လည်း မိစ္ဆာစစ်သည်တစ်ဦးက ပြောင်ပြောင်တင်းတင်း ဤနေရာသို့ လာရဲခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။ ထို့အပြင် ခရမ်းရောင်ဝိညာဉ်၏ ပြင်းထန်သော တုန်ခါမှုအရ ထိုမိစ္ဆာ၏ စွမ်းအားမှာ စိတ်ကူး၍မရနိုင်လောက်အောင် ပြင်းထန်နေခြင်း ဖြစ်သည်။
"မြန်မြန်.. သွားကြည့်မယ်။"
ထွမ်မုထောင်သည် မဆိုင်းမတွပင် သံသေတ္တာကို ဆွဲယူကာ ကျင့်ကြံရေးခန်းမမှ ထွက်၍ မိစ္ဆာနှိမ်နင်းရေးဌာန အပြင်ဘက်သို့ အမြန်ပြေးထွက်လာခဲ့သည်။
"သခင်ကြီး"
မိစ္ဆာနှိမ်နင်းရေးဌာန အဝင်ဝရှိ အစောင့်များသည် ထွမ်မုထောင်ကို မြင်သောအခါ ရိုသေစွာ အလေးပြုကြသော်လည်း ထွမ်မုထောင်မှာ သူတို့ကို ဂရုမစိုက်နိုင်ဘဲ လမ်းမကြီး၏ အဆုံးသို့သာ စူးစိုက်ကြည့်နေသည်။ ပြင်းထန်သော မိစ္ဆာအရှိန်အဝါ ထုတ်လွှတ်နေသူမှာ နီးကပ်လာပြီ ဖြစ်သည်။
"ဘာဖြစ်တာလဲ" အစောင့်များမှာ ထွမ်မုထောင် ရန်သူကြီးနှင့် တိုးနေသကဲ့သို့ တည်ကြည်လေးနက်နေသည်ကို ကြည့်ပြီး ဝေခွဲမရ ဖြစ်နေကြသည်။
လမ်းမကြီး၏ အဆုံးတွင် မြင်းလှည်းတစ်စီးသည် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။ လှည်းမောင်းသူမှာ အနက်ရောင် ဝတ်စုံဝတ် ဆောင်ထားသော တည်ငြိမ်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။
"ညီလေးတာ့.. မင်းပါလား။" တင်းမာနေသော ထွမ်မုထောင်သည် အနက်ရောင်ဝတ်စုံနှင့် လူကို မြင်လိုက်ရသောအခါ အံ့ဩသွားရသည်။ မိစ္ဆာတစ်ကောင်က သူတို့ဌာနကို လာတိုက်ခိုက်သည်ဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ် ပေါ်လာသူမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပညာရှင် 'တာ့ဝူဖုန်း' ဖြစ်နေခြင်းကြောင့်ပင်။
အခန်း (၆၉၅) ဝိညာဉ်ပျိုးထောင် နတ်ရေစင်။ ရှယန်မိသားစု၏ အကြီးအကဲအသစ်။ (၁)
မိစ္ဆာနှိမ်နင်းရေးဌာန အဝင်ဝတွင် ထွမ်မုထောင်ကို တွေ့လိုက်ရသောအခါ စူးချန်ခုန်းက “သခင်ကြီးထွမ်မု... ကျွန်တော် ဖိတ်ကြားခြင်းမရှိဘဲ ရောက်လာမိပါတယ်။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဟု နှုတ်ဆက်လိုက်သည်။
ထွမ်မုထောင်သည် အံ့ဩနေရာမှ သတိပြန်ဝင်လာပြီး ပြုံးလျက် “တကယ့်ကို ဂုဏ်သရေရှိ ဧည့်သည်တော်ပဲဟာ…ညီလေးတာ့... ကျေးဇူးပြုပြီး အထဲကို ကြွပါ။” ဟု ဖိတ်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထွမ်မုထောင်သည် မြင်းလှည်းကို တစ်ချက်လှမ်းကြည့်မိသည်။ သူ၏ မိစ္ဆာသတ်နတ်ဘုရားလက်နက်မှ အာရုံခံမိနေသော ပြင်းထန်သည့် မိစ္ဆာအရှိန်အဝါမှာ ဤလှည်းအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သူ သိထားသည်။ ဤလက်နက်ကို ဤမျှအထိ တုန်ခါသွားစေနိုင်သော ထိုမိစ္ဆာမှာ မည်သူဖြစ်မည်နည်းဟု သူ သိချင်နေမိသည်။
