အခန်း (၇၀၀-၇၀၂)
Vol. 47 Ch. 700-702
အခန်း (၇၀၀) သွေးနီရောင် နတ်ဘုရားမျိုးစေ့။ နေနှင့်လ အတူတောက်ပခြင်း။ (၁)
သဘောတူညီမှု ရရှိပြီးနောက် ရှယန်ကျယ်သည် သူ၏ရင်ဘတ်ထဲမှ မီးလျှံပုံစံနှင့် ရှေးဟောင်း “ရှယန်” စာလုံးများ ထွင်းထုထားသော အမှတ်အသားတံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
ရှယန်ကျယ်က “အကြီးအကဲတာ့... ဒါက ကျွန်တော်တို့ ရှယန်မိသားစုရဲ့ ဧည့်သည်တော်အကြီးအကဲ တုံကင်တံဆိပ်ပြားပါ။ ဒီထဲမှာ စီရင်စုအစီအမံ ပါဝင်ပြီး အပြန်အလှန် ဆက်သွယ်စကားပြောလို့ ရပါတယ်။ ဒါပေမဲ့ ဒါက ရှယန်အင်ပါယာ နယ်နိမိတ်အတွင်းမှာပဲ အလုပ်လုပ်မှာပါ” ဟု ရှင်းပြလိုက်သည်။
ရှယန်မိသားစု၏ ဤအမှတ်အသားတံဆိပ်မှာ အလွန်လျှို့ဝှက်ဆန်းပြားလှပြီး စာတိုပေးပို့နိုင်သည့် အစွမ်းမှာပင် အခြားသူများ မတတ်နိုင်သော အရာဖြစ်သည်။ ဤတံဆိပ်ဖြင့် ရှယန်မိသားစုသည် စူးချန်ခုန်းကို အချိန်မရွေး ဆက်သွယ်နိုင်သလို စူးချန်ခုန်းကလည်း ရှယန်မိသားစုကို ပြန်လည်ဆက်သွယ်နိုင်မည် ဖြစ်သည်။
“ကောင်းပါပြီ။”
စူးချန်ခုန်းက လက်လှမ်း၍ ယူလိုက်သည်။ ရှယန်မိသားစုက ဟုန်ကျန်းရှန့်ကို ကယ်တင်ရန် အလွန်အဖိုးတန်လှသော ဝိညာဉ်ပျိုးထောင် နတ်ရေစင်ကို ပေးအပ်ကာ ကူညီခဲ့သဖြင့် စူးချန်ခုန်းအနေဖြင့် ဧည့်သည်တော်အကြီးအကဲတစ်ဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ထိုအချိန်တွင် ဟုန်ကျန်းရှန့်က စူးချန်ခုန်းကို လေးနက်စွာ ပြောသည်မှာ “ညီလေးစူး... မင်းက ငါ့အသက်ကို ကယ်ခဲ့တာပဲ။ မင်းက... ငါ့ရဲ့ ထာဝရ ညီအစ်ကိုပါပဲကွာ။”
ဟုန်ကျန်းရှန့်သည် သူ့ကို ကယ်တင်ရန်အတွက် စူးချန်ခုန်းသည် ဖန်ရှန့်ဝူနှင့် တိုက်ပွဲကြီး ဆင်နွှဲခဲ့ရုံတင်မက အသက်ခြွေအဖွဲ့ခေါင်းဆောင် ချင်းမေ့ရှန်ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်ပါ ရန်ငြိုးဖွဲ့ခဲ့ရကြောင်း ထို့ပြင် ရှယန်မိသားစု၏ ဧည့်သည်တော်အဖြစ် ခံယူကာ ဆေးရည်နှင့် လဲလှယ်ခဲ့ရကြောင်းကို သိထားသည်။ ထို့ကြောင့် သူသည် စူးချန်ခုန်းကို အလွန်ကျေးဇူးတင်နေပြီး အခွင့်အရေးရလျှင် ကျေးဇူးပြန်ဆပ်ရန် သန္နိဋ္ဌာန်ချထားသည်။
“တပ်မှူးဟုန်... နတ်နန်းဘုံထဲမှာပဲ အနားယူပြီး ကျန်းမာရေး ပြန်ကောင်းအောင် အာရုံစိုက်ပါ” စူးချန်ခုန်းက ခေါင်းယမ်းပြကာ အကျယ်တဝင့် မပြောတော့ပေ။ သူသည် ခံစားချက်ကို ထုတ်ဖော်ပြသတတ်သူ မဟုတ်ပေ။
ထို့နောက် ဟုန်ကျန်းရှန့်သည် ရှယန်ကျယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ မိစ္ဆာခန္ဓာကိုယ် ၇ ခုမှာ စူးချန်ခုန်းအတွက် အသုံးမဝင်သဖြင့် ဟုန်ကျန်းရှန့်ကို ပေးလိုက်ကာ နတ်ဘုံနန်းအတွင်း၌ ထိုခန္ဓာကိုယ်များရှိ မိစ္ဆာစွမ်းအားများကို စုပ်ယူသန့်စင်စေရန် စီစဉ်ပေးခဲ့သည်။ စူးချန်ခုန်းအနေဖြင့် ဟုန်ကျန်းရှန့်၏ မူလစိတ်ထား မပျောက်ကွယ်ပါစေနှင့်ဟုသာ ဆုတောင်းနေမိသည်။
“ငါလည်း ကျင့်ကြံပြီး အင်အားကို တိုးမြှင့်ရမယ်။”
စူးချန်ခုန်း အချိန်မဆွဲတော့ဘဲ ရှယန်မြို့တော်မှ ထွက်ခွာကာ ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ဒုက္ခအားလုံးကို ရင်ဆိုင်နိုင်ရန်မှာ သူ၏ အစွမ်းကို တိုးမြှင့်ရန်သာ လိုအပ်သည်ကို သူ ကောင်းကောင်းသိသည်။
