← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 56 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 56 Ch. 721-722

အခန်း ၇၂၁ - လူပုလေးများ၏ သတ္တုတွင်းသုံး ပစ္စည်းကိရိယာများ

“ဟုတ်တယ်။ မင်းတို့ လူပုမျိုးနွယ်စုမှာ သတ္တုကြော တူးဖော်တာနဲ့ သတ္တုအရည်ကျိုတာတွေအတွက် စက်ကိရိယာတွေ ရှိလားဆိုတာ မေးချင်လို့။”

“ဒါပေါ့။ ငါတို့ဆီမှာ အဲဒါတွေ ရှိတယ်။ ဘာလဲ... မင်းတို့ဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ မရှိတော့ဘူးလား။ မင်းတို့ဘာသာ သတ္တုတွင်းသုံး ပစ္စည်းတွေ မတည်ဆောက်နိုင်လို့လား။”

ကေဒါက ပြုံးကာ ပြန်ဖြေလိုက်၏။

ကေဒါသည် ရှောင်းယီ၏ ကျွန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က အမြောက်များကို အချိန်အကြာကြီး လေ့လာခဲ့ဖူးသည်။ သူတို့၏ လက်ရှိ ပန်းပဲနည်းစနစ်ဖြင့် ထိုကဲ့သို့ တိကျမှုကို လုံးဝ မမီနိုင်ကြောင်း သူ သတိပြုမိခဲ့၏။ ရှောင်းယီက ထိုအမြောက်များကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောပြခဲ့ဖူးသည်။

တစ်နည်းအားဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ပိုမိုမြင့်မားသော တိကျမှုကို ထုတ်လုပ်နိုင်သော်လည်း ယခု သတ္တုတွင်းသုံး စက်ကိရိယာများသည် အလွန်အမင်း တိကျမှု လိုအပ်သော ပစ္စည်းများ မဟုတ်ပေ။ ၎င်းတို့သည် သတ္တုတွင်း လုပ်သားများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်သာဖြစ်ပြီး တူးဖော်ပြီးသား သတ္တုရိုင်းများကိုမူ လူကိုယ်တိုင် သိမ်းဆည်းရန် လိုအပ်နေဆဲဖြစ်သည်။

ရှောင်းယီက ပြုံး၍ ရှင်းပြလိုက်၏။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ထုတ်လုပ်ဖို့ဆိုရင် ထုတ်လုပ်မှုပုံစံဆိုတဲ့ဟာကို လိုအပ်တယ်။ အဲ့ဒါမရှိရင် အဲဒီကျောက်တိုင်က လုံးဝ အသုံးမဝင်ဘူး။”

“ကြည့်ရတာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကလည်း အရာရာတိုင်းကို မလုပ်နိုင်ဘူးပဲ။”

ရှောင်းယီ၏ စကားကို ကြားလိုကါရသောအခါ ကေဒါက ပြုံး၍ ဆိုလိုက်သည်။

“ဒါတော့ အမှန်ပဲ။ ဒါပေမဲ့ ထုတ်လုပ်မှုပုံစံသာ ရှိမယ်ဆိုရင်တော့ အဲဒီပုံစံနဲ့ တစ်ထပ်တည်းကျတဲ့ အရာဝတ္ထုတွေကို ဖန်တီးပေးနိုင်တယ်။”

ရှောင်းယီက ထပ်လောင်းပြောလိုက်သည်။

“ဟုတ်ပြီ။”

ကေဒါက ခေါင်းညိတ်လိုက်၏။

“ငါ နားလည်ပြီ။ အခု မင်းက ငါတို့ဆီကနေ သတ္တုတွင်းသုံး ပစ္စည်းတွေ လာဝယ်တာပေါ့ ဟုတ်လား။”

“အတိအကျပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဈေးနှုန်းနဲ့ အရေအတွက် အသေးစိတ်ကိုတော့ လော့စ်နဲ့ ဆွေးနွေးလိုက်ပါ။”

ကေဒါက ဆို၏။ ရှောင်းယီက လော့စ်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့ရဲ့ တောင်းဆိုမှုကတော့ အရင်အတိုင်းပဲ။ ငါတို့ကျွန်းရဲ့ အတုအယောင်ငွေကြေးနဲ့ပဲ အရောင်းအဝယ် လုပ်ချင်ပါတယ်။”

ထိုအခါ လော့စ်သည် သူ၏လက်ထဲမှ ဘီယာခွက်ကို ချလိုက်ကာ ပြုံး၍ ပြန်ဖြေလာခဲ့သည်။

“အနာဂတ်မှာ မင်းနဲ့ လုပ်သမျှ အရောင်းအဝယ် အားလုံးကို မင်းတို့ကျွန်းရဲ့ အတုအယောင်ငွေကြေးနဲ့ပဲ လုပ်ဖို့ အရှင်မင်းကြီးက ငါ့ကို ပြောထားပြီးသားပါ။”

