← Chapters

အခန်း (၇၁၉-၇၂၀)

Vol. 55 Ch. 719-720

အခန်း (၇၁၉-၇၂၀)

Vol. 55 Ch. 719-720

အခန်း (၇၁၉) - လူပုမြို့တော်အား ပုံစံထုတ်ခြင်းနှင့် ကျွန်းရွှေ့ပြောင်းမှု ပြီးဆုံးခြင်း

“အာ...”

အန်းယွဲ့သည် ခဏမျှ ကြောင်အသွားပြီးနောက် မတတ်သာသလို ခေါင်းခါယမ်းကာ ပြောလိုက်၏။

“ငါ တကယ် မပင်ပန်းပါဘူး။”

“မပင်ပန်းလည်း မရဘူး။ ရန်ရန်... ဦးလေးကို သေသေချာချာ စောင့်ကြည့်ထားလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

အန်းရန်က တုံ့ပြန်လိုက်၏။

မနက်စာကို အမြန်စားပြီးနောက် ရှောင်းယီသည် ကျွန်းပုံကြမ်းကို ကိုင်ဆောင်ကာ အပန်းဖြေစခန်းသို့ ထွက်လာခဲ့သည်။

ကျွန်းခေါင်းဆောင်များသည်လည်း အိပ်ရာမှ နိုးကာ မနက်စာ စားနေကြပြီဖြစ်သည်။ ရှောင်းယီ အပြေးအလွှား ရောက်လာသည်ကို မြင်သောအခါ သူတို့ အားလုံး နှုတ်ဆက်လိုက်ကြ၏။

“မနေ့က အားလုံး ပင်ပန်းသွားကြပြီ။ ဒီနေ့ လူတိုင်းမှာ တာဝန်တစ်ခုပဲ ရှိတယ်။ အဲဒါက ကျွန်းတွေကို စနစ်တကျ ရွှေ့ပြောင်းဖို့ပဲ။ ပြီးရင်တော့ အနားယူလို့ ရပြီ။”

ရှောင်းယီသည် သူယူလာသော ပုံကြမ်းကို ဘေးရှိ ဝှိုက်ဘုတ် (Whiteboard) ပေါ်တွင် ချိတ်ဆွဲရင်း ပြောလိုက်သည်။

စွန်းကုထောင်က အီကြာကွေးတစ်ချောင်းကို ကိုင်ကာ လျှောက်လာပြီး မေးလိုက်သည်။

“မနေ့က ဆွေးနွေးထားတဲ့အတိုင်းပဲ လုပ်ရမှာမလား။”

“ဟုတ်တယ်။ ဒီမြေပုံအတိုင်းပဲ လုပ်လိုက်ပါ။ တစ်ယောက်ချင်းစီက ကိုယ့်ကျွန်းကိုကိုယ် ရွှေ့ပြောင်းဖို့ တာဝန်ယူရမယ်။ ရွှေ့ပြောင်းတာက နှစ်နာရီလောက်တော့ ကြာလိမ့်မယ်။ အားလုံး မွန်းတည့်ချိန် မတိုင်ခင် အပြီးသတ်ရမယ်။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့”

အားလုံးက တုံ့ပြန်လိုက်ကြသည်။ သူတို့သည် မနက်စာကို အမြန်လက်စသတ်ပြီးနောက် မြို့ပြန်ကျောက်များကို သုံး၍ မိမိတို့ကျွန်းများဆီသို့ အသီးသီး ပြန်သွားကြတော့သည်။

မှော်ဆရာများသည် သူတို့၏ကျွန်းများကို ပင်မကျွန်းနှင့် လာရောက်ပေါင်းစပ်ရမည်ကို လုံးဝ မကန့်ကွက်ကြပေ။ အထူးသဖြင့် အလတ်စား အပန်းဖြေစခန်း၏ လူနေမှုအဆင့်အတန်းကို မြင်ဖူးသွားပြီးနောက် သူတို့၏ကျွန်းများကို ပင်မကျွန်းနှင့် ကပ်နေရန် ပို၍ပင် တောင့်တနေကြ၏။

ထိုအချိန်တွင် လူပုဘုရင်သည် မနက်စာစားရန် စားသောက်ဆိုင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး အစားအစာများကို ကိုယ်တိုင် ရွေးချယ်ရသည့် ပုံစံကို စူးစမ်းစွာ ကြည့်နေခဲ့သည်။

“ဒီပုံစံက ကောင်းသားပဲ။ နောင်ကျရင် ငါတို့နိုင်ငံက စားသောက်ဆိုင်တွေကိုလည်း ဒါမျိုး သင်ခိုင်းရမယ်။”

