သူ ဘာလို့ မသေသေးတာလဲ
Vol. 6 Ch. 79
ရဲ့ရှင်းချန်သည် ချမ့်ကျုံးထံသို့ လျှောက်သွားလိုက်လေရာ သူသည် ဘောလုံး တစ်လုံးကဲ့သို့ ကွေးညွတ်နေသည်အား တွေ့လိုက်ရတော့သည်။ သူ၏ လက်ထဲတွင်မူ စောစောကိုင်းတွင် သူ ရွံရှာခဲ့သော ဆီးသီးလေးသာ ရှိနေတော့သည်။
အက်ကွဲနေသော ဆီးသီးတစ်လုံးသည်ပင်လျှင် သူ့အား ထောက်ပံ့ပေးပြီး နောက်ထပ်တစ်ရက် အသက်ရှင်စေနိုင်ကောင်း ရှင်စေနိုင်လိမ့်မည်။
ရဲ့ရှင်းချန်၏ မျက်လုံးများသည် အေးစက်နေခဲ့ကာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ချမ့်ကျုံး၏ လက်သီးဆုပ်ပေါ်သို့ ဖိနင်းလိုက်တော့သည်။
မာကျော ကြမ်းတမ်းသော နှင်းစီးဖိနပ်၏ ခြေဖဝါး အောက်တွင် ချမ့်ကျုံး၏ လက်သီးဆုပ်မှာ ဖိကြိတ်ခံလိုက်ရတော့သည်။ ဖိအားများ အောက်တွင် အလားတူ ကြမ်းတမ်းသော လက်အိတ်သည် ချမ့်ကျုံး၏ လက်ခုံအား ပွတ်တိုက်သွားလေသည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် အလိုအလျောက်ပင် လက်အား ဖြန့်ချလိုက်ရတော့သည်။
လုံးဝန်းသော ဆီးသီးလေးသည် သူ၏ လက်ထဲမှ လိမ့်ထွက်သွားခဲ့သည်။ ရဲ့ရှင်းချန်သည် ခြေထောက်အား မြှောက်ကာ ဆီးသီးအား ဖိနင်းလိုက်လေသည်။ သို့သော် ဆီးသီးမှာ မာကျော လွန်းသဖြင့် တိုက်ရိုက် ကြေမွသွားခြင်းတော့ မရှိချေ။
ချမ့်ကျုံး၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင်၊ ရဲ့ရှင်းချန်က ဖြည်းညှင်းစွာ နှုတ်ခမ်းဟကာ ပြောလိုက်သည်။
"နောက်တစ်ခါဆို ပိုပြီး လိမ်မာနာခံတတ်အောင် နေ ငါက အချောင်သမားတွေကို မကျွေးမွေးထားဘူးလို့ ပြောပြီးပြီ မင်း အင်အားမစိုက် ထုတ်ဘူးဆိုရင်တော့ စားရဖို့ စိတ်ကူးတောင် မယဉ်နဲ့"
ဤသို့ အစွမ်းပြလိုက်ခြင်းဖြင့် အောက်ဖက်ရှိ လူများမှာ များစွာ ပိုမို နာခံသွားကြတော့သည်။ ရိက္ခာ မရသေးသူများပင်လျှင် မည်သည့် ကန့်ကွက်သံမျှ ထပ်မထွက်ရဲ ကြတော့ချေ။ မကြာမီမှာပင် ရဲ့ရှင်းချန်သည် ရိက္ခာဝေငှခြင်းအား အပြီးသတ်လိုက်လေရာ ရိက္ခာမရရှိသူ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။
"ကောင်းပြီ ရိက္ခာတွေ ဝေလို့ ပြီးသွားပြီ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်ကြတော့"
ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ကျန်ရှိနေသော ပစ္စည်းများအား အိတ်ထဲသို့ ပြန်ထည့်ရန် ခိုင်းစေလိုက်သည်။ ပစ္စည်းအိတ်ကြီး နှစ်အိတ် ပါလာခဲ့သော်လည်း ယခုအခါ အိတ်တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
လင်းစစ်ကျားမှ ပစ္စည်းများကို အိတ်ထဲထည့်ရန် ကိုယ်ကို ကိုင်းညွတ် လိုက်ချိန်တွင် လူအုပ်ထဲမှ စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုရှင်းချန် အစ်ကိုရှင်းချန် ညီမ ရိက္ခာ မရသေးဘူး ညီမ မရသေးဘူးလေ”
