အခန်း (၇၂၅-၇၂၆)
Vol. 56 Ch. 725-726
အခန်းး ၇၂၅ - ရထားလမ်း စီမံကိန်းနှင့် နှင်း
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အရင်ဆုံး ရထားလမ်းကြောင်း မြေပုံတစ်ခု ဆွဲလိုက်ပါ။ တစ်ချိန်တည်းမှာပဲ လမ်းကြောင်းတစ်လျှောက်မှာ အဟန့်အတား ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်လိုက်ဦး။ အဟန့်အတားရှိရင် ချက်ချင်း ရှင်းလင်းလိုက်ပါ။ အားလုံး အပြီးသတ်သွားပြီဆိုရင် ကျုပ်ကို ပြန်အကြောင်းကြားပေးပါ။”
“ဟုတ်ကဲ့။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် အပြင်သို့ ချက်ချင်း အပြေးအလွှားထွက်သွားပြီး မိမိတို၏ကျွန်းများမှ အပန်းဖြေစခန်းသို့ ပြန်ရောက်ကာစ ဖြစ်သော စွန်းကုထောင်နှင့် အခြားသူများကို ခေါ်ယူကာ ဤအလုပ်ကို အတူတူ လုပ်ကိုင်ကြတော့သည်။
“ဒါက တကယ်ကောင်းတယ်။ ရထားလမ်းသာ ရှိလာရင် မြို့ပြန်ကျောက်တွေကို အမြဲ သုံးနေစရာ မလိုတော့ဘူး။ အရေးမကြီးဘူးဆိုရင် ရထားစီး၊ ပြီးမှ သင်္ဘောကူးပြီး ကိုယ့်ကျွန်းကိုယ် ပြန်လို့ရပြီ။”
စွန်းကုထောင်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။
လောလောဆယ်တွင် ကုန်းမကြီး၏ အင်အားစုများပိုင်ဆိုင်သော ကျွန်းများသည် ပင်မကျွန်းကြီးပတ်ပတ်လည်တွင် ကပ်လျက် ရှိနေကြပြီး ထိုကျွန်းများသည် အလျား၊ အနံ ကီလိုမီတာ ၃၀ ခန့် စီ ရှိကြသည်။
ပင်မကျွန်းကြီးအတွက် ကမ်းခြေဧရိယာ ပိုမိုချန်ထားနိုင်ရန်အတွက် ထိုကျွန်းများကို သုံးကျွန်းစီ ထပ်ထားကြရာ ပင်မကျွန်းကြီးနှင့် ကျွန်းခွဲများကြားတွင် ကီလိုမီတာ ၈၀ မှ ၉၀ ခန့် အကွာအဝေးအထိ နေရာယူထားခဲ့သည်။
မဟာမိတ်အဖွဲ့၏ ပင်မကျွန်းကြီးနှင့် ကျွန်းခွဲများ၏ ကြားအကွာအဝေးမှာ ကီလိုမီတာ ၁၀၀ အမြဲတမ်း ရှိနေသဖြင့် ကျွန်းခွဲသည် ထိုကပ်ထားသော ကျွန်းများနှင့် ကီလိုမီတာ ၁၀ ခန့်သာ ဝေးတော့၏။ ဤအကွာအဝေးကို သင်္ဘောကြီးတစ်စင်းဖြင့် နာရီဝက်အတွင်း ရောက်အောင်သွားနိုင်သည်။
ထို့ကြောင့် ယိရန်ပင်းမဟာမိတ်အဖွဲ့၏ ပင်မကျွန်းကြီးနှင့် ကျွန်းခွဲများကြား ဆက်သွယ်ရေးမှာ အလွန် နီးကပ်သွားပြီ ဖြစ်သည်။ သင်္ဘောဖြင့် နာရီဝက်အတွင်း ကမ်းကပ်နိုင်ပြီး မြင်းအမြန်စီးသွားပါက ယခင်က သင်္ဘောဖြင့် တစ်ပတ်ပတ်သွားရသည်ထက်ပင် အများကြီးပိုမြန်နေလေပြီ။
သို့သော် မြင်းတစ်ကောင်၏ အမြင့်ဆုံး အရှိန်မှာ တစ်နာရီ ကီလိုမီတာ ၆၀ သာ ရှိပြီး မြင်းတိုင်းက ထိုအရှိန်ကို မလိုက်မီနိုင်သည့်အပြင် ပင်ပန်းနွမ်းနယ်တတ်ကြ၏။
သို့သော် ရေနွေးငွေ့ရထားကမူ မတူပေ။ ရေနွေးငွေ့ရထား၏ အရှိန်မှာ တစ်နာရီလျှင် ၆၀ မှ ၈၀ ကီလိုမီတာ ကြားတွင် ရှိပြီး ဤကမ္ဘာတွင် အဆင့်သတ်မှတ်ချက်၏အပိုဆုများကြောင့် A အဆင့်ရေနွေးငွေ့ရထားသည် တစ်နာရီလျှင် ၇၅ မှ ၉၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်ပေသည်။