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ့အတွက်မူ ဤသည်မှာ ဘာမှ မပေးလိုက်ရဘဲ ရယူလိုက်ရခြင်းပင်ဖြစ်၏။ အကြောင်းမှာ အတုအယောင် ငွေကြေးစနစ်တစ်ခုလုံးကို သူကသာ ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်။

“ကောင်းတယ်။ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

ရှောင်းယီက လက်ယှက်၍ ကျေးဇူးတင်လိုက်၏။

“ဈေးနှုန်းကတော့ ငါ မင်းကို အခွင့်အရေး မယူပါဘူး။ စက်တစ်လုံးကို ယွမ်တစ်သောင်းနှုန်းနဲ့ဆိုရင် အုတ်မြစ်ကျောက်အခု တစ်ရာနဲ့ ညီမျှမယ်။ ဘယ်လိုလဲ။”

လော့စ်က မေးလိုက်သည်။

“ကောင်းပြီ သဘောတူတယ်။”

ရှောင်းယီက ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။

“အခု ငါ အခုရေ ၅,၀၀၀ လိုချင်တယ်။ စုစုပေါင်း ယွမ်သန်း ၅၀ ကျသင့်လိမ့်မယ်။ အဲဒီငွေကို လူပုနိုင်ငံတော်ရဲ့ ကတ်ထဲကို ငါ လွှဲပေးလိုက်ပါမယ်။”

“ကောင်းပြီ။ ငွေပေးချေမှု ပြီးတာနဲ့ ငါတို့ သတ္တုတွင်းသုံး ပစ္စည်းတွေကို မင်းဆီ ချက်ချင်း ပို့ပေးမယ်။”

လော့စ်က ဆိုသည်။ ထိုအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

“ငွေလွှဲပြီးပါပြီ။ မင်း စစ်ဆေးကြည့်လို့ ရတယ်။”

လော့စ်သည် ခဏမျှ ကြောင်အသွားပြီးနောက် သူနှင့်အတူ အမြဲဆောင်ထားသော စမတ်ဇီဝချစ်ပ်ကတ်ကို ချက်ချင်းထုတ်ယူကာ လက်ဗွေဖြင့် ဖွင့်ကြည့်လိုက်သည်။ ကတ်ထဲတွင် ယွမ်သန်း ၅၀ ဝင်လာသည်ကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရ၏။

“မင်း... ဒါကို ဘယ်လို လုပ်လိုက်တာလဲ။”

လော့စ် အံ့အားသင့်သွားခဲ့သည်။ ဤဈေးနှုန်းကို လော့စ်သည် လက်တန်းဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး မည်သူ့ကိုမျှ ကြိုတင်ပြောပြထားခြင်း မရှိပေ။

“ငါက အနာဂတ်ကို ကြိုမြင်နိုင်တယ်လေ။ အဲ့ဒါကြောင့် ဒီအချိန်မှာ ငွေပေးချေဖို့ လူတစ်ယောက်ကို ကြိုစီစဉ်ထားတာ။”

ရှောင်းယီက ပြုံး၍ ဆိုလိုက်သည်။ လော့စ်သည် ခဏတာမျှ မှင်တက်သွားပြီးနောက် ခေါင်းကိုခါယမ်းလိုက်၏။ သူသည် အနာဂတ်ကို ကြိုမြင်နိုင်ခြင်းဆိုသည်ကို မယုံကြည်ပေ။ မယုံကြည်၍လည်း လူပုများသည် ကုန်းမကြီးပေါ်ရှိ နတ်ဆရာများကို လူလိမ်များဟု ခေါ်ကြခြင်းဖြစ်သည်။

“ဘာအနာဂတ်ကို ကြိုမြင်တာလဲ။ လော့စ်ပြောတဲ့ ဈေးနှုန်းပေါ် မူတည်ပြီး မင်းဝယ်ချင်တဲ့ ပမာဏကို တွက်ချက်ပြီး ကိန်းဂဏန်း တစ်ခု ပြောလိုက်တာပဲ မဟုတ်ဘူးလား။”

ကေဒါက ရှောင်းယီ၏ လှည့်ကွက်ကို ချက်ချင်း ဖော်ထုတ်လိုက်၏။

“ဥပမာ- မင်းက တစ်လုံးကို ယွမ်နှစ်ထောင်လို့ ပြောခဲ့ရင် သူက အခုရေ ၂,၅၀၀ ပဲ ဝယ်လိမ့်မယ်၊ စုစုပေါင်း ဈေးနှုန်းကတော့ သန်း ၅၀ ပဲ ဖြစ်နေဦးမှာပဲ။”

