← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 56 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 56 Ch. 723-724

အခန်း ၇၂၃ - ကျူးကျော်သူများ၊ ယိတုန်းနိုင်ငံနှင့် သုံ့ပန်းများ

ဗွမ်း....

ရန်သူ့အမြောက်ကျည်များသည် သူတို့ရှေ့ရှိ ပင်လယ်ပြင်ထဲသို့ ပြင်းထန်စွာ ကျရောက်သွားပြီး ရေလှိုင်းများကို အပေါ်သို့ ပန်းထွက်သွားစေခဲ့၏။

ထိုသင်္ဘောများပေါ်ရှိ အမြောက်များသည် အမြင့်ဆုံး ပစ်ခတ်နိုင်စွမ်း မီတာတစ်ထောင်သာရှိကြောင်း ရှောင်းယီက ပြောခဲ့ဖူးသည်။ ထိုသင်္ဘောများသည် ကမ်းခြေနှင့် မီတာတစ်ထောင်ခန့် အကွာတွင် ရှိနေသဖြင့် ကမ်းခြေမှ မီတာဆယ်ဂဏန်းထက် ပိုဝေးသောနေရာကို ထိမှန်ရန်မှာ မဖြစ်နိုင်ပေ။

ကျန်းယွင်ထျန်းနှင့် အခြားသူများမှာ ကမ်းခြေနှင့် မီတာတစ်ဆယ်အကွာတွင် အတိအကျ ရှိနေကြခြင်း ဖြစ်သည်။

သို့သော် အမြောက်ကျည်များသည် ကမ်းစပ်သို့ တည့်တည့်ကျလာသဖြင့် ကျွန်းခေါင်းဆောင်မှာ ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

“မင်း နောင်ကျရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ရမယ်။”

ကျန်းယွင်ထျန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“လေ့ကျင့်ခန်းတွေက တကယ် လုပ်ဖို့ လိုလို့လား။”

ထိုလူက ခက်သီးနေသော မျက်နှာဖြင့် မေးလိုက်သည်။

“ဒါပေါ့။ မင်း ခုနက နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းက စစ်အမိန့်ကို ဖောက်ဖျက်တာနဲ့ အတူတူပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ။”

ထိုလူက ဆက်၍ ငြင်းမနေတော့ဘဲ တုံ့ပြန်လိုက်သည်။

ကမ်းခြေအား မထိမှန်နိုင်သည်ကို တွေ့လိုက်ရသောအခါ ထိုသင်္ဘောများသည် ရှေ့သို့ အနည်းငယ်စီ ဖြည်းဖြည်းချင်း တိုးလာခဲ့ကြ၏။

“ပစ်...”

အမြောက်တပ်မှူးက အော်ဟစ် အမိန့်ပေးလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း

ကမ်းခြေရှိ အမြောက်များက ချက်ချင်းပင် ဟိန်းဟောက်ကာ ပစ်ခတ်လိုက်ကြ၏။ ထိုသံချပ်ကာ ရေနွေးငွေ့ရွက်လှေများပေါ်ရှိ စစ်သားများသည် အထင်သေးသော အမူအရာများ ရှိနေကြခဲ့သည်။

“ဟက်...ဒီလောက် အကွာအဝေးကနေ သူတို့ ငါတို့ကို လုံးဝ မထိနိုင်ဘူး။”

“ထိခဲ့ရင်တောင် ငါတို့သင်္ဘောတွေက သာမန်သစ်သားလှေတွေလိုမျိုး မဟုတ်ဘူး။ သူတို့ရဲ့ သံလုံးကျည်တွေနဲ့ မဖျက်ဆီးနိုင်ဘူး။”

“ငါတို့သင်္ဘောတွေက ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးပဲ။ တခြားသူတွေက ရေနွေးငွေ့အင်ဂျင်ပဲ ထုတ်နိုင်သေးတဲ့အချိန်မှာ ငါတို့က ရေနွေးငွေ့သင်္ဘောတွေတောင် တည်ဆောက်ပြီးနေပြီ။”

သို့သော် သူတို့ စကားမဆုံးခင်မှာပင် အမြောက်ကျည်များသည် လေထဲမှ တရွှီရွှီ မြည်သံပေးကာ သူတို့သင်္ဘောများပေါ်သို့ ကျရောက်လာခဲ့၏။

ဝုန်း ဝုန်း ဝုန်း

အမြောက်ကျည်များသည် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။ ထိုအရာများသည် သူတို့ ထင်ထားသလို သံလုံးကျည်များ မဟုတ်ဘဲ လုံးဝ ကွဲပြားနေခဲ့၏။

“အဲ့ဒါက... ပေါက်ကွဲသွားတာလား။”

