အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
အခန်း (၆၉၇) ဝိညာဉ်ပျိုးထောင် နတ်ရေစင်။ ရှယန်မိသားစု၏ အကြီးအကဲအသစ်။ (၃)
ရှယန်ကျယ်က သက်ပြင်းချလိုက်ပြီး “မူလချီစွမ်းအင်က အဖိုးတန်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှယန်မိသားစုအတွက်တော့ မူလချီစွမ်းအင်ဆိုတာ လိုတာထက်တောင် ပိုနေပါသေးတယ်။”
ရှယန်မိသားစုသည် စစ်မှန်သော ‘ကောင်းကင်ဘုံဂူနန်းနှင့် မင်္ဂလာနယ်မြေ’ကို ထိန်းချုပ်ထားသူများ ဖြစ်ကြသည်။ သူတို့၏ နေရာမှာ သာမန်သိုင်းဂိုဏ်းများ၏ ဝိညာဉ်ကြောများထက် အဆပေါင်းများစွာ သာလွန်ပြီး ဝိညာဉ်စွမ်းအင်များ ကြွယ်ဝလွန်းလှသဖြင့် ဝိညာဉ်ဆေးပင်များ ဝေဆာနေကာ မူလချီစွမ်းအင်မှာလည်း မည်သည့်အခါမျှ ပြတ်လပ်ခြင်း မရှိပေ။ ဤသည်မှာပင် ရှယန်မိသားစု၏ ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်သည်။
စူးချန်ခုန်းအနေဖြင့် ဝိညာဉ်ကို အဆင့်မြှင့်တင်ပေးနိုင်သော ရတနာတစ်ခုနှင့် မူလချီစွမ်းအင်ကို လဲလှယ်ရန်မှာ ရှယန်မိသားစုအတွက် စဉ်းစားစရာပင် မလိုသော ကိစ္စဖြစ်သည်။
ရှယန်ကျယ်က ပြုံးလျက် “အစ်ကိုတာ့... ဝိညာဉ်ကို အစွမ်းထက်စေတဲ့ ဒီရတနာက တကယ်ကို အဖိုးတန်ပါတယ်။ ဒါကို နတ်ဘုရားမျိုးစေ့နဲ့ လဲခိုင်းဖို့ဆိုတာကလည်း... လက်တွေ့မကျပါဘူး။”
စူးချန်ခုန်း စကားမပြောဘဲ နေလိုက်သည်။ နတ်ဘုရားမျိုးစေ့၏ တန်ဖိုးကို လူတိုင်းသိကြသည်။ ၎င်းတွင် စစ်မှန်သော နတ်ဘုရားစွမ်းရည်များပါဝင်ပြီး နတ်ဘုရားမျိုးစေ့ တစ်စေ့တည်းနှင့်ပင် သိုင်းဝိဇ္ဖာသူတော်စင်တစ်ဦး ဖြစ်လာနိုင်ခြေ ရှိသည်။ စူးချန်ခုန်းသည် ချီနဂါးနန်းတော်တွင် နတ်ဘုရားမျိုးစေ့ကို တစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး ၎င်းကို လျှို့ဝှက်ဆန်းပြားသော အမျိုးသမီးတစ်ဦးက ယူဆောင်သွားခဲ့သည်။
ရှယန်ကျယ်က ဆက်လက်၍ လေးနက်စွာ ပြောသည်မှာ “ရှယန်ဧကရာဇ် ကိုယ်တိုင်က အစ်ကိုတာ့ကို အရမ်း အလေးထားပါတယ်။ အစ်ကိုသိတဲ့အတိုင်းပဲ... ကမ္ဘာကြီးရဲ့ အပြောင်းအလဲ ဒီရေလှိုင်းကြီး ရောက်လာတော့မှာမို့ ကျွန်တော်တို့ ရှယန်အင်ပါယာကလည်း မတည်မငြိမ် ဖြစ်နေတယ်။ မိစ္ဆာကောင်တွေကလည်း နေရာအနှံ့မှာ လှုပ်ရှားနေကြပြီ။ ကျွန်တော်တို့ ရှယန်မိသားစုက အစ်ကိုတာ့ကို ကျွန်တော်တို့ မိသားစုရဲ့ ‘ဧည့်သည်တော် အကြီးအကဲ’ အဖြစ် တရားဝင် ဖိတ်ခေါ်ချင်ပါတယ်။”
ဘေးမှ နားထောင်နေသော ထွမ်မုထောင် အံ့ဩသွားရသည်။ ရှယန်အင်ပါယာကို အုပ်ချုပ်နေသော ရှယန်မိသားစုသည် တစ်စုံတစ်ဦးကို ဧည့်သည်တော် အကြီးအကဲအဖြစ် ဖိတ်ခေါ်ခဲလှသည်။ ရှယန်မိသားစု၏ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာခြင်းမှာ အလွန်ကြီးမားသော ဂုဏ်ဒြပ်ဖြစ်ပြီး မိသားစု၏ အစစ်အမှန် အကြီးအကဲများနှင့် တန်းတူ ဆက်ဆံခံရခြင်း ဖြစ်သည်။
