အဖွဲ့ဝင်သစ်
Vol. 6 Ch. 72
ရဲ့ရှင်းချန်သည် စူပါမားကတ်၏ ပထမထပ်သို့ ဂရုတစိုက် ဆင်းလာခဲ့သည်။ သူသည် ညကြည့် မှန်ပြောင်းအား တပ်ဆင်ထားခဲ့ကာ မျက်လုံးအား မှေးလျှက် သေချာစွာ ရှာဖွေ လိုက်လေတော့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် သူသည် အပူငွေ့ ထွက်ပေါ်နေသော အရင်းအမြစ်တစ်ခုအား ရှာဖွေ တွေ့ရှိသွားခဲ့သည်။
ရဲ့ရှင်းချန်သည် လက်ထဲရှိ ပုဆိန်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ကာ ဂရုတစိုက် လျှောက်သွား လိုက်လေတော့သည်။ အပူငွေ့ ထွက်ပေါ်နေသော အရင်းအမြစ် တစ်ခုတည်းသာ ရှိသော်လည်း ၎င်း၏ ပုံသဏ္ဌာန်မှာ ဘောလုံး တစ်လုံးကဲ့သို့ ကွေးညွတ် နေသော လူတစ်ယောက်နှင့်တူကာ ထူးဆန်းနေခဲ့သည်။
ဤလူသည် အမှန်ပင် ကံကောင်းသည်ဟု သူ တွေးလိုက်မိသေးသည်။ ရဲ့ရှင်းချန်သည် သူ၏ အနောက်သို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် ပုဆိန်အား မြှောက်ကာ ခုတ်ချတော့မည့် ဆဲဆဲတွင် ဤသက်ရှိသတ္တဝါမှာ အမှန်တကယ်တွင် ခွေးတစ်ကောင် ဖြစ်နေကြောင်း အံ့သြစွာ သိလိုက်ရလေသည်။
ရဲ့ရှင်းချန် ဆွံ့အသွားမိလေသည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ် လိုက်ပြီးနောက် နေရာလွတ်ထဲမှ သယ်ဆောင်ရ လွယ်ကူသော မီးအိမ်တစ်လုံးအား ထုတ်ယူလိုက်ကာ ထိုအရပ်ဆီသို့ ထိုးကြည့်လိုက်တော့သည်။
လူသေအလောင်း တစ်လောင်း၏ ဘေးတွင် ဘောလုံး တစ်လုံးကဲ့သို့ ကွေးညွတ် အိပ်စက်နေသော ပိန်ချုံးနေသည့် ခွေးမည်းလေး တစ်ကောင်ကိုသာ သူ တွေ့လိုက်ရတော့သည်။
‘ခွေးတစ်ကောင်လား အသက်ရှင်နေတဲ့ ခွေးတစ်ကောင်လား’
ရဲ့ရှင်းချန်သည် ချောင်းဟန့်လိုက်ပြီးနောက် နေရာလွတ်ထဲမှ ဝက်ပေါင်ခြောက် ဝက်အူချောင်း တစ်ချောင်းအား ထုတ်ယူလိုက်ကာ ခွေး၏ ခေါင်းပေါ်သို့ ပစ်ချလိုက်ခြင်းဖြင့် တစ်ဝက်တစ်ပျက် အိပ်မော ကျနေသော ခွေးမည်းလေး လန့်နိုးသွားလေတော့သည်။
"ဝု"
တိုးညင်းသော ညည်းတွားသံနှင့်အတူ ခွေးမည်းလေးသည် ၎င်း၏ ရှေ့ခြေနှစ်ချောင်းဖြင့် ကိုယ်လုံးအား ထောက်ထားလျှက် တုန်ယင်နေသော်လည်း မတ်တတ် မရပ်နိုင်ချေ။ ၎င်းသည် ဘိုင်းခနဲ ပြန်ကျသွားပြီးနောက် ရဲ့ရှင်းချန်အား အားနည်းစွာဖြင့် သွားဖြီးပြရုံသာ တတ်နိုင်လေတော့သည်။
ခွေးလေး၏ ဘေးရှိ အလောင်းအား ကြည့်ရင်း ရဲ့ရှင်းချန်သည် မီးအိမ်ကို မြှောက်လျှက် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်လေသည်။ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤစူပါမားကတ်သည် အလွန်ကြီးမားလှပေသည်။ ပထမထပ်ရှိ နေရာများတွင် လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချပြီး အဝတ်အထည်များကိုမူ ဒုတိယထပ်တွင် ရောင်းချလေသည်။
တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက် သွားသည့် အချိန်အတွင်းသည် ဖြစ်နိုင်ချေများသည်။ စူပါမားကတ်အတွင်းရှိ အပူပေးစနစ် ရပ်တန့်သွားပြီးနောက် အပြင်ဘက်မှ အေးစက်သောလေများ ဝင်ရောက်လာခဲ့ကာ ပထမထပ်ရှိ လူများအား အေးခဲသေဆုံးစေခဲ့ခြင်း ဖြစ်ရပေမည်။
ဤကဲ့သို့ အလွန်အမင်း အေးခဲသော အခြေအနေမျိုးတွင် သာမန်လူများသည် နှစ်နာရီပင် အသက်မရှင်နိုင်ကြောင်း သိထားရမည် ဖြစ်သည်။
အာဏာပိုင်များမှ တစ်နေ့လျှင် နှစ်နာရီကြာ လျှပ်စစ်မီး ပြန်လည် ပေးဝေသည့် အချိန်အထိ သူတို့ အသက်မရှင်နိုင်ခဲ့သည်မှာ နှမြောစရာပင် ဖြစ်ချေသည်။
ဒုတိယထပ်တွင်မူ လူသေအလောင်းများစွာ မရှိပေ။ ပထမထပ်ရှိ ရှုပ်ပွနေသော အခြေအနေအား ကြည့်ခြင်းအားဖြင့် ဒုတိယထပ်ရှိ လူများသည် ရက်ပေါင်းများစွာ ဆာလောင် မွတ်သိပ်နေခဲ့ပြီး လျှပ်စစ်မီး ပြန်လည် ရရှိလာ ပြီးနောက် အစာရှာဖွေရန် ပထမထပ်သို့ ဆင်းလာကြခြင်း ဖြစ်နိုင်ချေရှိလေသည်။ ခွေးလေး၏ ဘေးရှိ အလောင်းမှာ ၎င်း၏ သခင် ဖြစ်ပေလိမ့်မည်။
"သနားစရာလေး မင်းက ဘာလို့ ဒီလောက်တောင် ပိန်နေရတာလဲ ပထမထပ်တစ်ခုလုံးမှာ အစားအသောက်တွေ အပြည့်ရှိနေတာကို"
ရဲ့ရှင်းချန်မှ သက်ပြင်းချ လိုက်မိသည်။ သူသည် နေရာလွတ်ထဲမှ ဝက်ပေါင်ခြောက် ဝက်အူချောင်း တစ်ချောင်းအား ထုတ်ယူလိုက်ကာ ခွေးလေး၏ အရှေ့သို့ ပစ်ချပေး လိုက်တော့သည်။
"စားလိုက်ပါ အဆိပ်မပါပါဘူး"
ခွေးလေးသည် အမှန်ပင် ဆာလောင်နေခြင်း ဖြစ်မည်လော သို့မဟုတ် အမှန်တကယ်ပင် လူစကား နားလည်နေခြင်း ဖြစ်မည်လော ဆိုသည်ကိုတော့ မသိနိုင်ပေ။ အတန်ကြာ ပြီးနောက်တွင်မူ ၎င်းသည် ခေါင်းငုံ့လျှက် ရဲ့ရှင်းချန် ပစ်ပေးလိုက်သော ဝက်ပေါင်ခြောက် ဝက်အူချောင်းနှစ်ချောင်းအား ကောက်ယူ စားသောက် လေတော့သည်။
"လောက်ရဲ့လား မလောက်သေးရင် အများကြီးရှိသေးတယ်"
ဝက်ပေါင်ခြောက် ဝက်အူချောင်း တစ်ထုပ်လုံး အပြင် လတ်ဆတ်သော အသားတစ်တုံးပင် ရှိနေသေးသည်။ ဤအရာများသည် ရဲ့ရှင်းချန်၏ နေရာလွတ်ထဲရှိ ပစ္စည်းများဖြစ်လေသည်။
"စား စား စား မင်းရဲ့သခင်က သေတောင် သေနေပြီကို မင်းက သူ့ကို စောင့်ပေးနေတုန်းပဲကိုး"
‘သစ္စာရှိလိုက်တဲ့ ခွေးလေး’
"မင်း ငါနဲ့ လိုက်ခဲ့မလား ဘာပဲဖြစ်ဖြစ် မင်းသခင်က သေသွားပြီပဲဟာ ငါ့နောက်လိုက်ခဲ့ပြီး ကောင်းကောင်း မနေချင်ဘူးလား"