ဂိုဏ်းသို့ ပြန်ရောက်သောအခါ စူးချန်ခုန်းသည် အသက်ခြွေအဖွဲ့အစည်းထံမှ လုယက်ခဲ့သော မူလချီစွမ်းအင် ၇၀၀ ကို သန့်စင်လိုက်သည်။ ထို့ပြင် ဆေးဖော်စပ်ခြင်းဖြင့် မူလနယ်ပယ် သိုင်းပညာရှင် ၁၀၀ ကို ပြုစုပျိုးထောင်ကာ သူတို့ထံမှ လိပ်အသက်ရှူနည်းချီစွမ်းအင်များကို စုဆောင်း၍ ‘ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်’ အဖြစ် ပြောင်းလဲသန့်စင်ခဲ့သည်။
ထိုသိုင်းပညာရှင် ၁၀၀ ၏ လိပ်အသက်ရှူနည်းကျင့်စဉ်မှာ ပိုမိုနက်ရှိုင်းလာသဖြင့် သူတို့ပေးသော ချီစွမ်းအင် အရည်အသွေးမှာလည်း ပိုမိုကောင်းမွန်လာသည်။ ယခင်က ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် တစ်စက်ရရန် ခြောက်လနီးပါး ကြာသော်လည်း ယခုအခါ နှစ်လ၊ တစ်လခန့်အတွင်း ရရှိနိုင်သဖြင့် အချိန်မှာ များစွာ တိုတောင်းသွားခဲ့သည်။
နှစ်လကျော် အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလေ၏။
စူးချန်ခုန်းသည် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ဝမ်းဗိုက်အတွင်းတွင် ဆန်းကြယ်လိပ်ချီစွမ်းအင်အရည် ၉ စက်မှာ အပြာနုရောင် ကျောက်မျက်ရတနာလေးများကဲ့သို့ ငြိမ်သက်စွာ ရှိနေသော်လည်း ၎င်းတို့အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေသည်။
ဤကာလအတွင်း စူးချန်ခုန်း၏ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်မှာ ၅ စက်မှ ၉ စက်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ အရေအတွက် များပြားလာသည်နှင့်အမျှ နောက်ဆုံးတွင် အဆင့်အတန်းမြင့်မားသော ပြောင်းလဲမှုကြီး တစ်ရပ် ဖြစ်ပေါ်လာပေလိမ့်မည်။
‘ငါ့ရဲ့ ဧရာမဝေလငါးနည်းပညာနဲ့ လေမိုးကြိုး မြားအတတ်တွေက အဆင့် ၁၀ မှာ တန့်နေတာ ကြာပြီ။ တကယ်လို့ အဲဒါတွေကို အဆင့် ၁၁ အထိ ရောက်အောင် တွန်းတင်နိုင်ရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက နောက်ထပ် အဆင့်တစ်ခုကို တက်သွားမှာပဲ။’ စူးချန်ခုန်း ကိုယ့်ဘာကိုယ် တွေးနေမိသည်။
လေမိုးကြိုး မြားအတတ်မှာ တိုက်စစ်အတတ် သက်သက်သာဖြစ်သဖြင့် နတ်ဘုရားစွမ်းရည်တုအဆင့်သို့ ရောက်ရှိပါက ၎င်း၏ သတ်ဖြတ်နိုင်စွမ်းမှာ ကြောက်စရာ ကောင်းလှပေလိမ့်မည်။ အနည်းဆုံးတော့ ဝူချင်းရှီထက် ပိုမိုပြင်းထန်မည်ဖြစ်ကာ ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်နှင့် ပေါင်းစပ်လိုက်လျှင် သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် မည်သူမျှ သူ၏ မြားတစ်စင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဧရာမဝေလငါးကျင့်စဉ်ကို အဆင့် ၁၁ သို့ ရောက်ရန်မှာမူ ထူးဆန်းသော သားရဲပေါင်း ရာနှင့်ချီ၍ စားသုံးကာ သွေးများကို သန့်စင်ရန် လိုအပ်သဖြင့် ၎င်းမှာ မလွယ်ကူလှပေ။ သိုင်းပညာတစ်ခုကို နတ်ဘုရားစွမ်းရည်တုအဆင့်သို့ ရောက်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲလှသည် မဟုတ်ပါလား။
“ဟင်”
စူးချန်ခုန်း တွေးတောနေစဉ် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ခါးရှိ စာပေရနံ့အိတ်အတွင်းမှ တုံကင်တံဆိပ်ပြားကို ထုတ်လိုက်ရာ ၎င်းမှာ အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည်။ စူးချန်ခုန်းသည် တံဆိပ်ကို လက်ထဲတွင် ကိုင်ကာ အာရုံခံကြည့်လိုက်ရာ “အကြီးအကဲတာ့...ရှယန်မြို့တော် အရှေ့ဘက်က လေညင်းသစ်တောလေးမှာ တွေ့ကြရအောင်” ဟူသော သတင်းစကား ရောက်ရှိလာသည်။