ဤနည်းဖြင့် ယိရန်ပင်းမဟာမိတ်အဖွဲ့၏ မည်သည့်နေရာကိုမဆို အများဆုံး နှစ်နာရီခန့်အတွင်း ရောက်ရှိနိုင်မည်ဟု အာမခံနိုင်၏။
“ကဲ... ရထားလမ်း စီမံကိန်းက အရမ်းအရေးကြီးတယ်။ အဲ့ဒါကြောင့် ဒီနေ့တော့ အားလုံးပဲ ငါနဲ့အတူ အချိန်ပို ဆင်းပေးကြပါဦး။”
အန်းယွဲ့က ပြုံး၍ ဆိုသည်။
“ဘာခက်တာမှတ်လို့လဲဗျာ။ ဒါက ကျုပ်တို့ အားလုံးအတွက် အကျိုးရှိမယ့်အရာပဲလေ။ သေချာပေါက် လုပ်ရမှာပေါ့။”
ချူရှန်းက ချက်ချင်း တုံ့ပြန်လိုက်၏။ အခြားသူများကလည်း ထောက်ခံလိုက်ကြသည်။
“ကောင်းပြီ။ ဒါဆို စလိုက်ကြရအောင်။”
အန်းယွဲ့က စားပွဲပေါ်တွင် စက္ကူအဖြူကြီးတစ်ချပ်ကို ဖြန့်ခင်းလိုက်၏။ ၎င်းမှာ ယိရန်ပင်းမဟာမိတ်အဖွဲ့၏ အကြမ်းဖျင်းမြေပုံဖြစ်သည်။
ရှောင်းယီ ပေးထားသော အချက်အလက်များအပေါ် အခြေခံ၍ အန်းယွဲ့သည် ရထားလမ်း၏ အဓိက လမ်းကြောင်းကို မြေပုံပေါ်တွင် ဆွဲချလိုက်၏။ ၎င်းမှာ ကျွန်းပတ် လမ်းကြောင်းတစ်ခုနှင့် အလယ်တွင် ကြက်ခြေခတ် ပုံစံဖြစ်ပြီး မှန်ပြောင်းထဲက ပစ်မှတ်ပုံစံနှင့် ဆင်တူနေသည်။
လူတိုင်းသည် ညဉ့်နက်သည်အထိ တိုင်ပင်ဆွေးနွေးခဲ့ကြပြီးမှ လမ်းကြောင်းနှင့် ဘူတာရုံများကို အပြီးသတ် သတ်မှတ်နိုင်ခဲ့၏။
လူတိုင်း အိပ်ဆောင်များသို့ ပြန်သွားချိန်တွင် ယိထျန်းဂရုအတွင်း၌ အလွန်ပင် စည်ကားနေပြီဖြစ်သည်။အကြောင်းမှာ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်ပြီး ပြန်သွားကြသော ခရီးသွားများသည် အဖွဲ့အတွင်း၌ အပြိုင်အဆိုင် ကြော်ငြာနေကြသောကြောင့်ပင်။
“သေစမ်း... ကျုပ်ရဲ့အမြင် ကျဉ်းမြောင်းခဲ့တာကို တောင်းပန်ပါတယ်။ အစကတော့ အပန်းဖြေစခန်း အဆင့်မြှင့်တယ်ဆိုတာ အပြင်အဆင်လေး နည်းနည်း ပြောင်းလဲသွားတာလောက်ပဲလို့ ထင်ခဲ့တာ။ တကယ်တော့ ကျုပ်ရဲ့အမြင်က အရမ်းကျဉ်းခဲ့တာပဲ။”
“ဘာတွေဖြစ်လို့လဲဗျ။ သူဌေးရဲ့ အပန်းဖြေစခန်းက အပြင်အဆင် ပြောင်းတာထက် ပိုနေလို့လား။”
“ပိုတာမှ အများကြီးပဲဗျို့။ တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာ။”
“ဘယ်လိုမျိုးလဲ ရှင်းပြပါဦး။”
“နေရာက ပိုကျယ်လာတယ်။ အဆောက်အဦးတွေက ပိုမြင့်လာတယ်။ ကစားစရာတွေလည်း ပိုစုံလာတယ်။ ပိုပျော်ဖို့ကောင်းလာပြီး အားလပ်ရက်မှာ အနားယူဖို့ တကယ့်ကို သင့်တော်သွားပြီ။”
“ဟုတ်တယ်ဗျ။ အပြင်ဘက်မှာလည်း ကစားကွင်းကြီးတွေ ရှိနေပြီ။ တကယ့်ကို အမိုက်စားပဲ။ အခွင့်သာရင် အဲဒီထဲက ဟိုတယ်မှာ သေချာပေါက် တည်းခိုကြည့်သင့်တယ်။”
“ကျုပ်ကတော့ နာရီပိုင်းအခန်း ငှားပြီး စမ်းကြည့်ပြီးပြီ။ အား... ကိုယ့်ကျွန်းက ကျောက်တုံးအိမ်မှာ ပြန်နေချင်စိတ်ကိုမရှိတော့ဘူး။”