ရဲ့ရှင်းချန်သည် စားပွဲအား ပတ်လျှောက်ကာ ခွေးလေး၏ အရှေ့သို့ ရောက်လာခဲ့လေသည် သူသည် ဆောင့်ကြောင့် ထိုင်လျှက် လက်အား ကမ်းပေးလိုက်သည်။
ခွေးလေးသည် ရဲ့ရှင်းချန်၏ အစားအစာကို စားလိုက်ရသဖြင့် ယဉ်ပါးသွားခြင်းလား သို့မဟုတ် သူ၏သခင် သေဆုံးသွားပြီ ဟူသော အမှန်တရားအား အမှန်တကယ် လက်ခံသွားခြင်းလား ဆိုသည်ကိုမူ အတိအကျ မသိနိုင်ချေ။ ၎င်းသည် ခဏမျှ တုံ့ဆိုင်းနေ ပြီးနောက် ခေါင်းငုံ့လျှက် ရဲ့ရှင်းချန်၏ လက်ထဲသို့ တိုးဝင်လာခဲ့လေသည်။ ရဲ့ရှင်းချန် ဆွံ့အသွားခဲ့ကာ အသံထွက်လျှက် ရယ်မောခြင်းအား မထိန်းချုပ်နိုင်တော့ပေ။
"မင်းက တော်တော် လည်တာပဲ"
ရဲ့ရှင်းချန်မှ ၎င်း၏ခေါင်းအား ပွတ်သပ်ပေးလိူက်ကာ မတ်တတ်ရပ် လိုက်လေသည်။ မည်သို့ပင်ဆိုစေ ဤအထပ်တစ်ခုလုံးတွင် အစားအသောက်များ ပြည့်နှက်နေခဲ့သည်။ သူ အလဟဿ မဖြုန်းတီးပစ်နိုင်ချေ။
"အစားစားပြီးရင် ဒီမှာပဲ ငါ့ကိုစောင့်နေ ပြီးမှ မင်းကို လာခေါ်မယ်"
အဆုံးတွင်မူ ဤသည်မှာ အဆင့်မြင့် လူနေအိမ်ရာ ဧရိယာ အနီးရှိ စူပါမားကတ် တစ်ခု ဖြစ်ပေသည်။ အသင်းဝင် မဟုတ်ပါက ဝင်ရောက်ခွင့်မရှိသော နေရာတစ်ခုလည်း ဖြစ်သည်။ လူ အများအပြား ဝင်ရောက်နိုင်ခြင်း မရှိကြပေ။ ကြမ်းပြင် တစ်ခုလုံး ရှုပ်ပွနေသော်လည်း စင်များပေါ်တွင် ပစ္စည်းအများအပြား ကျန်ရှိနေသေးသည် မဟုတ်ပါလော။
ရဲ့ရှင်းချန် ထွက်ခွာရန် ပြင်လိုက်စဉ်တွင် ခွေးမည်းလေးမှ အနားသို့ ရောက်လာခဲ့ကာ ရဲ့ရှင်းချန်၏ ဘောင်းဘီအား ညင်သာစွာ ကိုက်ဆွဲ ထားလိုက်လေသည်။
"ဘာဖြစ်လို့လဲ တူတူလိုက်ချင်လို့လား အေးပါကွာ ရပါတယ်"
ခွေးလေးသည် လှည့်လျှက် သူ၏သခင်အား နက်ရှိုင်းစွာ ငေးကြည့်လိုက်လေတော့သည်။ ထို့နောက် တုန်ယင်စွာဖြင့် မတ်တတ်ရပ်ကာ ရဲ့ရှင်းချန်၏ အနောက်သို့ ဖြည်းညင်းစွာ လိုက်ပါလာခဲ့တော့သည်။
စင်များအား တစ်ခုပြီးတစ်ခု ထည့်သွင်း လိုက်သည့်အပြင် ရေခဲသေတ္တာများနှင့် အအေးခန်းများ အပါအဝင် နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်လေတော့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အခြားသူများ နင်းချေထားသော ဟင်းသီးဟင်းရွက် အရွက်များကိုပင် ချန်မထားခဲ့ချေ။ ဧရာမ ပစ္စည်းကြီးများ သူ၏မျက်စိ ရှေ့တွင် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်အား မြင်လိုက်ရသောအခါ ခွေးလေးမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ကာ မျက်လုံးများ ပြူးကျယ် သွားလေတော့သည်။
