အခန်း (၇၂၉-၇၃၀)
Vol. 56 Ch. 729-730
အခန်း ၇၂၉ - နှင်ထုတ်ခြင်း၊ ကုသတာက ကာကွယ်ဆေးထိုးတာနဲ့ အတူတူပဲ
အပန်းဖြေစခန်းအတွင်း ဖျားနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်း လက္ခဏာပြသူ မည်သူ့ကိုမဆို ကုသမှုကို စောင့်ဆိုင်းရန် သူတို့၏ အခန်းများတွင် ချက်ချင်း သီးသန့်ခွဲထားလိုက်သည်။
လီယန်သည် လက်ဝယ်ရှိသော နှာခေါင်းစည်းအားလုံးကို ထုတ်ယူကာ အပန်းဖြေစခန်းရှိ လူတိုင်း တပ်ဆင်နိုင်ရန် အခမဲ့ လိုက်လံဝေငှပေးလိုက်သည်။ သို့သော် အမြဲတမ်းလိုလိုပင် တခြားသူများနှင့် မတူအောင် ဇွတ်တရွတ်လုပ်တတ်သူ အနည်းငယ်တော့ ရှိနေစမြဲပင်။
“ငါ့တစ်သက်မှာ ဒါမျိုး တစ်ခါမှ မတပ်ဖူးဘူး။ အခုလည်း မတပ်နိုင်ဘူး။”
“ဟုတ်တယ်။ ငါက အပြင်က လေကောင်းလေသန့်ကို လွတ်လွတ်လပ်လပ် ရှူရှိုက်ချင်တာ။”
“ဒါက ဗိုင်းရပ်စ် အသေးအမွှားလေးပါပဲ။ အဲ့လောက်အထိ အပိုတွေ လုပ်နေစရာ မလိုပါဘူး။”
သူတို့ ဆန္ဒပြနေစဉ်မှာပင် ကျန်းယွင်ထျန်းသည် သူ၏ စစ်သည်များနှင့်အတူ ရောက်ရှိလာပြီး ပြောလိုက်၏။
“ခင်ဗျားတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ နှာခေါင်းစည်းတပ်ပြီး အပန်းဖြေစခန်းကို ဆက်အသုံးပြုမလား။ ဒါမှမဟုတ် အခုချက်ချင်း ဒီကျွန်းကနေ ထွက်သွားမလား။”
“ကျုပ် ကန့်ကွက်တယ်။ ကျုပ်တို့က လက်မှတ်ဖိုး ပေးထားတာ။ အဲ့တော့ ဒီမှာနေပြီး အပန်းဖြေခွင့် ရှိတယ်။”
“ဟုတ်တယ်၊ ဘာအကြောင်းပြချက်နဲ့ ငါတို့ကို နှင်ထုတ်တာလဲ။”
“တကယ်လို့ ခင်ဗျားတို့ ငါတို့ကို နှင်ထုတ်ရင် ဒီအပန်းဖြေစခန်းကို လူတွေမလာအောင် ငါတို့ ဝိုင်းပြီး သပိတ်မှောက်ပစ်မယ်။”
“အဲဒါက ခင်ဗျားတို့ သဘောပဲ။ သူတို့ကို အပြင်ထုတ်လိုက်တော့။”
ကျန်းယွင်ထျန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
နှာခေါင်းစည်း တပ်ထားသော စစ်သည်များသည် ချက်ချင်းပင် ရှေ့တက်လာပြီး ငြင်းဆန်သူများကို ဖယ်ရှားလိုက်ကြ၏။ သူတို့သည် ခုခံချင်သော်လည်း စစ်သည်များ၏လက်ထဲရှိ ပစ္စတိုများကို မြင်လိုက်ရသောအခါ ငြိမ်ကုပ်သွားကြသည်။ အကြောင်းမှာ ထိုလက်နက်များသည် သူတို့ အရင်က မြင်ဖူးသည့် မီးစာညှိသေနတ်များထက် အများကြီး ပိုမို အဆင့်မြင့်နေပုံရသောကြောင့်ပင်။
နှာခေါင်းစည်း မတပ်သော သူအားလုံးကို ချက်ချင်းပင် ပြန်ပို့လိုက်၏။ အိမ်ပြန်ရောက်သောအခါ ထိုလူများသည် ယိထျန်းဂရုနှင့် အများသုံးချန်နယ်ပေါ်တွင် ရှောင်းယီကို စတင်၍ နာမည်ဖျက် တိုက်ခိုက်ကြတော့သည်။
“ယိရန်ပင်း မဟာမိတ်အဖွဲ့က ဗိုလ်ကျနေတာပဲ။ ငါတို့ လည်ပတ်လို့ မပြီးသေးခင်မှာတင် နှင်ထုတ်ပစ်တယ်။”
“ဟုတ်တယ်။ အားလုံးပဲ အဲဒီ အပန်းဖြေစခန်းကို မသွားကြဖို့ ငါ အကြံပေးချင်တယ်။ အဲဒီနေရာကြီး ပျက်စီးသွားပါစေ။”
