သတ်ဖြတ်လိုခြင်း
Vol. 21 Ch. 282
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် အချိန်ယူပြီးသောအခါ ပိုင်စုအိမ်ထဲမှ တိတ်ဆိတ်စွာထွက်လာခဲ့သည်။ သူမဆံပင်များအား ကြိုးနီလေးဖြင့် စည်းနှောင်ထားဆဲဖြစ်ပြီး နားများရှေ့တွင်လည်း ကျစ်ဆံမြီးလေးနှစ်ခု ချထားဆဲဖြစ်သည်။ သားမွေးအင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်သလို နံဖူးထက်တွင်လည်း သလင်းကျောက်လေးများကပ်ထားဆဲ ဖြစ်သည်။
သူမခံစားနေရသည့်အရာကို မဖော်ပြနိုင်သော်လည်း ယခင်နှင့်ကွဲပြားခြားနားနေကြောင်းတော့ သူမပြောနိုင်ပေသည်။ အတိတ်တုန်းက သူမစစ်မာရှင်းနှင့်သွားတွေ့လျှင် နွေးထွေးမှုများဖြင့် ပြည့်နေတတ်သည်။ စစ်တုရင်ကစားလျှင်ဖြစ်စေ၊ စကားပြောနေလျှင်ဖြစ်စေ စစ်မာရှင်း၏အကြည့်တစ်ချက်စီတိုင်းသည် သူမရင်ထဲ၌ သမင်များအစုလိုက်အပြုံလိုက် ဖြတ်သန်းပြေးလွှားနေသကဲ့သို့ နှလုံးခုန်နှုန်းများ မြန်နေစေခဲ့သည်။
သို့သော် ယခုတော့ ထိုခံစားချက်က ပျောက်ကွယ်မသွားသေးသော်လည်း အားနည်းမှိန်ဖျော့နေချေပြီ။ သူမနှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေသည့် စိတ်ခံစားချက်များ ဖြစ်ပေါ်နေခဲ့သည်။
သူမ သတ္တမတောင်ထွတ်မှ တိတ်တဆိတ်ထွက်ခွာခဲ့ပြီး ရင်းနှီးနေသည့် ပထမတောင်ထွတ်ဆီသို့ ဦးတည်ရာလမ်းကြောင်းလေးအတိုင်း လျှောက်လာခဲ့သည်။ သူမလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေရင်းဖြင့် ဤလမ်းကြောင်းက ယနေ့ ပိုတိုတောင်းနေသည်ဟု ခံစားနေရ၏။
ပိုင်စုသည် ပထမတောင်ထွတ်နှင့် အင်မတန်အကျွမ်းတဝင်ရှိနေခြင်းတော့ မဟုတ်ပေ။ သူမ ဤနေရာကို အကြိမ်များစွာလာခဲ့သော်လည်း စစ်မာရှင်း၏လှိုဏ်ဂူဆီသို့ သွားရာလမ်းကိုသာ သူမသိချေသည်။ လှိုဏ်ဂူအပြင်ဘက်သို့ ရောက်လာသောအခါ ပုံမှန်ကဲ့သို့ပင် ခန့််ညားချောမောနေဆဲဖြစ်သည့် စစ်မာရှင်းသည် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ကျောက်စားပွဲတွင် ထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။
စစ်မာရှင်း၏မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အမူအယာတစ်ခုရှိနေပြီး သူ့အပြုံးက အလွန်ညှို့ယူဖမ်းစားလို့နေသည်။ ပိုင်စုကို လှမ်းကြည့်လာသော သူ့မျက်လုံးများက ကြယ်ပွင့်များကဲ့သို့ တောက်ပလို့နေသည်။
“စုစု မင်းကိုယ့်ကို လာမတွေ့တာ တစ်လကျော်သွားပြီနော်။ ဘာများဖြစ်လို့လဲ”
“အစ်ကိုကြီး စစ်မာ…”
