← Chapters

ရုတ်တရက် ယုံကြည်မှု

Vol. 138 Ch. 1900

ရုတ်တရက် ယုံကြည်မှု

Vol. 138 Ch. 1900

ထိုအခိုက်တွင် သူတို့နှစ်ယောက်သည် အကြည့်ချင်း ထိပ်တိုက် တွေ့ဆုံသည်။ ဝမ်လင်း၏စိတ်မှာ တုန်ဟည်းမိသွား၏။ သူက ကျားဖြူနှင့်ကျန်နှစ်ယောက်ကို ခြောက်လွှာမြောက်ထံ သယ်ဆောင်လာပြီးနောက် ခုနစ်လွှာမြောက်ထံသို့ ဆက်လက် ဦးတည်သည်။ သူ၏မျက်နှာက ဖြူရောကာ သူ့အမူအရာက အလေးအနက် ဖြစ်နေလေပြီ။

လေဟာနယ်တိမ်၏စိတ်မှာလည်း တုန်ဟည်းသွားမိ၏။ သူက ကောင်းကင်ထက်သို့ ထူးခြားသောအကြည့်ဖြင့် လှမ်းကြည့်သည်။

“မွန်းစတားအိုတွေကလွဲလို့ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ငါ့ စိတ်ဝင်စားမှုကို ရနိုင်တာ ယွမ်ရီဖန်တစ်ယောက်ပဲ ရှိလိမ့်မယ်လို့ ငါ ထင်ထားတာ။ အခု ဒီနေ့မှာ နောက်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ သူ့မျက်လုံးထဲက အေးစက်မှု…သူဟာ ရက်စက်တတ်တဲ့သူမျိုးပဲ ဖြစ်ရမယ်…”

လေဟာနယ်တိမ်သည် ပြုံး၍ ဓားကို ကိုင်ကာ ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်သည်။

ဝမ်လင်းက ခြောက်လွှာမြောက်ထံ တိုးဝင်နေ၏။  သူသည် ကျားဖြူနှင့်တခြားနှစ်ယောက်နှင့်အတူ ဒီဆေးလုံးပင်လယ်ကနေ ထွက်သွားနိုင်ဖို့ ခုနစ်လွှာမြောက်သာ ကျန်တော့၏။ သို့ပေမည့် ဝမ်လင်းသည် ရွေးချယ်ဖို့ အချိန် မရှိပေ။ ခုနစ်လွှာမြောက်က မြူများ အသိပ်သည်းဆုံး ဖြစ်ကာ သူ့အနေဖြင့် အချိန်တိုအတွင်း အဟကို ရှာနိုင်မည် မဟုတ်ပေ။

ထို့အပြင် လေဟာနယ်တိမ်ဟူသော ကျင့်ကြံသူကလည်း သူ့အောက်တွင် ရှိနေသေးသည်။ သူ့ထံ၌ အချိန်များများစားစား မရှိပေ။ဝမ်လင်းက ခြောက်လွှာမြောက်ကို ဖြတ်သန်းနေရင်း သူ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပေါ်လာပြီး သူ၏နောက်၌ နီရဲသောမျက်လုံးနှစ်လုံး ပေါ်လာချိန်၌ ဓားစွမ်းအင်က ချိုးဖျက်လာလေပုံ ရသည်။

“အတားအဆီးအနှစ်သာရ၊ ဒီအတားအဆီးထဲ ဝင်ရောက်ဖို့ အနှစ်သာရကို အသုံးပြုမယ်…”  ဝမ်လင်းက မာန်သွင်းကာ ပြော၏။ သူ၏နောက်မှ ဧရာမမျက်လုံးနှစ်လုံးက ရုတ်တရက် ပျက်စီးသွားသည်။ မရေမတွက်နိုင်သော သွေးစင်းကြောင်းများသည် ဝမ်လင်းပတ်လည်မှ ပျံသန်းထွက်ကာ ဥက္ကာပျံတစ်စင်းနှယ် ခုနစ်ခုမြောက်အလွှာထံသို့ အရှိန်ဖြင့် ဝင်ရောက်ရိုက်ချသည်။

