ကောင်းကင်ဘုံဆေးလုံး ပျက်စီးခြင်း
Vol. 138 Ch. 1903
ကျယ်လောင်စွာ တုန်ဟည်းသံများ ဆေးလုံးပင်လယ်တခွင်တွင် ပဲ့တင်ထပ်လေ၏။ လေဟာနယ်တိမ်က အလွန်လေးနက်သော ဟန်ပန် ရှိနေကာ သူ့လက်နှစ်ဖက်ဖြင့် မတူကွဲပြားသော ချိပ်ဟန်များကို ဆက်တိုက် ဖြစ်ပေါ်နေစေသည်။ ပင်လယ်ရေ ပေသုံးသိန်းက နောက်ထပ် ပေတစ်သိန်းအဖြစ်သို့ ထပ်မံ သိပ်သည်းသည်။
လေဟာနယ်တိမ်၏မျက်နှာမှာ ဖြူရောနေ၏။ သူ့အတွက်ပင် ဤကိစ္စမှာ ပေါ့သေးသေး ဝန်ထုတ်ဝန်ပိုး မဟုတ်လေပေ။ ပင်လယ်ကို ပေတစ်သိန်းထိ သိပ်သည်းစေပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာ၏။
သူက ထိုပုလင်းကို ခွဲချေလိုက်ရာ ရွှေရောင်အရည်စက်တစ်စက် ပျံသန်းထွက်သွားသည်။
ထိုရွှေရောင်ရေစက် ပေါ်လာသည့်အခါ၌ သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင် ပေါ်လာသည်။ ထိုကောင်းကင်ဘုံစွမ်းအင်က သိပ်သည်းလွန်း၏။ လေဟာနယ်တိမ်က အသက်ဝဝရှိုက်သွင်းကာ ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ ရွှေရောင်အရည်စက်က သူ့ရှေ့ရှိ ပင်လယ်ဝဲကတော့ထံ ပျံသန်းသွားသည်။
“ဒီဆေးလုံးပင်လယ်ဟာ ကောင်းကင်ဘုံဆေးလုံးတစ်လုံးကြောင့် ဖြစ်ပေါ်လာတာ။ လူအများအပြားက ဒါကို သိကြတယ်။ လူတွေက ဒီပင်လယ်ကို ဆေးလုံးအဖြစ် ပြန်သန့်စင်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမျှ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဓာတ်ကူပစ္စည်းတစ်ခု လိုအပ်နေလို့ပဲ…”
“ဒီဓာတ်ကူပစ္စည်းဟာ ဒီရွှေရောင်အရည်စက်ပဲ ဖြစ်တယ်…” လေဟာနယ်တိမ်က ပြုံးလိုက်၏။ ထိုရွှေရောင်အရည်စက်သည် အလွန်အဖိုးတန်၏။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှာဖွေပြီးနောက်မှသာ အစိမ်းရောင်မိစ္ဆာကုန်းမြေအနေဖြင့် ၎င်းကို တွေ့ရှိခဲ့ခြင်းပင်။
၎င်းရွှေရောင်အရည်စက် မရှိပါဘဲ ကောင်းကင်ဘုံဆေးလုံးအဖြစ် ဒီပင်လယ်ကို ပြန်သန့်စင်နိုင်ဖို့မှာ မဖြစ်နိုင်ပေ။ ပေတစ်သိန်းသည် အကန့်အသတ် ဖြစ်နေပေလိမ့်မည်။
လူအများက ပင်လယ်ရေကို ပေတစ်သိန်း သိပ်သည်းခြင်း၌ ရပ်တန့်ခဲ့ရပြီး ထပ်မံ သိပ်သည်းနိုင်ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ပင်လယ်ရေသည် ပြန့်ကြဲ၍ ဆေးလုံးပင်လယ်အဖြစ်သို့ ပြန်ရောက်သွားပေလိမ့်မည်။
