← Chapters

ပုန်းအောင်းဖုံးကွယ်နေခြင်း

Vol. 138 Ch. 1901

ပုန်းအောင်းဖုံးကွယ်နေခြင်း

Vol. 138 Ch. 1901

ဝမ်လင်းက ရှေ့သို့ ဆက်ရွှေ့လျားလာကာ ဆေးလုံးပင်လယ်အထက်တွင် ပေါ်လာ၏။ သူ၏အောက်ဘက်တွင် မမြင်ရသော အတားအဆီး ရှိနေပေသည်။ ထိုအတားအဆီးဖြင့်ဆို ဝမ်လင်းအဖို့ အတားအဆီးအတွင်းရှိ တခြားကျင့်ကြံသူများ သူ့ကို ရှာတွေ့မည့်အပေါ် ပူပန်နေဖို့ မလိုတော့ပေ။

သို့သော် ဝမ်လင်းက အတော်လေး သတိထားနေဆဲ ဖြစ်ကာ သူ၏အော်ရာကို ဖုံးကွယ်ထား၏။ သူက တစ္ဆေတစ်ကောင်ကဲ့သို့ ဒီဆေးလုံးပင်လယ်၏ တခြားတဖက်ထံ ဦးတည် ပျံသန်းနေ၏။

ခြေလှမ်းအနည်းငယ်ဖြင့် သူက လောကနှင့် ပေါင်းစပ်ကာ ပျောက်ကွယ်လို့သွားသည်။ သူ ပြန်ပေါ်လာသည့်အခါတွင် သူက အစိမ်းရောင်မိစ္ဆာကုန်းမြေ အနီးအနား ကောင်းကင်ထက်တွင်ပင်။ သည်နေရာ၌ ကောင်းကင်ထက်တွင် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူမြောက်များစွာ ရှိနေသည်။

ထိုကျင့်ကြံသူများက ကျင့်ကြံခြင်းအဆင့် အမျိုးမျိုး ရှိကြ၏။ အများစုကတော့ ဒုတိယအဆင့်တွင် ရှိကာ တတိယအဆင့် အနည်းငယ်လည်း ရှိ၏။ သူတို့ ဖြတ်သန်းသွားသည့်အခါတိုင်း သူတို့၏နတ်ဘုရားအာရုံများဖြင့် ဒီဧရိယာကို ဖြန့်ကျက်ကြည့်ကြ၏။ သူတို့က တစ်ခုခုကို စောင့်ကြပ်နေကြသည့်နှယ်။

ပိုပိုများပြားသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ ပေါ်လာကြ၏။ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများလည်း ပေါ်လာသဖြင့် ဝမ်လင်းက သူ့အရှိန်ကို နှေးချလိုက်သည်။ ခဏတဖြုတ် စဉ်းစားလိုက်ပြီးနောက် သူက အောက်ဘက်ရှိ မမြင်ရသောအတားအဆီးထံ စုန်ဆင်းလိုက်၏။ သူမျက်လုံးထဲတွင် သွေးစင်းကြောင်းတို့ ပြည့်နှက်ပြီး သူက ဒီမြူအတွင်း၌ သူ့ကိုယ်သူ နစ်မြုပ်စေလိုက်သည်။

ဝမ်လင်းက အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်သူ ဖြစ်၏။ ခုချိန်၌ သူက သူ၏အတားအဆီးအနှစ်သာရဖြင့် ဒီဆေးလုံးပင်လည် ပတ်ပတ်လည်ရှိ အတားအဆီးကို ပုံတူ ကူးနိုင်သည်။ ထို့ကြောင့် သူသည် အချိန်တိုအတွင်း သူ သတိပြုမိခံရမည် မဟုတ်ဟု ယုံကြည်မှု ရှိသည်။

အတားအဆီးမြူထု၏ ခုနစ်လွှာမြောက်သို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်းက မြူအတွင်း၌ ဂရုတစိုက် လှုပ်ရှားကာ သည်အတားအဆီး၏ ဗဟိုချက် ဖြစ်သော သံလိုက်အိမ်မြှောင်ကို ရှာဖွေလေ၏။ သူ အစိမ်းရောင်မိစ္ဆာကုန်းမြေထံ ပိုနီးလာလေလေ ထိုကုန်းမြေမှ ကျင့်ကြံသူများက သူ၏အထက်ကနေ ပိုမိုများပြားစွာ ပျံသန်းသွားကြလေပင်။