“ကျုပ်လည်း တူတူပဲ။ ဟိုတယ်အခန်းထဲမှာ ပရိဘောဂတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်အစုံရှိတယ်။ အဲကွန်းလည်း ရှိတယ်။ အရမ်း သက်သောင့်သက်သာ ရှိတာပဲ။ ကျုပ်ကတော့ ခုတင်ပေါ်မှာ လှဲပြီး ရုပ်ရှင်ကြည့်နေတာ ၃ နာရီတောင် ကြာသွားတယ်။ အရင်က ကြည့်ဖူးတဲ့ ကားတွေဆိုပေမဲ့ ခံစားချက်က တကယ့်ကိုအံ့မခန်းပဲ။”
“ခင်းဗျားတို့ ပြောနေတာ ကြားရတော့ ကျုပ်လည်း သွားကြည့်ချင်လာပြီ။”
“သွားလိုက်လေ။ တကယ်တန်တယ်။ အဆောက်အဦး အကြီးကြီးတွေ ဆောက်ဖို့ ကုန်ကြမ်းတွေကို သူဌေးက ဘယ်လိုများ ရခဲ့လဲဆိုတာ စဉ်းစားလို့တောင် မရဘူး။”
“ကျုပ် ထင်တာကတော့ သူဌေးက ကုန်ကြမ်းတွေ စုနေစရာ မလိုဘူး ထင်တယ်။ ဥပမာ ဒီလို 【စတူဒီယို တိုက်ခန်း】၁ မျိုးပေါ့။”
“ဟမ် ဒါက ဘာကိုဆိုလိုတာလဲ။ အဲဒီလိုမျိုး အဆောက်အဦး တစ်ခုလုံးလည်း ရနိုင်တယ်လား။”
“ဟုတ်တယ်။ အပြီးအစီးကတ် တစ်ခုရခဲ့တာ။ အဲဒါကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သုံးလိုက်ရင် အဆောက်အဦးတစ်ခုလုံး တန်းပေါ်လာတာပဲ။”
“သောက်ကျိုးနည်း... အဲလိုမျိုးတောင် ရှိတယ်လား။ ညီအစ်ကို အဲဒီ တိုက်ခန်းကို ရောင်းမှာလား။”
“မရောင်းဘူး။”
“မင်းကလည်း မေးရက်လေ။ ဒီလောက် ကောင်းတဲ့အရာကို ဘယ်သူက ရောင်းမှာလဲ။ ကိုယ်တိုင်ပဲ သုံးမှာပေါ့။ ဒါပေမဲ့ သူဌေးက ဒီလို အဆင့်မြင့် အပြီးအစီးပစ္စည်းတွေကို ဘယ်လိုများ ဒီလောက် အများကြီး ရနေတာပါလိမ့်။”
“အဲဒါကို ခင်ဗျားသာနားလည်ရင် ခင်ဗျားလည်း သူဌေး ဖြစ်နေပြီပေါ့ဗျ။”
“ထားပါတော့လေ။ ဒီလိုမျိုး အေးခဲနေတဲ့ရာသီဥတုမှာ လုပ်စရာလည်း မရှိဘူးဆိုတော့ မနက်ဖြန် အပန်းဖြေစခန်း သွားဖို့ နေရာကြိုမှာလိုက်တော့မယ်။”
“အဲလိုလည်း မပြောနဲ့ဦး။ ယိတုန်းနိုင်ငံက အဖွဲ့တွေက ကျုပ်တို့ကျွန်းတွေကို လာတိုက်နိုင်တယ်လို့ သူဌေး သတိပေးထားတယ် မဟုတ်ဘူးလား။ တိုက်သစ်ကြီးက ဒေသခံတွေလည်း ရှိသေးတယ်။ သတိမမူ ဂူမမြင် ဖြစ်နေဦးမယ်။”
“ကာကွယ်ရေးတွေ ပြင်ဆင်ထားပြီးသားပါ။ ကျုပ် ရှိရှိ မရှိရှိ အတူတူပါပဲ ကိစ္စမရှိပါဘူး။ တကယ်လို့ သူတို့ လာတိုက်ရင်လည်း မြို့ပြန်ကျောက် သုံးပြီး အချိန်မီ ပြန်လာလို့ ရတာပဲ။ မကြောက်ပါဘူး။”
“ကျုပ်ဆီမှာတော့ အပြင်မှာ နှင်းတွေ ကျနေပြီ။”
“ဘာ...နှင်းကျနေပြီလား။ ငါလည်း အပြင်ထွက် ကြည့်ဦးမယ်။”
“ချီး... တကယ်ကြီး နှင်းတွေကျနေတာဟ။ ဒီလောက် ရာသီဥတု ဆိုးနေတာ ဒေသခံတွေ လာမတိုက်လောက်တော့ပါဘူးနော်။”
“အပြောမစောနဲ့ဦး...ကျုပ်တို့ မဟာမိတ်ကျွန်းခွဲနားမှာ အမည်မသိ သင်္ဘောတွေ ချဉ်းကပ်လာတာ တွေ့နေရတယ်။”
“အဲ့ဒီဒေသခံတွေလည်း တကယ်ဇွဲကောင်းတယ်။”