သို့ပေမည့် ဒီတစ်ကြိမ်၌ လေဟာနယ်တိမ်က အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်တော့ပေ။
“ငါ ကောင်းကင်ဘုံဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ သန့်စင်ပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေ ပတ်လည်က အရံအတားကို ချိုးဖျက်ပစ်မယ်။ ဒါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခွင် ငါ ကျော်ကြားဖို့အတွက် လုံလောက်သင့်တယ်…” လေဟာနယ်တိမ်က ပြုံးလိုက်၏။ သူ၏ရှေ့မှ ရေသည် ထိုရွှေရောင်အရည်စက်ကို စုပ်ယူပြီးနောက် တိုက်ရိုက် ပြောင်းလဲလာ၏။ ပင်လယ်သည် ဆူပွက်လာဟန် တူကာ အပြင်းအထန် တဝီဝီ စတင်လည်ပတ်ချေသည်။
၎င်းသည် ပေတစ်သိန်းကနေ ရုတ်တရက် ကြုံ့လာ၏။ ပေငါးသောင်း၊ သုံးသောင်း၊ တစ်သောင်း။
“ဒါက ပိုသေးငယ်တဲ့အထိ ကြုံ့လေလေ ကောင်းကင်ဘုံဆေးလုံးဟာ ပိုအစွမ်းထက်လေပဲ။ ပေတစ်သောင်းဟာ မလုံလောက်သေးဘူး…”
လေဟာနယ်တိမ်က မျက်လုံးမှိတ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ ဓားစိတ်ဆန္ဒတစ်ခု ပျံ့လွင့်လာကာ ပင်လယ်ဝဲကတော့ကို ဖုံးလွှမ်းလာ၏။ သူ့နတ်ဘုရားအာရုံက ပင်လယ်ဝဲကတော့နှင့် အပြည့်အဝ ပေါင်းစပ်လေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ကောင်းကင်ထက်ရှိ ကျင့်ကြံသူများက စောင့်ကြည့်နေကြစဉ်မှာ ပင်လယ်ရေပေတစ်သောင်းက ပေရှစ်ထောင်၊ ငါးထောင်၊ သုံးထောင်ထိ ထပ်မံ ကြုံ့လာ၏။
ထိုမျှဖြင့် အဆုံးမသပ်သေး။၎င်းက ပေတစ်ထောင်ထိ မြန်ဆန်စွာ ဆက်ကြုံ့သည်။
ထိုသို့ဖြစ်နေစဉ် ပင်လယ်ရေဝဲကတော့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ထိုအခိုက်၌ ယင်းဝဲကတော့အတွင်းတွင် တဝက်တပျက်ဆေးလုံးက စတင် ဖြစ်ပေါ်လာသည်။ သို့ပေမည့် ခုအခိုက်အတန့်၌ မည်သည့်အနှောက်အယှက်မှ ရှိ၍ မဖြစ်ပေ။ အကြောင်းမှာ ဤသည်က ကောင်းကင်ဘုံဆေးလုံးတဝက်ကို သိပ်သည်းနေသော နောက်ဆုံးအဆင့် ဖြစ်ခြင်းကြောင့်ပင်။ ထိုဆေးလုံးက အင်မတန် မတည်မငြိမ် ဖြစ်နေသေး၏။ ၎င်းသာ နှောက်ယှက်ခံရပါက စောလျင်စွာ ပေါက်ကွဲထွက်မည် ဖြစ်ပြီး အကျိုးဆက်မှာ ဆိုးဝါးသွားပေလိမ့်မည်။
