← Chapters

ပစ်ခတ်ခြင်း

Vol. 6 Ch. 74

ပစ်ခတ်ခြင်း

Vol. 6 Ch. 74

ခြေသံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ရဲ့ရှင်းချန်သည် ထိုလူများ အောက်ထပ်သို့ ဆင်းသွားသည့် အသံအား နားစွင့်နေ ပြီးနောက် ပြတင်းပေါက် မှနေ၍ ခြေဖျားထောက်လျှက် ဖွဖွလေး ဆင်းလာခဲ့လေတော့သည်။

နှင်းလျှောစီးဆိုင်ကယ်အား ထပ်သုံးရန်မှာ မဖြစ်နိုင်တော့ချေ။ ဆိုင်ကယ်အင်ဂျင်သံသည် အလွန်ပင် ကျယ်လောင် လွန်းလှပေသည်။ အကယ်၍ လီဗာကိုသာ တင်လိုက်မိလျှင် ထိုလူများအားလုံး ပြေးထွက်လာပြီးနောက် သူ့အား ဝိုင်းဝန်း ပစ်ခတ်ကြမည်ကိုလည်း သူစိုးရိမ်မိသည်။

ထို့ကြောင့် ရဲ့ရှင်းချန်သည် ပြတင်းပေါက် အောက်တွင် ရပ်လျှက် ဆယ်စက္ကန့်ခန့် တုံ့ဆိုင်း နေပြီးနောက် သူ၏ နှင်းလျှောစီးပြားအား ပြတ်သားစွာပင် ထုတ်ယူလိုက်လေတော့သည်။ နှင်းလျှောစီးတုတ်တံအား နှင်းပြင်ထဲသို့ ထိုးစိုက်လိုက်သည်။ သို့သော် မီတာ ၂၀ ၃၀ ခန့်သာ လျှောစီးရသေးချိန်တွင်ပင် သူ လူမိသွားခဲ့ခြင်း ဖြစ်သည်။

ထိုလူများအားလုံး ပထမထပ်သို့ ဆင်းသွားကြပြီဟု သူထင်မှတ် ထားခဲ့သော်လည်း သူတို့သည် သတိကြီးစွာဖြင့် ဒုတိယထပ်ရှိ အခန်းများအား ရှာဖွေရန် လူသုံးယောက် ချန်ထားခဲ့ကြလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

နောက်လိုက် တစ်ယောက်သည် ဘေးခန်းထဲတွင် တစ်စုံတစ်ရာအား ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သူ ခေါင်းမော့ ကြည့်လိုက်သောအခါ အပြင်ဘက်တွင် နှင်းလျှောစီးပြားဖြင့် ရှိနေသော ရဲ့ရှင်းချန်အား လှမ်းမြင်သွားခဲ့သည်။

"အစ်ကိုကြီး အစ်ကိုကြီး မြန်မြန်လုပ်ကြ ဟိုကောင် ပေါ်လာပြီဗျ သူ ထွက်ပြေးဖို့ ကြိုးစားနေတယ်"

အောက်ထပ်ရှိ လူငါးယောက်သည် ထိုအသံအား ကြားသည်နှင့် တစ်ပြိုင်နက် ဒုတိယထပ်သို့ အပြေးအလွှား တက်လာကြကာ ပြတင်းပေါက် မှနေ၍ ခုန်ချလိုက်ကြတော့သည်။

"ဒိုင်း"

သေနတ်သံနှင့်အတူ ရဲ့ရှင်းချန်၏ တစ်ကိုယ်လုံး ယိမ်းယိုင်သွားခဲ့သည်။ နှင်းလျှောစီးပြား ကျည်ဆန် အမှန်ခံလိုက်ရခြင်း ဖြစ်သည်။