ထိုကျင့်ကြံသူများက ဆယ့်နှစ်ယောက်အုပ်စု လိုက်များ၏။ သူတို့က အလေးအနက်အမူအရာများဖြင့် ပျံသန်းနေကြခြင်းပင်။

“ဒီမှာ အနည်းဆုံး ကျင့်ကြံသူတစ်သောင်းလောက် ရှိနေတယ်။ ဒီလောက်များပြားတဲ့ ကျင့်ကြံသူ အရေအတွက်နဲ့ဆို သူတို့ဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေကို မကျူးကျော်ဖူးလို့ ပြောရင်တောင် ယုံကြည်စရာ မရှိဘူး…”

ဝမ်လင်းက မြူအဖြစ်သို့ ပြောင်းလိုက်၏။ ထို့နောက် သူက သူ့အထက်ရှိ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများထံ မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

ကလန်နှစ်ခုကြား သတ်ဖြတ်မှု၊ ကုန်းမြေနှစ်ခုကြား ရက်ရက်စက်စက် သတ်ဖြတ်မှုများသည် နေရာတိုင်း၌ အတူတူသာ။ လှိုဏ်ဂူလောကမှာတုန်းကလိုပင်။ အင်မောတယ်ကောင်းကင်ဘုံ ကုန်းမြေ၌လည်း အလားတူပင်။

သည်လောက၌ မည်သည့်ဥပဒေမှ ရှိမနေပေ။ တည်ရှိနေသော အရာများကား  လူတိုင်းကို ဖိနှိပ်ထားနိုင်သော အစွမ်းထက် ကျင့်ကြံသူများ၏ တည်ရှိမှုကြောင့်သာ။

တိတ်ဆိတ်စွာ စဉ်းစားနေလျက် ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက အပေါ်သို့ မော့ကြည့်လိုက်သည်။ သူသည် အကွာအဝေးတစ်ခုမှ အားကောင်းသော တုန်ခါလှိုင်းတစ်ခုကို ခံစားမိသည်။ ယင်းက ကျင့်ကြံသူတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း မဟုတ်၊ ရတနာတစ်ခုထံမှ ဖြစ်၏။

သူ လှမ်းမျှော်ကြည့်လိုက်သည့်အခါ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူတစ်ရာနီးပါးသည် ပျံသန်းလာကြ၏။ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူလေးယောက်လည်း ထိုအုပ်စုတွင် ပါသည်။

သည်အုပ်စု၏ အလယ်တွင် ပေတစ်ထောင်ခန့်မျှ ကြီးမားသော ဗုံတစ်လုံး ရှိလေ၏။

ထိုဗုံက လုံးလုံးနက်မှောင်ကာ ၎င်း၏ မျက်နှာပြင်သည်ပင် နက်လေ၏။ ၎င်းထံမှ သုန်မှုန်သောအော်ရာတစ်ခု ပျံ့လွင့်နေသည်။

ထိုဗုံပတ်လည်တွင် မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များ ရှိနေ၏။ ယင်းတို့က ဆိတ်ဆိတ် ဟိန်းအော်သံ ပေးနေပြီး မမြင်ရသောလှိုင်းဂယက်များအဖြစ် ပျံ့လွင့်သည်။

ထိုဗုံက အလွန်လေးလံမည့်ပုံ ပေါ်၏။ ကျင့်ကြံသူတစ်ရာနီးပါးက ၎င်းကို သယ်ဆောင်ဖို့ အပြည့်အဝ အားစိုက်ထုတ်ထားကြပေမည့် သူတို့က ဖြည်းဖြည်းချင်းသာ ရှေ့သို့ ပျံသန်းနေသည်။

ဝမ်လင်းက ထိုကြီးမားသောဗုံကို တွေ့မြင်သည့်အခိုက်၌ သူက မျက်မှောင်ကြုတ်သွား၏။ သူက အခိုးအငွေ့အဖြစ် ပြောင်းကာ မလှုပ်မယှက် ရှိနေ၏။ သူက ထိုဗုံအတွင်း၌ ပုန်းကွယ်နေသော ကျင့်ကြံသူတစ်ယောက် ရှိသည်ကို ကောင်းကောင်း ခံစားမိသည်။

ထိုဗုံက ဝမ်လင်း၏ အထက်၌ ဖြတ်သန်းသွားသည့်အခါ ၎င်းထံမှ နတ်ဘုရားအာရုံတစ်ခု ပျံ့လွင့်သွား၏။ ဒီဧရိယာကို စစ်ဆေးကြည့်ရှုပြီးနောက် ၎င်းက ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။