ထို့ကြောင့်လည်း အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ဆေးလုံးပင်လယ်တွင် ရှင်းလင်းရေး လုပ်ခဲ့ခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် လေဟာနယ်တိမ် မလှုပ်ရှားခင် မည်သည့် မှားယွင်းမှုမှ ဖြစ်မလာတာ သေချာစေမည် မဟုတ်လား။ သို့ပေမည့် ဒီပင်လယ်၏ အတားအဆီးကြောင့် မည်သူကမျှ ဝမ်လင်း၏ တည်ရှိမှုကို သတိမပြုမိကြပေ။
ထိုအတားအဆီးက ယခုအခါ၌ ဝမ်လင်း၏ အပိုင် ဖြစ်နေလေပြီ။ သူသာ သူ့ကိုယ်သူ ပုန်းကွယ်ထားလိုပါက မည်သူကမျှ ဒီအတားအဆီးအစီအရင်အတွင်း သူ့ကို ထောက်လှမ်းနိုင်မည် မဟုတ်ပါ။
လေဟာနယ်တိမ်က အောင်မြင်ခါနီးနေပေပြီ။ သို့သော် ထိုအခိုက်၌ သူ့အောက်ဘက် ပင်လယ်ရေညှိပင်တို့ထံမှ အော်ရာတစ်ခု ပေါ်လာ၏။ ထိုအော်ရာက ဝမ်လင်းပင်။ ပေါ်လာသည်နှင့် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းသည်။
ချက်ခြင်း သူ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် လေဟာနယ်တိမ် ဆေးလုံးသန့်စင်နေသော ပင်လယ်ရေ၏ ပေတစ်ထောင်အပြင်ဘက်တွင် ပေါ်လာ၏။
ဝမ်လင်း ပေါ်လာသည်က ရုတ်ချည်းဆန်လှသော်လည်း မရေမတွက်နိုင်သော နတ်ဘုရားအာရုံများက သူ့ထံ ကျရောက်လာ၏။ ကောင်းကင်ထက်ရှိ တချို့သူများက သူ့ကို ချက်ခြင်း သတိပြုမိသည်။ သူတို့၏အမူအရာများ ပြောင်းလဲကာ ဝမ်လင်းထံ တိုးဝင်လာ၏။
သူတို့က မြန်သော်လည်း ဝမ်လင်းက ပိုမြန်၏။ သူက အတားအဆီးနှင့် ပေါင်းစပ်ကာ လေဟာနယ်တိမ် သန့်စင်နေသော ပင်လယ်ရေပေတစ်ထောင်အပြင်ဘက်တွင် ပေါ်လာကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သွေးဓား ပေါ်လာကာ ခုတ်ပိုင်းသည်။
သူက လေဟာနယ်တိမ်ထံ ခုတ်ပိုင်းလိုက်ခြင်း မဟုတ်၊ ပေတစ်ထောင်ပင်လယ်ဝဲကတော့ကို ခုတ်ပိုင်းလိုက်ခြင်းတည်း။
“ရပ်လိုက်…” ဝ၎င်း်လင်းကို ထောက်လှမ်းမိသော ကောင်းကင်ထက်မှ လူများထံမှ အော်သံဟစ်သံများ ပေါ်လာသည်။ သို့သော် ဝမ်လင်းကို သူတို့က မဟန့်တားနိုင်ပေ။
လေဟာနယ်တိမ်က သူ့ကိုယ်သူ ပင်လယ်ရေတွင် နစ်မြုပ်စူးနစ်ထား၏။ သူ့အာရုံစိုက်မှုကို ခွဲထုတ်ဖို့မှာ ခက်ခဲလွန်းနေသည်။ ဝမ်လင်း ပေါ်လာတာကလည်း ရုတ်တရက် ဆန်လွန်း၏။ သူ့ချိန်သားကိုက်မှုက ကွက်တိပင်။