စူးချန်ခုန်းသည် ထွမ်မုထောင်နှင့်အတူ မြင်းလှည်းကို မောင်းနှင်ကာ မိစ္ဆာနှိမ်နင်းရေးဌာနအတွင်းရှိ ဧည့်ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ထွမ်မုထောင်က စူးစမ်းလိုစိတ်ဖြင့် “ညီလေးတာ့... အစ်ကို့ဆီကို တစ်ခုခု အကူအညီတောင်းစရာရှိလို့ လာတာ မဟုတ်လား” ဟု မေးလိုက်သည်။
စူးချန်ခုန်း သူရှိရာသို့ လာတိုင်း အကူအညီတစ်ခုခု ပါလာတတ်သည်ကို ထွမ်မုထောင် သိထားသည်။ ထွမ်မုထောင်သည် ယခင်က စူးချန်ခုန်း၏ အကူအညီကို အကြိမ်ကြိမ် ရရှိခဲ့ဖူးသူဖြစ်သဖြင့် စူးချန်ခုန်း၏ တောင်းဆိုချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန် အသင့်ရှိနေသည်။
“အမှန်အတိုင်း ပြောရရင် သခင်ကြီးထွမ်မုဆီက အကူအညီတစ်ခု လိုချင်လို့ပါ။ ရှယန်တော်ဝင်မိသားစုက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်အတွက် ကူညီပေးဖို့ တောင်းဆိုချင်တာပါ” စူးချန်ခုန်းက လိုရင်းကို တည့်တည့်ပြောလိုက်သည်။
“သူငယ်ချင်းဟောင်း” ထွမ်မုထောင် ဇဝေဇဝါ ဖြစ်သွားသည်။
စူးချန်ခုန်းက စကားအရှည်ကြီး မပြောတော့ဘဲ လက်ချောင်းငါးချောင်းကို ဆွဲလိုက်ရာ သူ၏ ချီစွမ်းအင်များမှာ လေပွေတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး စုပ်အားတစ်ခု ဖန်တီးလိုက်သည်။ ခန်းမဆောင်အဝင်ဝတွင် ရပ်ထားသော မြင်းလှည်းအတွင်းမှ သတိလစ်နေသော ဖန်ရှန့်ဝူမှာ လွင့်ထွက်လာပြီး ခန်းမအလယ်တည့်တည့်သို့ ကျဆင်းလာသည်။
“သူက... အသက်ခြွေအဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင် ဖန်ရှန့်ဝူ မဟုတ်လား။”
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖန်ရှန့်ဝူကို မြင်လိုက်ရသောအခါ ထွမ်မုထောင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ သူသည် ဆင်ဝပ်တောင်တန်းတွင် ဖန်ရှန့်ဝူနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ဖန်ရှန့်ဝူ၏ ဖိအားကြောင့် ထွမ်မုထောင်မှာ မိစ္ဆာသတ်နတ်ဘုရားလက်နက်ကို ကိုင်ထားသည့်တိုင်အောင် အနိုင်ရရန် မသေချာခဲ့ပေ။ ထိုစဉ်က စူးချန်ခုန်း ရောက်လာပြီး ဖန်ရှန့်ဝူကို မောင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အသက်ခြွေအဖွဲ့အစည်း၏ ဒုတိယခေါင်းဆောင်ဖြစ်သော ဖန်ရှန့်ဝူ၏ အစွမ်းမှာ ထွမ်မုထောင်အတွက် အမှတ်ရစရာဖြစ်သည်။
