ပြင်ပရန်သူ ထပ်မံတိုက်ခိုက်လာခြင်း
Vol. 6 Ch. 83
ကျောက်ဟောင်သည် နှင်းပြင် ပေါ်တွင် သတိထားကာ လျှောက်လှမ်းနေခဲ့သည်။ ရဲ့ရှင်းချန်၏ ချီးမွမ်း စကားများကြောင့် သူ အတော်လေး ရှက်သွေးဖြာ သွားခဲ့သည်။
"ညီလေးကတော့ အစ်ကို့ကို နောက်ဖို့ သိပ်ဝါသနာ ပါတာပဲကွာ မင်းပြောသလောက်လည်း အစ်ကိုက မတော်ပါဘူးကွ"
ရဲ့ရှင်းချန်သည် ဖုန်းအား ခေါင်းစောင်း၍ ညှပ်ကိုင်ထားရသဖြင့် ဇက်ကြောများပင် တင်းလာခဲ့တော့သည်။ နောက်ဆုံးတွင် သူ၏လက်ထဲမှ စနိုက်ပါရိုင်ဖယ်အား အောက်ချလိုက်ပြီးနောက် ကုတင်ပေါ်သို့ ပက်လက် လှန်ချလိုက်တော့သည်။
"ကျွန်တော် နောက်နေတာ မဟုတ်ဘူး အစ်ကိုကျောက်ရဲ့ အပြင်က အခြေအနေတွေကို အစ်ကိုလည်း မမြင်တာမှ မဟုတ်တာ"
"စာပဲဖတ်ပြီး စာသိတဲ့ စာကြမ်းပိုးတွေ ဘယ်နှယောက်တောင် အအေးဒဏ်ကြောင့် အေးခဲသေဆုံးသွား ပြီးတော့ ငတ် သေကုန် သွားကြပြီလဲဆိုတာ ကြည့်လိုက်လေ အေးခဲပြီး မသေရင် ဒါမှမဟုတ် ငတ်ပြီး မသေဘူး ဆိုရင်တောင် သူတို့ထဲက အများစုဟာ လုယက်ခံရကြတာပဲ မလား"
"အစ်ကို့လို လူမျိုးမှသာ မိန်းမတစ်ယောက်ကို လုံခြုံမှုပေးနိုင်တာဗျ"
ထိုသို့ပြောပြီးသည်နှင့် ရဲ့ရှင်းချန်သည် ချက်ချင်း ထထိုင် လိုက်ကာ စကားလမ်ကြောင်း ပြောင်းလိုက်တော့သည်။
"ဒါနဲ့ စကားမစပ် အစ်ကိုကျောက်နဲ့ အစ်မလီတို့ရဲ့ ဆက်ဆံရေးကလည်း တော်တော်လေး ကောင်းမွန်နေတယ်လို့ ကျွန်တော် ထင်တယ် အစ်ကိုကျောက်ရေ အစ်ကို ကြိုးကြိုးစားစားနဲ့ အစ်မလီ ဆီကနေ အစ်ကို့ရဲ့ ကိုယ်ပိုင် ရင်သွေးလေး တစ်ယောက် ရအောင် ယူသင့်တယ်နော်"
"ဘာပဲဖြစ်ဖြစ်လေ ဒီကလေးက အစ်ကို့ရဲ့ သွေးသားရင်းချာမှ မဟုတ်တာ နည်းနည်းတော့ ဟဲဟဲ အစ်ကိုကျောက် သဘောပေါက်တယ်မလား"
ကျောက်ဟောင်သည် စိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်သွားရတော့သည်။ သူတစ်ပါး၏ ကလေးကို အလကားသက်သက် ကျွေးမွေး စောင့်ရှောက်ရမည်အား သူ အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်မိပေသည်။ တစ်ဖက်တွင် သူတစ်ပါး၏ ဇနီးအား သိမ်းပိုက်ထား သကဲ့သို့ ခံစားရကာ အခြား တစ်ဖက်တွင်လည်း ထိုကလေးသည် မိမိ၏ သွေးသားရင်းချာ မဟုတ်သောကြောင့် မည်မျှပင် ကျွေးမွေး ပြုစုစေကာမူ မိမိအပေါ် ရင်းနှီးချစ်ခင်လာမည် မဟုတ်ဟု အမြဲတမ်း တွေးထင်နေမိခြင်း ဖြစ်သည်။