၎င်းမှာ ရှယန်မိသားစုက စူးချန်ခုန်းကို ဆက်သွယ်ခြင်း ဖြစ်သည်။
‘တစ်ခုခု ဖြစ်လို့ ငါ့ကို အကူအညီတောင်းတာလား’ ဟု စူးချန်ခုန်း တွေးမိလိုက်သည်။ ရှယန်မိသားစု ဆက်သွယ်လာခြင်းမှာ တာဝန်တစ်ခုခု ရှိနေသည်မှာ သေချာသည်။
“သွားကြည့်ကြတာပေါ့။”
စူးချန်ခုန်း အချိန်မဆွဲတော့ဘဲ အခြေအနေကို သိရှိရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ ထွက်ခွာကာ ကြိုးကြာဖြူပုံရိပ်ယောင်ကို စီးနင်းလျက် မြို့တော်အရှေ့ဘက်ရှိ လေညင်းသစ်တောလေးသို့ ဦးတည်ပျံသန်းခဲ့သည်။
သစ်တောလေးအပေါ်သို့ ရောက်သောအခါ ရှယန်ကျယ်အပြင် အခြားသော လူများစွာ၏ အရှိန်အဝါကို စူးချန်ခုန်း အဝေးမှပင် အာရုံခံမိလိုက်သည်။
ဝူး...
စူးချန်ခုန်းသည် ကြိုးကြာကျောပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။ သစ်တောအတွင်းတွင် ရှယန်ကျယ်အပြင် အခြားလူ ၅ ဦး ရှိနေသည်ကို သူ တွေ့ရသည်။ ထို ၅ ဦးမှာ ရုပ်ရည်နှင့် အမူအရာ ကွဲပြားကြသော်လည်း အားလုံးမှာ အစွမ်းထက်သော ပညာရှင်များ ဖြစ်ကြသည်။
အထူးသဖြင့် အလယ်ဗဟိုတွင် ရပ်နေသော အသက် ၃၀ ခန့်ရှိမည့် အညိုရောင်ဖျော့ဖျော့ ဝတ်စုံနှင့် အမျိုးသားမှာ အလွန်တည်ကြည်လှသည်။ သူသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း သူသည် သာမန်လူ မဟုတ်ကြောင်း စူးချန်ခုန်း၏ ဗီဇက ပြောနေသည်။
ထို ၅ ဦးမှာလည်း စူးချန်ခုန်းကို စူးစမ်းစွာ ကြည့်နေကြသည်။ စူးချန်ခုန်း ရောက်လာသည်နှင့် ရှယန်ကျယ်က ချက်ချင်းပင် ရှေ့သို့ တိုးလာကာ မိတ်ဆက်ပေးလိုက်သည်။ “အကြီးအကဲတာ့... ဒါက ‘မီးနဂါးအစောင့်တပ်’ ရဲ့ ခေါင်းဆောင် ကုဖေးယန်ပါ။”
အခန်း (၇၀၁) သွေးနီရောင် နတ်ဘုရားမျိုးစေ့။ နေနှင့်လ အတူတောက်ပခြင်း။ (၂)
“အကြီးအကဲတာ့...” အညိုရောင်ဖျော့ဖျော့ဝတ်စုံနှင့် အမျိုးသားက စူးချန်ခုန်းကို ပြုံးလျက် နှုတ်ဆက်ရင်း အကဲခတ်လိုက်သည်။
စူးချန်ခုန်း၏ ငယ်ရွယ်သော ရုပ်သွင်ကြောင့် သူသည် လျှော့တွက်ခြင်း မရှိပေ။ ဤ ‘အကြီးအကဲတာ့’ မှာ ရှယန်မိသားစု၏ အသစ်ခန့်အပ်ထားသော ဧည့်သည်တော်အကြီးအကဲ ဖြစ်သည်။ ရှယန်မိသားစုတွင် ဧည့်သည်တော်အဖြစ် ခန့်အပ်ခံရသူ မည်သူမျှ အားနည်းသူ မရှိပေ။ စူးချန်ခုန်းမှာ ‘တာ့ဝူဖုန်း’ အမည်ဖြင့် လူသိများပြီး နတ်ဘုရားစွမ်းရည်တစ်ပိုင်း သိုင်းပညာရှင်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလှသဖြင့် မည်သူမျှ မလေးမစား မလုပ်ရဲကြပေ။
‘မီးနဂါးအစောင့်တပ်လား။’ စူးချန်ခုန်းလည်း အနည်းငယ် အံ့ဩသွားသည်။
သူသည် ရှယန်တော်ဝင်မိသားစုကို တိုက်ရိုက်အမှုထမ်းသော မီးနဂါးအစောင့်တပ်အကြောင်း ကြားဖူးသည်။ ယခင်က သူသည် ဟုန်ကျန်းရှန့်အဖြစ် ဟန်ဆောင်ကာ ဆည်းဆာသွေးချောင်းစီးတိုက်ပွဲတွင် ကူညီခဲ့စဉ်က မီးနဂါးအစောင့်တပ်မှ သူ့ကို လာရောက်ဖိတ်ခေါ်ခဲ့ဖူးသည်။ အကန့်အသတ်မရှိသော အရင်းအမြစ်များနှင့် ဆေးဝါးများ ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ၎င်းမှာ တော်ဝင်မိသားစုထံ သစ္စာခံရမည့် အမှတ်အသားတစ်ခုကို လက်ခံရမည် ဖြစ်သဖြင့် မိမိကိုယ်ကိုယ် လွတ်လပ်စွာ နေလိုသော စူးချန်ခုန်းက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