စစ်သားတစ်ဦးသည် ခြေထောက်များ တုန်ယင်ကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ရေယာဉ်စု ခေါင်းဆောင်က ချက်ချင်း အော်ဟစ်လိုက်၏။

“သင်္ဘောတွေအားလုံး... ချက်ချင်း ဆုတ်ခွာပြီး ပြုပြင်ကြ။”

ထိုတစ်ချီ ပစ်ခတ်မှုဖြင့်ပင် သူတို့၏ သင်္ဘော ၆ စင်းစလုံး ဒုက္ခရောက်သွားပြီ ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူတို့ မအောင်မြင်နိုင်သဖြင့် အလျင်အမြန်ဆုတ်ခွာရန် ဖြစ်သည်။

ကျန်းယွင်ထျန်းသည် ထိုသံချပ်ကာ သင်္ဘောများ လှည့်ထွက်သွားသည်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

“အခုမှ ထွက်သွားချင်တာလား။ နောက်ကျသွားပြီ။ သူတို့ကို အမြောက်တွေနဲ့ ဆက်တိုက်ပစ်ပြီး ဒီမှာပဲ ထားခဲ့လိုက်။ နေဗီတပ်ဖွဲ့တွေ ထွက်ကြ။”

“ဟုတ်ကဲ့”

မဟာမိတ် အရှေ့ဘက်ကျွန်း အနီးရှိ နေဗီတပ်ဖွဲ့များသည် ထိုသင်္ဘော ၆ စင်းကို ဝိုင်းရံရန် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ကမ်းခြေမှ အမြောက်များကလည်း မရပ်မနား ဆက်တိုက် ပစ်ခတ်လိုက်ကြသည်။

“တောက်...သူတို့ အမြောက်တွေက ဘာလို့ ဒီလောက် တောင်အဝေးကြီး ပစ်နိုင်ရတာလဲ။ အားလုံး လူစုခွဲပြီး ထွက်ပြေးကြ။”

ခေါင်းဆောင်က အော်ပြောလိုက်၏။

သင်္ဘော ၆ စင်းသည် လမ်းကြောင်းအသီးသီးသို့ ခွဲကာ ထွက်ပြေးလိုက်ကြသော်လည်း ကမ်းခြေရှိ အမြောက်တပ်ဖွဲ့များသည်လည်း ဧရိယာအလိုက် တာဝန်ခွဲဝေထားပြီးသားဖြစ်သည်။ သူတို့၏ နယ်မြေအတွင်း ရောက်လာသည်နှင့် အမြောက်ဒဏ်ကို ဆက်တိုက်ခံရမည်သာဖြစ်သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ နေဗီတပ်ဖွဲ့များသည်လည်း ဝိုင်းရံထားပြီးဖြစ်၏။ ထိုနေဗီသင်္ဘောများတွင်လည်း A အဆင့်အမြောက်များ ပါရှိပြီး လှုပ်ရှားနေရင်းမှာပင် ကျူးကျော်လာသော သံချပ်ကာ သင်္ဘော ၆ စင်းကို စတင်ပစ်ခတ်တော့လေသည်။

ဝုန်း ဝုန်း ဝုန်း

နှစ်ဖက်စလုံး လှုပ်ရှားနေကြသော်လည်း အကွာအဝေးမှာ နီးကပ်လွန်းနေသဖြင့် ထိမှန်မှာနှုန်းမှာ အလွန်မြင့်မားလှ၏။

ရန်သူဘက်ကလည်း ပြန်လည်ပစ်ခတ်သော်လည်း သူတို့၏ သံလုံးကျည်များမှာ အစွမ်းထက်ခြင်းမရှိပေ။ သင်္ဘောများကို အနည်းငယ်သာ ပျက်စီးစေနိုင်ပြီး ထိုပျက်စီးမှုများကိုလည်း ချက်ချင်း ပြန်လည် ပြုပြင်နိုင်ခဲ့ကြသည်။

သင်္ဘောပေါ်ရှိ သင်္ဘောသားများသည်လည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး ထိုသံလုံးများက သူတို့ကို မထိမှန်နိုင်ပေ။ ဤသို့ဖြင့် ရန်သူသည် ၁၀ မိနစ်ခန့်သာ ခံနိုင်ရည်ရှိပြီးနောက် အလံဖြူ ထောင်လိုက်ကြတော့လေသည်။

ရန်သူ၏ ထိုလုပ်ရပ်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းက ချက်ချင်း ထရပ်လိုက်၏။

“သူတို့က အသက်ရှင်ကျန်ရစ်သူတွေပဲ ဖြစ်ရမယ်။ ဒီကမ္ဘာက လူတွေက အလံဖြူထောင်တာဟာ လက်နက်ချတာလို့ သိမှာမဟုတ်ဘူး။”