“တော်လိုက်တာ။”

ရှောင်းယီက သူ့ကို လက်မထောင်ပြလိုက်၏။ အမှန်စင်စစ် ရှောင်းယီသည် စနစ်ကို အသုံးပြု၍ တိုက်ရိုက် ငွေလွှဲခဲ့ခြင်း ဖြစ်သော်လည်း ရှင်းပြရန် မလိုဟု ယူဆကာ ကေဒါ ပြောသည်ကိုသာ လက်ခံလိုက်ခြင်းဖြစ်သည်။

“ဒီစက်ပစ္စည်း ၅,၀၀၀ ကို ဘယ်တော့လောက် အပြီးထုတ်ပေးနိုင်မလဲ။”

ရှောင်းယီက မေးလိုက်သည်။ ကေဒါက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။

“နှစ်ရက်အတွင်း အားလုံး ပို့ပေးမယ်။”

“မင်းတို့ရဲ့ ထုတ်လုပ်မှုနှုန်းက ဒီလောက်တောင် မြန်တယ်လား။”

ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။

“ငါတို့မှာလည်း ငါတို့ရဲ့ ထုတ်လုပ်မှု အတတ်ပညာတွေ ရှိတာပေါ့ကွ။”

ကေဒါက ဂုဏ်ယူစွာ ပြောလိုက်၏။ ရှောင်းယီသည် ဆက်လက်၍ မမေးတော့ဘဲ ထရပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆို နောက်နှစ်ရက်နေရင် ဒီပစ္စည်း ၅,၀၀၀ ကို လက်ခံဖို့ စောင့်နေပါ့မယ်။”

ကေဒါက ခေါင်းညိတ်ပြလိုက်သည်။

“ဒါနဲ့ အခွင့်ကြုံရင် ငါ့ရဲ့ကျွန်းက အပန်းဖြေစခန်းကို လာလည်ပါဦး။ အဆင့်မြှင့်တင်ထားတယ်။”

ရှောင်းယီက ပြန်ခါနီးတွင် ပြောလိုက်၏။

“အဆင့်မြှင့်ထားတာလား။”

ကေဒါ ကြောင်အသွားခဲ့သည်။ ထိုစဉ် ဘေးနားရှိ လော့စ်က ချက်ချင်းပင် ဝင်ပြောလိုက်၏။

“ဟုတ်တယ်။ ငါနဲ့ အရှင်မင်းကြီး မနေ့က သွားခဲ့သေးတယ်။ အဆင့်မြှင့်တာ ပြီးသွားပြီ။ အခုက ပိုကျယ်ပြီး ပိုပြီးတော့ ခမ်းနားသွားတယ်။”

“အဲဒါဆိုရင်တော့ ငါ သေချာပေါက် သွားရမှာပေါ့။”

ကေဒါက ဆိုသည်။

“အဲဒီအခါကျရင် ကျုပ် ဧည့်ခံပါ့မယ်။ စိတ်ကြိုက် လာကစားပါ။”

ရှောင်းယီက ပြုံး၍ ပြောလိုက်၏။

“ဘာလို့ စိတ်ကြိုက် သောက်ပါလို့ မပြောတာလဲ။”

ကေဒါက ရယ်စရာသဘောဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းတို့က တကယ်ကို အသောက်သန်ကြလို့လေ။”

ရှောင်းယီက တည်တည်တံ့တံ့ဖြင့် ပြန်ဖြေလိုက်သည်။ ထိုစကားကြောင့် သူတို့ သုံးဦးသား ရယ်မောလိုက်ကြ၏။

ထိုအချိန်တွင် ရှောင်းယီ၏ အပန်းဖြေစခန်း၌ လူများစွာ လမ်းလျှောက် သွားလာနေကြပြီဖြစ်သည်။ လာရောက် လည်ပတ်ရန် စာရင်းသွင်းထားသည့် ခရီးသွားများအပြင် ပေါင်းစပ်ထားသော ကျွန်းများမှ ဒေသခံ တိုင်းရင်းသားများစွာလည်း ရှိနေ၏။ ၎င်းတို့သည် အပန်းဖြေစခန်း၏ ခမ်းနားမှုကို အလွန်စိတ်ဝင်စားသဖြင့် အမြန်ဆုံးလာရောက် ကြည့်ရှုကြခြင်းဖြစ်သည်။