မီးနဂါးအစောင့်တပ်ထဲသို့ ဝင်နိုင်သူများမှာ ပြည်နယ်အသီးသီးမှ ရွေးချယ်ထားသော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သည် တော်ဝင်မိသားစုအပေါ် လုံးဝ သစ္စာရှိစေရန် ထိန်းချုပ်ခံထားရသော်လည်း သူတို့ ရရှိသော အခွင့်အရေးများမှာ နတ်ဘုရားစွမ်းရည် လျှို့ဝှက်ကျမ်းများမှစ၍ အဖိုးတန်ဆေးဝါးများအထိ အနှိုင်းမဲ့လှသည်။
ယခု ရှေ့တွင်ရှိနေသော ကုဖေးယန်မှာ ထိုတပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်သဖြင့် သူ၏ အစွမ်းမှာ ခန့်မှန်းရခက်လွန်းလှပေမည်။
စူးချန်ခုန်းက ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်ပြီး ရှယန်ကျယ်ကို ကြည့်ကာ “ဒီတစ်ခါ ဘာကိစ္စရှိလို့လဲ။ မီးနဂါးအစောင့်တပ် ခေါင်းဆောင်ကိုယ်တိုင်တောင် ထွက်လာရတယ်ဆိုတော့...”
ကုဖေးယန်မှာ အလွန်အစွမ်းထက်ပြီး သူနှင့်အတူပါလာသော အခြား ၄ ဦးမှာလည်း မီးနဂါးအစောင့်တပ်၏ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ အရှိန်အဝါများမှာ ဝိညာဉ်ပင်လယ်အတွင်း၌ မူလဓာတ်ငါးပါး သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိနေကြသည်ကို စူးချန်ခုန်း သတိထားမိလိုက်သည်။ ဤကဲ့သို့သော ပညာရှင် ၅ ဦး စုပေါင်းလှုပ်ရှားရသည်မှာ မရိုးရှင်းကြောင်း ထင်ရှားနေသည်။
ရှယန်ကျယ်၏ အမူအရာ လေးနက်သွားပြီး အဓိကအချက်ကို တိုက်ရိုက်ပြောလိုက်သည်။ “အကြီးအကဲတာ့... ဒီတစ်ခါ ကျွန်တော်တို့ ‘မျိုးရိုးမြင့်မိသားစု’ တစ်ခုကို နှိမ်နင်းဖို့ လိုအပ်လို့ပါ။”
“မျိုးရိုးမြင့်မိသားစု” စူးချန်ခုန်း အနည်းငယ် အံ့ဩသွားသည်။
မျိုးရိုးမြင့်မိသားစု ဆိုသည်မှာ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး၏ သွေးစဉ်ဆက်ဖြစ်ပြီး ထိုနတ်ဘုရား၏ သွေးမျိုးဗီဇကို ဆက်ခံထားသူများ ဖြစ်သည်။ သူတို့၏ အခြေခံမှာ အလွန်ခိုင်မာလှသည်။ ယခင်က လီမိသားစုမှာ ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း သာမန်မိသားစု သို့မဟုတ် သာမန်ဂိုဏ်းများထက် များစွာ သာလွန်နေသေးသည်။ ယခု မီးနဂါးအစောင့်တပ် ခေါင်းဆောင်ကိုယ်တိုင် လာရောက်နှိမ်နင်းရမည့် မိသားစုမှာ ပို၍ပင် အစွမ်းထက်ပေလိမ့်မည်။
ရှယန်ကျယ်က သက်ပြင်းချရင်း “ဒီမျိုးနွယ်စုဝင်တွေက သူတစ်ပါးအောက်မှာ မနေချင်ကြတာ သဘာဝပဲ။ အရင်ကတော့ သူတို့ကို ဖိနှိပ်ထားနိုင်ခဲ့ပေမဲ့ အခု လောကကြီးက ကစဉ့်ကလျား ဖြစ်လာတော့ တချို့မိသားစုတွေက စပြီး လှုပ်ရှားလာကြပြီ။ တချို့ကဆိုရင် လူ့အသက်တွေကို တန်ဖိုးမထားဘဲ ကိုယ့်နယ်မြေကို ကိုယ်တိုင် ဘုရင်လုပ်ပြီး အုပ်ချုပ်နေကြတယ်။ ဒါကြောင့် ဧကရာဇ်ယန်က... တခြားသူတွေကို သတိပေးတဲ့အနေနဲ့ အလွန်အကျွံလုပ်နေတဲ့ မိသားစုတစ်ခုကို နမူနာပြ နှိမ်နင်းဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဆိုသည်။
စူးချန်ခုန်း ခေါင်းငြိမ့်လိုက်သည်။ သူသည် မျိုးရိုးမြင့်မိသားစုများအကြောင်း အနည်းငယ် သိထားသည်။ အချို့မှာ လီမိသားစုကဲ့သို့ အေးဆေးနေကြသော်လည်း အချို့မှာ သူတို့၏ သွေးမျိုးဗီဇ သန်မာစေရန် အခြားမိသားစုများ၏ သွေးကို လုယက်ဝါးမြိုကြသည်။ အချို့မှာမူ နတ်ဆိုးအမြုတေကို သုံးပြီး သွေးမျိုးဗီဇကို အားဖြည့်ကြရာ ၎င်းတို့၏ သားစဉ်မြေးဆက်များမှာ စိတ်ဓာတ်ကြမ်းကြုတ်ကာ သွေးဆာသော မိစ္ဆာများကဲ့သို့ ဖြစ်လာတတ်သည်။