လူပုဘုရင်က ပြုံးလျက် ဆိုလိုက်၏။

“ဒါက လွယ်ပါတယ်။ အရှင်မင်းကြီးရဲ့ စားဖိုမှူးတွေကို ပြောလိုက်ရုံပါပဲ။”

ရှောင်းယီက နှုတ်ဆက်ရင်း ပြောလိုက်သည်။

လူပုဘုရင်သည် အစားအစာများ ရွေးချယ်နေရင်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားသော ကျွန်းခေါင်းဆောင်များကို ညွှန်ပြကာ မေးလိုက်၏။

“ဒါက ဘာဖြစ်တာလဲ။”

“မနေ့က ပိတ်ရက်ဆိုတော့ လူတိုင်း အနားယူနေကြတာပါ။ ဒီနေ့က တနင်္လာနေ့ဆိုတော့ အလုပ်လုပ်ဖို့ အသီးသီး ပြန်သွားကြတာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူတို့က ကျွန်းတွေကို ဒီဘက်ရွှေ့ပြီး ဒီကျွန်းနဲ့ လာပေါင်းဖို့ ပြင်ဆင်နေကြတာလေ။”

“ကျွန်းကို ရွှေ့မှာလား။”

လူပုဘုရင်သည် အစားအစာများ ခက်ယူနေရင်း ရပ်တန့်သွား၏။

“ဒါက ဘာကို ဆိုလိုတာလဲ။ ကျွန်းက စိတ်ကြိုက် ရွှေ့ပြောင်းလို့ရတာလား။”

“ဒါက မနေ့ကမှ ပေါ်လာတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ ကျွန်းတိုင်းမှာ ကိုယ့်ကျွန်းကိုကိုယ် ရွှေ့ဖို့ အခွင့်အရေး တစ်ကြိမ်စီ ရကြတယ်။ အဲ့ဒါကြောင့် လူတိုင်း မနေ့ညက အကြာကြီး ဆွေးနွေးပြီးမှ ဘယ်လိုရွှေ့မလဲဆိုတာ ဆုံးဖြတ်ခဲ့ကြတာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

လူပုဘုရင်က ခေါင်းငြိမ့်ပြပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။ ခဏကြာမှ သူက ပန်းကန်ထဲက အစားအစာကို ညွှန်ပြကာ မေးလိုက်သည်။

“မင်းကော ဘာမှ မစားတော့ဘူးလား။”

“ကျွန်တော်မျိုး စားပြီးပါပြီ။ အရှင်မင်းကြီး အေးအေးဆေးဆေး သုံးဆောင်ပါ။ ကျွန်တော်မျိုး သွမ့်ပေယန်တို့နဲ့အတူ ဘားမှာ စောင့်နေပါ့မယ်။”

ရှောင်းယီက ဆိုလိုက်သည်။

“ကောင်းပြီ။”

သွမ့်ပေယန်နှင့် ယင်ရွှမ်းတို့မှာ ဘားတွင် စောင့်နေနှင့်ပြီဖြစ်သည်။ ယနေ့ သူတို့သည် လူပုဘုရင်နှင့်အတူ လူပုဘုရင့်နိုင်ငံတော်သို့ လိုက်သွားပြီး မြို့တော်ကို တိုင်းတာရန်၊ ပုံစံထုတ်ရန်နှင့် အဆောက်အဦး တစ်ခုချင်းစီအတွက် ပုံကြမ်းများ ရေးဆွဲရန် စီစဉ်ထား၏။

ဤသို့လုပ်မှသာ သူတို့၏ တော်ဝင်မြို့တော်ကို ပုံစံတူ ပြန်လည် တည်ဆောက်နိုင်မည်ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ဤစီမံကိန်းမှာ အတော်လေး ကြီးမားလှပေသည်။

ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ သွမ့်ပေယန်က ပြောလိုက်၏။

“ကျွန်းပိုင်ရှင် ကျုပ်တို့ ပုံဆွဲတာ ပိုမြန်အောင် အပန်းဖြေဟိုတယ်က ဥက္ကဌရုံးခန်းထဲမှာ ရှိတဲ့ ကွန်ပျူတာကို သုံးခွင့်ပေးဖို့ လျှောက်ထားချင်ပါတယ်။”

ရှောင်းယီ အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဥက္ကဌရုံးခန်းထဲက ကွန်ပျူတာမှာ ပုံဆွဲတဲ့ ဆော့ဖ်ဝဲပါလို့လား။”

သွမ့်ပေယန်လည်း ကြောင်အသွား၏။ မနေ့က ဥက္ကဌရုံးတွင် ကွန်ပျူတာရှိသည်ကိုသာ သိခဲ့ပြီး ဤအချက်ကို ထည့်သွင်းမစဉ်းစားမိခဲ့ပေ။

