လက်နက်အချို့ ရယူခြင်း
Vol. 6 Ch. 73
"အင်း စူပါမားကတ်ထဲမှာ တွေ့ခဲ့တာ သူ့သခင်က သေသွားပြီလေ သူက သူ့သခင်ကို စောင့်ပေးရင်း ငတ်နေတာ တွေ့ခဲ့တာနဲ့ သနားဖို့ကောင်းတယ်လို့ တွေးမိတာနဲ့ ကောက်ခေါ်လာခဲ့တာ"
ရဲ့ရှင်းချန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် နေရာလွတ်ထဲမှ ခွေးစာ တစ်ထုပ်နှင့် နွားနို့တစ်ဘူးအား ထုတ်ယူလိုက်လေသည်။ ဤအရာများသည် အစောပိုင်း စူပါမားကတ်ထဲမှ သူယူဆောင် လာခဲ့သော အရာများ ဖြစ်လေသည်။
ဆီးနှင်းများ အလွန်အမင်း ကျဆင်းလာမှု နှင့်အတူ စူပါမားကတ်ထဲရှိ သောက်စရာများ အားလုံးသည် အလွန်အမင်း အေးခဲသွားခဲ့ကာ မာကျောနေပြီ ဖြစ်သဖြင့် မည်သူမျှ မယူကြတော့ချေ။ ၎င်းတို့ထဲမှ အများအပြားမှာ အေးခဲပြီး ပုလင်းများပင် ကွဲအက်နေကြလေသည်။
ခွေးစာနှင့် ကြောင်စာတို့မှာမူ ပြောရန်ပင် မလိုတော့ချေ။ အလွန်အမင်း အေးခဲလှသော ဒဏ်ကြောင့် သူတို့ကိုယ် သူတို့ပင် ဂရုမစိုက်နိုင်ကြတော့သည် ဖြစ်ရာ ဤအိမ်မွေးတိရစ္ဆာန်များ အတွက် အစာအား မည်သူကမျှ ဂရုမစိုက်ကြတော့ချေ။
"ညီမ အဆင်ပြေသလိုသာ လုပ်လိုက်ပါ သူ့ကို အရင်ရေချိုးပေးထားလိုက် ပြီးတော့ ဒါက ခွေးစာ ခုနကပဲ သူ့ကို ဝက်ပေါင်ခြောက် ဝက်အူချောင်း တစ်ထုပ်နဲ့ အသား လတ်လတ်ဆတ်ဆတ် တစ်တုံး ကျွေးထားပြီးပြီ"
ရဲ့ရှင်းချန်သည် လှည့်ကာ ထွက်သွားမည် ပြုပြီးမှ ရပ်တန့်လိုက်လေသည်။
"အော် ကိုယ် သူ့နာမည် ဘယ်လိုခေါ်ရမှန်း မသိသေးဘူး သူက မည်းနေတာပဲ သူ့ကို ရှောင်ဟေးလို့ပဲ ခေါ်လိုက်ကြရအောင်"
ခွေးလေးမှ မကျေနပ်သလို ညည်းတွား လိုက်သော်လည်း ရဲ့ရှင်းချန်မှာမူ လှည့်၍ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ လင်းစစ်ကျားမှ ပြုံးလျှက် ခွေးလေးအား ပွေ့ချီ လိုက်လေတော့သည်။
"သွားကြမယ် ရှောင်ဟေးလေး"
မီးဖိုပေါ်တွင် ကြက်ပေါင်းရည်မှာ ပွက်ပွက်ဆူ နေသော်လည်း အဆင်သင့် မဖြစ်သေးပေ။ လင်းစစ်ကျားသည် မီးအား လျှော့ချလိုက်ပြီးနောက် ရှောင်ဟေးအား ချီလျှက် ရေချိုးခန်း အတွင်းသို့ ခေါ်ဆောင် သွားလေတော့သည်။ သူမ စဉ်းစားလိုက် ပြီးနောက် အဝတ်အစားများအား ချွတ်လိုက်လေသည်။
"ရေမချိုးရတာ ကြာပြီပေါ့လေ"
နွေးထွေးသော ရေများသည် ရှောင်ဟေး၏ ခေါင်းပေါ်သို့ ကျဆင်းလာခဲ့သည်။ လင်းစစ်ကျားသည် သူမ၏ အတွင်းခံကိုသာ ဝတ်ဆင်ထားခဲ့ကာ ရှောင်ဟေးပေါ်သို့ ရေချိုးဆပ်ပြာရည်အား စတင် ညှစ်ချ လိုက်လေတော့သည်။
