အပြင်ထွက်ခြင်း
Vol. 6 Ch. 71
ရဲ့ရှင်းချန်၏ မိသားစုသည် စူပါမားကတ်လုပ်ငန်းအား လုပ်ကိုင်ကြသူများ ဖြစ်ကြသဖြင့် သဘာဝကျစွာပင် သူသည် ထိုလုပ်ငန်းတူ အသိုင်းအဝိုင်းနှင့် ထိတွေ့ ဆက်ဆံမှုများ ရှိခဲ့ပြီး ၎င်းတို့၏ ကုန်လှောင်ရုံများ မည်သည့် နေရာတွင် ရှိကြောင်းကို ကောင်းစွာ သိရှိထားလေသည်။ အဖွဲ့ထဲရှိ လူများမှာမူ သူတို့၏ ကယ်တင်ရှင်ကြီးနှင့် တွေ့လိုက်ရသည့်အလား ဝမ်းသာလုံး ဆို့နေကြကုန်တော့သည်။
အခြားအကြောင်းရင်းများစွာမရှိပေ။ ကျန်းရီ၏ အိမ်မှ ရိက္ခာ အများအပြားကို သိမ်းဆည်းရမိခဲ့လျှင်ပင် ထိုအရာများသည် သူတို့ အတွက် တစ်ပတ် သို့မဟုတ် နှစ်ပတ်စာခန့်သာ လောက်ငှပေလိမ့်မည်။ ကျန်းရီ၏ မိသားစုတွင် ရိက္ခာများစွာ ရှိသော်လည်း ဤလူနေအိမ်ရာဝင်း တစ်ခုလုံးရှိ လူပေါင်းများစွာ အတွက်မူ မည်သို့မျှ မလုံလောက်နိုင်ပေ။
အလွန်အမင်း အေးခဲလှသော ရာသီဥတုဒဏ်ကြောင့် လူအများအပြား သေဆုံးခဲ့ကြရသော်လည်း သေဆုံးသွားသူ အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသာ ဖြစ်ကြလေသည်။ အသက်ရှင် ကျန်ရစ်သည့် လူငယ်များမှာမူ အစားအသောက် အလွန်အမင်း စားသောက်နိုင်ကြသူများ ဖြစ်ကြသည်။
ရဲ့ရှင်းချန်၏ စကားများသည် သူတို့ အတွက် ယုံမှား သံသယ ဖြစ်ဖွယ်မရှိသော မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာခဲ့လေတော့သည်။ ဤနှင်းမုန်တိုင်းကြီး မည်မျှကြာအောင် ကျဆင်းနေမည်ကိုလည်း မည်သူမျှ မသိကြသကဲ့သို့ အစိုးရ တာဝန်ရှိသူများဘက်မှလည်း မည်သို့ စီစဉ် နေသည်ကိုလည်း မည်သူကမျှ မသိရှိကြချေ။ သို့ဖြစ်၍ နောက်ထပ် တစ်ရက် အသက် ပိုရှင်နိုင်မည်ဆိုပါမူ ထိုတစ်ရက်သည် သူတို့ အတွက် အမြတ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ရိက္ခာများ ပိုလျှံနေမည်အား မည်သူကမျှ ညည်းညူနေကြလိမ့်မည် မဟုတ်ပေ။
"ရှောင်ရဲ့ရာ မင်းက တကယ်ကို ငါတော့ ငိုတောင်ငိုချင်လာပြီကွာ"
"အရင်တုန်းက ငါတို့တွေ မင်းအပေါ် အဲ့ဒီလောက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြတာကို နောက်ဆုံးကျတော့ မင်းကပဲ ငါတို့တွေက တကယ့်ကို လူစိတ်မရှိတဲ့ ကောင်တွေပါကွာ"
"ရှောင်ရဲ့.. တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ အရာရာတိုင်း အတွက် မင်းကိုပဲ အားကိုးရတော့မှာပါပဲ ရှောင်ရဲ့ရာ နောက်ပိုင်းကျရင် မင်းခိုင်းသမျှကို ငါ အသေအလဲ ကြိုးစား လုပ်ပေးပါ့မယ်ကွာ"
ဖုန်းစခရင်မ်များ၏ နောက်ကွယ်တွင် လူအများအပြားမှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြကုန်တော့သည်။ ရုတ်တရက်ဆိုသလိုပင် လူတိုင်း၏ ရင်ထဲရှိ ရဲ့ရှင်းချန် အပေါ် ထားရှိသော အမုန်းတရားများသည် နေ့ချင်းညချင်း လွင့်စင် ပျောက်ကွယ် သွားကြကုန်တေ့ာသည်။