ယခု မြေပြင်ပေါ်တွင် လဲနေသော ဖန်ရှန့်ဝူမှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာများစွာ ရရှိထားကာ အရိုးများ ကြေမွပြီး မသေမျိုး ခန္ဓာကိုယ်ပင်လျှင် ပြန်လည်မကုသနိုင်လောက်အောင် ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရသည်။
“သူ... သူက ဖန်ရှန့်ဝူလား။ ညီလေးတာ့... မင်း သူ့ကို အရှင်ဖမ်းလာတာလား။” ထွမ်မုထောင်က ထိတ်လန့်တကြား မေးလိုက်သည်။
ဖန်ရှန့်ဝူ၏ ဒဏ်ရာများမှာ ဓားချက်များကြောင့် ဖြစ်ပြီး စူးချန်ခုန်းကိုယ်တိုင် လုပ်ခဲ့တာ သိသာပါသည်။ ထွမ်မုထောင်သည် ဖန်ရှန့်ဝူ၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က စူးချန်ခုန်းသည် ဖန်ရှန့်ဝူကို မောင်းထုတ်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။ ယခုကဲ့သို့ အချိန်တိုအတွင်းမှာပင် သူ့ကို အရှင်ဖမ်းဆီးနိုင်လောက်အောင် စူးချန်ခုန်း မည်သို့ အစွမ်းထက်လာရသနည်း။
‘ဒါက... ဝိညာဉ်တစ်သောင်းဂူသင်္ချိုင်းထဲမှာ သူ ဓားသွားဝိညာဉ်ကို တတ်မြောက်သွားတာပဲ ဖြစ်ရမယ်။’ ထွမ်မုထောင်သည် စူးချန်ခုန်း ၃ လကြာ ကျင့်ကြံပြီးနောက် အင်အားများစွာ တိုးတက်လာကြောင်း အသေအချာ သိလိုက်ရသည်။
“ဟုတ်ပါတယ်... ဒီဖန်ရှန့်ဝူမှာ တခြားသူတွေရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်တဲ့ မိစ္ဆာပညာရှိနေပြီး သူ အခု သုံးနေတဲ့ ခန္ဓာကိုယ်က ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖြစ်နေပါတယ်။ သူတို့ရဲ့ ဝိညာဉ်တွေက ရောယှက်နေတာမို့ ကျွန်တော့်ရဲ့ ဓားသွားဝိညာဉ်နဲ့တောင် ဖန်ရှန့်ဝူကို သတ်ဖို့ကြိုးစားရင် ကျွန်တော့်သူငယ်ချင်းပါ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့်... ရှယန်တော်ဝင်မိသားစုက တစ်ယောက်ယောက်က ဒါကို ဖြေရှင်းပေးနိုင်မလားဆိုတာ ကျွန်တော် လာမေးတာပါ” စူးချန်ခုန်းက ခေါင်းငြိမ့်ပြကာ ထွမ်မုထောင်ကို အကျိုးအကြောင်း ရှင်းပြလိုက်သည်။
ထွမ်မုထောင်သည် စူးချန်ခုန်း၏ စိတ်ထားကို လေးစားသွားမိသည်။ ယခင်က လျန်ထျန်းလုသည် စူးချန်ခုန်းကို ကမ်းလှမ်းချက်များစွာ ပေးခဲ့သော်လည်း စူးချန်ခုန်းက အရှုပ်အထွေးများကြား မဝင်လိုသဖြင့် ငြင်းပယ်ခဲ့သည်။ သို့သော် ယခုမူ သူငယ်ချင်းဟောင်းတစ်ဦးအတွက် စူးချန်ခုန်းသည် တော်ဝင်မိသားစုထံသို့ ကိုယ်တိုင်လာရောက် အကူအညီတောင်းခံရုံတင်မက ကျေးဇူးကြွေး တင်ခံရန်ပင် ဝန်မလေးခဲ့ပေ။ ဤသည်မှာ တကယ်ကို လေးစားဖွယ် ကောင်းလှသည်။