ဤအသံပိုင်ရှင်မှာ ချန်းရူအာပင် ဖြစ်ချေတော့သည်။ လူအုပ်ကြီး၏ နောက်ဘက်မှနေ၍ နာမည်များအား တစ်ယောက်ပြီး တစ်ယောက် ခေါ်နေသည်အား သူမ နားထောင်နေခဲ့ရသည်။ လူအများစုမှာ ရိက္ခာများ ရရှိသွားကြပြီ ဖြစ်သော်လည်း ရိက္ခာများ အများအပြား
ကျန်ရှိနေသေးသည်အား သူမ သိလိုက်ရသောအခါ ထိုအရာများမှာ ရဲ့ရှင်းချန်မှ သူမအတွက် သီးသန့် ချန်ထားပေးခြင်း ဖြစ်မည်ဟု သူမ အပိုင်တွက် ထားလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ရဲ့ရှင်းချန်မှ သူမ၏ နာမည်အား တစ်ခွန်းမျှပင် မခေါ်ဘဲ ပစ္စည်းများ ဝေငှလို့ ပြီးပြီဟု ပြောလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ချူယောင်သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ သူမသည် လက်တစ်ဖက်ဖြင့် ချန်းရူအာအား ဆွဲထားရင်း ရဲ့ရှင်းချန်အား စိုးရိမ်တကြီး လှမ်းအော်လိုက်တော့သည်။
"အစ်ကိုရှင်းချန် ညီမကိုလည်း မမေ့ပါနဲ့ဦး ညီမက ချူယောင် လေ ညီမလည်း ဘာရိက္ခာမှ မရသေးဘူးနော်"
သူတို့သုံးယောက်သည် အရှေ့ရှိ လူများအား အတင်းတွန်းဖယ်လျှက် ရဲ့ရှင်းချန်ထံသို့ ချဉ်းကပ် လာကြတော့သည်။ သူတို့သုံးယောက် အနက် စွန်းမင် တစ်ယောက်သာလျှင် လက်ထဲတွင် ပေါင်မုန့်တုံးငယ်လေး တစ်ခုအား ကိုင်ထားလေသည်။
ရဲ့ရှင်းချန်သည် သူတို့သုံးယောက်အား ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အထူးသဖြင့် ချန်းရူအာအား မြင်လိုက်ရချိန်တွင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ စောစောပိုင်း တိုက်ပွဲကိုသာ သူ အာရုံစိုက်နေခဲ့သဖြင့် ချန်းရူအာ ရောက်လာသည်အား သူ သတိမထားမိခဲ့ချေ။
"မင်း ဘာလို့ မသေသေးတာလဲ"
ရဲ့ရှင်းချန်မှ အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။ စိုးရိမ်တကြီး ရှေ့တိုးလာနေသော ချန်းရူအာမှာ ရုတ်တရက် ခြေလှမ်းများ တန့်သွားခဲ့ရသည်။
အဖွဲ့လိုက် စကားပြောခန်း ထဲတွင် ချန်းရူအာ၏ မက်ဆေ့ချ်များအား ရဲ့ရှင်းချန် မတွေ့ရတော့ပေ။ စွန်းမင် တစ်ယောက်သာ တုတ်တစ်ချောင်း ကိုင်ကာ အပြေးအလွှား ဝင်လာသည်အား သူ မြင်တွေ့ခဲ့ရပြီး ချန်းရူအာနှင့် ချူယောင်တို့ကို မတွေ့ရသဖြင့် ထိုနှစ်ယောက်မှာ သေဆုံးသွားကြပြီဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ချန်းရူအာသည် ခေတ္တမျှ မှင်သက်သွားပြီးနောက် ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။ ရဲ့ရှင်းချန်မှ သူမအား သေသွားပြီဟု ထင်နေသောကြောင့်သာ သူမ၏ နာမည်အား မခေါ်ခဲ့ခြင်း ဖြစ်မည်ဟု သူမ ထပ်မံ၍ တစ်လွဲ တွေးတော လိုက်ပြန်တော့သည်။
"အစ်ကိုရှင်းချန်က ညီမကို အဂရုစိုက်ဆုံးဆိုတာ ညီမ သိသားပဲ ညီမ အသက်ရှင်နေပါသေးတယ် အခုပဲ အစ်ကိုရှင်းချန် ညီမကို အိမ်ခေါ်သွားလို့ ရပြီနော်"
ရုတ်တရက် ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများ ထွက်ပေါ် လာကြတော့သည်။ ချန်းရူအာ မည်သူဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။ မည်သို့ပင်ဆိုစေ ကျင်းဟိုင်တက္ကသိုလ်၏ ကျောင်း အလှနတ်သမီး ဆိုသော ဂုဏ်ပုဒ်မှာ အလွန်ပင် ကျော်ကြားလှသည် မဟုတ်ပါလော။