"ကောင်းပြီလေ ခင်ဗျားတို့က ကျွန်တော့်အတွက် အလုပ်လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားမှတော့ ကျွန်တော့်ဘက်ကလည်း သဘာဝကျကျပဲ ခင်ဗျားတို့အတွက် တာဝန်ယူပေးမှာပေါ့ စိတ်မပူကြပါနဲ့"
ရဲ့ရှင်းချန် ထိုသို့ ပြောလိုက်သောအခါ၊ လူတိုင်းမှာ ပို၍ပင် ကျေးဇူးတင် သွားကြလေတော့သည်။ တစ်ခဏချင်း အတွင်းမှာပင် သူတို့ရင်ထဲ၌ အစပိုင်း၌ အဖတ်ဆယ် မရအောင် ပျက်စီးနေခဲ့သော ရဲ့ရှင်းချန်၏ ပုံရိပ်သည် မိုးထိအောင် မြင့်မားသွားခဲ့လေပြီ ဖြစ်သည်။ ပြီးခဲ့သည့် အချိန်များတွင် သူတို့၏ လုပ်ရပ်များသည် အင်မတန် ရိုင်းစိုင်း ယုတ်မာခဲ့ကြောင်းကိုလည်း အားလုံးမှ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ကြရလေတော့သည်။
တောင်းပန်စကားများနှင့် ချီးမွမ်းစကားများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ် လာကြတော့သည်။ သူတို့သည် ရဲ့ရှင်းချန်အား နတ်ဘုရား တစ်ပါး နှင့်မခြား အမွှန်းတင် ချီးကျူးနေကြကုန်လေသည်။
သစ်သီးများ ဆေးကြော ပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာကာ သူမ၏ဖုန်းအား ကြည့်လိုက်သည့် လင်းစစ်ကျားမှ ရဲ့ရှင်းချန်၏ လုပ်ရပ်များသည် မိစ္ဆာဂိုဏ်း တစ်ခုနှင့်ပင် တူနေပြီဖြစ်ကြောင်း နောက်ပြောင်၍ ပြောဆိုလိုက်သည်။
အမှန်တကယ်ပင် လူတိုင်း အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဤကဲ့သို့ အချိန် ကာလမျိုးတွင် သူတို့သည် ယုံကြည် ကိုးကွယ်ရာ တစ်ခုအား ပို၍ပင် လိုအပ်နေကြလေသည်။ ဤအချိန်၌ ရဲ့ရှင်းချန်သည် သူတို့အား ပိုမို ကောင်းမွန်သော ဘဝတစ်ခုဆီသို့ ခေါ်ဆောင်သွားရန် မတ်တတ်ရပ် ထွက်ပေါ် လာခဲ့လေရာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိဘဲ သူသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အားထားရာနှင့် ယုံကြည်မှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပေသည်။
"ဒါပေမယ့် ရှင်က တကယ်ကြီး အပြင်ထွက်မလို့လား အရင်က ရှင် ပြောထားတာတွေ အရဆိုရင် ကျွန်မတို့ဆီမှာ ရိက္ခာတွေ အများကြီး ကျန်သေးတယ်ဆို"
လင်းစစ်ကျားမှ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများနှင့် အပြစ်ရှိသကဲ့သို့ ခံစားချက်များ အပြည့်ဖြင့် ရဲ့ရှင်းချန်၏ အင်္ကျီလက်စလေးအား ဆွဲလျှက် မေးလိုက်လေသည်။
သူမ ဤအိမ်သို့ ပြောင်းရွှေ့လာကတည်းမှ ဟင်းချက်ခြင်း အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းတို့ကို ပြုလုပ် ပေးနေခဲ့သော်လည်း ဤခက်ခဲသော ရက်များ အတွင်း သူမ ပေးဆပ်နိုင်သည့် အရာ သေးသေးမွှားမွှားလေးများသည် ရဲ့ရှင်းချန်မှ သူမအား ထောက်ပံ့ ပေးထားသည့် အရာများနှင့် နှိုင်းယှဉ်လျှင် မည်သို့မျှ အရေးမပါကြောင်း သူမ ကောင်းစွာ သိရှိထားသဖြင့် အနည်းငယ် ရှက်ရွံ့နေမိလေသည်။
သူမ မည်သည့်အရာအား စိုးရိမ်နေသည်အား ရဲ့ရှင်းချန်မှ ကောင်းစွာ သိနားလည်ပေသည်။ သူသည် လက်အား မြှောက်ကာ လင်းစစ်ကျား၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက် ပြီးနောက် ပြောလိုက်သည်။