“အဲဒါတော့... ကျုပ်လည်း သေချာ မသိပါဘူး။”

“အင်း... ဒါဆိုလည်း သွားကြည့်ကြတာပေါ့။”

ရှောင်းယီက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

“ဒါပေမဲ့ သိပ်ပြီးတော့ မျှော်လင့်ချက် မထားနဲ့လို့ ကြိုပြောထားပါရစေ။”

“နားလည်ပါပြီ။”

သွမ့်ပေယန်က ပြန်ဖြေလိုက်သည်။

ဘယ်သူကမှ ဥက္ကဌခန်းထဲတွင် နေရင်း CAD ထိုင်ဆွဲနေမည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုကွန်ပျူတာထဲတွင် ဖျော်ဖြေရေး ဂိမ်းအချို့နှင့် စတော့ရှယ်ယာ ဆိုင်ရာ ကိရိယာများသာ ပါရှိပြီး ပုံဆွဲကိရိယာမှာမူ စနစ်၏ အခြေခံ Drawing သာ ရှိသဖြင့် သွမ့်ပေယန်တို့အတွက် လုံးဝ အသုံးမဝင်ပေ။

“ဟင်း... တကယ် မပါဘူးပဲ။”

သွမ့်ပေယန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ရှောင်းယီက သူတို့ပုခုံးကို ပုတ်ကာ အားပေးလိုပ်သည်။

“စိတ်မပျက်ပါနဲ့။ အရင်ဆုံး လက်နဲ့ပဲ ဆွဲကြတာပေါ့။ မစိုးရိမ်ပါနဲ့။ လူပုဘုရင်နဲ့ ကျုပ် ညှိနှိုင်းပေးပါ့မယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

မကြာမီ လူပုဘုရင်သည် မနက်စာစားပြီး ရောက်ရှိလာခဲ့သည်။

“ကဲ... သွားကြစို့။ ငါတို့မှာ အချိန် သိပ်မရှိဘူး။”

ဘုရင်ကြီးက ပြောလိုက်သည်။

“ကောင်းပါပြီ။”

ရှောင်းယီသည် စကားပြန်နှစ်ဦးကို သွမ့်ပေယန်တို့နှင့်အတူ လိုက်သွားရန် စီစဉ်ပေးလိုက်ပြီး မိုဘိုင်းဖုန်းတစ်လုံးစီလည်း ထည့်ပေးလိုက်၏။ ဖုန်းထဲတွင် ပုံဆွဲဆော့ဖ်ဝဲလ် မရှိသော်လည်း ဓာတ်ပုံရိုက်ရန် အသုံးပြုနိုင်သည် မဟုတ်ပါလော။

ထိုအရာက သွမ့်ပေယန်တို့အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မည်။ အရာအားလုံးကို ထိုင်ဆွဲနေစရာ မလိုဘဲ အသေးစိတ် အချက်အလက်အချို့ကိုသာ မှတ်သားပြီး ကျန်သည်များကို ဖုန်းနှင့် ဓာတ်ပုံရိုက်ထားရုံသာဖြစ်သည်။

လူပုဘုရင်သည် သွမ့်ပေယန်တို့အဖွဲ့ကို ခေါ်ဆောင်၍ လူပုဘုရင့်နိုင်ငံတော်သို့ ပြန်သွားခဲ့၏။

“အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ နိုင်ငံမှာ ဒီဇိုင်နာတွေ ရှိလား။ ရှိရင် သူတို့ကို ကျွန်တော်မျိုးတို့နဲ့ ချိတ်ဆက်ပေးလို့ရမလား။”

သွမ့်ပေယန်က တောင်းဆိုလိုက်သည်။

လူပုဘုရင်က ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။

“ရှိတာပေါ့။ အကုန်လုံး စီစဉ်ထားပြီးသားပါ။ မင်းတို့ ဘာပဲမေးစရာရှိရှိ သူ့ကို တိုက်ရိုက် မေးလိုက်ရုံပဲ။”

သွမ့်ပေယန်တို့အဖွဲ့ မြို့တော်ကို စစ်တမ်းကောက်နေစဉ်မှာပင် ရှောင်းယီ၏ကျွန်းမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

မူလက ရှောင်းယီ၏ ကျွန်းမှာ စတုရန်းပုံစံ ဖြစ်သော်လည်း ယခုအခါ ထိုစတုရန်း၏ ပတ်ပတ်လည်တွင် စတုရန်းကွက်ငယ်လေးများစွာ လာရောက်ကပ်နေလေပြီ။ မှော်ဆရာများသည် အချိန်မဆွဲခဲ့ကြပေ။ သူတို့သည် ပြန်ရောက်သည်နှင့် ကျွန်းရွှေ့ပြောင်းခြင်းကို ချက်ချင်းပင် လုပ်ဆောင်ခဲ့ကြ၏။

