ခေါင်းကို ပစ်ဖောက်ခြင်း
Vol. 6 Ch. 84
အဝတ်အစားများအား တစ်ထပ်ပြီး တစ်ထပ် ဝတ်ဆင် ပြီးနောက် ရဲ့ရှင်းချန်သည် စနိုက်ပါရိုင်ဖယ်အား ကိုင်ဆောင်လျှက် အခန်းထဲမှ ထွက်လာခဲ့ကာ ဘေးရှိ အခန်းငယ်လေးဆီသို့ သွားလိုက်လေသည်။
ရဲ့ရှင်းချန်သည် တံခါးအား ဖွင့်လိုက်ပြီး 'ဒိုင်း' ခနဲ မြည်အောင် ပြန်ပိတ်လိုက်လေသည်။ သူသည် ခုနစ်လွှာရှိ သေနတ်ပစ်ပေါက်အား ဖွင့်လိုက်ကာ စနိုက်ပါရိုင်ဖယ်၏ ပြောင်းဝကို အပေါက်ထဲ မှနေ၍ တိတ်တဆိတ် အပြင်သို့ ထုတ်လိုက်တော့သည်။
သူသည် ဤသေနတ်အကြောင်းကို တစ်ညလုံး လေ့လာနေခဲ့ခြင်း ဖြစ်သည်။ ကျည်အိမ် ဖြုတ်နည်း တပ်နည်းအား လေ့လာခြင်း မှလွဲ၍ လက်တွေ့တွင် တစ်ကြိမ်တစ်ခါမျှ မစမ်းသပ်ရသေးချေ။
သူ ခဏတာမျှ အချိန်ယူလျှက် အနည်းငယ် ချိန်ရွယ် ကြည့်နေစဉ် အတွင်း အိမ်များမှ ဆူညံသံများအား ကြားလိုက်ရသူများသည် ပြေးထွက်လာကြလေပြီ ဖြစ်သည်။ ခြေတစ်လှမ်း နောက်ကျသွားပါက အောင်မြင်မှုအား တခြားသူ တစ်ဦးတစ်ယောက်မှ လုယူသွားကြမည်အား စိုးရိမ်သဖြင့် အပြေးအလွှား ထွက်လာကြကုန်တော့သည်။
သူတို့၏ အနောက်ဘက်တွင် တံတိုင်းတစ်ခု ရှိပြီး အရှေ့ဘက်တွင်မူ လူများစွာ ရှိနေခဲ့သည်။ ကျန့်ဟွာချမ်းနှင့် သူ၏ တပည့်များသည် တံတိုင်းအတွင်းသို့ ဝင်ရမည်လား မဝင်ရမည်လား တွေဝေနေစဉ်မှာပင် အတွင်းဘက်မှ တိုက်ခိုက်သံများအား ကြားလိုက်ရလေတော့သည်။
ရှေ့နောက် ညှပ်ပိတ်ခံလိုက်ရသဖြင့် အတွင်းသို့ ခုန်ဆင်း သွားပြီးသော လူခုနစ်ယောက်သည် အံကြိတ်လျှက် ဓားမများကို ထုတ်ယူလိုက် ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ရှေ့ဆက်တိုး၍လည်း မရသလို နောက်ဆုတ်၍လည်း မရတော့ချေ။
အဋ္ဌမမြောက်လူသည် တံတိုင်းအား မှီကာ သံတုတ်အား သတိထား၍ ဝှေ့ယမ်းနေခဲ့သည်။ သူသည် အောက်သို့ အလွယ်တကူ မဆင်းရဲတော့ချေ။ အကယ်၍ ဆင်းသွားပါက သေဖို့သာ ရှိကြောင်း သူ ကောင်းကောင်း သိနေခဲ့သည်။
ရှုပ်ထွေးသော အဖွဲ့လိုက် တိုက်ပွဲသည် ဆယ်မိနစ်ကျော်ခန့် ကြာမြင့်သွားခဲ့သည်။ ယခင် သာဓက နှစ်ခုကြောင့် လူတိုင်းသည် ပိုမို စွမ်းဆောင်ရည် ပြချင်ကြကာ လူသတ်နိုင်ရန် ကြိုးစား နေကြကုန်တော့သည်။ ဆယ်မိနစ်အကြာတွင်မူ မြေပြင်ပေါ်၌ အလောင်း ဆယ်လောင်း ကျန်ရစ်ခဲ့တော့သည်။
ထိုအထဲမှ ခုနစ်လောင်းမှာ ကျန့်ဟွာချမ်း၏ တပည့်များဖြစ်ကြကာ ကျန်သုံးလောင်းမှာမူ စောစောပိုင်းတွင် အဖွဲ့လိုက် တိုက်ပွဲအတွင်း သေဆုံးသွားသူများ ဖြစ်ကြလေသည်။