“ပစ်ခတ်မှုကို ခဏရပ်လိုက်။ ဘာသာစကား နှစ်မျိုးလုံးနဲ့ အော်ပြောပြီး တစ်ဖက်လူကို သင်္ဘောတွေ ရပ်ခိုင်းလိုက်။ လက်ကို မြှောက်ထားခိုင်းပြီး ကုန်းပတ်ပေါ်မှာ ရပ်စောင့်ခိုင်းလိုက်။ ငါ ကိုယ်တိုင် သွားမယ်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် အပျော်စီးရွက်သင်္ဘောကို ချက်ချင်း လဲလှယ်ယူကာ မောင်းနှင်သွားခဲ့သည်။

သူ အနားသို့ ချဉ်းကပ်သွားသောအခါ ဒိုင်းတစ်ချပ်နှင့် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး တစ်ဖက်လူကို သေသေချာချာ အကဲခတ်လိုက်၏။ ပတ်ပတ်လည်ရှိ သင်္ဘောများသည်လည်း လေး၊ မြားနှင့် သေနတ်ကိုင်စစ်သားများနှင့်အတူ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့ကြသည်။

“မလှုပ်နဲ့ လက်မြှောက်ထားစမ်း။ ငါ့ကို အထင်လွဲစေမယ့် ဘယ်အပြုအမူမှ မလုပ်နဲ့။ မဟုတ်ရင် ငါတို့လက်ထဲက သေနတ်တွေက အလိုလို ပေါက်ကွဲသွားလိမ့်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်ပြီး စစ်သားများကို မှာကြားလိုက်၏။

“ဘယ်သူပဲဖြစ်ဖြစ် မဆင်မခြင် လှုပ်ရှားရင် ချက်ချင်း သတ်ပစ်လိုက်။”

“ဟုတ်ကဲ့။”

ရွက်လှေအနားသို့ ရောက်သွားသောအခါ ကျန်းယွင်ထျန်းသည် ရန်သူ့သင်္ဘောပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။ ထိုအချိန်တွင် သူတို့၏ သင်္ဘောမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ ပြင်းထန်သော အမြောက်ဒဏ်ကြောင့် အချိန်မီ ပြန်လည်မပြုပြင်နိုင်တော့ပေ။ တိတိကျကျ ပြောရလျှင် သူတို့၏ ကျွန်းဆီသို့ ပြုပြင်ရေး ပစ္စည်းများ လဲလှယ်ယူရန် အချိန်မရခဲ့ခြင်းဖြစ်သည်။

ကျန်းယွင်ထျန်းသည် သင်္ဘောပေါ်သို့ ရောက်သောအခါ အခန်းများအတွင်း စစ်သားများ ပုန်းအောင်းနေခြင်း ရှိ၊ မရှိ သေချာစစ်ဆေးကြည့်လိုက်၏။ စစ်ဆေးပြီးနောက် သူက ပြောလိုက်သည်။

“စိတ်ချရပြီ။ သူတို့အကုန်လုံးကို ပြန်ခေါ်သွား။”

ဤတိုက်ပွဲသည် မြန်မြန်ဆန်ဆန် စတင်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ရှောင်းယီဘက်မှ ရန်သူအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ သုံ့ပန်းခေါင်းဆောင်နှင့် အဖွဲ့ခေါင်းဆောင်များကို ကျွန်းမကြီးပေါ်ရှိ အကျဉ်းထောင်သို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ကြ၏။ ထိုနေရာတွင် သတင်းရရှိထားသော ရှောင်းယီက သူတို့ကို စောင့်ကြိုနေပြီဖြစ်သည်။

“ပြောစမ်း...”

ရှောင်းယီက သူတို့ကို ကြည့်ကာ မေးလိုက်၏။

“မင်းတို့က ဘယ်သူတွေလဲ။ ဘယ်က လာကြတာလဲ။”

ခေါင်းဆောင်ဖြစ်သူက နားမလည်နိုင်သော ဘာသာစကားဖြင့် ချက်ချင်း စတင်ပြောဆိုတော့သည်။ ကျန်းယွင်ထျန်းက မျက်ခုံးပင့်ကာ ပြောလိုက်၏။

“ဂျပန်(ယိတုန်း)နိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေလား။”

အကြောင်းမှာ ထိုလူ၏ စကားထဲတွင် ‘ယာမဲ့တေး’ (Yamete) ၊ ‘စူဂွိုင်း’ (Sugoi) စသည့် စကားလုံးများကို သူ ခပ်ရေးရေး ကြားလိုက်ရသောကြောင့်ဖြစ်သည်။

ရှောင်းယီသည် အမျိုးသားတိုင်း နားလည်နိုင်သော အပြုံးမျိုးကို ပြုံးလျက် ပြောလိုက်၏။

“ကြည့်ရတာ မင်းက အဲဒီနိုင်ငံရဲ့ အဓိက ဝေါဟာရတွေကို ကျွမ်းကျင်နေပုံပဲ။”