စာရင်းသွင်း၍ ရောက်လာကြသော အသက်ရှင်ကျန်ရစ်သူများမှာမူ ဤအပန်းဖြေစခန်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့ကြသည်။ အထူးသဖြင့် ယခင်က တစ်ခါ ရောက်ဖူးသူများမှာ ပို၍ အံ့သြနေကြ၏။

“သေစမ်း... သူဌေးက ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။ ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ မြှင့်နိုင်တာလဲ။ ကုန်ကြမ်းတွေ ဘယ်လောက်တောင် သုံးလိုက်ရမလဲပဲ။”

“ဟုတ်ပါ့။ ပြီးခဲ့တဲ့ တစ်ခေါက် ကျုပ်လာတုန်းက နေရာလေးက နည်းနည်းလေးရယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အကုန်မြင်နေရတာ။ အခုတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။”

“ကြည့်စမ်း ဟိုတယ်ရှေ့မှာ ကားတွေ ရပ်ထားတယ်ဟ။ ငါတို့ ကျွန်းမှာဆို မြင်းလှည်းပဲ ရှိသေးတယ်။ ဒီမှာ ကားတွေတောင် ရှိနေပြီလား။”

“တကယ်ကို နှိုင်းယှဉ်လို့ မရဘူး။ အပြင်ဘက်မှာ ကစားကွင်းကြီးတောင် ဆောက်ထားသေးတယ်။ ကျုပ်တို့ ကျွန်းမှာတော့ ဖျော်ဖြေရေးဆိုလို့ ဘာမှကိုမရှိဘူး။”

“အားလုံးက အသက်ရှင်ကျန်ရစ်သူတွေပဲကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။”

“ဟိုတယ်ခကို မေးကြည့်တာ တစ်ညကို ယွမ်တစ်ထောင်တဲ့။ အရမ်းဈေးကြီးတယ်။”

“ယွမ်တစ်ထောင်ဆိုတာ အုတ်မြစ်ကျောက် ၁၀ ခုတည်းပါ။ အပြင်အဆင်က ဒီလောက် ခမ်းနားနေတာ၊ အတွင်းထဲမှာလည်း မဆိုးလောက်ပါဘူး။ လက်ခံနိုင်တဲ့ ဈေးပဲ။ ကျုပ်တော့ တစ်ညလောက် အိပ်သွားဦးမယ်။”

“ဟေ့... ညီအစ်ကို ငါတို့ အခန်းအတူတူ ငှားကြမလား။ အဆင့်မြင့်အခန်းတစ်ခန်းဆိုရင်ရော ဘယ်လိုလဲ။”

“ကောင်းပြီလေ သွားရအောင်... အတွေ့အကြုံသစ် တစ်ခုရတာပေါ့။”

“ဒီမှာ ဒေသခံတွေ အများကြီးပဲနော်။ ဟိုမှာကြည့်... သူတို့တွေ ဒီမှာ လွတ်လွတ်လပ်လပ်ကို သွားလာနေကြတာပဲ။”

“ဟုတ်ပါ့ သူတို့ကို ကြည့်ပြီး အားကျမိတယ်။ ကျုပ်သာ သူဌေးရဲ့ကျွန်းက ဒေသခံဖြစ်ရင် အနည်းဆုံးတော့ ဝင်ကြေး ပေးစရာ မလိုတော့ဘူး။”

“ကဲပါ... လက်တွေ့ကျကျပဲ နေစမ်းပါ။ အုတ်မြစ်ကျောက်တွေ ပိုရှာပြီး ဒီကို ခဏခဏ လာလည်နိုင်အောင်ပဲ ကြိုးစားကြရအောင်။”

ခရီးသွားများသည် အပန်းဖြေစခန်းတွင် ပျော်ရွှင်နေကြသော်လည်း လက်ထဲတွင် ငွေရှိသည့် ဒေသခံများမှာမူ ဤခေတ်မီ အပန်းဖြေ ပစ္စည်းများကို မည်သို့ ကစားရမည်ကို မသိသဖြင့် ဘေးမှသာ ရပ်ကြည့်နေကြရ၏။

“အစ်ကိုကျန်း... မဟာမိတ် အရှေ့ဘက်ကျွန်းမှာ ထူးဆန်းတဲ့ သင်္ဘောတွေကို တွေ့ရှိထားပါတယ်။”

စစ်သားများကို လေ့ကျင့်ပေးနေသော ကျန်းယွင်ထျန်းထံသို့ ဖန်မင်လုံဆီမှ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။ ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“ဒေသခံတွေ ကျွန်းကို တိုက်ခိုက်တာ မကြုံရတာ တော်တော်ကြာပြီ။ သူတို့ ပြန်လာကြပြန်တာလား။”