မနက် ၁၀ နာရီခွဲတွင် ကျွန်းအားလုံး ရွှေ့ပြောင်းမှု ပြီးဆုံးသွားခဲ့သည်။

ရှောင်းယီသည် ကျွန်းခေါင်းဆောင်များကို ထပ်မံ စုဝေးစေပြီး မှာကြားလိုက်၏။

“အခု ကျုပ်တို့ကျွန်းတွေ အကုန်လုံး ထိစပ်သွားပြီဆိုတော့ ဆက်ဆံရေး ပိုနီးကပ်လာသလို ပွတ်တိုက်မှုတွေလည်း အများကြီး ရှိလာလိမ့်မယ်။ ခင်ဗျားတို့ရဲ့ မြို့တွေမှာ ကျွန်းရဲ့ စည်းမျဉ်းတွေကို ပိုပြီး ပြန့်နှံ့အောင် လုပ်ပေးဖို့ မျှော်လင့်တယ်။ ဘယ်သူမဆို စည်းမျဉ်းချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် နားလည်လား။”

“ဟုတ်ကဲ့။”

“နောက်တစ်ချက် အလေးထား ပြောချင်တာက ခင်ဗျားတို့ ပင်မကျွန်းကို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပေမဲ့ ပင်မကျွန်းရဲ့ အလယ်ဗဟိုက တံတိုင်းအတွင်းဘက်ကိုတော့ ဘယ်တော့မှ မဝင်ရဘူး နားလည်လား။”

“နားလည်ပါပြီ။”

“ဟုတ်ပြီ... အားလုံး ပြန်ကြတော့။ ခင်ဗျားတို့ရဲ့ လူတွေ ပင်မကျွန်းက လူတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံကြဖို့ မျှော်လင့်တယ်။ ဒါမှ ကျုပ်တို့ကျွန်းလည်း ပိုပြီး စည်ကားလာလိမ့်မယ်။”

ရှောင်းယီက ဆိုလိုက်သည်။

အားလုံး သဘောတူညီစွာဖြင့် မိမိတို့ကျွန်းများသို့ ပြန်သွားကြပြီး မြို့သူမြို့သားများကို ပင်မကျွန်း၏ စည်းမျဉ်းများအကြောင်း စတင်ဟောပြောကြတော့သည်။ ထိုမြို့သူမြို့သားများသည် ပင်မကျွန်းပေါ်က အပန်းဖြေစခန်းမှာ ဘယ်လောက် ပျော်ဖို့ကောင်းကြောင်း ကြားထားကြပြီးသားဖြစ်၏။

ယခု ကျွန်းချင်း ထိစပ်သွားပြီဖြစ်ရာ သူတို့ နောက်ဆုံးတွင် သွားရောက် လည်ပတ်နိုင်မည့် အခွင့်အရေး ရရှိသွားလေပြီ။ မှော်ဆရာများ၏ သွန်သင်မှုကြောင့် သူတို့သည် ပင်မကျွန်းကို ရိုသေကြောက်ရွံ့စိတ်ရှိကြပြီး စည်းမျဉ်းများကိုလည်း အသေအချာ မှတ်သားထားခဲ့ကြသည်။

“ကျွန်းပိုင်ရှင်...မကောင်းတော့ဘူး။ သူတို့တွေ တိုက်ခိုက်နေကြပြီ။”

ကျန်းယွင်ထျန်းက ဖုန်းဆက်၍ အကြောင်းကြားလာ၏။

“ဘယ်မှာ ဖြစ်နေတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“တခြား မဟာမိတ်ကျွန်းတွေ ကြားထဲမှာပါ။”

အခန်း (၇၂၀) - ရန်ဖြစ်တာ ကိစ္စမရှိပေမဲ့ လူတော့မသတ်ကြနဲ့၊ လူပုတွေကို အကူအညီတောင်းခြင်း

အခြားမဟာမိတ်ကျွန်းများကြားတွင် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြပြီဟု ကျန်းယွင်ထျန်း ပြောသည်ကို ကြားလိုက်ရသောအခါ ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

“နောက်ဆုံးတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လို့ရတယ်ဆိုတဲ့ စည်းမျဉ်းကို သိသွားကြပြီပေါ့။”