ကျန်းယွင်ထျန်းသည် စကားမပြောနိုင်ဖြစ်သွားခဲ့ပြီး မျက်လုံးလှန်ပြလိုက်မိသည်။

ရှောင်းယီသည် အမှန်တကယ်တွင် ထိုနိုင်ငံ၏ ဘာသာစကားကို နားမလည်သော်လည်း သူ့တွင် တယ်လီပသီစွမ်းရည်ရှိသဖြင့် လူချင်း မျက်နှာချင်းဆိုင် ပြောဆိုနေသရွေ့ မည်သည့် အဟန့်အတားမျှ မရှိပေ။

ကျန်းယွင်ထျန်းနှင့် နောက်ပြောင်ပြီးနောက် ရှောင်းယီက ခေါင်းဆောင်ကို ကြည့်ကာ ဆက်မေးလိုက်သည်။

“မင်းတို့ဆီမှာ ပြည်တွင်းရေး ပေါင်းစည်းသွားပြီလား။”

“မဖြစ်သေးပါဘူး။ ဒါပေမဲ့ အခြေခံအားဖြင့် ကျွန်းကြီး ၄ ကျွန်းက မဟာမိတ် ဖွဲ့ထားကြတယ်။ ကျန်တာကတော့ ဟိုတစ်စ ဒီတစ်စ ကျွန်းငယ်လေးတွေပါ။ အခု ဒီသံချပ်ကာ ရေနွေးငွေ့ရွက်လှေကို ထုတ်လုပ်နိုင်သွားလို့ သူတို့တွေ တစ်မျိုး ပြန်ရမ်းချင်နေကြတာ။”

ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက မျက်ခုံးပင့်လိုက်၏။

“သူတို့က အရင်ကမ္ဘာတုန်းကလို ငါတို့ ရှားနိုင်ငံဆီကနေ နယ်မြေတွေနဲ့ ရတနာတွေကို လုယူချင်နေကြတာပေါ့ ဟုတ်လား။”

“အဲဒါ သူတို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ အမှန်အတိုင်း ပြောရရင် ကျုပ်ကတော့ အဲဒါကို ကန့်ကွက်ပါတယ်။”

ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်၏။

ရှောင်းယီက ထိုခေါင်းဆောင်ကို ရယ်စရာသဖွယ် ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့နိုင်ငံက စစ်သားတွေမှာ ‘ဘူရှီဒို’ (Bushido) စိတ်ဓာတ် ရှိကြတယ်လို့ ငါ ကြားဖူးပါတယ်။ မင်းလို ပျော့ညံ့တဲ့လူက ဘယ်လိုလုပ် ခေါင်းဆောင် ဖြစ်လာတာလဲ။”

“ဘူရှီဒိုလား။ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ကျုပ်က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူပါ။ ဒါပေမဲ့ ကျုပ်က ရှားနိုင်ငံရဲ့ စစ်ဗျူဟာ စာအုပ်တွေကို ဖတ်ဖူးပြီး အပေါ်ယံလောက် သိထားတာမို့ သူတို့က ကျုပ်ကို စစ်တပ်ကို ဦးဆောင်ခိုင်းခဲ့တာ။ ကျုပ်က ကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ပြီး ပိုးစာပင်တွေပဲ စိုက်ချင်တာပါ။”

ခေါင်းဆောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“မင်းရဲ့စကားကို လောလောဆယ်တော့ ယုံပေးလိုက်မယ်။ ဒါပေမဲ့ မင်းက ငါ့ကျွန်းကို ကျူးကျော်ဖို့ ရွေးချယ်ခဲ့တာဆိုတော့ တစ်သက်လုံး အကျဉ်းကျခံဖို့ ပြင်ထားပေတော့။”

ထိုအခါ ခေါင်းဆောင်သည် ချက်ချင်းပင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ပြောလိုက်၏။

“ကျုပ်အသက်ကို ချမ်းသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး။ ကျုပ် ကျွန်းရဲ့ အကျဉ်းထောင် စည်းကမ်းတွေကို သေချာပေါက် လိုက်နာပါ့မယ်။”

ဤမျှပျော့ညံ့သောလူကို ရှောင်းယီသည် သတ်ရန် စိတ်မဝင်စားပေ။ ထို့အပြင် သူ့ဘက်မှလည်း ကြီးကြီးမားမား ဆုံးရှုံးမှု မရှိခဲ့ပေ။ ကျွန်းပေါ်တွင် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပိုရှိနေခြင်းကလည်း သူ့အတွက် ထောက်ပံ့ရေးသေတ္တာ ၆ လုံး ပိုရနိုင်စေမည် မဟုတ်ပါလော။