ဂရုအတွင်း ဆွေးနွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ ဤကမ္ဘာသို့ ရောက်လာသော်လည်း အချို့လူများ၏ ညဖက်အိပ်ရေးပျက်ခံသည့် အလေ့အကျင့်မှာ ပြောင်းလဲမသွားခဲ့ပေ။ အချိန်သည် ညဉ့်နက်ပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
တီ... တီ... တီ
ဖုန်းသံကြောင့် ပိုင်ချီတစ်ယောက် လန့်နိုးလာ၏။ ဖုန်းဖြေလိုက်သောအခါ တစ်ဖက်မှ ပြောလာခဲ့သည်။
“ဆရာ... တောထဲကနေ တောရိုင်းတိရစ္ဆာန်တွေ အများကြီး ထွက်လာကြတယ်။ ကျုပ်တို့ လူတချို့လည်း ဒဏ်ရာ ရသွားကြတယ် “
ပိုင်ချီ ချက်ချင်းပင် မျက်လုံးပွင့်သွားခဲ့၏။
“သားရဲအဓိကရုဏ်းလား။”
“မဟုတ်ပါဘူး။ နှင်းတွေကျလာတော့ တောထဲမှာ အစာမလောက်တော့လို့ ထွက်လာကြတာ ထင်တယ်။”
တစ်ဖက်က ပြန်ဖြေလာခဲ့သည်။
“ကောင်းပြီ။ ဒါဆို လူတွေကို သတိနဲ့ စောင့်ကြည့်ခိုင်းထားလိုက်ပါ။”
ပိုင်ချီက ဆိုကာ အနည်းငယ် စိတ်အေးသွားခဲ့သည်။ သားရဲအဓိကရုဏ်း မဟုတ်သရွေ့ ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပေ။ တစ်ချိန်တည်းမှာပင် အခြားကျွန်းမှ တာဝန်ခံများသည်လည်း ဤသတင်းကို ရရှိကြခဲ့၏။
ယခင်က တောထဲမှ တိရစ္ဆာန်များကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သဖြင့် ဤကဲ့သို့ အခြေအနေမျိုး မဖြစ်ပွားခဲ့ဖူးပေ။ ယခု ဖြစ်ပွားလာခြင်းမှာ ပုံမှန်မဟုတ်သော အခြေအနေဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ခံများကို ချက်ချင်း အကြောင်းကြားခဲ့ကြခြင်း ဖြစ်သည်။
နောက်တစ်နေ့ မနက်စောစော စားသောက်ဆိုင်တွင် နံနက်စာစားရင်း သူတို့ ဤကိစ္စကို ဆွေးနွေးဖြစ်ကြ၏။
“မင်းတို့ကျွန်းမှာလည်း တောရိုင်းတိရစ္ဆာန်တွေကြောင့် လူတွေ ဒဏ်ရာရခဲ့တာလား။”
“ဟုတ်တယ်။ ဒဏ်ရာက တော်တော်ပြင်းတယ်လို့ ပြောတယ်။ ငါ ညတွင်းချင်းပဲ နာ့နာကို ပို့ပေးဖို့ တောင်းဆိုလိုက်ရတယ်။ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။”
“ငါ့တို့ဆီမှာတော့ အဲလောက် မပြင်းထန်ပေမဲ့ လူတချို့ ဒဏ်ရာရခဲ့တာတော့ အမှန်ပဲ။ ဒီဆောင်းရာသီက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး ထင်တယ်။”
ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ လိုင်းများအားလုံးတွင် ဗိုက်ဆာနေသော တောရိုင်းတိရစ္ဆာန်များကြောင့် လူများ ဒဏ်ရာရသည့် သတင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်းယီ အိပ်ရာနိုးလာသောအခါ အပြင်ဘက်တွင် ဖွေးဖွေးလှုပ်နေသော နှင်းများကို တွေ့လိုက်ရပြီး ကောင်းကင်မှ နှင်းပွင့်များမှာလည်း ကခုန်နေဆဲ ဖြစ်သည်။ သူက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။
“နှင်းတွေ ကျလာပြန်ပြီ။ မနှစ်က ဆောင်းရာသီလောက် မပြင်းထန်ပါစေနဲ့လို့တော့ မျှော်လင့်ရတာပဲ။”
“မပြင်းထန်လောက်ပါဘူး။”