သို့သော် ဤသည်မှာ မည်မျှပင် ကြာသေးသနည်း။

ကျွန်းပေါင်းစပ်မှု စတင်ခဲ့သည်မှာ တစ်ရက်ပင် မပြည့်သေးဘဲ ပွတ်တိုက်မှုများ စတင်နေပြီဖြစ်သည်။ ရှောင်းယီသည် ထိုအချက်ကို ခဏမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ခဲ့သော်လည်း သူတို့ ဤမျှစောစော စီးစီး တိုက်ခိုက်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီသည် ယီထျန်း ဂရုစကားပြောခန်းထဲတွင် စာတစ်စောင် ပို့လိုက်၏။

“ကျေးဇူးပြုပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ အနည်းဆုံးတော့ လူမသတ်ကြပါနဲ့။ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး မကျန်တော့ဘူး။”

လောလောဆယ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များပေါ်ရှိ အိုင်ဒီပေါင်းမှာ ၁၁၀,၀၀၀ ခန့်သာ ရှိတော့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတော့သည့် အသက်ရှင်ကျန်ရစ်သူများ ရှိနေဦးမည် ဆိုလျှင်ပင် စုစုပေါင်း အရေအတွက်မှာ ၄၀၀,၀၀၀ ထက် မပိုနိုင်ပေ။ ယခင်ကမ္ဘာက လူဦးရေ ၂၀ ဘီလီယံနီးပါးနှင့် နှိုင်းယှဉ်လျှင် အသက်ရှင်နှုန်းမှာ ငါးသောင်းပုံ တစ်ပုံခန့်သာ ရှိတော့၏။

လူငါးသောင်းတွင် တစ်ယောက်သာ ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်ခြင်းဖြစ်ရာ ဤဖယ်ထုတ်မှုနှုန်းမှာ အလွန်ပင် မြင့်မားလှသည်။

“ဟုတ်တယ်။ အခုချိန်မှာ ငါတို့က လုံးဝ ဘေးကင်းနေတာ မဟုတ်သေးဘူး။ ကုန်းမြေအသစ်က ဒေသခံတွေကိုလည်း အမြစ်မဖြတ်ရသေးသလို အခုလည်း ထူးဆန်းတဲ့ မျိုးနွယ်စုတွေ ပေါ်လာနေပြီ။ အားလုံးပဲ အချင်းချင်း တိုက်ခိုက်နေတာတွေကို ရပ်ကြပါ။”

“သူဌေးရဲ့ စကားကို ကျုပ်လည်း ထောက်ခံတယ်။ အခုက ပြည်တွင်းစစ် တိုက်ရမယ့် အချိန်မဟုတ်ဘူး။ ရပ်လိုက်ကြပါ။”

“ကျုပ် လူတော့ မသတ်ပါဘူး။ ဒါပေမဲ့ ကျွန်းတွေကို ပေါင်းစပ်ဖို့ကတော့ မဖြစ်မနေ လိုအပ်တယ်။ စုစည်းထားတဲ့ စီမံခန့်ခွဲမှုအောက်မှာ ပေါင်းစပ်ထားတဲ့ ကျွန်းတွေက ပိုပြီး အင်အားတောင့်တင်းလာမှာပဲ။”

“ကျုပ်လည်း အပေါ်ကလူကို ထောက်ခံတယ်။ စုစည်းထားတဲ့ စီမံခန့်ခွဲမှုတော့ ရှိရမယ်။ နိုင်နိုင် ရှုံးရှုံး ကျုပ်ကတော့ ကိုယ့်နိုင်ငံသားချင်းကို မသတ်ဘူး။”

“ဟမ့်... မင်းတို့က အာဏာမက်နေကြတာပဲ။ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက စစ်ပွဲစဖို့ အကြောင်းပြချက် ပေးနေတာ မဟုတ်ဘူးလား။”

အဖွဲ့ထဲတွင် အငြင်းပွားနေကြသည်ကို မြင်သောအခါ ရှောင်းယီ အကူအညီမဲ့သလို ခံစားလိုက်ရ၏။ မည်သည့်ကိစ္စတွင်မဆို လူတိုင်းတွင် ကွဲပြားသော အမြင်များ ရှိကြစမြဲဖြစ်ရာ အားလုံးကို စိတ်ကျေနပ်အောင် လုပ်ပေးရန်မှာ မဖြစ်နိုင်ပေ။

နိုင်ငံအသီးသီးမှ အသက်ရှင်ကျန်ရစ်သူများ ကြားတွင်လည်း ထိုနည်းတူပင် ဖြစ်ပျက်နေသည်။ ကျွန်းမရွှေ့ရသေးသော အသက်ရှင်ကျန်ရစ်သူများမှာလည်း ထိုမြင်ကွင်းကို မြင်ကြရသောအခါ ပို၍ပင် သတိကြီးလာခဲ့ကြ၏။ အပြန်အလှန် ယုံကြည်မှု အလွန်မြင့်မားသူများမှလွဲ၍ ကျန်သူများမှာ ပေါင်းစပ်ရန် မဝံ့မရဲ ဖြစ်နေကြပြီး အခြေအနေကို စောင့်ကြည့်ရန်သာ ရွေးချယ်လိုက်ကြတော့သည်။