ဧည့်သည်တော် အကြီးအကဲ၏ တာဝန်မှာ အခြားဂိုဏ်းများကဲ့သို့ပင် ဖြစ်သည်။ ရှယန်မိသားစု အခက်အခဲရှိချိန်တွင် ကူညီပေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မိသားစုကလည်း ထိုက်တန်သော လစာနှင့် အကျိုးခံစားခွင့်များကို ပေးအပ်ရမည်ဖြစ်ကာ ၎င်းမှာ ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးမျိုး ဖြစ်သည်။ စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင်လည်း ဧည့်သည်တော် အကြီးအကဲအဖြစ် ရှိနေပြီးသား ဖြစ်သည်။
ထွမ်မုထောင် နားလည်သည်မှာ စူးချန်ခုန်းသည် ဤကဲ့သို့ အလေးထားခံရရန် ထိုက်တန်သူ ဖြစ်သည်။ သူ၏ အစွမ်းမှာ ခန့်မှန်းရခက်လွန်းပြီး သူ၏ ပါရမီမှာလည်း သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပြန်လည်ဝင်စားလာခြင်းလားဟု ထင်မှတ်ရလောက်အောင် ကြောက်စရာ ကောင်းလှသည်။ ဤကဲ့သို့သော ထူးချွန်သူကို ရှယန်မိသားစုက သူတို့ဘက်ပါအောင် ဆွဲဆောင်လိုတာ သဘာဝကျပါသည်။
ယခင်က လျန်ထျန်းလုမှတစ်ဆင့် ဖိတ်ခေါ်စဉ်က စူးချန်ခုန်း ငြင်းပယ်ခဲ့သော်လည်း ယခုအခါ ရှယန်မိသားစုက ထပ်မံ၍ ဖိတ်ခေါ်လာခြင်း ဖြစ်သည်။
ရှယန်ကျဲက အလွန်ရိုးသားစွာ ပြောလိုက်သည်။ “အစ်ကိုတာ့... ဒီလို ခေတ်အပြောင်းအလဲ ဒီရေလှိုင်းကြီးက နှစ်ပေါင်းများစွာမှာ တစ်ခါသာ ပေါ်လာတတ်တာပါ။ အစ်ကို့လို ပညာရှင်တစ်ယောက်အနေနဲ့ ဒီလှိုင်းလုံးကြီးတွေထဲမှာ မပါဝင်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ရှယန်မိသားစုရဲ့ အခြေခံက အရမ်းခိုင်မာပါတယ်။ ကျွန်တော်တို့ အတူတူ ပူးပေါင်းပြီး ဒီမုန်တိုင်းကို ကျော်ဖြတ်မယ်ဆိုရင် ဒါဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။”
“တကယ်လို့ အစ်ကိုတာ့သာ ကျွန်တော်တို့ ရှယန်မိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာမယ်ဆိုရင်... ဝိညာဉ်ကို အစွမ်းထက်စေပြီး ပြောင်းလဲပေးနိုင်တဲ့ အဲဒီရတနာကို ကျွန်တော်တို့က လက်နှစ်ဖက်နဲ့ ကမ်းလှမ်းပေးဖို့ အသင့်ပါပဲခင်ဗျ။”
ရှယန်ကျယ်၏ စကားကြောင့် စူးချန်ခုန်း စိတ်လှုပ်ရှားသွားသည်။ ဝိညာဉ်ကို ပြောင်းလဲပေးနိုင်သော ရတနာမှာ စိတ်ကူး၍မရနိုင်လောက်အောင် တန်ဖိုးကြီးလှသည်။ ရှယန်မိသားစုသည် စူးချန်ခုန်းကို ဆွဲဆောင်ရန်အတွက် အမှန်တကယ်ပင် ရင်းနှီးမြှုပ်နှံရဲကြသည်။ ဟုန်ကျန်းရှန့်ကို ကယ်တင်ရန်အတွက် စူးချန်ခုန်းကို ထိုရတနာ တိုက်ရိုက်ပေးရန်ပင် ဝန်မလေးကြပေ။
‘ရှယန်မိသားစုက... တကယ့်ကို သတ္တိရှိတာပဲ’ ထွမ်မုထောင်က အံ့ဩတကြီး တွေးနေမိသည်။ အကယ်၍ ထိုရတနာကိုသာ သူ ရရှိခဲ့ပါက သူသည်လည်း ‘ဓားသွားဝိညာဉ်’ အဆင့်သို့ ရောက်ရှိနိုင်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ နတ်ဘုရားစွမ်းရည်တု ပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်သည်။