ရှောင်းယီ၏ နောက်ကွယ်မှ အန်းရန်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ငါ နံနက်စာ သွားပြင်လိုက်ဦးမယ်။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
အခန်း ၇၂၆ - အင်ဂျင်နီယာပုံဆွဲ ကိရိယာအစုံ
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဟိုလိုဂရပ်ဖစ် အသိဉာဏ်မြင့် အင်ဂျင်နီယာပုံဆွဲ ကိရိယာအစုံ (SSS အဆင့်) ၁။”
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ခဏမျှ ကြောင်အသွားခဲ့သည်။
“ဒီဆုလာဘ်က တကယ့်ကို သွမ့်ပေ့ယန်တို့အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားပေးတာပဲ။”
ရှောင်းယီ စကားမဆိုနိုင်အောင် ဖြစ်သွားခဲ့ရ၏။
“ဟိုလိုဂရပ်ဖစ် အသိဉာဏ်မြင့် အင်ဂျင်နီယာပုံဆွဲ ကိရိယာအစုံ (SSS အဆင့်): လက်ဖြင့်ဆွဲသည့် ကိရိယာများနှင့် ကွန်ပျူတာဖြင့် ပုံဆွဲထုတ်လုပ်သည့် ကိရိယာများ ပါဝင်သည်။
လက်ဖြင့်ဆွဲသည့် ကိရိယာများနှင့် ကွန်ပျူတာပုံဆွဲ ကိရိယာ နှစ်မျိုးစလုံးသည် ဦးနှောက်လှိုင်းများနှင့် ချိတ်ဆက်နိုင်ပြီး စိတ်ထဲတွင် ပုံဖော်ထားသည့် ပုံကြမ်းများကို တိုက်ရိုက် ထုတ်လုပ်ပေးနိုင်သည်။ ထို့အပြင် ဓာတ်ပုံများကို အသိဉာဏ်ဖြင့် မှတ်မိနိုင်ပြီး ပုံကြမ်းများအဖြစ် ပြောင်းလဲထုတ်ပေးနိုင်သည်။
အကယ်၍ ဤတိုက်ရိုက်ထုတ်လုပ်သည့် နည်းလမ်းကို အသုံးမပြုလိုပါကလည်း လက်ဖြင့်သော်လည်းကောင်း ကွန်ပျူတာရှိ ပုံဆွဲကိရိယာများကို အသုံးပြု၍သော်လည်းကောင်း ပုံမှန်အတိုင်း ဆွဲနိုင်ပါသည်။”
စနစ်၏ ရှင်းပြချက်ကို မြင်သောအခါ ရှောင်းယီ အံ့သြသွားခဲ့သည်။
“အဲ့လောက်တောင် အဆင့်မြင့်တယ်လား။”
“အိမ်ရှင် ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။”
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး အပန်းဖြေစခန်းရှိ အဆောက်အဦးဆီသို့ လျှောက်သွားလိုက်၏။ အပန်းဖြေစခန်းရှိ အဆောက်အဦးကြီး၏ ပထမထပ်ကိုသာ ဖွင့်လှစ်ထားသေးသော်လည်း ပထမထပ်တွင်ပင် ဆိုင်ခန်းအလွတ်များစွာ ရှိနေသေးသည်။
ရှောင်းယီသည် သွမ့်ပေ့ယန်နှင့် အခြားသူများ အလုပ်လုပ်ရန်အတွက် ဤအဆောက်အဦးအတွင်း၌ ရုံးခန်းတစ်ခု ရှာပေးရန် စီစဉ်လိုက်၏။ စီးပွားရေးလုပ်ငန်းများနှင့် ဝေးဝေးတွင် ရှိနေစေရန် သူတို့၏ ရုံးခန်းကို အပေါ်ဆုံးထပ်ဖြစ်သော ၁၀ ထပ်တွင် ထားရှိလိုက်သည်။
ကျယ်ဝန်းသော အခန်းတစ်ခုကို ရှာတွေ့ပြီးနောက် အန်းယွဲ့ကို ခေါ်ယူကာ ပြင်ဆင်ထားသော စားပွဲနှင့် ထိုင်ခုံများကို ရွှေ့ပြောင်းစေလိုက်သည်။ ထို့နောက် ရှောင်းယီသည် စနစ်သိုလှောင်ရုံအတွင်းမှ အင်ဂျင်နီယာပုံဆွဲကိရိယာအစုံကို ထုတ်ယူလိုက်၏။
ဤကိရိယာအစုံတွင် ဦးထုပ်(helmet)တစ်လုံး ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် ရှောင်းယီသည် စနစ်၏ လမ်းညွှန်ချက်အတိုင်း ဦးထုပ်ကို ခေါင်းတွင် ဆောင်းလိုက်သည်။
