သိုလှောင်ရုံစင်တာ
Vol. 6 Ch. 85
ပုံမှန်ဝတ်နေကျ အိပ်ရာဝင်ဝတ်စုံအား ပြန်လည် ဝတ်ဆင် ပြီးနောက်တွင် ရဲ့ရှင်းချန်သည် လက်အား မြှောက်လျှက် ပခုံးများကို ပွတ်သပ်လိုက်လေတော့သည်။ စနိုက်ပါရိုင်ဖယ်အား ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်း ဖြစ်လေရာ နောက်ကန်အားမှာ အနည်းငယ် ပြင်းထန်လှပေသည်။ ထို့ကြောင့် သူ၏ ပခုံးများ အနည်းငယ် ထုံကျဉ်နေခဲ့သည်။
ယနေ့ညတွင် အိပ်မပျော်နိုင်သော လူများစွာ ရှိနေမည်မှာ သေချာလှပေသည်။ ရဲ့ရှင်းချန်သည် မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်ပြီးနောက် ယနေ့ည တာဝန်ကျသူများအား သူ၏ အိမ်အပြင်ဘက်ရှိ အလောင်းများကို ရှင်းလင်းကာ လွှင့်ပစ်ရန် ညွှန်ကြားလိုက်လေတော့သည်။
ဤမျှ အေးခဲနေသော ရာသီဥတုတွင် အလောင်းများသည် ပုပ်သိုး နံစော်လာမည် မဟုတ်သော်လည်း အလောင်းအချို့သည် ပြတင်းပေါက် အောက်တွင် လဲကျနေသည်အား တွေးကြည့်ရုံဖြင့်ပင် အနည်းငယ် ရွံရှာဖွယ် ကောင်းနေခဲ့သည်။ ကျောက်ဟောင်သည်လည်း မက်ဆေ့ခ်ျ တစ်စောင် ပို့လာခဲ့သည်။
ကျောက်ဟောင်သည် နောက်ကျမှ ရောက်လာခဲ့သဖြင့် အောက်ထပ်ရှိ တိုက်ပွဲတွင် မပါဝင်ခဲ့ရသော်လည်း အဝေးမှ သေနတ်သံများကိုမူ ကြားလိုက်ရလေသည်။
"ညီလေးရဲ့ ခုနက သေနတ်ပစ်လိုက်တာ မင်းလား"
ကျောက်ဟောင်သည် စစ်တပ်မှ အငြိမ်းစား ယူလာသူ တစ်ယောက် ဖြစ်လေရာ စနိုက်ပါရိုင်ဖယ်၏ အသံအား သဘာဝကျကျပင် မှတ်မိနေခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်သည်လည်း သူနှင့် ပတ်သက်၍ မည်သည့် အရာကိုမျှ ဖုံးကွယ်မထားခဲ့ချေ။
"ဟုတ်တယ် အစ်ကိုကျောက် ဒီနေ့ အပြင်ထွက်တုန်းက ပြည်သူ့ လုံခြုံရေး ဗျူရိုကို ဝင်ပြီး စနိုက်ပါရိုင်ဖယ် တစ်လက် သွားယူလာခဲ့တာ"
"ဟားဟား မင်း ပစ်လိုက်တာ ဆိုတော့ တော်သေးတာပေါ့ကွာ တခြားလူသာဆိုရင် ငါတို့တွေ အန္တရာယ်ရှိနေပြီ"
ခဏတာ စကားစမြည် ပြောပြီးနောက် ရဲ့ရှင်းချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်သွားခဲ့သည်။ အပြင်သို့ တစ်ကြိမ် ထွက်ပြီး သွားသောအခါ နောက်တစ်ကြိမ် ထပ်မံထွက်လိုသော သွေးဆောင်မှုအား တွန်းလှန်ရန် ခက်ခဲလှပေသည်။
မည်သို့ပင်ဖြစ်စေ ရဲ့ရှင်းချန်သည် အလည်အပတ် ဝါသနာပါသော သူဌေးသား တစ်ယောက် ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူသည် နေရာအနှံ့ သွားလာတတ်သူ ဖြစ်သည်။ ဤ ကမ္ဘာပျက်ကပ်ကြီးသာ မကျရောက် လာခဲ့လျှင် သူသည် အိမ်ထဲတွင် နေ့တိုင်း အောင်းနေရမည့် အဖြစ်မျိုးကို အမှန်တကယ်ပင် လိုလားမည် မဟုတ်ချေ။