သို့သော် လေဟာနယ်တိမ်က မတော်တဆ ပါရမီရှင်လေးယောက်ထဲမှ တစ်ယောက် ဖြစ်လာခဲ့ခြင်း မဟုတ်ပေတ။ ဝမ်လင်း၏ဓား ဆင်းသက်လာသည်နှင့် သူက မျက်လုံးဖွင့်ကာ အပေါ်သို့ မော့ကြည့်လာသည်။ သူ ဝမ်လင်းကို မြင်သည့်အခါ တုန်လှုပ်နေဖို့ အချိန်မရပေ။ ချက်ခြင်း သူ လျှာကိုကိုက်ကာ သွေးများ ထွေးထုတ်လိုက်၏။ တချိန်တည်းမှာ သူ့နတ်ဘုရားအာရုံကို ပင်လယ်ရေထံမှ ပြန်ရုတ်သိမ်းသည်။
ထိုပါးစပ်အပြည့် သွေးတို့က ဓားအရိပ်တစ်ခုအဖြစ် ပြောင်းကာ သွေးဓားနှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ မြည်ဟိန်းသွားလေ၏။ ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများစီးကျကာ သွေးဓားက နောက်ပြန်ကန်လွင့်လာသည်။
လေဟာနယ်တိမ်၏မျက်နှာက ဖြူရောသွား၏။ သူ့သွေးဖြင့် ဖြစ်ပေါ်ခဲ့သော ဓားအရိပ်မှာလည်း ပေါက်ကွဲသွားသည်။
“မင်းပဲကို…” လေဟာနယ်တိမ်၏ အမူအရာက ကြမ်းကြုတ်နေ၏။ သူ့နတ်ဘုရားအာရုံကို အမြန်အဆန် ပြန်ရုတ်သိမ်းသည်။ သူ့နတ်ဘုရားအာရုံ ပြန်ရောက်လာသည်နှင့် သူသည် ဝမ်လင်းနှင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်မည် ဖြစ်၏။ သူသည် အပေါ်မှ ကျင့်ကြံသူရာချီကို ဆင်းသက်လာတာကို စောင့်ဖို့ ဝမ်လင်းအား အချိန်အနည်းငယ်မျှ ဆွဲထားဖို့သာ လိုသည်။ ထို့အခါကျလျှင် ဝမ်လင်းအဖို့ လွတ်မြောက်ရန် ခက်ခဲသွားမည်ပင်။
သို့ပေမည့် ဝမ်လင်းက အချိန်အတန်ကြာ ကျားချောင်းချောင်းနေခဲ့တာ မဟုတ်လား။ သူသည် အမြဲတမ်းလိုလို ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို ချမှတ်ပြင်ဆင်တတ်သူပင်။ ထို့ကြောင့် လေဟာနယ်တိမ်ကို သူက မည်သို့ လွတ်လပ်ခွင့် ပေးပါ့မည်နည်း။ သူသည် ကောင်းကင်ထက်မှ ဆင်းသက်လာမည့် ကျင့်ကြံသူများ အပါအဝင် ဖြစ်နိုင်ချေများစွာကို တွက်ချက်ထားခဲ့ပြီး ဖြစ်၏။
အခု ဝမ်လင်း၏လက်ထဲတွင် ဒီအတားအဆီးက ရှိနေ၏။ သူ၏ထိန်းချုပ်မှုဖြင့် သူတို့သည် အတားအဆီးနှင့် မပေါင်းစပ်နိုင်ကြပေ။ ဝမ်လင်းထံ ပျံသန်း၍သာ လာနိုင်ကြမည်။ သို့ပေမည့် သူတို့ နီးကပ်လာစဉ် အတားအဆီးက ရုတ်တရက် ဝင်ရောက်ခြင်းကို ဟန့်တားကာ ထွက်သွားနိုင်စွမ်းသာ ရှိနေသည့် အခင်းအကျင်းသို့ ချက်ခြင်း ပြောင်းလဲသွားသည်။