ကျင့်ကြံသူတစ်ရာ ထွက်ခွာသွားပြီးနောက် ဝမ်လင်းက ဒီဗုံ၏ အနားအစွန်းသပ် ခပ်ဝါးဝါးကို လှမ်းကြည့်ကာ စတင်စဉ်းစားကြည့်၏။

“ကျင့်ကြံသူတစ်ယောက်နဲ့ ပေါင်းစပ်ထားတဲ့ ရတနာ…”

သည့်နောက်တွင် ဝမ်လင်းက ထိုသို့ တူညီသောဗုံရှစ်ခုကို မြင်၏။ သူက ကလန်များကြား ကြီးကြီးမားမား သတ်ဖြတ်ရာ၌ အသုံးပြုဖို့ သိသာနေသော တခြားရတနာများကိုလည်း တွေ့မြင်သည်။

ထိုရတနာများသည် ပေတစ်ထောင်နီးပါး ရှိကြ၏။ ယင်းတို့ထံမှ တုန်လှုပ်ဖွယ်အော်ရာနှင့် ဖိအားကို ပေးစွမ်းနေသည်။

“ငါ ဒီမှာ ကြာကြာ မနေနိုင်ဘူး။ ငါ တတ်နိုင်သမျှ တိုက်ပွဲကို မြန်မြန် လက်စသပ်ပြီး ထွက်သွားရမယ်…”  ဝမ်လင်း၏စိတ်နှလုံးသည် ခုန်ပေါက်သွား၏။ သို့သော် ထိုသို့ဖြစ်လေ သူက ပို၍ တည်ငြိမ်လာလေပင်။ သူက အတားအဆီးနှင့် ပေါင်းစပ်ကာ အစိမ်းရောင်မိစ္ဆာကုန်းမြေထံ ပိုနီးကပ်လာနေသည်။ ဒီနေရာ၌ သူက ဒီအတားအဆီး၏ ဗဟိုချက် တည်ရှိမှုကို ခံစားမိသည်။

“ရှေ့နားမှာပဲ…”  ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက မြူများကို ဖြတ်၍ ရွှေ့လျားလာသည်။ မကြာမီ သူသည် ကောင်းကင်ယံထိ ထွင်းဖောက်နေ‌သော အလံသုံးခုကို တွေ့မြင်လိုက်သည်။

ထိုအလံများက လေနှင့်အတူ လှုပ်ရှားကာ တဖျပ်ဖျပ် ဖြစ်နေသည်။ လှိုင်းဂယက်များလည်း ယင်းတို့ထံမှ ထနေ၏။ ထိုအလံများက သာမန်ထက်ထူးကဲသည်မှာ ရှင်းလင်း၏။

ထိုအလံသုံးခု၏အောက်၌ မိန်းမလှတစ်ယောက် ရှိနေပြီး သူမ၏လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားသည်။ သူမက ထိုသံလိုက်အိမ်မြှောင်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

ထိုအမျိုးသမီး၏ဘေးတွင် ဝမ်လင်းက သူ အစောပိုင်းတုန်းက မြင်ခဲ့ဖူးသော ကျောက်စိမ်းမျက်နှာဖြင့်လူငယ်ကို တွေ့သည်။ သူကတော့ လက်ထဲတွင် ယပ်တောင်တစ်ခု ကိုင်ထားကာ အောက်ဘက်ရှိ ပင်လယ်ပြင်ထံ ကြည့်နေသည်။ သူ ဘာတွေးနေသလဲ မသိရနိုင်ပေ။

သူတို့နှစ်ယောက်ပတ်လည်တွင် အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူရာချီ ရှိနေသည်။ သူတို့က အစောင့်များနှင့် တူကာ မလှုပ်မယှက်ဖြင့် မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။

ထိုအမျိုးသမီး အပါအဝင် မည်သူကမျှ ဝမ်လင်းက သူတို့အထက်ရှိ မမြင်ရသော အတားအဆီး၏ ခုနစ်လွှာမြောက်တွင် ရှိနေသည်ကို မသိကြပေ။ ဝမ်လင်းက သူတို့ကို အေးစက်စက် ကြည့်နေ၏။ အထူးသဖြင့် ထိုအမျိုးသမီး၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ထံသို့ပင်။