“ညီလေးတာ့... ခဏလောက် စောင့်နေပေးပါ။ အစ်ကို အခုချက်ချင်း နန်းတော်ကို သွားပြီး ဒီကိစ္စကို တော်ဝင်မိသားစုဆီ ကိုယ်တိုင် သတင်းပို့လိုက်ပါမယ်။ ရှယန်မိသားစုမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတာမို့ တစ်ယောက်ယောက်ကတော့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ” ထွမ်မုထောင်က တက်ကြွစွာ သဘောတူလိုက်သည်။ ဤကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ဦးနှင့် ရင်းနှီးမှုရယူရန်မှာ တော်ဝင်မိသားစုအတွက်လည်း အကျိုးရှိသဖြင့် သူ ချက်ချင်းပင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
“တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ” ဟု စူးချန်ခုန်းက ပြောလိုက်သည်။
ထို့နောက် စူးချန်ခုန်းသည် မိစ္ဆာနှိမ်နင်းရေးဌာနအတွင်း ခေတ္တနားနေကာ စောင့်ဆိုင်းနေခဲ့သည်။ စူးချန်ခုန်း အကြာကြီး မစောင့်လိုက်ရပေ။ နှစ်ရက်အကြာ မနက်စောစောတွင် ထွမ်မုထောင်သည် စူးချန်ခုန်းထံသို့ ရောက်လာသည်။ ထွမ်မုထောင်နှင့်အတူ အပြာရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးလည်း ပါလာခဲ့သည်။ ထိုအမျိုးသားမှာ အသက် ၂၀ ခန့်သာ ရှိဦးမည့် လူငယ်တစ်ဦး ဖြစ်သည်။ ချောမောသော ရုပ်ရည်နှင့် ဖြူစင်သော အသားအရည်ရှိပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူသည် သာမန်မျိုးရိုးမှ မဟုတ်ကြောင်း သိသာလှသည်။
ထွမ်မုထောင်က စူးချန်ခုန်းကို မိတ်ဆက်ပေးသည်။ “ညီလေးတာ့... ဒါက ရှယန်မိသားစုက ရှယန်ကျယ်ပါ။”
“ကျွန်တော့်အမည်က တာ့ဝူဖုန်းပါ” စူးချန်ခုန်းကလည်း မိတ်ဆက်လိုက်သည်။
“အစ်ကိုတာ့ရဲ့ အကြောင်းကို ကြားဖူးနေတာ ကြာပါပြီ” ဟု အပြာရောင်ဝတ်စုံနှင့် ရှယန်ကျယ်က နွေးထွေးစွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သူ၏ အပြုံးမှာ နွေဦးလေပြေကဲ့သို့ပင် စိတ်ကို အေးချမ်းစေပြီး လူတစ်ဖက်သားကို ယုံကြည်မှုဖြစ်စေသော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ရှိနေသည်။
‘သူက ရှယန်မိသားစုကလား။’ ရှယန်ကျယ်မှာ ရှယန်တော်ဝင်မိသားစု၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း စူးချန်ခုန်း သိလိုက်သည်။ သူ၏ ရုပ်ရည်မှာ သာမန်ဟု ထင်ရသော်လည်း သူသည် သာမန်လူ မဟုတ်သည်မှာ သေချာပါသည်။ တော်ဝင်မိသားစုဖြစ်သော ရှယန်မိသားစုမှာ နှစ်ပေါင်း ထောင်ချီသော သမိုင်းအစဉ်အလာရှိပြီး အလွန်နက်ရှိုင်းသည့် အင်အားများကို ပိုင်ဆိုင်ထားကြသည်။