သို့သော် ထွမ်မုထောင် သိသည်မှာ ရှယန်မိသားစုသည် စူးချန်ခုန်းအပေါ် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး စူးချန်ခုန်းမှာလည်း ထိုသို့ ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူ ဖြစ်သည်။ စူးချန်ခုန်းသည် အချိန်တိုအတွင်းမှာပင် ဤမျှအဆင့်သို့ ရောက်ရှိလာခဲ့ပြီး နောင်တစ်ချိန်တွင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်ခြေ ရှိသည်။ အကယ်၍ စူးချန်ခုန်းသာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာပါက ရှယန်မိသားစုအတွက် အဆပေါင်းများစွာသော အကျိုးကျေးဇူးကို ပြန်လည် ရရှိစေမည် ဖြစ်သည်။
စူးချန်ခုန်းကိုယ်တိုင်လည်း ဤအချက်ကို သိရှိသော်လည်း ရှယန်မိသားစု၏ သတ္တိရှိမှုကို သူ လေးစားမိသွားသည်။ ရှယန်ကျယ် ပြောသည်မှာလည်း ယုတ္တိရှိလှသည်။ ပထမအချက်မှာ ဟုန်ကျန်းရှန့်အတွက် ဖြစ်ပြီး ဒုတိယအချက်မှာ ရှယန်မိသားစုနှင့် ပူးပေါင်းခြင်းမှာ သူ့အတွက်လည်း အကျိုးရှိစေသောကြောင့် ဖြစ်သည်။ ဤကပ်ဘေးကာလတွင် အခြေခံခိုင်မာသော ရှယန်မိသားစုနှင့် မဟာမိတ်ဖွဲ့ခြင်းက သူ ရှင်သန်နိုင်ရန် ကူညီပေးနိုင်လိမ့်မည်။ အနည်းဆုံးတော့ ရှယန်မိသားစုမှာ စစ်မှန်သော သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး ရှိနေနိုင်သည် မဟုတ်ပါလား။
ထိုအချက်များကို စဉ်းစားပြီးနောက် စူးချန်ခုန်းက ခေါင်းငြိမ့်လိုက်သည်။ “ရှယန်မိသားစုက ကျွန်တော့်ကို ဒီလောက်အထိ အလေးထားတယ်ဆိုရင်တော့... ကျွန်တော် ရှယန်မိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲအဖြစ် လက်ခံပါတယ်”
စူးချန်ခုန်း သဘောတူလိုက်သည်ကို မြင်သောအခါ ရှယန်ကျယ်၏ မျက်နှာတွင် ဝမ်းသာမှုများ အထင်းသား။ သူ မလာခင်က မိသားစုခေါင်းဆောင်က စူးချန်ခုန်းကို ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် စည်းရုံးရန် မှာကြားခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းသည် သူငယ်ချင်းဟောင်းအတွက် အသက်စွန့်ခဲ့သူဖြစ်သဖြင့် သူသည် ကျေးဇူးသိတတ်သူဖြစ်ကြောင်း သိသာပါသည်။ ထို့ကြောင့် ရှမန်မိသားစုက ဟုန်ကျန်းရှန့်ကို ကယ်တင်ရန် အဖိုးတန်ရတနာကို ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အကြီးအကဲတာ့... ကျွန်တော် အခု ပြန်လိုက်ပါဦးမယ်။ မနက်ဖြန်ကျရင် ‘ဝိညာဉ်ပျိုးထောင် နတ်ရေစင်’ တစ်ခွက်ကို ကျွန်တော် ယူလာခဲ့ပါ့မယ်” ရှယန်ကျယ်က ဝမ်းသာအားရ ပြောကာ မိသားစုထံ သတင်းပို့ရန် ထွက်ခွာသွားတော့သည်။
ရှယန်ကျယ် ထွက်သွားပြီးနောက် စူးချန်ခုန်းသည် သတိလစ်နေသော ဖန်ရှန့်ဝူကို ကြည့်လိုက်သည်။ သူ၏ တောင်းဆိုချက် အောင်မြင်သွားသော်လည်း သူသည် ရှယန်မိသားစု၏ စခန်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သို့သော် ဤသည်မှာ ဆိုးဝါးသော အရာတော့ မဟုတ်ပေ။ ရှယန်မိသားစု၏ အရင်းအမြစ်များဖြင့် သူ ပိုမို လျင်မြန်စွာ တိုးတက်လာနိုင်မည်ဖြစ်ရာ ၎င်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံရေးပင် ဖြစ်သည်။
နောက်တစ်နေ့ ရောက်သောအခါ ရှယန်ကျယ်သည် ကတိအတိုင်း မိစ္ဆာနှိမ်နင်းရေးဌာနသို့ ရောက်ရှိလာခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှယန်ကျဲသည် အရောင်မရှိ၊ အနံ့မရှိသော ကြည်လင်သည့် အရည်များ ပါဝင်သည့် ကျောက်စိမ်းပုလင်းငယ်လေး တစ်လုံးကို ယူဆောင်လာခဲ့လေတော့သည်။