လင်းစစ်ကျားသည် ရှောင်ဟေးအား ရေချိုးပေးနေချိန်တွင် ရဲ့ရှင်းချန်သည် အဝတ်အစားများအား ပြန်လည် ဝတ်ဆင်လိုက်ကာ သူ၏ နှင်းလျှောစီး ဆိုင်ကယ်အား စီးလျှက် ပြန်ထွက် လာခဲ့တော့သည်။
နှင်းလျှောစီး ဆိုင်ကယ်ဖြင့် သွားရသည်မှာ နှင်းလျှောစီးဘုတ်ပြားအား အသုံးပြုရသည်ထက် အမှန်တကယ်ပင် ပို၍ အဆင်ပြေလှပေသည်။ အနည်းဆုံးတွင် ထိုမော်တော်ဆိုင်ကယ်သည် နှင်းလျှောစီး ဘုတ်ပြားထက် အများကြီး ပိုမြန်လေသည်။
အပြင်ဘက်ရှိ နှင်းများသည် ရဲ့ရှင်းချန် ထင်ထားသကဲ့သို့ ပွရောင်းမနေခဲ့ချေ။ ဤမျှ လေးလံသော အရာကြီးတစ်ခုသည် နှင်းထဲသို့ နစ်ဝင်သွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း နှင်းလျှောစီး ဆိုင်ကယ်မှာ နှင်းပြင်ပေါ်တွင် တည်ငြိမ်စွာ ရွေ့လျား သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
ရိက္ခာများနှင့် နှိုင်းယှဉ်ပါမူ ရဲ့ရှင်းချန်သည် လက်နက်တစ်ခု အထူးသဖြင့် သေနတ်တစ်လက်အား ရှာဖွေရသည်ကို ပို၍ စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံအတွင်းတွင် သေနတ်များအား တရားမဝင် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။ နိုင်ငံအတွင်း သေနတ်များအား တရားဝင် ကိုင်ဆောင်ခွင့်ရှိသည့် တစ်ခုတည်းသော နေရာမှာ ပြည်သူ့ လုံခြုံရေးဗျူရိုသာလျှင် ဖြစ်ပေသည်။ ဤသည်မှာ ရဲ့ရှင်းချန်၏ အဓိက ပစ်မှတ်ပင် ဖြစ်ချေသည်။
ခရီးစဉ် တစ်လျှောက်လုံးသည် အလွန်ပင် ချောမွေ့လှပေသည်။ မည်သို့ပင်ဆိုစေ တောင်ပိုင်း ဒေသရှိ လူအများအပြားတွင် နှင်းလျှောစီး ဆိုင်ကယ်များ မရှိကြချေ။
ရဲ့ရှင်းချန်သည် ရဲစခန်းသို့ ရောက်ရှိ လာချိန်တွင် စိုးရိမ်နေဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်အား ဂရုတစိုက် ရှာဖွေပြီးနောက် သူသည် နှင်းလျှောစီး ဆိုင်ကယ်အား သူ၏ နေရာလွတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်း လိုက်လေတော့သည်။
သူသည် ကုန်တိုက်တွင် ပြုလုပ်သကဲ့သို့ အလားတူ ပြတင်းပေါက်ဖောက်တူအား အသုံးပြုခဲ့လေသည်။ ရဲ့ရှင်းချန်သည် ဒုတိယထပ် ပြတင်းပေါက် မှတစ်ဆင့် အတွင်းသို့ တွယ်တက်သွားခဲ့သည်။
ပစ္စတိုသေနတ်အား ကိုင်ဆောင်ထားလျက် ရဲ့ရှင်းချန်သည် ဒုတိယထပ်အား ဂရုတစိုက် လှည့်လည် စစ်ဆေးလိုက်လေသည်။ သက်ရှိသတ္တဝါများ မရှိကြောင်း သေချာစေ ပြီးနောက် ရဲ့ရှင်းချန် စတင်၍ ရှာဖွေလေတော့သည်။