ကျောက်ဟောင်သည် လီအန်းရန်အား သဘောကျပေသည်။ မည်သို့ပင် ဆိုစေကာမူ သူမသည် ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ဆွဲဆောင်မှု အပြည့်ရှိဆဲပင် ဖြစ်သည်။ ရုပ်ရည်သွင်ပြင်သည်လည်း အချိုးအစားကျကာ အလိုက်တသိလည်း ရှိလှပေရာ သူကဲ့သို့သော လူပျိုကြီး တစ်ယောက် အနေဖြင့် မကြွေဘဲ နေရန် ခဲယဉ်းလှပေသည်။
ထို့ကြောင့် လီအန်းရန်မှ သူ၏ရင်ခွင်ထဲသို့ ဟန်ဆောင်ပန်ဆောင် လဲကျလာကာ တမင်တကာ ချဉ်းကပ် လာသောအခါတွင်လည်း သူ ရှောင်ဖယ်မနေခဲ့ချေ။
သို့သော်လည်း ရဲ့ရှင်းချန် ပြောသည်မှာ မှန်ကန်လှပေသည်။ ထိုကလေးသည် သူ၏ သွေးသားရင်းချာ မဟုတ်ချေ။ ဒုတိယ အချက် အနေဖြင့် ယခုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် ကလေး တစ်ယောက် ရှိနေခြင်းသည် ဝန်ထုပ်ဝန်ပိုး တစ်ခုမျှသာ ဖြစ်ပေသည်။
ထိုကလေးအား ပြုစု စောင့်ရှောက် ရသဖြင့် ကျောက်ဟောင် တစ်ယောက် ညဘက်များတွင် ကောင်းကောင်း အိပ်ရေးမဝခဲ့သည်မှာ ကြာမြင့် လှပြီ ဖြစ်သည်။
ညစဉ်ညတိုင်း ထိုကလေးငယ်ကြောင့် သူ သုံးလေးကြိမ်ခန့် နိုးလာရသေးသည်။ ကလေးသည် ဗိုက်ဆာ၍ နို့တိုက်ရခြင်း သို့မဟုတ် သေးခံစိုသွား၍ လဲပေးရခြင်း စသည်ဖြင့် အလုပ်ရှုပ်ရပေသည်။ မိမိ၏ ကိုယ်ပိုင် ကလေး သာ ဖြစ်မည် ဆိုလျှင် ပြဿနာမရှိသော်လည်း အဓိကပြဿနာမှာ ထိုကလေးသည် သူတစ်ပါး၏ ကလေးဖြစ်နေခြင်းပင် ဖြစ်ချေသည်။
ကျောက်ဟောင်သည် ရိုးသားဖြူစင်သူ တစ်ယောက် ဖြစ်သော်လည်း နောက်ဆုံးတွင်မူ သာမန်လူသား တစ်ယောက်သာ ဖြစ်လေရာ လုံးဝ ကိုယ်ကျိုးစွန့် အနစ်နာခံရန်မှာ အလွန် ခက်ခဲလှပေသည်။
အစပိုင်းတွင် သူ မည်သည်မှ မထူးခြားဟု ထင်ခဲ့သော်လည်း အချိန် ကြာလာသည် နှင့်အမျှ ကျောက်ဟောင်သည် အနည်းငယ် ကသိကအောက် ဖြစ်လာခဲ့ရတော့သည်။
သို့သော်လည်း ဤကိစ္စအား ဖွင့်ပြောလိုက်ပါမူ လီအန်းရန် စိတ်ခုသွားမည်ကိုလည်း စိုးရိမ်သဖြင့် ယခုချိန်ထိ မျိုသိပ်ထားခဲ့ပြီး နှုတ်မှ မဟရဲခဲ့ပေ။
ကျောက်ဟောင်မှ လီအန်းရန်၏ ခံစားချက်အား အမြဲတမ်း ထည့်သွင်း စဉ်းစားပေးနေသည်ကို မဆိုထားနှင့် လီအန်းရန်ကပင်လျှင် ကျောက်ဟောင်အား နေ့စဉ်ရက်ဆက် ဦးနှောက်ဆေးနေခဲ့ခြင်း ဖြစ်သည်။
ဤကလေးအား သူ၏ အရင်းအချာ သမီးလေးကဲ့သို့ သဘောထားရန်နှင့် သမီးလေး ကြီးလာပါက သူ့အပေါ် ကျေးဇူးဆပ်လိမ့်မည် ဖြစ်ကြောင်း သူမမှ နေ့စဉ်နေ့တိုင်း နားပူနားဆာ လုပ်နေတတ်ပေသည်။ ထို့အပြင် သူမသည် သူ၏ မိန်းမ ဖြစ်နေပြီဖြစ်ရာ ကလေးသည် မည်သူ့ ကလေးဖြစ်စေ အရေးမကြီးတော့ကြောင်းပင် ပြောဆိုခဲ့သေးလေသည်။