စူပါမားကတ်တစ်ခုလုံး၏ ရိက္ခာများအား သိမ်းဆည်း ပြီးနောက်တွင်လည်း ရဲ့ရှင်းချန်သည် ကုန်လှောင်ရုံကိုပင် အလွတ်မပေးခဲ့ချေ။ သူသည် ကုန်လှောင်ရုံ တံခါးဝတွင် ရပ်လျှဥ် ကုန်လှောင်ရုံ တစ်ခုလုံးရှိ ရိက္ခာများ အားလုံးကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းရန် သူ၏စိတ် စွမ်းအားအား အသုံးပြုလိုက်တော့သည်။
"သွားကြစို့ ရှောင်ဟေး"
ယနေ့ ရဲ့ရှင်းချန် အပြင်ထွက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိက္ခာများ အတွက် မဟုတ်သော်လည်း ယခုအချိန်တွင် ခွေးတစ်ကောင် နှင့်အတူ ဟိုဟိုဒီဒီ ပြေးလွှားနေရန်မှာ မသင့်တော်လှချေ။ မည်သို့ပင်ဆိုစေ ခွေးသည် သက်ရှိသတ္တဝါ ဖြစ်သည်။ ခွေးအား သူ၏ နေရာလွတ်ထဲသို့ တိုက်ရိုက် ထည့်သွင်း၍ မရနိုင်ချေ။
"အိမ်ပြန်ကြမယ်"
ရဲ့ရှင်းချန်သည် ပြန်ရမည့်လမ်းအား မှတ်မိနေဆဲ ဖြစ်သည်။ သို့သော် ယခု ခွေးတစ်ကောင် ပါလာပြီ ဖြစ်သဖြင့် နှင်းလျှောစီးပြားအား နင်းကာ လျှောစီးပြန်ရန်မှာ အဆင်မပြေလှချေ။
"ဒီကိုလာ ငြိမ်ငြိမ်လေး ထိုင်နေနော်"
ရဲ့ရှင်းချန်သည် နေရာလွတ်ထဲတွင် ရှာဖွေလိုက်လေရာ ထောင့်တစ်နေရာရှိ အသစ်စက်စက် နှင်းများ ကြားမောင်းနှင့်သည့် မော်တော်ဆိုင်ကယ် အချို့အား တွေ့လိုက်ရတော့သည်။
ဤသည်မှာ ခရီးသွား ကုန်ပစ္စည်း အရောင်းဆိုင် တစ်ခုသို့ ဖြတ်သွားစဉ်တွင် သူ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားခဲ့သော အရာများ ဖြစ်လေသည်။ ယခုလို သုံးခွင့်ရလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ပြတင်းပေါက်မှ ထွက်လာပြီးနောက် ရဲ့ရှင်းချန်သည် သူနင်းထားခဲ့ပြီးသား နှင်းများပေါ်တွင် ရပ်လိုက်သည်။ သူသည် လက်ကိုဆန့်လျှက် ခုန်ချလာသော ခွေးလေးအား ဖမ်းယူလိုက်လေသည်။ ထို့နောက် နေရာလွတ်ထဲမှ နှင်းလျှောစီး ဆိုင်ကယ်အား ထုတ်ယူလိုက်ကာ သူ စတင် ရောက်ရှိခဲ့သော နေရာသို့ သွားလိုက်လေသည်။
သူသည် အနွေးထည်အင်္ကျီ နှစ်ထည်ကို ယူကာ ခွေးလေးအား အထဲတွင် ရစ်ပတ် ပေးလိုက် ပြီးနောက် လက်ကိုင်များအား လိမ်လိုက်လေရာ နှင်းလျှောစီး ဆိုင်ကယ်သည် လေပြင်းများ အကြား အလျင်အမြန် ပြေးထွက် သွားလေတော့သည်။
ရဲ့ရှင်းချန်သည် နှင်းတော်မောင်း မော်တော်ဆိုင်ကယ်အား အဝင်ဝတွင် ရပ်လိုက်လေသည်။ သူသည် အသွားကထက် သုံးဆ ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် ပြေးလာသော နှင်းလျှောစီး ဆိုင်ကယ်၏ အသံသည် ရဲ့ရှင်းချန်၏ အိမ်နီးချင်းများ မဟုတ်သူများ အပါအဝင် ပြတင်းပေါက်များအား မှီလျှက် ကြည့်ရှုနေကြသော လူများအားလုံးကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ချက်ချင်းပင် ပိုင်ရှင်များ၏ အဖွဲ့လိုက် စကားပြောခန်းသည် တစ်ဖန် ပြန်လည် ပေါက်ကွဲ သွားပြန်တော့သည်။