ရဲ့ရှင်းချန်သည် အပေါ်ထပ်မှနေ၍ အကဲခတ်နေဆဲပင် ဖြစ်သည်။ မှန်ပြောင်း မှတစ်ဆင့် ဓားခုတ်ခံရ၍ သေဆုံးသွားသူများ၏ ဒဏ်ရာပြတ်ရှရာများကိုပင် သူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
တံတိုင်းပေါ်တွင် အချိန်အတော်ကြာ ဝပ်နေခဲ့သူမှာမူ လှုပ်ပင် မလှုပ်ရဲတော့ချေ။ ဤအချိန်တွင် သူသည် အိမ်ရှင်များ၏ ဖုန်းဓာတ်မီးရောင်ကို အားကိုးလျှက် အောက်ထပ်မှ အဖြစ်အပျက်များအား ကြည့်ရှုနေရင်း မျက်နှာတစ်ခုလုံး ဖြူလျော့သွားခဲ့ကာ အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်သည်။
"ဆုတ် အရင် ဆုတ်ကြစို့ အစ်ကိုကြီး သူတို့လူတွေ အရမ်းများတယ်"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် လှေကားပေါ်မှ လိမ့်ဆင်းလိုက်ကာ နှင်းပြင်ပေါ်သို့ ပြုတ်ကျ သွားလေတော့သည်။ အတွင်းဘက်မှ လူများသည် တံတိုင်းခြားလျက် ရှိနေသောကြောင့် ကျိန်ဆဲလိုက်ကြတော့သည်။
"ဒီသောက်ကောင် ဘယ်လိုလုပ် ဒီလောက် မြန်မြန် ထွက်ပြေးသွားရတာလဲ"
"ဟုတ်ပ ဟုတ်ပ ငါတောင် သတ်လို့ အားမရသေးဘူး"
"အာ့ ခုနက ငါ အဲဒီကောင်ကို သတ်ခါနီးလေးတင် ဘယ်သူလဲ ငါ့ရဲ့ ဦးခေါင်းကို လုသွားတာ"
အောက်ထပ်တွင် ဆူညံပွက်လောရိုက်နေခဲ့သည်။ ရဲ့ရှင်းချန်သည် ကြမ်းပြင်ပေါ်တွင် ဝပ်လျက် လိမ့်ဆင်းသွားသော ထိုလူအား ချိန်ရွယ်လိုက်လေသည်။ တံတိုင်း၏ ပြင်ပတွင် အစောပိုင်းတွင် ထွက်ပြေးသွားသူနှင့် သူတို့၏ ခေါင်းဆောင် ကျန့်ဟွာချမ်း အပါအဝင် လူခြောက်ယောက် ကျန်ရှိနေသေးသည်။
ရဲ့ရှင်းချန်သည် သူ၏ စိတ်လှုပ်ရှားမှုအား ဖိနှိပ်ထားကာ အသက်ရှူနှုန်းကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းညှိလိုက်လေသည်။ ထို့နောက် လက်အား မြှောက်လျှက် ခလုတ်ကို ဆွဲလိုက်လေတေ့ာသည်။
မှန်ပြောင်းသည် အလွန် အစွမ်းထက်လှကြောင်း ဝန်ခံရပေမည်။ လေးထပ်ခွဲ အမြင့် မှနေ၍ မှန်ပြောင်းဖြင့် ကြည့်ရှုရာတွင် သူတို့၏ အင်္ကျီပေါ်မှ အပ်ချည်ကြိုးများကိုပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။
ကျည်ဆန် ထွက်သွားသည့် အခိုက်အတန့်တွင် ရဲ့ရှင်းချန်သည် ထူးဆန်းသော ခံစားချက်တစ်ခုအား ရုတ်တရက် ခံစားလိုက်ရတော့သည်။ နေရာလွတ် တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွား သကဲ့သို့ ခံစားလိုက်ရကာ ဤကျည်ဆန်သည် ပစ်မှတ်အား သေချာပေါက် ထိမှန်မည်ဟု သူ ယုံကြည်နေမိခြင်း ဖြစ်သည်။
'ဒိုင်း'