ထိုအတားအဆီးက ကြီးစွာ ကြုံ့လာပြီး ဆင်းသက်လာသော ကျင့်ကြံသူရာချီရှေ့တွင် ပေါ်လာသည်။ ကျင့်ကြံသူရာချီသည် အတားအဆီးနှင့် ဝင်ဆောင့်ကာ ပိတ်ဆို့ခြင်း ခံရသည်။ သို့ပေမည့် ထိုဖိသိပ်အားကြောင့် အတားအဆီးမှာလည်း တုန်ယင်ကာ ကျိုးပျက်မည့် အရိပ်အယောင် ပြသလာသည်။
သို့သော် ဝမ်လင်းက သူတို့ကို ပိတ်ထားချင်ခြင်း မဟုတ်ပါ။ သူက အချိန်ရရုံမျှသာ လိုအပ်၏။ သည်အတားအဆီးက သူတို့ကို နှေးဖင့်စေလျှင်ပင် လုံလောက်နေပြီပင်။
လေဟာနယ်တိမ်၏ နတ်ဘုရားအာရုံက ပင်လယ်ရေထံမှ ပြန်ရုတ်သည့်အခိုက်တွင် သွေးဓားက လွင့်ကန်လာခဲ့သည်။ သို့ပေမည့် သူ၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ပေါ်လာကာ သွေးဓားကို ဖမ်းဆုပ်၍ ထပ်မံ ခုတ်ပိုင်းလိုက်သည်။
ထိုအခါ မီးပင်လယ်တစ်ခု ပင်လယ်တွင် ပြည့်နှက်လ၏။ ချိန်သားကိုက်မှုက ကောင်းလှချေသည်။ ပထမတိုက်ခိုက်မှုပြီးနောက် ၎င်းက တိုက်ရိုက် ထွက်ပေါ်လာခြင်းပင်။ ပထမတိုက်ခိုက်မှုက ပျက်စီးသွားသော်လည်း ဒီဒုတိယမြောက် တိုက်ခိုက်မှုကသာ အစစ်အမှန် တိုက်ခိုက်မှု ဖြစ်လေ၏။
ထိုတိုက်ခိုက်မှု နီးကပ်လာသည်။ လေဟာနယ်တိမ်၏မျက်လုံးက ချင်းချင်းနီရဲနေ၏။ သူက မာန်သွင်းလိုက်စဉ် ထိုတိုက်ခိုက်မှုက ပင်လယ်ဝဲကတော့ကို ခုတ်ပိုင်းသည်။ ဝဲကတော့ ခုတ်ပိုင်းခံရစဉ် ၎င်းသည် လည်ပတ်နေခြင်း ရပ်တန့်သွားသည်။
ပေတစ်ထောင်ပင်လယ်ရေထံမှ အဖျက်အစီးအော်ရာတစ်ခု ထွက်ပေါ်လာ၏။ ထိုအော်ရာက လောကကိုပင် မရေမတွက်နိုင်လောက်အောင် ပျက်စီးပစ်စေနိုင်လောက်သည်ဟု ခံစားရ၏။ ၎င်းသည် မြင်ကွင်းတဆုံးရှိ အရာအားလုံးကို သတ်ပစ်ဖို့ထိ လုံလောက်အောင် အစွမ်းထက် ပြင်းထန်နေသည်။
လေဟာနယ်တိမ်၏ နတ်ဘုရားအာရုံအချို့က ထိုပင်လယ်ဝဲကတော့အတွင်း၌ ရှိနေသေး၏။ ထိုဝဲကတော့ ခုတ်ပိုင်းခံရသည့်အခါ အဖျက်အစီးအော်ရာတစ်ခု ပျံ့လွင့်လာ၏။ အတွင်းရှိ သူ့နတ်ဘုရားအာရုံအစိတ်အပိုင်းမှာလည်း ဖျက်စီးခံလိုက်ရသဖြင့် သူက သွေးအန်လိုက်ရသည်။ သူသည် နောက်သို့ ချက်ခြင်း ဆုတ်၏။ ဒီအခိုက်၌ သူသည် ဝမ်လင်း၊ သို့မဟုတ် ပင်လယ်ရေနှင့် ပတ်သတ်၍ အရေးမစိုက်တော့ပေ။ သူက ဒီနေရာသို့ သူ့ကိုယ်ပွားဖြင့် ရောက်လာခဲ့ခြင်း ဖြစ်၏။ သူ့ကိုယ်ပွား သေဆုံးပြီး ဓားစိတ်ဆန္ဒသာ ဖျက်စီးခံရပါက သူ့မူလခန္ဓာကိုယ်အပေါ် သက်ရောက်မှု ကြီးသွားကာ ပြန်ကောင်းမွန်ဖို့ ခက်ခဲသွားပေလိမ့်မည်။