အခန်း ၇၂၂ - အရှေ့ဘက်မှ သံချပ်ကာ ရေနွေးငွေ့ရွက်လှေများ၏ တိုက်ခိုက်မှု

အတန်ကြာသည်အထိ တိုက်ပွဲများအားလုံးသည် ကုန်းမကြီးအသစ်ပေါ်ရှိ ဒေသခံများနှင့်သာ ဖြစ်ပွားခဲ့ဖြစ်သည်။ ကျွန်းကိုယ်တိုင်မှာမူ ပင်လယ်ရေကြောင်း ဒေသခံများ၏ တိုက်ခိုက်မှုကို မကြုံတွေ့ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့လေပြီ။

ကမ္ဘာကြီး၏ စည်းမျဉ်းများက အသက်ရှင်ကျန်ရစ်သူများ၏ အင်အားစုများအားလုံးသည် ကုန်းမကြီးအသစ်ရှိ ဒေသခံများအား ကိုင်တွယ်ဖြေရှင်းနေရသည်ကို သိရှိနားလည်သည့်အလား ပင်လယ်ပြင်ရှိ ဒေသခံများ၏ လှုပ်ရှားမှုသည်လည်း အလိုအလျောက် လျော့နည်းသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာကြီး၏ စည်းမျဉ်းများသည် အနည်းငယ် လူသားဆန်သေးသည်ဟု ဆိုရပေမည်။

သို့သော် ယခုအချိန်တွင် ကျန်းယွင်ထျန်းမှာ ၎င်းသည် လူသားဆန်ခြင်း ရှိ၊ မရှိကို စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ မဟာမိတ် အရှေ့ဘက်ကျွန်းသို့ ချက်ချင်းပင် တည်နေရာကူးပြောင်းသွားလိုက်၏။

ထိုအချိန်တွင် မဟာမိတ် အရှေ့ဘက်ကျွန်း၏ အရှေ့ဘက်တည့်တည့်၌ အသက်ရှင်ကျန်ရစ်သူ ကျွန်းနှစ်ကျွန်းကို တစ်ဆက်တည်း ပေါင်းစပ်ထားသည်။ ထိုကျွန်းနှစ်ကျွန်းသည် မူလ ‘ရွှမ်းယွမ် မဟာမိတ်’ ထံမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

မြင်းလှည်းပေါ်တက်ပြီးနောက် ကျန်းယွင်ထျန်းသည် ဤပေါင်းစပ်ထားသော ကျွန်း၏ အရှေ့ဘက်အစွန်ဆုံးသို့ ချက်ချင်း ရောက်ရှိလာခဲ့၏။

“နည်းပြကျန်း... ရောက်လာပြီလား။”

ထိုကျွန်းငယ်နှစ်ကျွန်းပေါ်ရှိ လူများသည် ကျန်းယွင်ထျန်းကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် နှုတ်ဆက်လာခဲ့ကြသည်။

ကျန်းယွင့်ထျန်းက ခေါင်းညိတ်ပြကာ ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။

“စိုးရိမ်မနေကြပါနဲ့။ အခုအချိန်မှာ ငါတို့ကို အနိုင်တိုက်နိုင်တဲ့ ဒေသခံအင်အားစုဆိုတာ မရှိတော့ဘူး။”

“ဟုတ်ကဲ့ပါ။”

ကျွန်းခေါင်းဆောင်နှစ်ဦးက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။

ကျန်းယွင်ထျန်းသည် ဘေးမှလူတစ်ဦး ကမ်းပေးလာသော မှန်ပြောင်းကိုယူ၍ အဝေးသို့ လှမ်းကြည့်လိုက်၏။

ပင်လယ်ပြင်တွင် သင်္ဘောကြီး ၆ စင်း ပေါ်လာခဲ့သည်။ ၎င်းတို့သည် ရွက်လှေကြီးများထက်ပင် ပိုမိုကြီးမားကြ၏။ သင်္ဘောပေါ်တွင် အမြောက်ပေါက်များစွာ ရှိနေပြီး အလယ်မှ အနက်ရောင် အမြောက်ပြောင်းများ ပြူးထွက်နေခဲ့သည်။

ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့သွား၏။ အကြောင်းမှာ ထိုသင်္ဘောကြီး ၆ စင်းစလုံးသည် သံဖြင့် ပြုလုပ်ထားပုံရသောကြောင့်ပင်။ သင်္ဘောကိုယ်ထည်များသည် သတ္တုရောင်များ တလက်လက် တောက်နေခဲ့သည်။

ရှောင်းယီထံတွင်ပင် သံချပ်ကာစစ်သင်္ဘော ၃ စင်းသာ ရှိသေးသည်ကို သိထားရမည်ဖြစ်သည်။ ယခုမူ ၆ စင်း တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းဖြစ်ပြီး ပုံစံအရ ကြည့်ရသည်မှာ လာရောက်လည်ပတ်ခြင်းမျိုး မဟုတ်သည်မှာ သေချာ၏။