“မှန်တယ်။ ဈေးကလည်း ခေါင်ခိုက်နေပြီး ဝန်ဆောင်မှုကလည်း ညံ့ဖျက်နေတာ။ ယီရန်ပင်းကို ‘သိက္ခာရှိတဲ့သူ’ လို့ ခေါ်နေကြတာလား။ သိက္ခာဆိုတာ သူနဲ့ ဘာမှမဆိုင်ဘူး။”
ထိုအနှောင့်အယှက်ပေးသူများကို မြင်သောအခါ ရှောင်းယီက ကြေညာချက်တစ်ခု တင်လိုက်၏။
“ကျုပ်တို့ကျွန်းရဲ့ စည်းမျဉ်းတွေကို လိုက်နာတဲ့သူ ဘယ်သူ့ကိုမဆို အကြောင်းမဲ့ နှင်ထုတ်မှာ မဟုတ်ပါဘူး။ ဒီနေ့ ဧည့်သည်အချို့ကို ဖယ်ရှားလိုက်ရတာဟာ သူတို့က နှာခေါင်းစည်း တပ်ဖို့ ငြင်းဆန်လို့ပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နေတဲ့ အချိန်မှာ နှာခေါင်းစည်းဟာ အရေးကြီးတဲ့ ကာကွယ်ရေးလိုင်း ဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြသူတွေဟာ နှာခေါင်းစည်း မတပ်ဘူးဆိုရင် ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။”
“ငါ သိသားပဲ။ ငါတို့ သူဌေးက အကြောင်းမရှိဘဲ ဘယ်သူ့ကိုမှ နှင်ထုတ်မှာ မဟုတ်ဘူး။ အဲဒီ ငတုံးတွေက ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ။”
“ဟုတ်တယ်။ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်နေတာ။ ငါတို့ သတိမထားရင် ငါတို့ အသက်ရှင်ကျန်ရစ်သူတွေ အကုန် ပျက်စီးသွားလိမ့်မယ်။ ပြဿနာရှာတဲ့သူတွေကတော့ ကိုယ့်ကျွန်းမှာကိုယ် နှာခေါင်းစည်းမပါဘဲ နေကြပေါ့။”
“သူဌေးက ဒီလိုမျိုး လုပ်လိမ့်မယ်ဆိုတာ ငါ လုံးဝမယုံဘူး။ ကြည့်ရတာတော့ မင်းတို့က သက်သက် နာမည်ဖျက်နေကြတာပဲ။”
“ယိထျန်းအဖွဲ့ထဲကနေ ထွက်သွားလိုက်တော့။ မင်းတို့လို လူမျိုးတွေကို ငါတို့ မကြိုဆိုဘူး။”
“ဟုတ်တယ်။ ငါတို့ အားလုံး ဗိုင်းရပ်စ်ကို တိုက်ဖျက်နေတဲ့အချိန်မှာ မင်းတို့က နောက်ကနေ ဆွဲနေတာပဲ။ ထွက်သွားကြစမ်း။”
ရှောင်းယီ၏ ရှင်းလင်းချက် ထွက်လာပြီးနောက် အဖွဲ့သားများသည် ထိုလူများကို ဝိုင်းဝန်း ကဲ့ရဲ့ကြသဖြင့် မကြာမီမှာပင် သူတို့သည် ဂရုထဲမှ မိမိအလိုအလျောက် ထွက်သွားကြရတော့၏။
သူတို့ ထွက်သွားပြီးနောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“အားလုံးပဲ သီးသန့်ခွဲထားမှုကို တင်းကြပ်ထားကြပါ။ အရင်ဆုံး ဆေးရောင်းသူဆီကနေ လူနာတွေရဲ့ အခြေအနေကို ထိန်းညှိပေးနိုင်မယ့် ဆေးရည်တွေကို ဝယ်ယူထားကြပါ။”
“ဟုတ်ကဲ့။”
လူတိုင်းက ပြန်ဖြေလိုက်ကြသည်။
မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ခဲ့သော်လည်း ကျွန်းပေါ်ရှိ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါးမှာ ကူးစက်ခံခဲ့ရပြီး အများစုမှာ အပန်းဖြေစခန်းအတွင်းမှ ဖြစ်သည်။ လူစည်ကားသော နေရာများသည် ဗိုင်းရပ်စ် ပြန့်နှံ့မှုကို ပိုမို လွယ်ကူစေသည် မဟုတ်ပါလား။