လီအန်းရန်၏ စကားများအား အချိန်ကြာမြင့်စွာ နားထောင်လာခဲ့ ပြီးနောက် ကျောက်ဟောင်သည် အမှန်တကယ်ပင် ဦးနှောက် ဆေးခြင်းခံလိုက်ရကာ ထိုကလေးအား လိမ္မာကျိုးနွံစွာဖြင့် ကျွေးမွေး ပြုစုလာခဲ့ခြင်း ဖြစ်သည်။
ယခုတွင်မူ ရဲ့ရှင်းချန်၏ စကားများအား ကြားချိန်တွင် ဤသို့သော အတွေးမျိုးသည် သူတစ်ယောက်တည်း တွေးနေခြင်း မဟုတ်ကြောင်း ကျောက်ဟောင်အား ချက်ချင်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားရလေတော့သည်။ ထိုစကားများအား ကြားပြီးနောက် ကျောက်ဟောင်၏ စိတ်ထဲတွင် အခြားသော အတွေးများ စတင် ဝင်ရောက်လာခဲ့တော့သည်။
"အင်း ကလေးယူဖို့ကတော့ အခြေအနေကို စောင့်ကြည့်ရဦးမယ် အခုချိန်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ဘူးလေကွာ နောက်ထပ် တစ်ယောက် ထပ်ယူဖို့ဆိုတာ ပိုတောင် ခက်ခဲဦးမယ် အနာဂတ်မှာ အခြေကျသွားမှပဲ စဉ်းစားကြတာပေါ့"
ကျောက်ဟောင်သည် သူ၏ ရင်ထဲမှ ထူးဆန်းသော ခံစားချက်အား ဖိနှိပ်ထားရင်း ရယ်မောလိုက်တော့သည်။
"ဟူး အချိန်လည်း နှောင်းနေပြီ အစ်ကိုကျောက် အိမ်မရောက်သေးဘူးဆိုတာ အသံကြားတာနဲ့ သိသာတယ် မြန်မြန်ပြန်တော့နော် ညဘက်ဆို ပိုအေးတယ် ကျွန်တော်က ဒီတိုင်း ရောက်တတ်ရာရာ ပြောပြတာပါ အစ်ကိုကျောက် ကြားရင်လည်း မေ့ပစ်လိုက် ရင်ထဲ သိပ်မထားပါနဲ့"
"အစ်ကိုနဲ့ အစ်မလီတို့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ရှိပါစေလို့ ဆုတောင်းပေးပါတယ်"
ကျောက်ဟောင်မှ ခေါင်းညိတ်လိုက်ပြီးနောက် အိမ်အပြင်ဘက်တွင် လက်အား ပွတ်သပ်လိုက်တော့သည်။
"အိုကေ အစ်ကိုလည်း အိမ်ရောက်ပြီ ညီလေးရဲ့လည်း စောစောနားတော့ တစ်ခုခုဆို အချိန်မရွေး ဆက်သွယ်လိုက်နော်"
ဖုန်းချလိုက် ပြီးနောက် ရဲ့ရှင်းချန်သည် စနိုက်ပါရိုင်ဖယ်အား ပြန်လည် ချိန်ရွယ်လိုက်ကာ သူ စောစောပိုင်းတွင် မြင်တွေ့ခဲ့ရသော အမည်းစက်ငယ်လေးများအား လှမ်း၍ ကြည့်လိုက်တော့သည်။