"အင်း ကိုယ် အပြင်ထွက်ဖို့တော့ လိုအပ်တယ် သူတို့အတွက် ရိက္ခာတွေ သွားရှာပေးမလို့ပါ လိမ္မာတယ်နော် ကိုယ်တို့ဆီမှာ ရိက္ခာတွေ မလိုပေမယ့် ကိုယ် ဂရုတစိုက် စုဆောင်းထားတဲ့ ပစ္စည်းကောင်းတွေကိုတော့ သူတို့ကို ဘယ်ပေးလို့ဖြစ်မလဲကွာ"
"ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေ အများကြီး ပိုနေတာကို ကိုယ် သဘောမကျစရာ အကြောင်းမှ မရှိတာ ဒါ့အပြင် တစ်သက်လုံး ဒီအိမ် ကျဉ်းကျဉ်းလေးထဲမှာ ပိတ်လှောင် မနေချင်ဘူးလေ တစ်ချိန်ချိန်တော့ အပြင်ထွက်ရမှာပဲဟာကို မင်းကတော့ အိမ်မှာပဲနေပြီး အိမ်စောင့်ပေးပေါ့ ဘယ်သူပဲ လာလာ တံခါး သွားမဖွင့်ပေးနဲ့နော် အိမ်မှာ ဟင်းချက်ပြီး ကိုယ် ပြန်လာမယ့်အချိန်ကိုပဲ စောင့်နေပါ"
အမှန်တကယ်ပင် ရဲ့ရှင်းချန်သည် အိမ်ထဲတွင်ချည်း အောင်းနေရသည်အား ငြီးငွေ့နေသည်မှာ အချိန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ အခြားသူများ အားလုံး စားဝတ်နေရေး အတွက် ပူပန် နေကြရချိန်တွင် ရဲ့ရှင်းချန်မှာမူ နေ့စဉ်နေ့တိုင်း စာဖတ်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်း ရုပ်ရှင်ကြည့်ခြင်း ဂိမ်းဆော့ခြင်း တို့ဖြင့်သာ အချိန်ကုန် လွန်နေရသည်မှာ ပျင်းစရာ ကောင်းလှသည်ဟု ခံစားနေရတော့သည်။ သို့ဖြစ်၍ သူသည် အပြင်ထွက်ကာ လမ်းလျှောက်ရန် လိုအပ်နေပေသည်။
အဖွဲ့ထဲရှိ အိမ်နီးချင်းများမှ သူ့အား ချီးမွမ်းနေကြသည့် လက်ရှိ စိတ်အား ထက်သန်မှုများအား အခွင့်ကောင်းယူကာ ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ်ထဲသို့ ဝင်ရောက်ကာ အဝတ်အစားများနှင့် ကိရိယာ တန်ဆာပလာများအား စတင်၍ ရွေးချယ်နေလေတော့သည်။
လင်းစစ်ကျားမှ စကားနားထောင်စွာဖြင့် ခေါင်းညိတ် ပြလိုက်လေသည်။ ၎င်းနောက် သူမသည် မတ်တတ်ရပ်လျှက် ညစာ ပြင်ဆင်ရန် အတွက် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူသည် အောက်ဆုံး အလွှာအဖြစ် ကျည်ကာအင်္ကျီ နှစ်ထည်အား ရွေးချယ်လိုက်ပြီးနောက် ၎င်း၏အပေါ်တွင် ဓားထိုးခံ အင်္ကျီတစ်ထည်ကို ထပ်ဝတ်လိုက်လေသည်။ ထို့နောက် အရှေ့နှင့်အနောက်တွင် ရှေးဟောင်းပုံစံ ရင်အုပ်ကာ သံချပ်ကာများကိုပါ ဝတ်ဆင်လိုက်သေးသည်။ ရဲ့ရှင်းချန်သည် အထပ်နှစ်ထပ် ပါဝင်သော ဦးထုပ် တစ်လုံးကိုပင် ထုတ်ယူလိုက်လေသည်။
ထိုမျှနှင့် စိတ်မချသေးသဖြင့် ရဲ့ရှင်းချန်သည် သံချပ်ကာ အချို့အား ထပ်မံဖြည့်စွက်လျှက် တစ်ကိုယ်လုံးတွင် ချိတ်ဆွဲ ဝတ်ဆင်လိုက်တော့သည်။ နောက်ဆုံးတွင် သူသည် အပူပေးအိတ် အချို့ကိုပါ ကပ်ထားလိုက်ပြီးနောက် အနွေးထည် အထူကြီး နှစ်ထည်ဖြင့် တစ်ကိုယ်လုံးအား ရစ်ပတ် ဖုံးလွှမ်း လိုက်လေတော့သည်။
ဒုတိယထပ်၏ တံခါးဝတွင် ရပ်နေရင်း ရဲ့ရှင်းချန်သည် အသက်အား ပြင်းပြင်းရှူ သွင်းလိုက်လေတော့သည်။ ဤအခြေအနေသည်...