သို့သော် နာနိုဆေးဘက်ဆိုင်ရာ စက်ရုပ်ဖြစ်သော နာ့နာမှာ အလွန် အစွမ်းထက်လှ၏။ နာရီဝက်အတွင်းမှာပင် နာ့နာသည် ယိရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ကူးစက်ခံရသူ အားလုံးကို ကုသပေးနိုင်ခဲ့သည်။
ရှောင်းယီသည် ကုသမှု လုပ်ငန်းစဉ်ကို အံ့သြစွာ ကြည့်နေမိခဲ့၏။ နာ့နာသည် လူနာတစ်ဦးစီ၏ ဘေးမှ လမ်းလျှောက်သွားရုံသာ ဖြစ်ပြီး ခဏအကြာတွင် တစ်ခေါက် ပြန်ပတ်လာသောအခါ ကုသမှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။
“ဒါပဲလား။”
ရှောင်းယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။ နာ့နာက ရှင်းပြလိုက်၏။
“လူနာတွေနားကနေ ဖြတ်သွားတဲ့အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို နာနိုစက်ရုပ် ၃ ခုကနေ ၅ ခုလောက် ထည့်ပေးလိုက်တာပါ။ ပြန်ပတ်လာတာကတော့ အဲဒီ စက်ရုပ်တွေကို ပြန်ထုတ်ဖို့ပါပဲ။”
“တစ်ခါ ကုသရုံနဲ့ သူတို့ စိတ်ချရပြီလား။”
ရှောင်းယီက စပ်စုလိုက်သည်။
“ဗိုင်းရပ်စ်က အကြီးအကျယ် မျိုးဗီဇ မပြောင်းလဲသရွေ့တော့ စိတ်ချကပါတယ်။”
နာ့နာက ဆိုသည်။
“နာနိုစက်ရုပ်တွေက ဗိုင်းရပ်စ်ကို ဖျက်ဆီးပစ်တာ မဟုတ်ဘူး။ သူတို့က ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်စွမ်းနဲ့ ရောဂါဖြစ်ပွားစေနိုင်စွမ်းကိုပဲ ဖယ်ရှားပစ်တာပါ။ ဗိုင်းရပ်စ်ရဲ့ အင်တီဂျင် (Antigen) ကိုတော့ ချန်ထားခဲ့တာမို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဲဒါကို မှတ်မိပြီး အင်တီဘော်ဒီ (Antibody) တွေ ထုတ်လုပ်ပြီး ဗိုင်းရပ်စ်ကို ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။”
“အမ်... ဒါဆို ဒါက ကာကွယ်ဆေးတစ်မျိုးပဲပေါ့။”
ရှောင်းယီသည် အရင်ကမ္ဘာတုန်းက ကာကွယ်ဆေးများသည် အားပျော့သွားသော ဗိုင်းရပ်စ်များကို သုံး၍ ထုတ်လုပ်သည်ကို သတိရကာ အာမေဍိတ် ပြုလိုက်မိသည်။
“အတိအကျပါပဲ။ သခင်တို့ရဲ့ ကာကွယ်ဆေးတွေ နောက်ကွယ်က သဘောတရားအတိုင်းပါပဲ။”
နာ့နာက ပြန်ဖြေလိုက်၏။ ရှောင်းယီက သူမကို လက်မထောင် ပြလိုက်သည်။
“အရင်တုန်းက ကာကွယ်ဆေးတစ်ခု ထုတ်လုပ်ဖို့ဆိုရင် နှစ်နဲ့ချီပြီး ကြာတတ်တယ်။ မင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာတင် တန်းလုပ်ပေးလိုက်တာပဲ။ အံ့သြစရာပဲ။”
“ဒါက သခင်တို့ရဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာက ကနဦးအဆင့်မှာပဲ ရှိသေးတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။”
နာ့နာက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ရှောင်းယီ ပခုံးတွန့်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။
ကောင်းပါပြီလေ။ မင်းက အဆင့်မြင့် မော်ဒယ်ပဲဆိုတော့ မင်းပြောတာ အမှန်ပဲပေါ့။