“ချိတ်ဆက်မည့် ကိရိယာကို ရွေးချယ်ပါ- (၁) အသိဉာဏ်မြင့် ပုံဆွဲဘောပင်၊ (၂) အသိဉာဏ်မြင့် ကွန်ပျူတာ။”
ရှောင်းယီသည် အသိဉာဏ်မြင့် ကွန်ပျူတာကို ရွေးချယ်လိုက်၏။ ထို့နောက် လမ်းညွှန်ချက်များအတိုင်း သူ၏ စိတ်ထဲတွင် ရိုးရှင်းသော စတူဒီယိုတိုက်ခန်းလေး တစ်ခုကို ပုံဖော်လိုက်ပြီး ကွန်ပျူတာတွင် စစ်ဆေးကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူ စိတ်ထဲတွင် ပုံဖော်ထားသည့်အတိုင်း တိကျသော တိုက်ခန်းပုံစံသည် ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာ၏။ သို့သော် ဤပုံမှာ အလွန် ရိုးရှင်းလွန်းနေခဲ့သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ထပ်မံ စမ်းသပ်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် ပုံကြမ်း အသေးစိတ်ကျခြင်း ရှိ၊ မရှိ ဆိုသည်မှာ မိမိ၏ စိတ်ထဲတွင် ပုံဖော်နိုင်စွမ်းအပေါ်၌သာ လုံးဝ မူတည်နေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
စိတ်ထဲတွင် ပုံဖော်မှုက ပိုမိုအသေးစိတ်လေလေ ထွက်လာသည့် ပုံကြမ်းက ပိုမို တိကျလေလေ ဖြစ်ပေလိမ့်မည်။
“ကြည့်ရတာ ဒီအလုပ်ကိုတော့ သွမ့်ပေ့ယန်တို့ လုပ်မှပဲရလိမ့်မယ်။”
ရှောင်းယီ ခေါင်းခါယမ်းလိုက်မိသည်။
ယခင်က သွမ့်ပေ့ယန်သည် ရိုးရိုး ခဲတံတစ်ချောင်းတည်းဖြင့်ပင် အလွန်ရှုပ်ထွေးသော ပုံကြမ်းများကို ဆွဲနိုင်ခဲ့သူဖြစ်သည်။ ထိုပုံကြမ်းများသည် သူ၏ စိတ်ထဲတွင် စွဲမြဲနေပြီးသား ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤကိရိယာမှာ သွမ့်ပေ့ယန်အတွက် အသင့်တော်ဆုံး ပင်။
ထို့နောက် ရှောင်းယီသည် အဆောက်အဦးအပြင်သို့ ထွက်လာခဲ့လိုက်၏။ အပြင်ဘက်တွင် လူများ သွားလာလှုပ်ရှားနေကြပြီ ဖြစ်သည်။
အပန်းဖြေစခန်းဟိုတယ်၏ တည်းခိုခမှာ ဈေးကြီးသော်လည်း လူများစွာသည် တစ်ညတာ အတွေ့အကြုံအတွက် တည်းခိုရန် ရွေးချယ်ခဲ့ကြသည်။ ထိုလူများသည် အိပ်ရာနိုးချိန်တွင် ကမ်းခြေ၌ ပြေးလွှားကြပြီးနောက် ရေပူဖြင့် ချိုးလိုက်ကြရသဖြင့် တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေခဲ့ကြလေသည်။
ရှောင်းယီ ပြန်လာချိန်တွင် မျက်ကွင်းများ ညိုမည်းနေသော သွမ့်ပေ့ယန်နှင့် အခြားသူများ ပြန်လာသည်နှင့် ဆုံလိုက်ရ၏။
“ခင်ဗျားတို့ တစ်ညလုံး မအိပ်ခဲ့ကြဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
“ကျုပ်တို့ လူပုနိုင်ငံရဲ့ မြို့တော်ကို တစ်ထိုင်တည်း အကုန်ကြည့်ပြီး သူတို့အိမ်တွေကို ဓာတ်ပုံရိုက်ခဲ့ကြတာပါ။ နောက်ထပ် လုပ်စရာတွေ ရှိသေးပေမဲ့ ကျုပ် ဆက်မလုပ်နိုင်တော့ဘူး။ အရင်ဆုံး အိပ်ရေးဝအောင် အိပ်ရဦးမယ်!”