ယခု လောကကြီး မတည်မငြိမ်ဖြစ်ချိန်တွင် ထိုမိသားစုများက ပို၍ ရဲတင်းလာကြသဖြင့် တော်ဝင်မိသားစုက ‘မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြ’ သည့်အနေဖြင့် ထိထိရောက်ရောက် နှိမ်နင်းရန် စီစဉ်ခြင်း ဖြစ်သည်။
ဘေးမှ ကုဖေးယန်က သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် “ဒီတစ်ခါ ငါတို့ နှိမ်နင်းမယ့် မိသားစုက ဗဟိုပြည်နယ်ထဲက တိလော့မြို့ကို စိုးမိုးထားတဲ့ ‘လော့မိသားစု’ ပဲ” ဟု ပြောလိုက်သည်။
“တိလော့မြို့ရဲ့ လော့မိသားစု...” စူးချန်ခုန်း၏ စိတ်ထဲတွင် ထိုမိသားစုနှင့် ပတ်သက်သည့် အချက်အလက်များ ပေါ်လာသည်။ ဗဟိုပြည်နယ်သို့ ရောက်ရှိနေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ရာ သူသည် စာအုပ်များစွာ ဖတ်ဖူးပြီး အင်အားကြီးအဖွဲ့အစည်းများအကြောင်းကို လေ့လာထားဖူးသည်။
တိလော့မြို့မှာ လော့မိသားစု၏ ခိုင်မာသော ခံတပ်ကြီးကဲ့သို့ပင် ဖြစ်သည်။ တော်ဝင်မိသားစုမှ စေလွှတ်လိုက်သော အရာရှိများမှာ ရုပ်ပြသက်သက်သာ ဖြစ်ပြီး လော့မိသားစုကသာ စစ်အာဏာကို ကိုင်တွယ်ကာ ထိုမြို့၏ အစစ်အမှန် ဘုရင်များအဖြစ် အုပ်ချုပ်နေကြခြင်း ဖြစ်သည်။
ကုဖေးယန်က ဒေါသတကြီးဖြင့် “ငါတို့ တော်ဝင်မိသားစုက စေလွှတ်လိုက်တဲ့ အရာရှိတွေထဲမှာ လော့မိသားစုကို မဆန့်ကျင်ဘဲ သူတို့ခိုင်းတာလုပ်တဲ့သူတွေပဲ အသက်ရှင်ကြတယ်။ ကျန်တဲ့သူတွေကတော့ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတာ ဒါမှမဟုတ် လုပ်ကြံခံရတာတွေပဲ ကြုံရတယ်။ ဒါက တော်ဝင်အာဏာကို စော်ကားတာပဲ။ အခုတော့ သူတို့နဲ့ စာရင်းရှင်းရမယ်။ တစ်မိသားစုလုံးကို ဖမ်းဆီးမယ်။ ခုခံတဲ့သူမှန်သမျှကို နေရာတင် သတ်ပစ်မယ်။” ဟု ဆိုသည်။
စူးချန်ခုန်း ဘာမှဝင်မပြောပေ။ တိလော့မြို့၏ လော့မိသားစုမှာ ရှေးကျသော မျိုးနွယ်စု ဖြစ်သဖြင့် အလွန်အစွမ်းထက်မည်မှာ သေချာပါသည်။ တော်ဝင်မိသားစုက သူတို့ကို ပစ်မှတ်ထားခြင်းမှာ အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည်။
ရှယန်ကျယ်က “အကြီးအကဲတာ့... လော့မိသားစုကို လုံးဝ အမြစ်ပြတ် ဖမ်းဆီးနိုင်ဖို့အတွက် ခေါင်းဆောင်ကုနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်” ဟု တောင်းဆိုလိုက်သည်။
လော့မိသားစုကို နှိမ်နင်းရန် ကုဖေးယန်ကိုယ်တိုင် ဦးဆောင်ပြီး ထိပ်တန်းစစ်သည်များကို ခေါ်ဆောင်လာသော်လည်း ပိုမိုသေချာစေရန်အတွက် ရှယန်မိသားစု၏ အကြီးအကဲသစ်ဖြစ်သော စူးချန်ခုန်းကိုပါ အကူအညီတောင်းခံခြင်း ဖြစ်သည်။
“နားလည်ပါပြီ။” စူးချန်ခုန်းက တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။ အကျိုးခံစားခွင့် ရယူထားပြီး ဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရန်မှာ သဘာဝကျလှသည်။
“ကောင်းပြီ.. ကျွန်တော်တို့ တပ်တွေကို စုစည်းနေပါပြီ။ ဒီနေ့ကစပြီး ၃ ရက်အကြာမှာ စစ်ဆင်ရေး စပါ့မယ်။” စူးချန်ခုန်း သဘောတူသည်ကို မြင်သောအခါ ကုဖေးယန်က ပြောလိုက်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ လော့မိသားစုဝင် အားလုံးကို ဖမ်းဆီးပြီး တိလော့မြို့မှ သူတို့၏ အာဏာကို လုံးဝ အမြစ်ဖြတ်ပစ်ရန် ဖြစ်သည်။
၃ ရက်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။