အခန်း (၆၉၈) ဝိညာဉ်ပျိုးထောင် နတ်ရေစင်။ ရှယန်မိသားစု၏ အကြီးအကဲအသစ်။ (၄)
သာမန်အရည်ကဲ့သို့ ထင်ရသော်လည်း စူးချန်ခုန်း၏ ဝိညာဉ်ပင်လယ်အတွင်းရှိ 'ဓားသွားဝိညာဉ်' မှာ ထိုအရည်ကို မြင်သည်နှင့် ဗီဇအရ တောင့်တမှုကြောင့် သိသိသာသာ တုန်ခါသွားခဲ့သည်။
ရှယန်ကျယ်က ကျောက်စိမ်းပုလင်းငယ်ကို ကြည့်ကာ “အကြီးအကဲတာ့... ဒါက ‘ဝိညာဉ်ပျိုးထောင် နတ်ရေစင်’ ပါ။ ဒါကို ဝိညာဉ်ပျိုးထောင်ပန်းတွေနဲ့ အဓိက ဖော်စပ်ထားတာဖြစ်ပြီး ဝိညာဉ်ကို အားဖြည့်ပေးပါတယ်။ ဒီပန်းတွေကို ကောင်းကင်ဘုံဂူနန်းနဲ့ မင်္ဂလာနယ်မြေတွေမှာပဲ စိုက်ပျိုးလို့ ရတာပါ။ ကျွန်တော်တို့ ရှယန်မိသားစုမှာတောင် ဒီဆေးရည်က အနည်းငယ်ပဲ ရှိတာပါ... ဟုန်ကျန်းရှန့် အောင်မြင်မလား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ပြောလိုက်သည်။
“ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်” စူးချန်ခုန်းက ခေါင်းငြိမ့်ပြလိုက်သည်။
ဤဝိညာဉ်ပျိုးထောင်ခြင်း နတ်ရေစင်၏ တန်ဖိုးမှာ ဝိညာဉ်ကို အဆင့်မြှင့်တင်ပေးနိုင်လောက်အောင် ကြီးမားလှသည်။ ထွမ်မုထောင်ကဲ့သို့ ဓားအသိစိတ်ကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံထားသူတစ်ဦးသာ ဤဆေးရည်ကို ရရှိပါက သူ၏ ဓားသွားဝိညာဉ်ကို ပြန်လည်ပုံဖော်နိုင်ရန် သေချာသလောက်ပင် ရှိသည်။ ဟုန်ကျန်းရှန့်အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားနိုင်မလား ဆိုသည်မှာမူ သူ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။
စူးချန်ခုန်းအနေဖြင့် သူ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရှယန်ကျယ်သည် ဖန်ရှန့်ဝူအနားသို့ ချဉ်းကပ်သွားပြီး ပုလင်းကို ဖြည်းညှင်းစွာ စောင်းလိုက်ရာ အရောင်အဆင်းမဲ့ပြီး ဘာမှမရှိသကဲ့သို့ ထင်ရသော ဝိညာဉ်ပျိုးထောင် နတ်ရေစင် စက်လေးများသည် ဖန်ရှန့်ဝူ၏ နဖူးပေါ်သို့ ကျဆင်းသွားကာ အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး ဝိညာဉ်ပင်လယ်ဆီသို့ ရောက်ရှိသွားတော့သည်။
ဝိညာဉ်ပင်လယ်အတွင်းတွင် ရောယှက်နေသော ဝိညာဉ်နှစ်ခုမှာ အချိန်အတော်ကြာ ငတ်မွတ်နေသော ပြိတ္တာများကဲ့သို့ပင် ဝင်ရောက်လာသော ဝိညာဉ်ပျိုးထောင် နတ်ရေစင်ကို မြင်သည်နှင့် ဗီဇအရ အလုအယက် စုပ်ယူဝါးမြိုကြတော့သည်။
ဖန်ရှန့်ဝူနှင့် ဟုန်ကျန်းရှန့်တို့ နှစ်ဦးစလုံး၏ ဝိညာဉ်များသည် ထိုဆေးရည်ကို စုပ်ယူနိုင်သော်လည်း ဟုန်ကျန်းရှန့်၏ အားသာချက်မှာ သူသည် ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အရေး ရှိနေခြင်းပင် ဖြစ်သည်။ ဖန်ရှန့်ဝူမှာမူ ‘ဝင်စားခြင်းအတတ်’ ကို အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးသဖြင့် သူ၏ ဝိညာဉ်မှာ ပျက်စီးယိုယွင်းပြီး အပိုင်းပိုင်း ပြတ်နေပြီ ဖြစ်သည်။ ဤဆေးရည်ကို ရရှိလျှင်ပင် သူသည် ဝိညာဉ်အဆင့်သို့ တက်လှမ်းရန်မှာ တစ်သက်လုံး မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် နှစ်ဦးစလုံး ဆေးရည်ကို စုပ်ယူနေကြသော်လည်း ရေရှည်တွင် ဟုန်ကျန့်ရှန်းက ပို၍ အသာရလာမည် ဖြစ်သည်။