ယိုင်နဲ့သွားသော ရဲ့ရှင်းချန်သည် သူ၏လက်ထဲရှိ နှင်းလျှောစီးတုတ်တံအား နှင်းပြင်ထဲသို့ အမြန်ထိုးစိုက် လိုက်လေသည်။ ၎င်းနောက် ထိုတုတ်တံ၏ အကူအညီဖြင့် ဘေးဘက်သို့ ခုန်ထွက်လိုက်ရာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် အကြိမ်အနည်းငယ် လိမ့်ထွက်သွားခဲ့သည်။

နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ရဲ့ရှင်းချန်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားတော့သည်။ သူ အလွန်အမင်း နောင်တရ သွားမိတော့သည်။ ဤမျှမြန်မြန် လူမိမည်မှန်းသာ ကြိုသိခဲ့လျှင် သူ နှင်းလျှောစီးဆိုင်ကယ်ကိုသာ မောင်းနှင်ခဲ့မည်ဖြစ်သည်။ အနည်းဆုံးတွင် ဆိုင်ကယ်သည် လျှင်မြန်လှသည်။ ထိုလူများ လိုက်ဖမ်းချင်ကြလျှင်ပင် မီနိုင်ကြမည် မဟုတ်ပေ။

ရဲ့ရှင်းချန်သည် နှင်းပြင်ပေါ်တွင် လူးလှိမ့် တွားသွားရင်း ဖြင့် စိမ်းလန်းသော သစ်ပင်တန်း တစ်ခု၏ အနောက်သို့ ဝင်ပုန်း လိုက်လေတော့သည်။ ယခုအခါ ထိုသစ်ပင်များ၏ အပေါ်ဆုံး သစ်ကိုင်းများ သာလျှင် နှင်းများ အောက်တွင် နစ်မြုပ်ခြင်းမရှိဘဲ ကျန်ရစ်နေကြတော့သည်။

မူလတွင် အစိမ်းရင့်ရောင်ရှိသော သစ်ရွက်များအား နှင်းထုအထပ်ထပ်မှ ဖုံးလွှမ်းထားခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် ပစ္စတိုသေနတ်တစ်လက်အား ထုတ်ယူလိုက်ပြီးနောက် သစ်ပင်နောက်တွင် ဒူးထောက်လျှက် သူ့ဆီသို့ လာနေကြသော လူများအား စိုက်ကြည့် နေလိုက်တော့သည်။

"မြန်မြန်လုပ် မြန်မြန်လုပ်ကြ ဟိုကောင် အဲဒီဘက်မှာကွ"

"တစ် နှစ် သုံး လေး"

ရဲ့ရှင်းချန်သည် မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ မှိန်ပျပျ အလင်းရောင် အောက်တွင် သေနတ်များအား ကိုင်ဆောင်ထားကြသည့် လူများကို ရေတွက် လိုက်လေတော့သည်။

အံ့သြစရာ ကောင်းသည်မှာ လူရှစ်ယောက်အနက် ငါးယောက်သည် သေနတ်များအား ကိုင်ဆောင်ထားကြကာ ကျန်သုံးယောက်မှာမူ ဓားရှည်များကို ကိုင်ဆောင်ထားကြခြင်း ဖြစ်သည်။

ထိုလူများသည် သူ၏ ပစ်ခတ်နိုင်သော အကွာအဝေး အတွင်းသို့ ဝင်ရောက် လာကြ ပြီးနောက်တွင်လည်း သူ အလျင်စလို မပစ်ခတ်သေးချေ။ သူသည် ဦးစွာ ပထမ သူ၏ နေရာလွတ် ထဲမှ ကျည်ကာအင်္ကျီ နှစ်ထည်အား ထုတ်ယူ၍ သူ၏ လက်မောင်းများနှင့် ခြေသလုံးများအား ရစ်ပတ် လိုက်လေသည်။ ၎င်းနောက် ဘေးဘက်သို့ ရွှေ့လိုက်ပြီးနောက် ပထမဆုံးကျည်အား စတင် ပစ်ခတ် လိုက်တော့သည်။

"ဒိုင်း"