ထို့အပြင် ဒီအခိုက်၌ ဆင်းသက်လာသော ကျင့်ကြံသူများနှင့် ကျင့်ကြံသူထောင်သောင်းချီ စစ်တပ်က တုန်ယင်ကုန်၏။ သူတို့က အဘက်ဘက်မှ တိုးဝင်လာသော အဖျက်အစီးအားကို ခံစားမိသည်။
“ဒီကောင်းကင်ဘုံဆေးလုံးက ပေါက်ကွဲတော့မှာ…” ဤအခိုက်တွင် ကျင့်ကြံသူထောင်သောင်းချီသည် စဉ်းစားဉာဏ် လွတ်ကာ ဟိုဟိုဒီဒီ အသည်းအသန် ထွက်ပြေးကြတော့၏။ သူတို့က အတားအဆီးအစီအရင်နှင့် ပေါင်းစပ်ကာ ထွက်သွားချင်သည်။ သို့သော် ဝမ်လင်းက ဒီအစီအရင်ကို ထိန်းချုပ်ထားသဖြင့် သူတို့သည် ထွက်မသွားနိုင် ဖြစ်ရသည်။
ဝမ်လင်းသည် ချက်ခြင်း လှည့်ကာ ကောင်းကင်ဘုံနွားထီးကုန်းမြေထံ ခြေလှမ်းသည်။ လှိုင်းဂယက်များ ပဲ့တင်ထပ်၏။ သူက ပျောက်ကွယ်သွားတော့မည်။
သို့ပေမည့် ထိုအခိုက်တွင် ပေတစ်ထောင်ပင်လယ်ရေက ကြောက်မက်ဖွယ်တုန်ဟည်းမှုကို ထုတ်လွှတ်ကော ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေတို့ထိ ပျံ့လွင့်လာသည်။ ကောင်းကင်ထက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သွေးအန်ထွက်ကာ သူတို့၏နားထဲ၌ တဝီဝီမြည်ဟိန်းနေချေသည်။
လေဟာနယ်တိမ်က ရုန်းကန်နေ၏။ သူ့မျက်လုံးထဲတွင်မူ မျှော်လင့်ချက်မဲ့မှုတို့ ပြည့်လာသည်။
“ငါ ဒီလိုအဖြစ်မခံနိုင်ဘူး…” သူ မာန်သွင်းအော်ဟစ်စဉ်မှာပင် ပေတစ်ထောင်ပင်လယ်ရေက ရုတ်တရက် ပေါက်ကွဲ၏။ ကောင်းကင် တွန့်ခေါက်၊ မြေပြင် တုန်ခါပြီး ဖော်ပြ၍ မရသော အဖျက်အစီးအားတစ်ခုက ပျံ့လွင့်လာသည်။
ကောင်းကင်ဘုံဆေးလုံးသည် စောလျင်စွာ ပေါက်ကွဲခဲ့လေပြီ။
ထိုပေါက်ကွဲမှုက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အနီးအနားတွင် ဖြစ်သင့်၏။ ၎င်းက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အခြေခံကို လှုပ်ခါစေရင်း ထိုကုန်းမြေ ပတ်လည်ရှိ အရံအတားကို ချိုးဖျက်တာ ဖြစ်သင့်၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အစိတ်အပိုင်းများစွာ ဒီပေါက်ကွဲမှုကြောင့် ပျောက်ကွယ်ကုန်ကာ အကြီးအကျယ် ထိုးနှက်ခံရတာ ဖြစ်သင့်၏။