ကျန်းယွင်ထျန်းသည် ရှောင်းယီထံသို့ သတင်းတစ်ခု အရင်ပို့လိုက်ပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိ အစောင့်ကို ဖုန်းဆက်ကာ မှာကြားလိုက်သည်။

“ကျွန်းပိုင်ရှင် ရောက်လာရင် ငါ့ကို ချက်ချင်း အကြောင်းကြားလိုက်။”

“ကျွန်းပိုင်ရှင် အခုပဲ ရောက်လာပါပြီ။”

အစောင့်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။

ထိုသတင်းကို ကြားလိုက်သည်နှင့် ကျန်းယွင်ထျန်းသည် ဖုန်းချလိုက်ပြီး ရှောင်းယီထံသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်လေသည်။

“ကျွန်းပိုင်ရှင်... ကျုပ် ပို့လိုက်တဲ့ သတင်းကို တွေ့ပြီးပြီလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီသည် အနည်းငယ် အံ့သြသွားပြီး ပြန်ဖြေလိုက်၏။

“ငါ အခုပဲ ပြန်ရောက်တာ။ မကြည့်ရသေးဘူး။ ဘာဖြစ်လို့လဲ။”

“မဟာမိတ် အရှေ့ဘက်ကျွန်းမှာ ထူးဆန်းတဲ့ သင်္ဘောတွေကို တွေ့နေရတယ်။ တဖက်က သင်္ဘောတွေရဲ့ အဆင့်က အတော်လေး မြင့်ပုံရတယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ကောင်းပြီ၊ ငါ အခုလာခဲ့မယ်။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြောလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြု၍ အရှေ့ဘက်ကျွန်းသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

အရှေ့ဘက်ကမ်းခြေသို့ ရောက်သောအခါ ရှောင်းယီသည် မှန်ပြောင်းကို ယူ၍ သင်္ဘော ၆ စင်းကို လေ့လာလိုက်၏။

သံချပ်ကာ ရေနွေးငွေ့ရွက်လှေ (A အဆင့်): အဓိက စွမ်းအားမှာ ရေနွေးငွေ့အင်ဂျင်ဖြစ်ပြီး အကူစွမ်းအားမှာ ရွက်တိုင်ဖြစ်သည်။ သင်္ဘောကိုယ်ထည်ကို သံပြားဖြင့် ဖုံးအုပ်ထားသဖြင့် ခုခံအား မြင့်မားသည်။ အရှိန်နှုန်းမှာ ရွက်လှေကြီးများနှင့် ဆင်တူသည်။

အမြောက် (B အဆင့်) : အမြင့်ဆုံး ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ မီတာ ၁,၀၀၀ ဖြစ်သည်။ သံလုံးကျည်များကို အသုံးပြုသဖြင့် ဖျက်ဆီးနိုင်စွမ်း အကန့်အသတ် ရှိသည်။

စနစ်၏ အချက်ပြမှုကို မြင်လိုက်ရသောအခါ ရှောင်းယီက ပြုံး၍ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ဒါတွေက အဆင့် A သင်္ဘောတွေပဲ ရှိသေးတယ်။ အပြင်ဘက်ကို သံပြားနဲ့ ဖုံးထားတယ်ဆိုပေမဲ့ ငါတို့ရဲ့ ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေကို မခုခံနိုင်ဘူး။ သူတို့ရဲ့ အမြောက်တွေကလည်း B အဆင့်ပဲ ရှိသေးပြီး တစ်ကီလိုမီတာလောက်ပဲ ပစ်နိုင်တယ်။ ကျည်ဆန်တွေကလည်း သံလုံးတွေပဲ ဖြစ်ဆိုတော့ ဖျက်ဆီးနိုင်စွမ်း သိပ်မရှိပါဘူး။ စိတ်မပူနဲ့။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း စိတ်အေးသွားခဲ့သည်။ ရှောင်းယီက လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“သူတို့ကို ဖမ်းဖို့ ကြိုးစားကြည့်ပါ။ ဘယ်ဒေသခံအင်အားစုလဲဆိုတာ သိရအောင်။”

“ဟုတ်ကဲ့ပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ကျွန်းခေါင်းဆောင်နှစ်ဦးမှာ ရှောင်းယီနှင့် ပထမဆုံးအကြိမ် အတူတူ တိုက်ပွဲဝင်ဖူးခြင်း ဖြစ်သဖြင့် ဘာဖြစ်နေမှန်း လုံးဝမသိကြပေ။ ရှောင်းယီ ထွက်သွားသည်ကို မြင်သောအခါ သူတို့ ဇဝေဇဝါဖြင့် ဆွေးနွေးကြတော့သည်။