တိလော့မြို့၏ ညဉ့်နက်ပိုင်းတွင် အရာအားလုံး တိတ်ဆိတ်နေပြီး မြို့ရိုးပေါ်ရှိ စစ်သားများမှာ ပုံမှန်အတိုင်း ကင်းစောင့်နေကြသည်။ မြို့ရိုးပေါ်ရှိ မြင့်မားသော ကင်းမျှော်စင်ပေါ်မှ စစ်သားတစ်ဦးသည် မြူခိုးများကြားမှ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တော်များ မြင်းစီး၍ လာနေကြသည်ကို ရုတ်တရက် တွေ့ရှိလိုက်လေတော့သည်။
အခန်း (၇၀၂) သွေးနီရောင် နတ်ဘုရားမျိုးစေ့။ နေနှင့်လ အတူတောက်ပခြင်း။ (၃)
ထိုစစ်သည်တော်များမှာ မီးလျှံပုံစံများ ထွင်းထုထားသော အနီရင့်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး သူတို့စီးနင်းလာသော မြင်းများမှာလည်း တစ်နေ့လျှင် လီတစ်ထောင်ကို အေးဆေးစွာ ဖြတ်သန်းနိုင်သည့် ထူးခြားသော မျိုးစိတ်များ ဖြစ်ကြသည်။
“ဒေါင်... ဒေါင်... ဒေါင်”
“ရန်သူတွေ တိုက်ခိုက်လာပြီ။ ရန်သူတွေ တိုက်ခိုက်လာပြီ။”
မြို့ရိုးပေါ်ရှိ စစ်သားများသည် အံ့ဩတုန်လှုပ်နေရာမှ သတိဝင်လာကာ လူပေးခေါင်းလောင်းကို အဆက်မပြတ် တီးခတ်လိုက်ကြရာ ခေါင်းလောင်းသံများသည် တိလော့မြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားလေ၏။ တိလော့မြို့ရှိ စစ်သားများသည် တိုက်ခိုက်သူများကို ခုခံရန် မြို့ရိုးပေါ်သို့ လျင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။
သို့သော် ထိုအနီရင့်ရောင် သံချပ်ကာဝတ် မြင်းစီးစစ်သည်များမှာ တိုက်စစ်ဆင်ခြင်း မပြုကြပေ။ ထိုအစား သူတို့၏ ခေါင်းဆောင်က “အရှေ့၊ အနောက်၊ တောင်၊ မြောက် တံခါးတွေကို ပိတ်ထားလိုက်။ ဘယ်သူ့ကိုမှ အပြင်ပေးမထွက်နဲ့။” ဟု အမိန့်ပေးလိုက်သည်။
ဤမြင်းစီးစစ်သည် ၄၀,၀၀၀ မှာ ရှယန်မြို့တော်မှ ထိပ်တန်း အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး သူတို့၏ ရည်ရွယ်ချက်မှာ တိလော့မြို့ကို ထိန်းချုပ်ရန်ဖြစ်သည်။ ယခု သူတို့ လုပ်ဆောင်နေသည်မှာ စောင့်ဆိုင်းရန်သာ ဖြစ်သည်။ သူတို့၏ ထိပ်တန်းပညာရှင်များက လော့မိသားစုကို နှိမ်နင်းပြီးသည်နှင့် တိလော့မြို့ရှိ စစ်သားများနှင့် စစ်သူကြီးများမှာ သွေးမြေမကျဘဲ အလွယ်တကူ လက်နက်ချလာမည်ကို သူတို့ သိထားကြသည်။
“ဘယ်သူက တိလော့မြို့ကို တိုက်ခိုက်ရဲတာလဲ။”
တစ်ချိန်တည်းမှာပင် တိလော့မြို့၏ ဗဟိုရှိ ခမ်းနားထည်ဝါသော အိမ်တော်ကြီးအတွင်း၌ လော့မိသားစုဝင်များသည် မြို့တစ်ပြင်လုံး ပဲ့တင်ထပ်နေသော ခေါင်းလောင်းသံများကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။
“ဒါ ရှယန်တော်ဝင်မိသားစုများလား... ငါတို့ လော့မိသားစုကို အရေးယူဖို့ ပြင်နေတာလား။”
လော့မိသားစုဝင် အချို့မှာ အခြေအနေကို ရိပ်မိသွားကြပြီး သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။ လော့မိသားစုသည် တိလော့မြို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည့် အကြွင်းမဲ့ အာဏာရှင်များ ဖြစ်သည်။ ယခု လောကကြီး ကစဉ့်ကလျား ဖြစ်နေချိန်တွင် ရှယန်မိသားစုက အခြားအင်အားစုများကို သတိပေးရန်အတွက် ‘ကြက်ကိုသတ်၍ မျောက်ကိုခြောက်’ ရန် လိုအပ်နေပြီး လော့မိသားစုမှာ ထိုအသတ်ခံရမည့် ‘ကြက်’ ဖြစ်လာခဲ့လေပြီ။
“ဝုန်း”
ပြင်းထန်သော အားတစ်ခုကြောင့် လော့မိသားစု အိမ်တော်၏ တံခါးမကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။
“ခေါင်းဆောင်လော့.. ထွက်လာခဲ့။ ကုဖေးယန် ရောက်လာပြီ။”