ရှယန်ကျယ်က လိုရင်းကို တည့်တည့်ပြောလိုက်သည်။ “အစ်ကိုတာ့... အသက်ခြွေအဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင် အခြေအနေကို ကျွန်တော် ကြည့်ပါရစေ။”
“ကောင်းပါပြီ” စူးချန်ခုန်းက ခေါင်းငြိမ့်ပြကာ ရှယန်ကျယ်ကို အတွင်းခန်းဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် ဖန်ရှန့်ဝူမှာ ခုတင်ကြီးတစ်လုံးပေါ်တွင် သတိလစ်လျက် ငြိမ်သက်စွာ လဲလျောင်းနေလေသည်။
အခန်း (၆၉၆) ဝိညာဉ်ပျိုးထောင် နတ်ရေစင်။ ရှယန်မိသားစု၏ အကြီးအကဲအသစ်။ (၂)
“ပြင်းလိုက်တဲ့ မိစ္ဆာအရှိန်အဝါ... ဖန်ရှန့်ဝူက အသက်ခြွေအဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင်ဆိုတော့ တကယ်ကို သာမန်မဟုတ်ဘူးပဲ။ သူ့ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်တာက ဓားသွားဝိညာဉ် စွမ်းအားကြောင့်လား။”
ရှယန်ကျယ်သည် ဖန်ရှန့်ဝူ၏ အခြေအနေကို စစ်ဆေးရင်း အံ့ဩမှုကို မအောင့်နိုင် ဖြစ်သွားရသည်။ ကျန်ရှိနေသော ဖန်ရှန့်ဝူ၏ အစွမ်းထက်မှုကို သူ ခံစားမိနေပြီး ဤမျှ ပြင်းထန်သော ဒဏ်ရာများ ပေးနိုင်ရုံတင်မက အရှင်ပါ ဖမ်းဆီးနိုင်ခဲ့သော စူးချန်ခုန်း၏ အစွမ်းမှာ ပို၍ပင် ခန့်မှန်းရ ခက်နေတော့သည်။
ထို့နောက် ရှယန်ကျယ်သည် ဖန်ရှန့်ဝူ၏ နဖူးပေါ်သို့ လက်ဝါးတင်ကာ သူ၏ အခြေအနေကို အသေအချာ အာရုံခံကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူ၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်သွားလေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် ရှယန်ကျဲသည် လက်ကို ပြန်ရုတ်လိုက်ပြီး စူးချန်ခုန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “အစ်ကိုတာ့... အစ်ကိုရဲ့ သူငယ်ချင်းကို ကယ်ဖို့ ကြိုးစားတာကို လက်လျှော့လိုက်တာ ကောင်းတယ်။”
“ဘာဖြစ်လို့လဲ။” စူးချန်ခုန်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
ရှယန်ကျယ်က ခေါင်းကို ခါယမ်းလျက် “အစ်ကိုရဲ့ သူငယ်ချင်း နာမည်က ဟုန်ကျန်းရှန့် မဟုတ်လား။ သူ့ရဲ့ အခြေအနေက တကယ်ကို ဆိုးရွားနေပြီ။ ဖန်ရှန့်ဝူရဲ့ ဝိညာဉ်က သူ့ဝိညာဉ်နဲ့ အသေအချာ ရောယှက်နေတာ။ ပြင်ပအားနဲ့ဆိုရင် သူတို့နှစ်ယောက်လုံးရဲ့ ဝိညာဉ်ကို အတူတူ သတ်ပစ်ဖို့ပဲ တတ်နိုင်လိမ့်မယ်။ တကယ်လို့ အစ်ကိုက သူ့ကို တကယ် ကယ်ချင်တယ်ဆိုရင်... ပေးဆပ်ရမယ့် တန်ဖိုးက အရမ်းကြီးလွန်းတယ်။”