ရှောင်းယီ စဉ်းစားစရာ တစ်ခု ရသွားခဲ့သည်။

“ဒါနဲ့ မင်းတို့ ဒီကို ဘယ်လို ရောက်လာတာလဲ။”

ရှားနိုင်ငံ ဧရိယာနှင့် ထိုနိုင်ငံ၏ဧရိယာမှာ ကပ်လျက်ရှိသင့်သော်လည်း သူတို့ကြားရှိ အကွာအဝေးမှာ ရက်ပိုင်းအတွင်း ရောက်လာနိုင်သော အကွာအဝေး မဟုတ်ပေ။

အခန်း ၇၂၄ - အမြောက်ကျည်အတွက် သံနှင့် အုတ်မြစ်ကျောက်များ

ခေါင်းဆောင်ဖြစ်သူက ချက်ချင်းပင် ပြန်ဖြေလာ၏။

“ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒေသခံမျိုးနွယ်စုတစ်ခုကို အနိုင်တိုက်ခဲ့ပါတယ်။ အဲဒီမျိုးနွယ်စုမှာ ဦးတည်ချက်ကျောက်တစ်ခု ရှိနေတာပါ။ အဲဒါကို အသုံးပြုပြီးတဲ့နောက်မှာ ဒါက တခြားဧရိယာတစ်ခုရဲ့ လမ်းညွှန်ဖြစ်နေမှန်း သိလိုက်ရလို့ တခြားကျွန်းတွေကို သိမ်းပိုက်ဖို့ ချီတက်လာခဲ့တာပါ။”

“ငါတို့ ရှားနိုင်ငံပိုင်နက်အတွက် ဦးတည်ချက်ကျောက်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရတယ်ပေါ့ ဟုတ်လား။”

ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။ခေါင်းဆောင်၏မျက်နှာမှာ ရှုံ့မဲ့သွား၏။

“ကျုပ်လည်း သေချာမသိပါဘူး။ အရင်တုန်းက မှော်ဆရာတစ်ယောက်က ခင်ဗျားတို့ရဲ့ ဧရိယာကို ကျူးကျော်ဖို့ အဖွဲ့တစ်ဖွဲ့ ဦးဆောင်ခဲ့ဖူးတယ်လို့ ကြားပါတယ်။ အဲဒီတုန်းက သူ့ရဲ့ လက်ဖြောင့်စနိုက်ပါသမား တစ်ယောက်က ဒီဘက်မှာ စာချုပ်စွမ်းအားကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။”

ဤစကားကို ကြားလိုက်ရသောအခါ ရှောင်းယီ အရာအားလုံးကို နားလည်သွားခဲ့သည်။ ကျန်းရွှယ်ကို ဖမ်းဆီးခဲ့သည့် မျိုးနွယ်စုသည် ယိတုန်းနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူတို့သည် ရှားနိုင်ငံနယ်မြေကို ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်းပိုင်ရှင်... အခြေအနေ ဘယ်လိုရှိလဲ။”

ကျန်းယွင်ထျန်းသည် တစ်ချိန်လုံး ဘေးတွင် ရှိနေသော်လည်း ‘ယာမဲ့တေး’ ကဲ့သို့သော စကားလုံးများမှအပ ကျန်သည့်စကားများကို လုံးဝ နားမလည်ပေ။

“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ယိတုန်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေက သူတို့ဧရိယာထဲမှာတင် လှုပ်ရှားရတာကို အားမရဘဲ ငါတို့ ရှားနိုင်ငံနယ်‌မြေလိုမျိုး တခြားနေရာတွေကို မျက်စိကျလာတယ်လေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် ဒူးထောက်ကာ ဦးတိုက်နေသော ထိုခေါင်းဆောင်ကို သံသယဖြင့် ကြည့်လိုက်၏။

“သူတို့က တကယ်ပဲ ယိတုန်းနိုင်ငံက စစ်သားတွေလား။ ကြည့်ရတာတော့ မတူပါဘူး။”

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်းတွေ ပေါင်းစပ်လို့ ရသွားတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အင်အားက ပိုပြီးတောင့်တင်းလာတယ်။ တချို့လူတွေက လှုပ်ရှားချင်စိတ် ပြင်းပြနေတာကတော့ နားလည်ပေးလို့ ရပါတယ်။”

ရှောင်းယီက ဆိုလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ဒီသုံ့ပန်းတွေကို ဘာလုပ်ရမလဲ။ အကုန်သတ်ပစ်လိုက်ရမလား။”

“မလိုပါဘူး။ မင်းရဲ့ မရီးက ယိတုန်းနိုင်ငံရဲ့ ဘာသာစကားကို နားလည်တယ်။ သူ့ကို စစ်မေးခိုင်းလိုက်ပါ။ သူတို့ဆန္ဒအလျောက် လက်နက်ချပြီး နောင်တရတဲ့သူတွေကိုတော့ တစ်သက်လုံး အကျဉ်းချထားလိုက်မယ်။ တကယ်လို့ ခေါင်းမာနေသေးတဲ့သူတွေ ရှိရင်တော့ သတ်ပစ်လိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး မေးလိုက်သည်။

