← Chapters

တရားမျှတမှု

Vol. 6 Ch. 78

တရားမျှတမှု

Vol. 6 Ch. 78

ရဲ့ရှင်းချန်သည် အိမ်နီးချင်းများ၏ လုပ်ရပ်များအား ကြည့်လျှက် ကျေနပ်အားရစွာ ခေါင်းညိတ် လိုက်တော့သည်။

ဤတိုက်ပွဲတွင် ပါဝင်ခဲ့သူများသာ သူ၏ စခန်းတွင် နေထိုင်ခွင့် အရည်အချင်း ပြည့်မီကြသည်။

"ဖြောင်း ဖြောင် ဖြောင်း"

ရဲ့ရှင်းချန်သည် ပြုံးလျက် လက်ခုပ်တီးလိုက်ကာ စောစောပိုင်းတွင် သူရပ်နေခဲ့သော နေရာသို့ ပြန်လျှောက် လာခဲ့လေသည်။

"ကောင်းတယ် အရမ်းကောင်းတယ် အားလုံးပဲ မြင်ကြတယ် မဟုတ်လား အားလုံးသာ စည်းစည်းလုံးလုံး ရှိကြမယ်ဆိုရင် ဒီပြင်ပက ကျူးကျော်သူတွေက ငါတို့ကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး"

"ငါတို့က ဘာကို ကြောက်နေရဦးမှာလဲ"

ရဲ့ရှင်းချန်သည် စောစောပိုင်းတွင် အကြိုးစားဆုံး တိုက်ခိုက်ခဲ့ကြသည့် ရှေ့ဆုံးမှ လူနှစ်ဦးအား ကြည့်လိုက်လေသည်။ သူတို့၏ မျက်နှာများတွင် သွေးများ ပေကျံနေပြီး ဒဏ်ရာ အကြီးအသေးများစွာ ရရှိထားကြကုန်သည်။ သူသည် လက်ဝှေ့ ယမ်းပြလိုက်တော့သည်။

"မင်းတို့နှစ်ယောက် ဒီကိုလာခဲ့"

ရွေးချယ်ခံလိုက်ရသော ထိုလူနှစ်ဦး၏ မျက်နှာများတွင် ဝမ်းသာ ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်သွားကြကုန်သည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နာကျင်မှုများအား လျစ်လျူရှုကာ သူတို့သည် ရဲ့ရှင်းချန်ထံသို့ အမြန်လျှောက်သွားကြသည်။

ရဲ့ရှင်းချန်သည် ကိုယ်ကို ကိုင်းလျှက် မြေပြင်ပေါ်ရှိ အစားအစာပုံထဲမှ ရိက္ခာ အမြောက်အများအား ဆုပ်ယူလိုက်ပြီးနောက် သူတို့၏ ရင်ခွင်ထဲသို့ ထိုးထည့် ပေးလိုက်တော့သည်။ တစ်ဆုပ်တည်းနှင့် မလုံလောက်သဖြင့် နောက်ထပ်တစ်ဆုပ် ထပ်ယူပေးလိုက်သေးသည်။

အက်ကွဲနေသော သစ်သီးများ အခြောက် လှန်းထားသော ဟင်းသီးဟင်းရွက်များ အေးခဲနေသော အသားများ ရေခဲထဲတွင် အေးခဲနေသည့် ငါးများနှင့် ပေါင်မုန့် ဘီစကစ်၊ ခေါက်ဆွဲခြောက် အိတ်များစွာ ပါဝင်လေသည်။ ဤအရာများအားလုံးသည် အစာအိမ်အား ပြည့်ဝစေမည့် အဆင့်မြင့် နတ်သုဒ္ဓါများပင် ဖြစ်တော့သည်။

နောက်ဘက်တွင် ရပ်နေကြသော အိမ်နီးချင်းများသည် ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ သူတို့၏ သွားရည်များပင် ကျမတတ် အားကျသွားကြတော့သည်။ ဓာတုဗေဒပစ္စည်းများ အလွန်အကျွံ ပါဝင်သော ဤအသင့်စား အစားအစာများအား သူတို့ အမှန်ပင် တောင့်တနေကြပြီ ဖြစ်သည်။