နောက်တစ်နေ့ နံနက်တွင် ရဲ့ရှင်းချန် နိုးလာ ပြီးနောက် အောက်ထပ်သို့ ဆင်းကာ လင်းစစ်ကျား၏ အခန်းတံခါးအား ဖွင့်ပေးခဲ့ပြီးနောက်တွင် သူ၏ အခန်းသို့ ပြန်ကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ခဲ့သည်။
သန့်စင်ပြီးနောက် ပေါ့ပေါ့ပါးပါး အဝတ်အစားများအား လဲလှယ် ဝတ်ဆင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လင်းစစ်ကျားသည်လည်း မျက်နှာသစ်ပြီးသွားကာ နံနက်စာ ပြင်ဆင်နေလေပြီ ဖြစ်သည်။
ယနေ့ နံနက်စာမှာ အတော်လေး ရိုးရှင်းလှပေသည်။ ဝက်ပေါင်ခြောက် အနည်းငယ် ဝက်အူချောင်း နှစ်ချောင်း ကြက်ဥကြော်တစ်ချပ် ထောပတ် သုတ်ထားသော ပေါင်မုန့်ကင် တစ်ချပ် ခရင်မ်မှို ဟင်းချိုနှင့် နွားနို့ လတ်လတ်ဆတ်ဆတ် တစ်ခွက်တို့ ဖြစ်သည်။ လင်းစစ်ကျားသည် နွားနို့ခွက်အား ယူဆောင်လာချိန်တွင် သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေဆဲပင် ဖြစ်သည်။
သူမသည် ရဲ့ရှင်းချန်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ရဲ့ရှင်းချန် ပေါင်မုန့်အား ပထမဆုံး တစ်ကိုက် ကိုက်လိုက်သည် အထိ စောင့်ဆိုင်းနေပြီးမှ မေးလိုက်သည်။
"မနေ့ညက သေနတ်ပစ်တာ ရှင်လား"
"ကျွန်မ မအိပ်ရသေးဘူး စာဖတ်နေတုန်း ရုတ်တရက် သေနတ်သံတွေ ကြားလိုက်ရတာ ဒါပေမဲ့ အပြင်ဘက်မှာ အရမ်း မှောင်နေတော့ ဘာဖြစ်သွားလဲဆိုတာ ကျွန်မ မမြင်လိုက်ရဘူး"
ရဲ့ရှင်းချန်သည် နွားနို့ တစ်ငုံသောက်လိုက်ကာ လင်းစစ်ကျားအား ပြုံး၍ ကြည့်လိုက်လေသည်။
"အင်း ကိုယ်ပဲ"
"မနေ့ညက လူတချို့ ရောက်လာတယ်လေ သူတို့က ကိုယ့်အတွက် လာကြတာ ဒါပေမဲ့ ကိုယ် သူတို့ကို သတ်ပစ်လိုက်တယ်"
"ဒါပေမဲ့ မနေ့ညက တော်တော်လေး နောက်ကျနေပြီလေ ရှင် ဘာလို့ မအိပ်သေးတာလဲ ကြည့်ရတာ ရှင်က တော်တော်လေး အားအင်တွေ ပြည့်ဝနေတုန်းပဲ ထင်တယ်"
လင်းစစ်ကျားသည် တစ်စုံတစ်ခုအား သတိရ သွားပုံရလေသည်။ ရုတ်တရက် သူမ၏ မျက်နှာလေး နီရဲသွားခဲ့ကာ ရဲ့ရှင်းချန်၏ ခေါင်းအား ဖွဖွလေး တွန်းဖယ်လိုက်လေသည်။
"အာ မဟုတ်ပါဘူး စားကြရအောင်"
ရဲ့ရှင်းချန်၏ စိတ်အခြေအနေမှာ များစွာ တိုးတက် ကောင်းမွန် လာခဲ့တော့သည်။ မည်သို့ပင်ဆိုစေ မိမိချစ်သူ အတွက် မိမိသည် ပထမဆုံးသော အမျိုးသား ဖြစ်ကြောင်း သိလိုက်ရခြင်းထက် မည်သည့်အရာက ပို၍ ပျော်ရွှင်စရာ ကောင်းနိုင်မည်နည်း။
ယမန်နေ့ညတွင် ရဲ့ရှင်းချန် ကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ လင်းစစ်ကျားသည် သူနှင့် အသက်ရွယ်တူခန့် ရှိနေပြီ မဟုတ်ပါလော။