“ဒါဆို ငါတို့ဘက်ကနေ အရင်ဦးအောင် သွားတိုက်ပြီး ယိတုန်းနိုင်ငံရဲ့ ကျွန်းတွေကို သိမ်းပိုက်သင့်သလား။”

“စဉ်းစားလို့တော့ ရပါတယ်။ အရင်ဆုံး ဦးတည်ချက်ကျောက်ကို ရှာလိုက်ပါ။ ပြီးမှ သေသေချာချာ စီစဉ်ကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာပြီး ယိထျန်းဂရုထဲတွင် ချက်ချင်း ပြောလိုက်၏။

“မိတ်ဆွေတို့... ဒီနေ့ ကျုပ် ယိတုန်းနိုင်ငံရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတယ်။ ကျေးဇူးပြုပြီး အချင်းချင်း တိုက်ခိုက်မနေကြပါနဲ့တော့။ အခုဆို တခြားနိုင်ငံတွေက ကျုပ်တို့ ရှားနိုင်ငံ ဧရိယာကို မျက်စိကျနေကြပြီ။”

“ဘာ...ယိတုန်းနိုင်ငံက ကောင်တွေ ပြန်ရောက်လာပြန်ပြီလား။ တောက်... အရင်ကမ္ဘာတုန်းက သူတို့ ငါတို့ကို တစ်ခါနိုင်ခဲ့တာက ငါတို့ ရှားနိုင်ငံအတွက် ထာဝရ နာကျင်မှုပဲ။ အခု သူတို့က ထပ်လာရဲသေးတယ်ပေါ့။ ငါ သူတို့ကို အသေရိုက်သတ်ပစ်မယ်။”

“အရင်ဆုံး လေကြီးမနေနဲ့ဦး။ သူဌေး ပြောပြတဲ့ သူတို့ရဲ့ အင်အားကို အရင်နားထောင်ကြည့်ရအောင်။”

“ယိတုန်းနိုင်ငံကို ဘယ်လိုမှ သဘောမကျပေမဲ့ အရင်ကမ္ဘာတုန်းက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ငါတို့ထက် ပိုကောင်းခဲ့တာတော့ အမှန်ပဲ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျုပ် အခုထိ တွေ့ရှိရသလောက်တော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မဆိုးဘူးလို့ ပြောရမယ်။ ဒီတစ်ခါ သူတို့ ကျုပ်ကို လာတိုက်တာက သံချပ်ကာ ရေနွေးငွေ့ရွက်လှေတွေကို သုံးထားတာ။ ခုခံအား အတိုင်းအတာတစ်ခုအထိ ရှိပေမဲ့ ကျုပ်တို့ရဲ့ ပေါက်ကွဲစေတတ်တဲ့ ဗုံးဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။”

“သေစမ်း... အဲဒီယိတုန်းကကောင်တွေက အခြေအနေ တော်တော်ကောင်းနေတာပဲ။ ရေနွေးငွေ့သင်္ဘောတွေတောင် ဆောက်နေပြီဆိုတော့ ငါတို့ထက် ပိုအဆင့်မြင့်နေပြီပေါ့။”

“ကြည့်ရတာ ဒီကမ္ဘာမှာလည်း သူတို့ရဲ့ သင်္ဘောတည်ဆောက်မှု နည်းပညာက တိုးတက်နေဆဲပဲ။”

“အခုတော့ တကယ် တိုက်လို့ရပြီ။ အရင်ကမ္ဘာတုန်းက ရှားနိုင်ငံက ငြိမ်းချမ်းရေးကို မြတ်နိုးခဲ့ပေမဲ့ ဒီမှာတော့ ငါကိုယ်တိုင် ဆုံးဖြတ်မယ်။ ယိတုန်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေကို အသေအကြေ စစ်ကြေညာတယ်ကွ။”

“စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဦး။ ဒါကို သေသေချာချာ စီစဉ်ရမယ်။ ငါတို့ ရှားနိုင်ငံနယ်မြေကတင် အရမ်းကြီးနေတာ။ တခြားနယ်မြေတွေအထိ သွားတိုက်ဖို့ဆိုတာက ခရီးလမ်းမှာတင် ၁၀ ရက်မဟုတ် ရက် ၂၀ လောက် ကြာလိမ့်မယ်။”

“ဟုတ်တယ် ယိတုန်းနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေက ဒီကို ဘယ်လို ရောက်လာတာလဲ။”