“ကျွန်းပိုင်ရှင်... ဘာဖြစ်နေတာလဲ။ သူက တစ်ချက်ကြည့်ရုံနဲ့ တစ်ဖက်က သင်္ဘောအခြေအနေကို ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်ရတာလဲ။”

“ဟုတ်တယ်။ အဲဒါက တကယ့်ကို ထူးဆန်းလွန်းတယ်။ သူ ခန့်မှန်းတာ မှားနေရင် ဘယ်လိုလုပ်မလဲ။”

ကျန်းယွင်ထျန်းသည် သူတို့နှစ်ဦးကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“သူသာ မှားတယ်ဆိုရင်တော့ ဒီကမ္ဘာမှာ ဘယ်သူမှ မမှန်နိုင်တော့ဘူး။ တဖက်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို သေချာစောင့်ကြည့်ထား။ ငါတို့ကျွန်းနဲ့ ၅ ကီလိုမီတာအတွင်း ရောက်လာရင် ငါ့ကို ချက်ချင်း သတင်းပို့။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည်လည်း ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ သင်္ဘော ၆ စင်းမှာ အနည်းဆုံး ၂၀ ကီလိုမီတာခန့် ဝေးနေသေးသဖြင့် သူ အမြဲတမ်း စောင့်နေရန် မလိုပေ။

ကျန်းယွင်ထျန်း ထွက်သွားသည်ကို မြင်သောအခါ ဖန်မင်လုံက ပြုံးကာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က ကျွန်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်ရဲတယ်ပေါ့။”

“မဟုတ်ပါဘူး၊ ကျုပ်တို့က သိချင်ရုံပါ။ တစ်ချက်ကြည့်ရုံနဲ့ သိတယ်ဆိုတာက နည်းနည်း ကလေးကစားစရာ ဆန်နေသလိုပဲမို့လို့ပါ။”

တစ်ဦးက ခေါင်းကုတ်လျက် ပြောလိုက်သည်။ ဖန်မင်လုံက ရယ်ကာ ပြန်ပြောလိုက်သည်။

“မင်းတို့က ကျွန်းပိုင်ရှင်ရဲ့ စွမ်းဆောင်ရည်ကို မယုံသေးဘူးပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခါ အဆင့်မြှင့်တိုင်း ကျွန်းပိုင်ရှင်က ကွယ်ဝှက်ထားတဲ့ စည်းမျဉ်းတွေကို ဘယ်လို သိသလဲဆိုတာ မင်းတို့ သိလား။”

ဖန်မင်လုံ၏ မေးခွန်းကြောင့် သူတို့နှစ်ဦး ကြောင်အသွားကြ၏။ ထို့နောက် တစ်ဦးက ခန့်မှန်းကာ ဖြေဆိုလိုက်သည်။

“အဲဒါကတော့ ကျွန်းပိုင်ရှင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို စမ်းသပ်ခိုင်းတာ ဖြစ်မှာပေါ့။”

ဖန်မင်လုံက ခေါင်းခါကာ ပြုံးလျက် ပြောလိုက်သည်။

“အခုလိုပဲ... သူက တစ်ချက်ကြည့်ရုံနဲ့ သိခဲ့တာ။”

“ဘာ.. ဒါ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“အချို့အရာတွေကို ကျွန်းပိုင်ရှင် ဘယ်လိုလုပ်သလဲဆိုတာကို စဉ်းစားမနေနဲ့။ ရလဒ်ကို သိရင်ရပြီ။ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေကို မသိတာက မင်းတို့အတွက် အကောင်းဆုံးပဲ။”

ဖန်မင်လုံက ပြန်ဖြေကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။

ထိုနှစ်ဦးမှာ မှင်တက်၍ ကျန်နေခဲ့ရ၏။ အတန်ကြာမှ သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ သက်ပြင်းချလျက် ခေါင်းခါကာ အနီးရှိ ကင်းစခန်းသို့ အနားယူရန် ပြန်သွားကြတော့သည်။

ရှောင်းယီ ပြန်ရောက်လာသောအခါ ထိုသင်္ဘော ၆ စင်းအကြောင်းကို စဉ်းစားနေမိသည်။

‘သူတို့က ဦးတည်ချက်ကျောက်ကို မသုံးဘဲ ဒီကို ရွက်လွှင့်လာတာဆိုတော့ သူတို့က ပင်လယ်ဒေသခံတွေ သတ်မှတ်ထားတဲ့ ပစ်မှတ် မဟုတ်ဘူး။’