ဟိန်းထွက်လာသော အသံကြီးမှာ အိမ်တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေ၏။ အိမ်တော်အဝင်တွင် ကုဖေးယန်သည် လူ ၁၀ ဦးခန့်ကို ဦးဆောင်ကာ အိမ်တော်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ သူတို့မှာ လူနည်းသော်လည်း အားလုံးမှာ မီးနဂါးအစောင့်တပ်၏ ထိပ်တန်း စစ်သည်တော်များ ဖြစ်ကြပြီး အားနည်းဆုံးသူပင်လျှင် ‘ထိပ်သီးပန်းသုံးပွင့်’ အဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ရာ လူပေါင်းသောင်းချီကို ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။
လော့မိသားစု၏ တိုက်ရိုက်မျိုးဆက်ဝင် ၁၀၀ ခန့်မှာလည်း တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြပြီး ကုဖေးယန်နှင့် အဖွဲ့ကို ဒေါသနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းလျက် ကြည့်နေကြသည်။ နှစ်ပေါင်းများစွာအတွင်း တိလော့မြို့၌ သူတို့ကို တိုက်ရိုက် လာရောက်တိုက်ခိုက်ဝံ့သူ ပေါ်လာသဖြင့် ဒေါသထွက်နေကြသလို လာရောက်သူများမှာ ထိပ်တန်းပညာရှင်များ ဖြစ်သဖြင့် ယနေ့သည် သူတို့မိသားစုအတွက် ဘေးဒုက္ခနေ့ ဖြစ်တော့မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
စူးချန်ခုန်းသည်လည်း အဖွဲ့အတွင်း၌ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ လော့မိသားစုဝင် တစ်ဦးချင်းစီကို အကဲခတ်နေသည်။ လော့မိသားစုဝင် အများစု၏ မျက်လုံးများတွင် ဒေါသကြောင့် သွေးရောင်လွှမ်းနေပြီး ရူးသွပ်မှု အရှိန်အဝါများ ထွက်ပေါ်နေသည်။
‘လော့မိသားစုကလည်း သူတို့ရဲ့ သွေးမျိုးရိုး သန်မာဖို့အတွက် တခြားသူတွေရဲ့ သွေးကို လုယူဝါးမြိုတဲ့ နည်းလမ်းကို သုံးထားပုံရတယ်’ စူးချန်ခုန်း ကိုယ့်ဘာကိုယ် တွေးမိလိုက်သည်။ နှစ်ဖက်စလုံး ရင်ဆိုင်မိနေကြသော်လည်း မည်သူမျှ စတင်တိုက်ခိုက်ခြင်း မရှိသေးပေ။
“မီးနဂါးအစောင့်တပ် ခေါင်းဆောင် ကုဖေးယန်ပါလား။ အဝေးကနေ ရောက်လာတာကို ကြိုဆိုဖို့ ပျက်ကွက်ခဲ့တာလို့ ခွင့်လွှတ်ပေးပါဗျာ။”
ခဏအကြာတွင် အိမ်တော်အတွင်းမှ ငြင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ဆံပင်ဖြူတစ်ဝက် ပါဝင်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ သူ၏ မျက်နှာမှာ ကြင်နာပုံရပြီး ရိုးသားသော လူကြီးတစ်ဦးကဲ့သို့ အရှိန်အဝါ ရှိလှသည်။
“မိသားစုခေါင်းဆောင်။” လော့မိသားစုဝင် အားလုံးက လေးစားစွာ နှုတ်ဆက်ကြသည်။
ထိုသူမှာ လော့မိသားစု၏ ခေါင်းဆောင် ‘လော့ယုံ’ ဖြစ်သည်။ အပြင်လူများအတွက် သူသည် အေးဆေးတည်ငြိမ်သူဟု ထင်ရသော်လည်း သူသည် လော့မိသားစု၏ အရှင်သခင်ဖြစ်ပြီး မရိုးရှင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ကုဖေးယန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “လော့ယုံ... မင်းရဲ့သား ‘လော့ဟွမ်’ ဘယ်မှာလဲ။ မင်းရဲ့သား လော့ဟွမ်က ဆရာထက် လက်စွမ်းထက်ပြီး လော့မိသားစုမှာ နှစ်ပေါင်း ရာနဲ့ချီအတွင်း မပေါ်ဖူးတဲ့ ပါရမီရှင်တစ်ယောက်လို့ ငါ ကြားထားတယ်။”
လော့ဟွမ်မှာ လော့မိသားစု၏ ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူတို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လော့မိသားစုကို နှိမ်နင်းရန်ဖြစ်ပြီး လော့ဟွမ်မှာ အဓိက ပစ်မှတ်တစ်ခု ဖြစ်သည်။ သို့သော် လော့မိသားစုဝင်များကြားတွင် လော့ဟွမ်ကို မတွေ့ရပေ။