သွမ့်ပေ့ယန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ အရင် အိပ်လိုက်ကြပါဦး။ နိုးလာရင် ကျုပ်ကို လာရှာလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။ သွမ့်ပေ့ယန်က ခေါင်းညိတ်ပြလိုက်ပြီး ယင်ရွှမ်းကို ခေါ်ကာ အနားယူရန် ဟိုတယ်သို့ တိုက်ရိုက် ပြန်သွားခဲ့ကြသည်။ ဘာသာပြန်များလည်း ထွက်ခွာသွားခဲ့ကြသည်။
“ဒီလူတွေကတော့ တကယ့်ကို အလုပ်ကြိုးစားတဲ့သူတွေပဲ။”
ရှောင်းယီ တစ်ဦးတည်း ရေရွတ်လိုက်မိသည်။ ထိုစဉ် အန်းယွဲ့သည် သူ၏ဘေးနားသို့ လျှောက်လာခဲ့၏။
“ငါတို့ မနေ့က ဆွေးနွေးပြီး ရထားလမ်းကြောင်းနဲ့ ဘူတာရုံတွေကို သတ်မှတ်ပြီးပြီ။ တစ်ချက်ကြည့်ပေးပါဦး။”
ရှောင်းယီ ခေါင်းညိတ်ကာ ဘေးသို့ လျှောက်သွားလိုက်သည်။ အန်းယွဲ့သည် ပုံကြမ်းကို ဖြန့်ခင်းလိုက်ရာ ကျွန်းတစ်ခုလုံး၏ အလွန်ရိုးရှင်းသော မြေပုံတစ်ခု ထွက်ပေါ်လာ၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် မြေပုံရှိသော်လည်း ၎င်းပေါ်တွင် မည်သည့်အရာမှ ပြုလုပ်၍ မရသဖြင့် ဤကဲ့သို့ တိကျမှုမရှိသော လက်ဆွဲမြေပုံကိုသာ ဆွဲခဲ့ရခြင်း ဖြစ်သည်။
၎င်းကို ကြည့်ရှုပြီးနောက် ရှောင်းယီက ပြောလိုက်၏။
“လမ်းကြောင်းနဲ့ ဘူတာရုံတွေကိုတော့ ကျုပ် သဘောတူပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မြေပုံက သိပ်မတိကျဘူး။ အဲဒါကြောင့် အချို့ ဒီဇိုင်းတွေကို ပြန်ညှိဖို့လိုလိမ့်မယ်။ အရှင်းဆုံး ပြောရရင် လက်နဲ့ ရှင်းလင်းထားတဲ့ နေရာတွေမှာ အကွာအဝေး အနည်းငယ် လွဲချော်တာမျိုး ဖြစ်နိုင်တယ်။”
“ဒါပေမဲ့ ငါတို့ဆီမှာ တိကျတဲ့ မြေမျက်နှာသွင်ပြင် မြေပုံ မရှိသေးဘူးလေ။”
အန်းယွဲ့က ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
“အဲဒါက အရင်တုန်းကပါ။ အခု ကျုပ်တို့မှာ ရှိနေပါပြီ။”
ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။
ထို့နောက် သူသည် ပင်လယ်ကမ်းစပ်ရှိ သင်္ဘောပေါ်မှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ရှိသော မြေပုံကို ဖုန်းဖြင့် အမျိုးမျိုးသော ထောင့်များမှ ဓာတ်ပုံရိုက်ယူလိုက်၏။
ဘေးနားမှ အန်းယွဲ့က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“ငါတို့ဆီမှာ အကြီးစားပရင်တာတွေ မရှိဘူးလေ။ ဒီပုံတွေကို A4 စက္ကူပေါ်မှာ ထုတ်ရင် သေးလွန်းလို့ ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။”
ရှောင်းယီသည် ဘာမှ ရှင်းပြမနေဘဲ အန်းယွဲ့ကို အဆောက်အဦး၏ ၁၀ ထပ်သို့ ခေါ်ဆောင်သွားခဲ့၏။ သွမ့်ပေ့ယန်တို့အတွက် ပြင်ဆင်ထားသော ရုံးခန်းကို ဖွင့်လိုက်ပြီး ဖုန်းထဲမှ ဓာတ်ပုံများကို ကွန်ပျူတာထဲသို့ ထည့်လိုက်ရာ ကွန်ပျူတာက ကျွန်းတစ်ခုလုံး၏ မြေပုံကို လျင်မြန်စွာ ဖန်တီးပေးလိုက်သည်။
ရှောင်းယီသည် ကျွန်းအလယ်တံတိုင်းအတွင်းရှိ အဆောက်အဦးအားလုံးကို ဖျောက်ပစ်လိုက်ပြီးနောက် A3, A2 နှင့် A1 စက္ကူများပေါ်တွင် တစ်ပုံစီ ထုတ်ယူလိုက်၏။ ဤစက္ကူများကို စက္ကူထုတ်စက်မှ ရယူထားခြင်း ဖြစ်သည်။