‘အရှေ့ဘက်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေကို ကုန်းမကြီး အင်အားစုတွေက သိမ်းပိုက်ထားတာများလား။’

‘တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက သူတို့အတွက် ဖွင့်ပေးထားတဲ့ နောက်ပေါက်က အရမ်းကြီးလွန်းနေပြီ။’

အကြောင်းမှာ တိုက်သစ်ကြီးရှိ အင်အားစုများသည် အခြေခံအားဖြင့် သင်္ဘောတည်ဆောက်မှု နည်းပညာများ မရှိကြပေ။ ကျွန်းကို သိမ်းပိုက်ထားသည်မှာလည်း ရက်ပိုင်းမျှသာရှိသေး၏။ သို့သော် ကမ္ဘာ့စည်းမျဉ်းများက သူတို့ကို သံချပ်ကာ ရေနွေးငွေ့ရွက်လှေများ ပေးအပ်ထားခြင်းမှာ အသက်ရှင်ကျန်ရစ်သူများကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေခြင်းပင် မဟုတ်ပါလော။

ဟုတ်ပါသည်။ ဤအရာများသည် ရှောင်းယီ၏ ခန့်မှန်းချက်များသာဖြစ်ပြီး တဖက်လူကို ဖမ်းမိမှသာ အခြေအနေမှန်ကို သိနိုင်မည်ဖြစ်သည်။

သံချပ်ကာ သင်္ဘော ၆ စင်းသည် အရှေ့ဘက်ကျွန်း၏ ၅ ကီလိုမီတာအတွင်းသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့ကြ၏။ ကျန်းယွင်ထျန်းသည်လည်း အရှေ့ဘက်ကမ်းခြေသို့ ပြန်ရောက်လာခဲ့သည်။

“အမြောက်တပ်ဖွဲ့ သတိထားကြ။ တစ်ဖက်လူက ငါတို့ကမ်းခြေရဲ့ တစ်ကီလိုမီတာအတွင်း ရောက်လာတာနဲ့ ပစ်ခတ်နိုင်ပြီ။ အားလုံးကို ဖမ်းဆီးထားနိုင်အောင် လုပ်ရမယ်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

အားလုံးက တုံ့ပြန်လိုက်ကြ၏။

ထိုအချိန်တွင် သံချပ်ကာရွက်လှေ ၆ စင်း၏ အရှိန်သည်လည်း လျော့ကျသွားခဲ့သည်။ တစ်ဖက်လူသည်လည်း အလွန်သတိကြီးပုံရ၏။ သို့သော် သတိကြီးသော်လည်း သူတို့သည် ကမ်းခြေသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာဆဲပင်။ ကမ်းခြေမှ တစ်ကီလိုမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ သူတို့ ရပ်တန့်လိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း

ဒေသခံ သင်္ဘောပေါ်ရှိ အမြောက်များက အရင်စတင် ပစ်ခတ်လာခဲ့ကြ၏။

“နည်းပြကျန်း... ကျုပ်တို့ ဘာလုပ်ကြမလဲ။”

ကျွန်းခေါင်းဆောင်က မေးလိုက်သည်။ ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။

“သူတို့ မီတာ တစ်ထောင်အတွင်း ရောက်လာအောင် ဆက်စောင့်နေ။”

အမှန်စင်စစ် ကျွန်းခေါင်းဆောင်သည် “ကျုပ်တို့ ပုန်းရမှာလား။” ဟု မေးချင်ခြင်း ဖြစ်သည်။ သို့သော် ကျန်းယွင်ထျန်းသည် ပုန်းရန် စိတ်ကူးမရှိဘဲ ထိုနေရာတွင်သာ ထိုင်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ကျွန်းခေါင်းဆောင်မှာ အနားသို့ ကျရောက်လာသော အမြောက်ကျည်များကို ကြည့်ကာ ထိတ်လန့်နေသော်လည်း ကျန်းယွင်ထျန်းက ဘာမှမပြောသဖြင့် သူ မဆုတ်ခွာရဲပေ။

ကျွန်းပိုင်ရှင်၏ ခန့်မှန်းချက် မှန်၊ မမှန် သူ မသိသော်လည်း တိုက်ပွဲအတွင်း အမိန့်မရဘဲ ဆုတ်ခွာပါက စစ်ဥပဒေဖြင့် အပြစ်ပေးခံရမည်မှာ သေချာပေသည်။

ကျန်းယွင်ထျန်း၏ စစ်စည်းကမ်းသည် အလွန်တင်းကျပ်ကြောင်း သူ ကြားဖူးထားသည် မဟုတ်ပါလား။

All Chapters