ဟူသော သေနတ်သံ ထွက်ပေါ်လာခြင်း နှင့်အတူ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသွားသည့် အသံပါ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုလူအား ကျည်ဆန် ထိမှန်သွားခဲ့ပြီးနောက် ၎င်းမှာ ခေါင်းကိုပင် ဖောက်သွားခြင်းပင် ဖြစ်လေသည်။
ကျယ်လောင်လှသော အသံကြီးကြောင့် အောက်ထပ်တွင် အော်ဟစ် ဆူညံနေကြသူများ အားလုံး ငြိမ်သက် သွားကြကုန်လေသည်။ သူတို့သည် သေနတ်သံ ထွက်ပေါ်လာလေရာ နေရာအား အထိတ်တလန့်ဖြင့် လိုက်လံ ရှာဖွေနေကြကုန်လေသည်။
အသံတိတ်ကိရိယာ မပါရှိသဖြင့် ရဲ့ရှင်းချန်၏ သေနတ်သံမှာ အလွန် ကျယ်လောင်လှပေသည်။ မြေပြင်ပေါ်ရှိ အေးခဲလုနီးပါး ဖြစ်နေသော အလောင်းမှာ ပန်းရောင်နှင့် အနီရောင်များ ရောယှက်ကာ အဝါရောင်သန်းနေသည်ကိုပင် မှန်ပြောင်းမှတစ်ဆင့် သူ မြင်တွေ့လိုက်ရတော့သည်။
"တကယ်ကြီးလား ထိသွားတာလား လခွမ်း ငါ တကယ်ပဲ ခေါင်းကို ပစ်ဖောက်နိုင်ခဲ့တာလား"
ရဲ့ရှင်းချန်ပင်လျှင် အံ့ဩမှင်တက်သွားရတော့သည်။ အံ့ဩမှု နှင့်အတူ ဝမ်းသာမှုများလည်း ရောယှက်နေခဲ့သည်။ ဗီဒီယိုထဲတွင် လေ့လာထားသော စနိုက်ပါရိုင်ဖယ်အား ယခုမှသာ စမ်းသပ် ပစ်ခတ်ကြည့်ခြင်း ဖြစ်သော်လည်း ပထမဆုံးအကြိမ် ပစ်ခတ်မှုမှာပင် ခေါင်းအား တည့်တည့် ထိမှန်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။
ခြောက်သွေ့နေသော မျက်လုံးများအား ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်းဖြင့် ရဲ့ရှင်းချန်၏ ရင်ထဲတွင် သံသယတစ်ချို့ ထွက်ပေါ်လာခဲ့သည်။ အစောပိုင်းမှ ထူးဆန်းလှသော ခံစားချက်သည် မည်သို့ ဖြစ်ပေါ်လာရလေသနည်း။
ရုတ်တရက် ကိုယ်အလေးချိန် ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်လေရာ သူ အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း သူ အများကြီး စဉ်းစားနေရန် အချိန်မရှိတော့ချေ။ လူတစ်ယောက် သေဆုံးသွား ပြီးနောက် ကျန်ရှိနေသော လူငါးယောက်သည် ပို၍ပင် မြန်မြန်ဆန်ဆန် ထွက်ပြေးကြလေပြီ ဖြစ်သည်။
ကိုယ်နေဟန်ထားအား ပြင်ဆင် ပြီးနောက် ရဲ့ရှင်းချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလျှက် သူ၏ အသက်ရှူနှုန်းအား တည်ငြိမ်အောင် ထိန်းထားလိုက်လေသည်။ သူသည် အနောက်ဆုံးတွင် ကျန်ရစ်ခဲ့သော လူအား စိုက်ကြည့်လိုက်လေသည်။