“ဒါက သံလိုက်အိမ်မြှောင်တစ်ခုပဲ။ ငါသာ ဒါကို ရလိုက်ရင် မြူအလွှာထဲမှာ ပုန်းကွယ်နေဖို့ မလိုတော့ဘူး။ ဒါကသာ ငါ ဆေးလုံးပင်လယ်ထဲကို ဝင်ရောက်တာကို သိနိုင်မယ့် တစ်ခုတည်း အရာပဲ…”

ဝမ်လင်းသည် အတားအဆီးအနှစ်သာရကို ပိုင်ဆိုင်ထားပြီး သည်အတားအဆီးနှင့် ပတ်သတ်၍လည်း အနည်းငယ် လေ့လာကြည့်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက ဒီအတားအဆီး၏ သော့ချက်မှာ ဒီသံလိုက်အိမ်မြှောင် ဖြစ်သည်ကို သိသည်။

သူ့လက်ထဲတွင် ထိုသံလိုက်အိမ်မြှောင်သာ ရှိပါက မည်သူကမျှ သူ ဆေးလုံးပင်လယ်ထဲ ဝင်ရောက်လာသည်ကို သိကြလိမ့်မည် မဟုတ်ပေ။ ထို့နောက်တွင် သူက လေဟာနယ်တိမ်ကို ရှာကာ သူ့ကို သတ်၍ ဘေးကင်းကင်း ထွက်ခွာနိုင်မည် ဖြစ်၏။ ထို့အပြင် ဒီသံလိုက်အိမ်မြှောင်က လေဟာနယ်တိမ်ကို ရှာဖို့အတွက် သော့ချက်တစ်ခုဆိုလည်း ဟုတ်သည်။

သို့ပေမည့် အခုက ခက်ခဲသောအခြေအနေ ဖြစ်နေ၏။ သူသာ ဒီသံလိုက်အိမ်မြှောင်ကို ရယူချင်ပါက ထွက်လာရမည် ဖြစ်ပြီး သူ့အောက်မှ လူများက သူ ရောက်ရှိလာသည်ကို သိကုန်ကြလိမ့်မည်။

“အရာအားလုံးကို မြန်မြန်လက်စသပ်ဖို့ လိုမယ်။ ငါ ဘယ်သူ့ကိုမှ ထွက်ခွာခွင့် ပြုလို့ မဖြစ်သလို အဲ့အမျိုးသမီးက သတင်းအချက်အလက် ပေးပို့တာကိုလည်း ခွင့်ပြုလို့ မရဘူး…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့အောက်မှ ကျင့်ကြံသူတစ်ရာနှင့် အလံသုံးခုထံ လှမ်းကြည့်၏။

“ဒီအလံတွေက အကာအကွယ်ပစ္စည်း ဖြစ်နိုင်တယ်…”  ဝမ်လင်းသည် မြူထဲ၌ ငြိမ်သက်စွာ ဆက်ရှိနေကာ အောက်ဘက်သို့ ကြည့်၍ စတင် စဉ်းစားနေ၏။

ကြီးမားသောအလံသုံးခုအောက်တွင် ထိုအမျိုးသမီးက သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ပို၍ မျက်မှောင်ကြုတ်လာနေ၏။

“ထူးဆန်းတယ်။ ပြင်ပကျင့်ကြံသူတွေ မကျန်တော့တာ ရှင်းနေတာပဲ။ ဒါပေမဲ့ ပေါ်လာတဲ့ လှိုင်းဂယက်အလွှာတွေက ရှိနေတုန်းပဲ။ ဒီသံလိုက်အိမ်မြှောင်က အတားအဆီးမှာ တစ်ခုခု မူမမှန်တာကို သူ့ဟာသူ ထောက်လှမ်းမိနေတာလည်း ထင်ရှားတယ်…”

ထိုအမျိုးသမီးလက်ထဲရှိ သံလိုက်အိမ်မြှောင်သည် အစိမ်းရောင်အစက်များနှင့်သာ ပြည့်နေပြီး အဖြူရောင်အစက် လုံးဝ ရှိမနေပေ။ သို့သော် ရေမျက်နှာပြင်ထွင် လှိုင်းထသလို တုန်ခါမှုလှိုင်းတစ်ခုက အဆက်မပြတ် ရှိနေလေ၏။