ဝမ်လင်း ထိုးထွက်လိုက်သည့်အခိုက်မှာ သူ၏အောက်မှ ခြောက်လွှာမြောက်မြူသည် ပျက်စီး၏။ ဓားစွမ်းအင် ထိုးထွက်လာသည်။ ပြင်းထန်သောဓားစိတ်ဆန္ဒက အရာအားလုံးကို ဖျက်စီးနိုင်သည်ဟူသော ခံစားမှုကို ပေးသည့်အလား။

“ရောင်းရင်းကျင့်ကြံသူ…နေပါအုံး…” လေဟာနယ်တိမ်၏အသံ ပဲ့တင်ထပ်လာကာ ဓားအရိပ်က ခြောက်လွှာမြောက်ကို ချိုးဖျက်လာချေပြီ။ ၎င်းက ကောင်းကင်ထက်ပိုင်းခြမ်းမည့် ဓားအရိပ်အသွင် မြန်ဆန်စွာ ပြောင်းကာ ဝမ်လင်းထံ ပျံသန်းလာသည်။

ဝမ်လင်းသာ ထိုဓားစွမ်းအင်ဖြင့် ဟန့်တားခံရပါက သူသည် ခုနစ်လွှာမြောက်မှ ထွက်ခွာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အရေးတကြီး အခိုက်အတန့် ဖြစ်သော်လည်း ဝမ်လင်းက ရန်သူမြောက်များစွာကို ရင်ဆိုင်ခဲ့ဖူးသူ မဟုတ်လား။ အန္တရာယ်ပိုများလေလေ သူက ပိုတည်ငြိမ်လာလေပင်။

ဓားစွမ်းအင် နီးကပ်လာခိုက် သူက လှည့်၍ ညာလက်ကို ပင့်မြှောက်သည်။ သူ၏အနှစ်သာရအစစ်အမှန် ခန္ဓာကိုယ်လည်း ပေါ်လာကာ လက်ဝါးဖြင့် ကောင်းကင်ထက်သို့ ညွှန်၏။ ခုနစ်လွှာမြောက်ရှိ မြူများက တုန်ဟည်းကာ ဧရာမလက်ဝါးတစ်ခု ပေါ်လာသည်။

စစ်စိတ်ဝိညာဉ်လက်ဝါး။

ထိုလက်ဝါးက တစ်ခုတည်း မဟုတ်၊ ဝမ်လင်း၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကလည်း လက်ပင့်မြှောက်၏။ မြူအတွင်း၌ နောင်ထပ်လောင်ကျွမ်းနေသော လက်ဝါးချက်တစ်ခု ပေါ်လာချေသည်။ လက်ဝါးချက်နှစ်ခုက ဓားစွမ်းအင်ထံ တစ်ခုပြီးတစ်ခု ကျဆင်းသွားသည်။

တချိန်တည်းမှာ ဝမ်လင်းနှင့်လေဟာနယ်တိမ်တို့အောက်ရှိ ထက်ပိုင်းကွဲထွက်သော ပင်လယ်ထဲ၌ ဝမ်လင်း ချန်ထားသော သူ့နတ်ဘုရားအာရုံအမျှင်တန်းက ဝမ်လင်း၏အမိန့်ကို ခံစားမိသည်။ ပင်လယ်ရေ မြင့်တက်လာပြီး ရေဖြင့်ပြုလုပ်ထားသော ဧရာမလက်ဝါးချက်တစ်ခုက ရုတ်တရက် မြောက်တက်လာလေ၏။

ထိုလက်ဝါးချက် ပေါ်လာသည့်အခါ ပင်လယ်ရေသည် များစွာ လျော့ကျသွား၏။

အထက်စီးမှ လက်ဝါးချက်နှစ်ခု၊ အောက်ဘက်မှ လက်ဝါးချက်တစ်ခုတို့က လေဟာနယ်တိမ်နှင့် ထိုဓားစွမ်းအင်တန်းထံ ပျံသန်းဝင်လာ၏။

ဝမ်လင်းကိုယ်တိုင်၏ လက်ဝါးချက်က အရင်ဆုံး နီးကပ်ကာ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့၏။ အက်သံများ ပဲ့တင်ထပ်ကာ ထိုလက်ဝါးချက် ပျက်စီးသည်။ တချိန်တည်းမှာ သူ၏မီးအနှစ်သာရခန္ဓာကြောင့် ဖြစ်ပေါ်လာသော လက်ဝါးက ဆင်းသက်လာသည်။