ပိုင်စုခြေလှမ်းများက တုန့်ဆိုင်းရပ်တန့်သွားခဲ့သည်။ သူမ ဘာပြောရမှန်းမသိပေ။ ထိုအခိုက်အတန့်တွင် သူမ၏အရိုင်းဆန်သည့် ပင်ကိုယ် စိတ်နေသဘောထားက သဲလွန်စမကျန် ပျောက်ကွယ်သွားပြီဖြစ်ကာ နာခံမှု၊ လိုက်နာမှုများနှင့် အစားထိုးသွားပြီဖြစ်သည်။ သို့သော် ထိုစိတ်ရှုပ်ထွေးနေသော ခံစားချက်ကတော့ သူမထံတွင် ရှိနေဆဲဖြစ်သည်။
“လာလေ၊ ရှေ့မှာထိုင်ပါဦး”
စစ်မာရှင်းက ပိုင်စုကိုကြည့်သည်။ လရောင်က သူ့အပြုံးကို ပို၍ညှို့ယူဖမ်းစားနိုင်စွမ်းရှိသွားစေသည်။ ဤအရာကပင် ထူးခြားသော ဆွဲဆောင်မှုညှို့ဓာတ်ဖြစ်သည်။
ပိုင်စု တိတ်ဆိတ်စွာလျှောက်သွားလိုက်ပြီး သူ့ရှေ့တွင်ထိုင်လိုက်ကာ ခေါင်းကိုငုံ့ထားလိုက်သည်။ နဝမတောင်ထွတ်တွင် ရှိနေသောအချိန်နှင့် နှိုင်းယှဉ်ပါက သူမသည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်လိုပင်။ မတူကွဲပြားသည့် လောကနှစ်ခုမှ လူများကဲ့သို့ပင် ဖြစ်သည်။
ပိုင်စုအတွေးများက အနည်းငယ် ရှုပ်ထွေးနေသည်။ ဘာကြောင့်မှန်းမသိသော်လည်း ဤနေရာသို့လာခဲ့ချိန်မှစ၍ သူမနှလုံးသားက တုန်လှုပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော်အနည်းဆုံးတော့ ထိုအရာသည် စစ်မာရှင်းကြောင့် မဟုတ်ပဲ သူမနှလုံးသားအတွင်း နက်ရှိုင်းသောနေရာတွင် ရှိနေသည့် မတည်ငြိမ်မှုအရိပ်အယောင်တစ်ခုကြောင့် ဖြစ်သည်ကိုတော့ သူမသိသေး၏။
ထိုမတည်ငြိမ်နိုင်မှု၏ အရင်းမြစ်ကို သူမရှာမတွေ့ပေ။ သူမ ဤနေရာတွင် ရှိမနေသင့်ဘူးဟုသာ ခံစားနေရခြင်းဖြစ်သည်။
“စုစု ဘာဖြစ်လို့လဲ။ မင်းပုံစံက ဘာလို့ဒီလောက်စိတ်ရှုပ်တဲ့ပုံ ဖြစ်နေရတာလဲ”
စစ်မာရှင်း၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ညာလက်ကိုမြှောက်ကာ ပိုင်စုလက်ကို လှမ်းဆွဲလိုက်သည်။
သို့သော် သူမထိနိုင်ခင်မှာပင် ပိုင်စုကသူမလက်အား ဓာတ်လိုက်သွားသကဲ့သို့ အမြန် ပြန်ဆွဲယူသွားခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် စစ်မာရှင်းကိုမော့ကြည့်လိုက်ပြီး ခဏတာ စိတ်ရှုပ်ထွေးသွားပြန်သည်။
“ဒါ… ဘာမှ မဖြစ်ပါဘူး… ကျွန်မအဆင်ပြေပါတယ် အစ်ကိုကြီးစစ်မာ”
ပိုင်စု အားယူ၍ပြုံးပြလိုက်သည်။ စစ်မာရှင်း၏မျက်လုံးများအတွင်းမှ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ သူမပင် နားမလည်နိုင်သောအကြောင်းရင်းတစ်ခုဖြင့် သူမ၏စိတ်ဆိုးပေါက်ကွဲမှုများကို ခွင့်ပြုထားသော တင်ပလ္လင်ခွေထိုင်နေသည့် လူတစ်ဦး၏ပုံရိပ်က သူမခေါင်းထဲတွင် ပေါ်လာခဲ့သည်။
“စုစု မင်းအဖေကို အေးခဲကောင်းကင်လှိုဏ်ဂူအကြောင်း ပြောပြီးပြီလား”