ရှောင်းယီက ဆက်လက်ရှင်းပြလိုက်သည်။

“သူတို့က ငါတို့ရှားနိုင်ငံကို မတော်တဆ ကျူးကျော်ခဲ့တဲ့ ဒေသခံတွေဆီကနေ ဦးတည်ချက်ကျောက်ကို ရခဲ့တာ။”

“သောက်ကျိုးနည်း... အဲဒီလောက်တောင် တိုက်ဆိုင်ရလားဟ။”

“ဒီလို တိုက်ဆိုင်မှုမျိုးကို ကျုပ်လည်း မယုံပေမဲ့ တကယ် ဖြစ်ပျက်ခဲ့တာဆိုတော့ အားလုံး သတိထားကြပါ။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်။

“ပေါင်းစပ်မှုကြီး ပြီးသွားရင် တစ်ခုခု ထူးခြားလာတော့မယ်ဆိုတာ ငါ သိသားပဲ။ အခုတော့ နိုင်ငံတကာစစ်ပွဲတွေ ဖြစ်လာတော့မှာပေါ့။”

“ဘာနိုင်ငံတကာစစ်ပွဲလဲ။ ဒါက မင်းမှာ ဦးတည်ချက်ကျောက် ရှိမှ ဖြစ်မှာ။ မဟုတ်ရင် လမ်းမှာတင် မင်းရဲ့ ခွန်အားတွေ အကုန်ကုန်သွားလိမ့်မယ်။”

“ဒါဆို ငါတို့ အချင်းချင်း ပဋိပက္ခတွေကို ခေတ္တ ဘေးဖယ်ထားလို့ ရမလား။ ပြင်ပရန်သူတွေကို စည်းစည်းလုံးလုံးနဲ့ တိုက်ထုတ်ရမယ်။ အရင်ကမ္ဘာက လူတွေက ဒေသခံတွေ မဟုတ်ဘူး။ သူတို့ဆီမှာ ခေတ်မီတဲ့ အတွေးအခေါ်တွေ ရှိတယ်။ ဒေသခံတွေထက် ကိုင်တွယ်ရ ပိုခက်လိမ့်မယ်။”

“ယိတုန်းနိုင်ငံတင် မဟုတ်ဘူး။ တိုက်သစ်ကြီးက ဒေသခံအင်အားစုတွေကလည်း အုတ်မြစ်ကျောက်ကျွန်းတွေကို သိမ်းပိုက်ပြီး ခြေကုပ်ရလာတဲ့နောက်မှာ စတင် လှုပ်ရှားနေကြပြီ။”

“ဘာ...။ မင်း တိုက်ခိုက်ခံလိုက်ရတာလား။”

“ဒါပေါ့။ မဟုတ်ရင် ငါ ဘာလို့ ပြောမလဲ။ သူဌေး... ကျုပ် အမြောက်ကျည်တွေ အများကြီး ဝယ်ချင်ပါတယ်။ ခင်ဗျားရဲ့ အမြောက်ကျည်တွေက အခုအချိန်မှာ အကောင်းဆုံး လက်နက်ပဲ။”

ထိုသူ၏ သတင်းကို မြင်သောအခါ ရှောင်းယီက ပြန်ဖြေလိုက်၏။

“လောလောဆယ် သံကုန်ကြမ်းမလုံလောက်လို့ အမြောက်ကျည် အရေအတွက်က အကန့်အသတ် ရှိနေတယ် “

“သူဌေးကလည်း စောစောက ပြောရောပေါ့။ ကျုပ်ဆီမှာ သံရည်ကျိုပြီးသားတွေ ရှိပါတယ်။ ကျုပ် ကုန်ကြမ်းတွေ ထောက်ပံ့ပေးမယ်။ အမြောက်ကျည်ဈေးကို လျှော့ပေးလို့ ရမလား။”

ထိုလူက ချက်ချင်း ပြန်ဖြေလိုက်သည် ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။

“ရတာပေါ့”

သူက ပြန်ဖြေလိုက်သည်။ လက်ရှိ အဓိက ပြဿနာမှာ သံဓာတ် ရှားပါးနေခြင်း ဖြစ်သည်။ ဝေပေါ်နှင့် ဓာတ်ခွဲခန်းသည် ယမ်းမှုန့်များကို တစ်ပြိုင်နက် ထုတ်လုပ်နေသဖြင့် ယမ်းအတွက်မူ လောလောဆယ် စိတ်မပူရပေ။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အရောင်းအဝယ်တစ်ခုကို ချက်ချင်း တင်သွင်းလိုက်၏။

“[ပေါက်ကွဲစေတတ်သော ဗုံး (S အဆင့်)] ၁ လဲလှယ်မည် [အုတ်မြစ်ကျောက်] ၆ ၊ [သံ] ၅”