ထိုအခိုက်တွင် ပင်လယ်ရေမှ ဖြစ်ပေါ်လာသော ရေအနှစ်သာရလက်ဝါးက လေဟာနယ်တိမ်နှင့် သူ့ဓားစွမ်းအင်ထံ ပျံသန်းသည်။ ဤသည်မှာ ရေနှင့်မီး ပေါင်းစပ်မှု ဖြစ်၏။ မီးလက်ဝါးနှင့်ရေလက်ဝါး ပူးပေါင်းတိုက်ခိုက်မှု ဖြစ်၏။

မီးနှင့်ရေလက်ဝါးချက်တို့က နီးကပ်လာကြစဉ် ရေထံမှ အငွေ့ပျံ့မှုကို ပေး၏။ အလားတူပင် မီးလက်ဝါးထံမှလည်း ရေငွေ့၏ ခြုံလွှမ်းမှုကြောင့် ငြှိမ်းသေမည့် အရိပ်အယောင်ကို ပေးသည်။ သို့ပေမည့် မီးနှင့်ရေအနှစ်သာရနှစ်ခုက ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ယင်းတို့သည် မပျောက်ကွယ်ရုံတင်မက ပို၍ပင် သန်မာလာချေသည်။

ဝမ်လင်းသည်ပင် ရေနှင့်မီးအနှစ်သာရကို တချိန်တည်း အသုံးပြုခြင်းက အခုလို သက်ရောက်မှုမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ ပင်လယ်ရေကြောင့် ဖြစ်ပေါ်လာသော လက်ဝါးက စတင်ဆူပွက်လာ၏။ ရေငွေ့မြောက်များစွာ ပျံ့နှံ့သည်။ ၎င်းက မီးလက်ဝါးကိုလည်း မှုန်ဝါးစေသည်။ သို့သော် မီးက ပို၍ ပြင်းထန်သိပ်သည်းလာပုံ ရ၏။

ထိုအခိုက်တွင် လေဟာနယ်တိမ်၏ အမူအရာသည်ပင် အလေးအနက် ဖြစ်လာသည်။ သူက လက်ထဲရှိဓားကို ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်က မီးလက်ဝါးနှင့် ထိပ်တိုက်တွေ့၏။ တချိန်တည်းမှာ အောက်ဘက်မှ ရေလက်ဝါးက နီးကပ်လာသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ရေနှင့်မီးလက်ဝါးတို့က လေဟာနယ်တိမ်နှင့် သူ့ဓားစွမ်းအင်တို့ဖြင့် ထိပ်တိုက်တွေ့လေပြီ။ ရေနှင့်မီးအနှစ်သာရများသည် ပေါင်းစပ်ကာ အနှစ်သာရတစ်ခုတည်းထက် သန်မာအားကောင်းသော အားတစ်ခုကို ဖြစ်တည်စေသည်။

ထိုအားက အခိုးအငွေ့အသွင် ဖြစ်၏။

အခိုးအငွေ့သည် ရရှိဖို့ အလွန်ခက်ခဲသော အနှစ်သာရ ဖြစ်၏။ ပို၍ တိတိပပဆိုရသော် ရဖို့ပင် မဖြစ်နိုင်သလောက်ပင်။ လူတစ်ယောက်သည် ရေနှင့်မီးအနှစ်သာရများတွင် ကျွမ်းကျင်ကာ ၎င်းတို့ကို ပေါင်းစပ်ပြီး အခိုးအငွေ့အနှစ်သာရကို ဖန်တီးနိုင်သည်။

ထိုအနှစ်သာရက တစ်ခုတည်းသော အနှစ်သာရထက် များစွာ သာလွန် အဖိုးတန်သည်။

ထိုအခိုးအငွေ့အနှစ်သာရ ပေါ်လာသည့်အခါတွင် ရေနှင့်မီးလက်ဝါးတို့က ချက်ခြင်း ပျက်စီး၏။ သို့သော် လေဟာနယ်တိမ်၏ ဓားစွမ်းအင်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ပျက်စီးလေ၏။ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့၏။ ဝမ်လင်းက နောက်ဆုတ်ကာ ထိုအားကို အသုံးချ၍ ခုနစ်ခုမြောက်အလွှာထံ ကျားဖြူနှင့်ကျန်နှစ်ယောက်တို့နှင့်အတူ ဦးတည်ရွှေ့လျားသည်။