ဤသည်မှာ သူ၏ အသက် ၂၀ ကျော်အတွင်း ပြည်သူ့ လုံခြုံရေးဗျူရိုသို့ ရဲ့ရှင်းချန် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ အခန်းများသည် တစ်ခန်းနှင့် တစ်ခန်း ကပ်လျက်ရှိနေခဲ့ကာ အထဲတွင် အခြေခံအားဖြင့် ဖိုင်တွဲများနှင့် စာရေးကိရိယာ အမျိုးမျိုးတို့သာ ရှိလေသည်။ သူသည် ဓာတ်မီးအား ကိုင်ဆောင်လျှက် နောက်ထပ် တံခါးတစ်ချပ်အား ဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ဟာလာဟင်းလင်း ဖြစ်မနေခဲ့ချေ။
ရဲအရာရှိ ငါးယောက် ခြောက်ယောက်ခန့်သည် ပါးလွှာသော စောင်တစ်ထည်အား ကိုယ်ပေါ်တွင် ခြုံထားရင်း စုပြုံ ပွေ့ဖက် နေကြလေသည်။ စောင်သည် သူတို့အားလုံးကိုပင် အပြည့်အဝ မဖုံးလွှမ်းနိုင်ခဲ့ချေ။ နှစ်ဖက်စလုံးရှိ လူများ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အပြင်သို့ ထွက်နေခဲ့သည်။ သူတို့သည် အေးခဲ၍ သေဆုံးနေကြပြီး ဖြစ်ကာ သူတို့၏ မျက်နှာများမှာ ဖြူရော်နေကြလေသည်။
ရဲ့ရှင်းချန်မှာမူ သူတို့အား ကြည့်လျှက် အနည်းငယ် ဝမ်းနည်းခြင်းအား မအောင့်အည်းနိုင်ခဲ့ချေ။ လမ်းတစ်လျှောက်တွင် အခြားအလောင်းများအား မတွေ့ရသဖြင့် သူတို့သည် ညဘက်တွင် တာဝန်ကျသော ရဲအရာရှိများ ဖြစ်ကြပေလိမ့်မည်။ အပူချိန်မှာ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခဲ့သဖြင့် သူတို့တွင် အအေးဒဏ်မှ ကာကွယ်ရန် အဝတ်အစားများပင် မရှိခဲ့ကြချေ။
ရဲ့ရှင်းချန် သက်ပြင်းချလျှက် တံခါးအား တိတ်ဆိတ်စွာ ပိတ်လိုက် လေတော့သည်။ သူသည် အခန်းထဲရှိ လူများအား အရိုအသေ ပေးလိုက်လေသည်။။
ဤအခန်းအား ကျော်လွန်သွား ပြီးနောက် အခြားသော အခန်းများတွင် အလောင်းများ မရှိတော့ချေ။ ရဲ့ရှင်းချန်သည် အောက်ထပ်နှင့် အပေါ်ထပ်တို့အား ရှာဖွေပြီးနောက် နောက်ဆုံးတွင် ပထမထပ်ရှိ အစွန်ဆုံးအခန်း၌ မီးခံသေတ္တာတစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့လေသည်။
ရဲ့ရှင်းချန်သည် လက်အား ဆန့်ထုတ်လျှက် မီးခံသေတ္တာအား နေရာလွတ်ထဲသို့ တိုက်ရိုက် ထည့်သွင်း လိုက်လေတော့သည်။ အထဲတွင် မည်သည့်အရာ ရှိနေသည်အား သူ မသိသဖြင့် ပြန်ရောက်မှသာ ဖြည်းဖြည်းချင်း လေ့လာနိုင်တော့မည် ဖြစ်သည်။
သူသည် ဒုတိယထပ်သို့ ပြန်တက်လာခဲ့ကာ ထပ်မံ၍ ရှာဖွေလိုက်လေသည်။ ထိုအခါမှသာ အစွန်ဆုံးအခန်းထဲရှိ ပန်းချီကား တစ်ချပ်အား တွေ့လိုက်ရသည်။ ထိုပန်းချီကားသည် တံခါးတစ်ချပ်အား ကွယ်ထားခြင်း ဖြစ်နိုင်သည်လား။