ပိုင်စု၏ အမူအယာများ၊ အပြုအမူများကြောင့် စစ်မာရှင်း စိတ်အနှောင့်အယှက် အဖြစ်ခံမနေတော့ပေ။ နူးညံ့သိမ်မွေ့စွာ စကားပြောလိုက်ချိန်တွင် သူ့ပုံစံက တည်ငြိ်မ်အေးဆေးနေဆဲပင်ဖြစ်ပြီး သူ့အသံကပင် နွေဦးလေပြေလေးကဲ့သို့ ဖြစ်သည်။ အေးစက်နေသော ရာသီဥတုမှာပင် သူ့အပြုံးများက လူတို့၏နှလုံးသားများကို နွေးထွေးသွားစေနိုင်လေသည်။ ထိုအသံ၊ အပြုံးနှင့် အမူအယာများသည် စစ်မာရှင်းအလွယ်တကူ လုပ်ယူနိုင်သည့် အရာများဖြစ်သည်။ ထိုအသံဖြင့်ပြောလိုက်ချိန်တွင် သူ့အားမိန်းကလေးများ မတူကွဲပြားစွာ မြင်လာစေရန် သူ၎င်းအရာများကို အသုံးပြုတတ်ချေသည်။
ပိုင်စုသည်လည်း အတူတူပင်ဖြစ်လိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။
‘သူ ဘာဖြစ်နေတာများလဲ။ ငါသူ့ကို မမြင်တာ ခုနစ်ရက်တောင်ရှိနေပြီ။ သူ့လှိုဏ်ဂူထဲမှာ ဘာလုပ်နေတာများလဲ… တစ်ခုခုများ ဖြစ်လို့လား… မဟုတ်ဘူး ဘာမှမဖြစ်လောက်ပါဘူး…’
ပိုင်စုစိတ်ကတော့ ဟိုဟိုသည်သည်တွေးတောလို့နေ၏။ လွန်ခဲ့သော ရက်များအတွင်း သူမစိတ်ထဲတွင် စွဲလမ်းနေသော အတွေးတစ်ခုသာ ရှိပြီး ထိုအရာသည် အဘယ်ကြောင့် စုမင် သူ့လှိုဏ်ဂူအတွင်းမှ မထွက်လာရသနည်းဆိုတာပင်ဖြစ်သည်။
ထိုအကြောင်းနှင့်ပက်သက်၍ သူမထံတွင် မေးခွန်းများစွာရှိနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုမေးခွန်းများတွင် အနည်းငယ်စိုးရိမ်ပူပန်မှုများ ရောစွက်လာခဲ့သည်။
“စုစု” စစ်မာရှင်း မျက်မှောင်ကြုတ်သွားမိသည်။
ပိုင်စု အံ့အားသင့်သွားပြီး မင်သက်နေရာမှ ပြန်လည်သတိဝင်လာခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အနည်းငယ်စိတ်လှုပ်ရှားနေသည့် သိမ်မွေ့ကျိုးနွံသော သူမအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
“အစ်ကိုကြီးစစ်မာ… ကျွန်မ…”
“စုစု မင်းတစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုပြောရမယ်နော်။ ဒီလို ဖြစ်မနေပါနဲ့။ မင်းကိုအခုလိုမြင်ရတာက ငါ့ကို ရင်နာစေတယ်…” စစ်မာရှင်းက နူးညံ့စွာပြောသည်။ “ငါအေးခဲကောင်းကင်လှိုဏ်ဂူထဲကို ဝင်မှာကြောင့် မင်းစိတ်ရှုပ်နေတယ်ဆိုရင်၊ ငါအဲဒါကို လက်လျှော့လိုက်ပါ့မယ်။ မင်းအတွက်ဆို ငါ အဲဒါကို လက်လျှော့နိုင်တယ်” စစ်မာရှင်း၏မျက်လုံးများထဲတွင် နူးညံ့မှုများ ဖြစ်ပေါ်လာသည်။
စုမင်ကို ချဉ်းကပ်ဖို့ငါပြောခဲ့တာကြောင့် မင်းစိတ်ရှုပ်နေရတာဆိုရင် ငါအဲဒါကိုလည်း လက်လျှော့နိုင်ပါတယ်။ ငါပြောခဲ့တယ်လေ မင်းအတွက်ဆို ငါ အရာအားလုံးကို လက်လျှော့လိုက်နိုင်ပါတယ်လို့”
စစ်မာရှင်း၏အသံသည် ထူးဆန်းသော ဆွဲဆောင်မှုများဖြင့် ပြည့်နေခဲ့သည်။