‘တောက် ပူလိုက်တာလွန်ရောပဲ’
ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ ပုဆိန်တစ်လက်အား ထုတ်ယူလျှက် လက်ထဲတွင် ဆုပ်ကိုင် ထားလိုက်တော့သည်။ ၎င်းနောက် သူသည် ပစ္စတို သေနတ်နှစ်လက်အား ခါးတွင်ထိုးလိုက်ပြီးနောက် တံခါးဖွင့်ကာ အပြင်မထွက်မီ အိမ်ရှေ့နှင့် အိမ်နောက်ရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများအား သေချာစွာ စစ်ဆေးလိုက်လေတော့သည်။
အပြင်ဘက်ရှိ အေးစက်လှသော လေထုနှင့် ထိတွေ့လိုက်ရမှသာလျှင် ရဲ့ရှင်းချန်သည် သက်ပြင်းတစ်ချက် ချနိုင်သွားတေ့ာသည်။ သူသည် အမြန်အဆန်ပင် တံခါးအား ပိတ်လိုက်ပြီးနောက် သူ၏ နှင်းလျှောစီးဘုတ်ပြားကို မြေပြင်ပေါ်ချလိုက်ကာ နှင်းလျှောစီးရာတွင် အသုံးပြုသော တုတ်နှစ်ချောင်းကိုပါ ထုတ်ယူ လိုက်လေတော့သည်။
သူ၏ ခြေထောက် အောက်ရှိ နှင်းသားများသည် သူထင်ထားသကဲ့သို့ နူးညံ့မနေခဲ့ချေ။ အောက်ခြေရှိ နှင်းများသည် ခဲရာမှ မာကျောနေပြီဖြစ်ကာ အပေါ်ယံရှိ ပွရောင်းနေသော နှင်းများမှာမူ သူ၏ နှင်းလျှောစီးဘုတ်ပြားကြောင့် ဖိသိပ်ခံလိုက်ရလေသည်။
ရဲ့ရှင်းချန်သည် အပူငွေ့ရှာဖွေနိုင်သော ညကြည့် မှန်ပြောင်း တစ်လက်အား တပ်ဆင်ထားပြီး လူနေအိမ်ရာဝင်း အတွင်း၌ ဂရုတစိုက် လျှောစီးသွားခဲ့သည်။ ဆယ်မိနစ်ပင် မကြာလိုက်ဘဲ သူသည် အိမ်ရာဝင်းထဲမှ အပြင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဘောလုံးတစ်လုံးကဲ့သို့ ဝတ်ဆင်ထားသော ရဲ့ရှင်းချန်သည် အိမ်ရာဝင်း၏ အဝင်ဝတွင် ရပ်လျှက် ပတ်ဝန်းကျင်အား အကဲခတ်လိုက်လေသည်။ ဧရာမ အိမ်ရာဝင်းကြီးမှာ သက်ရှိ အရိပ်အယောင် တစ်စွန်းတစ်မှ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေသည်အား သူ တွေ့လိုက်ရလေသည်။ အပြင်ဘက် လမ်းမပေါ်တွင်လည်း အဆုံးအစမရှိသော နှင်းပြင်ကြီးသည်သာ ဖုံးလွှမ်းနေခဲ့သည်။
အပူငွေ့ရှာဖွေရေး စကင်နာဖြင့် တစ်ချက် ဝေ့ကြည့်လိုက်လေရာ လမ်းမပေါ်တွင် လူသားဟူ၍ သူ တစ်ယောက်တည်းသာ သက်ရှိ အဖြစ် ရှိနေသည်ဟု ရဲ့ရှင်းချန် ထင်မှတ်လိုက်မိသည်။