နေ့လယ်စာစားနေစဉ် အန်းယွဲ့က ရှောင်းယီကို ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ပေါင်းစပ်လိုက်တဲ့ ဒေသခံကျွန်းတွေကို ငါ ကြည့်လိုက်တယ်။ ဧရိယာက တော်တော်ကျယ်ပေမဲ့ နေရာတွေ အလဟဿ ဖြစ်နေတာ များတယ်။”

ရှောင်းယီ ခဏ ကြောင်သွားပြီးနောက် အန်းရန်အားကြည့်ကာ ပြောလိုက်၏။

“ရန်ရန်... မင်း စောင့်ကြည့်ရမယ့် တာဝန်ကို ပျက်ကွက်နေပြီနော်။”

သူသည် အန်းယွဲ့ကို မနက်ပိုင်း အနားယူခိုင်းထားသော်လည်း အန်းယွဲ့မှာ အလုပ်ပြန်လုပ်နေပြန်ပြီ ဖြစ်သည်။ အန်းရန်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။

“သူက လမ်းလျှောက်တာပါလို့ ပြောတာပဲ။ ဘယ်သူက သိမှာလဲ။ သူက အလုပ်သွားစစ်ဆေးနေတာကို။”

အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။

“ငါ ပြန်သွားပြီး နှစ်နာရီကျော်လောက် အိပ်လိုက်ရလို့ အခု အဆင်ပြေနေပါပြီ။”

ရှောင်းယီ ခေါင်းခါယမ်းလိုက်မိ၏။

“လောလောဆယ် သံမဏိနဲ့ ဘိလပ်မြေက ပြတ်လပ်နေတယ်။ တကယ်လို့ ဒီပစ္စည်းနှစ်ခုသာ ဒီလောက် မရှားပါးရင် သူတို့ကို ကူညီပေးလို့ရတယ်။”

“အို...။”

အန်းယွဲ့က စူးစမ်းစွာ မေးလိုက်သည်။

“ကျွန်းပိုင်ရှင်ဆီမှာ လူနေအိမ်ရာ ပုံစံကွက်ရှိလို့လား။”

ရှောင်းယီက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

“ဟုတ်တယ် ကျုပ်မှာ အထပ်မြင့် လူနေအိမ်ရာ ပုံစံကွက်ရှိတယ်။ အထဲမှာ အခြေခံ ပရိဘောဂတွေပါ ပါပြီးသားပဲ။ အဲဒါက တော်တော်လေး ကောင်းလိမ့်မယ်။ ဒါပေမဲ့ ကုန်ကြမ်းတွေ အများကြီး စားလွန်းတယ်။”

“အထပ်မြင့် လူနေအိမ်ရာလား။”

အန်းယွဲ့ မျက်လုံးများ ဝင်းလက်သွား၏။

“အထင်ကြီးစရာပဲ။ တကယ် မိုက်တယ်။ ဒါဆိုရင် မြေနေရာကို အများကြီး ချွေတာနိုင်မှာပဲ။”

“ဟုတ်တယ်။ ဒါပေမဲ့ လောလောဆယ် ကုန်ကြမ်း မလုံလောက်ဘူး။ မဟုတ်ရင် ကျုပ်တို့ကျွန်းပေါ်က အိမ်အားလုံးကို ဒါနဲ့ အစားထိုးလိုက်လို့ ရတယ်။”

ရှောင်းယီက မတတ်သာသလို ပုခုံးတွန့်ပြလိုက်သည်။

အန်းယွဲ့က အနည်းငယ် စဉ်းစားပြီး ပြောလိုက်၏။

“အခု ငါတို့မှာ လုပ်အားတွေ အများကြီး ရှိနေပြီ။ ကျွန်းတော်တော်များများမှာလည်း သံသတ္တုရိုင်း တူးဖော်ဖို့ လူအင်အားကို သုံးနေကြပြီ။ အနာဂတ်မှာ သံတွေ အများကြီး ထွက်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

သံသတ္တုရိုင်းမှာ အသုံးအများဆုံး သတ္တုကြော အမျိုးအစားဖြစ်၏။ သံသတ္တုကြောရှိသော ကျွန်းတိုင်းတွင် သံအရည်ကျိုဖိုများ တည်ဆောက်ထားကြပြီ ဖြစ်သည်။ ရှောင်းယီတွင် SSS။အဆင့် သတ္တုအရည်ကျိုစက်တစ်ခု ရှိသော်လည်း ထိုမျှများပြားသော သတ္တုရိုင်းများကို အရည်ကျိုရန်မှာ မလုံလောက်ပေ။ သာမန်အရည်ကျိုဖိုများ၏ အမြန်နှုန်းမှာလည်း အလွန်နှေးကွေးလှသဖြင့် မရှိတာထက်စာလျှင် ရှိတာက တော်ရုံသာဖြစ်သည်။