သူ ထင်မထားခဲ့သောအရာမှာ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် နှစ်မျိုးစလုံး ပြည့်စုံလှသော လင်းစစ်ကျားသည်... အခြား မည်သည့် အမျိုးသားနှင့်မျှ ဒိတ်မလုပ်ဖူးသေးခြင်း ဖြစ်သည်။ လင်းစစ်ကျား၏ ပခုံးလေးအား ဖွဖွလေး ဆုပ်နယ်ပေးရင်းဖြင့် ရဲ့ရှင်းချန်၏ လေသံမှာ များစွာ နူးညံ့ ပျော့ပျောင်း လာခဲ့သည်။
"ကိုယ် ခဏနေရင် အပြင်ထွက်ရလိမ့်မယ် မင်း အိမ်မှာ တစ်ယောက်တည်း ထမင်းစားထားလိုက်တော့နော် ကိုယ် ညစာစားချိန် အိမ်ပြန်လာခဲ့မယ်"
ယမန်နေ့တွင် ရခဲ့သော ရိတ်သိမ်းနိုင်မှုသည် မဆိုးလှပေ။ ရဲ့ရှင်းချန်သည် ယင်းတို့အား မယူဆောင်ပါက နှမြောစရာ ကောင်းလိမ့်မည်ဟု တွေးမိသည်။ ပို၍ ယူဆောင်ထားခြင်းဖြင့် မည်သည့် ဆိုးကျိုးမျှ မရှိနိုင်ချေ။ ထို့အပြင် သူ လှည့်လည် သွားလာလေရာမှ ပို၍ အသုံးဝင်သော အရာတစ်ခုခုကိုလည်း တွေ့ကောင်း တွေ့နိုင်မည် မဟုတ်ပါလော။
ကျန့်ဟွာချမ်းသည် ကြီးမားသော ဆုံးရှုံးမှုကြီးအား ခံစားလိုက်ရတော့သည်။ သူသည် မိမိ၏ နယ်မြေသို့ လေးဖက်ထောက်၍ ပြန်လာခဲ့ရခြင်း ဖြစ်သည်။ သူကိုယ်တိုင်သည်လည်း သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
သူနှင့်အတူ လိုက်ပါ သွားသော ညီအစ်ကိုကောင်း အနည်းငယ်မှာလည်း ထိုနေရာတွင်ပင် အသက်ဆုံးရှုံး သွားခဲ့ရလေသည်။ သို့သော် ကျန့်ဟွာချမ်းသည် မိမိ၏ နယ်မြေသို့ ပြန်ရောက် ပြီးနောက်တွင်ပင် စိတ်အေးလက်အေး မနေရဲချေ။ ထို ရဲ့ရှင်းချန် ဆိုသည့် ကောင်မှာ အလွန် ထူးဆန်း လွန်းလှပေသည်။
သူနှင့် သူ၏ ညီအစ်ကိုများသည် ရဲ့ရှင်းချန်နှင့် တွေ့ဆုံတိုင်း အခြေအနေ မဟန်သည်သာ များပေသည်။ အကြိမ်တိုင်းတွင် သူတို့သည် သေလျှင်သေ မသေလျှင် ဒဏ်ရာရခဲ့ကြသည်ချည်းသာ ဖြစ်ကြသည်။
"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ အစ်ကိုကြီး ကျွန်တော်တို့ဆီမှာ အစားအသောက် သိပ်မကျန်တော့ဘူး"
သူတို့အားလုံးသည် ယောက်ျားသားများ ဖြစ်ကြလေရာ ယခုကဲ့သို့ အေးခဲသော နေ့ရက်များတွင် သဘာဝကျကျပင် အစားများများ စားကြရသည်။ ကျန့်ဟွာချမ်းနှင့် အခြားသူများသည် သူတို့ ယခင်တွင် လုယက်ထားခဲ့သော လူနေရပ်ကွက်ဆီသို့ ပြောင်းရွှေ့ နေထိုင်နေကြပြီ ဖြစ်သည်။ အနည်းဆုံး သူတို့တွင် လေလုံသော အိမ်တစ်လုံး ရှိနေသေးသည်။
သို့သော် နေစရာနေရာ ရှိရုံဖြင့် မလုံလောက်ချေ။ ဤနယ်မြေ အတွင်းရှိ အစားအသောက်များအား သူတို့ အခြေခံအားဖြင့် လုယက် ပြီးသွားပြီ ဖြစ်သည်။ ယခုအခါ အိမ်ရှင် အများအပြားမှာ မိမိတို့၏ အိမ်များတွင် အစားအသောက်များအား လျှို့ဝှက်စွာ သိမ်းဆည်း ထားကြလေပြီ ဖြစ်သည်။ ယမန်နေ့ညတွင် ညီအစ်ကို ဆယ်ဂဏန်းလောက်နဲ့ ပတ်သက်ပြီး၍မူ....