မွန်းလွဲပိုင်း ရောက်သောအခါ ပြည်ပကျွန်းများသည် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြ၏။ သူတို့တွင် မည်သည့် ကြိုတင်ကာကွယ်မှုမျှ မရှိသဖြင့် လူများမှာ အသက်ရှူလမ်းကြောင်း ပျက်စီးကာ စတင် သေဆုံးလာခဲ့ကြသည်။
“ဒီဗိုင်းရပ်စ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။ ငါတို့လည်း... ငါတို့လည်း နှာခေါင်းစည်း တပ်သင့်သလား မသိဘူး။”
“မလုပ်ပါနဲ့... ငါက အဲ့ဒါကြီးတွေကို မကြိုက်ဘူး။ အသက်ရှူကျပ်တယ်။”
“ဗိုင်းရပ်စ်က မင်းကို သတ်ပစ်လိမ့်မယ်နော်။ တကယ်ပဲ မတပ်ဘူးလား။”
“ကဲ... ကဲ... တပ်မယ်ဗျာ...တပ်မယ်။”
အချိန်မီ သီးသန့်ခွဲထားနိုင်မှုကြောင့် ရှားနိုင်ငံ ကျွန်းများသည် အကြီးအကျယ် ပြန့်နှံ့မှုကို ရှောင်လွှဲနိုင်ခဲ့၏။ စွန်းယောင်၏ ဆေးဝါးများကြောင့် ဗိုင်းရပ်စ် ပြန့်ပွားမှုကို နှေးကွေးစေကာ တန်ဖိုးရှိသော အချိန်ကို ရရှိနိုင်ခဲ့သည်။
“သူဌေး... ဒီဗိုင်းရပ်စ်ကို အနိုင်တိုက်ဖို့ နည်းလမ်း ရှိလား။ ကျုပ်ဆီမှာ ရှိသမျှ အုတ်မြစ်ကျောက်တွေနဲ့ လဲပါ့မယ်။”
“ကျုပ်လည်း တူတူပဲ။ ကျုပ်ရဲ့ကျွန်းပေါ်က ထုတ်လုပ်မှုတွေဆိုရင် အကုန် ရပ်တန့်နေရပြီ။ အဲ့ဒါက ကျုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်။”
“ကျေးဇူးပြုပြီး နည်းလမ်းလေး ပြပေးပါဦး ဆရာ။”
ယိထျန်းဂရုအတွင်းရှိ လူအများအပြားသည် ရှောင်းယီအား တောင်းပန်နေကြ၏။ သူတို့၏ တောင်းဆိုချက်များကို မြင်သောအခါ ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်ဆီမှာ လူနာတွေကို ကုသပေးပြီး အင်တီဘော်ဒီ ရစေမယ့် စက်တစ်လုံး ရှိပါတယ်။ ဒါပေမဲ့ တစ်လုံးတည်း ရှိတာမို့ လူနာတွေကို တစ်ယောက်ချင်းစီပဲ ကုပေးလို့ ရပါလိမ့်မယ်။”
“ဆရာ... ကျုပ်တို့ဆီက လူတွေကို အရင်ကုပေးပါ။ ကျပ်တို့ရဲ့လူ ထက်ဝက်ကျော် ကူးစက်ခံနေရပြီ။”
“ကျုပ်လည်း တူတူပဲ။ ကျုပ်တို့ကို အရင်ကုပေးပါ။ အုတ်မြစ်ကျောက် နှစ်ဆ ပေးပါ့မယ်။”
“ဟုတ်တယ်။ သူဌေးကို အလကား ကုခိုင်းလို့ ဘယ်ဖြစ်မလဲ။ တစ်ယောက်ကို အုတ်မြစ်ကျောက် တစ်ခုနှုန်းဆိုရင် ဘယ်လိုလဲ။”
“အုတ်မြစ်ကျောက်တစ်ခုက အရမ်းနည်းလွန်းတယ်။ အနည်းဆုံး ငါးခုလောက်တော့ ပေးသင့်တယ်။”
“ခဏလေးနေပါဦး။ ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ ကူးစက်ခံရသူ ၃၀၀ ကျော် ရှိတယ်။ တစ်ယောက် ၅ ခုဆိုရင် ၁,၅၀၀ တောင် ကျမှာ။ အဲလောက်များတဲ့ အုတ်မြစ်ကျောက်တွေကို ဘယ်က သွားရှာရမလဲ။”
“ဟုတ်တယ်။ သူဌေးဆီက အဆင့်မြင့် လက်နက်တွေနဲ့ အဆောက်အဦးတွေ ဝယ်ထားလို့ အုတ်မြစ်ကျောက်တွေ ကုန်နေပြီ။”
ဆွေးနွေးမှုများကို ဖတ်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“ကုသခကို တစ်ယောက်ကို အုတ်မြစ်ကျောက် တစ်ခုနှုန်းပဲ ထားလိုက်ကြရအောင်။”