ထိုအမျိုးသမီး၏ မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူမက ဘယ်လက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်ပေါ်စေကာ သံလိုက်အိမ်မြှောင်ပေါ်သို့ ကျရောက်စေသည်။ သို့သော် သူမက မည်သည့်အရာကိုမျှ မတွေ့သေးပေ။

သူမ၏အပြုအမူက သူမဘေးရှိ ယပ်တောင်ဖြင့် လူငယ်ကို အာရုံစိုက်မိစေသည်။ သူက ရှေ့သို့ တိုးကာ သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ပြုံး၍ ပြောလာ၏။

“အရမ်းလည်း ယုံမှား သံသယ ဖြစ်မနေပါနဲ့။ စီနီယာအစ်ကို လေဟာနယ်တိမ် ဒီမှာ ရှိမှတော့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်…”

ထိုအမျိုးသမီးက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြ၏။

“စီနီယာအစ်ကို လေဟာနယ်တိမ် လှုပ်ရှားပြီ ဆိုမှတော့ မကြာခင် ဒီဆေးလုံးပင်လယ်က ပျောက်ကွယ်သွားလိမ့်မယ်။ အဲ့ကျရင် ငါတို့ ဒဏ္ဍာရီလာ တဝက်တပျက် ကောင်းကင်ဘုံဆေးလုံးရဲ့ စွမ်းအားကို မြင်နိုင်လိမ့်မယ်…”

ထိုအမျိုးသမီးက အကွာအဝေးတစ်ခုထံ မော့ကြည့်လိုက်သည်။

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ မြူထဲ၌ ရှိနေ၏။ သူက သူတို့ ပြောနေသည့်အကြောင်းအရာကို ခပ်ရေးရေး ကြားသည်။ သူက သူတို့၏အမူအရာများထံမှလည်း တချို့သဲလွန်စများကို သတိပြုမိပြီး ဖြစ်၏။ သူ တချက် စိတ်လှုပ်ရှားမိသွားသည်။

သို့ပေမည့် ထိုအခိုက်တွင် ဆေးလုံးပင်လယ်ထံမှ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာကာ ဒီပင်လယ်သည် အကြမ်းပတမ်း စတင် မြင့်တက်လာ၏။ လှိုင်းများ ပင်လယ်တခွင် စတင် ထန်လာသည်။

ပင်လယ်အနှံ့ မတူညီသော နေရာကိုးခု၌ ဝဲကတော့ကိုးခု ပေါ်လာ၏။ ထိုဝဲကတော့များက တဖြည်းဖြည်း လှည့်ပတ်နေကြသည်။ သို့ပေမည့် ကောင်းကင်ပြိုကွဲသံအလား ဟိန်းမြည်သံတစ်သံ ပဲ့တင်ထပ်လေ၏။

“စီနီယာအစ်ကို စနေပြီ…” ထိုအမျိုးသမီးက လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်နေရာကနေ ရပ်တန့်ကာ အကွာအဝေးတစ်ခုထံ မျှော်လင့်ချက်ဖြင့် လှမ်းကြည့်သည်။

တချိန်တည်းမှာ ပင်လယ်ထံမှ ကျင့်ကြံသူဒါဇင်ချီ အုပ်စုတစ်စုက ပျံသန်းထွက်လာကာ ထိုအမျိုးသမီး ရှိနေသော နေရာထံ ဦးတည်လာကြ၏။

ထိုအုပ်စုမှာ ထိုအမျိုးသမီး၏ အမိန့်အတိုင်း သွားရောက်ခဲ့ပြီး ပြန်လာသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ ဖြစ်သည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူ ဒါဇင်ကျော်သည် အလျင်အမြန်ပင် ကောင်းကင်တခွင် ပျံသန်းနေကြ၏။ သူတို့က ထိုအမျိုးသမီးနှင့် သူမ၏ ပတ်လည်ရှိ ကျင့်ကြံသူများကို အာရုံမစိုက်မိစေပေ။ ဒီလိုလှုပ်ရှားမှုမျိုးက တွေ့နေမြင်နေကျ ဖြစ်တာ ထင်ရှားသည်။

မည်သူကမျှ ကောင်းကင်ထက်ရှိ အတားအဆီးမြူအတွင်း၌ ပုန်းကွယ်နေသော ဝမ်လင်း၏မျက်လုံးထံမှ တစ္ဆေအလင်း ဖြတ်ခနဲ လင်းလက်သွားသည်ကို သတိမပြုမိလိုက်ကြပေ။ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူအုပ်စုက ပျံသန်းထွက်လာသည့်အခါ၌ သူက တရှိန်ထိုး ထိုးထွက်ကာ ထိုကျင့်ကြံသူများထဲမှ တစ်ယောက်၏ နားထဲသို့ ဝင်ရောက်လိုက်လေ၏။