လေဟာနယ်တိမ်၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ ဟိန်းအော်သံ တစ်သံ ဟိန်းခနဲ ထွက်ပေါ်ကာ ဝမ်လင်းက ရီစီရုပ်သေးကို ထုတ်လွှတ်၏။ ၎င်းက လေဟာနယ်တိမ်ထံ တိုးဝင်လာသည်။

ရီစီရုပ်သေး ပေါ်လာသည်မှာ ရုတ်တရက် ဆန်လှ၏။ ၎င်းက ဒီအခိုက်ကို ကြိုစောင့်နေသည့်အလား။ ၎င်းက မြန်လှကာ ချက်ခြင်း အနားရောက်သွားသည်။ မ၏ နက်မှောင်သောလက်က လေဟာနယ်တိမ်ထံ ဆန့်ထွက်လာသည်။

ချိန်သား ကိုက်လှ၏။ ၎င်း၏ သတ်ဖြတ်လိုစိတ် နီးကပ်လာသည်။ လေဟာနယ်တိမ်၏ အမူအရာက ပြောင်းလဲသွားကာ သူ့လျှာထိပ်ကို ကိုက်၍ သွေးထွေးထုတ်သည်။ ထိုသွေးက ချက်ခြင်းပင် ရီစီရုပ်သေးအပေါ် ပိုင်းဖြတ်မည့် သွေးရောင်ဓားစွမ်းအင်တန်းတစ်ခုအဖြစ် ပြောင်းသည်။

အဖြစ်အပျက်က မြန်လှ၏။ လျှပ်တပြတ်အတွင်း ထိုဓားစွမ်းအင်က ရီစီပေါ်သို့ ကျရောက်ကာ ၎င်း၏ညာလက်ကို ဖြတ်တောက်သွားသည်။ ရီစီက နာကျင်စွာ အော်ဟစ်ကာ နောက်သို့ ရုတ်တရက် ဆုတ်သည်။ သို့သော် သူ့ပျက်တောက်သွားသော ညာလက်က အနက်ရောင်အခိုးငွေ့အမျှင်တန်းငါးခုအဖြစ် ပြောင်းကာ လေဟာနယ်တိမ်ထံ တရကြမ်း ဝင်ရောက်လေ၏။

လေဟာနယ်တိမ်သည် အွတ်ခနဲ ငြီးလိုက်ရ၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ထိုအမျှင်တန်းငါးခုတွင် အားကောင်းသော သတ်ဖြတ်လိုစိတ် ပါဝင်သည်။ သူ၏ခန္ဓာကိုယ်တွင်း၌ ဖျက်စီးခြင်းကို အစပြုစေ၏။ ယင်းတို့ကို ဖယ်ရှားဖို့မှာ ခက်လှ၏။ အကြောင်းမှာ ထိုအမျှင်တန်းငါးခု၌ ရှေးတောက်စွမ်းအားပါ ပါဝင်သောကြောင့်တည်း။

“ရောင်းရင်းကျင့်ကြံသူ လေဟာနယ်တိမ်၊ ငါ့ကို လိုက်ပါပို့ဆောင်ပေးဖို့ မလိုပါဘူး။ ငါတို့ နောင်ကျရင် ဆုံကြတာပေါ့…”

ကောင်းကင်ထက်၌ ဝမ်လင်း၏အသံ ပဲ့တင်ထပ်၏။ လေဟာနယ်တိမ်သည် ညာလက်ဆုံးရှုံးသွားပြီ ဖြစ်သော ရီစီက အနက်ရောင်မြူအဖြစ် ပြောင်းသွားသည်ကို မော့ကြည့်၏။ ထို့နောက် ၎င်းမြူကို ဝမ်လင်းက သိမ်းဆည်းလိုက်သည်။ သည့်နောက်တွင် ဝမ်လင်းသည် ကျားဖြူနှင့်တခြားနှစ်ယောက်ကို ခေါ်ကာ ခုနစ်လွှာမြောက်ထဲ ဝင်ရောက်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ထွက်သွားပြီး တအောင့်ကြာတွင် လေဟာနယ်တိမ်က ပြုံးလာ၏။ သို့ပေမည့် သူ၏အပြုံးက အလွန်အမင်း သုန်မှုန်နေသည်။