သို့သော် ခုချိန်တွင်မူ ကောင်းကင်ဘုံဆေးလုံးက ဒီဆေးလုံးပင်လယ်၏ ဗဟိုချက်တွင် ပေါက်ကွဲခြင်းပင်။ ထို့အတွက်ကြောင့် ကောင်းကင်ဘုံနွားထီးကုန်းမြေသာမက အစိမ်းရောင်မိစ္ဆာကုန်းမြေမှာလည်း အလားတူ သက်ရောက်ပျက်စီးမှုကို ခံရလေတော့သည်။
လေဟာနယ်တိမ်က အလွန်နီးကပ်စွာ ရှိနေ၏။ သူသည် အရူးအမူး ပြေးနေလျှင်ပင် အဖျက်အစီးအားနှင့် နီးကပ်လွန်းနေဆဲသာ။ သူ့ဓားစိတ်ဆန္ဒက အစွမ်းထက်လှသော်လည်း ဒီအဖျက်အစီးအားရှေ့တွင်မူ တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝ မရှိဘဲ သူသည် ပျက်စီးခြင်း ဆိုက်ရလေသည်။
ဝမ်လင်းသည် လောကနှင့် ပေါင်းစပ်ကာ အဖျက်အစီးအားက သက်ရှိအားလုံးကို ဧရာမပါးစပ်ကြီးအလား ဝါးမြိုတော့မည့် အခိုက်၌ ထွက်ခွာရန် ဟန်ပြင်သည်။ ၎င်းအဖျက်အစီးအား နီးကပ်လာသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်က လက်မတင်လေး ဦးကာ ပျောက်ကွယ်သွားသည်။
အဖျက်အစီးအား ဝေ့ခတ်ပျံ့နှံ့သော နေရာတိုင်းတွင် မြေပြင်သည် ပျက်စီးကာ အောက်ဘက်၌ နက်မှောင်သောလေဟာနယ်သာ လှစ်ဟပေါ်ကျန်ခဲ့၏။
ထိုအဖျက်အစီးအားက ဆေးလုံးပင်လယ်တခွင်သို့ ချက်ခြင်း ပျံ့နှံ့သည်။ ဆေးလုံးပင်လယ်သည် ပျောက်ကွယ်သွားလေ၏။ ထို့နောက် ၎င်းအားက ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေတို့ထံ တချိန်တည်းလိုလို လာရောက် ထိခိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ကောင်းကင်ဘုံနွားထီးကုန်းမြေတစ်ခုလုံးသည် တုန်ခါကုန်၏။ ကုန်းမြေပတ်လည်ရှိ အရံအတားသည် ပျက်စီးသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာလည်း အလားတူ သက်ရောက်မှုကို ခံရသည်ပင်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အထက်၌ ဧရာမနွားထီးအရိပ်ကြီးတစ်ခု ပေါ်လာသည့်ဟန် ထင်ရသည်။ ၎င်းက အစိမ်းရောင်မိစ္ဆာကုန်းမြေထံ ဦးတည်ငြိမ် ခပ်မဆိတ် ဟိန်းသံတစ်သံ ထုတ်ဖော်သည်။
မကြာမီတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေကို ခြုံလွှမ်းထားသော ဧရာမအစိမ်းရောင်ကင်းမြှီးကောက်တစ်ကောင် ပေါ်လာကာ ထိုဧရာမနွားထီး၏ ဟိန်းသံနှင့် ယှဉ်နိုင်သော ခပ်မဆိတ် ခပ်စူးစူးအသံကို ထုတ်ဖော်သည်။