အခန်း ၇၃၀ - ဗိုင်းရပ်စ်ကို ဖြေရှင်းခြင်း၊ အကူအညီနှင့် ပုံဆွဲကိရိယာများ
“ကျေးဇူးတင်ပါတယ် သူဌေး။ ကျေးဇူးအများကြီးတင်ပါတယ်။”
“သူဌေးက တကယ်ကို မေတ္တာကရုဏာကြီးမားတာပဲ။ ဒီလိုဆိုရင်တော့ ကျုပ်တို့ကျွန်းပေါ်က ထုတ်လုပ်မှုလုပ်ငန်းတွေကို အမြန် ပြန်လည်ပတ်နိုင်တော့မယ်။”
“ဒါပေမဲ့ သူဌေး... ကုသမှုအစီအစဉ်ကို ဘယ်လို စီစဉ်ပေးမှာလဲခင်ဗျာ။”
“ကျုပ်ဆီကို သီးသန့်စာပို့ပြီး စာရင်းပေးတဲ့ အစီအစဉ်အတိုင်းပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါ ယိထျန်းအဖွဲ့သားများအားလုံး ရှောင်းယီထံသို့ စာများ တရစပ် ပို့ကြတော့၏။
ရှောင်းယီသည် ထိုစာများကို ဆုဝမ်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးကာ အစီအစဉ်ဆွဲခိုင်းလိုက်သည်။
ဒေါက် ဒေါက် ဒေါက်!
ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ရှောင်းယီ လှည့်ကြည့်လိုက်သောအခါ အန်းရန်လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူက ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ။”
“သွမ့်ပေ့ယန်တို့ ရောက်နေတယ်။ သူတို့ အောက်ထပ်မှာ စောင့်နေကြတယ်။”
အန်းရန်က ပြောလိုက်သည်။
“ဪ... ငါ အဲဒါကို မေ့တော့မလို့ပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီကကိစ္စတွေကို တစ်ချက် ကြည့်ပေးထားပါဦး။ နောက်ထပ် စာရင်းပေးတဲ့သူရှိရင် ဆုဝမ်ဆီ ပို့လိုက်ပြီး သူမကိုပဲ စီစဉ်ခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့။”
အန်းရန်က ပြန်ဖြေလိုက်၏။
ထို့နောက် ရှောင်းယီသည် အောက်ထပ်သို့ ဆင်းသွားလိုက်ပြီး သွမ့်ပေ့ယန်တို့နှင့် နှုတ်ဆက်ကာ အပန်းဖြေစခန်းဘက်သို့ လျှောက်သွားခဲ့ကြသည်။
“ကျွန်းပိုင်ရှင်...ကျုပ်တို့ နိုးလာတော့ ဘာလို့ နှာခေါင်းစည်းတွေ တပ်ခိုင်းပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ထပ်လုပ်နေရတာလဲ။ ပြဿနာတစ်ခုခု ရှိလို့လား။”
သွမ့်ပေ့ယန်က မေးလိုက်သည်။
“အင်း... ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့ကို ဗိုင်းရပ်စ်နဲ့ လာတိုက်ခိုက်နေတယ်လေ။ ကျုပ်သာ အချိန်မီ မသိလိုက်ရင် ကျုပ်တို့ကျွန်းပေါ်က လူတိုင်း ကူးစက်ခံနေရလောက်ပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အခုတော့ အားလုံး ဖြေရှင်းပြီးသွားပါပြီ။ ကျန်းမာရေးစစ်ဆေးမှု အောင်မြင်ရင်တော့ နှာခေါင်းစည်း ဆက်တပ်စရာ မလိုတော့ပါဘူး။”
သွမ့်ပေ့ယန် သည် အနည်းငယ်ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်၏။
“ဒီလောက် ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်က စဖြစ်တာကနေ အပြီးသတ်ဖို့အထိ တစ်ရက်တောင် မကြာဘူးပေါ့ ဟုတ်လား။”