"ဘုရားရေ ရဲ့ရှင်းချန်ဆီမှာ တကယ်ကြီး နှင်းလျှောစီး ဆိုင်ကယ် ရှိနေတာပဲ"
"အဲ့ဒါ ဘာကြီးလဲ အဲ့ဒါကို နှင်းတောမောင်းတဲ့ မော်တော်ဆိုင်ကယ်လို့ ခေါ်တာလား ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"အရမ်းမိုက်တာပဲ အဲ့ဒါကို တွေ့လိုက်ကြလား ခုနက အစ်ကိုရှင်းချန် မောင်းဝင်လာတာကို ကြည့်ရတာ အရမ်းကို ခန့်ညားနေတာပဲ"
"အား ငါ မမြင်လိုက်ရဘူး မမြင်လိုက်ရဘူး ဘယ်မှာလဲ အသံတော့ ကြားလိုက်တယ်"
"မျှော်လင့်ချက် ရှိသွားပြီ မျှော်လင့်ချက် ရှိသွားပြီ ရဲ့ရှင်းချန် ငါတို့ကို တကယ် လိမ်မပြောခဲ့ဘူးပဲ သူ အပြင်ကနေ ရိက္ခာတွေရဖို့ နည်းလမ်း တကယ်ရှိနေတာပဲ"
အဖွဲ့ထဲတွင် အလုပ်ရှုပ်နေကြသည်။ လင်းစစ်ကျားသည် ဟင်းချက်နေရင်းဖြင့် အဖွဲ့လိုက် စကားပြောခန်းအား ဝင်စစ်ကြည့် လိုက်လေသည်။ ရဲ့ရှင်းချန် ပြန်ရောက် လာကြောင်း သူတို့ ပြောနေကြသည်အား မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲရှိ ဖိအားများသည် နောက်ဆုံးတွင် ပြေကျသွားလေတော့သည်။
ညစာ မကျက်သေးမီတွင်ပင် အပြင်ဘက်၌ မှောင်စပြု နေပြီ ဖြစ်သည်။ ရဲ့ရှင်းချန် အပြင်ထွက်သွားသည်မှာ နှစ်နာရီခန့်သာ ရှိသေးသည်။ ခွေးလေးအား အခန်းထဲသို့ မောင်းသွင်းလိုက် ပြီးနောက် ရဲ့ရှင်းချန်သည် နှင်းလျှောစီး ဆိုင်ကယ်အား အိမ်ထဲသို့ မောင်းသွင်းလာခဲ့ကာ အဝင်ဝတွင် ထားရှိပြီးနောက် တံခါးအား ပိတ်ချလိုက်လေတော့သည်။
နှင်းလျှောစီး ဆိုင်ကယ်အား ရပ်လိုက် ပြီးနောက် ရဲ့ရှင်းချန်သည် သူ၏ အဝတ်အစားများအား ချွတ်လျှက် ခွေးလေးအား ဓာတ်လှေကားဆီသို့ ခေါ်ဆောင် သွားခဲ့လေသည်။
ရဲ့ရှင်းချန်သည် ခြောက်လွှာအထိ တောက်လျှောက် တက်သွားခဲ့ကာ တံခါးအား သော့ဖွင့်လိုက်လေသည်။ သူ မော့ကြည့် လိုက်သောအခါ မီးဖိုချောင်ထဲတွင် ရပ်နေသည့် လင်းစစ်ကျားအား တွေ့လိုက်ရတော့သည်။
"ကျားကျား ဒီကို ခဏလာခဲ့ဦး ညစာကို ခဏ ဖယ်ထားလိုက်ဦး"
"လာ သူ့ကို ရေချိုးပေးလိုက်ပါအုန်း ကိုယ် အပြင်ထပ်သွားဦးမယ် ပြီးမှ ပြန်လာခဲ့မယ်"
"ဘာဖြစ်လို့လဲဟင် ရှင်က ဘာလို့ အပြင်ကို ထပ်သွားဦးမှာလဲ"
လင်းစစ်ကျားသည် အသံကြားသဖြင့် လက်ထဲတွင် ဇွန်းတစ်ချောင်းအား ကိုင်ကာ လှည့်ကြည့် လိုက်လေတော့သည်။ ထိုအခါ ရဲ့ရှင်းချန်၏ ဘေးရှိ ခွေးမည်းလေးအား ချက်ချင်း မြင်လိုက်ရတော့သည်။
"အာ အပြင်ကနေ ခွေးလေး တစ်ကောင် ကောက်ရလာတာလား"