ပိုင်စုသည် သူမရှေ့တွင် ရှိသည့်လူ၊ စစ်မာရှင်းကို ကြည့်လိုက်သောအခါ စုမင်မျက်နှာက သူမစိတ်ထဲတွင် နောက်တစ်ကြိမ်ခပ်ရေးရေး ထွက်ပေါ်လာခဲ့ပြန်သည်။ လုံးဝပင် မတူကွဲပြားသော လူနှစ်ဦးသည် သူမအားမတူကွဲပြားသော နည်းလမ်းများဖြင့်ဆက်ဆံကြသလို သူတို့ရှေ့တွင် သူမ၏ ပြောဆိုဆက်ဆံပြုမူပုံများကလည်း ကွဲပြားခြားနားပေသည်။
“စုစု” စစ်မာရှင်း ပိုင်စုကိုစိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီး စစ်မာ၊ စိတ်မပူပါနဲ့။ ကျွန်မအဆင်ပြေပါတယ်... အဖေ့ကိုလည်း ပြောပြီးပြီ။ သူက အစ်ကို့ကို အေးခဲကောင်းကင်လှိုဏ်ဂူထဲ ဝင်ခွင့်ပြုဖို့ သဘောတူခဲ့တယ်” ပိုင်စုက နှုတ်ခမ်းကိုကိုက်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။
စစ်မာရှင်းနှလုံးသားထဲတွင် ပျော်ရွှင်ကျေနပ်မှုများ ဖြစ်ပေါ်လာသော်လည်း သူ့မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်နေသော အမူအယာတစ်ခုတည်းသာ ရှိနေချေသည်။
“ငါ အဲအကြောင်းကို ဂရုမစိုက်ပါဘူး။ ငါ ဂရုစိုက်တာက...”
“အစ်ကိုကြီး စစ်မာ၊ ကျွန်မ ပင်ပန်းနေလို့...”
ဤအရာသည် စစ်မာရှင်း၏ စကားများကို ပိုင်စု ပထမဆုံးအကြိမ် ဖြတ်ပြောဖူးခြင်းဖြစ်သည်။ သူမမျက်နှာပေါ်တွင်တော့ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ရှုပ်ထွေးမှုများက အတူရောထွေးလို့နေ၏။ သူမ ညင်ညင်သာသာဖြင့် ထိုင်ခုံမှထထွက်လာခဲ့သည်။
ပိုင်စု အဝေးတွင်ပျောက်ကွယ်သွားသောအခါ စစ်မာရှင်းသည် စားပွဲပေါ်မှ ဝိုင်ခွက်ကို အေးအေးဆေးဆေးကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်၍ ဖြည်းဖြည်းချင်း ပြန်ချထားလိုက်သည်။ မျက်လုံးများကိုမှိတ်၍ ခဏတာစဉ်းစားနေပြီးမှ မတ်တပ်ထရပ်ကာ လှိုဏ်ဂူအတွင်းဘက်သို့ ဝင်ရောက်သွားချေသည်။ သူ့အမူအယာက တည်ငြိမ်နေဆဲပင်ဖြစ်ပြီး ပိုင်စု၏ အမူအယာများ၊ လုပ်ရပ်များကြောင့် အနည်းငယ်ပြောင်းလဲသွားပုံ မပေါ်ပေ။
သို့သော် စားပွဲမှ သူထွက်သွားပြီးချိန်တွင် သူထိုင်ခဲ့သော ကျောက်ကုလားထိုင်က တုန်ခါသွားပြီး ၎င်းထံတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ၎င်းက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ ပြန့်ကျဲလွင့်မျောသွားသည်။
ကောင်းကင်တွင် နေထွက်လာမှုနှင့်အတူ ရှစ်ရက်မြောက်နေ့မနက်ခင်းက ရောက်ရှိလာခဲ့သည်။ ကုန်းမြေပေါ်သို့ ပထမဆုံး နေရောင်ခြည်အလင်းတန်းများ ဖြာကျလာသောအချိန်တွင် စုမင်မျက်လုံးများကို ဖွင့်၍ လှိုဏ်ဂူအပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် မည်းမှောင်သော အမူအယာတစ်ခုက ဖြည်းဖြည်းချင်းဖြစ်ပေါ်လာခဲ့သည်။
‘ရှစ်ရက်တောင် ရှိသွားပြီ... ကျီချဲ အခုထိပြန်မလာသေးဘူး...’