“ကျွန်းပိုင်ရှင်ကတော့ တကယ့်ကို အံ့သြစရာကောင်းနေတုန်းပါပဲ။”
ယင်ရွှမ်းက ရေရွတ်လိုက်သည်။
ယခင်ကမ္ဘာတုန်းကဆိုလျှင် ဗိုင်းရပ်စ်အသစ်တစ်ခုကို အမြစ်ပြတ်တိုက်ဖျက်ရန် အနည်းဆုံး နှစ်ချီကြာမြင့်တတ်၏။ သို့သော် ရှောင်းယီကမူ တစ်ရက်တည်းဖြင့် ပြီးသွားခဲ့သည်။ ၎င်းမှာ တကယ့်ကို မြန်ဆန်လွန်းလှပေသည်။
“အဓိကကတော့ အဆင့်မြင့် ကုသရေး စက်ကိရိယာတွေ ရှိနေလို့ပါ။ မဟုတ်ရင် ဒီလောက် မြန်နိုင်မှာမဟုတ်ပါဘူး။ ဒါတွေ ထားပါတော့...။ ကျုပ် ခင်ဗျားတို့ကို ခေါ်လိုက်တာက ခင်ဗျားတို့အတွက် ရုံးခန်းတစ်ခု စီစဉ်ပေးထားလို့ပဲ။ နောင်ကျရင် အဲဒီမှာပဲ အလုပ်လုပ်ကြတော့။”
ရှောင်းယီက ဆိုသည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်လည်း သီးသန့်ရုံးခန်းတစ်ခု တောင်းမလို့ စဉ်းစားနေတာ။ ကျွန်းပိုင်ရှင်က အရင်ကြိုပြီး ပြင်ဆင်ပေးထားလိမ့်မယ်လို့ မထင်ထားမိဘူး။”
သွမ့်ပေ့ယန်က ဝမ်းသာအားရ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ အလုပ်တွေကို ပိုမြန်အောင် ကူညီပေးနိုင်မယ့် ပညာရပ်ဆိုင်ရာ စက်ကိရိယာတွေလည်း ကျုပ် ပြင်ဆင်ပေးထားတယ်။”
ရှောင်းယီက ဆက်ပြောလိုက်၏။ သွမ့်ပေ့ယန်က ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
သူသည် ထိုသို့ဆိုလိုက်သော်လည်း သူ၏ လေသံတွင် အလွန်အမင်း စိတ်လှုပ်ရှားမှုမျိုးတော့ မပါသေးပေ။ သူ၏ အမြင်တွင် အလွန်ဆုံးရှိလျှင် ခွါစိပ်နှင့် ပေတံများသာ ပေးလိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။ ကွန်ပျူတာကဲ့သို့ အဆင့်မြင့်ကိရိယာမျိုးကိုတော့ သူ အိပ်မက်ပင် မမက်ရဲသေးပေ။
ရှောင်းယီနှင့်အတူ သွမ့်ပေ့ယန်နှင့် ယင်ရွှမ်းတို့သည် အပန်းဖြေစခန်းမှ ကားကို စီးကာ အဆောက်အဦးကြီး၏ ရှေ့သို့ ရောက်လာခဲ့ကြ၏။ သူတို့ သုံးဦးသည် ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ တက်သွားပြီး ရှောင်းယီက သော့ဖြင့် အခန်းကို ဖွင့်ပေးလိုက်သည်။
အခန်းထဲတွင် ကွန်ပျူတာတစ်လုံးနှင့် ဘေးနားတွင် ဆက်စပ်ကိရိယာများစွာ ချိတ်ဆက်ထားသည်ကို မြင်လိုက်ရသောအခါ သွမ့်ပေ့ယန်၏မျက်လုံးများ ပြူးသွားတော့သည်။
“ကျွန်းပိုင်ရှင်... ဒီကွန်ပျူတာမှာ CAD (ပုံဆွဲဆော့ဖ်ဝဲ) ပါလား။”
“ပါတာပေါ့။ ဒါပေမဲ့ အဲ့လိုမျိုး ရှေးဟောင်း ပုံဆွဲကိရိယာတွေကို မသုံးဖို့ ကျုပ် အကြံပေးချင်တယ်။”
ရှောင်းယီက ပြောလိုက်၏။ သွမ့်ပေ့ယန်သည်မူ ထိုစကားကို မကြားနိုင်တော့ပေ။ သူသည် ကွန်ပျူတာဆီသို့ ပြေးသွားပြီး ဆော့ဖ်ဝဲများကို စတင် စစ်ဆေးတော့လေသည်။
“တကယ်ကို CAD ပါတာပဲ။”
သွမ့်ပေ့ယန်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။