သို့သော်လည်း မောက်မာလှသော ကျင်းဟိုင် ကျောင်း အလှနတ်သမီး ထံတွင် ဤမျှ အရှက်အကြောက် ကင်းမဲ့သော အသွင်အပြင်မျိုး ရှိနေလိမ့်မည်ဟု သူတို့ တစ်ခါမှ မသိခဲ့ကြပေ။
"အိုး တောင်းပန်ပါတယ်ကွာ မင်းတို့နှစ်ယောက် သေသွားပြီလို့ ငါ ထင်နေခဲ့တာ"
ရဲ့ရှင်းချန်၏ မျက်နှာတွင် လှောင်ပြောင်လိုသော အမူအရာများ အပြည့်အဝ ပေါ်လွင်နေခဲ့ကာ ချန်းရူအာနှင့် ချူယောင်တို့အား စိုက်ကြည့် နေလိုက်တော့သည်။
"ဒါပေမဲ့ တောင်းပန်ပါတယ်ကွာ စောစောက မင်းတို့ မြင်တဲ့အတိုင်းပဲ မဟုတ်လား ငါ ရဲ့ရှင်းချန်က အရမ်း တရားမျှတတဲ့ လူတစ်ယောက်ပါ မင်းတို့နှစ်ယောက်က စောစောက ဘာအင်အားမှ မစိုက်ထုတ်ခဲ့ဘူးလေ ဒါကြောင့် မင်းတို့နှစ်ယောက်အတွက် ရိက္ခာမရှိဘူး"
ချန်းရူအာနှင့် ချူယောင်တို့သည် သူတို့ မျက်စိရှေ့မှ မြင်ကွင်းအား မယုံနိုင် လောက်အောင် ဖြစ်သွားကြပြီး နေရာတွင်ပင် မှင်သက်သွားကြကုန်တော့သည်။
"ဘာ"
ချူယောင်မှ ရုတ်တရက် အော်ပြောလိုက်လေသည်။
"ဘာလို့ သူတို့ကျတော့ ရပြီး ညီမကျတော့ မရရတာလဲ စွန်းမင် ကျတော့ ရိက္ခာရတယ်လေ”
ချန်းရူအာမှာမူ ပို၍ပင် မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူမသည် ချူယောင်၏ ဆွဲကိုင်ထားမှုမှ ရုန်းထွက်လိုက်ပြီးနောက် နာကြည်း ဝမ်းနည်းစွာဖြင့် ရဲ့ရှင်းချန်ထံသို့ ပြေးသွားလိုက်သည်။ ရဲ့ရှင်းချန်ထံသို့ သူမ ပြေးဝင်ဖက်ရန် ကြိုးစားလိုက်သော်လည်း ဘေးတွင် ရပ်နေသော ကျောက်ဟောင်မှ လက်ဆန့်တန်းကာ တားဆီးလိုက်တော့သည်။
"အစ်ကိုရှင်းချန် ရူအာ့ကို နောက်နေတာ မဟုတ်လား ဟင် ညီမကို ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ အစ်ကို ကိုယ်တိုင် ပြောခဲ့တာလေ ဘယ်လိုလုပ် အစ်ကို့ရဲ့ တရားမျှတမှုဆိုတာ အပြင်လူတွေကိုပဲ ပြောတာ မဟုတ်လား ဟင် ရူအာက အပြင်လူမှ မဟုတ်တာ ဒါကြောင့် တရားမျှတမှုဆိုတာ မလိုပါဘူး”
ရဲ့ရှင်းချန်သည် ရင်ဘတ်ပေါ်တွင် လက်ပိုက်လိုက်သည်။
"အိုး ငါ့ရဲ့ တရားမျှတမှုက အပြင်လူတွေအတွက်ပဲ ဆိုတော့ မင်းက အပြင်လူ မဟုတ်ဘူးလို့ ပြောချင်တာလား မင်းက အပြင်လူ မဟုတ်ဘူးဆိုရင် ဘာလဲ မင်းက ငါ့မိန်းမ လို့များ ပြောချင်နေတာများလား"
တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းစစ်ကျားသည် ခေါင်းမော့လာခဲ့ကာ ချန်းရူအာကို စူးစူးရဲရဲ စိုက်ကြည့် လိုက်တော့သည်။ ထို့နောက် ဆာလာအိတ်ကြီးအား ဆွဲလျှက် ရဲ့ရှင်းချန်၏ အနီးသို့ တိုးကပ်လာခဲ့သည်။
ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်သည် ရယ်မောလိုက်ပြီးနောက် သူ၏ လက်ကို မြှောက်ကာ လင်းစစ်ကျားအား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။ ချန်းရူအာသည် လင်းစစ်ကျားနှင့် ယှဉ်လိုက်ပါမူ လုံးဝကို ကွာခြားနေခဲ့သည်။