စုမင် မတ်တပ်ထရပ်ကာ လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ကျီချဲ မထွက်ခွာခင် ပြောသွားခဲ့သည်မှာ သူပြန်လာရန် သုံးရက်ကနေ အများဆုံးငါးရက်အထိသာ လိုအပ်လိမ့်မည် ဆိုသည့်အပြင်၊ ကုန်သွယ်ရေးရင်ပြင်အများစုသည် အေးခဲကောင်းကင်ကလန်မှလူများအပေါ် ယဉ်ကျေးပျူငှါသည် ဟူ၍ပင်။ ၎င်းတို့အထဲမှ အများစုသည် ရင်ပြင်ဆီသို့လာသူများအပေါ်လည်း မျှတကြသည်ဟူ၍ ပြောဆိုခဲ့သည်။
အဆုံးတွင်တော့ ထိုနေရာအား အေးခဲကောင်းကင်ကလန်က ပိုင်ဆိုင်ခြင်းဖြစ်ပြီး တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင် အေးခဲကောင်းကင်ကလန်အား ဆန့်ကျင်ရဲသူအနည်းငယ်သာ ရှိပေလိမ့်မည်။
အေးခဲကောင်းကင်ကလန်သည် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးနှင့် အလွန်နီးစပ်ပေသည်။ မျိုးနွယ်စုနှင့် အေးခဲကောင်းကင်ကလန်တို့သည် တစ်ဦးနှင့်တစ်ဦး ပြည့်စုံအောင်ဖြည့်စွက်ပေးနေခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ခုသည် လုံးဝမတူကွဲပြားသော အင်အားစုနှစ်ခုနှင့်တူသော်လည်း ရင်းမြစ်တစ်ခုတည်းမှ ဆင်းသက်လာကြခြင်းဖြစ်သည်။
အေးခဲကောင်းကင်ကလန်မှ တပည့်များအားလုံးသည် သတ်မှတ်ထားသော ကျင့်ကြံဆင့်တစ်ခုသို့ရောက်သည်နှင့် ဘွဲ့အမည်လက်ခံရန် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးဆီသို့ သွားရချေသည်။ ထိုသူတို့သည် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးအား သူတို့သခင်အဖြစ် ဆက်ဆံကြရပေလိမ့်မည်။ ဤနေရာတစ်ဝိုက်ရှိ နယ်မြေဧရိယာအား ထိုးဖောက်မဝင်ရောက်နိုင်ခြင်း မရှိသော်လည်း အေးခဲကောင်းကင်ကလန်တပည့်များ သွားလာနေကြ အနီးအနားဧရိယာတွင် မတော်တဆဖြစ်ရပ်များကတော့ ဖြစ်ပျက်ခဲ၏။
ကျီချဲက ရိုးရေစတေးနယ်ပယ်သို့ မရောက်သေးသော်လည်း ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည့် အသန်မာဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။ ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယားတွင်ပင် အဆင့်တစ်ဆယ်အတွင်း ဝင်သောလူဖြစ်သည်။ စစ်မာရှင်းကဲ့သို့ အထင်ကြီးလောက်ဖွယ် ပါရမီရှင်မဟုတ်သော်လည်း လူများအနေဖြင့် သူ့ကိုလေးစားအားကျရန် လုံလောက်နေဆဲဖြစ်သည်။
ဤလိုလူမျိုးတွင် အပြင်သို့သွားလာဖူးသည် အတွေ့အကြုံမရှိစရာလည်း အကြောင်းမရှိပေ။ ပတ်ဝန်းကျင်နယ်မြေဧရိယာကိုလည်း သူကောင်းကောင်းနားလည်ထားသဖြင့် စုမင်သူ့ကိုတစ်ဦးတည်း သွားခွင့်ပြုလိုက်ခြင်းဖြစ်သည်။ သို့မှသာ စုမင်အတွက် လေ့ကျင့်ရာတွင်အချိန်ပိုရပေမည်။