သူ ဝင်ရောက်ခိုက်တွင် ထိုကျင့်ကြံသူက ခဏတာ တုန့်သွားပြီး၏ သူ၏မျက်လုံးထံမှ စိတ်ရှုပ်ထွေးဟန် ဖြတ်ခနဲ လင်းလက်သွားသည်။ သို့ပေမည့် ထိုစိတ်ရှုပ်ထွေးမှုက ခဏအတွင်း တည်ငြိမ်မှုဖြင့် အစားထိုး သွားသည်။ သူက အလံသုံးခုနှင့် အောက်ဘက်ရှိ အမျိုးသမီးတို့ထံ မြန်ဆန်စွာ ပျံသန်းလာ၏။

သို့ပေမည့် ဝမ်လင်း မြူအတွင်းမှ လှမ်းထွက်ကာ ထိုကျင့်ကြံသူ၏ နားအတွင်းသို့ ဝင်ရောက်လိုက်သည့်အခိုက်တွင် အလံများအောက်မှ အမျိုးသမီး၏လက်ထဲရှိ သံလိုက်အိမ်မြှောင်သည် အနည်းငယ် တုန်ယင်သွား၏။ ၎င်းက တစ်ခုခုကို သတိပေးလိုက်သည့် ကဲ့သို့ပင်။ ထိုအမျိုးသမီးက ချက်ခြင်း ငုံ့ကြည့်၏။ သို့သော် သူမ ငုံ့ကြည့်လိုက်ချိန်တွင်မူ အရာအားလုံး အပြီးသပ်သွားခဲ့လေပြီ။

ထိုအမျိုးသမီးဘေးရှိ လူငယ်ကလည်း သူမ၏အမူအရာ ပြောင်းလဲမှုကို သတိပြုမိသဖြင့် ခပ်သွက်သွက် လှမ်းမေးလိုက်၏။ “ဘာကိစ္စ ဖြစ်လို့လဲ…”

“တစ်ခုခုတော့ မှားနေပြီ။ ဒီသံလိုက်အိမ်မြှောင်ဟာ သတိပေးတဲ့အနေနဲ့ သူ့ဟာသူ တုန်သွားသလိုပဲ။ ဘာကြောင့်လဲဆိုတော့ အစိမ်းရောင်မိစ္ဆာကုန်းမြေက မဟုတ်တဲ့ ကျင့်ကြံသူ တစ်ယောက် ဒီဆေးလုံးပင်လယ်ထဲ ဝင်ရောက်လာလို့ပဲ…”

“အဲ့လူဟာ ပုန်းကွယ်ရာမှာ တော်လောက်တယ်။ ငါ သူ့ကို ချက်ခြင်း မရှာနိုင်ဘူး။ စီနီယာအစ်ကိုကျောက်… ငါ့ကို ကူပေးအုံး။ ငါ သံလိုက်အိမ်မြှောင် အစောပိုင်းအခိုက်အတန့်တုန်းက ဘာဖြစ်ခဲ့လဲ ပြန်ပြောင်းကြည့်မလို့…”

ကျောက်စိမ်းဖြူမျက်နှာဖြင့် ထိုလူငယ်က သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအမျိုးသမီး၏ နောက်ကျောထံ ချက်ခြင်း တင်လိုက်၏။ ထိုအမျိုးသမီးက အသက်ဝဝရှုထုတ်သည်။ သူမ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူမက လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်ကာ သူမ၏ဆရာ သူမကို သင်ပေးခဲ့သော နည်းလမ်းကို အသုံးပြုကာ ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး သံလိုက်အိမ်မြှောင်ထံ လက်ညွှန်လိုက်သည်။

သူမက သူမ စေလွှတ်လိုက်သော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူဒါဇင်ချီ ပြန်လာနေသည်ကို သတိမပြုပေ။ သူတို့က သူမနှင့် နီးသထက် နီးလာကြ၏။

ထိုကျင့်ကြံသူအုပ်စုများထဲ၌ ပုန်းကွယ်နေသော သတ်ဖြတ်လိုသည့် အကြည့်တစ်ခု ရှိနေချေ၏။

All Chapters