ရဲ့ရှင်းချန်သည် သူတို့၏ ရင်ခွင်များထဲသို့ အစားအစာများ ပြည့်နှက် သွားသည်အထိ ထည့်ပေးလိုက် ပြီးနောက် သူတို့၏ ပခုံးများအား ပုတ်ပေးလိုက်လေသည်။

"ကြိုးစားကြပါ ဒီအတိုင်း ဆက်သွားရင် နောင်မှာ ဒီထက်ပိုကောင်းတဲ့ ဆုလာဘ်တွေ ရှိလာဦးမယ်"

"အဖွဲ့အတွက် စိတ်ရင်းမှန်နဲ့ အလုပ်လုပ်ပေးသူ ဘယ်သူ့ကိုမဆို ငါ မျက်နှာသာပေးမှာပဲ"

သူတို့နှစ်ဦးလုံး အစားအစာများကို ပွေ့ပိုက်ထားရင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် ခန္ဓာကိုယ်များပင် တုန်ယင်နေကြတော့သည်။

သူတို့နှစ်ဦးမှာ အတော်လေး ဝေးသောနေရာတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ရပ်ကွက်၏ အစွန်အဖျားတွင် နေထိုင်ကြပြီး ကျန်းရီ၏ အိမ်နှင့် အလွန်ဝေးကွာလှပေသည်။ ကျန်းရီ၏ အိမ်သို့ သူတို့ ရောက်လာချိန်တွင် အစားအစာ သိပ်မကျန်တော့ချေ။

သူတို့နှစ်ဦးလုံး အချိန်ကြာမြင့်စွာ ဆာလောင် နေခဲ့ကြသဖြင့် ထိုကျူးကျော်သူများအား တုတ်များဖြင့် အရူးအမူး ဝင်ရောက် ရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထို လုပ်ရပ်မှ ဤမျှ များပြားသော အစားအစာများအား ရရှိလိမ့်မည်ဟု သူတို့နှစ်ဦး စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။

ဤပမာဏသည် သူတို့နှစ်ဦး အတွက် ရက်အနည်းငယ် ကြာအောင် စားသောက်ရန် လုံလောက်ပေသည်။ သူတို့ နှစ်ဦးသည် မျက်ရည်များ စီးကျလာရင်း ရဲ့ရှင်းချန်အား ဦးညွှတ်လျှက် သူတို့၏ သစ္စာရှိမှုကို ပြသကြတော့သည်။

"ကျွန်တော်တို့ နောင်ကျရင် ဆရာ့နောက်ကိုပဲ လိုက်ပါတော့မယ် ဆရာ ဘာခိုင်းခိုင်း အကုန်နာခံပါ့မယ်"

"အစ်ကိုရဲ့ ကျွန်တော်တို့ နောင်ကျရင် အစ်ကို့ စကားကိုပဲ နားထောင်ပါတော့မယ်"

သူတို့ထဲမှ တစ်ဦး၏ အမည်မှာ လီချန် ဖြစ်ကာ အခြားတစ်ဦးမှာ ဝမ်ဝေ ဖြစ်သည်။ နှစ်ဦးစလုံးသည် ချန်းရူအာ နေထိုင်ရာ တိုက်ခန်းတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။

သူတို့၏ နောက်ကွယ်ရှိ လူအုပ်ကြီးမှာမူ နောင်တရ စပြုလာကြတော့သည်။ အကယ်၍ စောစောပိုင်းတွင် သူတို့သာ ဦးဆောင်၍ တိုက်ခိုက်ခဲ့လျှင် ဤအစားအစာများမှာ သူတို့အပိုင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။ ရဲ့ရှင်းချန်သည် လက်ရှိ အခြေအနေအား အလွန်ပင် ကျေနပ်အားရနေခဲံသည်။ ကြိုးကြိုးစားစား တိုက်ခိုက်ခဲ့သူ နှစ်ဦးအား ဆုချီးမြှင့်ပြီး နောက်တွင်မူ အခြားသူများ၏ အလှည့် ရောက်လာလေပြီ ဖြစ်ည်။