သို့သော် ယခုတော့ ရှစ်ရက်မြောက်နေ့ရောက်ပြီ ဖြစ်သော်လည်း ကျီချဲထံမှ သတင်းမကြားရသေးပေ။ ကျီချဲက အကြောင်းပြချက်မရှိ ထွက်ခွာသွားသည်ဟုတော့ စုမင်တစ်စက္ကန့်လေးတောင် မယုံပေ။ ဤအရာအတွက် သူ့ဆရာကိုပင် သစ္စာဖောက်ပြီး အေးခဲကောင်းကင်ကလန်သို့ ပြန်မလာတော့ခြင်းသည် သူ့အတွက် ဘာအကျိုးမှရှိလိမ့်မည် မဟုတ်ပေ။ သူ့စွမ်းအားသည် နဝမတောင်ထွတ်ထက် မသာလွန်သရွေ့၊ သူ့ဆရာသည် ထျန်းရှဲ့ကျီအား မဖိနှိပ်နိုင်သရွေ့ သူ့အားစောင့်ကြိုနေမည့် တစ်ခုတည်းသောအရာသည် ကတိမတည်ခြင်းအတွက် အပြစ်ဒဏ်ပင်ဖြစ်သည်။
စုမင်နှင့် ကျီချဲသည် အချိန်အတော်ကြာ တူတူနေခဲ့ခြင်းဖြစ်၍ ကျီချဲက ရူးမိုက်သူတစ်ဦးမဟုတ်ကြောင်း စုမင်ပြောနိုင်၏။ သူက အခြေအနေအလိုက် မည်သို့ပြုမူရမည်ကိုသိသူဖြစ်ပြီး အရေးအကြီးဆုံးအရာမှာ သူ့ကိုယ်ပေါ်က ချိပ်ပိတ်ထားမှုအား ဆယ်ရက်ခန့်သာ ရုတ်သိမ်းထားခြင်းဖြစ်သည်။
ထို့ပြင် စုမင်က သူ့အပေါ်အရမ်းမကောင်းခဲ့သော်ငြား အရမ်းလည်း မဆိုးဝါးခဲ့ပေ။ ဤလိုအခြေအနေမျိုးတွင် ကျီချဲပြန်မလာရသည့်အကြောင်းအရင်းကို စုမင်ရှာမတွေ့ပေ။
‘သူ တစ်ခုခု ဖြစ်မနေသရွေ့...’
စုမင်မျက်လုံးများအတွင်း အေးစက်သောအကြည့်တစ်ခုဖြစ်ပေါ်လာပြီး သူ့ကိုယ်ထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု စုဝေးဖြစ်တည်လာခဲ့သည်။ လွန်ခဲ့သောရက်များအတွင်း လူရိုင်းမျိုးနွယ်စုထဲတွင် ကြုံတွေ့ခဲ့ရသော အတွေအကြုံများကြောင့် သူ့ကိုယ်ထဲမှ သတ်ဖြတ်ခြင်းအရှိန်အဝါသည် အတွင်းတွင်ဗလာမဟုတ်တော့ပဲ သွေးဆာရက်စက်မှုများဖြင့် ပြည့်နေခဲ့ချေပြီ။
သူ့ကိုယ်ထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများ စုဝေးလာသည့်အချိန်အခိုက်အတန့်မှာပင် စုမင်ခေါင်းမော့၍ အဝေးရှိမိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မှိန်ဖျော့ဖျော့အလင်းတန်းရှည်တစ်ခုသည် နဝမတောင်ထွတ်ဆီသို့ တွန့်လိမ်ကောက်ကွေး ပျံသန်းလာနေချေသည်။
အလင်းတန်းအတွင်းရှိလူက ကျီချဲပင်ဖြစ်သည်။ သူ့မျက်နှာက ဖြူရော်နေပြီး ပါးစပ်မှသွေးများစီးကျနေသည်။ နဝမတောင်ထွတ်သို့ရောက်ရှိလာကာ အလင်းတန်း ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်လာချိန်တွင် ကျီချဲသည် ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရသည်။
သူ့သွေးထဲတွင်တော့ အနက်ရောင်ပိုးကောင်များ သိပ်သည်းများပြားစွာ ရှိနေသည်။ ၎င်းတို့သည် တွန့်လိမ်လှုပ်ရှားနေကြပြီး ရူးသွပ်စွာဖြင့် တစ်ကောင်နှင့်တစ်ကောင် ဝါးမြိုစားသောက်နေကြသည်။ ထိုမြင်ကွင်းက ကြည့်ရှုရန်ပင် ကြောက်စရာကောင်းနေချေသည်။
ကျီချဲမျက်နှာတွင် သွေးရောင်မရှိတော့ပေ။ သူ့ရင်ဘတ်တွင်တော့ အရိုးများကိုပင်မြင်နေရသည့် နက်ရှိုင်းသောဒဏ်ရာကြီးတစ်ခု ရှိနေသည်။ ညာခြေထောက်တွင်လည်း အနက်ရောင်မြားတစ်ချောင်း ရှိနေ၏။ ၎င်းထံမှ အနက်ရောင်အခိုးအငွေ့များ စိမ့်ထွက်နေပြီး ရွံရှာဖွယ်ကောင်းစွာ ရယ်မောနေသော တစ္ဆေသရဲများအဖြစ် ပြောင်းလဲနေကြသည်။
“ဆရာဦးလေး...”