ပုလင်းအတွင်းရှိ ဆေးရည်အားလုံးကို လောင်းထည့်ပြီးနောက် စူးချန်ခုန်း လုပ်နိုင်သည်မှာ စောင့်ဆိုင်းရန်သာ ရှိတော့သည်။ သူသည် ရံဖန်ရံခါ သူ၏ ဓားသွားဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဟုန်ကျန်းရှန့်၏ ဝိညာဉ်ပင်လယ်အတွင်းမှ အခြေအနေကို အကဲခတ်နေခဲ့သည်။ အကယ်၍ ဖန်ရှန့်ဝူသာ အနိုင်ရသွားခဲ့ပါက စူးချန်ခုန်းသည် သူ့ကို ချက်ချင်းပင် အပိုင်းပိုင်း ခုတ်ပစ်ရန် အသင့်ရှိနေသည်။
ဟုန်ကျန်းရှန့်၏ ဝိညာဉ်ပင်လယ်အတွင်းတွင် ဝိညာဉ်နှစ်ခုမှာ ဝင်ရောက်လာသော ဆေးရည်ကို အသေအလဲ စုပ်ယူရင်း တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အသက်လု တိုက်ပွဲဝင်နေကြသည်။ တစ်ယောက်သေ တစ်ယောက်ရှင် တိုက်ပွဲပင် ဖြစ်သည်။ ရှုံးနိမ့်သူမှာ အနိုင်ရသူအတွက် အာဟာရ ဖြစ်သွားပေလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အစပိုင်းတွင် ဖန်ရှန့်ဝူက အသာစီးရနေသော်လည်း ကြာလာသည်နှင့်အမျှ သူ၏ ဝိညာဉ်အင်အားမှာ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူ၏ ပျက်စီးနေသော ဝိညာဉ်မှာ အဆင့်တက်ရန် ခက်ခဲလှသည်။ အခြားတစ်ဖက်တွင်မူ ဟုန်ကျန်းရှန့်၏ ဝိညာဉ်မှာ ဆေးရည်ကို စုပ်ယူရင်း တဖြည်းဖြည်း သန်မာလာကာ နောက်ဆုံးတွင် ဖန်ရှန့်ဝူနှင့် အင်အားချင်း တန်းတူလာပြီး တဖြည်းဖြည်းပင် ဖန်ရှန့်ဝူကို ပြန်လည် ဖိနှိပ်နိုင်လာခဲ့သည်။
“ဖန်ရှန့်ဝူ... မင်းကို အပိုင်းပိုင်း ပိုင်းပစ်မယ်။” ဟုန်ကျန်းရှန့်၏ ဝိညာဉ်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဟုန်ကျန်းရှန့်အတွက် ဖန်ရှန့်ဝူအပေါ် ထားရှိသော အငြိုးအတေးမှာ အလွန်နက်ရှိုင်းလှသည်။ ဤနှစ်များတစ်လျှောက် ငရဲကဲ့သို့ ခံစားခဲ့ရမှုများအတွက် လက်စားချေရန် အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
ဝိညာဉ်နှစ်ခုမှာ အရူးအမူး တိုက်ခိုက်နေကြသည်။
“အားးးးး ဟုန်ရှန့် မင်းလို နိမ့်ကျတဲ့ကောင်ကများ အကြီးကို ပြန်တော်လှန်ရဲတယ်ပေါ။ မင်းကို ငါ ဝါးမြိုပစ်မယ်။” ဖန်ရှန့်ဝူမှာလည်း ရူးသွပ်မတတ် ဖြစ်ကာ သူ၏ စွမ်းအားအားလုံးကို အသုံးချ၍ ပြန်လည် ခုခံနေသည်။
တစ်လခန့် ကြာပြီးနောက် ဟုန်ကျန်းရှန့်၏ ဝိညာဉ်ပင်လယ်မှာ ပြင်းထန်သော တိုက်ပွဲကြောင့် ကွဲအက်တော့မတတ် ဖြစ်နေသည်။ မည်သူမျှ အလျှော့မပေးဘဲ တစ်ဖက်လူ၏ အစာဖြစ်မည့်အစား အတူတူ ပျက်စီးသွားရန်ပင် ဝန်မလေးကြပေ။ သို့သော် ဖန်ရှန့်ဝူ မည်မျှပင် ရုန်းကန်ပါစေ ဟုန်ကျန်းရှန့်မှာ ဆေးရည်ကို ပိုမိုစုပ်ယူနိုင်သဖြင့် ပို၍သန်မာလာပြီး ဖန်ရှန့်ဝူမှာမူ တဖြည်းဖြည်း အားနည်းလာကာ သူ၏ ဝိညာဉ်မှာလည်း တဖြည်းဖြည်း ပဲ့ကြွေလာလေ၏။
“မဖြစ်နိုင်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး။ မင်းလို နိမ့်ကျတဲ့... ပုရွက်ဆိတ်လေးက...”