“ကောင်းကင်ဘုံနွားထီးကုန်းမြေထဲ ဝင်ရောက်တာဟာ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ နောက်တကြိမ်ဆိုရင်တော့ မင်း ငါ့လက်ကနေ လွတ်တော့မှာ မဟုတ်ဘူး။ မင်းလို့ အစွမ်းထက်တဲ့သူဟာ ငါ့ရဲ့ ဓားအခိုင်းအစေ ဖြစ်လာသင့်တယ်…”

လေဟာနယ်တိမ်၏ မျက်လုံးက အရောင်တောက်သွား၏။ သူက ခြေလှမ်းလိုက်သည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူရောနေသည်။ သူက ဒီတိုက်ပွဲတွင် ဒဏ်ရာရခဲ့၏။ သို့ပေမည့် ခုချိန်၌ ကုသဖို့ အချိန်မရှိသေးပေ။ သူက မွန်းစတားအိုကြီးများ၏ အမိန့်အတိုင်း ဒီဆေးလုံးပင်လယ်ကို တဝက်တပျက် ကောင်းကင်ဘုံဆေးလုံးအဖြစ်သို့ သန့်စင်ရအုံးမည် ဖြစ်၏။

ခုချိန်၌ ဆေးလုံးပင်လယ်တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူ တစ်ယောက်မျှ မကျန်တော့ပေ။ သူတို့အားလုံး သေကုန်ကြပေပြီ။

ဆေးလုံးပင်လယ်တခုလုံးသည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ နယ်ပယ် ဖြစ်လာခဲ့သည်။

ဆေးလုံးပင်လယ်၏ အပြင်ဘက်၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ တလွှား၊ ဝမ်လင်းက ကီလိုမီတာသောင်းချီ ပျံသန်းလာခဲ့၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာနေ၏။ သူက လှည့်၍ ဆေးလုံးပင်လယ် ပတ်လည်ရှိ အတားအဆီးများကို ရန်လိုစွာ ကြည့်သည်။

“ကျားဖြူ၊ မင်းတို့သုံးယောက် ထွက်သွားကြ။ ငါ တခြားလုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်။ ဒါ့ကြောင့် ငါ မင်းတို့နဲ့ မလိုက်တော့ဘူး…။ ဒီနေရာဟာ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ဝေးပေမဲ့ ကောက်ရီကလန်နဲ့တော့ နီးတယ်။ မင်းတို့ သူတို့ကို ဒီကအဖြစ်အပျက် သတင်းပို့ချင်ရင် မြန်မြန်လုပ်ဖို့ လိုမယ်…”

“မဟာစိတ်ဝိညာဉ်ကလန်ကိုတော့ ငါပဲ အသိပေးလိုက်တော့မယ်…”  ဝမ်လင်းက ဆေးလုံပင်လယ်ကို ကြည့်၏။ သူ၏မျက်လုံးထံမှ အေးစက်မှု လှစ်ဟပေါ်သည်။ သူက ညာလက်ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ ဤသည်မှာ မဟာစိတ်ဝိညာဉ်ကလန်မှ သတင်းပို့ကျောက်စိမ်းပြား ဖြစ်၏။ သတင်းအချက်အလက် ချန်ရစ်ပြီးနောက် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတော့သည်။

ထိုသတင်းပို့ကျောက်စိမ်းပြားများ၏ ဖွဲ့စည်းပုံကြောင့် ယင်းတို့သည် ကျင့်ကြံသူများထက် များစွာ ပိုမြန်၏။ သို့သော် ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်အနေဖြင့် ဒီကအကြောင်းများကို လက်ခံရရှိမလား၊ မရှရှိဘူးလားကိုမူ အတိအကျ မသိပေ။

ထိုသတင်းပို့ ကျောက်စိမ်းပြားကို တွေ့သည့်နောက် ကျားဖြူနှင့်ကျန်နှစ်ယောက်က ၎င်းသည် မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းအရေးကိစ္စ၌ အသုံးပြုသော အရာမှန်း သိလိုက်ကြ၏။ သူတို့က ဝမ်လင်းကို တစ်ခုခု ပြောချင်ဟန်ဖြင့် လှမ်းကြည့်သည်။ သို့သော် သူတို့က သူတို့ကိုယ်သူတို့ ပြန်ထိန်းထားလိုက်ကြ၏။