ထို အသံနှင့်အတူ ရဲ့ရှင်းချန်၏ ပစ်မှတ် လွဲချော်သွား လုနီးပါးပင် ဖြစ်သွားခဲ့သည်။ ကံကောင်း ထောက်မစွာဖြင့် ကျည်ဆန်သည် သူ ပစ်မှတ်ထားသော လူ၏ ခေါင်းအား ပွတ်တိုက်သွားပြီးနောက် အနောက်ဘက်ရှိ လူ၏ ခေါင်းအား သွားမှန်လေသည်။ ခေါင်းအား တည့်တည့် ထိမှန်သွားသဖြင့် အစ်ကိုကြီးဆိုသူ၏ ဘေးမှလူမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။

"ရပ် အားလုံး ရပ်လိုက်ကြ သတိထား ဟိုကောင်ဆီမှာ လက်နက်ရှိတယ် သေနတ်ရှိတယ်ကွ"

ရဲ့ရှင်းချန် အနည်းငယ် နှမြောသွားမိသည်။ သူ ပစ်ခတ်လိုက်၍ မှန်သွားသူမှာ ဓားကိုင်ထားသူ တစ်ယောက်သာ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သေနတ်အား ကိုင်ထားသူကိုသာ သတ်နိုင်ရန် လက်တစ်ကမ်းသာ လိုတော့သည် မဟုတ်ပါလား။

ဘေးဘက်သို့ လိမ့်ထွက်လိုက်ရင်းဖြင့် ရဲ့ရှင်းချန်သည် သူ၏ နေရာအား ထပ်မံ ပြောင်းလဲ လိုက်ပြန်လေသည်။

"ရွှီး"

ထိုအသံ နှင့်အတူ ရဲ့ရှင်းချန် စောစောပိုင်းတွင် ရှိနေခဲ့သော နေရာသို့ ကျည်ဆန် တစ်တောင့် ဖြတ်ပျံသွားခဲ့သည်။

"ဟူး တော်တော်လေး နီးစပ်သွားတာပဲ သီသီလေးလွတ်သွားတယ် ငါ ပါးနပ်လို့ တော်သေးတာပေါ့ တောက် ဒီကောင်တွေရဲ့ သေနတ် ပစ်စွမ်းရည်က တော်တော်လေး ကောင်းတာပဲ"

ထိုလူစုမှာ အရှိန်လျှော့ သွားကြတော့သည်။ ရဲ့ရှင်းချန်သည် ကျန်ရစ်နေသော လူခုနစ်ယောက်အား ကြည့်ရင်း ချက်ချင်းပင် ခေါင်းကိုက် လာသကဲ့သို့ ခံစားလိုက်ရတော့သည်။

ကပ်ဘေးကြီး စတင်ချိန် ကတည်းမှ သူသည် လူများနှင့် မတိုက်ခိုက်ခဲ့ဖူးသည်တော့ မဟုတ်ချေ။ သို့သော် သူသည် အိမ်ထဲတွင် ပုန်းအောင်းနေစဉ် အတွင်းသာ လူများနှင့် တိုက်ခိုက်ခဲ့ဖူးခြင်း ဖြစ်လေသည်။ လက်နက်နှင့် မီးဘေးအန္တရာယ်တို့အား အပြည့်အဝ ကာကွယ်ပေး နိုင်စွမ်းရှိသော အိမ်၏ အကာအကွယ်ဖြင့် သူ လိုသလို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယခုအခါ၌မူ သူတို့သည် မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်နေကြရပြီ ဖြစ်လေသည်။ ရဲ့ရှင်းချန်သည် နေရာလွတ် ထဲသို့ တိုက်ရိုက် ပြေးဝင် ပုန်းအောင်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့တော့သည်။

သို့သော် ထိုနေရာလွတ် ထဲတွင် နှစ်နာရီသာ နေနိုင်မည် ဖြစ်လေသည်။ အကယ်၍ နှစ်နာရီထက် ကျော်လွန်သွားပါက သူသည် သက်မဲ့ အရာဝတ္ထုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ နှစ်နာရီ ကြာပြီးနောက် သူ နေရာလွတ် အတွင်းမှ ပြန်ထွက်လာချိန်တွင် ထိုလူများသည် သူ၏ဘေးတွင် ရပ်လျှက် ဝိုင်းရံထားကြလျှင် မည်သို့ လုပ်ရမည်နည်း။ ထိုသို့ဆိုလျှင် သူ သေရမည်သာ မဟုတ်ပါလော။