“ဒါတင်မကသေးဘူး... အစ်ကို သူ့ကို တကယ် ပြန်ခေါ်လာနိုင်ရင်တောင် သူက လူလည်းမဟုတ်၊ သရဲလည်းမဟုတ်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်သွားပြီ။ သူက အစ်ကို့ကို ကျေးဇူးတင်ချင်မှ တင်လိမ့်မယ်။ နတ်ဆိုးအမြုတေနဲ့ တစ်ခါ ပေါင်းစပ်မိသွားရင် အဲဒါက ပြန်ပြင်လို့ မရတော့ဘူး။ သူက တဖြည်းဖြည်း အစားထိုး ဝါးမြိုခံရပြီး ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မယ်။ ဒါက တကယ့်ကို ကပ်ဘေးကြီးပဲ။” ဟု ရှယန်ကျယ်က ပြောပြသည်။
ရှယန်ကျယ် ပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။ ဟုန်ကျန်းရှန့်မှာ မိစ္ဆာသွေးသားများ ရှိနေသော ခန္ဓာကိုယ် ဖြစ်နေပြီ ဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်လျှင်ပင် တဖြည်းဖြည်း ဝါးမြိုခံရပြီး သွေးဆာသော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဤမျှ ကြီးမားသော ပေးဆပ်မှုဖြင့် သူ့ကို ကယ်တင်ရန်မှာ တကယ်ပင် မထိုက်တန်ပေ။
စူးချန်ခုန်းက တည်ငြိမ်စွာပင် “ဒါက ကျွန်တော့်ကိစ္စပါ။ တကယ်လို့ သူ့ရဲ့ မူလစိတ်ထားကို ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်... ကျွန်တော်ကိုယ်တိုင် သူ့ကို လက်စသတ်ပေးပါ့မယ်။”
စူးချန်ခုန်း ထိုအချက်ကို ကောင်းကောင်းသိပါသည်။ သို့သော် ဟုန်ကျန်းရှန့်မှာ ချီနဂါးနန်းတော်မှာ ကတည်းက မိစ္ဆာခန္ဓာကိုယ်နှင့် ဖြစ်နေသော်လည်း သူ့ကို ကူညီခဲ့သည်မှာ ဟုန်ကျန်းရှန့်၏ မူလစိတ်ထား မပျောက်ကွယ်သေးကြောင်း သက်သေပင် ဖြစ်သည်။ အကယ်၍ ဟုန်ကျန့်ရှန်းသည် တကယ်ပင် ကျဆုံးသွားမည်ဆိုပါက စူးချန်ခုန်းအနေဖြင့် သူ့ကို လွတ်မြောက်အောင် ကူညီပေးရမည် ဖြစ်သော်လည်း မူလစိတ်ထား မပျောက်ကွယ်သေးမီမှာပင် သူ့ကို စွန့်ပစ်ရန် စူးချန်ခုန်းတွင် အစီအစဉ် မရှိပေ။
“ကောင်းပါပြီ...” ရှယန်ကျယ်က ခေါင်းယမ်းလိုက်ပြီး ထပ်မံ၍ နားမချတော့ပေ။
မကြာမီမှာပင် ရှယန်ကျယ်က လေးနက်သော အမူအရာဖြင့် ဆိုသည်။ “သူ့ကို ကယ်တင်နိုင်မယ့် နည်းလမ်း တစ်ခုပဲ ရှိတယ်။ အဲဒါက သူကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်။”
“သူကိုယ်တိုင်လား။” စူးချန်ခုန်း ဇဝေဇဝါ ဖြစ်သွားသည်။ အကယ်၍ ဟုန်ကျန်းရှန့် ကိုယ်တိုင် လုပ်နိုင်မည်ဆိုပါက သူသည် သူ၏ ခန္ဓာကိုယ်ကို စောစောစီးစီး ပြန်လည် သိမ်းပိုက်ပြီးသား ဖြစ်ပေလိမ့်မည်။