တိကျလှသော မြေပုံများ ထွက်လာသည်ကို ကြည့်ပြီး အန်းယွဲ့ မှင်တက်သွားခဲ့၏။
“အရောင်တောင် ပါသေးတယ်လား။”
အန်းယွဲ့သည် ကွန်ပျူတာနှင့် ပရင်တာကို အံ့သြတုန်လှုပ်စွာ ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်က ပရော်ဖက်ရှင်နယ် ပုံဆွဲသမား မဟုတ်တော့ ဒီမြေပုံက သိပ်ပြီးတော့ ပညာသား မပါသေးဘူး။ တကယ့် ကျွမ်းကျင်တဲ့သူနဲ့ဆိုရင် ဒီထက် အများကြီး ပိုကောင်းလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ အန်းယွဲ့က ခေါင်းညိတ်ပြလိုက်၏။
“ဒါက ဘာစက်လဲ။ အရမ်းအစွမ်းထက်လွန်းတယ်။”
“အလွယ်ပြောရရင်တော့ အသိဉာဏ်မြင့် ပုံဆွဲကိရိယာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို နောက်ထပ် မိတ္တူတွေ အများကြီး ထုတ်ထားလို့ ရမလား။ နောင်မှာ ဒီမြေပုံတွေကို သုံးရဦးမယ်လေ။”
အန်းယွဲ့က ဆိုသည်။
“ရတာပေါ့။ ဒါပေမဲ့ လိုတဲ့အချိန်မှ ထုတ်တာ ပိုကောင်းမယ်။ နောင်ကျရင် ဒါက သွမ့်ပေ့ယန်ရဲ့ စတူဒီယို ဖြစ်လာမှာဆိုတော့ သူတို့ကိုပဲ ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပါပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်၏။
“ဒီဟာရှိနေပြီဆိုတော့ ငါတို့ရဲ့ စီမံကိန်းက ပိုပြီး တိကျလာတော့မှာပါ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒီမြေပုံပေါ်မှာ အရင်လမ်းကြောင်းအတိုင်း ပြန်ဆွဲပြီး မြေပြင်က အဟန့်အတားတွေကို ရှင်းလင်းလိုက်ပါ။ ဒီနေ့ လမ်းစဖောက်နိုင်အောင် ကြိုးစားကြတာပေါ့။”
“ဟုတ်ကဲ့”
တီ... တီ... တီ!
ထိုစဉ် ဖုန်းဝင်လာခဲ့သည်။ ရှောင်းယီ ဖုန်းဖြေလိုက်ရာ ကျန်းယွင်ထျန်း၏ အသံ ထွက်ပေါ်လာသည်။
“ကျွန်းပိုင်ရှင်... လူပုနိုင်ငံက ကေဒါတို့ ပစ္စည်းတွေနဲ့ ရောက်နေပါတယ်။”
“နှစ်ရက်ကြာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။”
ရှောင်းယီ အံ့သြသွား၏။
“ငါ အခုချက်ချင်း လာခဲ့မယ်။”
ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ အလျင်အမြန်သွားလိုက်ရာ ဘေးနားရှိ အခန်းငယ်လေးတွင် ကေဒါတို့ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
“မင်းတို့က တကယ်ကို စပရိုက်တိုက်လိုက်တာပဲ။ နှစ်ရက်ကြာမယ်ဆိုပြီး အခု ဒီလောက် မြန်မြန် ပြီးသွားပြီလား။”
ရှောင်းယီက ဝင်သွားရင်း မေးလိုက်၏။
“နှစ်ရက်ပဲလေ။ မနေ့က တစ်ရက်၊ ဒီနေ့က တစ်ရက်ဆိုတော့ နှစ်ရက် မဟုတ်ဘူးလား။”
ကေဒါက ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် ခဏမျှ ကြောင်အသွားပြီးမှ ရယ်မောကာ ပြောလိုက်၏။
“ကောင်းပါပြီ ကိစ္စမရှိပါဘူး။ အစ်ကိုကျန်း... ဒီသတ္တုတွင်းသုံး ပစ္စည်းတွေကို ကျွန်းတစ်ခုစီကို မြန်မြန် ဝေပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
“ငါ နည်းပညာရှင်နည်းနည်းလည်း ခေါ်လာခဲ့သေးတယ်။ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးဖို့ လူအချို့ စီစဉ်ထားလိုက်ပါ။ ဒါပေမဲ့ သုံးရတာက အရမ်းရိုးရှင်းပါတယ်။ ချက်ချင်း တတ်သွားမှာပါ။”
ကေဒါက ပြောလိုက်သည်။