နောက်ဆုံးတွင် ဖန်ရှန့်ဝူ၏ ဝိညာဉ်မှာ နောင်တတရားနှင့် ကျိန်ဆဲသံများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဖန်ရှန့်ဝူသည် ဘဝပေါင်းများစွာ ဝင်စားခဲ့ပြီး ခက်ခဲစွာ ကျင့်ကြံခဲ့သမျှသည် အရာမထင်တော့ဘဲ သူ စုဆောင်းခဲ့သမျှ အရာအားလုံးမှာ သူ ရန်သူအဖြစ်ပင် မသတ်မှတ်ခဲ့သော လူငယ်လေးတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။ သူ ဒါက ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။ သို့သော် သူ မည်မျှပင် ငြင်းဆန်ပါစေ ဘဝပေါင်းများစွာ ဝင်စားခဲ့သော မိစ္ဆာအိုကြီး ဖန်ရှန့်ဝူမှာ နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားရတော့သည်။
ဝိညာဉ်ပင်လယ်မှာ ပြန်လည်ငြိမ်သက်သွားပြီး ဟုန်ကျန်းရှန့်၏ ဝိညာဉ်မှာမူ ပိုမိုတောင့်တင်း ခိုင်မာလာခဲ့သည်။
ဖြည်းဖြည်းချင်းပင် ဟုန်ကျန်းရှန့်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး စူးချန်ခုန်းကို မြင်လိုက်ရသည်။ သူသည် အက်ရှရှအသံဖြင့် “ညီလေးစူး... ကျေးဇူးတင်ပါတယ်...” ဟု ပြောလိုက်သည်။
ဟုန်ကျန်းရှန့် နိုးထလာပြီ ဖြစ်သည်။ သူသည် ဖန်ရှန့်ဝူ၏ ဝိညာဉ်ကို ဝါးမြိုပစ်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ စူးချန်ခုန်းလည်း သက်ပြင်းချရင်း စိတ်အေးသွားရသည်။ ဤသည်မှာ ဝဋ်လည်ခြင်းပင် ဖြစ်သည်။ ဖန်ရှန့်ဝူသည် အခြားသူများ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ အစွမ်းအားလုံးမှာ ဟုန်ကျန်းရှန့်အတွက် အဖိုးတန် လက်ဆောင်တစ်ခု ဖြစ်သွားခဲ့ရသည်။
“စကားတွေ အများကြီး မပြောပါနဲ့ဦး... ကောင်းကောင်း အနားယူလိုက်ပါ”
စူးချန်ခုန်းက ခေါင်းယမ်းပြလိုက်သည်။ ဟုန်ကျန်းရှန့်မှာ အမှန်တကယ်ပင် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ ယခု ဟုန်ကျန်းရှန့်သည် ဖန်ရှန့်ဝူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ရရှိထားသဖြင့် နောင်တစ်ချိန်တွင် ဖန်ရှန့်ဝူ မရောက်ရှိနိုင်ခဲ့သော အဆင့်အတန်းများသို့ ရောက်ရှိနိုင်သည့် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။ ဖန်ရှန့်ဝူမှာ ဝင်စားခြင်းများကြောင့် ဝိညာဉ်ပျက်စီးခဲ့သော်လည်း ဟုန်ကျန်းရှန့်တွင် ထိုပြဿနာ မရှိပေ။ သူ၏ ပါရမီမှာ ယခုအခါ ဖန်ရှန့်ဝူထက် သာလွန်သွားပြီ ဖြစ်သည်။
သို့သော် စူးချန်ခုန်း၏ စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ်တော့ ရှိနေသေးသည်။ ဟုန်ကျန်းရှန့်မှာ လက်ရှိတွင် သာမန်အတိုင်း ရှိနေသော်လည်း ကြာလာသည်နှင့်အမျှ မိစ္ဆာစွမ်းအားများကြောင့် သူ၏ မူလစိတ်ထား ပျောက်ကွယ်သွားပြီး နောက်ထပ် ဖန်ရှန့်ဝူ တစ်ယောက် ဖြစ်လာမလား ဆိုသည်ကိုပင် ဖြစ်သည်။
အခန်း (၆၉၉) ဝိညာဉ်ပျိုးထောင် နတ်ရေစင်။ ရှယန်မိသားစု၏ အကြီးအကဲအသစ်။ (၅)
ဘာပဲဖြစ်ဖြစ် ဟုန်ကျန်းရှန့်၏ ပြဿနာမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဟုန်ကျန်းရှန့်မှာလည်း အတော်အတန် ပြန်လည်ကျန်းမာလာခဲ့သည်။