ရှောင်းယီ ခေါင်းခါကာ ပြောလိုက်၏။

“စောင့်ရုံပဲ ရှိတော့တာပေါ့။ အခု ကျုပ်တို့ကျွန်း ဧရိယာက အများကြီး ကျယ်လာပြီဆိုတော့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း တည်ဆောက်ရဦးမယ်။ အဲဒါကလည်း သံမဏိတွေ အများကြီး လိုတာပဲ။ တကယ်ကို ခေါင်းခဲစရာပဲ။”

ရှောင်းယီ၏ကျွန်းမှာ ယခုအခါ အရင်ကမ္ဘာက သူ၏နိုင်ငံထဲမှ အကြီးဆုံးကျွန်းထက်ပင် ပိုကြီးနေပြီဖြစ်ရာ မြင်းလှည်းများကို သုံးရသည်မှာ အလွန်နှေးကွေးလွန်းနေပြီဖြစ်သည်။ ရှောင်းယီသည် ပြီးခဲ့သော ရတနာသေတ္တာမှ မီးရထားစက်ကိရိယာအစုံအလင်ကို ရထားပြီးသားဖြစ်၏။ ယခု သံမဏိသာ လုံလောက်ပါက မီးရထားလမ်းကို ချက်ချင်း စတင် တည်ဆောက်နိုင်ပြီ ဖြစ်သည်။

အန်းယွဲ့လည်း ထိုနည်းတူပင် ကူကယ်ရာမဲ့နေခဲ့သည်။ ရှောင်းယီမှာပင် ဖြေရှင်းနိုင်စွမ်းမရှိပါက သူ့တွင်လည်း ပိုကောင်းသောအကြံဉာဏ်များ မရှိနိုင်တော့ပေ။

ထိုအချိန်တွင် ဆုဝမ်က ရုတ်တရက် ဝင်ပြောလာခဲ့သည်။

“လူပုတွေက စက်မှုလက်မှု ပုံသွင်းတာမှာ အရမ်းကျွမ်းကျင်ကြတယ်လို့ ကျွန်မ ကြားဖူးတယ်။ ဒါက သတ္တုတူးဖော်ရေးနဲ့ အရည်ကျိုတဲ့ နည်းပညာတွေနဲ့ သေချာပေါက် ဆက်စပ်နေမှာပဲ။ သူတို့ဆီက အကူအညီ အရင်တောင်းကြည့်ရင်ကော မကောင်းဘူးလား။”

ရှောင်းယီ၏ မျက်လုံးများ ဝင်းလက်သွား၏။

“ဟုတ်သားပဲ အကြံကောင်းပဲ။ နေ့လယ်စာ စားပြီးရင် လူပုဘုရင့့်နိုင်ငံတော်ကို တစ်ခေါက် သွားကြည့်လိုက်မယ်။”

ထို့နောက် သူသည် ထမင်းကို အမြန်လက်စသတ်ပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ပြေးသွားတော့လေသည်။

လူပုဘုရင့့်နိုင်ငံတော်နှင့် ရှောင်းယီတို့၏ ဆက်ဆံရေးမှာ အလွန်ပင်ရင်းနှီးနေပြီဖြစ်ရာ နှစ်ဖက်စလုံးအတွက် တည်နေရာကူးပြောင်းခြင်းအစီအရင်များကို အမြဲတမ်း ဖွင့်လှစ်ပေးထား၏။ ရှောင်းယီသည် လူပုဘုရင့်နိုင်ငံတော်သို့ ရောက်ရှိသွားပြီးနောက် လော့စ်ကို အရင်ရှာကာ သူလာရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

“ဪ... ဒီကိစ္စလား။ ဒါဆိုရင် မင်းရဲ့ မိတ်ဆွေဟောင်း ကေဒါကို သွားရှာလိုက်လေ။ သူက စက်မှုလုပ်ငန်း ပုံသွင်းတာတွေနဲ့ ပတ်သက်ရင် တာဝန်ခံပဲ။”

လော့စ်က ပြုံးကာ ဆိုလိုက်၏။

ကေဒါသည် ရှောင်းယီနှင့် ပထမဆုံး ထိတွေ့ခဲ့ရသော လူပုဖြစ်သည်။ အစပိုင်းတွင် ရှောင်းယီ၌ အဆင့်မြင့် အမြောက်များရှိကြောင်း သိလိုက်ရသဖြင့် လာရောက်လေ့လာရာမှ နှစ်ဖက်အင်အားစုများ ရင်းနှီးသွားခဲ့ခြင်းဖြစ်သည်။