ရဲ့ရှင်းချန် အံ့သြသွားမိသည်။ သူသည် လက်အား မြှောက်လျှက် တံခါးအား အကြိမ်ကြိမ် ခေါက်ကြည့် လိုက်လေသည်။ ထိုအခါမှသာ ဤသည်မှာ သူ၏အိမ်ရှိ တံခါးကဲ့သို့ တူညီသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် တံခါးတစ်ချပ် ဖြစ်ကြောင်း သူ သိလိုက်ရတော့သည်။
"ရပြီဟေ့"
သူသည် အလွန်ဝမ်းသာသွားခဲ့ကာ တံခါးအတွင်းရှိ ပစ္စည်းများအား နေရာလွတ်ထဲသို့ အလျင်စလို ထည့်သွင်း လိုက်လေတော့သည်။
တံခါးအား အလျှင်အမြန် မဖွင့်နိုင်ခဲ့ချေ။ ကံကောင်း ထောက်မစွာဖြင့် ၎င်းမှာ သိပ်မဝေးသဖြင့် အထဲရှိ ပစ္စည်းများအား သူ၏ နေရာလွတ်ထဲသို့ ထည့်သွင်း နိုင်သေးလေသည်။ ရဲ့ရှင်းချန်သည် မျက်စိတစ်မှိတ်အတွင်း နေရာလွတ်ထဲသို့ ဝင်လိုက်တော့သည်။
"ငါတော့ ချမ်းသာပြီဟေ့ ချမ်းသာပြီ"
မြေပြင်ပေါ်ရှိ သေနတ် အပုံလိုက်ကြီးနှင့် သူ နာမည် မသိသော်လည်း အလွန် အစွမ်းထက်ပုံရသည့် လက်နက် ရှုပ်ရှုပ်ယှက်ယှက်များအား သူ ကြည့်လိုက်တော့သည်။ ကျည်ဆန်သေတ္တာ ဆယ်ခုကျော်ပင် ရှိနေသေးသည်။
ရဲ့ရှင်းချန် ရေတွက်ရန် အချိန်မရှိတော့ချေ။ သူ၏ မျက်နှာပေါ်ရှိ အပြုံးများအား အမြန် ဖယ်ရှားလိုက်ပြီးနောက် နေရာလွတ်ထဲမှ ထွက်လာခဲ့တော့သည်။
သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်ရာ ယခုအချိန်တွင် အိမ်သို့ အမြန်ဆုံး ပြန်ရန်သာ ဆန္ဒရှိတော့သည်။ မည်သို့ပင်ဆိုစေ အပြင်ဘက်တွင် အချိန်ကြာကြာနေလေ အန္တရာယ် ပိုများလေ ဖြစ်သည်။
ရဲ့ရှင်းချန်သည် သူလာခဲ့သော လမ်းအတိုင်း လှည့်ပြန်လာခဲ့ လိုက်လေတော့သည်။ နှင်းလျှောစီး ဆိုင်ကယ်အား ထုတ်ယူ တော့မည့်ဆဲဆဲတွင် အဝေးမှ သူ့ထံသို့ ဦးတည်လာနေသော လူတစ်ဦးအား တွေ့လိုက်ရလေသည်။
ထိုလူအား ရုတ်တရက် မြင်လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ကာ ရဲ့ရှင်းချန်သည် ပြတင်းပေါက် မှတစ်ဆင့် အတွင်းသို့ အလျင်အမြန် ပြန်ဝင်ကာ ပုန်းအောင်း နေလိုက်လေသည်။
ထိုလူများသည် အလွန်မြန်ဆန်စွာ ရောက်ရှိလာကြကုန်သည်။ ရဲ့ရှင်းချန် ပုန်းအောင်း လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူများသည် အပြင်ဘက်သို့ ရောက်ရှိလာကြတော့သည်။
"အစ်ကိုကြီး အဲ့ဒီကောင်လေး ဒီဘက်ကို လာတာ ကျွန်တော် သေချာပေါက် မြင်လိုက်တယ်ဗျ"
"မင်း အမြင်မှားတာများလား သူ ဒီမှာရှိတာ သေချာလို့လား"