"ဟွာနိုင်ငံထုတ် ကျည်ကာအင်္ကျီတွေက ယုံကြည်စိတ်ချရပါ့မလား မသိဘူး"

ရဲ့ရှင်းချန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသည် သစ်ရွက်များကြားရှိ ကွက်လပ်တွင် ဝပ်နေရင်း ထပ်မံချိန်ရွယ် လိုက်ပြန်သည်။

နောက်ထပ် သေနတ်တစ်ချက် ပစ်ဖောက်လိုက် ပြီးနောက် နောက်ထပ် ဦးခေါင်းတစ်ခု ပွင့်ထွက်သွားခဲ့ပြန်သည်။ ရဲ့ရှင်းချန်သည် သူ၏နေရာအား ကမန်းကတန်း ပြောင်းရွှေ့လိုက်ရသည်။

"အား"

တစ်ဖက်မှ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် "ဒိုင်း" ခနဲ အသံအချို့ ဆက်တိုက် ထွက်ပေါ်လာကြတော့သည်။ နောက်ဆုံးအသံမှာ တုံးတိတိ အသံမျိုးပင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။။ ရဲ့ရှင်းချန် ညည်းညူသံ တစ်ချက် ပြုလိုက်ပြီးနောက် ဘေးဘက်သို့ အလျင်အမြန် ရွှေ့လိုက်လေသည်။

"အစ်ကိုကြီး မှန်သွားပြီ"

သူတို့၏ အပေါင်းအပါ နှစ်ယောက် သေဆုံးသွားကြပြီ ဟူသော အချက်အား လျစ်လျူရှုလျှက် ကျန် လူခြောက်ယောက်သည် ရဲ့ရှင်းချန်ဆီသို့ ဝမ်းသာအားရ ပြေးလာကြတော့သည်။

"သွားသေလိုက်စမ်းကွာ"

ရဲ့ရှင်းချန်သည် နာကျင်မှုအား ကြိတ်မှိတ် သည်းခံရင်းဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။ လူခြောက်ယောက် သူ့ထံသို့ ပြေးဝင် လာကြသည်အား သူ စောင့်ကြည့် နေခဲ့ ပြီးနောက် သူ၏ ပစ္စတိုအား မြှောက်လျှက် ဆယ်ချက်ကျော်ခန့် ဆက်တိုက် ပစ်ခတ် လိုက်လေရာ သူ၏ ခါးရှိ ပစ္စတို နှစ်လက်စလုံးမှ ကျည်များ ကုန်စင် သွားလေ တော့သည်။

သူတို့၏ အရှေ့ဘက်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ဘဲ အရာအားလုံး တိတ်ဆိတ် သွားပြန်လေသည်။ ထိုလူ အချို့သည် နှင်းပြင်ပေါ်တွင် ပုံစံ အမျိုးမျိုးဖြင့် လဲကျ သေဆုံးနေကြတော့သည်။

"ရှီး တကယ် နာတာပဲကွာ"

ရဲ့ရှင်းချန် နေရာပြောင်းရန် ဟန်ပြင် လိုက်ချိန်တွင်ပင် သူတို့ဘက်မှ သုံးချက်ဆက်တိုက် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ အနက် တစ်ချက်မှာ ရဲ့ရှင်းချန်၏ ခြေသလုံးအား အမှန်တကယ်ပင် ထိမှန် သွားခဲ့ခြင်း ဖြစ်သည်။

"သေစမ်း ငါ့ခြေထောက်တွေကို ကျည်ကာ အင်္ကျီနဲ့ ပတ်ထားမိလို့ တော်သေးတာပေါ့"