နှင်းများသည် တစ်မြို့လုံးအား မြှုပ်နှံထားပြီး ပိုမို နိမ့်ကျသော ကိုယ်ပိုင် အိမ်ငယ်များစွာမှာ ခေါင်မိုးများသာ ကျန်ရှိတော့သည် အထိ ဖုံးလွှမ်း ခံထားရလေသည်။ လမ်းမများသည် ၎င်းတို့၏ မူလအသွင်အပြင်များအား နှင်းများဖြင့် ဖုန်းလွှမ်းသွားလေရာ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ သူသည် မိမိ၏ တည်နေရာအား ခွဲခြား သိမြင်နိုင်ရန် အတွက် ပိုမို မြင့်မားသော အဆောက်အအုံများကိုသာ အားထားနေရလေသည်။
ရဲ့ရှင်းချန်သည် ဟာလာ ဟင်းလင်း ဖြစ်နေသော လမ်းမပေါ်တွင် နှင်းလျှော စီးသွားလိုက်လေသည်။ အိမ်ထဲတွင် ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်မိနေ ပြီးနောက် ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်း ဖြစ်သည်။ ခရီးစဉ်မှာ ချောမွေ့ပြီး မည်သည့် အတားအဆီးမျှ မရှိခဲ့ပေ။ သူ၏ နားထဲတွင် တဝီဝီ တိုက်ခတ်နေသော လေတိုက်သံများအား နားထောင်ရင်း ရဲ့ရှင်းချန်၏ ခေါင်းထဲတွင် စကားတစ်ခွန်းသာ ရှိတော့သည်။
‘မိုက်လိုက်တာ’
လမ်းမများသည် အရင်အတိုင်းပင်ဖြစ်နေခဲ့ကာ အဆောက်အအုံများသည်လည်း အရင်အတိုင်းပင် ဖြစ်သော်လည်း အပြင်ဘက်ရှိ အရာအားလုံးသည် အသစ်အဆန်းများကဲ့သို့ ဖြစ်နေလေတော့သည်။
သို့သော်လည်း ဤသည်မှာ လမ်းမ၏အထက် မီတာ အနည်းငယ် အကွာရှိ နေရာတစ်ခု ပေါ်သို့ ရဲ့ရှင်းချန် ပထမဆုံးအကြိမ် ခြေချဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အော်ဟစ်ခြင်းမပြုဘဲ မနေနိုင်တော့ပေ။
ပုံမှန်အားဖြင့် လူသူကင်းမဲ့နေသော လမ်းမပေါ်တွင် ရုတ်တရက် လူတစ်ယောက်၏ အရိပ်အယောင် ပေါ်ထွက်လာခြင်းသည် အလွန်ပင် မျက်စိကျစရာ ကောင်းနေခဲ့သည်။
ကောင်းကင်မှာ မမှောင်သေးဘဲ ပြတင်းပေါက်များ၏ နောက်ကွယ်တွင် ပုန်းအောင်းနေကြသော လူအများအပြားသည် လမ်းမပေါ်ရှိ ရုတ်တရက် ပေါ်ထွက်လာသော ထိုလူရိပ်အား စိုက်ကြည့်နေကြကုန်သည်။
ရဲ့ရှင်းချန်သည် သူ၏ ကျောရိုး တစ်လျှောက် စိမ့်တက်သွားသော အေးစက်မှု တစ်ရပ်ကိုသာ ခံစားလိုက်ရတော့သည်။ ဘေးဘက်ရှိ အထပ်မြင့် အဆောက်အအုံကြီးအား ကြည့်လိုက်လေရာ ပြည့်နှက်နေသော ပြတင်းပေါက်များ၏ နောက်ကွယ်တွင် လူရိပ်များစွာအား တွေ့လိုက်ရသဖြင့် သူ၏ ကျောချမ်း သွားခဲ့လေတော့သည်။
"နောင်တစ်ချိန်ကျရင် ရန်သူတွေ ပိုများလာမယ့်ပုံပဲ"