ရှယန်ကျယ်က ရှင်းပြသည်မှာ “ဟုန်ကျန်းရှန့်ကို မထိခိုက်စေဘဲ ဖန်ရှန့်ဝူရဲ့ ဝိညာဉ်နဲ့ အသိစိတ်ကိုပဲ သီးသန့် သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ ဝိညာဉ်တွေ အသိစိတ်တွေက ရောယှက်နေပြီး တစ်ဦးကိုတစ်ဦး ဝါးမြိုဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့ ဟုန်ကျန်းရှန့်က သိသိသာသာ အားနည်းနေတယ်။ ဖန်ရှန့်ဝူက သူ့ကို လုံးဝ ဝါးမြိုသွားဖို့က အချိန်ပိုင်းပဲ လိုတော့တာ။”
စူးချန်ခုန်း ခေါင်းငြိမ့်လိုက်သည်။ ဒါက အမှန်ပင် ဖြစ်သည်။ သူ၏ ဓားသွားဝိညာဉ်စွမ်းအားပင်လျှင် ထိုနှစ်ဦးကို ခွဲထုတ်မပေးနိုင်ဘဲ အတူတူ သတ်ဖြတ်ရန်သာ တတ်နိုင်ခြင်း ဖြစ်သည်။
ရှယန်ကျယ်က ဆက်၍ ရှင်းပြသည်။ “ဒါပေမဲ့ ဟုန်ကျန်းရှန့်ရဲ့ ဝိညာဉ်က ဖန်ရှန့်ဝူထက် ပိုပြီး အစွမ်းထက်လာမယ်ဆိုရင်တော့ သူက ဖန်ရှန့်ဝူရဲ့ ဝိညာဉ်ကို ပြန်ပြီး ဝါးမြိုနိုင်ပြီး သူ့ခန္ဓာကိုယ်ကို သူ ပြန်ပြီး ထိန်းချုပ်နိုင်မှာပါ။”
ဖန်ရှန့်ဝူနှင့် ဟုန်ကျန်းရှန့်တို့၏ ဝိညာဉ်များသည် ဝိညာဉ်ပင်လယ်အတွင်းတွင် ရောယှက်တိုက်ခိုက်နေကြပြီး ရှုံးနိမ့်သူမှာ အခြားတစ်ဦး၏ ဝါးမြိုခြင်းကို ခံရကာ ဤလောကမှ ထာဝရ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဟုန်ကျန်းရှန့်၏ ဝိညာဉ်မှာ နှစ်ပေါင်းရာချီ အသက်ရှင်ခဲ့သော မိစ္ဆာအိုကြီး ဖန်ရှန့်ဝူထက် အားနည်းနေသဖြင့် သူသည် လုံးဝ အရှုံးပေးနေရခြင်း ဖြစ်သည်။ သို့သော် ဟုန်ကျန်းရှန့်၏ ဝိညာဉ်သည် အဆင့်တက်လာပြီး ဖန်ရှန့်ဝူထက် သန်မာလာပါက သူသည် သူ၏ အစွမ်းဖြင့်ပင် ဖန်ရှန့်ဝူကို ပြန်လည် အနိုင်ယူနိုင်မည် ဖြစ်သည်။
“ဒီဖန်ရှန့်ဝူဟာ ဝင်စားခြင်းအတတ်ကို အကြိမ်ကြိမ် သုံးခဲ့ဖူးပုံရတယ်။ သူ့ရဲ့ ဝိညာဉ်က ဒဏ်ရာရနေတယ်။ သူရဲ့ စိတ်ဝိညာဉ်သိုင်းပညာက အထွတ်အထိပ်ကို ရောက်နေပေမဲ့ ရှေ့ဆက်ဖို့ ခက်ခဲနေတယ်။ တကယ်လို့ ဟုန်ကျန်းရှန့်ရဲ့ ဝိညာဉ်က ပြောင်းလဲသွားပြီး ‘ဝိညာဉ်အဆင့်’ ထဲကို ဝင်သွားနိုင်ရင်တော့ သူ ဖန်ရှန့်ဝူကို အနိုင်ရဖို့ သေချာသလောက်ပဲ... ဒါပေမဲ့ အဲဒါက ဘယ်လောက် ခက်ခဲသလဲဆိုတာ အစ်ကို သိမှာပါ။” ရှယန်ကျယ်က အဓိကအချက်ကို ရှင်းပြလိုက်သည်။
ထိုစကားကြောင့် စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာသည်။ ဝိညာဉ်ကို အဆင့်မြှင့်တင်ပြီး ဝိညာဉ်အဆင့်သို့ ရောက်ရှိရန်မှာ သိုင်းပညာတစ်ခုကို နတ်ဘုရားစွမ်းရည်တုအဆင့်အထိ ကျင့်ကြံရသည်ထက်ပင် ပိုမို ခက်ခဲလှသည်။ ထွမ်မုထောင်ကဲ့သို့ ပါရမီရှိသူများပင်လျှင် ထိုအဆင့်သို့ ရောက်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။ စူးချန်ခုန်းသည် ဝိညာဉ်တစ်သောင်းဂူသင်္ချိုင်းတွင် ဓားဝိညာဉ်ကို ပြန်လည်ပုံဖော်နိုင်ခဲ့ခြင်းမှာ သူ၏ ပါရမီနှင့် နားလည်နိုင်စွမ်းမှာ သာမန်ထက် ထူးကဲလွန်းခြင်းကြောင့်ပင်။