ဝမ်လင်းက ဆေးလုံးပင်လယ်ထံမှ အကြည့်ပြန်ခွာလိုက်၏။ သူက သူတို့၏အမူအရာကို တွေ့မြင်သည့်အခါ တဖြည်းဖြည်း ပြောလိုက်သည်။ “ငါ မဟာစိတ်ဝိညာဉ်ကလန်ကို ဝင်ခဲ့ပြီး အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့တယ်…”

“ဂရုစိုက်ပါ…” ကျားဖြူနှင့် တခြားနှစ်ယောက်က လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြ၏။ သူတို့က ကျေးဇူးစကား ပြောမနေကြပေ။ သို့သော် လှိုဏ်ဂူလောက၌ ဖြစ်စေ၊ အခု ကိစ္စတွင် ဖြစ်စေ သူတို့သည် စိတ်ထဲကနေ မှတ်သားထားပြီး ဖြစ်၏။

“သင်တို့လည်း ဂရုစိုက်ကြပါ…” ဝမ်လင်းက ပြုံးလိုက်၏။ သူက သူတို့ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။ သူက ဟင်္သာငှက်ထံ တချက်လှမ်းကြည့်လိုက်သည်။

ဟင်္သာငှက်သည် သက်ပြင်းချလိုက်၏။ သူက တစ်ခုခု ပြောချင်နေဟန် ပေါ်သည်။ သို့သော် အဆုံးသပ်၌ သူက မည်သို့မျှ မပြောခဲ့ပေ။ သူတို့သုံးယောက်သည် ကောက်ရီကလန်ထံ မြန်ဆန်စွာ ပျံသန်းသွားကြ၏။

သူတို့သုံးယောက် ပျောက်ကွယ်သွားသည့်နောက် ဝမ်လင်းက ဆေးလုံးပင်လယ်ထံ ပြန်လှည့်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်တဲ့အချိန်ကစလို့ ငါဟာ ဆုံးရှုံးမှု ကြီးကြီးမားမား မကြုံခဲ့ရဘူး။ လေဟာနယ်တိမ်…ဒီကနေ့ ကိစ္စကို ငါ သည်းခံမှာ မဟုတ်ဘူး…”

ရီစီ၏အော်သံက ဝမ်လင်း၏စိတ်နှလုံးကို ကိုက်ခဲစေ၏။ ထိုလေဟာနယ်တိမ်ဆိုသူ၏ ကျင့်ကြံမှုမှာ ထူးခြားလှသည်။ တုန်လှုပ်ဖွယ်ဓားစွမ်းအင်ကလွဲ၍ သူ့ကျင့်ကြံမှုအဆင့်ကတော့ မြင့်မားလှခြင်း မရှိပေ။

ဝမ်လင်းသည် ယန်လုထံမှ ရခဲ့သော ရတနာနှစ်ခုထံမှ သူမ၏နတ်ဘုရားအာရုံနှစ်ခုကို ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်၏။ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်နှင့် ဘူသီးခြောက်ကိုသာ ထုတ်သုံးပါက တစ်ကြိမ်သာ အသုံးပြုနိုင်သည် ဆိုသော်ငြားလည်း အလွန်အမင်း အစွမ်းထက်သော တိုက်ခိုက်မှု ဖြစ်ပေလိမ့်မည်။

ခုချိန်၌ ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ ဆေးလုံးပင်လယ်ထံ တိုးဝင်လာတော့သည်။

သူ့အပြုအမူက အဆင်အခြင်မဲ့ဟန် ထင်ရ၏။ သို့သော် သူက လေဟာနယ်တိမ်သည် သူ ထွက်ခွာဖို့ ဒီလောက်အားစိုက်ထုတ်ပြီးနောက်တွင် ပြန်လာလိမ့်မည်ဟု ထင်ထားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဝမ်လင်းက ဤသို့ ဆေးလုံးပင်လယ်ထံ ပြန်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ငါသာ လေဟာနယ်တိမ်ကို သတ်နိုင်ရင် ဒီအစီအရင်ကို ထိန်းချုပ်နိုင်တဲ့ သံလိုက်အိမ်မြှောင်ကို ရနိုင်လောက်မယ်…”

ထိုသူမှာ ဝမ်လင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့ချိန်မှစ၍ ပထမဆုံး သတ်ချင်သောလူ ဖြစ်လာပေပြီ။

All Chapters