"ကောင်းပြီ အခုကစပြီး တစ်ယောက်ချင်းစီ တန်းစီကြ မင်းတို့ကို ရိက္ခာတွေ ဝေပေးမယ်"

စောစောပိုင်းတွင် ရဲ့ရှင်းချန်သည် နောက်ဘက်တွင် ရပ်နေခဲ့ကာ လူတိုင်း၏ လုပ်ရပ်များအား စောင့်ကြည့်နေခဲ့သည်။ ကြိုးကြိုးစားစား တိုက်ခိုက်ခဲ့သူများအား ပိုပေးမည် ဖြစ်ကာ မတိုက်ခိုက်သူများကိုမူ နည်းနည်းသာ ပေးမည် ဖြစ်သည်။ အတွင်းတွင် ရှိနေသူ အများစုမှာ ပေါင်မုန့်ထုပ်ငယ် တစ်ထုပ် သို့မဟုတ် လက်ဝါးအရွယ် ဘီစကစ် နှစ်ချပ်ကိုသာ ရရှိကြလေသည်။ ရဲ့ရှင်းချန်သည် ယခင်တွင် ခွေးတစ်ကောင် မွေးဖူးသဖြင့် ဤသဘောတရားအား အလွန်နားလည်ပေသည်။

ခွေးတစ်ကောင်အား နာခံစေချင်ပါက ထိုခွေးအား အမြဲတမ်း ဆာလောင်နေအောင် ထားရမည် ဖြစ်သည်။ ထို့သို့မဟုတ်ပါက ခွေးသည် ပျင်းရိလာလိမ့်မည် ဖြစ်သည်။ လူသားများ အတွက်လည်း ထိုနည်းတူစွာပင် ဖြစ်ချေသည်။

သူတို့သည် မိမိတို့ရရှိထားသော နောက်ဆုံးလက်ကျန် အစားအစာများအား ကြည့်လိုက် လီချန်နှင့် ဝမ်ဝေးတို့အား ကြည့်လိုက် လုပ်နေကြတော့သည်။ သူတို့ နှုတ်ခမ်းများ ဆူလျှက် မကျေမနပ် ဖြစ်နေကြသည့်တိုင် မည်သူမျှ မကန့်ကွက်ရဲကြချေ။ စောစောပိုင်း တိုက်ပွဲတွင် သူတို့ အင်အားများများ မစိုက်ထုတ်ခဲ့ကြောင်း သူတို့ကိုယ်သူတို့ ကောင်းစွာ သိနေကြလေသည်။

"ချမ့်ကျုံး"

ရဲ့ရှင်းချန်သည် စတော့ရှယ်ယာ ကုမ္ပဏီ စီအီအို တစ်ဦး၏ သားဖြစ်သူ နာမည်အား ခေါ်လိုက်လေသည်။ ချမ့်ကျုံးသည် အရှေ့သို့ အမြန် လျှောက်လာပြီးနောက် လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်တော့သည်။ သူသည် မျက်မှန်အထူကြီး နောက်ကွယ်မှ ရဲ့ရှင်းချန်အား စိုက်ကြည့်နေခဲ့သည်။

"ငါ့အလှည့်ရောက်ပြီ ငါ့အလှည့်ရောက်ပြီ"

ရဲ့ရှင်းချန်သည် မျက်မှောင် ကြုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ အစားအစာများအား ပေါ့ပေါ့တန်တန် မွှေနှောက်လိုက်တော့သည်။ ထို့နောက် အက်ကွဲနေအောင် အေးခဲနေသည့် ဆီးသီးတစ်လုံးအား ယူလျှက် သူ့အား ပေးလိုက်လေသည်။

"ဒါ မင်းအတွက်ပဲ"

ချက်ချင်းဆိုသလိုပင် နောက်ဘက်မှ ရယ်မောသံများ ထွက်ပေါ် လာကြကုန်တော့သည်။ ရိက္ခာ အနည်းငယ်သာ ရရှိခဲ့ကြသူများမှာ ယခုအခါ စိတ်ထဲတွင် များစွာ မျှတသွားသည်ဟု ခံစားလိုက်ကြရသည်။