ထိုလူများ အားလုံး သေဆုံးသွားကြပြီ ဖြစ်ကြောင်း အတည်ပြု ပြီးနောက်တွင် ရဲ့ရှင်းချန်သည် သူ၏ လက်ထဲရှိ သေနတ်အား နေရာလွတ် အတွင်းသို့ ထည့်လိုက်ပြီးနောက် သူ၏ ခြေထောက်များအား ရစ်ပတ်ထားသည့် ကျည်ကာအင်္ကျီကို ချွတ်လိုက်လေတော့သည်။

ကျည်ကာအင်္ကျီထဲတွင် ကျည်ဆန်တစ်တောင့် နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သည်။ ကံကောင်းသည်မှာ ၎င်းအား ကာကွယ်ရန် ဘောင်းဘီ အထပ်အချို့ ရှိနေခဲ့ခြင်း ဖြစ်လေသည်။ သို့မဟုတ်ပါမူ သူ၏ ခြေထောက်အား ကျည်ကာအင်္ကျီဖြင့် ပတ်ထားလျှင်ပင် သူ၏ ခြေသလုံးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နာကျင်နေလိမ့်မည် ဖြစ်သည်။

ခြေထောက်များအား ခါထုတ်လိုက်ရင်းဖြင့် ရဲ့ရှင်းချန်သည် နှင်းပြင်ပေါ်မှ ထလာခဲ့ကာ ထိုလူစုဆီသို့ လျှောက်သွား လိုက်လေတော့သည်။ အပူချိန်အာရုံခံ ညကြည့်မျက်မှန်များမှ ထိုလူများ အမှန်တကယ် သေဆုံးသွားကြပြီ ဖြစ်ကြောင်း ပြသနေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ် အပူချိန်များသည် တဖြည်းဖြည်း ကျဆင်းလာနေကြသည်။

ရဲ့ရှင်းချန်သည် ခါးအား ကိုင်းညွတ် လိုက်ပြီးနောက် သူ၏ လက်များအား မရပ်တန့်စေဘဲ လှုပ်ရှား နေလိုက်တော့သည်။ သူသည် ထိုလူများ၏ ပစ္စတိုများနှင့် ဓားများအား ယူဆောင်လျှက် နေရာလွတ် ထဲသို့ ထည့်သွင်း လိုက်လေတော့သည်။ ထို့ပြင် သူတို့၏ အဝတ်အစားများအားလည်း ချွတ်ယူ လိုက်သေးသည်။ သို့သော်လည်း အတွင်းဆုံး အထပ်ကိုမူ သူတို့အတွက် ချန်ထားခဲ့ပေးလေသည်။ အဓိကအားဖြင့် ရဲ့ရှင်းချန်သည် ၎င်းတို့အား ညစ်ပတ်သည်ဟု ထင်မြင်သောကြောင့် ဖြစ်လေသည်။

သူ လက်ခုပ်တီး မိလိုက်တော့သည်။ ဤတစ်ကြိမ်တွင် သူသည် အများအပြား အမြတ်ထွက်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုရပေမည်။ သူသည် အကြောင်းပြချက် မရှိဘဲ သေနတ် အပစ်ခံခဲ့ရခြင်း ဖြစ်ပေရာ ထို ပိုလျှံလာသော ပစ္စတို ငါးလက်နှင့် ဓားသုံးလက်တို့မှာ မထိုက်တန်ဟု သူ ရုတ်တရက် ခံစားလိုက်ရတော့သည်။

သူ၏ နောက်သို့ လိုက်ဖမ်းနေသူများ မရှိကြတော့ချေ။ ရဲ့ရှင်းချန်သည် မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော နှင်းလျှောစီးပြားနှင့် တုတ်တံများအား နေရာလွတ် ထဲသို့ သိမ်းဆည်းလိုက် ပြီးနောက် နှင်းလျှောစီးဆိုင်ကယ်အား ပြောင်းလဲ ထုတ်ယူလိုက်သည်။