ဘေးနားရှိ ယင်ရွှမ်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်နေမိသည်။ CAD ရှိလျှင် ပုံကြမ်းများ ဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းမှာ အများကြီး ပိုမြန်သွားမည်ဖြစ်သည်။
“ဟေး... ကျုပ် ပြောတာကို ခင်ဗျားတို့ ကြားရဲ့လား။”
ရှောင်းယီက ထပ်မေးလိုက်သည်။ သူတို့နှစ်ဦးသည် ရှောင်းယီကို စိတ်လှုပ်ရှားစွာဖြင့် ဇဝေဇဝါ ကြည့်လိုက်ကြသည်။
ရှောင်းယီက ထပ်မံ ရှင်းပြရတော့သည်။
“ဒီပုံဆွဲကိရိယာက ဟိုလိုဂရပ်ဖစ်စနစ်ကို သုံးပြီး ပုံဆွဲလို့ ရတယ်။ ပိုပြီး အဆင့်မြင့်တယ်။”
ပြောပြောဆိုဆိုနှင့် ရှောင်းယီသည် ဘေးရှိ ဦးထုပ် (Holographic helmet) ကို ယူလိုက်ပြီး ခိုင်းလိုက်၏။
“သွမ့်ပေ့ယန်... ဒါကို ဆောင်းလိုက်။”
သွမ့်ပေ့ယန်က ဦးထုပ်ကို ယူဆောင်းလိုက်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“မနေ့က ခင်ဗျား ကျုပ်ကို ပြခဲ့တဲ့ ပုံကြမ်းကို စိတ်ထဲမှာ ပြန်ပုံဖော်ကြည့်လိုက်ပါ။ အသေးစိတ် အချက်အလက် အားလုံးကိုပါ ထည့်ပြီး စဉ်းစားလိုက်။”
“ဟမ်...”
သွမ့်ပေ့ယန် နားမလည်သလို ဖြစ်သွားခဲ့သည်။
“စိတ်ထဲမှာပဲ ပုံဆွဲလိုက်ရုံပဲလေ။ နားလည်ရ ခက်လို့လား။”
ရှောင်းယီက ပြန်မေးလိုက်၏။ သွမ့်ပေ့ယန် ခေါင်းညိတ်ပြကာ မျက်လုံးမှိတ်ပြီး စတင် ပုံဖော်လိုက်လေသည်။
ဘေးနားရှိ ယင်ရွှမ်းမှာမူ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ပုံကြမ်းတစ်ခု လျင်မြန်စွာ ပေါ်ထွက်လာသည်ကို ကြည့်ကာ မှင်တက်သွားခဲ့သည်။ သုံးမိနစ်ခန့်အတွင်းမှာပင် အလွန်ပြီးပြည့်စုံသော ပုံကြမ်းတစ်ခု ပြီးဆုံးသွားခဲ့၏။
သွမ့်ပေ့ယန် မျက်လုံးဖွင့်လိုက်ချိန်တွင် ယင်ရွှမ်းမှာ လုံးဝ ဆွံ့အလျက်ရှိနေပြီဖြစ်သည်။ သွမ့်ပေ့ယန် ကိုယ်တိုင်လည်း ကွန်ပျူတာပေါ်ရှိပုံကို မြင်လိုက်ရသောအခါ ကြက်သေသေသွားခဲ့လေသည်။အတန်ကြာမှ သူ သတိပြန်ဝင်လာခဲ့၏။
“ကျွန်း... ကျွန်းပိုင်ရှင် ကျုပ်ရဲ့စိတ်ကူးထဲက ပုံတွေကို ဒီလို တန်းဆွဲပေးလို့ ရတာလား။”
“ရတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီကိရိယာက အရင်နည်းလမ်းအတိုင်း ဆွဲလို့ရသလို၊ ဓာတ်ပုံတွေကို ကြည့်ပြီး ပုံကြမ်း ပြန်ထုတ်ပေးနိုင်တယ်။ ပြီးတော့ အခုလို စိတ်ကူးနဲ့လည်း ဆွဲလို့ရတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ရဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေကို ပိုမြန်မြန်ပြီးအောင် လုပ်နိုင်လိမ့်မယ်။”
“ဓာတ်ပုံတွေကို ကြည့်ပြီး ပုံကြမ်း ပြန်ထုတ်ပေးနိုင်တယ် ဟုတ်လား။”
သွမ့်ပေ့ယန် ထပ်မံ အံ့သြသွားခဲ့ပြန်သည်။
“ယင်ရွှမ်း... မင်း လူပုနိုင်ငံကို သွားခဲ့တုန်းက ရိုက်ထားတဲ့ ပုံတွေ အများကြီး ရှိတယ် မဟုတ်လား။ အဲဒါတွေကို ဒီကွန်ပျူတာထဲ အကုန်ထည့်လိုက်။”