ရှောင်းယီ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

“ကေဒါ ဘယ်မှာ နေလဲဆိုတာ သိလား။”

“ငါ လိုက်ပို့ပေးမယ်။”

လော့စ်က ဆိုသည်။

ရှောင်းယီသည် လော့စ်နောက်မှ လိုက်၍ လမ်းအချို့ကို ဖြတ်ကျော်ပြီးနောက် ပန်းပဲဖိုတစ်ခုသို့ ရောက်ရှိလာခဲ့၏။ အထဲမှ တူထုသံများ အဆက်မပြတ် ကြားနေရသည်။

“ကေဒါရေ... မိတ်ဆွေဟောင်း ရောက်နေတယ်ဟေ့။ ထွက်လာပြီး ဧည့်ခံဦး။”

လော့စ်က အားရပါးရ အော်ပြောလိုက်၏။ ခဏအကြာတွင် အထဲမှ ပို၍ ကျယ်လောင်သော အသံတစ်ခု ပြန်ထွက်လာခဲ့သည်။

“မိတ်ဆွေဟောင်းဆိုရင်လည်း မင်းဘာသာမင်း ဝင်ခဲ့ပြီး သောက်ဖို့ရေ ရှာသောက်ထားနှင့်။ ငါ ခဏနေရင် ထွက်လာခဲ့မယ်။”

လော့စ်က ပြုံးကာ ရှောင်းယီကို အထဲသို့ ခေါ်သွားခဲ့သည်။ သူတို့ ထိုင်စရာ နေရာတစ်ခု ရှာလိုက်ကြပြီးနောက် လော့စ်သည် ဘေးရှိ ဝိုင်ဗီရိုထဲမှ ဘီယာသုံးပုလုံးကို ထုတ်ကာ ဖောက်လိုက်၏။ ရှောင်းယီက ပုလင်းကို ယူကာ တစ်ငုံသောက်လိုက်ပြီး မေးလိုက်သည်။

“မင်းက ဒီနေရာနဲ့ တော်တော် ရင်းနှီးတာလား။”

“ဒါပေါ့။ ငါက ဒီကို ခဏခဏ လာသောက်နေကျလေ။ ငါက အုတ်မြစ်ကျောက်တွေ အများကြီးကို စီမံခန့်ခွဲရတယ်ဆိုပေမဲ့ သူ့လောက်တော့ မချမ်းသာဘူးကွ။”

လော့စ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

သူတို့ စကားပြောနေစဉ်မှာပင် သံချေးနံ့များ ထွက်နေသော ကေဒါတစ်ယောက် လမ်းလျှောက်လာခဲ့သည်။ ရှောင်းယီကို မြင်သောအခါ သူသည် အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်၏။

“ရှောင်းယီ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အရင် ကြိုပြောရမှာပေါ့ာ ဒါဆိုရင် ငါတို့ရဲ့ ဘားကို လိုက်ပြမှာပေါ့ကွ။”

“ကေဒါ... မင်း ဒါတော့ မဟုတ်သေးဘူးနော်။ ငါက မင်းရဲ့ မိတ်ဆွေဟောင်း ဖြစ်နေတာ နှစ်တွေ ကြာလှပြီ။ မင်းက ငါ့ကိုကျတော့ ဘားလိုက်ပြမယ်လို့ တစ်ခါမှ မပြောဖူးပါလား။”

လော့စ်က မကျေမနပ် ဝင်ပြောလိုက်သည်။

“သွားစမ်းပါ။ မင်းက ငါ့ဆီမှာ သောက်ထားတာ နည်းလို့လား။”

ကေဒါက ရယ်မောရင်း စနောက်လိုက်၏။

လော့စ်က ဂရုမစိုက်ဘဲ ဘီယာကို အားရပါးရ မော့သောက်လိုက်သည်။ ထိုစဉ် ကေဒါက ရှောင်းယီကို ကြည့်ပြီး မေးလိုက်၏။

“ဒီနေ့ ငါ့ဆီကို အလုပ်ကိစ္စနဲ့ ရောက်လာတာလား။”

“ဟုတ်တယ်။ မင်းတို့ လူပုမျိုးနွယ်စုမှာ သတ္တုကြော တူးဖော်တာနဲ့ သတ္တုအရည်ကျိုတာတွေအတွက် စက်ကိရိယာတွေ ရှိလားဆိုတာ မေးချင်လို့။”

ရှောင်းယီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေသည်။

All Chapters