ရဲ့ရှင်းချန်သည် အိမ်သို့ အပြေးအလွှား ပြန်လာနေစဉ် သူ့အား တစ်စုံတစ်ယောက်မှ စောင့်ကြည့်နေခဲ့သည်ကို သတိမထားမိခဲ့ချေ။ အိမ်သို့ ပြန်ရောက် ပြီးနောက် ရဲ့ရှင်းချန်သည် နှင်းလျှောစီးဆိုင်ကယ်အား အိမ်ထဲသို့ မောင်းသွင်း လိုက်လေတော့သည်။ တံခါးပိတ် သွားသည်နှင့် တစ်ပြိုင်နက် ဆိုင်ကယ်အား နေရာလွတ် အတွင်းသို့ ထည့်သွင်းလိုက်သည်။

အပေါ်ထပ်သို့ တက်လာစဉ် အဝတ်အစားများအား တစ်ပါတည်း ချွတ်လာခဲ့သည်။ ဆဋ္ဌမထပ်သို့ ရောက်သောအခါ ရဲ့ရှင်းချန်သည် သူ ပုံမှန်ဝတ်လေ့ရှိသည့် အိပ်ရာဝင်ဝတ်စုံအား ဝတ်ဆင်ထားပြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထင်မှတ် ထားသည့်အတိုင်းပင် ကျည်ဆန် ထိမှန်ထားသောနေရာသည် ယခုအခါ စိမ်းပုပ်နေခဲ့သည်။

လင်းစစ်ကျားသည် ရှောင်ဟေး (အမည်းလေး) အား ရေချိုးပေးထားပြီး ဖြစ်ကာ အစားအစာများကိုလည်း အိုးထဲတွင် ချက်ပြုတ်ထားပြီး ဖြစ်သည်။ ဤအချိန်တွင် အမျိုးသမီးနှင့် ခွေးလေးတို့သည် ဧည့်ခန်းထဲတွင် လိမ္မာစွာ ထိုင်လျက် တီဗီကြည့် နေကြလေသည်။ ဤကဲ့သို့သော ဘဝမျိုးသည် အတော်လေး ကောင်းမွန်သည်ဟု ရဲ့ရှင်းချန် ရုတ်တရက် ခံစားလိုက်ရတော့သည်။

လူနှစ်ယောက်နှင့် ခွေးတစ်ကောင် အတွက် တစ်နေ့လျှင် ထမင်းသုံးနပ် စားနိုင်လေရာ ၎င်းသည်ပင် ဘဝ၏ အနှစ်သာရ မဟုတ်ပါလော။

"စားကြရအောင် မင်းတို့နှစ်ယောက် ဆာနေလောက်ပြီမလား"

ဧည့်ခန်းတံခါးအား သော့ခတ်ပြီးနောက်တွင် ရဲ့ရှင်းချန်သည် ဆိုဖာဆီသို့ တိုက်ရိုက်သွားလျှက် ထိုင်ချ လိုက်လေတော့သည်။ ၎င်းနောက် မွှေးပျံ့ နူးညံ့နေလျှက် ရှိသော လင်းစစ်ကျားအား သူ၏ ရင်ခွင်ထဲသို့ သက်တောင့်သက်သာပင် ဆွဲဖက်ထားလိုက်တော့သည်။

"မင်း စောင့်နေရတာ ကြာသွားပြီလား ရှောင်ဟေးကော လိမ္မာရဲ့လား သူ သိပ်ဆိုးဆိုးဝါးဝါးတော့ ဆူညံမနေဘူးမလား”

"ဟင့်အင်း ရှောင်ဟေးက အရမ်း လိမ္မာပါတယ် ကျွန်မ သူ့ကို အစာကျွေးပြီးသွားပြီ အများကြီးတော့ မကျွေးထားဘူး ရှောင်ဟေးက အရမ်း ပိန်လွန်းတယ် သူ အစာမစား ရတာ ကြာပြီထင်တယ် တစ်ခါတည်းနဲ့ အများကြီး စားရင် မကောင်းဘူးလေ"

All Chapters