‘ကြည့်စမ်း... သူတို့ထက်ပင် ပိုနည်းနည်းရတဲ့သူ ရှိနေသေးတယ်’

ချမ့်ကျုံး၏ မျက်လုံးများ ပြူးကျယ် သွားတော့သည်။ ရဲ့ရှင်းချန်သည် သူ့အား စော်ကားလိုက်သည်ဟု သူ ခံစားလိုက်ရတော့သည်။

"ဒါပဲလား ဆီးသီးတစ်လုံးတည်း ဒါကို အစားအစာလို့ ခေါ်လို့ရလို့လား"

ချမ့်ကျုံးသည် ကျောက်ခဲငယ် တစ်ခုလို မာကျောနေပြီ ဖြစ်သော လက်ထဲမှ ဆီးသီးအား ဆုပ်ကိုင်ရင်း အံကြိတ်ကာ ပြောလိုက်လေသည်။

"ငါ မင်းကို ဘာမှ မစော်ကားခဲ့ဖူးဘူး မင်းက ဘာအခွင့်အရေးနဲ့ ငါ့ကို အခုလို လာစော်ကားရတာလဲ"

ရဲ့ရှင်းချန်မှ လှောင်ပြုံးပြုံးလိုက်မိသည်။

"ဒါက မင်း ငါ့ကို စော်ကားခဲ့တာ ရှိမရှိ ဆိုတာနဲ့ ဘာမှမဆိုင်ဘူး ငါ ရဲ့ရှင်းချန်က အချောင်သမားတွေကို ကျွေးမွေး မထားဘူးလို့ စောစောက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ"

"စောစောက မင်း ဝင်ကူသလား စောစောက တိုက်ပွဲက အကြာကြီး ဖြစ်သွားတာတောင် မင်း လက်တစ်ဖက်လေးတောင် လှုပ်ခဲ့လို့လား အစကနေ အဆုံးထိ မင်းက လူအုပ်ရဲ့ အပြင်ဘက်ဆုံးမှာပဲ ယောင်လည်လည် လုပ်နေခဲ့တာလေ ငါ့ကို မျက်ကန်းလို့ ထင်နေတာလား မင်းကို ဆီးသီးတစ်လုံး ပေးတာတောင်မှ ငါ့ရဲ့ ကြင်နာမှုလို့ သတ်မှတ်လို့ရပြီ"

ချမ့်ကျုံးသည် အလိုလိုက် ခံရလွန်းသဖြင့် အကျင့်ပျက် နေသူ တစ်ဦး ဖြစ်သည်။ အခြားသူများမှသာ သူ့အား အမြဲတမ်း မျက်နှာ ချိုသွေးကာ အလိုလိုက်ခဲ့ကြရသည် မဟုတ်ပါလော။ သူ မည်သည့် အချိန်ကမှ ဤသို့ ဆက်ဆံခံခဲ့ရဖူးသနည်း။

"ဒါ မတရားဘူး"

သူမှ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ငါ ဂရုမစိုက်ဘူး ဘာလို့ သူတို့ကျတော့ စားစရာရပြီး ငါကျတော့ ပုပ်နေတဲ့ သစ်သီးတစ်လုံးပဲ ရရတာလဲ"

"မတရားဘူး"

ရဲ့ရှင်းချန်မှ နှာခေါင်းရှုံ့လျှက် ပြောလိုက်သည်။

"ဟက် ဟုတ်လား အားလုံးက ငါ့ကို မတရားဘူးလို့ ထင်ကြလား"

ရိက္ခာများ ရရှိထားကြသော လူအုပ်ကြီးမှ အသံကုန် ဟစ်အော် လိုက်ကြတော့သည်။

"တရားတယ် ရဲ့ရှင်းချန်က အတရားမျှတဆုံးပဲ"

"ဆုပေးဒဏ်ပေးက မျှတတယ် တရားမျှတတယ်"

ရဲ့ရှင်းချန်မှ လီချန်နှင့် ဝမ်ဝေတို့အား တစ်ချက် ကြည့်လိုက်လေသည်။

"တစ်ယောက်ယောက်က ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတယ် ပြောစမ်းပါဦး ဒီလိုလူမျိုးကို ငါတို့ ဘယ်လို ကိုင်တွယ်သင့်သလဲ"