"အသက်ခြွေအဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ တကယ်ပဲ ဘယ်သူရှိနေတာလဲ။ အဲဒီအဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ရှိသေးတယ် မဟုတ်လား။" စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်နှင့် အချိန်အတော်ကြာ စကားပြောဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အကြောင်းကို မေးမြန်းကြည့်လိုက်သည်။
ဖန်ရှန့်ဝူ သေဆုံးသွားရခြင်းမှာ စူးချန်ခုန်းကြောင့် ဖြစ်သဖြင့် သူတို့နှင့် အသက်ခြွေအဖွဲ့အစည်းမှာ မပြေလည်နိုင်သော ရန်သူများ ဖြစ်သွားကြပြီဟု ဆိုနိုင်သည်။ ဖန်ရှန့်ဝူမှာ ဒုတိယခေါင်းဆောင်သာ ဖြစ်သဖြင့် အဖွဲ့ခေါင်းဆောင်မှာ ဖန်ရှန့်ဝူထက် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။ ရန်သူဖြစ်လာပြီ ဖြစ်သဖြင့် စူးချန်ခုန်းအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အချက်အလက်များကို တတ်နိုင်သမျှ သိရှိထားရန် လိုအပ်သည်။
ဟုန်ကျန်းရှန့်၏ မျက်မှောင်များမှာ တင်းကြပ်စွာ ကြုတ်သွားပြီး သူ၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ "ဖန်ရှန့်ဝူရဲ့ အမှတ်တရတွေက အရမ်းများပြီး အရမ်း ရှုပ်ထွေးလွန်းတယ်။ ငါ အားလုံးကို အကုန်အစင် မချေဖျက်နိုင်သေးဘူး... ဒီအဖွဲ့ခေါင်းဆောင်နဲ့ ပတ်သက်လို့တော့ ငါ့မှာ အချက်အလက် အပိုင်းအစလေးတွေပဲ ရှိတယ်... သူ့နာမည်က 'ချင်းမေ့ရှန်' တဲ့။"
"ချင်းမေ့ရှန်" စူးချန်ခုန်း စဉ်းစားကြည့်သော်လည်း ဤနာမည်ကို တစ်ခါမျှ မကြားဖူးပေ။
ဟုန်ကျန်းရှန့်က သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်များကို ပြန်လည်စုစည်းရင်း ပြောပြသည်။ "အသက်ခြွေအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ချင်းမေ့ရှန်ဆိုတာ... တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ။ သူ့ရဲ့ အရှိန်အဝါလေး တစ်စွန်းတစ်စကတည်းနဲ့တင် လူကို တုန်လှုပ်သွားစေနိုင်တယ်။ ဖန်ရှန့်ဝူတောင် သူ့အပေါ်မှာ သစ္စာမရှိတဲ့စိတ် တစ်စက်ကလေးမှ မထားရဲဘူး။ သူက မိစ္ဆာအိုကြီး အတော်များများကို ပြုစုပျိုးထောင်ပေးခဲ့တယ်... ဖန်ရှန့်ဝူက အဲဒီထဲက တစ်ယောက်ပဲ။ သူ့ရဲ့ တကယ့်သရုပ်မှန်က အရမ်းလျှို့ဝှက်တယ်။ ဖန်ရှန့်ဝူကို ညွှန်ကြားချက်ပေးဖို့ ခေါ်တိုင်း လူတစ်ယောက် လွှတ်ပြီးမှ ရှာခိုင်းတတ်တာ။"
သူ သိသည်မှာ ထိုသူ၏ အမည်မှာ ချင်းမေ့ရှန် ဖြစ်ပြီး အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော ပညာရှင်တစ်ဦး ဖြစ်သည်ဟူသောအချက်သာ ဖြစ်သည်။
စူးချန်ခုန်း စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဤကဲ့သို့ ကြောက်စရာကောင်းသော ပညာရှင်တစ်ဦးနှင့် ရန်ငြိုးဖွဲ့မိခြင်းမှာ ကောင်းသောကိစ္စ မဟုတ်သည်မှာ သေချာသည်။ သူ လုပ်နိုင်သည်မှာ သူ၏ အစွမ်းကို တိုးမြှင့်ပြီး မည်သည့် တိုက်ပွဲကိုမဆို ရင်ဆိုင်ရန် အသင့်ပြင်ထားဖို့သာ ရှိသည်။
"အကြီးအကဲတာ့... ဆရာဟုန် ကျန်းမာရေး ပြန်ကောင်းလာပြီလားဗျ။"
ထိုနေ့တွင် ရှယန်ကျယ် ရောက်လာခဲ့သည်။ သူသည် စူးချန်ခုန်းကို နှုတ်ဆက်ပြီးနောက် ဟုန်ကျန်းရှန့်ကို ပြုံးလျက် ကြည့်လိုက်သည်။ ဟုန်ကျန်းရှန့်ကလည်း အားနည်းစွာ ခေါင်းငြိမ့်ပြပြီး "အတော်လေး ပြန်ကောင်းလာပါပြီ... ကျေးဇူးတင်ပါတယ်..." ဟု ပြောလိုက်သည်။