ထိုလဲလှယ်မှု ထွက်ပေါ်လာသည်နှင့် လူတိုင်း ချက်ချင်းပင် ဟိုးဟိုးကျော် ဖြစ်သွားကြတော့သည်။

“သူဌေးကတော့ တကယ့်ကို လန်းတယ်ဟေ့။ ဈေးကို တစ်ခါတည်း အများကြီး လျှော့ပေးလိုက်တာပဲ။ အရင်က အမြောက်ကျည်တစ်လုံးကို အုတ်မြစ်ကျောက် ၁၀ ခု ပေးခဲ့ရတာ။”

“ဟုတ်တယ်။ သံ ၅ ခု ပိုပေးလိုက်ရုံနဲ့ အုတ်မြစ်ကျောက် ၄ ခု သက်သာသွားတာပဲ။”

“မြန်မြန်... မဟာမိတ်အဖွဲ့ထဲမှာ ရှိသမျှ သံတွေအားလုံးကို အမြောက်ကျည်နဲ့ သွားလဲကြ။ အခုအချိန်မှာ အရေးကြီးဆုံးက ကျွန်းကို ကာကွယ်ဖို့ပဲ။”

ထိုစဉ် ရှောင်းယီက ပြန်ပြောလိုက်၏။

“ဈေးနှုန်း လျှော့ပေးရတာက လူတိုင်း ကိုယ့်ရဲ့ အိုးအိမ်ကို ပိုပြီးကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံးပဲ ဒေသခံတွေနဲ့ ပြင်ပကျူးကျော်သူတွေရဲ့ ရန်ကနေ အသက်ရှင် လွတ်မြောက်နိုင်ကြပါစေလို့ မျှော်လင့်တယ်။”

“ကျေးဇူးတင်ပါတယ် သူဌေး။”

“ဒါကမှ အကြီးအကဲရဲ့ စိတ်ဓာတ်ပဲ။ ဒါကပဲ ငါနဲ့ သူဌေးရဲ့ကြားက ခြားနားချက်များလား။”

အမှန်စင်စစ် ပေါက်ကွဲစေတတ်သော ဗုံးတစ်လုံးအတွက် သံ ၁ ခုသာ လိုအပ်သော်လည်း ရှောင်းယီက ၅ ဆ တောင်းဆိုလိုက်ခြင်းမှာ ကျွန်းပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းအမျိုးမျိုးအတွက် ဖြစ်သည်။ သံရှားပါးမှုက အလွန်ကြီးမားနေသည် မဟုတ်ပါလား။

အချို့သော ပြည်ပအင်အားစုများသည်လည်း ယိထျန်းဂရုအတွင်းရှိ သူလျှိုများမှတစ်ဆင့် ဤအရောင်းအဝယ်ကို သိရှိသွားခဲ့ကြသည်။ သူတို့သည်လည်း သူတို့ဆီ၌ရှိသော သံများကို စုဆောင်းကာ ပေါက်ကွဲစေတတ်သော ဗုံးများ ဝယ်ယူရန် ပြင်ဆင်ကြတော့သည်။

နောက်ပိုင်း အချိန်များတွင် ရှောင်းယီသည် အရောင်းအဝယ်များကို ဆက်တိုက်ပြုလုပ်ခဲ့၏။ နှစ်နာရီခန့်အကြာတွင် သူ ရရှိလိုက်သော သံပမာဏမှာ သန်း ၄၀ နီးပါး ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

ဤမျှများသော သံပမာဏဖြင့် ကျွန်းပတ်ရထားလမ်းကို အပြည့်အဝ ခင်းကျင်းနိုင်ရုံသာမက အများကြီးပင် ပိုလျှံနေသေး၏။ ကျွန်းကူးလမ်းကြောင်းများကိုပင် စီစဉ်နိုင်ပေပြီ။

ဤသို့ဖြင့် ပေါင်းစပ်ထားသော ကျွန်းများကို ဆက်သွယ်ပေးနိုင်မည်ဖြစ်ပြီး ကျွန်းပေါ်ရှိ မျိုးနွယ်စု ၄ ခုနှင့် ထိုကျွန်းများအကြား ဆက်သွယ်ရေးကို ပိုမို လွယ်ကူချောမွေ့စေမည်ဖြစ်သည်။

ဤအချက်ကို စဉ်းစားမိသည်နှင့် ရှောင်းယီသည် အန်းယွဲ့ကို ချက်ချင်းပင် ဖုန်းခေါ်ကာ ဤကိစ္စကို ရှင်းပြလိုက်၏။

“ကျွန်းပိုင်ရှင်... ဒါက ကျွန်းနဲ့ ကျွန်းသူကျွန်းသားတွေအတွက် အကျိုးရှိမယ့် ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ။”

အန်းယွဲ့က ဝမ်းသာအားရ ပြောလိုက်သည်။

All Chapters