လီချန်နှင့် ဝမ်ဝေတို့မှာ ရဲ့ရှင်းချန်၏ သစ္စာခံ ခွေးများ သဖွယ် ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့သည် ရင်ခွင်ထဲရှိ အစားအစာများအား မြေပြင်ပေါ်ချကာ အရှေ့သို့ တက်လာကြတော့သည်။ ထို့နောက် ရဲ့ရှင်းချန်၏ ရှေ့တွင် ရပ်နေသော ချမ့်ကျုံးအား မြေပြင်ပေါ်သို့ တွန်းလှဲလိုက်ပြီးနောက် လက်သီးများ ခြေထောက်များဖြင့် ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ကြတော့သည်။

ချမ့်ကျုံးမှ ခေါင်းမော့ကာ စကားအနည်းငယ် ထပ်မံ၍ အော်ပြောချင်သေးသော်လည်း လီချန်နှင့် ဝမ်ဝေတို့၏ ရိုက်နှက်မှုကြောင့် မကြာမီမှာပင် ခေါင်းပင် မဖော်နိုင်တော့ချေ။ သူသည် ခန္ဓာကိုယ်အား ဘောလုံး တစ်လုံးသဖွယ် ကွေးညွတ်ထားလျှက် မိမိ၏ ဗိုက်အား တင်းကြပ်စွာ ကာကွယ် ထားရတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ချမ့်ကျုံးသည် အသက်ရှူမဝတော့ဘဲ တောင်းပန်စကားများသာ အော်ဟစ်နေရတော့သည်။ ရဲ့ရှင်းချန်သည် လက်အား မြှောက်ကာ လီချန်နှင့် ဝမ်ဝေတို့အား သူတို့နေရာသို့ ပြန်သွားရန် အချက်ပြလိုက်လေသည်။ သူသည် မြေပြင်ပေါ်ရှိ လူအား လက်ညှိုးထိုးပြလိုက်တော့သည်။

"အားလုံးပဲ မြင်ကြတဲ့အတိုင်းပဲ ငါ့အမိန့်ကို မနာခံတဲ့သူတွေ ဘာဖြစ်သွားမလဲဆိုတာ ဒါပဲ"

"ငါ့ကို အာဏာရှင်ဆန်တယ်လို့ မပြောကြနဲ့ ငါက အရမ်းကို တရားမျှတတဲ့ လူတစ်ယောက်ပါ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ရဲ့ လုပ်ရပ်ကို သဘောမတူဘူးဆိုရင် အခုလက်ထဲက ရိက္ခာတွေကို ချက်ချင်း ချထားခဲ့ပြီး အခုပဲ ထွက်သွားလို့ရတယ် ထွက်သွားတဲ့သူတွေက ပြဿနာ လာမရှာသရွေ့ ငါ သူတို့ကို ဘယ်တော့မှ အန္တရာယ်မပေးဘူးလို့လည်း အာမခံတယ်"

အောက်ဖက်ရှိ လူအုပ်ကြီးသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြကုန်တော့သည်။ မည်သူမျှ မိမိတို့ ရရှိပြီးသား ရိက္ခာများအား ထုတ်ပေးကာ ထွက်သွားရန် ဆန္ဒမရှိကြပေ။

အဓိပ္ပာယ်မရှိလိုက်လေ.. ဤအစားအစာများမှာ အလွန် ခဲယဉ်းစွာ ရရှိထားခြင်း ဖြစ်သည်။ မိမိ ပါးစပ်ထဲ ရောက်နေပြီ ဖြစ်သော အစားအစာကောင်းများအား မည်သူက ပြန်ထွေးထုတ်ချင်လိမ့်မည်နည်း။ ရဲ့ရှင်းချန်သည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်တော့သည်။

"အရမ်း ကောင်းတယ် အားလုံးက ငါ့အမိန့်ကို ခြွင်းချက်မရှိ နာခံဖို့ ဆန္ဒရှိကြပုံရတယ်"

All Chapters