"လူနည်းနည်း ခေါ်သွားပြီး မိုင်ဇီနဲ့ တခြားလူတွေရဲ့ အလောင်းတွေကို ပြန်သယ်လာခဲ့ အလဟဿ မဖြစ်စေနဲ့"
ကျန့်ဟွာချမ်းသည် ရဲ့ရှင်းချန်၏ နေရာဆီသို့ လတ်တလောတွင် မသွားရဲတော့ချေ။ သူ၏ တပည့် ထက်ဝက်ကျော်ခန့်မှာ ရဲ့ရှင်းချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ရဲ့ရှင်းချန်တွင် ထို သောက်သုံးမကျသော မီးပုလင်းသာ ရှိသည်ဟု သူ ထင်မှတ် ထားခဲ့သော်လည်း သူ၏ လက်ထဲတွင် သေနတ်တစ်လက် ရှိနေမည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
ထို့အပြင် ယမန်နေ့ညတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများ အရ ရဲ့ရှင်းချန် အသုံးပြုနေသော သေနတ်မှာ သာမန် ပစ္စတိုတစ်လက် မဟုတ်ပုံရလေသည်။ မည်သို့ပင်ဆိုစေ ပစ္စတို တစ်လက်သည် ဤမျှ အဝေးကြီးအား မည်သို့ ပစ်ခတ်နိုင်လိမ့်မည်နည်း။
ယခင်တွင် ကျန့်ဟွာချမ်းသည် ထိုမျှလောက် မကြောက်ရွံ့ခဲ့ဖူးချေ။ ရဲ့ရှင်းချန်တွင် ပစ္စတို ရှိသည်ဟု တစ်စုံတစ်ယောက်မှ ပြောခဲ့လျှင်ပင် ရဲ့ရှင်းချန်သည် လူများအား ခြောက်လှန့်ရန် အတွက် အရည်အသွေးမြင့် ကစားစရာ သေနတ်အတုအား ကိုင်ဆောင်ထားခြင်း ဖြစ်မည်ဟုသာ သူ အမြဲတမ်း ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်တွင် လက်နက်များအား ပုဂ္ဂလိကပိုင် အဖြစ် စုဆောင်း ထားရှိခြင်းမှာ တရားမဝင်သော ကိစ္စ ဖြစ်သည်။ ထို့အပြင် ကျန့်ဟွာချမ်းသည် ထောက်ပံ့ရေး ပစ္စည်းများအား ရှာဖွေစဉ်တွ၍် အရည်အသွေးမြင့် ကစားစရာ သေနတ်အတု နှစ်လက်ကိုပင် ရှာတွေ့ခဲ့သေးသည်။ သို့သော် ရဲ့ရှင်းချန်၏ ပစ္စည်းမှာ အစစ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
သူ၏ နောက်ကွယ်ရှိ ကျန့်ဟွာချမ်း၏ ညီအစ်ကိုများသည် ထိုစကားအား ကြားသောအခါ တစ်ယောက်ကို တစ်ယောက် လှည့်ကြည့် လိုက်မိကြတော့သည်။ သူတို့၏ မျက်နှာများထက်တွင် ရုန်းကန်မှုများနှင့် ဝိရောဓိ များ ဖြစ်နေသည့်ဟန် အပြည့်အဝ ဖုံးလွှမ်းနေခဲ့သည်။
လူသားများအား စားသုံးရန် အတွက် သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို အချိန်အတော်ကြာ ပြုလုပ်ခဲ့ရပြီး ယခုအခါတွင်မူ သူတို့ အမှန်တကယ်ပင်...