ထူးဆန်းသည်မှာ ထိုလူအား အာရုံစိုက်၍ စိုက်ကြည့်နေချိန်တွင် ယခင်တွင် ရရှိခဲ့ဖူးသည့် ထူးဆန်းသော ခံစားချက်မျိုး ထပ်မံ ပေါ်ပေါက်လာပြီးနောက် ထို ခံစားချက်သည် သူ၏ တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားခြင်းပင် ဖြစ်သည်။
'ဒိုင်း’
နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အခြားလူ တစ်ယောက် မြေပြင်ပေါ်သို့ ထပ်မံ၍ လဲကျသွားပြန်တော့သည်။ သူ အံ့ဩနေရန် အချိန်မရလိုက်ခင်မှာပင် ရဲ့ရှင်းချန်သည် နောက်ထပ် ကျည်တစ်တောင့်အား လျင်မြန်စွာ ပစ်ခတ်လိုက်တော့သည်။
'ဒိုင်း'
နောက်ထပ် လူတစ်ယောက် ထပ်မံ ထိမှန်သွားပြန်ပြီ ဖြစ်သည်။
သေနတ် ငါးချက် ဆက်တိုက် ပစ်ခတ် ပြီးနောက် ကျည်အိမ်ထဲတွင် ကျည်ကုန်သွားလေတော့သည်။ သူတို့ ကျည်ပြန် ဖြည့်နေချိန်တွင် နောက်ဆုံး ကျန်ရစ်သူ တစ်ယောက် လွတ်မြောက်သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပြေး လွတ်မြောက် သွားသူမှာ ကျန့်ဟွာချမ်းပင် ဖြစ်နေခဲ့သည်။
ကျည်အိမ် ပြန်လည် တပ်ဆင် ပြီးချိန်တွင် ကျန့်ဟွာချမ်းမှာ ထွက်ပြေး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ မည်သည့် နေရာတွင် ပုန်းအောင်းနေမှန်း မသိရတော့ချေ။
ရဲ့ရှင်းချန် အနည်းငယ် နှမြောမိသွားခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် သေနတ်အား နေရာလွတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သေနတ်ပစ်ပေါက်အား ပြန်ပိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ သူသည် အပူထိန်း ညကြည့်မှန်ပြောင်းနှင့် ဆောင်းတွင်းဝတ် အင်္ကျီများအား ချွတ်ကာ နေရာလွတ်ထဲသို့ ပြန်လည် ထည့်သွင်း လိုက်ပြီးနောက် လှည့်ကာ ပင်မအိမ်ရာ ဆီသို့ ပြန်လာခဲ့တော့သည်။
သေနတ်သံများ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ် လာသော်လည်း တံတိုင်း အတွင်းရှိ လူများသည် အပြင်ဘက်တွင် မည်သို့ ဖြစ်ပျက်နေသည်အား မသိကြပေ။ သို့သော် အသံနှင့် အပြင်ဘက်မှ လူများ၏ စူးစူးဝါးဝါး အော်ဟစ်သံများအား နားထောင်ခြင်းအားဖြင့် သူတို့ အကြမ်းဖျင်း ခန့်မှန်းမိကြခြင်း ဖြစ်သည်။
အပေါ်ထပ်မှ သေနတ်သံများ ရပ်တန့်သွားပြီးနောက် အတန်ကြာမှသာ အောက်ထပ်ရှိ အိမ်ရှင်များသည် အိပ်မက်မှ နိုးလာသကဲ့သို့ သတိပြန် ဝင်လာကြ ကုန်တော့သည်။
"အာ အဲဒါ သေနတ်သံများလား"
"ဟုတ်တယ် သေချာပေါက် သေနတ်သံပဲ ဖြစ်ရမယ်"
"အဲ့လိုပဲ ထင်တယ် လူတစ်ယောက် သေသွားတဲ့ပုံပဲ"
"ဒီသေနတ်သံက အပေါ်ထပ်က လာတာနဲ့ တူတယ် အပေါ်ထပ်ဆိုတော့ ဒါ ရဲ့ရှင်းချန်ရဲ့ အိမ်မဟုတ်ဘူးလား"