သူတို့၏ ရွေ့လျားနှုန်းသည် ရဲ့ရှင်းချန် ထင်မှတ် ထားသည်ထက်ပင် ပိုမို မြန်ဆန်နေခဲ့သည်။ လာရောက်သူများမှာ ကျန့်ဟွာချမ်း၏ အဖွဲ့ပင် ဖြစ်ချေသည်။ နှစ်ကြိမ် ဆက်တိုက် ရဲ့ရှင်းချန်နှင့် တွေ့ဆုံတိုင်း သူ၏ တပည့်အချို့မှာ သေချာပေါက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သတင်းပေးသူသည် ရဲ့ရှင်းချန်မှ လူတိုင်းအား ဝေငှပေးခဲ့သော အစားအသောက်များကို ဓာတ်ပုံရိုက်လျှက် ကျန့်ဟွာချမ်းထံ ပေးပို့ခဲ့ခြင်း ဖြစ်ကာ အလောင်းများကိုလည်း ဓာတ်ပုံ ရိုက်ပို့ခဲ့သေးသည်။
မြေပြင်ပေါ်ရှိ သာမန် အစားအသောက်များသည်ပင် ကျန့်ဟွာချမ်း၏ မျက်လုံးများအား နီရဲသွားစေခဲ့သည်။ ၎င်းနောက် မြေပြင်ပေါ်တွင် လဲကျနေသော ရင်းနှီးနေသည့် ပုံရိပ်များအား ကြည့်ကာ ကျန့်ဟွာချမ်းသည် အကြီးအကျယ် ဒေါသ ထွက်သွားခဲ့ရတော့သည်။ ထို့နောက် သူသည် သူ၏ လက်အောက်ခံ တပည့် တစ်စုအား ဦးဆောင်လျှက် ရဲ့ရှင်းချန် နေထိုင်ရာ ရပ်ကွက်ဆီသို့ ချီတက်လာခဲ့လေတော့သည်။
ပြီးခဲ့သည့်အကြိမ်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ကျန့်ဟွာချမ်းသည် ပိုမို ပါးနပ်လာခဲ့သည်။ သတင်းပေး၏ အချက်အလက်များ အရ ရဲ့ရှင်းချန်၏ အိမ်သည် ရပ်ကွက် တံတိုင်း နံဘေးတွင် ရှိကြောင်း သူ သိထားလေသည်။
သူသည် အလွန်လှပသော အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သုံးသော ခေါက်လှေကားများအား ယူဆောင်လာခဲ့ကာ တပည့်များအား တိုက်ရိုက် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဂိတ်ပေါက်မှ မဝင်ပါက သူတို့သည် အာရုံစိုက်ခံရမှု များများစားစား ရှိမည်မဟုတ်ပေ။
'ကလစ်' ဟူသော အသံ နှင့်အတူ သစ်သားလှေကားအား တံတိုင်းစွန်းတွင် မှီတင်လိုက်ကြကုန်သည်။ ရဲ့ရှင်းချန်သည် သေနတ်အား ချိန်ရွယ် ထားပြီးသား ဖြစ်ကာ သူတို့ကို စောင့်ကြိုနေခဲ့ခြင်း ဖြစ်သည်။
"နှေးလိုက်တာကွာ စောင့်ရလွန်းလို့ ပန်းတွေတောင် ညှိုးကုန်ပြီ"
လှေကားသည် နှင်းများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သည်။ ရဲ့ရှင်းချန်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ မှန်ပြောင်းထဲ မှတစ်ဆင့် အဝေးမှ လမ်းလျှောက်လာသော ကင်းလှည့်သူ တစ်ဦးအား မြင်လိုက်ရတော့သည်။
"ကွက်တိပဲ သူတို့ရဲ့ စွမ်းရည်တွေကို စမ်းသပ်လို့ ရပြီ"
ဦးဆောင်လာသူမှာ ကျန့်ဟွာချမ်း၏ တပည့်တစ်ဦး ဖြစ်လေသည်။ တံတိုင်းစွန်းတွင် လျှပ်စစ်ဝိုင်ယာ ကြိုးတန်း တစ်ခု တွဲလောင်း ကျနေသော်လည်း ကံမကောင်းစွာဖြင့် တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ထိုဝိုင်ယာကြိုးတန်းသည် အကာအကွယ် ပေးနိုင်စွမ်း ကင်းမဲ့နေခဲ့သည်မှာ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူသည် အမှောင်ထဲတွင် တံတိုင်းပေါ်သို့ တွယ်တက်လာကာ လက်နှိပ်ဓာတ်မီးအား ဖွင့်လိုက်ပြီးနောက် နှင်းပြင်ပေါ်သို့ သတိထား၍ ခုန်ချလိုက်တော့သည်။