တစ်ယောက်မှာ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး အခြားတစ်ယောက်မှာမူ သပ်သပ်ရပ်ရပ်နှင့် ကောင်းမွန်စွာ ဝတ်ဆင်ထားလေသည်။ သူမသည်လည်း ထူထဲသော ဆောင်းတွင်း ဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ လင်းစစ်ကျားသည် ချန်းရူအာထက် များစွာ ပို၍ မွန်မြတ်မြင့်ကျက်သော အသွင်ရှိနေခဲ့သည်။
"ပေါက်ကရတွေ လာမပြောနဲ့ ငါ့ဇနီးက ဒီမှာ ရပ်နေတယ်"
ရဲ့ရှင်းချန်မှ ပြောလိုက်သည်။
"ငါ့ရဲ့ ကျားကျား စိတ်မကောင်းမဖြစ်ရအောင် အကြောင်းမဲ့ ငါ့အနားကို မကပ်ဖို့ အရင်ကတည်းက ငါ မင်းကို အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီလေ"
"မင်းလို အရွယ်ရောက်နေတဲ့ မိန်းကလေး တစ်ယောက်က နည်းနည်းလေးတောင် သိက္ခာမရှိဘူးလား အကြောင်းပြချက် မရှိဘဲ ငါ့ဆီကို အတင်း လာကပ်ဖို့ မကြိုးစားနဲ့နော် ကြားလား မင်းက တကယ်ကို က္ကန္ဒြေမဲ့ လွန်းတယ်”
ချန်းရူအာမှ နှုတ်ခမ်းဆူလျှက် မယုံကြည်နိုင်စွာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။
"မဟုတ်ဘူး မဟုတ်ဘူး ညီမကို အချစ်ဆုံးဆိုတာ အစ်ကို ရှင်းချန် ကိုယ်တိုင် ပြောခဲ့တာလေ ညီမကို အစ်ကို့ အိမ်မှာ လာနေဖို့နဲ့ အိမ်ရှင်မ နေရာ ပေးမယ်လို့တောင် လာတောင်းပန်ထားတာလေ အခုမှ ဒါက ဘာသဘောလဲ ဘာလို့ စကားရုပ်သိမ်း သွားရတာလဲ"
ချန်းရူအာ၏ အရှက်အကြောက် ကင်းမဲ့သော အသွင်အပြင်အား ကြည့်ရင်း ရဲ့ရှင်းချန်၏ စိတ်ထဲတွင် ပို၍ပင် ရယ်ချင်လာမိသည်။
"အိုး မင်းက အဲဒီကိစ္စကို ပြောတာလား"
"မင်းကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား မင်းကို ငါ့အိမ်မှာ နေခွင့်ပေးပြီး အိမ်ရှင်မ နေရာကို ပေးမယ်ဆိုရင် မင်း ငါ့ကို ဘာမဆို ခွင့်ပြုပေးမယ် ဆိုပြီးတော့လေ"
"ရယ်ရတယ်နော် ငါက ဘယ်တုန်းက မင်းကို ငါ့အိမ်မှာ လာနေဖို့ တောင်းပန်ခဲ့ဖူးလို့လဲ"
ရဲ့ရှင်းချန်၏ မျက်လုံးများသည် ချန်းရူအာအား အကဲခတ်လိုက်လေသည်။
"အခု မင်းပုံစံကို ပြန်ကြည့် လိုက်စမ်းပါ ကျင်းဟိုင် တက္ကသိုလ်ရဲ့ ကျောင်းအလှနတ်သမီး ဆိုတဲ့ ပုံစံမျိုး နည်းနည်းလေးတောင် မပေါက်တော့ဘူး"
ယခင်ချိန်များတွင် ချန်းရူအာသည် သူမ၏ အသွင်အပြင်အား အများဆုံး ဂရုစိုက်ခဲ့သူ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ သူမ၏ အသွင်အပြင်သာ မကောင်းပါက သူဌေးများအား မည်သို့ ဖြားယောင်း သွေးဆောင်နိုင်လိမ့်မည်နည်း။
ရဲ့ရှင်းချန်၏ စကားကြောင့် ချန်းရူအာသည် နှင်းပြင်ပေါ်မှ ကမန်းကတမ်း ထရပ်လိုက်ရတော့သည်။ ရဲ့ရှင်းချန်မှ စွန်းမင်နှင့် ချူယောင်တို့အား လှည့်ကြည့်လိုက်သည်။
"ငါက သူ့ကို အရမ်း ချစ်တာမို့ သူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့ ချန်းရူအာက မင်းတို့ နှစ်ယောက်ကို ပြောမထားဘူးလား ငါက သူ့ကို အိမ်ခေါ်သွားတော့မယ် လို့ရော သူ မပြောထားဘူးလား"