"သူက ဘယ်အထပ်ကနေ ပစ်တာလဲ ဒီလောက် အဝေးကြီးကို အပြင်ဘက် အထိ ပစ်လို့ရတာလား"
"အပြင်မှာ ဘာသံမှ မကြားရတော့ဘူး အကုန်လုံး သေကုန်ကြပြီလား မသိဘူး"
"ဘုရားရေ ရဲ့ရှင်းချန် သူ သူက အဲဒီလောက်တောင် အစွမ်းထက်တာလား"
အောက်ထပ်ရှိ လူများအားလုံး ဆွံ့အသွားကြလေတော့သည်။ ပြင်ပရှိ အခြေအနေအား မမြင်ရသဖြင့် သူတို့၏ စိတ်ထဲတွင်သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။ ထိုသို့ ခန့်မှန်းရင်းဖြင့် သူတို့၏ ရင်ထဲတွင် ရုတ်တရက် ထိတ်လန့် ကြောက်ရွံ့မှုများ ကိန်းအောင်း လာခဲ့ကြတော့သည်။
ယခင်တွင် သူတို့အားလုံး ရဲ့ရှင်းချန်သည် သူတို့အား မယှဉ်နိုင်သော သတ္တိကြောင်သည့် လိပ်တစ်ကောင် ဟုသာ ထင်မြင်ခဲ့ကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူတို့အတွက် အစားအသောက်များစွာ ယူဆောင် လာပေးနိုင်ခဲ့သော်လည်း ယင်းမှာ ရဲ့ရှင်းချန် ကံကောင်းပြီး သင့်လျော်သော သယ်ယူ ပို့ဆောင်ရေးယာဉ် ရှိနေ၍သာ ဖြစ်သည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ထဲမှ မည်သူမဆို ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် ဟုပင် ယူဆခဲ့ကြသေးသည်။
သို့သော် ရဲ့ရှင်းချန်သည် သူတို့ ထင်ထားသကဲ့သို့ အသုံးမကျသူ တစ်ယောက် မဟုတ်ကြောင်း ယခုမှသာ သူတို့ သဘောပေါက် လာကြခြင်း ဖြစ်သည်။ အလွန် အစွမ်းထက်သည် ဟုပင် ပြော၍ ရနိုင်ပေသည်။ သူ အစွမ်းမထက်လျှင်ပင် သူ၏ လက်ထဲရှိ လက်နက်မှာမူ အလွန် အစွမ်းထက်လှပေသည်။
ဤမျှ ဝေးကွာသော ပစ်မှတ်ကို ပစ်ခတ်နိုင်သဖြင့် ပစ္စတို တစ်လက်တော့ လုံးဝ မဖြစ်နိုင်ပေ။ ပစ္စတို မဟုတ်ခဲ့လျှင် ထိုအရာသည် မည်သည့် လက်နက် ဖြစ်နိုင်လေသနည်း။
သူတို့ ဆက်တွေးပင် မတွေးရဲကြတော့ချေ။ သူတို့၏ လည်ပင်းများပေါ်တွင် အေးစက်စက် ခံစားချက်တစ်ခုကိုသာ ခံစားနေရတော့သည်။ ရဲ့ရှင်းချန်၏ စွမ်းဆောင်ရည် အရဆိုလျှင် သူတို့အား သတ်ပစ်ရန်မှာ ပုရွက်ဆိတ် တစ်ကောင်အား ခြေဖြင့် နင်းလိုက် ချေရသကဲ့သို့ လွယ်ကူနေမည် မဟုတ်ပါလော။
ရဲ့ရှင်းချန်၏ အိမ်တွင် လက်ပစ်ဗုံးများ သို့မဟုတ် ထိုကဲ့သို့သော ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုပင် ဖွက်ထားနိုင်ကြောင်းပင် သူတို့ တွေးတော လာကြကုန်သည်။ သူသည် သူတို့အားလုံးအား တစ်ချက်တည်းနှင့် ရှင်းလင်းပစ်နိုင်သော အစွမ်းထက်သူ တစ်ယောက် ဖြစ်နေခဲ့သည်တကား။