ရဲ့ရှင်းချန် သူတို့ရှိရာဘက်သို့ ကြည့်လျှက် ဂရုတစိုက် ရေတွက် ကြည့်လိုက်တော့သည်။ အပြင်ဘက်တွင် လူရှစ်ယောက်တိတိ ရပ်နေကြခြင်း ဖြစ်သည်။
"ဘယ်လိုလုပ် မှားနိုင်မှာလဲ အစ်ကိုကြီး ကြည့်လေ ဒီမှာ ဘီးရာတွေ ရှိတယ်မဟုတ်လား သူ ဒီမှာ ရှိနေတာ သေချာတယ်"
"ဟင်း မြန်မြန်လုပ်ကြ အဲ့ကောင်လေးကို ထွက်ပြေးခွင့် မပေးနဲ့ ဒီ နှင်းလျှောစီး ဆိုင်ကယ်ကို ငါ ရမှဖြစ်မယ်"
အပြင်ဘက်မှ စကားပြောသံများအား နားထောင်ရင်းဖြင့် ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိတေ့ာသည်။ နှင်းလျှောစီး ဆိုင်ကယ်အား မောင်းနှင်ပါက အခြားသူများ၏ အလွယ်တကူ သတိထားမိခြင်းအား သေချာပေါက် ခံရမည်ကို သူ သိထားလေသည်။ သူ၏ လုပ်ရပ်များသည် ရန်သူများအား သေချာပေါက် တိုးပွားလာစေမည်အား သိသည့်တိုင် ရန်သူများမှ ဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။
"ဒီမှာ အပေါက်တစ်ပေါက် ရှိတယ် ဝင်သွားကြရအောင်"
သူတို့ ပြောနေသော အပေါက်ဆိုသည်မှာ ရဲ့ရှင်းချန် ရောက်လာစဉ် အချိန်တွင် တူဖြင့် ထုခွဲထားခဲ့သည့် ပြတင်းပေါက်ပင် ဖြစ်လေသည်။
"တောက် သူ ဒီမှာ ရှိနေဦးမှာ သေချာတယ် ဒါပေမယ့် နှင်းလျှောစီး ဆိုင်ကယ်က ဘာလို့ ပျောက်သွားတာလဲ"
"သူ အထဲကို သယ်သွားတယ်လို့တော့ မပြောနဲ့နော် သူ ဒီလောက်မြန်မြန် ထွက်ပြေး သွားနိုင်စရာ အကြောင်းမရှိဘူး ငါတို့ လာတုန်းက အင်ဂျင်သံမှ မကြားရတာ"
"ဟုတ်တယ် ဒီကောင်လေး ဒီမှာပဲ ရှိနေလောက်တယ်"
"ရှူး အားလုံး တိတ်တိတ်နေကြ သူ့ကို အသံမကြားစေနဲ့"
ရဲ့ရှင်းချန်သည် လူအရေအတွက်အား ရေတွက် လိုက်လေသည်။ သူ အစောပိုင်းတွင် ရှိနေခဲ့သည့် နေရာမှနေ၍ လူရှစ်ယောက်တိတိ တွားသွား ဝင်ရောက် လာကြကုန်သည်။ သူသည် ဘီဒို၏ အနောက်တွင် ကိုယ်အား ကျုံ့ထားပြီးနောက် အသက်ပြင်းပြင်း ရှူရန်ပင် မဝံ့ရဲတော့ချေ။
"ဟေ့ သတိထားဦး အထဲမှာ မှောင်လွန်းလို့ သေချာမမြင်ရဘူး သွားမယ့်လမ်းကို သေချာကြည့် ငါ့ကို လာမနင်းနဲ့နော်"
ရဲ့ရှင်းချန်သည် ထိုလူစု အခန်းထဲမှ ထွက်သွားသည် အထိ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ သူ သက်ပြင်းချ နိုင်သွားတော့သည်။
ထို့တိုင် သူ မလှုပ်ရဲသေးပေ။ ထိုလူများသည် ဒုတိယထပ်တွင် ရှိနေသေးသည် မဟုတ်ပါလော။ အကယ်၍ သူသာ လှုပ်ရှားလိုက်ပါက သူတို့အားလုံး ပြေးလာကြမည်အား စိုးရိမ်နေမိသည်။ သူ အနိုင်ယူ နိုင်သော်လည်း သူ၏ လက်နက်များအား အကြောင်းမဲ့သက်သက် အလဟဿ မဖြုန်းတီးပစ်ချင်ပေ။