လော့ယုံက ပြုံးလျက် “ကျွန်တော့်သားက ကျန်းမာရေး သိပ်မကောင်းလို့ ခေါင်းဆောင်ကုကို မတွေ့နိုင်တာပါ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ကုဖေးယန်က စကားများများ မပြောတော့ဘဲ အမူအရာ တင်းမာသွားကာ “လော့ယုံ... ငါ ဘာလို့ ဒီကို လာတယ်ဆိုတာ မင်း သိပါတယ်။ အေးအေးဆေးဆေး လက်နက်ချပြီး မင်းတို့ရဲ့ ကံကြမ္မာကို အရှုံးပေးလိုက်တော့။ ဒါဆိုရင်တော့ မင်းတို့ လော့မိသားစုရဲ့ သွေးမျိုးဆက်ကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေး ရှိဦးမယ်။ မဟုတ်ရင်တော့ မင်းတို့မျိုးနွယ်စု ဒီနေ့မှာပဲ အဆုံးသတ်သွားလိမ့်မယ်။”
လော့ယုံက သက်ပြင်းချကာ “တကယ်ပါပဲ... ငါတို့ လော့မိသားစုက ဆုတ်ယုတ်သွားပြီပဲ... ရှယန်မိသားစုရဲ့ သင်ခန်းစာပေးခံရမယ့် အရာတစ်ခု ဖြစ်လာခဲ့ပြီ...”
“ဒါပေမဲ့... ငါတို့ လော့မိသားစုက ဘာမှမလုပ်ဘဲ လက်နက်ချမယ်လို့ မျှော်လင့်တာကတော့ ရှယန်မိသားစု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရာ ရောက်နေတယ်။ ကုဖေးယန်... မင်းရဲ့ အစွမ်းကို ငါ စမ်းသပ်ကြည့်ချင်တယ်။”
လော့ယုံ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။ တိုက်ပွဲမဝင်ဘဲ လက်နက်ချရန်ဆိုသည်မှာ မည်သည့် သိုင်းပညာရှင်မျှ ရွေးချယ်မည့် လမ်း မဟုတ်ပေ။ သိုင်းနတ်ဘုရား၏ သွေးကို ဆက်ခံထားသည်ဟု ဂုဏ်ယူနေသော လော့မိသားစုအတွက် ပို၍ပင် မဖြစ်နိုင်ပေ။
“ဒါဆိုရင်တော့... သေဖို့ ပြင်ထားလိုက်တော့။”
ကုဖေးယန်၏ မျက်နှာထားမှာ ရက်စက်သွားပြီး ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
“ဝုန်း”
ခြေတစ်လှမ်း ရှေ့သို့ တက်လိုက်ပြီး ကုဖေးယန်က သူ၏ ညာဘက်လက်ဝါးကို ရိုက်ထုတ်လိုက်ရာ ပြင်းထန်သော ချီစွမ်းအား လေပြင်းများသည် သူ၏ အားကောင်းသော သွေးလေစွမ်းအင်များနှင့်အတူ ရောယှက်ကာ လေထုကို ဟိန်းဟောက်နေသော မိစ္ဆာနဂါးကြီးကဲ့သို့ ခွဲထွက်သွားစေသည်။ ၎င်းမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကိုပါ ကစဉ့်ကလျား ဖြစ်သွားစေသည့် ကြောက်မက်ဖွယ် တိုက်ကွက်တစ်ခု ဖြစ်သည်။
မီးနဂါးအစောင့်တပ် ခေါင်းဆောင်ဖြစ်သူ ကုဖေးယန်မှာ နတ်ဘုရားစွမ်းရည်တုအဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး ထွမ်မုထောင်ထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်သည်။ သူ၏ တိုက်ကွက်များမှာ ကြောက်လန့်ဖွယ် ကောင်းလှသည်။
“ထိုက်ယန် ချီစွမ်းအား”
လော့ယုံသည်လည်း သူ၏ ချီစွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ ဆင်ရိုင်းကြီးတစ်ကောင် သူ၏ နှာမောင်းကို ဝှေ့ယမ်းလိုက်သကဲ့သို့ ရှိသည်။ ပူပြင်းလှသော အရှိန်အဝါများသည် သူ၏ လက်သီးများကြားတွင် စုစည်းလာပြီး ပေါက်ကွဲအား ပြင်းထန်သော အလင်းတန်းများနှင့် အပူရှိန်များ ထွက်ပေါ်လာလေတော့သည်။
လော့ယုံမှာ နတ်ဘုရားစွမ်းရည်တုအဆင့်သို့ မရောက်သေးသော်လည်း သူသည် မူလဓာတ်ငါးပါး အထွတ်အထိပ်သို့ ရောက်ရှိနေသော အကြီးအကဲတစ်ဦး ဖြစ်ပြီး သိုင်းဝိဇ္ဇာသူတော်စင် သွေးမျိုးရိုးနှင့် သူတို့မျိုးရိုး၏ နတ်ဘုရားစွမ်းရည်များကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။