ရဲ့ရှင်းချန်သည် ဘယ်ညာ ကွေ့ပတ်ကာ သွားရင်းဖြင့် ဧရာမ စူပါမားကတ်ကြီး တစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။ စုပုံနေသော နှင်းများသည် ဒုတိယထပ်၏ တစ်ဝက်ခန့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးမှ ဖောက်ခွဲလိုက်၍ သူ၏အိမ်ရှေ့ရှိ နှင်းပြင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်မနေခဲ့ပါက သူသည် တတိယထပ်မှနေ၍ အပြင်သို့ ထွက်ရမည်အား စိုးရိမ်မိလေသည်။
အပြင်ဘက်နံရံရှိ ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပြီးနောက် ရဲ့ရှင်းချန်သည် နှင်းများအား ကျစ်လျစ်သွားစေရန် ခြေဖြင့်နင်းလိုက်ကာ နှင်းလျှောစီးဘုတ်ပြားအား ဘေးသို့ ဖယ်ထား လိုက်လေတော့သည်။ ၎င်းနောက် သူသည် ပြတင်းပေါက် ဖောက်သည့် တူအား ထုတ်ယူလိုက်ကာ စူပါမားကတ်၏ ဒုတိယထပ်ရှိ ပြတင်းပေါက်အား ရိုက်ခွဲလိုက်လေတော့သည်။
ရဲ့ရှင်းချန်သည် သူ၏ နှင်းလျှောစီးပြားနှင့် တုတ်များအား ကိုင်ဆောင်လျှက် စူပါမားကတ် အတွင်းသို့ တွယ်တက် သွားခဲ့လေတော့သည်။ စူပါမားကတ် အတွင်း၌ သက်ရှိလူသား တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သေချာစေရန် အတွက် အပူငွေ့ရှာဖွေရေး စကင်နာဖြင့် ပတ်ဝန်းကျင်ကို ဦးစွာ အကဲခတ် ကြည့်လိုက်လေသည်။ ထို့နောက်မှသာ သူသည် ပစ္စည်းများအား မိမိ၏ နေရာလွတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်း လေတော့သည်။
သူသည် ပစ္စည်းများအား ရွေးချယ်နေရန် အချိန်မဆွဲချင်တော့ပေ။ နေရာတစ်ခုအား ဖြတ်လျှောက်သွားတိုင်း စင်ပေါ်ရှိ ပစ္စည်းများအားလုံးကို စင်နှင့်တကွ နေရာလွတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်လေတော့သည်။
ဒုတိယထပ်ရှိ ပစ္စည်းများအား သိမ်းဆည်းပြီးနောက် ရဲ့ရှင်းချန်သည် ဓာတ်မီးအား ဂရုတစိုက် သိမ်းလိုက်လေတော့သည်။ ထို့နောက် လက်ရန်းများအား စမ်းသပ်ကိုင်တွယ်ရင်း ပထမထပ်ဆီသို့ ဆင်းလာခဲ့လေသည်။
ဒုတိယထပ်တွင် မည်သူမျှ မရှိသော်လည်း ပထမထပ်တွင် မည်သူမျှမရှိဟု သူ အသေအချာ မပြောနိုင်ချေ။ မည်သို့ပင်ဆိုစေ နှင်းများ ထူထပ်စွာ ကျဆင်း ပြီးနောက်တွင်ပင် ရိက္ခာများ ဝယ်ယူရန် အပြင်ထွက်လာသူ အများအပြား ရှိနေသေးပေသည်။ ရဲ့ရှင်းချန်သည် ဓာတ်မီး တစ်လက်အားကိုင်ဆောင်ကာ အောက်ထပ်သို့ ဆင်း၍ အခြားသူများ အတွက် အသက်ရှင်လျက် လှုပ်ရှားနေသော ပစ်မှတ် တစ်ခု ဖြစ်လာရန် မဝံ့ရဲချေ။ အမှန်ပင် ရဲ့ရှင်းချန် ထင်မှတ်ထားသည့် အတိုင်း ပထမထပ်၌ လူတစ်ယောက် ရှိနေခဲ့လေသည်။