သူတို့သည် နှစ်ပေါင်းများစွာ ညီအစ်ကိုများအဖြစ် နေထိုင်လာခဲ့ကြကာ မုန်တိုင်းများစွာကို အတူတကွ ဖြတ်သန်း လာခဲ့ကြသူများ ဖြစ်လေသည်။ လူတိုင်းသည် အလွန် ဆိုးရွားသော ခံစားချက်အား ခံစားနေရသော်လည်း မည်သူကမျှ မငြင်းဆန်ရဲကြချေ။ နောက်ဆုံးတွင်မူ အသက်ရှင်သန် နေရေးထက် မည်သည့်အရာကမျှ ပို၍ အရေးမကြီးပေ။
ထို့အပြင် သူတို့၏ ညီအစ်ကိုများအား ထိုနေရာတွင် ထားခဲ့မည်ဆိုပါက သူတို့ မစားလျှင်တောင်မှ အပြင်လူများမှ ယူဆောင် သွားကြလိမ့်မည် ဖြစ်သည်။ သို့ဖြစ်ရာ ကိုယ့်လူများကိုသာ အရင် အကျိုးခံစားခွင့် ပေးလိုက်ခြင်းမှာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
ရဲ့ရှင်းချန်၏ လက်အောက်ငယ်သားများသည် ယမန်နေ့ညတွင် အလောင်းများအား ရှင်းလင်းရန် ရောက်ရှိလာခဲ့ကြတော့သည်။ နှင်းနှင့် ရေခဲများကြားတွင် တစ်ညတာ ကုန်ဆုံး သွားပြီးနောက် မြေပြင်ပေါ်ရှိ အလောင်း ဆယ်နှစ်လောင်းမှာ ပလတ်စတစ် အရုပ်များကဲ့သို့ ဖြူရော် အေးခဲနေကြပြီ ဖြစ်သည်။
စနိုက်ပါရိုင်ဖယ်ဖြင့် ခေါင်းအား ပစ်ဖောက်ခံခဲ့ရသော လူငါးယောက်၏ အလောင်းများမှာ ပြန့်ကျဲနေခဲ့ကာ နှင်းများအောက်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေကြကုန်သည်။
ရဲ့ရှင်းချန်သည် နံနက်စာကို အလွန် မြန်မြန်ဆန်ဆန် စားသောက် လိုက်တော့သည်။ သူသည် ပါးစပ်အား သုတ်လျှက် ပလုတ် ကျင်းလိုက် ပြီးနောက် သူ၏ နှင်းစကူတာအား အပြင်သို့ တွန်းထုတ်လိုက်တော့သည်။ ယနေ့တွင် သူသည် ယမန်နေ့ထက် များစွာ ပေါ့ပေါ့ပါးပါး သွားလာမည် ဖြစ်သည်။
သူသည် လင်းစစ်ကျားမှ ယမန်နေ့ ညပိုင်းတွင် ကျည်ကာအင်္ကျီမှ ပြုပြင် ချုပ်လုပ် ပေးထားသော ကျည်ကာဘောင်းဘီအား ဝတ်ဆင်ထားလေသည်။ ၎င်းအပြင် လက်အိတ်များ ပါဝင်သော အထူး ကျည်ကာအင်္ကျီအဖြစ် ပြုပြင်ထားသည့် ကျည်ကာ အင်္ကျီနှစ်ထပ်ကိုလည်း ဝတ်ဆင်ထားသေးသည်။
အချိန်မရသောကြောင့်သာ မဟုတ်ပါက ရဲ့ရှင်းချန်သည် မိမိကိုယ်ကို နေရာအနှံ့ အကာအကွယ်ပေးနိုင်ရန် လင်းစစ်ကျားအား ကျည်ကာဦးထုပ်နှင့် ကျည်ကာမျက်နှာဖုံးတို့ကိုပါ ချုပ်လုပ်ခိုင်းချင်သေးသည်။
ရဲ့ရှင်းချန်သည် ကျည်ကာ ဓားထိုးခံနိုင်သော အင်္ကျီများနှင့် အနွေးထည်များအား အထပ်ထပ် ဝတ်ဆင်ကာ နှင်းစကူတာကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လာခဲ့သည်။ ရပ်ကွက်ဂိတ်ပေါက်သို့ ရောက်သည်နှင့် တပြိုင်နက် တာဝန်ကျနေသော လူအချို့သည် ချက်ချင်း မတ်တတ် ရပ်လိုက်ကြသည်။
"ညီအစ်ကိုရှင်းချန် အပြင်သွားဦးမလို့လား"
ရဲ့ရှင်းချန်သည် ခေါင်းအား လှည့်ကာ သူတို့ကို တစ်ချက် ကြည့်လိုက်လေသည်။ သူတို့၏ မျက်နှာ ချိုသွေးနေသော အမူအရာများအား မြင်တွေ့လိုက်ရသောအခါ သူ အနည်းငယ် ရယ်ချင်သွားမိသည်။
ဤလူများသည် ယခင်တွင် သူ၏ အိမ်အတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော အိမ်နီးချင်းကောင်းများ ဖြစ်ကြသည် မဟုတ်ပါလော။