စူးချန်ခုန်းသည် ရှယန်မိသားစုထံမှ အကူအညီတောင်းခဲ့သဖြင့်သာ သူသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟုန်ကျန်းရှန့် သိထားသည်။ မဟုတ်ပါက သူသည် လုံးဝ ပျောက်ကွယ်သွားရပေလိမ့်မည်။
ထို့နောက် ရှယန်ကျယ်က "ကျွန်တော်က အမိန့်အရ လာခဲ့တာပါ။ ကျွန်တော်တို့ မိသားစုခေါင်းဆောင်က ဆရာဟုန်ကို ရှယန်မိသားစုရဲ့ ‘ကောင်းကင်ဘုံနန်းနဲ့ မင်္ဂလာနယ်မြေ’ထဲမှာ ကျင့်ကြံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆရာဟုန်... သွားချင်ပါသလားခင်ဗျ။"
ရှယန်ကျယ်၏ စကားကြောင့် စူးချန်ခုန်း စဉ်းစားမိသွားသည်။ ရှယန်မိသားစု အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်းဟူသည်ကို သူ အကြမ်းဖျင်း နားလည်လိုက်သည်။ လက်ရှိ ဟုန်ကျန်းရှန့်မှာ သူ၏ ခန္ဓာကိုယ်ကို ပြန်ရထားသော်လည်း မည်သည့်အချိန်တွင် ပေါက်ကွဲမည်မှန်းမသိသော ဗုံးတစ်လုံးကဲ့သို့ပင်။ သူသည် သူ၏ မူလစိတ်ထား ပျောက်ကွယ်သွားပြီး ဖန်ရှန့်ဝူကဲ့သို့ မိစ္ဆာတစ်ကောင် ဖြစ်သွားမလား ဆိုသည်မှာ မသေချာပေ။ အကယ်၍ ထိုသို့ဖြစ်လာပါက ၎င်းမှာ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ရာ သူ့ကို ပြင်ပတွင် လွှတ်ထားရန်မှာ အန္တရာယ်များလွန်းလှသည်။ ထို့အပြင် အသက်ခြွေအဖွဲ့အစည်း ခေါင်းဆောင်ကလည်း သူ့နောက်ကို လိုက်လာနိုင်ခြေ ရှိသည်။
ထို့ကြောင့် ရှယန်မိသားစုက ဟုန်ကျန်းရှန့်ကို သူတို့၏ နတ်ဘုရားဘုံထဲသို့ ဖိတ်ခေါ်ခြင်းမှာ ကျင့်ကြံရန်ဟု အကြောင်းပြသော်လည်း အမှန်တကယ်တွင်မူ သူ့ကို စောင့်ကြည့်ရန်နှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ချက်ချင်း ဖြေရှင်းနိုင်ရန် ဖြစ်သည်။ စူးချန်ခုန်း ဘာမှဝင်မပြောပေ။ ဤအကြံပြုချက်မှာ အကောင်းဆုံးဖြစ်သည်ဟု သူလည်း ထင်သောကြောင့် ဖြစ်သည်။
ဟုန်ကျန်းရှန့်မှာ ကြမ်းတမ်းပုံရသော်လည်း အသေးစိတ် စဉ်းစားတတ်သူဖြစ်ရာ အားလုံး၏ စိုးရိမ်မှုကို သူ နားလည်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကောင်းပြီလေ..ရှယန်အင်ပါယာရဲ့ နတ်ဘုရားဘုံကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲဗျာ။"
ဟုန်ကျန်းရှန့်က တက်ကြွစွာ သဘောတူလိုက်သည်။ သူကိုယ်တိုင်လည်း သူ၏ စိတ်ကို မထိန်းနိုင်ဘဲ တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်နေသလို ချင်းမေ့ရှန် လိုက်ရှာလာမည်ကိုလည်း ကြောက်ရွံ့နေသည်။ ရှယန်မိသားစု၏ နတ်ဘုံနန်းထဲသို့ ဝင်ရောက်သွားပါက ချင်းမေ့ရှန် သိသွားလျှင်ပင် မည်မျှပင် အစွမ်းထက်ပါစေ ရှယန်မိသားစု၏ အခြေစိုက်စခန်းထဲသို့ ဇွတ်အတင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။
နိုင်ငံတစ်ခုကို အုပ်ချုပ်နေသော ရှယန်မိသားစု၏ နတ်ဘုရားဘုံမှာ သူတို့၏ အစဉ်အလာနှင့် အောင်မြင်မှုများ၏ အခြေခံအုတ်မြစ် ဖြစ်သဖြင့် အလွန်လုံခြုံပြီး ပြင်ပလူများ ဖျက်ဆီးရန် မဖြစ်နိုင်လောက်အောင် ခိုင်မာလှပေသည်။