ကျီချဲက တုန်ယင်နေပြီး ဝုန်းခနဲ ဒူးထောက်ကျသွားသည်။
သူ့မျက်လုံးများက မှုန်မှိုင်းနေပြီး အက်ကွဲစွာရယ်မောသံတစ်ချက်နှင့်အတူ နောက်တစ်ကြိမ် ပါးစပ်မှ သွေးများစီးကျလာပြန်သည်။ သူ့သွေးထဲတွင် အနက်ရောင်ပိုးကောင်များကို မြင်တွေ့နိုင်ဆဲဖြစ်သည်။ သူ့ထံတွင် နောက်ဆုံးအသက်မျှင်လေးသာ ကျန်တော့ပြီး ထိုအသက်မျှင်မျှင်လေးသည်လည်း သူ့ရန်သူက သူ့ကိုမသတ်ချင်သောကြောင့်ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။ ထိုအသက်မျှင်လေးသည် ရည်ရွယ်ချက်ရှိရှိ ချန်ထားခံရခြင်းဖြစ်သည်။
“ကျိုးကော၊ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးရဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက မြားနက်မာန်စွမ်းအားရှင်...”
နောက်ဆုံးစကားကို ပြောပြီးသည်နှင့် ကျီချဲကဘေးသို့လဲကျသွားသည်။ သူ့ဒဏ်ရာများဖြင့် ဆက်လက်မတောင့်ခံနိုင်တော့ပေ။
စုမင်သည် ဘေးတွင်ရပ်နေပြီး သူ့အမူအယာက ကြောက်မက်ဖွယ် မည်းမှောင်လာခဲ့သည်။ သူ့ညာမျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ဒေါသထွက်နေသော တိမ်တိုက်များသဖွယ် ပေါက်ကွဲထွက်ပေါ်လာသော်လည်း သူ့ဘယ်မျက်လုံးကတော့ ရေတွင်းဟောင်းတစ်ခုအတွင်းမှရေလို တည်ငြိမ်နေခဲ့သည်။ သူ့ဆံပင်များက လေထဲတွင် လွင့်မျောလို့နေသည်။ လေများဖြတ်သန်းတိုက်ခတ်သွားသော်လည်း စုမင်ထံမှထွက်ပေါ်နေသည့် သတ်ဖြတ်ခြင်းအရှိန်အဝါကို တိုက်ခတ်ဖယ်ရှားမသွားနိုင်ခဲ့ပေ။
စုမင်ရှေ့ လှေကားထစ်မှ အထိတ်တလန့်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံသည် နေ့တိုင်းဤအချိန်ဆိုလျှင် ရောက်လာနေကြဖြစ်သော ပိုင်စုထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမသည် ထိုနေရာတွင် ရပ်၍ မျက်လုံးများပြူးကျယ်စွာဖြင့် စုမင်အားငေးကြည့်နေချေသည်။ စုမင်အား ယခုလိုပုံစံမျိုးဖြင့် သူမပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။
သူ့ညာမျက်လုံးအတွင်းမှ သတ်ဖြတ်လိုသောအသိနှင့် ဘယ်မျက်လုံးအတွင်းမှ အေးဆေးတည်ငြိမ်နေမှုသည်
ကွဲပြားခြားနားမှုတစ်ခုကို ဖြစ်ပေါ်နေစေပြီး ထိုအရာက သူမကိုပင် ခဏတာအသက်ရှူရပ်တန့်သွားစေသည်။
***