"အစ်ကိုကြီး အဆင်ပြေပြီ ဒီမှာ ဘယ်သူမှ မရှိဘူး"
လူအချို့သည် လှေကားပေါ်သို့ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ တက်လာကြပြီးနောက် ရပ်ကွက်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလာကြတော့သည်။ ရဲ့ရှင်းချန်သည် သူ၏ လက်ချောင်းများဖြင့် ရေတွက်နေခဲ့သည်။
"တစ် နှစ် သုံး ခုနစ်"
"မင်းတို့တွေက ဘယ်သူတွေလဲ"
အဋ္ဌမမြောက်လူ လှေကားပေါ်သို့ တက်လာချိန်တွင် ကင်းလှည့်သူများ အချိန်မီ ရောက်ရှိ လာခဲ့ကြသည်။ ကျယ်လောင်စူးရှသော ခရာမှုတ်သံတစ်ခု ထွက်ပေါ် လာပြီးနောက် အသံချဲ့စက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
"သတိထားကြ သတိထားကြ ကျူးကျော်သူတွေ ရောက်နေပြီ ကျူးကျော်သူတွေ ရောက်နေပြီ"
"ဗဟိုရပ်ကွက်ရဲ့ အနောက်ဘက်မှာ လူတချို့ တံတိုင်းကို ကျော်တက်ပြီး ဝင်လာဖို့ ကြိုးစားနေကြတယ်ဟေ့"
ရပ်ကွက်၏ ဟာလာဟင်းလင်း ဖြစ်နေသော လမ်းမများထက်တွင် အသေးအဖွဲ အသံလေး တစ်ခုကပင် အဆမတန် ကျယ်လောင်စွာ ပဲ့တင်ထပ် သွားနိုင်လေသည်။ အိပ်မောကျနေကြသော အိမ်ရှင်များသည် တစ်ယောက်ပြီး တစ်ယောက် နိုးလာကြတော့သည်။ သူတို့သည် ဖုန်းများအား ထုတ်ကာ ဓာတ်မီးများဖွင့်၍ လှမ်းကြည့်ကြကုန်သည်။
လီချန်နှင့် ဝမ်ဝေတို့၏ သာဓကများ ရှိနေသဖြင့် အိမ်နီးချင်းများ အနေဖြင့် မက်လုံးမဝင်ဘဲ နေရန်မှာ ခဲယဉ်းလှပေသည်။ ပြင်ပမှ လူများ ကျူးကျော် ဝင်ရောက်မှု ရှိသည်ဟု ကြားလိုက်ရချိန်တွင် အရသာရှိသော အစားအသောက်များ အများအပြား ရရှိနိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် အေးစက်လှသော ညဉ့်ယံတွင် လူတိုင်းသည် မိမိတို့၏ အင်္ကျီများကို လုံခြုံအောင် ဝတ်ဆင်ကြပြီးနောက် လက်နက်များအား ကိုင်ဆောင်လျှက် ဖုန်းမီးများဖြင့် ကောင်းကင်ယံကို ထိုးလင်းလိုက်ကြတော့သည်။ သူတို့သည် ထိုကျူးကျော်သူများ၏ ခေါင်းများအား လုယူရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ထိုစဉ် ရဲ့ရှင်းချန်သည်လည်း အပေါ်ထပ်တွင် သူ၏ အင်္ကျီအား တိတ်တဆိတ် ဝတ်ဆင်နေခဲ့သည်။