ဟုန်ကျန်းရှန့်တွင် ဤကဲ့သို့ ပါရမီရှိလျှင်ပင် လက်ရှိ အခြေအနေအရ သူသည် သိုင်းပညာများကို အေးအေးဆေးဆေး ကျင့်ကြံကာ ဝိညာဉ်ကို ပြောင်းလဲစေရန် မဖြစ်နိုင်ပေ။ ဤသည်မှာပင် အခက်ခဲဆုံး အချက်ဖြစ်သည်။
“ဒီလောကမှာ စိတ်ဝိညာဉ်ကို အစွမ်းထက်စေတဲ့ ရတနာတွေ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ပြောင်းလဲစေပြီး ‘ဝိညာဉ်အဆင့်’ ဆီကို တိုက်ရိုက် ရောက်သွားစေနိုင်တဲ့ သဘာဝရတနာတွေရဲ့ တန်ဖိုးကတော့ နတ်ဘုရားမျိုးစေ့ပြီးရင် ဒုတိယ အဖိုးတန်ဆုံးပဲ။” ဟု ရှယန်ကျယ်က ဆိုသည်။
ထို့ကြောင့်ပင် ရှယန်ကျယ်သည် စူးချန်ခုန်းကို လက်လျှော့ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။ အခက်အခဲမှာ အလွန်ကြီးမားလှပြီး ဟုန်ကျန်းရှန့်ကို ကယ်တင်နိုင်လျှင်ပင် သူသည် မိစ္ဆာစစ်သည် တစ်ဦးဖြစ်သဖြင့် လုံးဝ ကျဆုံးသွားရန်မှာ အချိန်ပိုင်းသာ လိုတော့ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ တကယ်ပင် မထိုက်တန်လှပေ။
“ရှယန်တော်ဝင်မိသားစုမှာ အဲဒီလို ရတနာမျိုး ရှိလား။” စူးချန်ခုန်းက ရှယန်ကျယ်ကို မေးလိုက်သည်။
ရှယန်ကျယ်၏ မျက်နှာထက်တွင် ခက်ခဲသော အမူအရာ ပေါ်လာပြီး “ရှိတော့ ရှိပါတယ်... ဒါပေမဲ့ အဲဒါတွေက အရမ်း အဖိုးတန်လွန်းတယ်။ ကျွန်တော်တို့ ရှယန်မိသားစုရဲ့ ထိပ်တန်း တပည့်တွေတောင် အဲဒါကို မသုံးနိုင်ကြဘူး... မိစ္ဆာသိုင်းပညာရှင် တစ်ယောက်ကို ပေးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်။ အခု လက်ရှိ ရှယန်ဧကရာဇ်ကိုယ်တိုင်တောင် ဒါကို အသေအချာ ငြင်းပယ်မှာပါ။”
စူးချန်ခုန်း နားလည်နိုင်ပါသည်။ အမျိုးအဆွေ မဟုတ်သော အပြင်လူတစ်ယောက် ၎င်းမှာလည်း မိစ္ဆာသိုင်းပညာရှင် တစ်ဦးအတွက် ဤမျှ အဖိုးတန်သော ရတနာကို တော်ဝင်မိသားစုက ပေးကမ်းလိမ့်မည် မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် နှမြောစရာပင် ကောင်းလှသည်။
စူးချန်ခုန်းသည် ရှယန်မိသားစုထံမှ ထိုရတနာကို အလကား ရယူရန် အစီအစဉ် မရှိပေ။ ထို့ကြောင့် သူက “ကျွန်တော် လဲလှယ်ချင်ပါတယ်။ မူလချီစွမ်းအင်နဲ့ လဲလှယ်ပါ့မယ်။”
မူလချီဟွမ်းအင် တစ်မျှင်တည်းမှာပင် ‘မူလနယ်ပယ်’ သိုင်းပညာရှင် တစ်ဦးကို ဖန်တီးပေးနိုင်သည် မဟုတ်ပါလား။