ရှောင်းယီက ပြောလိုက်သည်။
ယင်ရွှမ်းသည် သူ၏ ဖုန်းကို ထုတ်ကာ ရိုက်ထားသမျှ ပုံအားလုံးကို ကွန်ပျူတာထဲသို့ လွှဲပြောင်းပေးလိုက်၏။ ရှောင်းယီသည် ထိုဓာတ်ပုံများကို ပရိုဂရမ်တစ်ခုအတွင်းသို့ ထည့်ကာ ‘ပုံကြမ်းအလိုအလျောက်ထုတ်လုပ်ခြင်း’ ကို နှိပ်ပြလိုက်သည်။
မကြာမီမှာပင် ပုံကြမ်းပေါင်းများစွာ ထွက်ပေါ်လာပြီး သွမ့်ပေ့ယန်သည် အချို့ကို စစ်ဆေးကြည့်ရာ ဓာတ်ပုံများနှင့် အတိအကျ ကိုက်ညီနေသည်ကို တွေ့လိုက်ရလေသည်။
“တကယ့်ကို ပြီးပြည့်စုံလွန်းတယ်။ ကျုပ်တို့ သေချာ မရိုက်ခဲ့မိတဲ့ အသေးစိတ် အချက်အလက်လေးတွေလောက်ပဲ ပြန်ပြင်ဖို့လိုတော့တယ်။ ဒီလို ပုံဆွဲနည်းမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး။ တကယ့်ကို အံ့သြဖို့ ကောင်းတယ်။”
သွမ့်ပေ့ယန်က ဆို၏။
“ကိစ္စမရှိပါဘူး။ နောင်ကျရင် ဒီပစ္စည်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်သွားမှာပါ။ ဒါက ဆောက်လုပ်ရေးတင် မကဘဲ တခြားနေရာတွေမှာလည်း လိုအပ်နိုင်တာမို့ အကျိုးရှိရှိ သုံးနိုင်ပါစေလို့ မျှော်လင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“စိတ်ချပါ ကျွန်းပိုင်ရှင် ကျုပ်တို့ ဒီလို အဆင့်မြင့် စက်ကိရိယာတွေကို အလဟဿ အဖြစ်မခံပါဘူး။”
သွမ့်ပေ့ယန်က ပြန်ဖြေလိုက်၏။ ရှောင်းယီသည် သွမ့်ပေ့ယန်ကို သော့ပေးလိုက်သည်။
“နောင်ကျရင် ဒါက ခင်ဗျားတို့ အလုပ်လုပ်ရမယ့်နေရာပဲ။ ကြိုးစားကြပါ။”
သူက ထိုသို့မှာကြားကာ ထွက်လာခဲ့လိုက်သည်။
ရှောင်းယီသည် သွမ့်ပေ့ယန်တို့ကို နေရာချပေးနေစဉ်မှာပင် နာ့နာသည် စာရင်းပေးထားသည့် ပထမဆုံးကျွန်းသို့ သွားရောက် ကုသပေးနေပြီ ဖြစ်သည်။
ကျန်းယွင်ထျန်းနှင့် တပိုင်တို့လည်း ၎င်းနှင့်အတူ လိုက်ပါသွားခဲ့ကြသည်။ နာ့နာသည် အသိဉာဏ် မြင့်မားသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အားနည်းသဖြင့် ရှောင်းယီက သူမကို တန်ဖိုးထား ကာကွယ်ပေးထားခြင်းဖြစ်သည်။ ကမ္ဘာ့စည်းမျဉ်းများက ကပ်ရောဂါဖြင့် တိုက်ခိုက်နိုင်သည်ဟု သိပြီးနောက် နာ့နာ၏အဆင့်အတန်းမှာ ပိုမို၍ပင် မြင့်မားလာခဲ့သည်။
ယိရန်ပင်းမဟာမိတ်အဖွဲ့က လူတစ်ယောက်၊ ဝက်ဝံတစ်ကောင်နှင့် စက်ရုပ်တစ်ရုပ် ပို့လိုက်သည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူ ကျွန်းပိုင်ရှင်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ဒီကဆရာက ဘယ်လို ကုသမှာလဲ ခင်ဗျာ။”
ထိုကျွန်းပိုင်ရှင်က မေးလိုက်သည်။
“မင်းတို့ဆီက လူနာတွေကို သီးသန့်ခွဲထားတဲ့ နေရာကိုပဲ ငါတို့ကို ခေါ်သွားပေးပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။